ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်းခြင်း_ ၃
Vol. 10 Ch. 134
“ဘုရားသခင်.. ကြောက်လွန်းလို့ သေတော့မှာပဲဗျာ”
ချန်ကျဲ့ ရင်ဘတ်ပုတ်လိုက်၏။ ထိုစဉ် အဖွဲ့သားငယ်တစ်ယောက်မှ ခုနက ကြိုတင်ပြင်ဆင်ထားသည့် ဝက်သားတစ်ပွဲကို လာချပေးသည်။
ယွီပင်းမှ ရယ်မော၏။
“ရော့ ကျိုစစ် ဝက်သားတစ်ဖတ်လောက် စားလိုက်ဦး။ နောက်ဆို စားဖို့အခွင့်အရေး မရှိလောက်တော့ဘူး”
ချန်ကျဲ့ ပြုံးလိုက်သည်။
“ကျွန်တော် ဝက်သားမစားဘူးဗျ”
…
မျန့်ရွှေမြစ်၌ ချန်ရှောင်ဟူသည် လှေငယ်တစ်စင်းကို လှော်ခတ်၍ စိမ့်တောကျွန်းသို့ အေးအေးဆေးဆေး ဦးတည်သွားနေသည်။
…
မည်သူမျှ သူ့ကို အာရုံမစိုက်ကြပေ။ သင်္ဘောခေါင်းဆောင်ကြီး၏ သစ္စာဖောက်မှုနှင့်အတူ အခွင့်အာဏာအားလုံးသည် ဝူကျုံးလက်ထဲသို့ ပြန်ရောက်သွားခဲ့သည်။ အခြားသော သင်္ဘောခေါင်းဆောင်များသည် သူတို့၏ ကိုယ်စီ အရေးကိစ္စများဖြင့် ရှုပ်ယှက်ခတ်နေသောကြောင့် လက်ရှိတွင် ငါးဖမ်းကုန်သည်အဖွဲ့၏ လုပ်ငန်းလည်ပတ်မှုများကို သင်္ဘောခေါင်းဆောင်၅ကျိုးချူသို့ လွှဲထားသည်။
ကျိုးချူသည် ချန်ကျဲ့နှင့် ဆက်ဆံရေးကောင်းမွန်သည်။
ထို့နည်းတူစွာပင် ကျိုးချူနှင့်ရှောင်ဟူ၏ ဆက်ဆံရေးမှာလည်း အလွန်ကောင်းမွန်လာခဲ့သည်။
ထို့ကြောင့် ငါးဖမ်းကုန်သည်အဖွဲ့အတွင်း ရှောင်ဟူ၏အဆင့်အတန်းသည်လည်း သိသိသာသာ ပို၍မြင့်တက်လာခဲ့သည်။
ရှောင်ဟူသည် ယခုတွင် လှေများကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်နေပြီဖြစ်သည့်အပြင် သူ၏လုပ်ဆောင်ချက်များအတွက်လည်း အတားအဆီးမရှိပေ။
ယခုအချိန်တွင် ရှောင်ဟူသည် ချန်ကျဲ့ပေးသော သဲလွန်စအတိုင်း စိမ့်တောကျွန်း၏ အသိပ်သည်းဆုံးနေရာဖြစ်သည့် နှစ်ပေါင်းများစွာတိုင် ကျူပင်များ ထူထပ်သိပ်သည်းစွာ ဖုံးလွှမ်းနေသည့်နေရာသို့ ရောက်လာခဲ့သည်။
နေရောင်ထိုးဖောက်ဝင်ရောက်ခြင်း အလျဉ်းမရှိဘဲ အရိုးထိ အေးစိမ့်နေပေသည်။
ခွေးများပင်လျှင် များသောအားဖြင့် ဤနေရာသို့ လာရောက်လေ့မရှိနိုင်လောက်ပေ။
သို့သော် ဒီနေ့တွင်တော့ ရှောင်ဟူသည် ဤနေရာကို တမင်ရွေးချယ်၍ လာခဲ့သည်။
လှေဆိုက်ကပ်ပြီးနောက် ရှောင်ဟူသည် လှေပေါ်မှ ပိုက်ကွန်ကိုယူလိုက်သည်။
ထို့နောက် လှေကိုယ်ထည်တစ်လျှောက် မြစ်ကြမ်းပြင်ဆီသို့ ပိုက်ကွန်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ ပထမအကြိမ် ပိုက်ကွန်ပြန်သိမ်းယူချိန်တွင် ဘာမျှမဖမ်းမိလေရာ ရှောင်ဟူ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ဒုတိယအကြိမ် ပိုက်ကွန်သိမ်းချိန်တွင် ရွှံ့များ ပါလာခဲ့သည်။ သို့သော် တစ်ခုခုတော့ ရှာတွေ့ခဲ့ပါ၏။ ရွှံ့များထဲတွင် တစ်ဝက်တစ်ပြက် စားခံထားရသော ငါးအရိုးများ ပါဝင်လာခဲ့သည်။
ထိုငါးရိုးအကြွင်းအကျန်းများကို သေချာစူးစမ်းကြည့်လိုက်သောအခါ ၎င်းငါးများမှာ တစ်စုံတစ်ခု၏ ထိုးဖောက်ခံထားရသည့်အလား လက်မအရွယ် အပေါက်ဒဏ်ရာရှိနေကြောင်း ရှာတွေ့ခဲ့သည်။
“နွားဦးချိုငါးပဲ!”
