ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်းခြင်း_ ၅
Vol. 10 Ch. 136
ဝူဟုန်မှ ထိုသို့ပြောလိုက်သောအခါ စူးယွင်ကျင်း၏မျက်နှာမှာ ချီးမွမ်းစကားကြောင့် နီရဲလာတော့သည်။
“တကယ်တော့ ကျွန်မက အဲဒီလောက် မတော်ပါဘူး”
ဝူကျုံးမှလည်း ကြားဝင်ပြောသည်။
“အာ မိန်းကလေးယွင်ကျင်း၊ မင်းရဲ့ဟင်းချက်လက်ရာက တကယ့်ကို ထူးခြားပြောင်မြောက်ပါတယ်။ ဦးလေးရဲ့လန်အာကို မီလုနီးပါးပဲ၊ ဆယ်ပုံကိုးပုံလောက် မီတယ်”
“ရှင်သေချင်နေတာလား ဟမ် ကလေးတွေရှေ့မှာ ဒီလိုစကားတွေ ပြောနေတယ်”
သခင်မပိုင်သည် ဝူကျုံးကို အပြစ်တင်ဟန်ဖြင့် စိုက်ကြည့်နေသည်။
ဝူကျုံးသည် အေးအေးဆေးဆေး နေထိုင်တတ်ကြီး စိတ်ခံစားချက်များကို ထုတ်မပြောတတ်သည့် အမူအကျင့်ရှိသည့်တိုင် မြှောက်ပင့်ပြောဆိုခြင်းအရာ၌ အတော်လေး ကျွမ်းကျင်ပေသည်။
…
ဝူကျုံးသည် အမျိုးသမီးများကို ဆွဲဆောင်ရာတွင် အတော်လေး ကျွမ်းကျင်၏။ သို့မဟုတ်ပါက သူ သမားတော်ပိုင်ထံတွင် တပည့်ခံနေစဉ်အတွင်း သမားတော်ပိုင်၏ သမီးဖြစ်သူအား ပိုးပန်းနိုင်ခဲ့မည် မဟုတ်ပေ။
သင်တင့်လျောက်ပတ်သည့် အဝတ်အစားနှင့် အစားအသောက်များ မရှိသည့် သာမန်လယ်သမားမိသားစု၏ သားတစ်ယောက်မှသည် ယခုကဲ့သို့ လေးစားခံရသော ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူး– ငါးဖမ်းကုန်သည်အဖွဲ့တွင် အဆင့်နိမ့် ခေါင်းဆောင်တစ်ဦးဖြစ်လာသည့်အချိန်အထိ ရောက်လာနိုင်ခဲ့ရသည်။
ဝူကျုံးနှင့် သခင်မပိုင်တို့ ကလူကျီစယ်နေသည်ကို စောင့်ကြည့်နေသည့် သမားတော်ပိုင်သည် ခပ်ဖျော့ဖျော့ ချောင်းဟန့်၏။
“အဟမ်း အတည်အတံ့ စကားပြောကြရအောင်။ မင်းတို့သုံးယောက် ဒီပွဲတော်ကို သွားလိုက်တာမှာ ဘာတွေသိခဲ့ရလဲ”
ထိုအခါ ဝူကျုံးမှ ပြောသည်။
“ကျွန်တော် ခန့်မှန်းတာမှန်တယ်: ယွီပင်းက တကယ့်ကို ကျွန်တော့်ထက်ပိုတဲ့ အာဏာလွှမ်းမိုးမှုကို တည်ဆောက်ပြသဖို့ ရည်ရွယ်ထားတာပဲ။ စက်ဆုပ်ဖို့ကောင်းတဲ့ ခြိမ်းခြောက်စကားတွေပြောပြီး ဝက်နှလုံးကို ထုတ်ပြသပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်တယ်လေ။ ကံကောင်းစွာနဲ့ ကျိုစစ်က ဉာဏ်ကောင်းတော့ ဝက်သားမစားဘူးလို့ ပြောလိုက်လို့ မဟုတ်လို့ကတော့ ကျွန်တော်တို့ လုံးဝ သူ့ထိန်းချုပ်ပြောဆိုမှုအောက် ရောက်သွားတော့မှာ”
သမားတော်ပိုင်သည် ကျိုစစ်ဘက်သို့ လှည့်လာ၏။
“မင်းရော ကျိုစစ်?”
