← Chapters

ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်းခြင်း_ ၂

Vol. 10 Ch. 133

ရတနာငါးကို ရရှိခြင်း၊ ကျင့်ကြံဆင့်တက်လှမ်းခြင်း_ ၂

Vol. 10 Ch. 133

အားလုံးနေရာယူပြီးနောက် ယွီပင်းမှ လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။ ထိုအခါ သားသတ်သမားတစ်ဦး ရှေ့သို့ထွက်လာ၍ တောဝက်ရိုင်းကို စတင်ခုတ်ထစ်ပိုင်းဖြတ်‌သည်။

မကြာမီတွင် တောဝက်ရိုင်းကို ပိုင်းဖြတ်ပြီးသွားခဲ့ပြီး ချောင်ကုန်သည်အဖွဲ့၏ အဖွဲ့သားငယ်လေးများသည် သွေးများပေကျံနေသော ဝက်နှလုံးပါဝင်သည့် ဗန်းတစ်ချပ်ကို သယ်ယူလာသည်။

ထိုဝက်နှလုံးတွင် အလွန်ထင်ရှားသည့် စုတ်ပြဲရာကြီးကို မြင်တွေ့နိုင်၏။ ပေါင်ရှစ်ရာအလေးချိန်ရှိသော ဤတောဝက်ရိုင်းကြီးသည် ထိုစုတ်ပြဲရာကြောင့် အသက်ဆုံးရှုံးသွားရခြင်းဖြစ်သည်။

ထိုစုတ်ပြဲရာကြီးကို ဖန်တီးခဲ့သူမှာ ယွီပင်းဖြစ်သည်။

ယွီပင်းသည် စားပွဲများတွင် နေရာယူထားသူများကို ပြုံးရယ်လျက် ပြော၏။

“လူကြီးမင်းတို့ ဒီဝက်နှလုံးက အင်မတန်အားဖြည့်တင်းပေးနိုင်တဲ့အရာပါ။ ဒီနှလုံးကို တခြားသူတွေကို မဝေမျှတော့ဘူး၊ ကျုပ်တို့ပဲ စားကြတာပေါ့”

ထိုအခါ အားလုံး၏မျက်လုံးများသည် ဝက်နှလုံးမှ စုတ်ပြဲရာဆီသို့ ကျရောက်သွားကြသည်။

…

နှလုံးကြွေလက်ဝါးသိုင်း!

သူက ဒီဝက်နှလုံးကို ကြွားဝါချင်တာပဲ မဟုတ်လား။

အဲဒီဝက်နှလုံးပေါ်က နှလုံးကြွေလက်ဝါးသိုင်းရဲ့အင်အားကို ကြွားဝါချင်တာပဲ။

အားလုံးသည် မျက်နှာအမူအရာမပြောင်းလဲဘဲ လူအုပ်စုကြီးမှာ တိတ်ဆိတ်နေခဲ့သည်။ ယွီပင်းသည် တိတ်ဆိတ်နေသော်ငြား အနည်းငယ် ဘဝင်ခိုက်ဟန် ထင်ဟပ်နေ၏။

အထက်မက်မွန်ရွာ၏ ရွာသူကြီးလျိုမှ ပြောသည်။

“အာ ဘယ်လိုလုပ်ပြီး နှလုံးမှာ အက်ကွဲရာကြီးဖြစ်နေရတာလဲ”

ရွာသူကြီးလျို၏စကားအဆုံး၌ လူတစ်ယောက်မှ ရုတ်ချည်း သံယောင်လိုက်သည်။

“ခင်ဗျား ခင်ဗျားက အသိမကြွယ်လိုက်တာဗျာ၊ ခင်ဗျား သခင်ကြီးယွီရဲ့ နာမည်ကျော်အထူးသိုင်းပညာ နှလုံးကြွေလက်ဝါးသိုင်းကို မသိဘူးလား။ ဒီလက်ဝါးရိုက်ချက်ကို ကြည့်ပါဦး၊ ဒီလိုသန်မာတဲ့ တောဝက်ရိုင်းကိုတောင် သတ်ပစ်နိုင်တာ လူတစ်ယောက်သာဆိုရင် ကျစ် ကျစ်.. ပြောမနေပါနဲ့တော့”

