မြစ်ကို ဖြတ်ခြင်း
Vol. 114 Ch. 1489
ချင်မူမှာ အလောင်းကောင်သဖွယ် ပိန်ချုံးခြောက်ကပ်ကာ အားနည်းနေသော်လည်း ယခင်ကထက်တော့ အများကြီးသက်သာလာပြီ ဖြစ်သည်။
ဤတစ်ခေါက် အတွေ့အကြုံမှာ အလွန်တရာ ကြောက်စရာကောင်းလှသည်။ သူကိုယ်တိုင်ပင်လျှင် လောကသစ်ပင် သူ့အား ဝါးမြိုသွားမည်ကို စိုးရိမ်မိလေသည်။
သူ၏ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်ကို လောကသစ်ပင် ဝါးမြိုသွားပြီးနောက် သေရေးရှင်ရေးအခိုက်အတန့်တွင် တံဆိပ်ခတ်နှိပ် နိုင်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ့မှာ လောကသစ်ပင်ကို တံဆိပ်ခတ်ရန် အခေါက်ခေါက်အခါခါ ကြိုးစားခဲ့သော်လည်း မည်သည့်နည်းနှင့်မှ သန့်စင်၍မရခဲ့သလို ကိုယ်တိုင်လည်း တံဆိပ်မခတ်နှိပ်နိုင်ခဲ့ချေ။ သို့သော် လောကသစ်ပင် သူ၏ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားကို ဝါးမြိုပြီးနောက်တွင်တော့ တံဆိပ်ခတ်နှိပ်နိုင်ခဲ့ချေပြီ
ဤအတွေ့အကြုံသည် သူ၏ အန္တရာယ်အများဆုံးနှင့် ကြောက်စရာအကောင်းဆုံး အတွေ့အကြုံများထဲမှ တစ်ခုဟု ဆိုရမည်။ နောက်ဆုံးတွင်တော့ အဆိုးထဲက အကောင်း ဖြစ်ခဲ့သည်။ သဲကန္တာရထဲ၌ အိုအေစစ်လေးအား ကြုံတွေ့လိုက်ရသလိုပင်။
သူ၏ကောင်းကင်နန်းဆောင်မှာ ပြန်လည်တည်ဆောက်နေဆဲ ဖြစ်ပြီး မှော်စွမ်းအင်ကလည်း တရိပ်ရိပ် တိုးပွားလာနေသည်။
ချင်မူက ထရပ်၍ သူ၏ကောင်းကင်ရတနာနယ်ပယ်ကို ဖြန့်ကျက်လိုက်သည်။ ရတနာသစ်ပင်တစ်ပင်သည် ဘိုးဘေးနန်းတော်ထဲတွင် မားမားမတ်မတ် ရပ်တည်နေပြီး ကျောက်တုံးတွင်းငါးတွင်းက ၎င်းကို ဝန်းရံလျက် ရှိ၏။ သစ်ပင်၏ အမြစ်များကား နယ်ပယ်၏ မည်သည့်နေရာကိုမဆို ရောက်ရှိနိုင်သကဲ့သို့ အတွေးဝင်မိစေသည်။
အရာအားလုံးအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်နေသည့် အံ့ဩဖွယ်ကောင်းသော ခံစားချက်ကို ချင်မူမှာ ပထမဦးဆုံးအကြိမ် ရရှိနေတော့သည်။
သူက ကောင်းကင်ရတနာနယ်ပယ်ထဲတွင် ရှိနေသည့် သူ၏မူလဝိညာဉ် အောက်ခြေတွင် ရပ်နေသည်။ သူ၏မူလဝိညာဉ်မှာ ရုပ်ခန္ဓာထက် အဆပေါင်းများစွာ ရှည်လျားနေပြီး လောကသစ်ပင်ကမူ သူ၏မူလဝိညာဉ်ထက် အဆပေါင်းများစွာ မြင့်မား၏။ အထက်ကောင်းကင်မှာ ကြည်လင်ပြတ်သားနေပြီး မြေပြင်ကတော့ ကျစ်လစ်ခိုင်မာနေသည်။
ဤမြင်ကွင်းက အခြားသူများကို အဆုံးမရှိသော ခံစားချက်များကို ခံစားနေရစေ၏။
‘မစွန့်စားဘူး… မကြိုးစားဘူး… မသိတာတွေကို မစူးစမ်းဘူးဆိုရင် လောကသစ်ပင်နဲ့ ဘယ်တုန်းကမှ ပေါင်းစည်းနိုင်ခဲ့မှာ မဟုတ်ဘူး… ဒါကို နမူနာယူပြီး စွန့်စားကြိုးစားလိုက်ရင် ကောင်းကျိုးတွေ အများကြီးရမယ်ဆိုတာ သိလိုက်ရပြီ’
ချင်မူက တိတ်ဆိတ်စွာ တွေးနေသည်။ သူ၏ကောင်းကင်ရတနာနယ်ပယ်သည် အသစ်ဖွဲ့တည်လာပြီး ကောင်းကင်နန်းဆောင်မှာလည်း အဆက်မပြတ် ပြန်လည်တည်ဆောက်နေသော်လည်း အတိတ်မှ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က သူ၏လက်ရှိကျင့်စဉ်စနစ်နှင့် မကိုက်ညီတော့မှန်း အသေအချာ ခံစားနေရချေပြီ။
