← Chapters

ထောင်ချောက်

Vol. 114 Ch. 1490

ထောင်ချောက်

Vol. 114 Ch. 1490

ထိုက်ယီသည် တိုက်ခိုက်လာရင်း မြစ်၏ အလယ်ဗဟိုသို့ ရောက်လာ၏။ ရုတ်တရက် အရိုးစုတစ်ခုက မြစ်ထဲမှ ဘွားခနဲ ထွက်လာကာ သူတို့၏လမ်းကို ပိတ်ရပ်လိုက်သည်။

“တာအိုနောင်တော်တို့၊ ခင်ဗျားတို့က တာအိုသိုင်းပညာရှင်တွေ ဖြစ်နေပြီးပြီလေ… ဘာလို့ သေခြင်းရှင်ခြင်းကို ဒီလောက်အာရုံစိုက်နေရတာလဲ” ထိုက်ယီက ရပ်လိုက်ပြီး တောင်ဝှေးကို မှီကာ မေးလိုက်သည်။

အရိုးစုသည် သူ၏စကားများကို နားလည်ပုံရ၏။ ၎င်း၏ မေးရိုးက ပွင့်လာပြီးနောက် ပြန်ပိတ်သွားသော်လည်း ဝေစွေ့ဖုန်းနှင့် ရှုကျွင်းမှာ ပြောလိုက်သည့်အရာကို နားမလည်ကြပေ။ ၎င်းက နက်နဲသော တာအိုဘာသာစကားတစ်ခု ဖြစ်သယောင်ပင်။

သူ၏အသွင်က ထိုက်ယီကို အပြစ်တင်နေသည့်အလား ထင်ရ၏။

ဒီလောကတွင် မျိုးနွယ်စုများစွာ ရှိသည်။ ကောင်းကင်ထက်က ကြယ်တာရာများသဖွယ် ရေတွက်၍ပင် မရနိုင်ပေ။ ဤစကြာဝဠာသည် မွေးဖွားခြင်းနှင့် သေဆုံးခြင်းကို ဆယ့်ခြောက်ကြိမ် တွေ့ဆုံခဲ့ရပြီးဖြစ်သဖြင့် ဘာသာစကားကို နားမလည်နိုင်ပေ။

သို့သော် ဘာသာစကားတစ်ခုဖြင့်တော့ ပြောဆိုဆက်သွယ်နိုင်၏။ ၎င်းက တာအိုဘာသာစကားဖြစ်သည်။

မဟာတာအိုကို ဘာသာစကားအဖြစ် အသုံးပြုခြင်းဖြင့် မိမိ၏အတွေးများအား ထုတ်ဖော်ပြောနိုင်ကြသည်။ သို့သော် တာအိုဘာသာစကားဖြင့် ပြောဆိုဆက်သွယ်နိုင်ရန် စွမ်းဆောင်နိုင်စွမ်းတို့က အလွန်တရာမြင့်မားရလိမ့်မည်။

မြစ်ထဲရှိ အရိုးစုမှာလည်း တာအိုရထားပြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အလျောက် အလွန်အမင်း စွမ်းအားကြီးပေသည်။

ထိုက်ယီက တခဏ နားထောင်နေပြီးနောက် ခေါင်းခါရမ်းလိုက်သည်။ “ခင်ဗျား ဘယ်လိုပဲပြောပြော ခင်ဗျားက သေရမှာ ကြောက်နေတာပဲ”

သူ ထိုသို့ ပြောလိုက်သည်နှင့် မြစ်ထဲရှိ အရိုးစုက ထိုက်ယီအပေါ် ခုန်အုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဖရိုဖရဲမြစ်ကား တပွက်ပွက် ဆူပွက်လာပြီး အရိုးစုတစ်ခုပြီးတစ်ခုက မြစ်ထဲမှ ခုန်ထွက်လာကာ ထိုက်ယီထံ အရပ်လေးမျက်နှာမှ ပြေးဝင်လာကြချေပြီ။

ထိုက်ယီခြေထောက်အောက်ရှိ ဖရိုဖရဲမြစ်ထဲတွင်လည်း အရိုးစုတစ်ခုက ပြေးလာနေသည်။

သူတို့အသုံးပြုနေကြသည့် ကောင်းကင်နတ်သိုင်းများကို ရှုကျွင်းနှင့် ဝေစွေ့ဖုန်းမှာ လုံးဝနားမလည်နိုင်ကြပေ။ တာအိုအဆင့်၏ နက်နဲမှုက သူတို့နှစ်ယောက် တစ်ခါမှမမြင်ဖူးသော အရာဖြစ်၏။

ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ကောင်းကင်နတ်သိုင်းများကိုပင်လျှင် သူတို့နှစ်ယောက် တချို့တဝက် နားလည်နိုင်ကြသေးသည်။ သို့သော် မြစ်ထဲရှိ အရိုးစုများ၏ ကောင်းကင်နတ်သိုင်းများကိုတော့ လုံးဝနားမလည်နိုင်ကြပေ။

ထိုက်ယီက လက်ထဲတွင် တောင်ဝှေးကို ကိုင်လျက် ရပ်လိုက်သည်။ မြစ်ထဲရှိ အရိုးစုများ၏ ကောင်းကင်နတ်သိုင်းများ မည်မျှပင် နက်နဲပါစေ တောင်ဝှေးသည် ၎င်းတို့အားလုံးကို ဖောက်ထွက်၍ သူတို့၏ နဖူးတည့်တည့်ကို ရိုက်ချနေ၏။

အရိုးစုတစ်စု၏ ဦးခေါင်းက ပေါက်ကွဲထွက်သွားပြီး ဖရိုဖရဲမြစ်ထဲသို့ ပြန်လည်နစ်မြုပ်သွားသည်။

ထိုက်ယီ၏ တောင်ဝှေးက အပေါ်အောက် လှုပ်ရှားရင်း ရိုက်နှက် ဖြိုခွဲနေလေသည်။ သိုင်းကွက်တစ်ကွက်စီတိုင်းက ရိုးရှင်းလွန်းသဖြင့် ကိုးယိုးကားယား ပုံစံပင် ပေါက်နေသည်။ သို့သော် သိုင်းကိုယ်တစ်ကွက်စီတိုင်းသည် တိတိကျကျဖြင့် ရန်သူကို ရိုက်နှက်နိုင်၏။ နှေးကွေးပုံရသော်လည်း အလွန်တရာ မြန်ဆန်သောကြောင့် မကြာမီ အရိုးစုလုံးသည် ဖရိုဖရဲမြစ်အောက်ခြေသို့ ပြန်ကျသွားကြတော့သည်။

ထိုက်ယီက ရုတ်တရက် တောင်ဝှေးကို ပြန်သိမ်းလိုက်ရာ တောင်ဝှေးထိပ်သည် မြစ်ရေမျက်နှာပြင်နှင့် ထိတွေ့သွား၏။ ထိုစဉ် သူ၏ခြေထောက်အောက်မှ အလစ်တိုက်ရန် ကြိုးစားနေ‌သော မြစ်အောက်ခြေရှိ အရိုးစုမှာ မျက်ခုံးနှစ်ဖက်ကြားသို့ ရိုက်ချခံလိုက်ရပြီး အသံပင်မထွက်နိုင်ဘဲ မြင့်အောက်ထဲသို့ ပြန်လည်နစ်မြုပ်သွားတော့သည်။

ထိုက်ယီက အံ့အားသင့်နေကြသော ရှုကျွင်းနှင့် ဝေစွေ့ဖုန်းအား လှမ်းပြော၏။ “အဲဒီလူတွေက တာအိုရသေ့ဟောင်းတွေပဲ… ဖရိုဖရဲမြစ်က သူတို့နေထိုင်တဲ့ ပျက်စီးသွားတဲ့ စကြ၀ဠာ … သူတို့ရဲ့ ပျက်စီးနေတဲ့ စကြ၀ဠာမြစ်ထဲကနေ သတ်ဖြတ်ဖို့ ထွက်လာကြတာပေါ့လေ….သူတို့ကို မြစ်ထဲက ပြန်ရိုက်ထုတ်သရွေ့ သူတို့နေထိုင်တဲ့ စကြ၀ဠာဆီ ပြန်ရောက်သွားကြပြီး လာနိုင်ကြတော့မှာ မဟုတ်ဘူး”

ဝေစွေ့ဖုန်းက‌ မေးလိုက်မိသည်။ “တာအိုနောင်တော်၊ သူတို့ ဖရိုဖရဲမြစ်ကနေ ခုန်ထွက်လာပြီး ကမ်းစပ်ပေါ်ရောက်လာရင်‌ရော..”