“ဟုတ်ပဗျာ၊ တကယ့်ကို အံ့မခန်းပါပဲ၊ တကယ့်ကို အထင်ကြီးလောက်ပါပေတယ်”

လူအုပ်ကြီးသည် ချက်ချင်းပင် ချီးမွမ်းခန်းဖွင့်လာကြသည်။

ထို့နောက် ယွီပင်းသည် လက်နှစ်ဖက်ယှက်လျက် ပြော၏။

“အသေးအဖွဲ စွမ်းဆောင်ရည်လေးပါဗျာ၊ မပြောပလောက်ပါဘူး မပြောပလောက်ပါဘူး”

ဝူကျုံးသည် ယွီပင်း၏ဘဝင်ခိုက်နေဟန်ကို စူးစမ်းရုံမျှကြည့်နေခဲ့ပြီး ဘာမျှမပြောပေ။

ယွီပင်းလည်း ဝူကျုံးကို ကြည့်လာ၍ လက်ဝှေ့ယမ်းလိုက်ကာ သူ၏အဖွဲ့သားကို ဝက်နှလုံးကိုယူသွားရန် အချက်ပြလိုက်သည်။

ထိုအခိုက်အတန့်၌ ယွီပင်း၏အကြည့်များသည် ချန်ကျဲ့ဆီသို့ ရောက်ရှိလာ၏။

ချန်ကျဲ့သည် ထိတ်လန့်အံ့ဩခြင်းမရှိဘဲ ယွီပင်းကို တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။

အပြန်အလှန် အကြည့်ချင်းဆုံသွားပြီးနောက် ယွီပင်းမှ ပြော၏။

“ညီနောင်ချန်ကျိုစစ်၊ မင်း ငါ့သားစန်းလျို့ရဲ့ကိစ္စကို သိလား”

ထိုစကားလုံးများထွက်လာသည်နှင့်တစ်ပြိုင်နက် အခန်းတစ်ခန်းလုံးမှာ တုန်လှုပ်သွား‌ရသည်။ လူအားလုံး တိတ်ဆိတ်သွားကြပြီး ချန်ကျဲ့ကို ကြည့်လာကြ၏။

ချန်ကျဲ့ ပြုံးလိုက်ပြီး ပြန်ပြောသည်။

“ကျွန်တော် မသိနိုင်ပါ့မလား။ ကျွန်တော် ရွာသားတွေဆီကနေ ညီနောင်စန်းလျို့ ရုတ်တရက် ဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရတယ်။ တကယ့်ကို စိတ်မကောင်းစရာပါပဲ”

“စိတ်မကောင်းစရာ?”

ယွီပင်းမှ မေးမြန်းသည်။

“တကယ်လား။ ငါကြားတာတော့ မင်းတို့နှစ်ယောက်ကြားမှာ ဆိုးရွားတဲ့ဆက်ဆံရေး‌ရှိတယ်တဲ့လေ”

ချန်ကျဲ့ လက်ဝှေ့ယမ်းလျက် ပြောသည်။

“အထင်လွဲမှု သေးသေးလေးတွေပါပဲ။ ရန်ငြိုးလို့ခေါ်ဖို့ရာတောင် မထိုက်တန်ပါဘူးဗျာ”

“ဟုတ်လား ဒါပေမဲ့ ငါလူတွေပြောတာ ကြားခဲ့တာတော့ ငါ့ရဲ့ကောင်းကျိုးမပေးတဲ့သားက မင်းရဲ့ဇနီးကို အတင်းအကျပ် ရယူချင်နေတာတဲ့။ မင်းက အဲဒီလိုကိစ္စမျိုးကို သည်းခံနိုင်တယ်တဲ့လား”

ထိုစကားကိုကြားသောအခါ ချန်ကျဲ့၏မျက်နှာအမူအရာသည် အေးစက်သွားလျက် ပြန်ပြော၏။

“ဦးစီးမှူးယွီ တစ်ယောက်ယောက်က ခင်ဗျားရဲ့ဇနီးကို ကြံစည်‌မယ်ဆိုရင် ခင်ဗျား ဘယ်လိုတုံ့ပြန်မလဲ”

“သတ်ပစ်မယ်!”