ကျိုစစ်သည် ပန်းကန်လုံးကိုချလိုက်ပြီး ပြောသည်။
“ကျွန်တော်က ဦးလေးကျုံးကို ကျောပိုးပြီး တောင်အောက်ဆင်းခဲ့ပြီး သူ့သားကို သတ်ခဲ့တဲ့သူဆိုတာကို ယွီပင်း အတည်ပြုနိုင်သွားလောက်ပါပြီ။ ဒါပေမဲ့ သူက အရမ်းစိတ်ရှည်တယ် ချက်ချင်း မလှုပ်ရှားလိုက်ဘူး။ ဒါမှမဟုတ် အစ်ကိုဟုန်ရဲ့အင်အားကို ကြောက်လို့လည်းဖြစ်နိုင်တယ်။ အစ်ကိုဟုန်၊ အစ်ကို အဲဒီလက်ဖက်ရည်အိုးကို ယူလိုက်တာများ အရမ်းကျွမ်းကျင်ပိုင်နိုင်လွန်းလို့ ကျွန်တော်တောင် သိုင်းကွက်ကို မမြင်နိုင်လိုက်ဘူးရယ်”
ထိုအချိန်တွင် ဝူဟုန်သည် အသားအချဉ်များကို ပါးစပ်ထဲသို့ ပါးစပ်အပြည့် ထည့်သွင်းထားသောကြောင့် ဗလုံးဗထွေးဖြင့် ပြောသည်။
“ဟေး အဲဒါက ဘာမဟုတ်တာလေးပါကွာ။ ငါရဲ့အရှုံးမခံတဲ့ အမူအကျင့်နဲ့ဆို အဲဒီယွီပင်းက ငါနဲ့ သိုင်းကွက်နှစ်ကွက်ထက် ပိုမယှဉ်နိုင်ဘူး။ ဒီလိုမျိုး ငါ ဒဏ်ရာအပြင်းအထန်ရထားတဲ့ အချိန်မျိုးကို အခွင့်ကောင်းယူတော့မှပဲ သူ့ရဲ့အရှိန်အဝါကို ကြွားဝါနိုင်မှာ”
ဝူကျုံးမှ ထပ်ပြောသည်။
“ဟုန်အာ သတိမမူပဲ မနေနဲ့။ ယွီပင်းက သာမန်လူတစ်ယောက်မဟုတ်ဘူး။ သူ့ဆရာက အစောင့်အရှောက်ကြီး၁၃ဦးထဲက တစ်ယောက်ဖြစ်တဲ့ တစ္ဆေလက် ကုချင်းဖုန်းရဲ့အစ်ကို ကုချင်းရှန်းပဲ။ ကုချင်းရှန်းက ငယ်ငယ်ရွယ်ရွယ် သေဆုံးသွားခဲ့ရပေမဲ့ ယွီမိသားစုနဲ့ ကုမိသားစုကြားမှာ သဘောအမြင်နီးစပ်မှု ရှိနေကြတုန်းပဲ”
“ကုချင်းဖုန်းကလည်း ယွီပင်းကို အတော်လေး ဂရုစိုက်တယ်။ အဲဒါကြောင့် ယွီပင်းကို အထင်မသေးနဲ့။ သူ့မှာလည်း အင်အားကြီးမားတဲ့ ကျောထောက်နောက်ခံရှိတယ်”
ထိုအခါ ဝူဟုန်မှ မှတ်ချက်ပြုသည်။
“အဲဒီလူကြီး ရှန်းထောင်မြို့မှာ နှစ်ပေါင်းများစွာ ပြဿနာအရှုပ်တွေလုပ်နေတာကို ချောင်ကုန်သည်အဖွဲ့ကလည်း အမြဲလွှတ်ထားတာ မထူးဆန်းတော့ပါဘူး။ ဒီလိုဆက်ဆံရေးမျိုးလည်း ရှိနေကြတာကိုး”
ဝူကျုံးမှ ပြောသည်။
“အဲဒီကုန်သည်အဖွဲ့ ဦးစီးမှူးတွေအားလုံးမှာ ရှုပ်ထွေးပွေလီတဲ့ အဆက်အသွယ်တွေရှိကြတယ်။ ခိုင်မာတောင့်တင်းတဲ့ ကျောထောက်နောက်ခံ မရှိဘဲနဲ့ ကုန်သည်အဖွဲ့ထဲမှာ နာမည်ရယူဖို့ဆိုတာ အရမ်းခက်ခဲတယ်လေ”
ထိုသို့ပြောပြီးနောက် ဝူကျုံးသည် ချန်ကျဲ့ဘက်သို့ လှည့်ပြော၏။
“ကျိုစစ် အခု မင်းနဲ့ယွီပင်းကြားက ရန်ငြိုးဟောင်းက သေရေးရှင်ရေးပြဿနာဖြစ်သွားပြီ။ မင်း ဂရုစိုက်တာ ကောင်းလိမ့်မယ်။ သူက အဆိပ်ပြင်းတဲ့မြွေတစ်ကောင်.. အချိန်မရွေး မင်းကို ကိုက်လိုက်နိုင်တယ်– ကိုက်လိုက်ရင်လည်း သေစေနိုင်လောက်တဲ့ ကိုက်ခံမှုဖြစ်လိမ့်မယ်!”