“သူတို့ မြစ်ထဲကနေ ခုန်ထွက်ပြီး ကမ်းစပ်ပေါ် ခြေမချနိုင်သရွေ့ ငါတို့ စကြ၀ဠာဆီ ၀င်လာနိုင်ကြမှာ မဟုတ်ဘူး… ကပ်းစပ်ပေါ် ခြေချလိုက်ရင်တော့ ငါလည်း ဘာမှမလုပ်နိုင်တော့ဘူး”

အချိန်အတော်ကြာပြီးနောက် သူတို့အားလုံး မြစ်တစ်ဖက်ကမ်းသို့ ရောက်ရှိလာကြသည်။ သုံးယောက်သား ရှေ့သို့လှမ်းကြည့်လိုက်ရာ နောက်ထပ်ဖရိုဖရဲမြစ်တစ်စင်းသည် သူတို့လမ်းအား ပိတ်ထားကြောင်း တွေ့လိုက်ကြရလေသည်။

ထိုက်ယီက မျက်မှောင်ကြုတ်သွားသည်။ ရှုကျွင်းနှင့် ဝေစွေ့ဖုန်းမှာလည်း ဇဝေဇဝါ ဖြစ်သွား၏။

“ငါ့ခန္ဓာကိုယ်က အိုနေပြီ… ငါ့ရဲ့ စွမ်းအားတွေက အားကောင်းပေမယ့် ခန္ဓာကိုယ်ကတော့ မစွမ်းဆောင်နိုင်တော့ဘူး… တစ်လမ်းလုံး တိုက်ခိုက်သွားရင် သေချာပေါက် ပင်ပန်းလိမ့်မယ်”

ထိုက်ယီက သူတို့နှစ်ယောက်ကို ပြောသည်။ “မင်းတို့နှစ်ယောက် ဒီမှာနေကြ… မလှုပ်ကြနဲ့… ငါ တခြားခန္ဓာကိုယ်ပြောင်းမလို့ စောင့်နေကြ”

သူတို့နှစ်ယောက်မှာ ကြောက်လန့်တုန်လှုပ်သွားကြသည်။ ထိုက်ယီသည် ဖရိုဖရဲမြစ်ထဲ ဆင်းသွား၏။ တစ်ခဏကြာပြီးနောက် မြစ်ထဲရှိ ရေများ လှိုင်းထသွားကာ လူငယ်တစ်ယောက်က မြစ်ထဲမှ ထွက်လာသည်။ လူငယ်၏ ရုပ်ရည်အသွင်အပြင်က နူးညံ့ညင်သာနေပြီး သူရဲကောင်းတစ်ယောက်၏ ဟန်ပန်အမူအရာ ရှိသည်။ သူသည် လက်ထဲတွင် သစ်သားလှံတစ်လက်အား ကိုင်ထားပြီး ၎င်းဆီမှ သစ်ရွက်နုလေးများပင် အနည်းငယ် ပေါက်နေကြ၏။ “သွားကြစို့”

ထိုက်ယီ မည်သည့်နေရာသို့ ဆင်းသွား၍ မည်သူအဖြစ် အသွင်ပြောင်းခဲ့မှန်း ဝေစွေ့ဖုန်းနှင့် ရှုကျွင်း မသိကြပေ။

သူတို့က ထိုက်ယီလက်ထဲရှိ သစ်သားလှံကို အကဲခတ်နေကြသည်။ ဤလှံကို မည်သည့်သစ်သားမျိုးဖြင့် သွန်းလုပ်ထားသည်လဲ သူတို့မသိနိုင်ကြပေ။

လူငယ်ထိုက်ယီက သူတို့အား ဒုတိယမြောက် ဖရိုဖရဲမြစ်ဆီသို့ ခေါ်ဆောင်သွားသည်။ ဤတစ်ကြိမ်တွင် လူငယ်ထိုက်ယီမှာ အဘိုးအိုထိုက်ယီလောက် မတည်ငြိမ်ပေ။ သူ၏ လှံသိုင်းကွက်တို့က ပုံစံပမျိုးမျိုး ပြောင်းလဲနေပြီး ယခင်လိုလည်း ရိုးရှင်းမနေတော့ချေ။

သူတို့၏ စွမ်းဆောင်ရည်များက ထိုက်ယီလောက် မမြင့်မားသည့်တိုင် လူငယ်၏ အနီးကပ်လှံသိုင်းကွက်များမှာ အဘိုးအိုထိုက်ယီ၏ သိုင်းကွက်များလောက် မရိုးရှင်းသည်ကိုတော့ တွေ့မြင်နေကြရသည်။

