သာမန်နေ့
Vol. 10 Ch. 128
တစ်ညတာလုံးသည် တိတ်ဆိတ်စွာဖြင့် ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ မနက်စောစော၌ စူးယွင်ကျင်းသည် အိပ်ရာစောစောထ၍ သခင်မပိုင်နှင့်အတူ မနက်စာအတွက် ကူညီပြင်ဆင်ပေးသည်။
အခြားသူ၏အိမ်၌ နေထိုင်ခြင်းသည် မိမိ၏ကိုယ်ပိုင်အိမ်တွင် နေထိုင်ခြင်းထက် ပို၍ ဝီရိယရှိရန် လိုအပ်၏။ နေ့စဉ်နေ့တိုင်း အသင့်ခင်းကျင်းပေးထားသော အစားအသောက်များကို စောင့်ဆိုင်းနေခြင်းမှာ မသင့်တော်ပေ။ အချိန်ကြာမြင့်လာပါက မည်သူမဆို ထိုသို့အပြုအမူအား နှစ်ခြိုက်လိမ့်မည် မဟုတ်ပေ။
စူးယွင်ကျင်းသည် ဆက်စပ်ဆင်ခြင်နိုင်စွမ်းရှိသူဖြစ်၏။ ထို့ကြောင့် သူမသည် နေ့စဉ်နေ့တိုင်း အိမ်မှုကိစ္စများကို ကူညီပေးခြင်းဖြင့် အလုပ်များနေတတ်လေရာ ပိုင်မိသားစုသည် စူးယွင်ကျင်းကို အတော်လေး သဘောကျပေသည်။
“အာ!”
ဝူဟုန်သည် မနက်စောစော အိမ်အပြင်သို့ ထွက်လာခဲ့သည်။ ဝူဟုန်သည် မနေ့ညက ချန်ကျဲ့ သိုင်းလေ့ကျင့်နေခဲ့သည်အား မြင်တွေ့ခဲ့၏။ သို့သော် ဒဏ်ရာများ မပျောက်ကင်းသေးသောကြောင့် ဝူဟုန်သည် အဆင်အခြင်မဲ့စွာ မလေ့ကျင့်ရဲပေ။ သို့ဖြင့် လေ့ကျင့်ချင်စိတ်ကို ထိန်းချုပ်ထားရ၏။ သို့ပါသော်ငြား ဝူဟုန်သည် ဂနာမငြိမ်ဖြစ်နေဆဲပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ဆရာသည် သူ၏ကိုယ်တွင်းသို့ အတွင်းအားတစ်မျိုး ထည့်သွင်းပေးထားခဲ့သည်။။
ထို့ကြောင့် ဝူဟုန်သည် တစ်ညလုံး အတွင်းအားကျင့်ကြံနေခဲ့သည်။
…
အတွင်းအားကျင့်ကြံမှုသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် မရှိမဖြစ်လိုအပ်သော ကျင့်ကြံမှုဖြစ်သည်။
အတွင်းအားမကျင့်ကြံဘဲနှင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
သိုင်းပညာ၌ အရေပြား၊ ကြွက်သား၊ အရွတ်နှင့် အရိုးဟူ၍ လက်ဦးအဆင့် ၄ဆင့်ရှိသည်။
အရေပြားနှင့်ကြွက်သားသည် မင်ကျင့်နယ်ပယ်အဆင့်ကို ကိုယ်စားပြုသည်။
အရွတ်နှင့် အရိုးသည် အမှောင်စွမ်းအင်ကို ကိုယ်စားပြုသည်။
ပို၍အဆင့်မြင့်သော ကျင့်ကြံဆင့်များ၌ စွမ်းအင်ပြောင်းလဲခြင်းအဆင့်အတွက် ရည်ရွယ်သည့် ကိုယ်တွင်းအင်္ဂါများနှင့် ရိုးတွင်းခြင်ဆီများကို ကျင့်ကြံခြင်းတို့ ပါဝင်သည်။
ကိုယ်တွင်းအင်္ဂါများနှင့် ရိုးတွင်းခြင်ဆီတို့ကို ကျင့်ကြံရန်အတွက်မူ ကျောက်တုံးများကို မ,ရွှေ့ခြင်းကဲ့သို့သော လှုပ်ရှားမှုများအပေါ် မှီခို၍ မရနိုင်တော့ချေ။
