ဖုန်းယောင်၏သခင်
Vol. 4 Ch. 96
"စစ်လင် မင်းလက်ရှိပိုင်ဆိုင်သမျှအားလုံးကို ဘယ်သူက ပေးခဲ့တယ်ဆိုတာ မမေ့နဲ့..." ဖုန်းချင်းယာ သည် လင်းစစ်ယောင်၊ စစ်ထို နှင့် အခြားသူများကို ကျောပေးရပ်လျက်ရှိသည်။ တရှီတောင်ဝင်ပေါက်ရှေ့တွင် ရပ်ကာ စကားလုံးတစ်လုံးစီကို အလေးပေးရင်း လင်းစစ်ယောင်ကို လှည့်ကြည့်လိုက်သည်။
" ငါထပ်ပြောမယ် စစ်လင်က မင်းလက်ချက်နဲ့ သေသွားပြီ။ ဘဝတစ်ခုက ကျေနပ်မှုတွေနဲ့ အာဃာတတွေအားလုံးကို အဆုံးသတ်ဖို့ လုံလောက်တယ်။" လင်းစစ်ယောင်သည် ဖုန်းချင်းယာနှင့် ပေအတော်အတန် အကွာတွင် ရပ်နေပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။
စစ်ထို ခန္ဓာကိုယ်တွင် ဒဏ်ရာများအများကြီးရခဲ့သည်။ စစ်ရှန်းနှင့် စစ်လော့တို့က သူ့ကို နှစ်ဖက်စလုံးတွင် စောင့်ရှောက်ထားခဲ့သည်။ သူတို့အားလုံး ဆန့်ကျင်ဘက်တွင် ရပ်နေသော ဖုန်းချင်းယာကို ဂရုမစိုက်ဘဲ ဒေါသကို ဖုံးကွယ်ထားသည့် မျက်လုံးများဖြင့်ကြည့်နေလိုက်သည်။
"ဟားဟား ရယ်စရာကောင်းလိုက်တာ။ မင်းကြောင့်ပဲ ငါ့အဖေက ငါ့ရဲ့ဖြစ်တည်မှုကို သတိမပြုခဲ့တာကွ။ ငယ်ငယ်ကတည်းက တစ်ခုခုဖြစ်လာတဲ့အခါ သူစိတ်ထဲမှာ မင်းကပထမဆုံးလူပဲ။ ဟမ့် စစ်လင် မင်း အသက်ရှင်နေတာကိုမပြောနဲ့ မင်းရဲ့အလောင်းကိုတောင် အကြိမ်ပေါင်း ရာထောင်ချီပြီး သုတ်သင်ပစ်ချင်သေးတယ်။ မင်းအရင်ကဘာပြောခဲ့လဲ မင်းရဲ့သေခြင်းတရားက ကျေနပ်မှုတွေနဲ့ အာဃာတတွေကို ကုန်ဆုံးသွားစေတာလား …"
"ဖုန်းချင်းယာ၊ မင်းက ဆရာကြီးရဲ့သားမို့ ငါတို့က မင်းကို လေးစားခဲ့တယ်။ မင်းက ဘယ်လိုလဲ၊ မင်းက ငါတို့ ညီအစ်ကိုတွေကို အချင်းချင်း သတ်ခိုင်းခဲ့တယ်။ မင်းက ပြင်ပ လူတွေဖြစ်တဲ့ သွေးဂိုဏ်းနဲ့ ပေါင်းစည်းခဲ့တယ်။ ဆရာကြီးသာ ကောင်းကင်ကနေဒါကိုသိခဲ့ရင် မင်းလိုသားမျိုးကိုပြုစုပျိုးထောင်ပေးမိတဲ့အတွက် နောင်တရနေလိမ့်မယ်...” စစ်ရှန်းသည် ဖုန်းချင်းယာ၏စွပ်စွဲချက်ကို အေးစက်စွာ ရင်ဆိုင်ခဲ့သည်။