သိုင်းသမားအတော်များများသည် ငယ်စဉ်ကတည်းက အသက်အရွယ် ကြီးရင့်သည့်တိုင်အောင် ကျင့်စဉ်တစ်ခုတည်းကိုသာ ကျင့်ကြံကြသော်လည်း ချင်မူကတော့ မတူပေ။ သူ့အတွက် ပိုမိုသင့်လျော်နိုင်ရန် ကျင့်စဉ်သည် အဆက်မပြတ် ပြောင်းလဲနေရန် လိုအပ်သည်။
ခေတ်တစ်ခေတ်စီ၏ အခြေခံအုတ်မြစ်နှင့် အသိပညာတို့က ကွဲပြားသည့်အလျောက် လူတစ်ယောက် တိုးတက်လာသည့်အခါ ထိုသူ၏ ဉာဏ်ပညာနှင့် သိမြင်နားလည်နိုင်စွမ်းတို့ကလည်း မတူတော့ပေ။ ထို့ကြောင့် ကျင့်စဉ်သည်လည်း အမြဲတစေ တိုးတက်ရမည် ဖြစ်သည်။
ယခုတွင် ချင်မူကား အသိပညာများစွာ သိမြင်နားလည်ခဲ့သည်။ လောကသစ်ပင်ကို ရရှိ၍ သူ၏ကောင်းကင်ရတနာထဲတွင် စိုက်ပျိုးခဲ့ပြီးနောက် ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စုနှင့် ထိုက်ကျိတို့အပေါ် သူ၏သိမြင်နားလည်မှုကလည်း ပို၍မြင့်မားလာခဲ့သည်။ ပို၍အရေးကြီးသည်က ထိုက်ချူ၏လမ်းစဉ်အား ထိတွေ့နိုင်စ ပြုလာခြင်းပင်။
ယခင်လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်သည် ဤအသိပညာများကို မပံ့ပိုးပေးနိုင်တော့သောကြောင့် ယခုတွင် ကျင့်စဉ်ကို ဖြန့်ကျက်ပြီး အဆင့်မြှင့်ရတော့မည်ဖြစ်သည်။
အစတုန်းက ကောင်းကင်နန်းဆောင် ၁၉ ဆောင် ရှိသော်လည်း အလွန်တရာ ရှုပ်ထွေးနေခဲ့၏။ ယခုတွင် လောကသစ်ပင်ကို ပိုင်ဆိုင်ထားလေရာ ၎င်းတို့ကို နေရာချထားရန် လွယ်ကူလာခဲ့သည်။
မတူညီသော ကောင်းကင်နန်းဆောင်များသည် မတူညီသော မဟာတာအိုများကို ကိုယ်စားပြု၏။ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ နည်းလမ်းအတိုင်း ကျင့်ကြံလိုက်ပါက ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် နှစ်ဆယ်မှ သုံးဆယ်ကို အချိန်တိုအတွင်း ပေါင်းစည်း၍ ကောင်းကင်နတ်ဘုံကျင့်စဉ်စနစ်တစ်ခု အဖြစ် ဖော်ဆောင်နိုင်ရန် ခက်မည်။
ချင်မူမှာ ဧကရာဇ်ပလ္လင်ကျင့်စဉ် ၁၉ ခုကို အချိန်များစွာ ပေးကာ ပေါင်းစည်းခဲ့ရ၏။ သူ၏အသက်အရွယ်တွင် ဤအဆင့်အထိ ရောက်နိုင်ခြင်းကပင် အလွန်တရာ ထူးချွန်သော အောင်မြင်မှုတစ်ခု ဖြစ်နေချေပြီ။ သို့သော် ဤသို့ ကျင့်ကြံသည့် လမ်းစဉ်မှာ အဆင့်တက်လာသည်နှင့်အမျှ ပိုမိုခဲယဉ်းလာခဲ့သည်။
ကောင်းကင်နတ်အရှင်ဆယ်ပါးကဲ့သို့ ပုဂ္ဂိုလ်များသည် ကျင့်စဉ်သုံးဆယ်ကျော်ကို ပေါင်းစည်းခဲ့ကြသော်လည်း ထို့အတွက် နှစ်ထောင်သောင်းပေါင်းများစွာ အချိန်ပေးခဲ့ကြရသည်။ ကောင်းကင်နန်းဆောင် ၃၅ ဆောင်အထိ ကျင့်ကြံထားကြသူတချို့ ရှိသော်လည်း ကောင်းကင်နန်းဆောင် ၃၆ ဆောင်တွင် ပိတ်မိနေကြ၏။
ဤအကြောင်းကြောင့် ကောင်းကင်နတ်သိုင်းများကို ဖန်တီး၍ ထူးခြားသော မိမိ၏လမ်းကြောင်းအား ရှာဖွေရန်မှတစ်ပါး ရွေးချယ်စရာ မရှိကြပေ။
ဥပမာအားဖြင့် ကောင်းကင်နတ်အရှင်ဟောင်သည် ထိုက်စုကို အားကိုးခဲ့ပြီး ကောင်းကင်နတ်ဧကရီတို့ ညီအစ်မကတော့ တစ်ယောက်ကိုတစ်ယောက် ဝါးမြိုကြရန် စီစဉ်ထားကြသည်။ နတ်ဧကရာဇ်လန်ရွှမ်ကတော့ အခြားသူများ၏ တာအိုသစ်သီးများကို သန့်စင်ကာ အဆင့်တက်နိုင်ရန် ကြိုးစားနေ၏။
