ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်းခြင်း_ ၆
Vol. 10 Ch. 137
“ယွီပင်း အခုအချိန်မှာ အင်အားပြနေတယ်ဆိုတာက ငါတို့ အခက်အခဲတွေ့နေလို့ပဲ”
ထိုအခါ ချန်ကျဲ့ ပြန်ပြောခဲ့သည်။
“ကျွန်တော် သိပါတယ်။ ဦးလေးကျုံးနဲ့ အစ်ကိုဟုန်တို့ ကျွန်တော့်ကို အများကြီးပြောပြပြီးနေပါပြီ။ အဲဒါဆို ကျွန်တော် လေးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ကျွန်တော့်ကို ပြိုင်ပွဲမှာ ပါဝင်ခွင့်ပြုနိုင်မလား”
ဝူကျုံးသည် ခဏမျှတွေးနေခဲ့ပြီးနောက် ပြောသည်။
“မင်း တကယ်ပဲ လေးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် မင်းကိုပြိုင်ပွဲဝင်ခွင့်ပြုဖို့အတွက်က ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ ခန်းမအရှင်သခင်ဖန်းကို ပြောလိုက်ပြီး ပြိုင်ပွဲစည်းမျဉ်းတချို့ကို ပြောင်းလဲလိုက်ရုံပဲ”
“ပြိုင်ပွဲစည်းမျဉ်းလား”
ချန်ကျဲ့သည် စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း နားလည်ထားလိုသည်။
ဝူကျုံးမှ ရှင်းပြသည်။
“တကယ်တော့ ပြိုင်ပွဲကွင်းမှာ စည်းမျဉ်းနှစ်ခု အမြဲရှိတယ်။ ပထမစည်းမျဉ်းက ဦးစီးမှူးအချင်းချင်းတိုက်ခိုက်ကြတာနဲ့ နောက်စည်းမျဉ်းကတော့ လွတ်လပ်စွာ စိန်ခေါ်နိုင်တဲ့စနစ်ပဲ။ စိန်ခေါ်သူက ကွင်းထဲမှာ အောင်အောင်မြင်မြင်နဲ့ ခုခံနေနိုင်သ၍ ပြိုင်ဘက်အဖွဲ့ရဲ့ ဘယ်သူမဆို ဦးစီးမှူးရဲ့နေရာမှာ ဝင်ရောက်တိုက်ခိုက်နိုင်တယ်”
…
“အခု ငါဒဏ်ရာရထားတော့ ရွာအကြီးအကဲရွေးချယ်ပွဲမှာ ငါဝင်မပြိုင်နိုင်ဘူး။ အဲဒီတော့ ငါက ဒုတိယစည်းမျဉ်းကို ပြောင်းလဲပေးဖို့ တောင်းဆိုလိုက်ရင် ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့နဲ့ နှစ်ဖွဲ့စလုံးက သဘောတူနိုင်ဖို့ မျှော်လင့်တယ်။ ပြီးတော့ ယွီပင်းလည်း သဘောတူလောက်တယ်”
ထိုအခါ ဝူဟုန်နှင့် ချန်ကျဲ့တို့နှစ်ဦးလုံး နားလည်သွားခဲ့သည်။
ယွီပင်းသည် ပြိုင်ပွဲစည်းမျဉ်းမှာ ဤသို့အလုပ်လုပ်ကြောင်း သိခဲ့လျှင် ချန်ကျဲ့ကို ပြိုင်ပွဲကွင်းထဲသို့ ဝင်ရောက်စေမည်မှာ သေချာပေသည်။ သို့ဖြစ်ပါက မည်သူမျှ အနှောင့်အယှက်မပေးနိုင်ဘဲ ချန်ကျဲ့ကို ပြိုင်ပွဲစင်ပေါ်တွင် သတ်ပစ်နိုင်ပေသည်။