နောက်ဆုံးတွင်တော့ လူတစ်ယောက်အား နေ့စဉ်နေ့တိုင်း အလေးတုံးများ မ,နေရန် မျှော်လင့်မရနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် ကိုယ်တွင်းအင်္ဂါများကို ကျင့်ကြံရန်အတွက် အတွင်းအားကို မှီခိုရပေသည်။
အတွင်းအားသည် ချီစွမ်းအင်ကို ထိန်းချုပ်ခြင်းဖြစ်ပြီး အတွင်းအားကျင့်ကြံလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ကိုယ်တွင်းအင်္ဂါများသို့ အဆက်မပြတ် စီးဆင်းသွားကာ ပိုမိုသန်မာလာစေသည်။
ရေကူးနေစဉ် အသက်ရှူအောင့်ခြင်းသည် အဆုတ်၏လုပ်ဆောင်မှုစွမ်းရည်ကို လေ့ကျင့်ပေးသည့်ဖြစ်စဉ်နှင့် အတော်လေး ဆင်တူပါ၏။
သို့သော် ၎င်းသည် အဆုတ်တစ်ခုတည်းကိုသာ လေ့ကျင့်ပေးနိုင်၏။ ဥပမာ အသည်းကဲ့သို့ ကိုယ်တွင်းအင်္ဂါများမှာ ပြင်ပအင်အားဖြင့် လေ့ကျင့်ပေးရန် ခက်ခဲပေသည်။
အတွင်းအားကျင့်ကြံမှုကို အသုံးချခြင်းဖြင့် ချီစွမ်းအင်ကို ပျိုးထောင်နိုင်သည်။ ထို့နောက်တွင် ကိုယ်တွင်းအင်္ဂါများ ပိုမိုသန်မာလာစေရန်အတွက် အသုံးပြုနိုင်သည်။
ဤသည်မှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အခြေခံလိုအပ်ချက်ဖြစ်၏။
ချန်ကျဲ့သည် တစ်ညလုံး သိုင့်လေ့ကျင့်ထားခဲ့သော်ငြား စိတ်အခြေအနေသည် လန်းဆန်းတက်ကြွနေဆဲပင်။ ချန်ကျဲ့သည် ဝူဟုန်နှင့် ခဏမျှ စကားစမြည်ပြောဆိုခဲ့ပြီး ပညာဖလှယ်ရန် အခွင့်အရေးကို ဖမ်းဆုပ်ရယူခဲ့သည်။ သို့ဖြင့် မနေ့ညက သူ၏အတွေးအမြင်အချို့ကို အတည်ပြုနိုင်ခဲ့သည်။
ဝူဟုန်သည် အမှောင်စွမ်းအင်အဆင့်ဖြစ်သောကြောင့် အလွန်သန်မာ၏။
ဤအဆင့်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး၏ရှေ့မှောက်၌ ဘာမျှမဟုတ်နိုင်ပေ။ သို့သော် မင်ကျင့်နယ်ပယ်အဆင့်၊ အရေပြားသန့်စင်ခြင်းအဆင့်ဖြစ်သော ချန်ကျဲ့ကို လမ်းညွှန်သင်ပြရန်အတွက်မူ လုံလောက်သည်ထက် ပိုပါ၏။
သို့ဖြင့် ချန်ကျဲ့သည် နားမလည်သည့်အရာများကို မေးမြန်းခဲ့ပြီး ဝူဟုန်သည် သူနားလည်ထားသည့်အပေါ် အခြေခံ၍ ပြန်ဖြေပေးသည်။ ချန်ကျဲ့အတွက်လည်း အများကြီး အထောက်အကူဖြစ်ခဲ့၏။
ချမ်းသာကြွယ်ဝသူ တွဲဖက်များ၏ကမ္ဘာ၌ လမ်းညွှန်ပြသမှုသည် ဘယ်သောအခါမျှ ချို့ယွင်းချက်မရှိပေ။ အကျိုးအမြတ်ကြီးများစွာ ရရှိနေတတ်သည်မှာ ယေဘုယျသော ဂိုဏ်းတပည့်များထက်ပင် ပိုမိုကောင်းမွန်ပေသည်။