"ဟားဟား ဘယ်လို ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ညီအကိုတွေလဲ၊ အရူးတွေပဲ။ မင်းတို့က ညီအကိုတွေအချင်းချင်း အနှောင်အဖွဲ့တွေ ခေါ်ကြတယ်၊ ဒါပေမယ့် မင်းက အခွင့်အရေးရတာနဲ့ မျက်စိတစ်မှိတ်အတွင်းမှာ သစ္စာဖောက်လိုက်တာပဲ။ ဟားဟား... ဘယ်လောက်တောင် ကမောက်ကမဖြစ်နေလဲ။ စစ်လင် ဒီသုံးကောင်ကို မင်းအရင်ဆုံးရှင်းသင့်တယ်လို့ ငါထင်တယ်၊ ငါကတော့ မင်းအရင်ဆရာကြီး မသေခင်မှာ မင်းကိုပြောခဲ့တာတွေကို မမေ့သေးဘူးလို့ ငါထင်တယ်။ "ဖုန်းချင်းယာက ပြုံးပြီး စစ်လင်ကို စိုက်ကြည့်နေခဲ့သည်။
" ဖုန်းချင်းယာ ၊ မင်းမသေခင် ငါတို့ကြားမှာ သွေးခွဲမနေသင့်ဘူး " စစ်လော့သည် ခန္ဓာကိုယ် တောင့်တင်းနေသည့် စစ်ထိုကို ထောက်ကာ အော်ဟစ်လိုက်သည်။ စစ်ထိုသည် အကြီးကျယ်ဆုံးသော ရိုက်ချက်ကိုခံခဲ့ရသည်။ ထိုအချိန်တွင် သူသည် စစ်လင်ကိုသတ်ရန် ၎င်းတို့ကို ဦးဆောင်ခဲ့သူဖြစ်သည်။
"မင်းတို့ကြားမှာ သွေးခွဲနေတယ်ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။ မင်းတို့ ညီအစ်ကိုသာ အစစ်အမှန်ဆိုရင် ငါ သွေးခွဲမှာကို ဘာလို့ကြောက်နေရတာလဲ…" ဖုန်းချင်းယာက သူတို့ကို ဆက်လက်လှောင်ပြောင်ခဲ့သည်။ ထို့အပြင် စစ်လင်အား သူ၏ ပစ်မှတ်ကို ပြောင်းလဲရန်ကြိုးစားရင်း အဝေးသို့ထွက်သွားခဲ့သည်။
စစ်လင်၏ အရည်အချင်းမှာ ထိုလူများထဲတွင် အကောင်းဆုံးဖြစ်သည်။ ဖုန်းချင်းယာက သူနှင့်မတွေ့တာ နှစ်နှစ်လောက်ရှိပြီဖြစ်သောကြောင့် မည်မျှတိုးတက်နေလဲဆိုတာ သေချာမသိသော်လည်း... သူတို့ ဖန်းဟွာမြို့သို့မရောက်ခင်လေးတွင် စစ်လင်က လွယ်ကူစွာ လက်ကိုလန်လိုက်ကာ လေကိုထန်စေပြီး ဝှေ့ပစ်လိုက်သည်။ ဆိုလိုသည်မှာ စစ်လင် ၏ ကိုယ်ခံပညာအဆင့်မှာ တာ့ယွမ့်မန် မရောက်ခဲ့လျှင်တောင် တချန် ဖြစ်မည်။
ထို့ကြောင့် ဖုန်းချင်းယာသည် ထက်ထက်မြက်မြက်ဖြင့် ရှောင်ဖယ်ရင်း သူ့ကို တိုက်ရိုက် ရင်ဆိုင်ရန် မဝံ့ရဲပေ။
မည်သို့ပင်ဖြစ်စေ ဖုန်းချင်းယာအတွက် သူ့အသက်က အဖိုးတန်ဆုံးဖြစ်သည်။
ဖုန်းယောင်သည် ဆွေမျိုးပေါက်ဖော်များကို မပြောင်းလဲနိုင်သော်လည်း ၎င်းသည် သူ့အသက်အန္တရာယ်နှင့် ကြုံတွေ့ရပါက ပြန်လည်စဉ်းစားရမည့်အရာများရှိပါသည်။
ယခုလည်း သူ့ဘဝသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ပျော့ပြောင်းသူဖြစ်ရမည်။ သူသည် ဆန့်နိုင်လျှင်လည်း ကျုံ့နိုင်ရမည်။