ယွီပင်းမှ အေးစက်စွာ ဖြေသည်။

ချန်ကျဲ့ ပြုံးလိုက်ကာ ပြောလိုက်၏။

“ကျွန်တော်လည်း ဦီးစီးမှူးယွီလိုပဲ တစ်ထပ်တည်း ခံစားရပါတယ်”

“အို မင်းလည်း ငါ့သားကို သတ်ချင်ခဲ့တယ်လို့ ဆိုလိုတာလား”

ချန်ကျဲ့သည် ယွီပင်း၏မျက်လုံးများထဲသို့ တည့်တည့်ကြည့်၍ ပြော၏။

“ကျွန်တော် တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ အခွင့်အရေးမရခဲ့ဘူးလေ။ သူဒီလို ရုတ်တရက်ကြီး သေသွားမယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ!”

သူတို့နှစ်ဦးလုံး အကြည့်မလွှဲကြချေ။ ယွီပင်းမှာ ဒေါသထွက်လွန်းသောကြောင့် ထခုန်လုမတတ် ဖြစ်နေခဲ့၏။ ယွီပင်းသည် သူ့သားကိုသတ်ခဲ့သော လူသတ်သမားသည် ချန်ကျိုစစ်ဖြစ်သည်ဟု အတည်ပြုလုနီးပါးပင်။

ဒါပေမဲ့ ချန်ကျိုစစ်မှာ အဲဒီလိုအစွမ်းအစရှိလို့လား။

ယွီပင်းသည် ထိုသို့တွေးလိုက်ပြီးနောက် ဘေးရှိ လက်ဖက်ရည်အိုးကို ယူလိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် ချန်ကျဲ့ကို လက်ဖက်ရည်ငှဲ့ထည့်ပေး၏။

“ကျိုစစ် မင်းက တကယ့်ကိုပွင့်လင်းတာပဲ။ ငါသဘောကျတယ်။ ရော့ ငါမင်းကို လက်ဖက်ရည်တစ်ခွက်နဲ့ အသိအမှတ်ပြုတယ်”

ထိုသို့ပြောလျက် ယွီပင်းသည် ချန်ကျဲ့အား လက်ဖက်ရည်ခွက်ကို ကမ်းပေးသည်။

ထိုအခြေအနေအရ ချန်ကျဲ့သည် ယွီပင်းထံမှ လက်ဖက်ရည်ခွက်ကို လက်ခံယူရမည်ဖြစ်သည်။

ဒီလိုတုံ့ပြန်လူးလာအခြေအနေမှာ စစ်ဆေးဖို့ အခွင့်အရေးရှိတယ် မဟုတ်ပေဘူးလား။

ချန်ကျဲ့ ယွီပင်း၏ရည်ရွယ်ချက်ကို နားလည်သည်။ အနည်းငယ်တွေးတောကြည့်ပြီးနောက် ချန်ကျဲ့ လက်ဖက်ရည်ခွက်ကို လက်ခံယူလိုက်သည်။ အချို့အရာများသည် အချိန်ကြာကြာ ဖုံးကွယ်ထား၍ မရနိုင်ပေ။ အများဆုံးမှ သုံးရက်ဖြစ်၏။

ပေါ်ထွက်ရမည့်အရာဖြစ်ပါက ပေါ်ထွက်သွားရမည်ပင်။

ထိုသို့တွေးတောလျက် ချန်ကျဲ့သည် လက်ဖက်ရည်ခွက်ကို လက်ကမ်းလိုက်သည်။ သို့သော် ထိုအခိုက်အတန့်၌ ဝူဟုန်မှ ရယ်မောလျက် ရုတ်တရက် ထရပ်၍ ပြောလာသည်။

“လက်ဖက်ရည်ငှဲ့တယ်ဆိုတာ အသေးအဖွဲအလုပ်လေးပါပဲ။ ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုးအတွက် အကြီးကို အနှောင့်အယှက်ပေးလို့ ဖြစ်ပါ့မလဲ။ ကျွန်တော်လုပ်လိုက်မယ် ကျွန်တော်လုပ်လိုက်မယ်!”