ကံကောင်းစွာဖြင့် လူငယ်ထိုက်ယီ၏ ခန္ဓာကိုယ်မှာ ပိုမိုသန်မာကြံ့ခိုင်၏။ သူက ရှေ့သို့ ဖြိုခွင်းကာ တက်သွားနေသောကြောင့် အနည်းငယ် ပို၍အန္တရာယ်များလေသည်။

ဤခရီးသည် ဝေစွေ့ဖုန်းနှင့် ရှုကျွင်းအား ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေသော်လည်း မြစ်အား အန္တရာယ်ကင်းကင်း ကျော်ဖြတ်နိုင်ခဲ့သည်။

သို့သော် အခြားတစ်ဖက်တွင် ဧရာမဖရိုဖရဲမြစ်ကြီးတစ်ခုက ဆီးကြိုနေပြန်၏။

ထိုက်ယီက မျက်မှောင်ကြုတ်၍ တခဏ အကဲခတ်ပြီးနောက် ပြော၏။ “ဒီမြစ်က ဖြတ်ဖို့ ခက်လိမ့်မယ်… ငါ ခန္ဓာကိုယ် ပြောင်းတာ စောင့်ကြဦး” သူက ထိုသို့ပြောပြီးနောက် မြစ်ထဲ ခုန်ဆင်းသွားပြန်သည်။

ဝေစွေ့ဖုန်းနှင့် ရှုကျွင်းတို့မှာ နေသားကျနေပြီဖြစ်၏။ သူတို့က မြစ်‌ဘေးတွင် ရပ်ကာ စောင့်နေကြသည်။ တခဏကြာသော် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက မြစ်ထဲမှ ပျံထွက်လာ၏။ သူမက လက်ထဲတွင် ဓားပါးတစ်လက်ကို ကိုင်ထားပြီး နူးညံ့ချိုသာသော အသံလေးဖြင့် ပြောသည်။ “ငါ့နောက် ခဏလိုက်ခဲ့ကြ”

အမျိုးသမီးက သူတို့နှစ်ယောက်အား မြစ်ကို ဖြတ်၍ ခေါ်သွား၏။ လမ်းတစ်လျှောက်တွင် ဓားအလင်းရောင်က လျှပ်စီးကဲ့သို့ ဖရိုဖရဲများအကြား ဖြတ်သန်းနေသည်။ ၎င်းက ဖရိုဖရဲမြစ်ထဲရှိ ထူးဆန်းသော အန္တရာယ်များကို ခုတ်ပိုင်း၍ ဖရိုဖရဲမြစ်ထဲ ပြန်လည်တွန်းပို့နေ၏။

လမ်းတွင် မြစ်တစ်စင်းပြီးတစ်စင်းကို ဖြတ်သန်းလာခဲ့ကြရသည်။ ထိုက်ယီမှာလည်း သူ၏လက်ထဲရှိ လက်နက်ကို ပုံစံဆယ်မျိုးကျော် ပြောင်းလဲခဲ့ရလေသည်။

ဝေစွေ့ဖုန်းနှင့် ရှုကျွင်းမှာ သူ ထိုလက်နက်များကို မည်သည့်နေရာမှ ရနေမှန်း နားမလည်နိုင်ကြပေ။

ဧရာမမြစ်ကြီးနောက်တစ်စင်းဆီသို့ ရောက်လာကြသည့်အခါ ဤတစ်ကြိမ်တွင် ထိုက်ယီ နတ်လေး သယ်ဆောင်ထားသော ဗလတောင့်တောင့် ယောက်ျားပျိုတစ်ဦးအသွင် ပြောင်းထား၏။

ဝေစွေ့ဖုန်းမှာ နတ်လေးကို ကြည့်ရင်း ရင်းနှီးနေသလို ခံစားနေရသည်။ ရုတ်တရက် သူ့မျက်လုံးထောင့်များ တွန့်သွား၏။ ‘ဒါက ညီလေးကိုင်တဲ့ နတ်လေးလား မသိဘူး… ထူးဆန်းလိုက်တာ…. ထိုက်ယီက အရင်စကြ၀ဠာတွေဆီ ပြန်သွားပြီးတော့ တာအိုသိုင်းပညာရှင်တွေရဲ့ ခန္ဓာကိုယ်တွေနဲ့ လက်နက်တွေကို ငှားယူလာတာများလား… သူ အရင်စကြ၀ဠာဆီ ဘယ်လိုပြန်သွားနေတာလဲ… ဒီဖရိုဖရဲမြစ်က တကယ်ပဲ တခြားစကြ၀ဠာတွေဆီ ရောက်နိုင်တာလား’