အဘိုးကြီး၏ ဖိအားအောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသည်။ မတူညီသော အခြေအနေများကို ဖတ်ရှုပြီး အကဲဖြတ်နည်းကို စောစောစီးစီး သိရှိခဲ့သည်။ ထိုသို့မှမဟုတ်လျှင် ဤခေါင်းဆောင်ရာထူးမှာ သူနဲ့မဆိုင်ဘဲ အဘိုးကြီး၏ ချစ်လှစွာသော ကျောင်းသားလေး စစ်လင်အတွက်ဖြစ်သွားလိမ့်မည်။
"အာဃာတတရားက အစပြုပြီး အကြွေးမှာ ကြွေးရှင်ရှိတယ်။ စစ်ထိုက သူ့ကိုသတ်ဖို့ မင်းအမိန့်ကို လိုက်နာခဲ့တယ်။ ဟုတ်တယ်၊ မင်းအတွက် ဒီအကြွေးကို ငါတွက်ချက်ပေးမယ်..." လင်းစစ်ယောင်သည် ဖုန်းချင်းယာ၏ သွေးထိုးစကားကြောင့် ဒေါသမထွက်ဘဲ အေးဆေးစွာပင် ပြန်ပြောခဲ့သည်။
"ကျစ် ကျစ် စစ်လင်၊ ငါတို့မတွေ့တာ နှစ်နှစ်လောက်ပဲရှိသေးတယ် မင်းစိတ်ထားတွေပြောင်းသွားပြီလား။ အဲဒီနှစ်တွေမှာ ပြတ်သားလွန်းတဲ့ စစ်လင်က ဒီလိုငကြောက်လေးဖြစ်သွားတာလား" ဖုန်းချင်းယာသည် စစ်ထိုထံ လှည့်ကြည့်လိုက်သောအခါ စစ်လင်သည် မထင်မှတ်ဘဲ ငြိမ်သက်သွားသည်ကို တွေ့လိုက်ရသည်။ သူ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ရိုင်းစိုင်းသည့် စကားများ ပြောဆိုလာခဲ့သည်။
"သူရဲကောင်းပဲဖြစ်စေ ငကြောက်ပဲဖြစ်စေ အရေးမကြီးဘူး။ အရင် စစ်လင်ကသေသွားခဲ့ပြီ။ ဆရာကြီးရဲ့အကျိုးအတွက် မင်းရဲ့အသက်ကို ငါမယူတော့ဘူး။ ဘာပဲဖြစ်ဖြစ် မင်းရဲ့အသက်ကို ငါတစ်ခါလောက် သနားခဲ့တယ်၊ ဒါပေမယ့် ငါထပ်မလုပ်နိုင်တော့ဘူး။ ဒီနေ့ မင်းငါ့အိမ်ကို ဖျက်စီးပစ်လိုက်တယ်။ ငါမင်းရဲ့အသက်ကို အခုမှမယူရင် ငါအရမ်းငကြောက်ဖြစ်နေမှာမဟုတ်လား" လင်းစစ်ယောင်က အေးစက်စွာပြောပြီး ဖုန်းချင်းယာဆီသို့ ခြေလှမ်းပေါင်းများစွာ လှမ်းလိုက်သည်။
သူ့စကားကိုကြားသောအခါ ဖုန်းချင်းယာက အလွန်ဒေါသဖြစ်ပြီး သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။
သူက စျေးပေါသည့်အမိုးကြွပ်တချို့ကို ကျိုးခဲ့ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့သလို ပရိဘောဂများ ကျိုးသွားတာမျိုးမရှိခဲ့သော်လည်း ဤလူက သူ့အသက်ကို သတ်ပစ်ရန် ကြေညာခဲ့သည်။ ဆရာကြီးကြောင့် သူ့ကို သနားရမည်ဟု ပြောခဲ့တယ် မဟုတ်လား။ ပိုဒေါသကြီးစွာဖြင့် သူသည် သူ့စကားလုံး "ငကြောက်" ဟူသော စကားကို တုပခဲ့သည်။
