နွားဦးချိုငါးဖမ်းခြင်း
Vol. 10 Ch. 130
“ဟုန်မန်စားသောက်ပွဲကြီး”
သမားတော်ပိုင်မှ ပြောသည်။
ဝူကျုံးမှ ခေါင်းခါရမ်းလျက် ပြောသည်။
“မဟုတ်ဘူး၊ ကျွန်တော်တော့ ဟုန်မန်စားသောက်ပွဲလို့ မထင်ဘူး။ ဟုန်မန်စားသောက်ပွဲဆိုရင် ဒီလောက်အထိ ခမ်းနားနေမှာ မဟုတ်ဘူး”
“ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့က လူတွေကို ဖိတ်ပြီး လမ်းတစ်ဝက်မှာ လျှို့ဝှက်လုပ်ကြံဖို့ ကြံစည်မယ်ဆိုရင် အဲဒါက စည်းကမ်းဖောက်ဖျက်တာပဲ။ အထက်လူကြီးတွေကလည်း သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး”
ထိုမှတ်ချက်ကိုကြားသောအခါ ပန်းထိုးနေသည့် သခင်မပိုင်မှ ပြောလာခဲ့သည်။
“ဒါဆို သူဒီတိုင်း ရမ်းသမ်းပြီး ရမ်းကားကြမ်းတမ်းတာများလား။ ကျိုစစ်က သူ့သားကို သတ်လိုက်တာကိုသိလို့ လက်တုံ့ပြန်တာလား”
သမားတော်ပိုင်မှ ခေါင်းခါရမ်း၍ ပြောသည်။
“မဖြစ်နိုင်ဘူး၊ သူ့မှာ ငါးဖမ်းကုန်သည်အဖွဲ့က လူတစ်ယောက်ကို ပေါ်ပေါ်တင်တင် သတ်ရဲတဲ့သတ္တိရှိတယ်ဆိုရင် အဲဒီညက နောက်ပြန်ဆုတ်သွားခဲ့မှာ မဟုတ်ဘူး”
ထိုအခါ ဝူကျုံးမှ ခေါင်းညိတ်သည်။
“ကျွန်တော်ကတော့ သူရဲ့အာဏာလွှမ်းမိုးမှုကို ပြသဖို့ကြိုးစားနေတာလို့ပဲ ထင်တယ်”
…
“ကျိုစစ် မင်းဘယ်လိုထင်လဲ”
ဝူကျုံး ချန်ကျဲ့ဘက်သို့ လှည့်လိုက်သည်။
ပိုင်မိသားစုသည် ချန်ကျဲ့ကို အလေးအနက်ထားကြပြီး အရေးကြီးကိစ္စဖြစ်စေ၊ အသေးအဖွဲကိစ္စလေးဖြစ်စေ ချန်ကျဲ့၏အတွေးအမြင်တို့ကို မကြာခဏ မေးမြန်းလေ့ရှိသည်။
အချိန်ခဏမျှ တွေးတောပြီးနောက် ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်တော့ နှစ်ခုလုံး ဖြစ်နိုင်ခြေရှိတယ်လို့ထင်တယ်။ အာဏာလွှမ်းမိုးမှုကို တည်ဆောက်တာရော၊ ဟုန်မန်စားသောက်ပွဲကြီးရော နှစ်ခုစလုံးပဲ”
“အို အသေးစိတ်ရှင်းပြပါဦး”
သမားတော်ပိုင်သည် ထိုမှတ်ချက်ကိုကြားသောအခါ ဆက်လက်မေးမြန်းသည်။
ချန်ကျဲ့မှ စတင်ရှင်းပြသည်။
“ပထမအချက်၊ အာဏာလွှမ်းမိုးမှုကို တည်ဆောက်တဲ့ကိစ္စက ရှင်းပါတယ်။ ပေါင်ရှစ်ရာအလေးချိန်ရှိတဲ့ တောဝက်ရိုင်းတစ်ကောင်က ကျားတစ်ကောင်နီးပါး အင်အားကြီးမားတယ်။ အဲဒါကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တယ်ဆိုတာ သူ့ရဲ့သိုင်းပညာတိုးတက်သွားတယ်လို့ ဖော်ပြနေတာပဲ။ ကျွန်တော်တော့ သူ့ရဲ့ကျင့်ကြံဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီလို့ သံသယဝင်မိတယ်”
“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်!”