ရှေးဟောင်းနတ်ဘုရားဘုရင်ကမူ အဆင့်တက်နိုင်ရန် သူ၏ခမည်းတော် ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်ပစ်ခဲ့သည်။
ချင်မူ့အတွက် ဖြည်းဖြည်းချင်း အဖြေရှာရန် အချိန်မရှိပေ။ နောက်ပိုင်းအဆင့်များသို့ ရောက်ရှိလာသည်နှင့် သူ၏တိုးတက်နှုန်းမှာ သေချာပေါက် နှေးကွေးလာလိမ့်မည်။
သို့သော် ယခုတွင် လောကသစ်ပင်ကို သူ၏ပင်မခန္ဓာကိုယ်အဖြစ် အသုံးပြုကာ မဟာတာအိုများနှင့် ကျင့်စဉ်အားလုံးကို စုစည်းလိုက်ပါက ခက်ခဲတော့မည်မဟုတ်ပေ။
ပို၍အရေးကြီးသည်က မွေးရာပါတာအို ငါးခုလည်း ရှိနေသေး၏။
သူသည် ထိုနေရာတွင် ရပ်ကာ တိတ်ဆိတ်ငြိမ်သက်စွာ သိမြင်နားလည်နေသည်။ မကြာမီ သူ၏ ၂၀ ခုမြောက် ကောင်းကင်နန်းဆောင်က တဖြည်းဖြည်း ပုံပေါ်လာတော့သည်။
ဤသည်ကား ထိုက်ချူကောင်းကင်နန်းဆောင်ပင်။
ချင်မူမှာ ထိုက်ချူလမ်းစဉ်ကို လောကသစ်ပင်မှတစ်ဆင့် ပြည့်စုံစွာ သိမြင်နားလည်ခဲ့သည်။ ယခင်တုန်းကလည်း ထိုက်ချူဥကို သူ၏ကောင်းကင်ရတနာထဲတွင် ထားကာ နတ်ကျောက်တုံးများကို သန့်စင်ရင်း ထိုက်ချူလမ်းစဉ်ကို သိမြင်နားလည်ထားသည် မဟုတ်လော။
ထိုက်ရှီဥကလည်း သိမြင်နားလည်ထားသော ထိုက်ရှီလမ်းစဉ်ကို သူ့အား မဖုံးကွယ်မထားပေ။ ထိုက်ရှီသာ ထပ်မံသိမြင်နားလည်ပါက ချင်မူလည်း သိရပေည်။ ထိုက်ရှီရှေဟောင်းနတ်ဘုရားလောက် အကျိုးထူးမည်မဟုတ်သော်လည်း ချင်မူ့အကျိုးအမြတ်များကတော့ အလွန်တရာ ကောင်းမွန်နေသေး၏။
ဤအချိန်တွင် လောကသစ်ပင်က ကျောက်တုံးတွင်းနှင့် ထိုက်ရှီနတ်ကျောက်တုံးများကို ဝါးမြိုပြီးဖြစ်ရာ ထိုက်ရှီလမ်းစဉ်က ပို၍စေ့စပ်အသေချာဆုံး ဖြစ်လာသည်။
တဖြည်းဖြည်းနှင့် ကောင်းကင်မှာ မည်းမှောင်လာ၏။ ချင်မူသည် သိမြင်နားလည်၍ ထိုက်ရှီကောင်းကင်နန်းဆောင်ကို တည်ဆောက်နေစဉ် အသစ်ပေါက်ထားသော လောကသစ်ပင်ထိပ်သို့ တက်သွား၏။
ညရောက်လာသည့်အခါ အနက်ရောင်တောင်တန်းတစ်သိန်း၏ အပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုများ ပျံ့နှံ့လာသည်။ ၎င်းက ကပ်ဘေးဆိုက်နေသော မြင်ကွင်းတစ်ခု ဖြစ်သော်လည်း လောကသစ်ပင်ထိပ်တွင်တော့ တည်ငြိမ်အေးဆေးနေသည်။
ကောင်းကင်မှာ ဖြည်းဖြည်းချင်း တောက်ပလာပြီး ဟင်းလင်းပြင်အလွှာများအား လင်းထိန်လာစေသည်။ အန္တိမဟင်းလင်းပြင်ထဲတွင် တာအိုသစ်ပင်တစ်ပင် ရပ်တည်နေသည်ကို ချင်မူ ခပ်ရေးရေး မြင်တွေ့လာရသည်။
ထိုတာအိုသစ်ပင်သည် မှုန်ဝါးနေသော်လည်း ၎င်း၏သစ်ကိုင်းများနှင့် သစ်ရွက်များမှာ လောကသစ်ပင်၏ သစ်ကိုင်းများနှင့် သစ်ရွက်များအလားပင်။
သို့သော် ချင်မူ့ကောင်းကင်ရတနာထဲရှိ လောကသစ်ပင်ဖြစ်စေ၊ အနက်ရောင်တောင်တန်းတစ်သိန်းရှိ လောကသစ်ပင်ဖြစ်စေ ၎င်းတို့မှာ ထိုတာအိုသစ်ပင်နှင့် ယှဉ်လျှင် အပင်ပေါက်လေးအရွယ်သာ ရှိသေးသော်လည်း အန္တိမဟင်းလင်းပြင်ထဲရှိ သစ်ပင်ကြီးကမူ ကြီးထွားထည်ဝါစွာ အလွန်တရာကျယ်ပြန့်သော နေရာတစ်ခုကို လွှမ်းခြုံထားသည်။
၎င်းက ထိုက်ယီ၏ တာအိုသစ်ပင် ဖြစ်ပေလိမ့်မည်။
