← Chapters

ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်းခြင်း_ ၄

Vol. 10 Ch. 135

ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်းခြင်း_ ၄

Vol. 10 Ch. 135

ထိုသို့စဉ်းစားလိုက်ပြီးသော် ရှောင်ဟူသည် နွားဦးချိုငါးကို သူပြင်ဆင်လာသည့် နှစ်ထပ်ရက်လုပ်ထားသော ငါးထည့်ခြင်းတောင်းအသစ်တစ်ခုထဲသို့ ထည့်လိုက်သည်။ ဤခြင်းတောင်းသည် အလွန်ခိုင်ခံ့၏။ ထို့ကြောင့် နွားဦးချိုငါးပင်လျှင် သေချာပေါက် ထိုးဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဤခြင်းတောင်း၏ အားနည်းချက်မှာလည်း သိသာပါ၏။ နှစ်ထပ်ရက်လုပ်ခြင်းသည် အတွင်းပိုင်းနေရာကို ကျဉ်းမြောင်းသွားစေသောကြောင့် နွားဦးချိုငါးတစ်ကောင်သာလျှင် ဝင်ဆံ့လေသည်။

သို့သော် ၎င်းမှာ လုံလောက်ပါ၏။

နောက်ဆုံးတွင်တော့ နွားဦးချိုငါးတစ်ကောင်ကို ဖမ်းဆီးခြင်းသည် အခြားငါးရာချီကို ဖမ်းဆီးခြင်းထက် များစွာပို၍ သင့်လျော်ပေသည်။

ထိုသို့နားလည်ထားရင်း ရှောင်ဟူသည် မည်သူမျှ သတိမထားမိကြောင်း အတည်ပြုရန် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သူ၏ရည်မှန်းချက် ပြည့်ဝသွားပြီးဖြစ်သောကြောင့် ရုတ်ချည်း လှေလှော်ခတ်၍ ထွက်လာခဲ့သည်။

…

ရှန်းထောင်မြို့၊ ယွီမိသားစု၏ စားသောက်ပွဲတော်ကြီး၌

…

စားသောက်ပွဲတော်ကြီးသည် စတင်နေပြီဖြစ်ပြီး ရွာသားများအားလုံးသည်လည်း သူတို့၏ဝေစုဖြစ်သော ဝက်သားများကို ရရှိပြီးကြသောကြောင့် အလွန်တရာ‌ ပျော်ရွှင်နေကြသည်။ သို့သော် အဓိက စားပွဲတွင်တော့ လေထုမှာ အတော်လေး ချောက်ချားတုန်လှုပ်ဖွယ် ဖြစ်‌ေနပေသည်။

အားလုံးသည် သူတို့၏တူများကို လှုပ်ရှားခြင်းမပြုဘဲ တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြကာ ငြိမ်သက်တိတ်ဆိတ်နေကြသည်။

ချန်ကျဲ့မှ ဝက်သားမစားဟု ပြောလိုက်ပြီးနောက်တွင် ဝူကျုံးမှလည်း ဝက်သားမစားဟုပြောလာသည်။

ဝူဟုန်လည်း မစားကြောင်း ပြောခဲ့၏။ လီစန်းတင်းသည် ဦးစီးမှူး၏ ဦးဆောင်မှုနောက်သို့ လိုက်ပါကာ စားသောက်ခြင်းကို ရှောင်ကြဉ်ခဲ့သည်။ သို့ဖြင့် ယွီပင်း၏ ဝက်သားပွဲတော်ကြီးမှာ ရပ်တန့်သွားတော့သည်။

ဝူကျုံးမှ မစားဘဲ ရှောင်ကြဉ်သောကြောင့် အခြားသော မြေရှင်ကြီးများသည်လည်း မိမိတို့မှ စတင်စားသောက်ရန် မသင့်လျော်ဟု ခံစားကြရသည်။