ထိုသို့ပြောလျက် ဝူဟုန်သည် ယွီပင်းလက်ထဲမှ လက်ဖက်ရည်အိုးကို ‌ယူလိုက်သည်။

ယွီပင်းသည် လက်ဖက်ရည်အိုးကို လွှတ်မပေးချင်ပေ။ သို့သော် လက်ဖက်ရည်အိုးမှာ ဝူဟုန်၏ညာလက်မှ သာမန်ကာလျှံကာမျှသော လက်သည်းသိုင်းကွက်ဖြင့် လုယူခံလိုက်ရ၏။ ယွီပင်းသည် မိမိမှာ ထိုလက်ဖက်ရည်အိုးကို ထိန်းသိမ်းမထားနိုင်ကြောင်း သိရှိလိုက်ရသည်။ သူ၏လက်ဖက်ရည်အိုးကိုကိုင်ထားသည့် ညာဘက်လက်မှာလည်း စူးနင့်ထုံထိုင်းမှုကို ခံစားလိုက်ရ၏။

အရိုးအဆစ်လွဲသိုင်း!

ထိုသိုင်းပညာသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်သော အကြီးအကဲကျန်းလီယဲ့၏ သိုင်းပညာဖြစ်သောကြောင့် မျန့်ရွှေစီရင်စုတွင် ဂုဏ်သတင်းကြီးမားသည်။

၎င်းသည် အမှန်စင်စစ်သော စွမ်းအင်ပြောင်းလဲခြင်းအဆင့် တုနှိုင်းမဲ့သိုင်းပညာတစ်ခုဖြစ်‌ပေသည်။

ထို့ပြင် ၎င်းကို အသုံးပြုလိုက်သူမှာ ဝူဟုန်ဖြစ်၏။ ဝူဟုန်သည် အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော်ငြား အခြေခံအုတ်မြစ် ခိုင်မြဲ၏။ ယခုလည်း ဝူဟုန်သည် အရိုးအဆစ်လွဲသိုင်းကို အသုံးပြု၍ ယွီပင်း၏လက်ထဲမှ လက်ဖက်ရည်အိုးကို ယူသွားခဲ့ခြင်းဖြစ်သည်။

သွယ်ဝိုက်ဖော်ပြချက်မှာ ရှင်းလင်း၏– လက်ဖက်ရည်အိုးကို လုယူနိုင်စွမ်းရှိလေရာ ယွီပင်း၏လက်မောင်းကိုလည်း အဆစ်လွဲအောင် လုပ်နိုင်စွမ်းရှိလိမ့်မည်။ သို့ဖြစ်ရာ ကောင်းကောင်းမွန်မွန် ပြုမူတာ ပိုကောင်းလိမ့်မည်ဟူ၏။

ယွီပင်း ဝူဟုန်ကို ကြည့်လိုက်သည်။ ယွီပင်း၏စိတ်ထဲတွင် သူ့သားကို သတ်လိုက်သည့် လူသတ်သမားမှာ ချန်ကျိုစစ်ဖြစ်ကြောင်း ရုတ်ချည်း ပို၍သေချာလာခဲ့သည်။

ချန်ကျိုစစ်သာ လူသတ်သမား မဟုတ်ဘူးဆိုရင် ဘာလို့ အရမ်းခုခံကာကွယ်နေရတာလဲ။ ဝူဟုန် ကြားဝင်နှောင့်ယှက်ဖို့ လိုအပ်လောက်တဲ့အထိလေ?