ထိုက်ယီတာအိုသစ်ပင်ထက်တွင် တာအိုသစ်သီးတစ်လုံးသာ ရှိပြီး တာအိုပန်းပွင့်များ မရှိကြပေ။ သို့သော် ၎င်း၏သစ်ကိုင်း၊ သစ်ရွက်များကတော့ စိမ်းစိုအုံ့ဆိုင်းနေကြ၏။
ရုတ်တရက် တာအိုသစ်စေးတစ်စက်က တာအိုအလင်းတန်းများဖြန့်ကျက်လျက် သစ်ရွက်တစ်ရွက်ဆီမှ စီးကျလာကြသည်။ ချင်မူလည်း ရေပုံးကို ထုတ်၍ သစ်ရွက်များအပေါ်တွင် အေးဆေးစွာ လျှောက်သွားရင်း အန္တိမဟင်းလင်းပြင်မှ စီးကျလာသော တာအိုသစ်စေးအစက်အား ခံယူလိုက်သည်။
အန္တိမဟင်းလင်းပြင်သည် တည်ငြိမ်အေးဆေးစွာဖြင့် ဆွဲဆောင်မှုရှိနေ၏။ သူ့လက်တစ်ကမ်းတွင် ရှိနေသည့်အလား ထင်ရစေသည်။
ထိုက်ယီ၏တာအိုသစ်ပင်မှာလည်း သူ့လက်ဖြင့် ထိတွေ့နိုင်သည့်အလား ထိုနေရာတွင် တည်ရှိနေသည်။
သို့သော် ၎င်းမှာ အလွန်တရာ ဝေးလံပြီး သူ ရောက်နိုင်သည့် နေရာမဟုတ်မှန်း ချင်မူ ကောင်းကောင်းသိသည်။ သူသည် လမ်းစဉ်အပေါ်တွင် တာအိုရှာဖွေနေဆဲသူတစ်ယောက် ဖြစ်သည့်အတွက် ထိုအဆင့်သို့ မထိတွေ့နိုင်သေးပေ။
ညအချိန်မှာ တလှုပ်လှုပ် ရွေ့လျားနေသည်။ နေထွက်လာသည့်အချိန်တွင်တော့ နောက်ဆုံးတာအိုသစ်စေးအစက်က စီးကျလာသည်။ အန္တိမဟင်းလင်းပြင်နှင့် ထိုက်ယီတာအိုသစ်ပင်တို့လည်း ပျောက်ကွယ်သွားပြီး ချင်မူ့လက်ထဲရှိ ရေပုံးထဲတွင် တာအိုသစ်စေးများ ပြည့်နှက်သွားချေပြီ။
သူ၏ ထိုက်ရှီကောင်းကင်နန်းဆောင်မှာလည်း ထိုအချိန်တွင် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
ချင်မူက လောကသစ်ပင်ပေါ်မှ ဆင်းလာပြီး ရေပုံးကို ဆွဲကာ အနက်ရောင်တောင်တန်းများဆီ သွား၍ မနေ့ညက အက်ကွဲသွားခဲ့သော အနက်ရောင်တောင်တန်းကို ရှာနေသည်။
တောင်တန်းပေါ်က လူတစ်ယောက်မှာ သူ့ကို မြင်လျှင် အံ့ဩမှင်သက်သွားလေသည်။ “ထိုက်ယီက ဧကရာဇ်အတိုင်ပင်ခံပုံစံနဲ့ ထွက်လာတာပဲဟ”
ချင်မူက ရှင်းပြမနေတော့ဘဲ အက်ကွဲသွားသည့် အနက်ရောင်တောင်တန်းကိုသာ ရှာဖွေနေသည်။ သူက ဝာာအိုသစ်စေးကို သုံး၍ ၎င်းကို ပြုပြင်လိုက်ပြီး တာအိုသစ်စေးကု န်သွားသည့်အချိန်တွင် အက်ကွဲသွားသည့် တောင်တန်းများအားလုံးကို ပြုပြင်ပြီးချေပြီ။
'ထိုက်ယီက တကယ်ကို နားလည်လို့မရတဲ့ပုဂ္ဂိုလ်ပဲ' သူက ရေပုံးကို ချလိုက်ရင်း နှမြောတသ သက်ပြင်းချမိသည်။ ထိုက်ယီကို ကတိပေးထားသည့်အတိုင်း လုပ်ဆောင်ပြီးသဖြင့် ထိုက်စုလမ်းစဉ်ကို စတင်နားလည်သိမြင်ပြီး ကောင်းကင်နန်းဆောင် ဖွဲ့တည်နိုင်ရန် ရည်ရွယ်ထားလိုက်သည်။
သူ့အတွက် ယခုလို အနှောင့်အယှက်ကင်းဝေးပြီး အေးဆေးငြိမ်သက်နေသောအချိန် ပိုင်ဆိုင်နိုင်ရန်မှာ ရှားပါးလေသည်။ နေ့ဘက်တွင် အက်ကွဲသွားသော အနက်ရောင်တောင်တန်းများကို ပြုပြင်ရ၏။ ညအချိန်တွင်တော့ ရေပုံးကို လောကသစ်ပင်ထိပ်သို့ သယ်သွားပြီး အန္တိမဟင်းလင်းပြင်းထံမှ စီးကျလာသော တာအိုသစ်စေးများကို ခံယူရသည်။
ရက်အနည်းငယ်ကြာပြီးနောက် သူကား ထိုက်စုကောင်းကင်နန်းဆောင်နှင့် ထိုက်ကျိကောင်းကင်နန်းဆောင်တို့ကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်နိုင်ခဲ့၏။ ထိုက်ချူကောင်းကင်နန်းဆောင်ကို ဖွင့်ပြီးသည့်အချိန်တွင် ချင်မူမှာ ကြောင်အသွားပြီး နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာတော့သည်။