ရှုကျွင်းမှာလည်း ဤနတ်လေးသည် ချင်မူ ကျောက်တုံးတွင်းထဲမှ တူးယူလာခဲ့သော နတ်လေးနှင့် တူမှန်း သတိထားမိလေသည်။ သူ့စိတ်ထဲတွင် ရှုပ်ထွေးလာတော့သည်။ “ထိုက်ယီက အတိတ်တုန်းက ပုံစံအမျိုးမျိုး ပြောင်းပြီး နေလာခဲ့တာက …. တခြားတာအိုသိုင်းပညာရှင်တွေရဲ့ ပုံစံကိုပါ ငှားယူလို့ရတာလား… ဒါက တော်တော် နက်နဲကျယ်ပြန့်တဲ့ ကောင်းကင်နတ်သိုင်းပဲ…”

သူတို့နှစ်ယောက်သား နောက်ထပ် မေးခွန်းများ မမေးကြတော့ဘဲ မြစ်အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ သို့သော် အောက်တွင် ဖရိုဖရဲမြူ‌ငွေ့များက အုံ့ဆိုင်းနေသဖြစ် မြစ်အောက်ခြေသို့ သဲသဲကွဲကွဲ မမြင်ရချေ။

ထိုစဉ် လေတစ်ချက် ဝေ့တိုက်သွားသည်။ ဗလတောင့်တောင့်ထိုက်ယီက လက်ဆန့်တန်း၍ ကာလိုက်၏။ ချက်ချင်းဆိုသလို ဖရိုဖရဲမြစ်မှာ လှိုင်းထန်လာပြီး ရေမျက်နှာပြင်က တဖြည်းဖြည်း တိမ်လာသည်။ ‌ဝေစွေ့ဖုန်းနှင့် ရှုကျွင်းက တိမ်တိုက်များ ရပ်နေသည့်အလား ခံစားလာကြရပြီး ထိုအထဲတွင် လမ်းလျှောက်သွားကြ၏။ သူတို့၏အောက်တွင် ကျယ်ပြော၍အဆုံးမရှိသော ဘိုးဘေးနန်းတော်တစ်ခုက နေရာယူထားလေသည်။

သို့သော် ၎င်းမှာ ယနေ့ခေတ်၏ ဘိုးဘေးနန်းတော် မဟုတ်ပေ။ ထိုအစား ပို၍ အိုမင်းပြီး ပျက်စီးယိုယွင်းနေသော ဘိုးဘေးနန်းတော်တစ်ခုပင်။

ဘိုးဘေးနန်းတော်မှာ ယခုအခိုက်အတန့်တွင်ပင်လျှင် ပြိုလဲနေလေသည်။

အောက်တွင် ဘိုးဘေးနန်းတော်တစ်ခုတည်းသာ ပြိုလဲပျက်စီးနေသည်မဟုတ်ဘဲ စကြ၀ဠာတစ်ခုလုံး ပြိုကျနေ၏။ ခမ်းနားကြီးကျယ်သော သစ်ပင်ကြီးတစ်ပင်သာ မဟာကပ်ဘေးကြီး၏ အလယ်တွင် မတုန်မလှုပ်ဘဲ ကောင်းကင်နှင့် မြေကြီးအကြားတွင် နေရာယူထားသည်။

ဝေစွေ့ဖုန်းနှင့် ရှုကျွင်းမှာ ကြက်သီးမွေးညှင်းများ ထသွားကြ၏။ စကြ၀ဠာ ပြိုလဲနေသည့်အချိန်တွင် သစ်ပင်အမြစ်ဆီလို့ လာနေကြသော ပြိုင်ဘက်ကင်းသိုင်းပညာရှင်များစွာကို တွေ့မြင်နေကြရသည်။ သူတို့၏ သန်မာအားကောင်းသော ခန္ဓာကိုယ်များက ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲရင်း ကြယ်တာရာများနှင့် စစ်မြေပြင်ကိုရွေ့လျားစေကာ ခမ်းနားသော နတ်ဘုရားမြို့တစ်မြို့ကို ဖန်တီးနေကြ၏။

ထိုအခိုက်အတန့်တွင် လေပြင်းသည် တိုက်ခတ်နေခြင်း ရပ်တန့်သွားပြီး ဖရိုဖရဲချီတို့က မြစ်ပေါ်တွင် နေရာယူကာ သူတို့၏အမြင်အာရုံကို ဖုံးကွယ်လိုက်သည်။