လင်းစစ်ယောင် စကားကို ကြားလိုက်သောအခါ စစ်လော့နှင့် အခြားနှစ်ယောက်၏ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့သည်။ သို့သော်လည်း သူတို့၏ တုန်လှုပ်နေသော ခန္ဓာကိုယ်များက မရယ်မိအောင် ကြိုးစားနေကြသည်ဟူသော အချက်ကို ဖော်ထုတ်ခဲ့သည်။ စစ်ထိုသည် သူ၏တင်းမာသောအမူအရာ ပြေလျော့သွားသလို ခံစားလိုက်ရသည်။ စစ်လင်က သူလုပ်ခဲ့သည့် ဒဏ်ရာများအတွက် သူ့ကို ခွင့်လွှတ်ခဲ့တာလား။
"ဟွတ်... စစ်လင်၊ သူနဲ့ အချိန်မဖြုန်းနဲ့ ငါတို့ရဲ့ခယ်မလေးက မင်းကို စောင့်နေတယ်ဆိုတာကို မမေ့နဲ့" စစ်ရှန်းသည် စစ်ထို၏ဖြူဖျော့သွားသော မျက်နှာကိုကြည့်ခဲ့သည်။ အဆိပ်သည် သူ့သွေးကြောများမှတစ်ဆင့် ပျံ့နှံ့သွားသည်ကို သူသိသည်။ ပြီးတော့ ထိုလူယုတ်မာ ဖုန်းချင်းယာတွင် ဖြေဆေးရှိပါသည်။
"စစ်ရှန်း၊ ပေါက်ကရတွေလျှောက်ပြောမနေနဲ့ အဆိပ်ဖြေဆေး လိုချင်ရင် ပြောလိုက်ရုံပဲ။ စစ်လင်ကို မင်းနဲ့အတူ ရွှံ့ထဲကို ဆွဲမသွားနဲ့ ... " ဖုန်းချင်းယာက စစ်ရှန်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
သို့သော် စစ်လင်သည် သူ့စကားကြောင့် အာရုံမပြောင်းခဲ့ပေ။ သူ၏ ထိုးနှက်ချက်သည် လျှင်မြန်ပြီး ပြင်းထန်ပြီး အခြားသူ၏ အထိခိုက်နိုင်ဆုံးနေရာကို ရည်မှန်းထားခဲ့သည်။
"စစ်လင် မင်းက ငါ့ကိုဒီလိုမဆက်ဆံနိုင်ဘူး" ဖုန်းချင်းယာသည် တထစ်ချ အော်ဟစ်လိုက်ပြီး တရှီ တောင်ဆီသို့ ပြေးသွားလိုက်သည်။
"မင်းတို့ ဒီမှာပဲနေခဲ့ သူ့နှလုံး (အပ်စိုက်ကုထုံး) မှတ်ကို ထိန်းထား။ ငါ အမြန်ဆုံး ပြန်လာနိုင်အောင် ကြိုးစားမယ်..." လင်းစစ်ယောင်က ဖုန်းချင်းယာနောက် တရှီတောင်သို့ လိုက်ပြီးနောက် ခေါင်းကို နောက်ပင်ပြန်မလှည့်ခဲ့ပေ။
"ဖုန်းချင်းယာက ကောက်ကျစ်လွန်းတယ်။ မင်းသတိထားသင့်တယ်" စစ်လော့က ခေါင်းညိတ်လိုက်ပြီး စစ်လင်ကို သတိပေးသော်လည်း သူ့နောက်ကို မလိုက်ခဲ့ပါ။ သူနှင့် စစ်ရှန်းသည် စစ်ထိုအတွက် လျှို့ဝှက်နေရာကိုရှာပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူတို့သည် စစ်ထို၏ နှလုံးသားကို အကာအကွယ်ပေးထားခဲ့ပြီး၊ အဆိပ်အတောက်များကို နှလုံးမထိအောင် ကာကွယ်ပေးခဲ့သည်။
စစ်လင်တွင် အကောင်းဆုံး ကိုယ်ခံပညာရှိတယ်ဆိုတာ အားလုံးနားလည်ထားသောကြောင့် ဖုန်းချင်းယာကို အလွယ်တကူဖမ်းယူနိုင်ပေလိမ့်မည်။ သို့သော် ဖုန်းချင်းယာတွင် ကောက်ကျစ်စဉ်းလဲသည့် အကြံအစည်များရှိတတ်လေသည်။
……….