‘ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူရဲ့ ဥခွံကို ငါ့လောကသစ်ပင်က ဝါးမြိုလိုက်ပြီဟ’
သူ၏နဖူးတွင် ချွေးများ စို့လာတော့သည်။ ထိုဥခွံနှစ်ခုမှာ ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်နိုင်ရန်အတွက် သူ စုဆောင်းထားခဲ့သော ဥခွံနှစ်ခု မဟုတ်လော။
သူသည် မပြောင်းလဲသော ဒြပ်ထုဖြစ်ပြီး ပျောက်ကွယ်သွားခဲ့သော ကောင်းကင်နတ်မြစ်၏ အစိတ်အပိုင်းဆီသို့ ထိုက်ချူ၏ ဥခွံကို ယူသွားမည်။ ထိုနေရာသို့ ရောက်လျှင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်း သုံးကာ ပိတ်မိနေသည့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာအစစ်အား ဥခွံထဲ ထည့်ကာ ချိတ်ပိတ်လိုက်မည်။ ယင်းက သူ၏အစီအစဉ်ပင်။
ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲတွင် တည်ရှိနေသော မဟာဧကရာဇ်၏ မူလဝိညာဉ်ကိုလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ပိတ်လှောင်နိုင်သွားရန် ပြင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုတွင် လောကသစ်ပင်က ထိုက်ချူဥခွံကို ဝါးမြိုသန့်စင်လိုက်ပြီးဖြစ်ရာ သူ၏အရေးပါဆုံးအရာကို ဆုံးရှုံးလိုက်ရချေပြီ။
ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်လိုပါက မဟာဧကရာဇ်၏ မူလဝိညာဉ် ထိန်းချုပ်နေသော ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ရင်ဆိုင်ရပေလိမ့်မည်။
‘ဒီတစ်ကြိမ်တော့ တကယ် ဒုက္ခရောက်တာပဲဟ’
ချင်မူမှာ စိတ်ထိန်းလိုက်ပြီး ထိုက်ချူကောင်းကင်နန်းဆောင်ကို ဆက်လက်သိမြင်နေ၏။ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာနှင့် မဟာဧကရာဇ်၏ မူလဝိညာဉ်အား ဥခွံထဲတွင် မပိတ်လှောင်နိုင်တော့သည့်အတွက် ထိုက်ချူမဟာတာအိုကို သိမြင်နားလည်ခြင်းက မဟာဧကရာဇ်နှင့် ကောင်းကင်နတ်ဧကရာဇ်အား ရင်ဆိုင်နိုင်မည့် အမှန်ကန်ဆုံးနည်းလမ်းဖြစ်သည်။
ရက်အနည်းငယ်ကြာပြီးနောက် ထိုက်ချူကောင်းကင်နန်းဆောင်ကို ဖွင့်နိုင်ခဲ့သော်လည်း ထိုက်ယီကောင်းကင်နန်းဆောင်ကို ဖွင့်လှစ်ရန် ကြိုးစားသည့်အချိန်တွင်တော့ ပြဿနာများ တွေ့ကြုံခဲ့ရ၏။
လောကသစ်ပင်မှတစ်ဆင့် ထိုက်ယီလမ်းစဥ်ကို အနည်းငယ် သိမြင်နားလည်ခဲ့သော်လည်း ဤမဟာတာအိုမှာ မရှင်းလင်းပေ။ ထိုမျှသာမက ထိုက်ယီသည် ထိုက်ယီကျောက်တုံးတွင်းထဲရှိ နတ်ကျောက်တုံးများနှင့် ဥရေကြည်အားလုံးကို စုပ်ယူပြီးပြီ မဟုတ်လော။
ဤတစ်ကြိမ်တွင် လောကသစ်ပင်က ထိုက်ယီဥခွံကို ဝါးမြိုသန့်စင်ကာ သူ့အား ထိုက်ယီလမ်းစဉ်ကို သိမြင်နားလည်စေခဲ့၏။ သို့သော် သူ့အနေဖြင့် စေ့စေ့စပ်စပ် သိမြင်နားလည်လိုပါက ဇွဲလုံ့လ ထည့်ရမည့်အပြင် ကံကောင်းရန်လည်း လိုအပ်သေးသည်။