သူတို့နှစ်ယောက်မှာ အံ့အားသ့င်နေကြကာ တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် နှုတ်ဆိတ်နေကြမိသည်။

ထိုက်ယီက လေးကြိုးကို ဆွဲ၍ မြစ်ထံ မြားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေ၏။

ဆယ့်ခြောက်စင်းမြောက် မြစ်ဆီသို့ ရောက်သည့်အခါ ထိုက်ယီက ပြောသည်။ “မီလော့နန်းတော်သခင်က စောင့်နေတယ်… ငါ သူ့ကို ငါ့ရဲ့ အသန်မာဆုံးပုံစံနဲ့ တွေ့ရမယ် … ခဏလောက် စောင့်ပေးကြပါဦး”

သူက မြစ်ထဲသို့ ပြန်ခုန်ဆင်းသွားပြန်သည်။ တစ်ခဏကြာသော် ဗလတောင့်တောင့် ယောက်ျားကြီးတစ်ဦးက မြစ်ထဲမှ တက်လာ၏။ သူ့ကြွက်သားများက ဖောင်းကြွနေပြီး ဖရိုဖရဲပုဆိန်ကို သယ်ဆောင်ထားလေသည်။ သူက သူတို့နှစ်ယောက်အား ပြောသည်။ “အပြည့်အဝ ပြင်ဆင်ထားတာတော့ မဟုတ်ပေမယ့် ငါ အကောင်းဆုံး လုပ်နိုင်တာ ဒါ အကုန်ပဲ … ငါတို့မြစ်ကို ဖြတ်ပြီးရင် မင်းတို့နှစ်ယောက် အပြင်မှ စောင့်နေကြ… ငါ သွားတွေ့မယ်”

သူတို့နှစ်ယောက်က ခေါင်းညိတ်လိုက်ကြသည်။

ဆယ့်ခြောက်စင်းမြောက် မြစ်မှာ အလွန်တရာ ကျယ်ပြန့်၏။ ထိုက်ယီက ပုဆိန်ကို ကိုင်၍ သူတို့နှစ်ယောက်ကို ခေါ်သွားသည်။ မြစ်ရေပြင်မှာ တည်ငြိမ်အေးဆေးနေပြီး ယခင်ကလောက် မထူးဆန်းသည်ကို သတိထားမိကြ၏။

သူတို့နှစ်ယောက်မှာ ကြောက်ရွံတုန်လှုပ်စွာဖြင့် သတိကပ်ထားရသည်။ အခြားတစ်ဖက်တွင် မြူခိုးများက သိပ်သည်းပြည့်ကြပ်စွာ နေရာယူထားပြီး ဖရိုဖရဲအရှိန်အဝါတို့က သူတို့၏အမြင်အာရုံကို ဖုံးကွယ်ထား၏။ သူတို့သည် ဖရိုဖရဲ အရှိန်အဝါတို့ကို ဖြတ်၍ ထိုက်ယီနောက်မှ လိုက်လာကြသည်။ အဝေးမှကြည့်လျှင် ဖရိုဖရဲအရှိန်အဝါထဲ၌ ဧရာမအရိပ်ကြီးများ ရပ်နေသည်ကို တွေ့ရနိုင်သော်လည်း မည်သည့်အရာများ ဖြစ်သည်ကိုတော့ သေချာမမြင်နိုင်ပေ။

သူတို့နှစ်ယောက်မှာ ပိုပို၍ စိုးရိမ်လာကြသည်။ သို့သော် ဖရိုဖရဲမြစ်၏ အခြားတစ်ဘက်သို့ ရောက်ရှိချိန်တွင် စောစောကအရိပ်များသည် ကြီးမားမြင့်မားသည့် ကျောက်စိမ်းနန်းဆောင်များနှင့် ထူးဆန်းသော အဆောက်အဦးများ ဖြစ်ကြောင်း တွေ့လိုက်ကြရ၏။

“လှလိုက်တဲ့မြို့ပဲ”

ဝေစွေ့ဖုန်းက ချီးကျူးလိုက်မိသည်။ “ကျောက်စိမ်းမြို့တော်.. ကျောက်စိမ်းမြို့တော်ပါလား… ဒါက အစစ်အမှန်ကျောက်စိမ်းမြို့တော်ပဲ… ကောင်းကင်နတ်ဘုံရဲ့ ကျောက်စိမ်းမြို့တော်က ဒီနေရာနဲ့ ယှဉ်လိုက်ရင် ရွံ့နွံနဲ့ဆောက်လုပ်ထားသလို ဖြစ်သွားပါရော့လား”