ထိုအခါ ချန်ကျဲ့ ပြန်ပြောခဲ့သည်။
“အမ်း ကျွန်တော် အဲဒီကိုသွားကတည်းက ဒီအတွက် ပြင်ဆင်ထားပြီးသားပါ”
ဝူကျုံးမှ ပြောသည်။
“ဟုတ်သား ကျိုစစ်၊ ငါမင်းကို ပြောစရာရှိတယ်။ ခုနက လီစန်းတင်းက ငါ့ကိုပြောတယ်။ ဒီရွာအကြီးအကဲရွေးချယ်ပွဲမှာ သူငါ့အစား တိုက်ခိုက်ချင်တယ်တဲ့။ မင်းဘယ်လိုစဉ်းစားလဲ”
ချန်ကျဲ့ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် အမြန်ပြောလိုက်သည်။
“သူ့မှာ စွမ်းဆောင်နိုင်စွမ်းရှိလား”
ချန်ကျဲ့သည် လီစန်းတင်း၏အင်အားကို ဒီနေ့ မျက်မြင်တွေ့ခဲ့ရပါ၏။ အရင်သင်္ဘောခေါင်းဆောင်ကြီး ကျောင်းရွှမ်ထက် အားမနည်းပေ။ သို့သော် ထိုမျှအရည်အချင်းဖြင့်လည်း ယွီပင်း၏ပြိုင်ဘက် မဖြစ်နိုင်ပါချေ။
“လီစန်းတင်းနဲ့ ငါနဲ့က အရင်တည်းက အတူရှိလာခဲ့ကြတာ”
ဝူကျုံးမှ ပြောသည်။
“သူငါ့ကို သူ့ကိုတိုက်ခိုက်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ ငါ့မှာ တကယ် ရွေးချယ်စရာမရှိဘူး”
“ပြီးတော့ ကျိုစစ်၊ မင်းနဲ့ယွီပင်းကြားမှာ ဒီလောက်ကြီးမားတဲ့ ရန်ငြိုးရှိနေတာ သူမင်းကို ပြိုင်ပွဲကွင်းထဲမှာပဲ အသက်သေအောင် တိုက်ခိုက်မှာ စိုးရိမ်ရတယ်။ အဲဒါကြောင့် အခုတော့ သည်းခံနေလိုက်ပြီးတော့ စန်းတင်းကိုပဲ တိုက်ခိုက်ခိုင်းလိုက်ပါ”
ထိုအခါ ချန်ကျဲ့ တန့်သွား၏။
ချန်ကျဲ့ ဝူကျုံးကိုကြည့်လျက် ပြောသည်။
“ဦးလေးကျုံး ဦးလေး ကျွန်တော့်ကို မယုံဘူးလား”
“အဲဒီလိုမဟုတ်ပါဘူး”
ဝူကျုံးမှ ပြောသည်။
“ဦးလေးကျုံး ကျွန်တော် ဒီအခွင့်အရေးကို တကယ်လိုအပ်တယ်”
“ဒါပေမဲ့ မင်းရဲ့အင်အားက?”
ဝူကျုံးသည် စိုးရိမ်နေမိ၏။ လက်ရှိတွင် ချန်ကျဲ့နှင့် ယွီပင်းတို့နှစ်ဦး၏ စွမ်းဆောင်ရည်များမှာ တစ်ယောက်နှင့်တစ်ယောက် သိရှိနေကြပြီးဖြစ်သည်။ အကယ်၍ ပြိုင်ပွဲပြုလုပ်ပါက သားဖြစ်သူ၏ သေဆုံးမှုအတွက် ရန်ငြိုးထားရှိသော ယွီပင်းသည် သေချာပေါက် အသက်အန္တရာယ်ဖြစ်သည်အထိ တိုက်ခိုက်လိမ့်မည်ပင်။
ချန်ကျဲ့တစ်ယောက် ပြိုင်ပွဲကွင်းထဲတွင် ဆိုးဆိုးရွားရွား သေဆုံးသွားရမည့်အဖြစ်အား ဝူကျုံး မမြင်တွေ့လိုပါချေ။
ထိုစဉ် ဝူဟုန်မှ ပြောလာ၏။
“ကျိုစစ်၊ ငါလည်း အဖေ့ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်။ ငါဒီနေ့ ယွီပင်းရဲ့အင်အားကို စစ်ဆေးခဲ့တယ်၊ တော်တော် အင်အားကြီးတယ်”
“မင်းရဲ့လက်ရှိအင်အားနဲ့ဆို မင်းက သေချာပေါက် သူ့ပြိုင်ဘက်မဟုတ်ဘူး”
ချန်ကျဲ့သည် ဝူကျုံးတို့သားအဖကို ကြည့်နေ၏။ သူတို့သည် သူ့အတွက် စိတ်ကောင်းစေတနာထားခြင်းဖြစ်ကြောင်း သူသိပေသည်။
ခြုံငုံလိုက်သော် သူ၏လက်ရှိအင်အားသည် ယွီပင်းကို အနိုင်ရရှိရန် မဖြစ်နိုင်ချေ။ ယွီပင်းနှင့် တိုက်ခိုက်ခြင်းသည် ကျောက်တောင်ကို ကြက်ဥဖြင့် ပစ်ပေါက်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ထိုအရာအားလုံးကို နားလည်လေရာ ချန်ကျဲ့သည် အချိန်တစ်ခုကြာ စဉ်းစားပြီးနောက်မှ ပြောခဲ့သည်။
“ဒါဆိုရင် ဒီလေးရက်အတွင်းမှာ ကျွန်တော် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်ရော ကျွန်တော် တိုက်ခိုက်လို့ရမလား”
“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းမယ်?”