ထိုမျှသာမက သူ၏ကောင်းကင်ရတနာထဲရှိ လောကသစ်ပင်မှာ ထိုက်ယီပြောခဲ့သည့်အတိုင်း ကြီးထွားနေခြင်း ရပ်တန့်သွားသည်။ ချင်မူ၏ ကောင်းကင်ရတနာမှာလည်း စကြ၀ဠာအစစ်အမှန် ဖြစ်မလာသေးသည့်အတွက် သစ်ပင်ဆက်လက်ကြီးထွားနိုင်ရန် လိုအပ်သည့် အာဟာရဓာတ်များ မရှိပေ။
လောကသစ်ပင်မှာ အပင်ပေါက်လေးတစ်ပင်သာ ဖြစ်သည်။ ၎င်း၏အမြစ်များက ဆက်လက်သန်မာနေသော်လည်း အပင်သည် ရှည်လျားမလာသလို၊ နောက်ထပ်သစ်ကိုင်းများလည်း ပေါက်မလာတော့ပေ။
ချင်မူက ရေတွက်ကြည့်သည်။ လောကသစ်ပင်ပေါ်တွင် ပင်မသစ်ကိုင်းအခက် ငါးခက်နှင့် သစ်ကိုင်းအခွဲ ဆယ့်ကိုးခက် ရှိနေသည်။ ၎င်းတို့မှာ သူကျင့်ကြံထားသော မဟာတာအိုနှင့် ကိုက်ညီသဖြင့် ၎င်းမဟာတာအိုကို တုံ့ပြန်ကြပေလိမ့်မည်။
ပင်မသစ်ကိုင်းငါးခက်သည် မွေးရာပါ မဟာတာအိုငါးခုကို ကိုယ်စားပြုပြီး တခြားသစ်ကိုင်းများမှမူ သစ်ကိုင်းအခက်ငယ်များ ကွဲထွက်နေကြဆဲဖြစ်သည်။ ဥပမာအနေဖြင့် မိစ္ဆာလမ်းစဉ်ကောင်းကင်နန်းဆောင်တွင် သစ်ကိုင်းအခက်ငယ် ၆၄ ခုရှိနေကာ ယိုတုမဟာတာအို ၆၄ ခုကို ကိုယ်စားပြု၏။
ချင်မူမှာ ထိုက်ယီကောင်းကင်နန်းဆောင်အား သိမြင်နားလည်မည့် အကြံအစည်ကို လက်လျှော့လိုက်ရတော့သည်။ ယခုတွင် သူ့ ကောင်းကင်နန်းဆောင် ၂၃ ဆောင် ရှိနေသဖြင့် သိုင်းအခြေခံမှာလည်း အတော်လေး တိုးတက်လာခဲ့ချေပြီ။
လောကသစ်ပင်ဆီမှ အခွင့်အရေးကို အသုံးချ၍ တာအိုကျင့်စဉ်စနစ်ထဲသို့ ဆက်လက်လျှောက်လှမ်းရမည်ကသာ ပို၍အရေးကြီးသည်ဟု ခံစားရလေသည်။
နောက်ထပ် လအနည်းငယ်အတွင်း ချင်မူသည် တာအိုသစ်စေးများကို ယူ၍ အနက်ရောင်တောင်တန်းများကို ပြုပြင်ခဲ့၏။ တစ်ချိန်တည်းမှာပင် တာအိုကို သိမြင်နားလည်နိုင်ရန် အာရုံစိုက်ထားသည်။ အနက်ရောင်တောင်တန်းတစ်သိန်းတွင် နေထိုင်ကြသူများမှာ အစပိုင်းတွင် အံ့အားသင့်နေကြသော်လည်း တဖြည်းဖြည်း နေသားကျ၍ သူ အလုပ်ရှုပ်နေသည်ကို လွှတ်ထားပေးကြ၏။
သို့သော် ချင်မူမှာ ဤသို့အလုပ်ရှုပ်နေသော အခြေအနေမှ တစ်ခါတစ်ရံ နိုးထလာတတ်ပြီး ဇဝေဇဝါ ဖြစ်နေတတ်သည်။ ‘ထိုက်ယီက နှစ်တစ်ဝက်တောင် ထွက်သွားမှာ… ဘာလုပ်မလို့လဲ မသိဘူး’
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင်….
ထိုက်ယီသည် မြို့အပြင်ဘက်တွင် ဝေစွေ့ဖုန်း ထားခဲ့သော ဧရာမဒယ်အိုးကြီးကို စစ်ဆေးကြည့်ရှုနေ၏။ ဒယ်အိုးထဲတွင် အမွှေးတိုင်တစ်တိုင် စိုက်ထားပြီး အမွှေးတိုင်မှာ ကုန်ဆုံးပေတော့မည်။ သို့သော် ၎င်းက ဒယ်အိုးထဲတွင် လှုပ်ရှားနေပြီး မြေပုံတစ်ခုကို ရေးဆွဲနေသည်။
ဝေစွေ့ဖုန်းနှင့် ရှုကျွင်းမှာ အသက်ရှင်နေသေး၏။ နှစ်ယောက်သား မြစ်ကို ဖြတ်ရန် ပြင်ဆင်နေကြသည်။
သူတို့အရှေ့ရှိ ဖရိုဖရဲမြစ်မှာ မည်မျှကျယ်၍ ရှည်လျားမှန်း မသိကြပေ။ သူတို့က မြစ်ကမ်းဘေးတွင် ဂရုတစိုက် လျှောက်နေကြပြီး ရှုကျွင်းသည် ခေါင်းမာစွာဖြင့် မြစ်၏အခြားတစ်ဖက်သို့ ရောက်ရှိလာခဲ့သည်ဟု ယုံကြည်နေဆဲဖြစ်သည်။ ထို့ကြောင့် မြစ်ကို ဖြတ်ရန် လမ်းရှာဖွေနေခြင်းပင်။
သို့သော် မြစ်တွင် တံတားမရှိသဖြင့် ဖြတ်သန်းသွားရန် မလွယ်ကူပေ။ ကြောက်မက်ဖွယ်ကောင်းသော အရိုးစုများက မြစ်ထဲတွင် မကြာခဏ ပေါ်လာတတ်ပြီး ပြင်းထန်သော တာအိုအင်အားတို့ကို ထုတ်လွှတ်နေကြသည်။ ဖရိုဖရဲမြစ်ပင်လျှင် ၎င်းတို့ကို မဖျက်ဆီးနိုင်ပေ။