ရှုကျွင်းကလည်း ခေါင်းတညိတ်ညိတ်ဖြင့် တတွတ်တွတ် ချီးကျူးနေသည်။

“ဒါကို ကျောက်စိမ်းမြို့တော် ဒါမှမဟုတ် မီလော့နန်းတော်လို့ ခေါ်လို့ရတယ်”

ထိုက်ယီက ဖရိုဖရဲပုဆိန်ကို ‌ကျောတွင် ထမ်းလျက် ရှေ့သို့ ‌ ခြေတစ်လှမ်းလှမ်းလိုက်၏။ သူ၏ခြေတစ်လှမ်းကို ဝေစွေ့ဖုန်းတို့ ခြေလှမ်းတစ်ရာလောက် လှမ်းမှ လိုက်မှီလေသည်။ ထိုက်ယီက ပြော၏။ “ကောင်းကင်နတ်ဘုံရဲ့ နတ်ကောင်းကင်ခန်းမကလည်း မီလော့နန်းတော်ရဲ့ ခန်းမတွေထဲက တစ်ခုပဲ… ဟိုနေရာကို လှမ်းကြည့်လိုက်”

သူက ပုဆိန်ကို မြှောက်ကာ ညွှန်ပြလိုက်သည်။ အမှန်တကယ်ပင် နတ်ကောင်းကင်ခန်းမတစ်ခုအား တွေ့မြင်လိုက်ရ၏။

သို့သော် ဤနတ်ကောင်းကင်ခန်းမမှာ ကောင်းကင်နတ်ဘုံရှိ နတ်ကောင်းကင်ခန်းမထက် ပို၍ခမ်းနားတင့်တယ်နေသည်။ တစ်ချိန်တည်းမှာပင် နန်းဆောင်ပတ်ပတ်လည်တွင် မဟာတာအို၏ သဘာဝအရှိန်အဝါတို့က ဝေ့ဝဲပျံလွင့်နေကြ၏။

ကောင်းကင်နတ်ဘုံရှိ နန်းဆောင်မှာ ဤနန်းဆောင်နှင့် လုံးဝမယှဉ်နိုင်ပေ။

“ကောင်းကင်နတ်ဘုံက နတ်ကောင်းကင်ခန်းမကို ဖန်ဆင်းရှင်တွေ ဖန်ဆင်းထားခဲ့ကြတာ … ကောင်းကင်နတ်ဧကရာဇ်က ဒီနေရာကို မြင်ခဲ့ပြီး နန်းဆောင်ပုံစံကို မြင်ယောင်ဖန်ဆင်းခဲ့တာ ဖြစ်မယ်… ဒါပေမဲ့ အစစ်အမှန်နန်းဆောင်ကိုတော့ မဖန်ဆင်းနိုင်ခဲ့ဘူး” ထိုက်ယီက အေးဆေးတည်ငြိမ်စွာ ရှင်းပြသည်။

ဝေစွေ့ဖုန်းမှာ ၎င်းကိုကြားလျှင် အတော်လေးအံ့ဩမိသွားသည်။ သူက အရေးကြီးသော တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်အမြန် မေးလိုက်မိ၏။ “ဒီနေရာက သဘာဝအတိုင်း ဖြစ်လာတာ မဟုတ်ဘဲနဲ့ မီလော့နန်းတော်အရှင်သခင် ဖန်တီးထားတာလား”

ထိုက်ယီက ခေါင်းညိတ်သည်။ “ဒီ ရတနာနန်းတော်ကို မဟာတာအိုကနေ တည်ဆောက်ထားတာလေ… ကျောက်စိမ်းမြို့တော်တစ်မြို့လုံးကလည်း တာအိုသိုင်းပညာရှင်တွေရဲ့ မဟာတာအိုကနေ ဖွဲ့တည်ထားတာပဲ… ဒါကြောင့်မို့လို့ အမြင့်ဆုံးစွမ်းအားကို ပိုင်ဆိုင်တယ်”