သို့တိုင် ယွီပင်းသည်တော့ ဝက်သားမှာ ကမ္ဘာပေါ်ရှိ အရသာအရှိဆုံး အစားအသောက်ကဲ့သို့ ပျော်ရွှင်စွာ စားသောက်နေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ အချို့သောရွာသူကြီးများသည် စတင်စားသောက်ကြသည်။ သို့သော် ငါးဖမ်းကုန်သည်အဖွဲ့နှင့် ပို၍ရင်းနှီးမှုရှိ‌သော မြေရှင်ကြီးများ၊ ဥပမာ ရှန်းထောင်ရွာ၊ လီမိသားစုကဲ့သို့သော သူများသည့် တူကို မလှုပ်ရှားကြပေ။

ရှန်းထောင်ရွာသည် ဝူကျုံး၏ အမာခံအင်အားစုနယ်မြေဖြစ်သောကြောင့် လီမိသားစုသည် ဝူကျုံးနှင့် မဟာမိတ်ဖွဲ့ထားသည်။

ခဏကြာပြီးနောက် နှစ်ဖက်စလုံးမှာ ထူးဆန်းသော အုပ်စုဖွဲ့သည့်ဓလေ့တစ်ခုသို့ ကျရောက်သွားတော့သည်။

ချန်ကျဲ့သည် မစားသော်ငြား ပတ်ဝန်းကျင်ကို ဆက်တိုက် စောင့်ကြည့်နေခဲ့သည်။ ထိုစဉ် လမ်းထောင့်တွင် အနီရောင်အဝတ်စကို ဝှေ့ယမ်းပြနေသည့် ကလေးတစ်ယောက်ကို မြင်လိုက်ရသည်။

သူ၏နှုတ်ခမ်းများတွင် အပြုံးတစ်ခုဖြစ်တည်သွား၏။

၎င်းသည် သူနှင့်ရှောင်ဟူတို့ ညှိနှိုင်းထားသည့် အချက်ပြမှုဖြစ်ပေသည်။ မျန့်ရွှေမြစ်အတွင်း အရေးကိစ္စအောင်မြင်ပါက ပြန်ဆုတ်ရန် အဆင်သင့်ဖြစ်လေပြီ။

ခြုံငုံလိုက်သော် ဤပွဲတော်ထဲ၌ လူကောင်းဟူသည် မရှိသကဲ့သို့ မည်သည့်ပွဲတော်မျှလည်း ရိုးသား၍အပြစ်ကင်းစင်မှု မရှိချေ။ သို့ဖြစ်ရာ စားသောက်ရန် ထိုက်တန်သည့်အရာလည်း မရှိပေ။

ထို့ကြောင့် ချန်ကျဲ့သည် ဝူကျုံးကို အဓိပ္ပာယ်ပါဝင်သော အကြည့်ဖြင့် အချက်ပြလိုက်သည်။ ဝူကျုံးသည် ချန်ကျဲ့၏အကြည့်ကို မြင်တွေ့သည်နှင့်တစ်ပြိုင်နက် ထွက်ခွာရန် အချိန်ကျပြီဖြစ်ကြောင်း နားလည်လိုက်ကာ ထရပ်၍ပြောလိုက်သည်။

“ညီနောင်ယွီ!”

ယွီပင်း ဝူကျုံးဘက်သို့ လှည့်ကြည့်သည်။

“ကျုပ်တို့ စားလို့သောက်လို့ ဗိုက်ပြည့်သွားပြီမလို့ ပြန်လိုက်ပါဦးမယ်”

“အာ ညီနောင်ဝူ ဘာလို့ဒီလောက် အလျင်လိုနေရတာလဲ။ ခင်ဗျား သိပ်ပြီး နေမကောင်းလို့များလား”

ဝူကျုံးမှ ပြောသည်။

“မဟုတ်ပါဘူး၊ ကျုပ်ရဲ့ကျန်းမာရေးက အရမ်းကောင်းပါတယ်။ ဒီတိုင်း အိမ်မှာ အလုပ်ကိစ္စလေး နည်းနည်းရှိနေလို့ပါ။ ကျုပ်တို့ ရွာအကြီးအကဲရွေးချယ်ပွဲမှာ ထပ်ဆုံကြတာပေါ့”