ချန်ကျဲ့၏ ကျင့်ကြံရေးလမ်းစဉ်တစ်လျှောက်၌ ကနဦးတွင် ဝူဟုန်မှ သူ့ကို အလင်းပြပေးခဲ့သည်။
ထို့နောက်တွင် အလွန်တရာ အဆင့်မြင့်မားသော သိုင်းပညာရှင်တစ်ဦးဖြစ်သည့် နီဝမ့်ကျွင်း၏ လမ်းညွှန်သင်ပြမှုကို လက်ခံရရှိခဲ့သည်။ သို့ဖြင့် ချန်ကျဲ့သည် မိမိ၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေနိုင်ခဲ့ကာ အနာဂတ်လမ်းကြောင်းကိုလည်း အစီအစဉ်ထားရှိနိုင်ခဲ့သည်။
၎င်းလမ်းကြောင်းသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက်ရှိ နီဝမ့်ကျွင်းမှ ရေးဆွဲပေးခဲ့ခြင်းဖြစ်သောကြောင့် မြောက်များစွာသော ကွေ့ပတ်ရှုပ်ထွေးနေသည့် လမ်းလွှဲများကို ရှောင်တိမ်းနိုင်ခဲ့ပေသည်။
နောက်ရက်အနည်းငယ်အတွင်း၌ ချန်ကျဲ့သည် ဝူဟုန်နှင့် အနီးကပ်နေခဲ့သည်။ ဝူဟုန်သည် အသင့်တော်ဆုံးသော လမ်းညွှန်သင်ပြမှုများဖြင့် ချန်ကျဲ့ လေ့ကျင့်နေစဉ် ကြုံတွေ့ရသည့် ပြဿနာအသေးစားများကို ဖြေရှင်းပေးနိုင်သည်။
ချန်ကျဲ့၏ကျင့်ကြံရေးလမ်းစဉ်တွင် နီဝမ့်ကျွင်းသည် သူ၏သိုင်းပညာအတွက် တာ့အိုကျင့်စဉ်များကို အသေးစိတ်စီမံချက် ရေးဆွဲပေးပြီး ဦးတည်ရာချမှတ်ပေးသည့် အင်ဂျင်နီယာကြီးဟု ဆိုနိုင်ပေသည်။
ဝူဟုန်သည် လက်တွေ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လမ်းညွှန်ပြပေးဖို့ရာ တာဝန်ရှိသည့် အဖွဲ့တစ်ဖွဲ့ကဲ့သို့ဖြစ်၏။
ဆောက်လုပ်နေစဉ်အတွင်း ဖြစ်ပေါ်လာသည့် အသေးစားပြဿနာများကို ဖြေရှင်းပေးရသည်။
ထိုအသေးစားပြဿနာလေးများသည် နီဝမ့်ကျွင်းကဲ့သို့ အင်ဂျင်နီယာကြီးအတွက်မူ တုံးအလွန်းသည်ဟု ထင်မြင်နိုင်ပေသည်။
၎င်းမှာ ထိပ်တန်းအဆင့် သင်္ချာပညာရှင်ကြီးအား မူလတန်းသင်္ချာပုစ္ဆာဖြေရှင်းနည်းကို မေးမြန်းနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ထိုသို့ပညာရှင်ကြီးများသည် အရိုးရှင်းဆုံးနည်းလမ်းကို အဖြေပေးလာလောက်မည် မဟုတ်ချေ။
သို့သော် ထိုပုစ္ဆာအား ဝူဟုန်ကဲ့သို့ အလယ်တန်းကျောင်းသားတစ်ဦးကို သွားမေးပါက သူကိုင်တွယ်ဖြေရှင်းခဲ့ဖူးသည့်အတိုင်း အသင့်တော်ဆုံးအဖြေကို ဖြေပေးလာပေလိမ့်မည်။
သို့ဖြင့် မေးမြန်းစူးစမ်းသည့်ဖြစ်စဉ်အတွင်း၌ ချန်ကျဲ့သည် သိသိသာသာ တိုးတက်မှုရှိနိုင်ခဲ့သည်။