ဝေစွေ့ဖုန်းမှာ အေးစက်နေသော ရေဖြင့် လောင်းခံလိုက်ရသကဲ့သို့ ခံစားနေရသည်။ သူ၏နှလုံးသားမှာ အေးခဲနေပြီး သူပင် မသိလိုက်ဘဲ အော်ဟစ်လိုက်မိ၏။ “ဒါဆိုရင် အဆင့်သုံးဆင့်ရဲ့ အရင်းအမြစ်ကရော… ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမဆင့်နဲ့ ဧကရာဇ်ပလ္လင်အဆင့်လေ… အဲဒီအဆင့်သုံးဆင့်က ကောင်းကင်နတ်ဘုံရဲ့ ကျောက်စိမ်းမြို့တော်အတိုင်း ဖန်တီးထားတာ… ကျောက်စိမ်းမြို့တော်က ဒီနေရာကို တုပပြီး ဖန်တီးထားတာဆိုရင်…အဲ့ဒါဆိုရင်…”

သူ့မှာ ကြက်သီးမွေးညှင်းများ ထလာပြီး ဆက်မပြောရဲတော့ပေ။

ရှုကျွင်းက ရုတ်တရက် ဝင်မေးလေသည်။ “အဲဒီအဆင့်သုံးဆင့်လုံးက ထောင်ချောက်တွေဆိုတဲ့ အဓိပ္ပာယ်လား”

ကျောက်စိမ်းမြို့တော်ထောင်ချောက်။

ကျောက်စိမ်းမြို့တော်အဆင့်သည် ထောင်ချောက်တစ်ခု၊ နတ်ကောင်းကင်ခန်းမသည်လည်း ထောင်ချောက်တစ်ခုဖြစ်ပြီး ဧကရာဇ်ပလ္လင်အဆင့်ပင်လျှင် ထောင်ချောက်တစ်ခု ဖြစ်နေသည်တဲ့လား။

တစ်လောကလုံးရှိ သိုင်းပညာရှင်အားလုံးအနက် မည်သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဤသို့ကြောက်မက်ဖွယ် ထောင်ချောက်ဆင်နိုင်သည့်အထိ စွမ်းဆောင်ရည်၊ နည်းလမ်းနှင့် အသေးစိတ်ကျသော အစီအစဉ်တစ်ခုကို ရေးဆွဲနိုင်ပါသနည်း။

မီလော့နန်းတော်၏ အရှင်သခင်လော။

သူတို့မှာ တဖြည်းဖြည်းနီးကပ်လာနေသော နန်းတော်ကို ကြည့်ရင်း ကြက်သီးမွှေးညှင်းများ ထနေကြသည်။ သူတို့၏ နှလုံးသားထဲ၌ အေးခဲနေကြပြီး အေးစက်မှုက ကျောရိုးတစ်လျှောက် တက်ကာ လည်ပင်း၊ လည်ပင်းမှ တစ်ဆင့် စိတ်ထဲသို့ ပျံ့နှံ့သွား၏။

ထိုက်ယီက မည်သည်မှ မပြောသလို သူတို့၏ထင်ကြေးများကိုလည်း အဖြေမပေးပေ။ သို့သော် သဲလွန်စများကိုကြည့်ခြင်းဖြင့် သူတို့၏ထင်‌ကြေးများကို အဖြေထုတ်နိုင်သည်။

“ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ငါတို့ရှာတွေ့ခဲ့တုန်းကလည်း တိုက်ဆိုင်မှုတစ်ခုပဲ”

ရှုကျွင်းက ခပ်တိုးတိုး ရေရွတ်နေသည်။ “ပိုယန်နဲ့ ငါ တခြားလမ်းတစ်လမ်းကနေ ရောက်လာကြတာ ... မဟာဧကရာဇ်နဲ့ ထိုက်ချူက ငါတို့နဲ့ လမ်းမတူဘူး… ဒီနေရာကို အရင်က သူတို့ရောက်ဖူးတာများလား… မီလော့နန်းတော် အရှင်သခင်က တစ်ခုခုကြံစည်နေတာဆိုရင် အဲဒီကတည်းက ကြံစည်နေခဲ့တာ ဖြစ်လောက်တယ်…”

“မင်းတို့ ဒီမှာနေခဲ့ကြ”

ထိုက်ယီက တောင်ဝှေးတစ်လက်ကို မြေကြီးတွင် ထိုးစိုက်ခဲ့ပြီး ဖရိုဖရဲပုဆိန်ကြီးကို ကျောတွင် ထမ်းလျက် မီလော့နန်းတော်ဆီသို့ လျှောက်သွားသည်။ သူက ခပ်ဩဩလေသံဖြင့် လှမ်းပြောသည်။ “ငါ သူ့ကို သွားတွေ့မယ်… ငါ သူ့ကို တားဆီးနိုင်ရင်တော့ အကုန်လုံး အဆင်ပြေသွားလိမ့်မယ်… မတားနိုင်ရင်တော့….”

All Chapters