အားလုံးသည် စည်းမျဉ်းဘောင်ထဲအတွင်း ရှိနေလိမ့်မည်ပင်။
ဟုတ်ပါ၏၊ မျန့်ရွှေစီရင်စုမှ ထိုစည်းမျဉ်းများကို သတ်မှတ်ပြီးနောက်၌ ကုန်သည်အဖွဲ့ဝင်များအားလုံး လိုက်နာရပေသည်။
ကိုယ်ရေးကိုယ်တာအရ လက်စားချေခြင်းနှင့် ပြဿနာရှာခြင်း စသည်တို့မှာ အန္တရာယ်များ၏။
သို့သော် ပြိုင်ပွဲကွင်းအတွင်း၌ ပြိုင်ဘက်ကို သတ်ဖြတ်ခြင်းသည် ဘာမျှတာဝန်ယူစရာမလိုအပ်ပေ။
သို့ဖြစ်ရာ ကုန်သည်အဖွဲ့ဝင်များအားလုံးသည် ဤစည်းမျဉ်းများကို လိုက်နာရသည်။ သေချာပေါက်ပင် စည်းမျဉ်းသတ်မှတ်သူများ ကိုယ်တိုင်သည်တော့ ချွင်းချက်ဖြစ်၏။ သို့သော် စည်းမျဉ်းသတ်မှတ်သူတစ်ဦး ဖြစ်ရန်အတွက်မူ လုံလောက်သည့် အင်အားအာဏာကို ပိုင်ဆိုင်ရပေမည်။
စည်းမျဉ်းများကို လျစ်လျူရှုနိုင်ရန် လုံလောက်သည့် အင်အားအာဏာမရှိပါက လိုက်နာရပေမည်။
တကယ်တော့ ချန်ကျဲ့သည်လည်း ရွာအကြီးအကဲရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင်၍ စည်းမျဉ်းများကို လိုက်နာရန် ရည်ရွယ်ထားခြင်းဖြစ်၏။
ချန်ကျဲ့၌ ရည်မှန်းချက်နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ငါးဖမ်းကုန်သည်အဖွဲ့ရှေ့တွင် မိမိကိုယ်ကိုယ် ကောင်းမွန်သည့်ပုံရိပ် ဖန်တီးရန်အတွက် ဖြစ်သည်။ သို့မဟုတ် ပို၍တိတိကျကျဆိုရသော် ဖန်းရှစ်ကျုံးရှေ့တွင် ကောင်းမွန်သည့်ပုံရိပ်ကို ဖန်တီးလိုခြင်းဖြစ်၏။ သို့ဖြင့် သတိထားမိခံရပြီး အမြင့်သို့တက်လှမ်းနိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် မျှော်လင့်ထားပေသည်။
ဒုတိယရည်မှန်းချက်မှာ ပြိုင်ပွဲစင်ထက်တွင် ယွီပင်းကို သတ်ရန်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုမြွေပွေးကောင်အား ပြိုင်ပွဲစင်ပေါ်၌ ပေါ်ပေါ်ထင်ထင် သတ်ပစ်မှသာ ချောင်ကုန်သည်အဖွဲ့၏ ပစ်မှတ်ထား လက်စားချေခြင်းကို ရှောင်လွှဲနိုင်မည်ဖြစ်၏။ သို့သော် ချောင်ကုန်သည်အဖွဲ့၏ ဦးစီးမှူးတစ်ယောက်ကို သတ်လိုက်ခြင်းဖြစ်သောကြောင့် လျှို့ဝှက်၍ လုပ်ကြံတိုက်ခိုက်ခြင်းတော့ ရှိကောင်းရှိနိုင်လိမ့်မည်။
ယွီပင်းသည် ဝူကျုံးကို လူသိရှင်းကြား မသတ်ရဲပေ။