ထိုကျင့်ကြံဆင့်ကို ထုတ်ပြောလိုက်သည်တွင် သူတို့အားလုံးအကြား တိတ်ဆိတ်မှုအတွင်းမှ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သည် ပုံမှန်အချိန်များတွင် သာမန်ဖြစ်ပြီး ဝူဟုန်ကဲ့သို့ အမှောင်စွမ်းအင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ အနီးအနားပင် မမီသော်ငြား လက်ရှိအချိန်တွင်မူ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်ပေါ်ထွက်လာခြင်းသည် အဓိပ္ပာယ်အများကြီး သက်ရောက်ပေသည်။
သိသိသာသာပြောင်းလဲမှုများကို ရည်ညွှန်း၏။
ရွာအကြီးအကဲရွေးချယ်ပွဲနှင့် ရှန်းထောင်မြို့၏အနာဂတ်အရှင်သခင်သည် ဤတိုးတက်မှုကြောင့် လုံးဝ ပြောင်းလဲသွားနိုင်သည်။
ကုန်သည်အဖွဲ့များ၌ အာဏာရယူရေးတိုက်ပွဲများတွင် ထုတ်မပြောသော်ငြား လိုက်နာရသည့် အချို့သော စည်းမျဉ်းစည်းကမ်းများရှိသည်။ ထိုသို့စည်းမျဉ်းတစ်ခုမှာ တိုက်ပွဲအလယ်သို့ အဆင့်မြင့်တိုက်ခိုက်ရေးသမားများ ခေါ်ယူခြင်းမပြုဘဲ တူညီသည့်အင်အားအပေါ်၌သာ မူတည်၍ ရလဒ်ကို ဆုံးဖြတ်ရမည်ဟူသော စည်းမျဉ်းဖြစ်သည်။
ဥပမာဆိုရသော် ယခုအချိန်တွင် ဝူကျုံးမှ ယွီပင်းကို ရင်ဆိုင်တိုက်ခိုက်လိုပါက ငါးဖမ်းကုန်သည်အဖွဲ့မှ အမှောင်စွမ်းအင်အဆင့်ရှိ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးကို အကူအညီခေါ်၍ မရချေ။
ငါးဖမ်းကုန်သည်အဖွဲ့တွင် အမှောင်စွမ်းအင်အဆင့် သိုင်းပညာရှင်များ မရှိသောကြောင့်လား။
မဟုတ်ပေ၊ အများကြီးရှိပါ၏။ သို့သော် သူတို့သည် ဒေသတွင်းအင်အားစုများကို အလွယ်တကူ ဝင်ရောက်စွက်ဖက်၍ မရပေ။ သို့မဟုတ်ပါက ဖရိုဖရဲအခြေအနေများ ဖြစ်ကုန်ပေမည်။ တစ်ဖက်အဖွဲ့မှ အမှောင်စွမ်းအင်အဆင့် သိုင်းပညာရှင်ကို အကူအညီခေါ်လိုက်ပါက တစ်ဖက်အဖွဲ့မှလည်း အကူအညီခေါ်မည်ဖြစ်သည်။
အမှောင်စွမ်းအင်အဆင့်သည် မလုံလောက်ပါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို အကူအညီခေါ်လိမ့်မည်။ သို့မဟုတ် ကုန်သည်အဖွဲ့ခေါင်းဆောင်ပင်လျှင် ပါဝင်လာနိုင်ပေသည်။
သို့ဖြစ်ပါက အသေးအမွှား ပဋိပက္ခလေးမှ နှစ်ဖက်အဖွဲ့ ထိပ်တန်းအင်အားကြီးများ၏ တိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