"စစ်လင် မင်း ဘယ်လောက်အထိ လိုက်ဖို့ စီစဉ်ထားတာလဲ" ဖုန်းချင်းယာသည် ငရဲက သူ့နောက်ကိုလိုက်နေသလိုမျိုး အေးစက်လှသည့်အမူအရာရှိနေသည့် စစ်လင်ကို ကြည့်လိုက်သည်။ သူ့အကြောက်တရားမှာ ပိုကြီးလာခဲ့သည်။ ဒီတစ်ခါတော့ သူ့အသက်ကို မသနားတော့ဘူးလား။
စစ်လင်က သူ့နောက်ကို တလမ်းလုံး လိုက်နေခဲ့ပြီး သူ့သားအရင်းထက် သူ့ကိုကောင်းမွန်စွာခဲ့သည့်သခင်ဖြစ်သူ ဖုန်းယောင်ကြောင့် သူ့အပေါ် ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ဖိအားပေးပြီး ကြိုးစားခဲ့ပါစေ သူ့အားလက်လွှတ်မခံခဲ့ပါ။ အကယ်၍ သူ့တွင် မေ့ဆေးမီးခိုးဗုံးများစွာ မရှိပါက သူသည် အကြိမ်ပေါင်းများစွာ အသတ်ခံခဲ့ရပြီးဖြစ်သည်။
နောက်ခြေတစ်လှမ်းဆုတ်လိုက်သည်နှင့် မတ်စောက်သည့် ချောက်ကမ်းပါးအောက်သို့ သူပြုတ်ကျသွားလိမ့်မည်ဖြစ်သည်။ ဖုန်းချင်းယာက သနားစရာကောင်းသော အပြုံးကို ပေးလိုက်သည်။
လင်းစစ်ယောင်က သူ့ကို အေးစက်စွာ ကြည့်နေသည်။ အေးစက်နေသည့် သူ့မျက်နှာက တခြားခံစားချက်များကို မပြခဲ့ပေ။
ဤနေ့အဖြစ်အပျက်များ ထပ်ဖြစ်မှာကို ကြောက်သောကြောင့် ဤလူကို သေဆုံးခြင်းတရားထဲ တွန်းချရန် ဆုံးဖြတ်လိုက်သည်။ ဤနေ့ ရွှေလျန် အိမ်မှာမရှိလို့ ကံကောင်းခဲ့သည်။ သူမသည် ဘေးဥပဒ်ကို ရှောင်တိမ်းနိုင်ခဲ့သည်။ မဟုတ်လျှင်… လင်းစစ်ယောင် သူ့လက်သီးများကို ဆုပ်ထားလိုက်သည်။ ကျိုးကျနေသော အမိုးကြွေပြားများအောက်တွင် မြုပ်နေမည့် သူမနှင့်အမွှာများအကြောင်းကို တွေးရင်း သူ့ဒေါသကို မထိန်းနိုင်ခဲ့ပေ။
"အဆိပ်ဖြေဆေးပေးပြီးရင် မင်းကိုယ်တိုင်အပြီးသတ်လိုက်တော့..." လင်းစစ်ယောင် အေးစက်စက် ပြောလိုက်သည်။