သို့ဖြစ်ရာ ချန်ကျဲ့ကရော ယွီပင်းကို သတ်နိုင်ပါမည်လော။
သူတို့နှစ်ဦးလုံးသည် ကိုယ်စီ ကုန်သည်အဖွဲ့အသီးသီးကို ကိုယ်စားပြုကြသော အောက်ခြေအဆင့် ဦးစီးမှူးများဖြစ်ကြသည်။ တစ်စုံတစ်ယောက်မှ အကြောင်းအရင်း မရှင်းလင်းဘဲ သေသွားခဲ့လျှင် သူတို့ရဲ့ကုန်သည်အဖွဲ့တွေက ဘာလုပ်ကြမည်နည်း။
ကုန်သည်အဖွဲ့များမှ စုံစမ်းစစ်ဆေးလိမ့်မည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ရှာဖွေတွေ့ရှိသွားပါက ချောင်ကုန်သည်အဖွဲ့တစ်ခုလုံးမှ လက်စားချေကြလိမ့်မည်ပင်။ ချန်ကျဲ့သည် မိမိကိုယ်ကိုယ် ထိုလက်စားချေမှုမှ ရှင်ကျန်ရစ်နိုင်မည်ဟု အလောင်းအစား မလုပ်ရဲပါချေ။
ထို့ကြောင့် ယွီပင်းကို ပြိုင်ပွဲစင်ပေါ်တွင် စည်းဘောင်အတွင်း သတ်လိုက်ခြင်းသည်သာ ပိုကောင်းပေလိမ့်မည်။
ထိုနေ့တွင် ပြိုင်ဘက်ကို ဖြုတ်ချရင်း မိမိကိုယ်ကိုယ် ငါးဖမ်းကုန်သည်အဖွဲ့အတွင်း အမည်ကျော်ကြားအောင် ပြုလုပ်ရပေမည်။
လုပ်ကြံသတ်ဖြတ်ခြင်းသည် လက်စားချေခြင်းဖြစ်သည်။ သို့သော် မှန်ကန်သော အနိုင်ရရှိခြင်းဟူသည် ငါးဖမ်းကုန်သည်အဖွဲ့တွင် ချီးကျူးထိုက်သော အောင်နိုင်မှုဖြစ်သည်။ အကျိုးပြုခြင်းတစ်ခုအဖြစ် ထည့်တွက်နိုင်ပေသည်။
အမြင့်သို့တက်လှမ်းလိုပါက အကျိုးပြုခြင်းမရှိဘဲ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
၎င်းသည် ချန်ကျဲ့၏ရည်မှန်းချက်ဖြစ်သည်။
ထိုစဉ် ဝူကျုံးသည် ချန်ကျဲ့ကို စိတ်အားထက်သန်စွာ ကြည့်လျက် မေးမြန်းသည်။
“ကျိုစစ်၊ မင်း လေးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုတာ သေချာလား။ ဒါက နောက်စရာမဟုတ်ဘူး”
သမားတော်ပိုင်သည်လည်း ချန်ကျဲ့ကိုကြည့်လာသည်။
“ဟုတ်တယ် ကျိုစစ်၊ ဒါက ပေါ့သေးသေးစဉ်းစားနေရမယ့်အရာ မဟုတ်ဘူး။ မင်း အောင်မြင်ထင်ပေါ်ချင်တယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဒါက မင်းရဲ့အသက်ကို လောင်းကြေးထပ်သင့်တဲ့အရာ မဟုတ်ဘူး”
သမားတော်ပိုင်၏ စိုးရိမ်နေသော ပြောစကားကို ဝူဟုန်မှ ထပ်ပြောသည်။