တာအိုသိုင်းပညာရှင်တို့၏ အရိုးစုများက အလင်းတန်းများ ထုတ်လွှတ်နေသည်ကိုပင် တွေ့မြင်နေကြရသည်။ အလွန်တရာ အန္တရာယ်များသော အလင်းတန်းများက မြစ်ရေမျက်နှာပြင်ပေါ်တွင် ရွေ့လျားပျံ့နှံ့နေကြ၏။
ကြိမ်းဝါးသံများက မြစ်ရေမျက်နှာပြင်ပေါ်တွင် ဗလုံးဗထွေးဖြင့် ပေါ်ထွက်လာတတ်ကြသည်။ ၎င်းတို့က ရုန်းကန်ဟိန်းဟောက်၍ ဆွဲယူနိုင်သမျှ အရာအားလုံးကို ဆွဲယူကာ ၎င်းတို့နေရာတွင် အစားထိုးနိုင်ရန် ကြိုးစားနေကြ၏။
ဝေစွေ့ဖုန်းနှင့် ရှုကျွင်းမှာ လက်ရဲဇက်ရဲရှိကြသော်လည်း သူတို့ပင်လျှင် မြစ်ကို မဖြတ်ရဲကြပေ။ သူတို့နှစ်ယောက်က လွတ်လမ်းကိုသာ ဆက်လက်ရှာဖွေနေကြသည်။
ထိုအခိုက်အတန့်တွင် ဆံဖြူအဘိုးအိုတစ်ဦးက တောင်ဝှေးတစ်ချောင်းကို အားပြုလျက် တစ်နေရာရာမှ ထွက်လာသည်။ သူက သူတို့နှစ်ယောက်အရှေ့တွင် ရပ်ကာ သတိပေးသည်။ “မင်းတို့ လမ်းမှားနေပြီ”
“တာအိုနောင်တော်ထိုက်ယီများလား” ဝေစွေ့ဖုန်းက အလျင်အမြန် မေးလိုက်သည်။
အဘိုးအိုထိုက်ယီက ခေါင်းညိတ်သည်။ “မြစ်ကို ဖြတ်သွားရင် ပြန်လာနိုင်တော့မှာမဟုတ်ဘူး… ဒီနေရာက အန္တရာယ်များတယ်… မြစ်တစ်ဖက်ကမ်းကို ရောက်သွားတာနဲ့ မီလော့နန်းဆောင်အရှင်သခင် နေတဲ့နေရာဆီ ရောက်သွားလိမ့်မယ်… မြစ်ကို ဖြတ်နိုင်ရင်တောင်မှ သေဦးမှာပဲ”
သူတို့နှစ်ယောက်မှာ ကြက်သီးမွေးညှင်းများ ထသွားကြတော့သည်။ ရှုကျွင်းက ရိုရိုကျိုးကျိုး မေးလိုက်၏။ “နောင်တော်၊ ကျွန်တော်တို့ကို ခေါ်သွားပေးလို့မရဘူးလား”
အဘိုးအထိုက်ယီက ခေါင်းရမ်းသည်။ “ငါက မြစ်ကို ဖြတ်ချင်တာဆိုတော့ မင်းတို့ကို လိုက်ပို့ဖို့ အချိန်မရှိဘူး”
ရှုကျွင်းမှာ အနည်းငယ် စိတ်ပျက်သွားသည်။ ဝေစွေ့ဖုန်းက အလောတကြီး မေးသည်။ “တာအိုနောင်တော်၊ ကျွန်တော့်ညီလေး ကျွန်တော်တို့ကို လိုက်ရှာနေသေးလား.. ကျွန်တော်ထားခဲ့တဲ့ မြေပုံကို သူ တွေ့သွားလား”
“ဟေ့အေး ...”
အဘိုးအိုထိုက်ယီက ပြောသည်။ “ဒီနေရာက အန္တရာယ်များလွန်းတယ်… လျှောက်မသွားကြနဲ့… မင်း ထားခဲ့တဲ့ မြေပုံကို မြို့ပြင်မှာ အခုလေးတင် တွေ့ခဲ့ရလို့ ငါ ဒီနေရာကို ရှာတွေ့ခဲ့တာပဲ… ဆက်သွားနေမယ်ဆိုရင် အုတ်ဂူတောင် မကျန်ဘဲ မင်းတို့သေသွားလိမ့်မယ်… နောက်လည်း မဆုတ်ကြနဲ့… ဖရိုဖရဲမြစ်က အဆက်မပြတ် ပြောင်းလဲနေတာ… နောက်ဆုတ်လိုက်ရင် အရင်လမ်းကို ရှာမတွေ့တော့ဘဲ အချည်းနှီး သေသွားကြလိမ့်မယ်”
သူတို့နှစ်ယောက်သား ညည်းညူလိုက်ကြပြန်သည်။ ဝေစွေ့ဖုန်းက မေး၏။ “ဘာမှမလုပ်ဘဲ ဒီနေရာမှာ နေတာကရော အန္တရာယ်ကင်းလား”
အဘိုးအိုက မြစ်၏ ရေအနေအထားကို အကဲခတ်ကာ သတိပေးသည်။ “နောက်ထပ် နေ့တစ်၀က်ကြာရင် ဖရိုဖရဲမြစ်က ဒီနေရာကို ဖုံးလွှမ်းသွားလိမ့်မယ်”
ရှုကျွင်းမှာ အသနားခံတော့သည်။ “နောင်တော်၊ ကျွန်တော်တို့ကို သနားပါဦး… ခေါ်သွားပေးပါဗျာ”
ဝေစွေ့ဖုန်းကလည်း အလျင်အမြန် တောင်းပန်တော့သည်။ “သနားပါဦးဗျာ”