"ကောင်းလိုက်တာ ကိုယ်တိုင်အဆုံးသတ်ရမယ်တဲ့လား? အရမ်းကောင်းတယ် အခုချိန် ကောင်းကင်ဘုံက အဘိုးကြီးက အရမ်းနောင်တရနေမယ်ထင်တယ်။ သူ့အချစ်ဆုံး တပည့်ကို အခုကြည့်လိုက်စမ်းပါဦး" ဖုန်းချင်းယာသည် လင်းစစ်ယောင်ကို စူးစိုက်ကြည့်ပြီး သူ့နှလုံးသားကို ရည်မှန်းထားသော သူ့စကားများကိုပြောခဲ့သည်။
လင်းစစ်ယောင်သည် ဖုန်းချင်းယာကိုပြန်ကြည့်ကာ စစ်ရှန်း ယခင်ကပြောခဲ့သောစကားကို သတိရပြီး "မင်းအသက်ကို ဖုန်းယောင်တရားရုံးအတွက် နှစ်ပေါင်းများစွာရောင်းချပြီး နှစ်ပေါင်းများစွာကြာအောင် ကျေးဇူးဆပ်ခဲ့တာကို မလုံလောက်သေးဘူးလား။ ချင်းယာက မင်းကိုသတ်ဖို့ အမိန့်ပေးမှပဲ လုံလောက်မှာလား? စစ်လင် မင်းက တစ်ချိန်က လူသေတစ်ယောက်လို့ သတ်မှတ်ခံရပြီး အခု မင်းအသက်ပြန်ရှင်လာပြီ။ မင်းမှာ အိမ်ရှိတယ်၊ မင်းမှာ မိသားစုရှိတယ်။ မင်းဘာလို့ ကိုယ့်ကိုယ်ကို ဒီလိုဒုက္ခပေးရတာလဲ..."
"ဝူးးး" ထိုအချိန်တွင် ရင်းနှီးနေသော၀ံပုလွေအော်သံမှာ လင်းစစ်ယောင် နောက်မှထွက်ပေါ်လာခဲ့သည်။ သူ တစ်ချက်ကြည့်လိုက်သောအခါ တကယ့်ကို လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်မှ သူနောက်ဆုံးတွေ့ခဲ့သော ရှောင်ရွှယ်ပင်ဖြစ်သည်။ ဝံပုလွေသုံးကောင်မှာ သူမနောက်တွင် ရပ်နေခဲ့သည်။ အကူအညီလိုသလားဟု မေးနေပုံရသည်။
"ဘုရားရေ ဝံပုလွေတွေ" ဖုန်းချင်းယာက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ ထိုမျှမက ဝံပုလွေကြီးတစ်ကောင်နှင့် သားပေါက်လေး ၃ ကောင်သည် လင်းစစ်ယောင် အနောက်မှ တောအုပ်ထဲမှ ဆယ်မီတာအကွာတွင် စက်ဝိုင်းပုံသဏ္ဍာန်ဝိုင်းကာ ထိုင်နေလေသည်။ ဤတစ်ကြိမ်တွင် စစ်လင်၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ရင်တောင်မှ ဤဝံပုလွေများ၏ ဝိုင်းထားသည့်နေရာမှ ဘယ်လိုထွက်ပြေးနိုင်မလဲ။