ထိုအခါ ယွီပင်းသည် အားရပါးရ ရယ်မော၏။

“ဒါဆိုလည်း ကောင်းပါပြီ။ ရွာအကြီးအကဲရွေးချယ်ပွဲမှာ တွေ့ကြတာပေါ့”

ထိုသို့ပြောပြီးနောက် ယွီပင်းသည် ချန်ကျဲ့ဘက်သို့ ခေါင်းလှည့်လာသည်။

“ကျိုစစ် ငါတို့လည်း ရွာအကြီးအကဲရွေးချယ်ပွဲမှာ တွေ့ကြမလား”

ချန်ကျဲ့ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပြန်ဖြေသည်။

“ရတာပေါ့ဗျာ”

ထို့နောက် နှစ်ဖက်စလုံး စကားရပ်သွား၏။ သို့သော် သူတို့၏မျက်လုံးတို့မှာ အပြန်အလှန် နားလည်သဘောပေါက်ကြပေသည်။

ဝူကျုံးနှင့် သူတို့အားလုံး စားသောက်ပွဲမှ ထွက်ခွာသွားခဲ့သည်။

ယွီပင်း၏အကြည့်များသည် မှုန်မှိုင်းစွာဖြင့် စဉ်းလဲမှုအသွင်သို့ ပြောင်းလဲသွားခဲ့ကာ ထွက်ခွာသွားသည့် ဝူကျုံးတို့အုပ်စုကို သတ်ဖြတ်လိုခြင်းအငွေ့အသက်များ တစ်ကိုယ်လုံးဖုံးလွှမ်းလျက် ကြည့်နေခဲ့သည်။

ထိုစဉ် အိမ်တော်ထိန်းရောက်လာပြီး မေးမြန်း၏

“သခင်ကြီး အတည်ပြုနိုင်ခဲ့ပြီလား”

ယွီပင်း အသာအယာ ခေါင်းညိတ်ပြ၏။

“သေချာသလောက်ပဲ၊ စန်းလျို့ကို အဲဒီချန်ကျိုစစ် သတ်လိုက်တာပဲ!”

ထိုအခါ အိမ်တော်ထိန်းမှ မေးမြန်းသည်။

“သခင်ကြီး ကျွန်တော်တို့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်လိုက်ရတော့မလား”

ယွီပင်းမှ ပြန်ပြောသည်။

“အလျင်မလိုဘူး၊ ရွာအကြီးအကဲရွေးချယ်ပွဲအထိ စောင့်ရအောင်။ အဲဒီအချိန်ကျရင် ငါသူ့ကို ပေါ်ပေါ်ထင်ထင် သတ်လို့ရနိုင်မလား ကြည့်ကြတာပေါ့။ မရရင်လည်း ရှန်းထောင်မြို့ရဲ့ စီမံခန့်ခွဲခွင့်ကို ရယူပြီးတာနဲ့ ချန်ကျိုစစ်ကို ကိုင်တွယ်ရတာက ပိုင်မုန့်စားသလို လွယ်ကူသွားလိမ့်မှာ”

အိမ်တော်ထိန်းမှ ပြန်ဖြေသည်။

“သခင်ကြီး အလိုရှီရာအတိုင်းပါပဲ”

ယွီပင်းသည် အချိန်ခဏမျှ စဉ်းစားနေခဲ့၏။

“ဝူကျုံးအတွက်တော့ ငွေအချို့ ပြင်ဆင်ထားလိုက်၊ ပြီးတော့ လိုအပ်ရင် လူသတ်သမား ငှားလိုက်ပါ”

အိမ်တော်ထိန်းမှ မှတ်ချက်ပြုသည်။

“သခင်ကြီး ဦးစီးမှူးအဆင့်ရှိတဲ့ လူတစ်ယောက်ကို သတ်ဖို့ဆိုရင် ကုန်ကျစရိတ်က အတော်လေးများမှာပါ”