မထင်ရှားသည့် ဒေသလေးအတွင်း တိုက်ပွဲလေးမှသည် အလွန်အရေးပါသည့် နောက်ဆုံးတိုက်ပွဲကြီးအထိ ဖြစ်သွားနိုင်ပေသည်။
ဆုံးရှုံးမှုမှာ အလွန်တရာ ကြီးမားနိုင်၏။
ထို့ကြောင့် ၎င်းအခြေအနေကို ကာကွယ်ရန်အတွက် နှစ်ဖက်အဖွဲ့သည် မည်သည့်အဆင့် တိုက်ခိုက်မှုကို ပြုလုပ်ကြမည်၊ မည်သူပါဝင်ကြမည် စသဖြင့် သဘောတူညီမှုများ ချမှတ်ကြသည်။ တစ်ယောက်ယောက် အသတ်ခံရသော် သို့မဟုတ် ဒဏ်ရာရသွားခဲ့သော် ထိုလူမှာ ကံဆိုးသွားခြင်းသာ ဖြစ်သည်။
ပြန်လည်ပေးလျော်ရန် နောက်မှလိုက်ခြင်းမျိုး မရှိပေ။
လက်စားချေလိုပါက နောက်တစ်ကြိမ် တိုက်ပွဲကို စောင့်ဆိုင်းရပေမည်။
သို့ဖြစ်ရာ ယွီပင်းမှ တောဝက်ရိုင်းကို သတ်ခဲ့ပြီး ဤသို့ခမ်းနားကြီးကျယ်သည့်ပွဲကို စီစဉ်ခြင်းသည် သူ၏အာဏာလွှမ်းမိုးမှုကို ပြသရန်နှင့် ဝူကျုံးဘက်ကို ဖိအားပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့ပြင် ရှန်းထောင်မြို့မှ ဆုံးဖြတ်ချက် မချရသေးသူများကို သူ၏အင်အားကို ပြသခြင်းလည်းဖြစ်သည်။ ချောင်ကုန်သည်အဖွဲ့သည် လက်ရှိတွင် အသာစီးရနေသည်။ သို့ဖြစ်ရာ မည်သည့်ဘက်အား ရွေးချယ်လိမ့်မည်ကို သေချာစဉ်းစားရမည်ဟူ၍။
ဤသည်မှာ ယွီပင်း၏ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သည်။
ဝူကျုံးကို ဖိတ်ကြားရသည့် အကြောင်းရင်းမှာ ဝူကျုံး၏ခွဲခြမ်းစိတ်ဖြာမှုအတိုင်းပင်.. ဝူကျုံး၏ အာဏာလွှမ်းမိုးမှုကို လျော့ကျစေရန်ဖြစ်သည်။
ဤဖိတ်ကြားစာကို ပို့လိုက်ပြီဖြစ်ရာ ဝူကျုံး တက်ရောက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ငါးဖမ်းကုန်သည်အဖွဲ့၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည်ဖြစ်သည်။ စားသောက်ပွဲသို့သွားပါက ယွီပင်းမှ သူ၏အင်အားအာဏာကို ဝင့်ကြွားနေခြင်းအား မျက်မြင်တွေ့ရပေမည်။ အဖွဲ့ဝင်များ ဒဏ်ရာရပြီး ယွီပင်းနှင့် ယှဉ်လို့မရသည့်အခါတွင် သူတို့မှာ အလိုအလျောက် လွှမ်းမိုးခံသွားရလိမ့်မည်။ သို့ဖြစ်ပါက ယွီပင်း၏ရည်မှန်းချက်ကို ပြည့်ဝသွားစေမည်။
ဝူကျုံး မသွားခဲ့လျှင် ယွီပင်းအတွက် ပို၍ကောင်းပေလိမ့်မည်– ဝူကျုံးသည် သူ၏ဂုဏ်သတင်းအရှိန်အဝါ ခြိမ်းခြောက်မှုကြောင့် မျက်နှာထွက်ပြရန်ပင် မဝံ့ရဲဟု ပြောဆိုပေလိမ့်မည်။