ရှောင်ဟူ၏နှုတ်ခမ်းများ ပြုံးရိပ်သန်းသွား၏။
အစ်ကိုကျိုစစ်ပြောတာ မမှားဘူး၊ နွားဦးချိုငါးက တကယ်ပဲ ဒီနေရာမှာ ရှိနေတယ် ဟားဟားဟား…
အားမာန်တက်ကြွသွားသော ရှောင်ဟူသည် ထိုနေရာတွင် တက်ကြွစွာဖြင့် ပိုက်ကွန်ဆက်ချလိုက်တော့သည်။
ပိုက်ကွန်ကို တစ်ကြိမ်ဆွဲတင်ပြီး နောက်တစ်ကြိမ်ထပ်ဆွဲတင်သည်၊ ထို့နောက်လည်း နောက်တစ်ကြိမ် ထပ်ဆွဲတင်သည်။
ရှောင်ဟူသည် ပိုက်ကွန်ကို ဘယ်နှကြိမ်ခန့် ချလိုက်၊ ဆွဲတင်လိုက် ပြုလုပ်ခဲ့သည်ကို မမှတ်မိနိုင်တော့ပေ။ ထိုစဉ် ရုတ်တရက် သူ၏ပိုက်ကွန်သည် လေးလံစွာ နစ်မြုပ်သွား၏။
ထို့နောက် ချက်ချင်းပင် ကြောက်စရာကောင်းသော အင်အားတစ်ခုက ရေထဲသို့ဆွဲချနေသလို ခံစားလိုက်ရသည်။ ၎င်းအင်အားသည် သူ့ကိုပါ ဆွဲချသွားလုနီးပါးပင်။
သို့သော် ရှောင်ဟူသည် မြဲမြံစွာ ရပ်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်လည်း ရေထဲသို့ ဆွဲချခံရလုနီးတွင်
တိုင်ပင်းမြင်းကိုယ်နေဟန်ထားသို့ ချက်ချင်းပြောင်းလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ကို တည်ငြိမ်စေလိုက်ပြီး ပိုက်ကွန်ကို တင်းတင်းကျပ်ကျပ် ဆွဲထားခဲ့သည်။ ပိုက်ကွန်ကို အလျင်စလို ဆွဲမတင်သေးဘဲ နွားဦးချိုငါးကို အချိန်ကြာကြာ အားသုံးရုန်းကန်နေစေလိုက်သည်။
တိုင်ပင်းမြင်းကိုယ်နေဟန်ထားသည် လှိုင်းတံပိုးလက်ဝါးသိုင်းမှ ပြိုင်မြင်းကိုယ်နေဟန်ထားဖြစ်ပြီး ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်စေနိုင်ခြင်း၊ အင်အားတိုးတက်စေခြင်းဟူသည့် အကျိုးကျေးဇူးများရှိသောကြောင့် ကြာရှည်အားပြိုင်ခြင်းအတွက် သင့်တော်သည်။
ကံကောင်းထောက်မစွာဖြင့် ချန်ကျဲ့မှ သူ့ကို သိုင်းပညာသင်ထားပေး၍ တော်သေးသည်။ သို့မဟုတ်ပါက သူဒီနေ့ ဤနွားဦးချိုငါးကို ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။
နွားဦးချိုငါးသည် အမှန်တကယ် အံ့ချီးဖွယ်ကောင်းလှ၏။ တိုင်ပင်းမြင်းကိုယ်နေဟန်ထားဖြင့် ရပ်နေသော ရှောင်ဟူသည် လှေကို မထိန်းချုပ်နိုင်တော့ဘဲ နွားဦးချိုငါး၏ အားဖြင့်ဆွဲရာနောက်သို့ ပါသွားခဲ့သည်။
ထို့ပြင် အရှိန်နှုန်းမှာ မနှေးပေ။ ခွေးတစ်ကောင် လယ်ထွန်စက်ဆွဲနေသည့် အရှိန်နှုန်းကဲ့သို့ဖြစ်သည်။
ထိုအခါ ရှောင်ဟူသည် ခြေထောက်မြှောက်၍ လှေထဲမှ ဝါးတုတ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး လှေကို ဆက်လက်၍ မျောပါမသွားစေရန် ရွှံ့ထဲသို့ ဝါးတုတ်ချောင်းကို အားပြင်းပြင်း ထိုးစိုက်လိုက်သည်။