“လေးရက်အတွင်းလား??”
ဝူကျုံးတို့နှစ်ဦးအပြင် သမားတော်ပိုင်ပါ ချန်ကျဲ့ကို အံ့အားသင့်စွာ ကြည့်လာခဲ့သည်။
ဒီလူငယ်လေးက ဘယ်လိုလုပ်ပြီး ဒီလိုရူးလောက်တဲ့အရှိန်နှုန်းနဲ့ တက်လှမ်းနိုင်မှာလဲ။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က အဲဒီလောက် တက်လှမ်းဖို့ လွယ်ကူမှာတဲ့လား။
ကောင်းကင်ရတနာ၊ မြေရတနာတွေရဲ့ အထောက်အပံ့မရှိဘဲနဲ့ဆို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့က ကျိုစစ်အတွက် နှစ်ဝက်လောက် အချိန်ယူရနိုင်တာလေ။
အဲဒါကို ဘယ်လိုလုပ်ပြီး လေးရက်အတွင်း လုပ်မှာလဲ!
“ကျိုစစ် အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။ လေးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”
ဝူကျုံးမှ ပြောသည်။
ချန်ကျဲ့ ပြန်ပြော၏။
“ဦးလေးကျုံး၊ အစ်ကိုဟုန် ကျွန်တော် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ကျွန်တော့်ကို ယွီပင်းနဲ့ တိုက်ခိုက်ခွင့်ပေးမလားဆိုတာပဲ ပြောပြပေးပါ”
ထိုအခါ ဝူဟုန်မှ ပြောသည်။
“ကျိုစစ်၊ မင်းအနေနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ရင်တော့ မင်းက သေချာပေါက် ယွီပင်းရဲ့ ပြိုင်ဘက်ဖြစ်နိုင်ပါတယ်”
“အတိအကျပြောရရင် ငါဒီနေ့စစ်ဆေးခဲ့တဲ့ သိုင်းကွက်အရ ငါသိခဲ့တာ။ ယွီပင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို အသွေးအသားပျစ်ခဲဆေးလုံးကို အသုံးပြုပြီး တက်လှမ်းခဲ့တာပဲ။ ယွီပင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းပြီးသွားပေမဲ့ ဆေးအာနိသင်ကို အပြည့်အဝ မစုပ်ယူနိုင်သေးဘူး။ ဆေးအာနိသင်ကို အပြည့်အဝစုပ်ယူဖို့ဆို အနည်းဆုံး နှစ်ဝက် မဟုတ်ရင် တစ်နှစ်လောက် အချိန်ယူရမှာ။ အဲဒါကြောင့် ယွီပင်းက အခု ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ ရှိနေပေမဲ့ တကယ်တော့ အခြေခံအကျဆုံးအဆင့်မှာ ရှိနေတာပဲ”
“သူ့ရဲ့အင်အားက အရေပြားသန့်စင်ခြင်းအဆင့်ထက် သေချာပေါက် ပိုပြီး အင်အားကြီးမားသန်မာတယ်။ ဒါပေမဲ့ တကယ့်အစစ်အမှန် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်နဲ့တော့ ကွာဟချက်ရှိတယ်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်မဟုတ်တဲ့သူနဲ့ တိုက်ခိုက်မယ်ဆိုရင် ယွီပင်းက အထင်ကြီးဖွယ်ကောင်းလိမ့်မှာပေါ့။ ဒါပေမဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်အစစ်နဲ့ တိုက်ခိုက်မယ်ဆိုရင်တော့ သူ အသာစီးရနေမှာ မဟုတ်ဘူး”