ချန်ကျဲ့ကိုလည်း ဖိတ်ကြားစာပို့ထားခြင်းအရ ဟုန်မန်စားသောက်ပွဲကြီးကဲ့သို့ ရည်ရွယ်ချက်မျိုး ပါဝင်ပတ်သက်နေပေသည်။ အထူးသဖြင့် ချန်ကျဲ့ လွန်ခဲ့သည့်ရက်အနည်းငယ်က လက်ခံရရှိခဲ့သော အချက်အလက်တွင် ယွီပင်းသည် ယွီစန်းလျို့ အသတ်ခံရခြင်း၏ သံသယရှိသူအရေအတွက်ကို လျှော့ချနေသည်ဟု ဖော်ပြထားပေသည်။ ထိုသံသယရှိသူများထဲတွင် သူကိုယ်တိုင် ပါဝင်နေခဲ့၏။
ဆိုလိုသည်မှာ ချန်ကျဲ့ကိုဖိတ်ကြားရသည့် အကြောင်းရင်းမှာ သူ၏သံသယကို အတည်ပြုရန်အတွက် ဖြစ်ပေသည်။
အကယ်၍ သူ အတည်ပြုတာ အောင်မြင်သွားရင်ရော?
အဲဒါဆို ယွီပင်းက တိုက်ခိုက်လာမှာလား။
ချန်ကျဲ့ သေချာမသိပေ။
သို့သော် အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့၏အမည်သည် ယွီပင်း၏ ရိုက်သတ်ပစ်မည့် အမည်စာရင်းထဲတွင် ပါဝင်သွားရမည်မှာ မလွဲမသွေပင်။
ချန်ကျဲ့သည် သူ၏ခွဲခြမ်းစိတ်ဖြာမှုကို ပြောပြခဲ့သည်။ သမားတော်ပိုင်သည် မျက်မှောင်ကြုတ်လျက် ပြော၏။
“အဲဒီတော့ ယွီပင်းက ကျောက်ခဲတစ်ခဲနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြိုးစားနေတာပေါ့လေ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ပြီးတော့လည်း ကျွန်တော်တို့ကို စုံစမ်းစစ်ဆေးတဲ့ ဖြစ်နိုင်ခြေကိုလည်း ဖယ်ထားလို့မရဘူး”
ထိုအခါ သမားတော်ပိုင်မှ ပြောသည်။
“ဒါဆိုရင်တော့ ကျိုစစ်၊ မင်း သွားလို့မဖြစ်ဘူး”
ဝူကျုံးမှ ထပ်ပြောသည်။
“ဟုတ်တယ် ကျိုစစ်၊ မင်း သွားလို့မဖြစ်ဘူး– မင်းအတွက် အန္တရာယ်များနိုင်တယ်”
သူတို့၏ စိုးရိမ်ပူပန်နေသော စကားတို့ကို နားထောင်ပြီးနောက် ချန်ကျဲ့သည် ဝူကျုံးကို ကြည့်လိုက်ပြီး မေးမြန်းသည်။
“ဦးလေးကျုံး၊ ဦးလေး သွားမှာလား”
ဝူကျုံးမှ ပြန်ပြောသည်။
“ဒါပေါ့ သွားရမှာပေါ့။ ငါက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးလေ။ ငါမသွားရင် ငါတို့ငါးဖမ်းကုန်သည်အဖွဲ့က သူ့ကိုကြောက်တဲ့ပုံစံ ဖြစ်သွားမယ်မဟုတ်လား”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် ကျွန်တော်လည်း သွားသင့်တယ်”
ဝူကျုံး မျက်မှောင်ကြုတ်သွား၏။
“ကျိုစစ်၊ မင်းတကယ် ဒီလိုလုပ်ဖို့ လိုအပ်လို့လား”