ဖုန်းချင်းယာက ဆိုးသွမ်းစွာ ပြုံးလိုက်ပြီး "စစ်လင် ဒါက စစ်ထိုရဲ့ အဆိပ်ဖြေဆေးပဲ။ လာယူဖို့ သတ္တိရှိလား" သူ့မျက်လုံးများက စစ်လင်ကို သူရဲဘောကြောင်သူအဖြစ် သတ်မှတ်နေဟန်တူသည်။
လင်းစစ်ယောင်က ဖုန်းချင်းယာ၏လက်ထဲမှခေါက်ထားသော စက္ကူအိတ်လေးကို တစ်ချက်ကြည့်လိုက်သည်။ ခဏကြာသောအခါ သူစဉ်းစားပြီး ရှေ့ကို ဆက်သွားခဲ့သည်။
အမှန်မှာ သူသည် အဆိပ်ဖြေဆေးကို ဖမ်းရန် သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါ ဖုန်းချင်းယာ၏ အခြားလက်တစ်ဖက်က ကျန်ရှိသော စွမ်းအားအားလုံးကို ထိုးနှက်လိုက်လေသည်။ လက်ဖဝါးအားသည် လေထဲသို့ ဖြတ်သွားခဲ့သည်။ သို့သော်လည်း လင်းစစ်ယောင်သည် အဆိပ်ဖြေဆေးကို စွဲမြဲစွာ ကိုင်ယူထားခဲ့ပြီး အခြားလက်တစ်ဖက်ကမူ မညှာတာစွာ ထိုးနှက်လိုက်လေသည်။ မထင်မှတ်ပဲ ဖုန်းချင်းယာက သူ့လက်ကိုလှန်လိုက်ပြီး လင်းစစ်ယောင်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ချောက်ကမ်းပါးပေါ်မှ လုံးလုံးလျားလျား ဆွဲချလိုက်သည်။
"ငါမသေခင် မင်းကို ကူရှင်လုပ်ခိုင်းနိုင်ရင် သေရတာလဲမဆိုးပါဘူး ဟားဟား..."
ထိုထိုးနှက်ချက်တွင် လင်းစစ်ယောင်သည် သိပ်ပြီးမစဉ်းစားဘဲ အဆိပ်ဖြေဆေးကို ပစ်ပေါက်လိုက်သည်။ "ရှောင်ရွှယ်၊ တောင်ခြေကလူသုံးယောက်ဆီ သွားပို့လိုက်..." ထို့နောက် ဖုန်းချင်းယာက သူ့ခန္ဓာကိုယ်ကို ဆွဲယူပြီးနက်နဲသော ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားခဲ့သည်။
အကယ်၍ ဤလူသည် ပြုတ်ကျခြင်းမှ လွတ်မြောက်ပါက ထိုသူကို သူကိုယ်တိုင်ပင် သတ်ပစ်ရမည်။ လင်းစစ်ယောင်၏ မျက်လုံးအောက်ခြေမှာ ရက်စက်ခြင်းများဖြင့် တောက်ပနေတော့သည်။
…….