လက်တစ်ဖက်သည် ပိုက်ကွန်ကို ကိုင်ဆွဲထားပြီး ကျန်လက်တစ်ဖက်သည် ဝါးတုတ်ချောင်းကို ဆုပ်ကိုင်ထားသည်။ သို့ဖြင့် လှေသည် နွားဦးချိုငါး၏ ရုန်းကန်မှုအောက်၌ အပြင်းအထန် လည်ထွက်နေတော့သည်။
ရှောင်ဟူသည် အံတင်းတင်းကြိတ်၍ လုံးဝ လွှတ်မပေးချေ။ ဤသည်မှာလည်း ငါးဖမ်းသည့်အတိုင်းပင် ငါးကို အားအင်ကုန်ခမ်းစေပြီးနောက်မှ အပေါ်သို့ ဆွဲတင်ရမည်ဖြစ်သည်။
ဤသည်မှာ အချိန်ကြာရှည်သည့် လုပ်ငန်းစဉ်ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ရှောင်ဟူသည် နွားဦးချိုငါးကို ဖမ်းရမည်ဖြစ်သောကြောင့် အထူးပြင်ဆင်ထားသည့် ပိုက်ကွန်ကိုယူလာခဲ့သည်။ ပိုက်ကွန်ကြိုးတန်းများကို ခိုင်မာသည့်သစ်သားများဖြင့် ပြုလုပ်ထားပြီး ပိုက်ကွန်တွင် အလွှာသုံးလွှာပါရှိသည်။
မည်သည့် သာမန်ငါးဖမ်းပိုက်ကွန်ဖြစ်စေ ဤသို့ရုန်းကန်မှုအောက်တွင် ကျိုးပဲ့ပျက်စီးသွားလိမ့်မည်ဖြစ်၏။
ဂျွတ် ဂျွတ် ဂျွတ်…
နွားဦးချိုငါးမှ ပို၍အားစိုက်ထုတ်လိုက်သောအခါ ရွှံ့ထဲ ထိုးစိုက်ထားသော ဝါးတုတ်ချောင်းသည် ရုတ်ချည်း ကျိုးသွားခဲ့ပြီး လှေသည်လည်း ၎င်းဆွဲခေါ်ရာနောက်သို့ မျောပါသွားခဲ့သည်။
ရှောင်ဟူမှာ ဟန်ချက်ပျက်ယွင်းပြီး လှေပေါ်မှ ပြုတ်ကျလုနီးနီး ဖြစ်သွားရသည်။ ယခု၌ ရှောင်ဟူသည် ပိုက်ကွန်ကို သေချာဆွဲကိုင်ထားပြီး မြဲမြံစွာ ရပ်၍ နွားဦးချိုငါးနှင့် သက်လုံအားပြိုင်ပွဲကို ကြံ့ကြံ့ခံနေသည်။
လာစမ်းပါ!
ရှောင်ဟူသည် စိတ်ထဲမှရေရွတ်လိုက်ပြီး ကြာရှည်ပြိုင်ပွဲအတွက် မိမိကိုယ်ကိုယ် ပြင်ဆင်လိုက်သည်။
သို့ဖြင့် နွားဦးချိုငါးသည် လှေကိုရေထဲသို့ ဆွဲခေါ်သွား၏။ ဒီနေ့ ချောင်ကုန်သည်အဖွဲ့သားများ စောင့်ကြည့်မနေတော့၍ တော်သေးသည်။ သို့မဟုတ်ပါက ဒီနေ့၏အလုပ်တာဝန်မှာ ပြဿနာတက်ပြီး ထုတ်ဖော်ပြီးသား ဖြစ်သွားလောက်၏။
ချန်ကျဲ့၏ အချိန်ကိုက်တွက်ချက်မှုမှာ ပြီးပြည့်စုံကြောင်း ငြင်းဆန်မရပေ။
နှစ်နာရီကျော် ကြာမြင့်သည့် ပင်ပန်းခက်ခဲလွန်းလှစွာသော တိုက်ပွဲအဆုံး၌ နောက်ဆုံးတွင်တော့ နွားဦးချိုငါးမှာ မောပန်းသွားခဲ့လေပြီ။
ဤငါး၏အမည်ကို နွားဦးချိုငါးဟု ခေါ်ဆိုခြင်းမှာလည်း မထူးဆန်းပါချေ။ ၎င်း၏အင်အားမှာ တကယ့်ကို ပြိုင်ဘက်ကင်းဖြစ်၏။
နွားဦးချိုငါး အားနည်းသွားကြောင်း မြင်သောအခါ ရှောင်ဟူသည် လက်မောင်းကို အားဖြင့်ဆန့်ထုတ်လိုက်သည်။
“ဆွဲတင်မယ်!”