ချန်ကျဲ့ ရှင်းပြသည်။
“ဦးလေးကျုံး ကျွန်တော့်မှာ အကြောင်းရင်းရှိပါတယ်။ ပထမအချက် ကျွန်တော်က ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ယောက်ပါ။ ကျွန်တော် မသွားရင် ငါးဖမ်းကုန်သည်အဖွဲ့အတွက် အရှက်ရဖွယ် ဖြစ်ရပါလိမ့်မယ်”
“ဒုတိယအချက်၊ ဦးလေးလည်း ကျွန်တော့်ရည်မှန်းချက်ကို သိပါတယ်။ ကျွန်တော်က ရှန်းထောင်မြို့မှာပဲ တင်းတိမ်ရောင့်ရဲပြီး ထာဝရနေထိုင်နိုင်မယ့်သူ မဟုတ်ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်တယ်။ ကျွန်တော် ဒီတစ်ကြိမ်မှာ သွားဖို့ သတ္တိမရှိဘူးဆိုရင် အနာဂတ်မှာ လူတွေက ကျွန်တော့်ကို ငကြောက်ကောင်လို့ ပြောကြလိမ့်မယ်”
“အဲဒါမျိုး ကျွန်တော် တကယ်အဖြစ်မခံနိုင်ပါဘူး။ အဲဒါက ကျွန်တော့်ရဲ့ဂုဏ်သိက္ခာကို သက်ရောက်မှုရှိလိမ့်မယ်။ ပြီးတော့လည်း နောက်ပိုင်းမှာ ကျွန်တော် သိုင်းလောကထဲ ရပ်တည်တဲ့အခါ၊ ကျွန်တော် ငါးဖမ်းကုန်သည်အဖွဲ့ထဲမှာ တိုးတက်မှုတစ်စုံတစ်ရာ ရှိလာတဲ့အခါမှာလည်း သက်ရောက်မှုရှိသွားနိုင်တယ်”
“တတိယအချက်၊ ကျွန်တော် စားသောက်ပွဲကို တက်ရောက်တာက ဘာမှအများကြီး ပြောင်းလဲမှုမဖြစ်စေနိုင်ပါဘူး။ ကျွန်တော်က တက်ရောက်ဖို့ ကြောက်နေခဲ့ရင် အဲဒါက ဘယ်လိုအဓိပ္ပာယ်ဖြစ်သွားမလဲ။ ကျွန်တော့်မှာ အပြစ်ရှိစိတ် ရှိနေတယ်လို့ အထင်ရောက်စေပြီး ယွီပင်းလည်း ကျွန်တော်က ယွီစန်းလျို့ကိုသတ်တဲ့ လူသတ်သမားပါလို့ တိုက်ရိုက်သတ်မှတ်လိုက်လိမ့်မယ်!”
“အဲဒီအခါကျ ယွီပင်းက ညစ်ပတ်တဲ့လှည့်ကွက်တွေ တစ်ခုပြီးတစ်ခု ထုတ်သုံးလာတော့မှာ။ ကျွန်တော့်အနေနဲ့ သူ့ရဲ့အဲဒီလှည့်ကွက်တွေအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
“အဲဒါကြောင့် ဒီတစ်ကြိမ် သူနဲ့ထိပ်တိုက်တွေ့လိုက်တာ ပိုကောင်းလိမ့်မယ်။ စားသောက်ပွဲမှာတော့ သူ ကျွန်တော့်ကို တိုက်ခိုက်ဖို့ လှုပ်ရှားမှာမဟုတ်ဘူးဆိုတာ သေချာမှုရှိတယ်။ အဲဒီလိုလုပ်ဖို့ရာတော့ သူ့အတွက် အရမ်းစွန့်စားလွန်းရာကျတယ်လေ။ အရင်ကလည်း သူ နောက်ပြန်ဆုတ်သွားခဲ့ဖူးတာဆိုတော့ သူ ကျွန်တော့်အတွက်နဲ့ သူ့ဘဝနဲ့အောင်မြင်မှုကို နောက်တစ်ကြိမ် လောင်းကြေးထပ်မှာ မဟုတ်လောက်ဘူး!”