ပြဿနာဖြေရှင်းခြင်းကဏ္ဍ ပြီးဆုံးသောအခါ အားလုံးစုဝေး၍ မနက်စာစားကြသည်။ ကလေးမလေးသည် သမားတော်ပိုင်၏ဘေးတွင် ထိုင်ရ၏။ ကလေးမလေးသည် သမားတော်ပိုင်၏နောက်သို့ ရက်အနည်းငယ်မျှ လိုက်နေခဲ့ပြီး သမားတော်ပိုင်သည်လည်း တပည့်တစ်ဦးကို သင်ကြားပေးရသည့် ခံစားချက်အား နှစ်ခြိုက်ပျော်မွေ့နေပုံရ၏။
သမားတော်ပိုင်သည် သူ၏တပည့်မလေးကို ဆေးဖက်ဝင်အပင်များအကြောင်းပင် စတင်သင်ကြားပေးနေခဲ့ပြီဖြစ်၏။
တပည့်မလေး၏ ဆေးဖက်ဝင်အပင်များအကြောင်း လက်ရှိဗဟုသုတအခြေအနေမှာ ဤသို့ဖြစ်သည်:
ဒီတစ်ခုက အရသာဆိုးတယ်၊ ဒီတစ်ခုက အနံ့အရသာ ထူးဆန်းတယ်၊ ဒီတစ်ခုက စားပြီးရင် ပါးစပ်ထဲ ထုံနေရော.. အဲဒီထုံနေတာကြီး ပျောက်ဖို့ဆို နောက်ထပ်ဆေးပင်တစ်ခု စားပေးဖို့လိုတယ်။
တပည့်မလေး၏ အစားကြီးပုံကြောင့် သမားတော်ပိုင်သည် သူမကို ဆေးပစ္စည်းခန်းထဲတွင် တစ်ခဏလေးမျှ တစ်ယောက်တည်း မထားခဲ့ရဲပေ။ သူ၏တပည့်မလေးမှ ကိုယ့်ကိုယ်ကိုယ် အဆိပ်ခတ်ပစ်လိုက်မိမည့်အဖြစ်ကို ကြောက်ရွံ့နေပေသည်။
ထိုဖြစ်စဉ်အတွင်း၌ သမားတော်ပိုင်သည် သူ၏တပည့်မလေးကို ဆေးဖက်ဝင်အပင်များအကြောင်း စတင်သင်ကြားပေးနေခဲ့၏။
သို့ဖြင့် သမားတော်ပိုင်သည် စိတ်ပါဝင်စားမှု တဖြည်းဖြည်းမြင့်တက်လာခဲ့ကာ တပည့်တစ်ဦးကို သင်ကြားပေးရသည့် ပျော်ရွှင်မှုကို ပြန်လည်ရှာတွေ့ခဲ့သည်။
သမားတော်ပိုင်သည် ဝူကျုံးကို ငတုံးတစ်ယောက်ဟု မှတ်ချက်ပြုခဲ့၏။ ဝူကျုံး ငယ်ရွယ်စဉ်က ဝူကျုံးကို သင်ကြားပေးခဲ့ရသည့်အချိန်တို့မှာ သမားတော်ပိုင်အတွက် စိတ်မရှည်ချင်စရာဖြစ်ခဲ့ပြီး မကောင်းသည့် အတွေ့အကြုံဖြစ်ခဲ့ပေသည်။
ချန်ကျဲ့သည်တော့ ဉာဏ်ရည်ထက်မြက်ပြီး ခိုင်မာသည့်အခြေခံရှိသောကြောင့် တစ်ချက်ပြောရုံဖြင့် နားလည်သွားတတ်သည်။ ထို့ကြောင့် ပြုစုပျိုးထောင်ပေးရသည့် ခံစားချက်ကို မခံစားရပေ။
အာ ဒီကလေးမလေးကတော့ စိတ်ဝင်စားဖို့ကောင်းတယ်– ဘာမှမသိပေမဲ့ ဘာဖြစ်ဖြစ် အကုန်စမ်းကြည့်ရဲတယ်။ အရမ်းဉာဏ်ကောင်းပြီး ဆေးပင်နှစ်မျိုး ပေါင်းစပ်ဓာတ်ပြုခြင်းကနေ အဆိပ်အဖြစ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အကြောင်းအရာကို တစ်ကြိမ်ရှင်းပြလိုက်ရုံနဲ့ နားလည်တယ်။
ဒီအတွေ့အကြုံက လုံးဝ ထိပ်တန်းအဆင့်ပဲ; ဒီတပည့်မျိုးက ငါ ဆရာအဖြစ် သင်ပြပေးသင့်တဲ့ တပည့်မျိုးပဲ။
ဝူကျုံးနှင့် ချန်ကျဲ့တို့နှစ်ဦးသည်တော့ ကျရှုံးမှုနှစ်ခုမျှသာ ဖြစ်ပေသည်။
သို့ဖြင့် သမားတော်ပိုင်သည် သင်ကြားပေးရခြင်း၏ စိတ်လှုပ်ရှားဖွယ်ခံစားချက်ကို စွဲမက်နှစ်သက်နေတော့သည်။