ရှောင်ဟူသည် ကျယ်လောင်စွာ ဟစ်ကြွေးလျက် ပိုက်ကွန်ကို ဆွဲတင်သည်။ ပိုက်ကွန်ထဲတွင် ကြီးမားတောက်ပသော ရွှေရောင်ငါးကြီးတစ်ကောင် ရှိနေပေသည်။
“နောက်ဆုံးတော့ ဖမ်းမိခဲ့ပြီ!”
ရှောင်ဟူ၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်နေခဲ့သည်။
ဤနွားဦးချိုငါးသည် ရေထဲတွင် နွားရိုင်းတစ်ကောင်အလား သန်မာနိုင်သော်ငြား ရေထဲမှ ဆွဲတင်လိုက်သည်နှင့်တစ်ပြိုင်နက် အင်အားများကို စုပ်ယူခံလိုက်ရသည့်အလား အားနည်းချည့်နဲ့သွားတော့သည်။
နောက်ထပ်ပိုက်ကွန်ထဲသို့ အောင်မြင်စွာထည့်လိုက်ပြီးနောက် ရှောင်ဟူသည် နဖူးမှချွေးများကို သုတ်လိုက်သည်။ ပိုက်ကွန်ထဲရှိ ငါးကြီးကိုကြည့်လျက် သူ၏စိတ်နှလုံးမှာ စိတ်ခံစားချက်များ လှိုင်းထလာခဲ့သည်။
ကောင်းတယ်၊ အရမ်းကောင်းတယ်။ နောက်ဆုံးတော့ ဖမ်းနိုင်ခဲ့ပြီ။ အခုဆို အစ်ကိုကျိုစစ် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ပြီ။
ထိုသို့တွေးတောလျက် ရှောင်ဟူသည် သူ၏ရှေ့ရှိ နွားဦးချိုငါးကို သေချာကြည့်လိုက်သည်။ အရွယ်အစားမှာ အရမ်း မကြီးမားပေ။ နှစ်ပေါင်ခန့် အလေးချိန်ရှိနိုင်၏။ သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် အသွင်အပြင်ရှိသည်။ ဦးခေါင်းသည် သာမန်ရွှေငါးမုတ်များနှင့် ကွဲပြား၏။ ပြားနေရမည့်အစား သေတ္တာပုံစံကဲ့သို့ဖြစ်ကာ နွားဦးခေါင်းပုံစံနှင့် ဆင်တူပေသည်။
ငါးဦးခေါင်း၏တစ်ဖက်တစ်ချက်၌ လက်မအရွယ်အစားခန့် ဦးချိုနှစ်ချောင်းပါရှိပြီး ကြောက်မက်ဖွယ်အသွင်အပြင်မျိုး ဖြစ်ပေါ်စေသည်။
ခုနက အသုံးပြုခဲ့သော ပိုက်ကွန်၏အတွင်းဆုံးအလွှာသည် ဦးချိုများ၏ ထိုးဖောက်ခံရသောကြောင့် ပေါက်ပြဲနေပြီဖြစ်၏။ ပိုက်ကွန်ကို အထူးတလည် ပြုလုပ်ပြင်ဆင်ခဲ့၍ တော်သေးသည်။ သို့မဟုတ်ပါက ဂရုမထားမိလိုက်သည်နှင့် နွားဦးချိုငါးသည် အတင်းထိုးဖောက်ပြီး ထွက်ပြေးသွားပေလိမ့်မည်။
နွားဦးချိုငါးကို ဖမ်းမိပြီဖြစ်ရာ အစ်ကိုကျိုစစ်၏ ယုံကြည်မှုကိုလည်း ဖြည့်ဆည်းနိုင်ခဲ့လေပြီ။
အာဏာတည်ဆောက်ရန်အတွက်ဖြစ်ေသာ ဝက်သားသတ်ပွဲတော်တွင် အစ်ကိုကျိုစစ် စွန့်စားခဲ့သမျှမှာ အချည်းနှီး မဖြစ်နိုင်တော့ပေ။
ယွီပင်းက အထင်ကြီးလောက်စရာ အင်အားပိုင်ဆိုင်ထားပြီဖြစ်ပေမဲ့ အခု နွားဦးချိုငါးက အစ်ကိုကျိုစစ်အပိုင် ဖြစ်နေခဲ့ပြီလေ။