ယွီပင်းမှ ပြောသည်။

“ငါ့သားသေရတာ အချည်းနှီးမဖြစ်သင့်ဘူး။ သူတို့နှစ်ယောက်လုံးက အဓိက တရားခံတွေပဲ။ ငါသူတို့ကို မသတ်နိုင်သ၍ ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်ဘူး”

“မျန့်ရွှေမှာ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးနောက်မှာ ငါငွေ အများအပြားရှာဖွေနိုင်ခဲ့တယ်။ လူအများကြီးကိုလည်း ကြွယ်ဝစေခဲ့တယ်။ အဲဒါတွေအားလုံးက ဒီလိုအခိုက်အတန့်အတွက်ပဲ မဟုတ်လား”

“ငါ ငွေတုံးနှစ်ထောင် သတ်မှတ်ပေးမယ်။ အဲဒီနှစ်ယောက်ကို ရွာအကြီးအကဲရွေးချယ်ပွဲမှာ မသတ်နိုင်ခဲ့ရင် မှောင်ခိုဈေးကွက်မှာ ဆုကြေးထုတ်လိုက်တော့။ ငါ သူတို့သေတာပဲ လိုချင်တယ်!”

ယွီပင်းသည် ဖြည်းဖြည်းချင်း ညွှန်ကြားပြောဆို၏။

သူ့တွင် အစီအစဉ်နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ရွာအကြီးအကဲရွေးချယ်ပွဲအတွင်း ဝူကျုံး သို့မဟုတ် ချန်ကျဲ့ တစ်ယောက်ယောက် ရောက်လာခဲ့လျှင် သားဖြစ်သူအတွက် လက်စားချေရန် ပြိုင်ပွဲကွင်းအတွင်း အသက်သေစေလောက်အောင် ထိုးနှက်တိုက်ခိုက်မည်ဖြစ်သည်။

လက်စားချေပြီးနောက် ပိုင်မိသားစု၏ တုံ့ပြန်မှုကိုမူ သူဂရုမစိုက်ပါ။

သူဂရုမစိုက်ပေ။ ပြိုင်ပွဲအတွင်း၌ အောင်နိုင်ခြင်းနှင့် ရှုံးနိမ့်ခြင်းဟူသည် သာမန်ဖြစ်သည်။ တစ်ဖက်မှ တိုက်ခိုက်မှုတွင် နောက်ဆုတ်မပေးနိုင်ပါက ထိုသို့ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားတတ်သည်။ သူတို့အနေဖြင့် ထိုကိစ္စအတွက် လက်စားချေရဲပါက ချောင်ကုန်သည်အဖွဲ့မှ ကြားဝင်လာပေလိမ့်မည်။

စည်းမျဉ်းသည် စည်းမျဉ်းသာ ဖြစ်၍ မည်သူမျှ ချိုးဖောက်မရနိုင်ပါချေ။

အကယ်၍ ထိုနေ့တွင် ဝူကျုံးမှ ကြောက်ရွံ့နေခဲ့ပြီး ပြိုင်ပွဲကွင်းအတွင်းသို့ ခြေမလှမ်းဝံ့ပါက ယွီပင်းသည် မှောင်ခိုဈေးကွက်တွင် ဆုကြေးငွေထုတ်ပြီး ဝူကျုံးနှင့် ချန်ကျိုစစ်တို့ကို သတ်ဖြတ်ရန်အတွက် လူသတ်သမားများ ငှားရမ်းမည်ဖြစ်သည်။

သူကိုယ်တိုင် မလှုပ်ရှားနိုင်သည့်တိုင် လူသတ်သမား ငှားရမ်း၍ လှုပ်ရှားနိုင်သေး၏!