“ကျိုစစ်၊ မင်း ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ရောနှောနေတာကို ရပ်လိုက်ပါလား။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေက သန့်ရှင်းမှုမရှိဘူး။ ငါ့နောက်ကိုလိုက်တာ ပိုကောင်းမယ်။ ငါပြန်ကောင်းသွားတာနဲ့ ငါပြန်လာမယ့်အကြောင်း ဆရာ့ကို ပြောပြီး ငါမင်းအတွက် ရဲမက်ရာထူးတစ်နေရာ ကူညီပေးလို့ရမလား ကြည့်လိုက်မယ်။ ကုန်သည်အဖွဲ့တွေနဲ့ ရောနှောနေတာက ရေရှည်အတွက် မကောင်းနိုင်ဘူး”
ဝူဟုန်သည် ကျန်းလီယဲ့၏ ဝါဒသွတ်သွင်းခြင်း ခံထားရသူဖြစ်သည်။ ထို့ကြောင့် သူ၏တစ်မိသားစုလုံးမှာ ကုန်သည်အဖွဲ့တစ်ခု၏ အဖွဲ့သားများဖြစ်ကြသည့်တိုင် ကုန်သည်အဖွဲ့များကို စက်ဆုပ်အထင်မြင်သေးလေသည်။
အချို့သော အကြောင်းအရင်းများကြောင့် ဝူဟုန်သည် သူ၏အရိုးများအတွင်းထဲ၌ တရားများတမှုအသိမည်သော ခေါင်းမာမှုတစ်မျိုးရှိသည်။
ဝူဟုန်သည် အစိုးရသည် ဖြောင့်မတ်မှန်ကန်ပြီး ကုန်သည်အဖွဲ့များသည် လူမှုအဖွဲ့အစည်းဆိုင်ရာ
အမိန့်အာဏာများကို ဖြန့်ဝေသူများ၊ လူမှုအဖွဲ့အစည်း၏ အညစ်အကြေးများဟု ယုံကြည်ထား၏။
တကယ်တမ်းတွင် ဝူဟုန်၏ ၎င်းအမြင်သည် အခြားသောတိုင်းပြည်များတွင် အဓိပ္ပာယ်ရှိနိုင်ကောင်း၏။ သို့သော် ဤသာ့ချန်တိုင်းပြည်ကြီးတွင်တော့ မဖြစ်နိုင်ပေ။
သာ့ချန်တိုင်းပြည်သည် ထိုသို့ လုံးဝ မဟုတ်ပေ။
လူများစွာတို့၏ အကြံပြုချက်များကို နားထောင်ပြီးနောက် ချန်ကျဲ့ ပြော၏။
“ဦးလေးကျုံး၊ ဆရာ၊ အစ်ကိုဟုန်၊ ကျွန်တော် အစ်ကိုတို့ကို မပြောရသေးတာရှိတယ်”
“အို ဘာများလဲ”
အားလုံးသည် ချန်ကျဲ့ကို ကြည့်လိုက်ကြသည်။ ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ယွီပင်း တစ်ချိန်လုံးရှာနေခဲ့တဲ့ နွားဦးချိုငါးကို မှတ်မိသေးလား”
“မှတ်မိတာပေါ့”
ယွီပင်းသာမက ငါးဖမ်းကုန်သည်အဖွဲ့လည်း နွားဦးချိုငါးကို ရှာဖွေနေခြင်းဖြစ်သည်။
ချန်ကျဲ့မှ ပြောသည်။
“အမ်း ကျွန်တော် အဲဒီငါးကို ရှာတွေ့ထားတယ်”
“ဘာ?!”
ချန်ကျဲ့၏ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သောစကားတွင် အားလုံးမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကုန်ကြသည်။
အဲဒီနွားဦးချိုငါးကို မင်းက အလွယ်တကူ ရှာတွေ့ခဲ့တယ်ပေါ့လေ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!
ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့က လူရာချီစေလွှတ်ပြီး ရှာတာတောင် မအောင်မြင်ခဲ့ဘူးလေ။ အဲဒါကို မင်းက ဒီလိုပဲ ရှာတွေ့သွားတယ်ပေါ့လေ။
ချန်ကျဲ့သည် ထိုသို့ပြောပြီးနောက် စူးယွင်ကျင်းကို လှည့်ပြောလိုက်သည်။
“ယွင်ကျင်း အခန်းထဲသွားပြီး ငါးခြင်းတောင်းကို ဒီကိုယူလာပေးပါဦး”
ထိုအခါ စူးယွင်ကျင်းသည် အခန်းထဲသို့ ချက်ချင်းဝင်သွားခဲ့ပြီးနောက် ငါးခြင်းတောင်းတစ်တောင်းကို ကိုင်၍ အမြန်ပြန်ထွက်လာသည်။ ဖွင့်ကြည့်လိုက်သောအခါ နွားဦးချိုငါးရှိနေသည်။
သမားတော်ပိုင်၊ ဝူကျုံးနှင့် ဝူဟုန်တို့အားလုံးမှာ အံ့ဩမှုကြောင့် မျက်လုံးအပြူးသားဖြစ်နေတော့သည်။
ဤနွားဦးချိုရတနာငါးသည် သေချာတွေးကြည့်လိုက်သော် အမှန်တကယ်ပင် ချန်ကျဲ့မှ ရရှိခဲ့ခြင်းဖြစ်သည်..,
“ကျိုစစ် မင်းဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်ခဲ့တာလဲ!”
သူတို့အားလုံး ချန်ကျဲ့ကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။
ချန်ကျဲ့ ပြုံးလိုက်သည်။
“ဒီတိုင်း ကံကောင်းသွားတာပါ။ ကံကောင်းသွားရုံပါပဲ”
ထိုအခါ ဝူဟုန်မှ ပြောသည်။
“ကံကောင်းလိုက်တာဗျာ၊ ညီနောင်ကျိုစစ် မင်းဒီလို များများကံကောင်းသင့်တယ်။ ငါ့အတွက်လည်း နည်းနည်းလောက် ဖမ်းပေးပေါ့ ခန္ဓာကိုယ်ကို အားဖြည့်ရအောင်လို့”
ချန်ကျဲ့မှ ပြန်ပြောသည်။
“မျန့်ရွှေမြစ်ထဲမှာလည်း တချို့တလေရှိနိုင်ပါတယ်”
ဝူကျုံးမှ သမားတော်ပိုင်ကို ပြောသည်။
“အဖေ ဒီနွားဦးချိုငါးနဲ့ဆို ကျိုစစ် လေးရက်အတွင်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်နိုင်လောက်လား”
ချန်ကျဲ့လည်း သမားတော်ပိုင်ကို ကြည့်လိုက်သည်။
ထိုအခါ သမားတော်ပိုင်သည် သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်လျက် ပြောသည်။
“ဒီအရွယ်အစားရှိတဲ့ နွားဦးချိုငါးက အနည်းဆုံးတော့ နှစ်၂၀သက်တမ်းရှိနိုင်တယ်။ ဂျင်ဆင်း၊ မွန်ဂိုပဲရိုင်းပင်၊ ပွေးကိုင်းစေ့နဲ့ တခြားဆေးဖက်ဝင်ဆေးပင် ၁၆မျိုးကို ပေါင်းထည့်လိုက်ရင် သွေးအားဖြည့်ဆေးရည်ဖော်စပ်ရနိုင်တယ်။ အဲဒီဆေးရည်ကို သောက်လိုက်ရင် အရမ်းအာဟာရဖြစ်စေနိုင်တာမလို့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ဆိုတာကလည်း တကယ်ပဲ ဖြစ်နိုင်ခြေရှိတယ်”
ထိုအခါ အားလုံးသည် စိတ်လှုပ်ရှားကုန်ကြသည်။ အထူးသဖြင့် ချန်ကျဲ့ဖြစ်၏။ ချန်ကျဲ့ လက်ယှက်အရိုအသေပြု၍ ပြောခဲ့သည်။
“ဒါဆိုရင်တော့ ကျွန်တော် ဆရာ့ကို အလုပ်ရှုပ်စေရပါဦးမယ်”