ယွီပင်းသည် လက်နှစ်ဖက်ကို ‌ကျောနောက်သို့ ပြန်ရုတ်သိမ်းလိုက်သည်။ ချန်ကျဲ့သည် ယွီပင်းကို ပြုံးရယ်လျက် ပြော၏။

“ဦးစီးမှူးယွီ၊ တကယ်ပဲ ကျွန်တော်က ခင်ဗျားရဲ့သားကို သတ်လိုက်တာလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဒါက ထောင်ချောက်တစ်ခုတော့ မဟုတ်ဘူးမလား”

ယွီပင်းမှ မျက်လုံးအစုံကို မှေးကျုံ့လျက် ပြန်ပြောသည်။

“အို ငါ့ခန့်မှန်းချက်က မှားနေလို့လား”

ချန်ကျဲ့သည် မရိုးဖြောင့်သောအပြုံးဖြင့် ပြုံးလိုက်ပြီး ပြောသည်။

“သေချာပေါက် မှားနေတာပေါ့ဗျာ။ စန်းလျို့နဲ့ ကျွန်တော်နဲ့က နှစ်ယောက် စတင်တွေ့ဆုံတဲ့အချိန်ကတည်းက ဆက်ဆံရေး အဆင်ပြေကြတယ်။ တွဲသွားတွဲလာလုပ်လို့လည်း အရမ်းကောင်းတယ်။ ကျွန်တော်က သူ့ကို ဘာလို့သတ်ရမှာလဲ”

“ဦးစီးမှူးယွီပြောခဲ့တဲ့ သူ ကျွန်တော့်ဇနီးကို တပ်မက်တဲ့ကိစ္စကတော့ ကျွန်တော်လည်း သူ့ဇနီးကို လိုချင်တဲ့ဆန္ဒရှိခဲ့တာပါပဲ။ အားလုံးက အပျော်ရှာတာပါပဲ။ ဦးစီးမှူးယွီ အထင်လွဲနေပါပြီ!”

“အဲဒီလိုလား”

ယွီပင်းသည် လက်ရှိတွင် သူ၏စိတ်မှာ အကြမ်းဖျင်း ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။ ထိုစကားများကိုမူ သူ့ကို ရန်စနေသည်ဟုသာ ကြားမိပေသည်။

သို့သော် လက်ရှိအချိန်မှာ သူသည် ဒေါသတကြီး‌ သောင်းကျန်းနိုင်သည့် အခြေအနေမဟုတ်သေးပေ။ ဝူဟုန် မည်မျှပမာဏအထိ ပြန်လည်သက်သာပြီးကြောင်း သူ မသိ‌ထားရာ အဆင်အခြင်မဲ့ မလှုပ်ရှားရဲပေ။

ဝမ်းဗိုက်အပြည့် မကျေချမ်းမှုတို့ကို ဖိနှိပ်၍ ယွီပင်းသည် ချန်ကျဲ့ကို စူးရဲစွာစိုက်ကြည့်လျက် ပြောခဲ့၏။

“ကျိုစစ် ငါမင်းကို ပထမတွေ့ဆုံမှုမှာပဲ သဘောကျသွားမိပြီ။ ငါလည်း ငါ့သားနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပါရစေ– ငါသေချာပေါက် သူ့အတွက် လက်စားချေမှာ။ အဲဒီလူက ဘယ်သူပဲဖြစ်ပါစေ၊ သူ့ရဲ့ကျောထောက်နောက်ခံက ဘယ်လောက်ပဲ အင်အားကြီးမားပါစေ ငါသေချာပေါက် လက်စားချေမှာ!”

ချန်ကျဲ့ ရယ်မောလျက် ပြန်ပြောသည်။

“အာ ကျွန်တော် ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ ဦးစီးမှူးယွီ၊ တချို့လူတွေက ခင်ဗျားရဲ့အားလေးနဲ့ လက်စားချေလို့ရနိုင်တဲ့သူတွေ မဟုတ်ဘူးဗျ။ အဲဒါကြောင့်နဲ့ ခင်ဗျားအသက်ပါ ဆုံးရှုံးသွားရနိုင်တယ်။ ထိုက်တန်ရဲ့လား”

“ထိုက်တန်တယ်!”

ယွီပင်းမှ ထက်သန်ပြင်းပြစွာ ပြော၏။ ထို့နောက် ဆက်ပြောသည်။

“မင်း လူသတ်သမားနဲ့ ဆုံတွေ့ခဲ့ရင် သူ့ကို ဒီစကားလေးပါးပေးပါ။ အသက်ပေးဖို့အတွက် လည်ပင်းကို ပြင်ဆင်ထားလိုက်ပါလို့”

All Chapters