"အဲဒါ...ဖြေဆေးလား။ စစ်လင် ဘယ်မှာလဲ" စစ်ရှန်းသည် မြေပြင်ပေါ်ရှိ စက္ကူဗူးလေးကို ကောက်ကိုင်လိုက်ပြီး သူ့ရှေ့မှ ဝံပုလွေဖြူကို သံသယဝင်ကာ ကြည့်လိုက်သည်။ ရင်းနှီးပြီးသားဆိုတာ သူသိပါသည်။ မှန်ပါသည်၊ ထိုအချိန်တွင် စစ်လင် မွေးမြူခဲ့သော မိခင်ဝံပုလွေဖြစ်သည်။
"အာဝူး..." ရှောင်ရွှယ်က ကောင်းကင်ကို မျက်နှာမူပြီး ရှည်လျားသည့် ညည်းတွားသံကို ထုတ်လိုက်သည်။ ဝံပုလွေလေး၏ မျက်လုံးများသည် မည်းမှောင်နေခဲ့သည်။
သခင်ကို အဲဒီလူဆိုးက ချောက်ကမ်းပါးကနေ ဆွဲချသွားတယ်… အူး… သခင် အရမ်းနာသွားလိမ့်မယ်။ အခု ဘာလုပ်ရမလဲ။ ဒါပေမယ့် ဒီလူသုံးယောက်က ငါပြောတာကို နားမလည်ဘူး။ ကိစ္စမရှိဘူး ငါ့ကလေးတွေနဲ့ ချောက်ကမ်းပါးအောက်ခြေကို သွားကင်းလှည့် ကြည့်သင့်တယ်။
"အဲဒါ... ငါ့ကိုအထင်သေးနေတာလား။" စစ်ရှန်းသည် တရှီတောင်မှ ပြန်လာသော ရှောင်ရွှယ် ကို ညွန်ပြခဲ့သည်။ ဝံပုလွေမျက်လုံးထဲတွင် အထင်အမြင်သေးတာကို သူမြင်ဖူးပါသည်။ ဘုရားရေ မိခင်ဝံပုလွေတစ်ကောင်က သူ့ကို သိသိသာသာ ကဲ့ရဲ့လိုက်တာဖြစ်သည်။ ဤအကြောင်းသာပြန့်သွားလျှင် တပည့်တော် နှစ်ဆယ့်ငါးယောက်မှာ သေလောက်အောင် ရယ်မောကြလိမ့်မည်။
"မင်း ငါတို့ကို တစ်ခုခုပြောပြချင်နေပုံရတယ်။ စစ်လင် အကြောင်းတစ်ခုခုဖြစ်နိုင်မလား" စစ်လော့သည် သတိလစ်နေပြီဖြစ်သော စစ်ထို၏ ပါးစပ်ထဲသို့ ဖြေဆေးကို လောင်းထည့်လိုက်သည်။ သူ မျက်စောင်းထိုးကာ စဉ်းစားလိုက်သည်။ ထို့နောက် စစ်ထိုကို စစ်ရှန်းထံ ပေးအပ်ခဲ့သည်။ "မင်း သူ့ကို ဖန်းဟွာမြို့မှာရှိတဲ့ ငါတို့ခယ်မလေးဆီ ခေါ်သွားလိုက်၊ ငါ စစ်လင်ကို သွားရှာလိုက်မယ်..." သူ စကားမဆုံးခင် မီတာပေါင်းများစွာ အကွာအဝေးကနေ ခုန်ချပြီး ရှောင်ရွှယ် ပျောက်ကွယ်သွားသည့် ဦးတည်ချက်ဆီသို့ ပြေးသွားခဲ့သည်။ .
စစ်ထို အဆိပ်ဖြေဆေးသောက်ပြီးနောက် သူ့မျက်နှာမှာ အရောင်အချို့ပြန်ပေါ်လာသော်လည်း သတိလစ်နေဆဲဖြစ်သည်။ စစ်ရှန်းတစ်ယောက် ဖန်းဟွာမြို့ဆီသို့လျှောက်သွားရင်း စစ်လော့ကို ကျိန်ဆဲဖို့မမေ့ခဲ့ပေ။
ကောက်ကျစ်တဲ့ စစ်လော့၊ သူ့ကို ခယ်မလေး၏ မေးခွန်းများကို ရင်ဆိုင်ခိုင်းတယ်။ ဟူး… သူလည်း ထွက်ပြေးချင်လှသည်။ မိန်းမများ၏ မျက်ရည်ကို သူ အကြောက်ဆုံးပင်။ စစ်ထိုက ဘာကြောင့် သတိလစ်နေပြီး စစ်လင်ကဘယ်ရောက်နေရတာလဲ။ သူ ဘယ်လိုများရှင်းပြနိုင်မလဲ။ ဟူး အကြိမ်ပေါင်း တစ်သောင်းသေသွားလျှင်တောင် သူ့အပြစ်အတွက် မပြင်ဆင်နိုင်ခဲ့သည့် ဖုန်းချင်းယာကြောင့်ပင်ဖြစ်သည်။
***