အဘိုးအိုမှာ မကယ်ပေးနိုင်သဖြင့် ပြောသည်။ “ငါ မီလော့နန်းတော်ရဲ့ အရှင်သခင်နဲ့ သွားတွေ့မလို့… ဒီခရီးကလည်း အန္တရာယ်များလွန်းတယ်… အသက်ရှင်လျက် ပြန်လာနိုင်ဖို့တောင် ယုံကြည်ချက် မရှိဘူး…. အဲဒီပုဂ္ဂိုလ်က ငါ့ထက် အင်အားကြီးပြီး အဆင်မြင့်တယ်… သူ ငါ့နောက်လိုက်လာခဲ့ရင် ပိုလို့တောင် အန္တရာယ်များဦးမှာ… အန္တရာယ်သာ မရှိဘူးဆိုရင် ကောင်းကင်နတ်အရှင်မူကို လိမ်ပြီး ငါ့အစား အနက်ရောင်တောင်တန်းကို နှစ်တစ်ဝက် စောင့်ရှောက်ခိုင်းခဲ့မှာ မဟုတ်ဘူး”
သူ မပြောပြသော အရာတစ်ခုလည်း ရှိသည်။ သူ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ပါက ချင်မူသည် အနက်ရောင်တောင်တန်းများကို နှစ်တစ်ဝက်သာ စောင့်ရှောက်ရမည်မဟုတ်ဘဲ အချိန်အတော်ကြာသည်အထိ စောင့်ရှောက်ရလိမ့်မည်။
ထိုအချိန်တွင် ချင်မူကား ထိုက်ယီ၏ ဆက်ခံသူ ဖြစ်လာကာ ဘယ်တော့မှ ထွက်သွားနိုင်တော့မည်မဟုတ်ပေ။
ဝေစွေ့ဖုန်းနှင့် ထိုက်ယီမှာ ထိုအတွင်းကိစ္စကို မသိသဖြင့် အားတုံ့အားနာ ပြုံးလိုက်ကြသည်။ “နောင်တော့်ကို ဘယ်သူက ဘာလုပ်နိုင်မှာလဲဗျာ… မနောက်စမ်းပါနဲ့…. ကျွန်တော့်ညီလေးက ကျွန်တော့်ကို ကယ်တင်ဖို့ မြေပုံအတိုင်း လိုက်မလာခဲ့တော့ ကျွန်တော်တို့မှာ သွားစရာနေရာ မရှိတော့ဘူး… တာအိုနောင်တော် ကျွန်တော်တို့ကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်ဗျာ”
ထိုက်ယီမှာ သူတို့ကို ခေါ်သွားရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ “ငါ့နောက်က လိုက်ခဲ့ကြ… နောက်မှာ ကျန်မနေခဲ့စေနဲ့… သေသွားလိမ့်မယ်”
သူတို့နှစ်ယောက်က ခေါင်းတဆတ်ဆတ် ညိတ်၍ ထိုက်ယီနောက်မှ ထပ်ကြပ်မကွာ လိုက်လာကြသည်။ အဘိုးအိုထိုက်ယီက ဖရိုဖရဲမြစ်မျက်နှာပြင်ပေါ်သို့ တောင်ဝှေးဖြင့် လျှောက်လိုက်သည့်အခါ မြစ်ရေမျက်နှာပြင်မှာ ချက်ချင်း ဆူပွက်သယောင် ရှိလာကြောင်း တွေ့လိုက်ရ၏။ ကလဲ့စားချေလိုသည့် ဝိညာဉ်များက လက်များ ဆန့်တန်းကာ သူတို့သုံးယောက်ကို ဆွဲယူနေကြသည်။
ထိုက်ယီက တောင်ဝှေးဖြင့် ၎င်းတို့ကို ရိုက်ထုတ်ကာ မြစ်ထဲ ပြန်မြုပ်ဝင်သွားစေ၏။ သူက အော်ဟစ်လိုက်သည်။ “သူတို့ကို မထိစေနဲ့… သူတို့က မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ သေဆုံးသွားကြတဲ့ တာအိုသိုင်းပညာရှင်တွေပဲ… မင်းတို့ကို ဖမ်းဆီးပြီး သူတို့ရဲ့ ပျက်စီးနေတဲ့ အရင်စကြ၀ဠာမှာ မင်းတို့ဝိညာဉ်တွေနဲ့ လူစားလဲဖို့ လုပ်နေတာ..”
သူတို့နှစ်ယောက်မှာ ကြောက်ဒူးတုန်သွားကြသည်။ တာအိုသိုင်းပညာရှင်တို့၏ ဝိညာဉ်များက သူတို့ကို ဆွဲနေကြပုံမှာ မည်သည့်စွမ်းအားကိုမှ ခုခံနိုင်စွမ်းမရှိသည့်အလား ခံစားနေရစေ၏။ ထိုက်ယီသာ မရှိပါက ယခင်စကြ၀ဠာထဲ ရောက်ရှိ၍ ဝိညာဉ်များ ပြိုကွဲကာ ရုပ်ခန္ဓာတို့ ဖျက်ဆီးခံရပေလိမ့်မည်။
“ဒီအဘိုးကြီးထိုက်ယီက တော်တော်ကြမ်းတာပဲဟ”
ရှုကျွင်းမှာ ထိုက်ယီ တိုက်ခိုက်ရင်း ဆက်သွားနေသည်ကို ကြညိ့ရင်း လေးစားနေမိသည်။ “အိုလာလေ စွမ်းလာလေ ထင်ပါရဲ့”