ငွေတုံးနှစ်ထောင်သည် သူတို့၏အသက်များကို ဝယ်ယူရန် လုံလောက်သည်။

ယွီပင်း၏အကြည့်များသည် အဆိပ်ပြင်းသည့်မြွေတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး အမှန်တကယ်လည်း သူ၏ရည်မှန်းချက် အောင်မြင်ဖို့အတွက် ကောက်ကျစ်စဉ်းလဲစွာ လုပ်ဆောင်တတ်သော အဆိပ်ပြင်းမြွေတစ်ကောင်ပင် ဖြစ်လေသည်။

လက်ရှိတွင် သူ၏ရည်မှန်းချက်သည် သားဖြစ်သူအတွက် လက်စားချေရန်၊ ထိုလူနှစ်ယောက်ကို သတ်ဖြတ်ရန်တို့ ဖြစ်သည်။

…

ပိုင်မိသားစု၌

လေ့ကျင့်ရေးကွင်းပြင်ရှိ ကျောက်တုံးများထက်တွင် အမျိုးသားသုံးယောက်သည် ခေါက်ဆွဲပန်းကန်ကြီးများကို တစ်ယောက်တစ်ပန်းကန်စီ ကိုင်၍ ဆူညံသံများထွက်သည်အထိ ခေါက်ဆွဲကို စုပ်ယူစားသောက်နေကြသည်။

သူတို့၏ဘေးတွင် သမားတော်ပိုင်သည် ဆေးကြိတ်နေသည်။ စူးယွင်ကျင်းနှင့် သခင်မပိုင်တို့သည် အမျိုးသားသုံးယောက်အတွက် ခေါက်ဆွဲထပ်ဖြည့်ပေးခြင်း၊ အချဉ်ထည့်ပေးခြင်းတို့ဖြင့် အလုပ်များနေကြသည်။

ထိုစဉ် သခင်မပိုင်မှ မကျေမနပ်ဖြင့် ပြောသည်။

“စားသောက်ပွဲက ပြန်လာပြီး ဒီလောက်အထိ ဗိုက်ဆာနေတဲ့သူတွေကို ဒါ ပထမဆုံးမြင်ဖူးတာပဲ”

ဝူဟုန်သည် ပါးစပ်အပြည့် ခေါက်ဆွဲတစ်လုပ်ကို စုပ်ယူစားသောက်လိုက်ပြီး ပြောသည်။

“အဲဒါက ကျွန်တော်တို့ ဝက်သားမစားကြလို့လေ”

သခင်မပိုင်မှ ပြန်ပြောသည်။

“မင်း ဘယ်တုန်းက ဝက်သားမစားတော့တာလဲ။ ပြီးတော့ မင်းဒီနေ့ ဝက်သားအချဉ်ကို ရှောင်နေတာလည်း မမြင်မိပါဘူး”

သခင်မပိုင်မှ ပြောသည်။

ဝူကျုံးမှ ရယ်မောလျက် ပြော၏။

“ယွီပင်းအိမ်က ဝက်သားက ငါတို့လန်အာလုပ်ထားတဲ့ ဝက်သားအချဉ်နဲ့ နည်းနည်းလေးမှ မယှဉ်နိုင်ဘူးလေ”

သခင်မပိုင်မှ ပြန်ပြင်ပြောလိုက်၏။

“အချဉ်က ယွင်ကျင်းလုပ်ထားတာ”

ထိုအခါ ချန်ကျဲ့မှ ဝင်ပြောသည်။

“ဟားဟား… အရမ်းစားကောင်းနေတာ မအံ့ဩတော့ပါဘူး။ လက်စသတ်တော့ ကျွန်တော့်ဇနီးလေး လုပ်ထားတာဖြစ်နေတာပဲ။ ယွီပင်းအိမ်က ဝက်သားထက် အဆတစ်ရာ ပိုစားကောင်းတယ်။ ဟုတ်တယ်မလား အစ်ကိုဟုန်”

ဝူဟုန်သည် ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း ပြန်ပြော၏

“ဒါပေါ့။ ငါ့ခယ်မလေးရဲ့ လက်ရာက တကယ့်ကို စားကောင်းတယ်။ ငါ့ကို နောက်တစ်ဇွန်းလောက် ထပ်ထည့်ပေးပါဦး”

All Chapters