← Chapters

ကလန်ကလျားအရိပ်

Vol. 114 Ch. 1492

ကလန်ကလျားအရိပ်

Vol. 114 Ch. 1492

ညအချိန် အနက်ရောင်တောင်တန်းပေါ်တွင် …

ချင်မူတစ်ယောက် လောကသစ်ပင်၏ ထိပ်ဖျားတွင် ထိုင်နေပြီး ထိုက်ယီ၏ တာအိုသစ်ပင်ဆီမှ ကျလာနေသော သစ်စေးကို စုဆောင်းနေသည်။

ထိုက်ယီပြောသွားသည့် အချိန် နှစ်တစ်ဝက်ကား ပြည့်ပေတော့မည်။ ဖန်တရာထပ်နေ‌သော ဤလုပ်ရပ်အား ထပ်ခါတလဲလဲ လုပ်ဆောင်နေခဲ့ရသည်မှာလည်း နှစ်ဝက်ပြည့်တော့မည်။ ဖန်တရာထပ်နေသော်လည်း အက်ကွဲနေသော အနက်ရောင်တောင်တန်းများကို ပြုပြင်ရန် ‌သစ်စေးများ စုဆောင်းရသည့်အချိန်တိုင်း ထိုက်ယီထမ်းပိုးထားရသည့် ကြီးမားသောတာဝန်ကိုလည်း ခံစားမိ၏။

ချင်မူမှာ ဤတာဝန်ကို နှစ်တစ်ဝက်သာ ယူရသေးသော်လည်း ထိုက်ယီကတော့ နှစ်ကုဋေပေါင်းများစွာ လုပ်ဆောင်နေခဲ့ရသည် မဟုတ်လော။

ရုတ်တရက် အန္တိမဟင်းလင်းပြင်ထဲရှိ ထိုက်ယီတာအိုသစ်ပင်မှာ ခါယမ်းသွားပြီး တာအိုသစ်စေးအစက်များ တပေါက်ပေါက် ကျလာသည်။

ချင်မူ့ရင်မှာ ဒိန်းခနဲ ခုန်သွားသည်။ သူက ကောင်းကင်နတ်သိုင်းကို အလျင်အမြန် အသက်သွင်းလိုက်ရင်း စီးကျလာသည့် တာအိုသစ်စေးတို့အား ရေပုံးထဲ ခံလိုက်သည်။ သို့သော် ထိုက်ယီတာအိုသစ်ပင် လွှမ်းခြုံထားသည့် ဧရိယာပမာဏက ကြီးမားလွန်းသဖြင့် တာအိုသစ်စေးတချို့သည် လောကသစ်ပင်ပေါ် ကျရောက်၍ ၎င်း၏သစ်ကိုင်းသစ်ရွက်များ စုပ်ယူခြင်းကို ခံလိုက်ရ၏။

ချင်မူ့ရင်ထဲ လေးလံလာသည်။ တာအိုသစ်စေးတချို့ ဆုံးရှုံးလိုက်ရခြင်းက အရေးပါပုံမပေါ်သော်လည်း အကျိုးဆက်များကတော့ ပေါ့သေးသေး မဟုတ်ပေ။။

တာအိုသစ်စေးကို အသုံးပြု၍ အနက်ရောင်တောင်တန်းများကို ပြုပြင်ရသည့်အတွက် သစ်စေးတစ်စက် လိုသွားသည်နှင့် ဧရာမအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်။ ယခင်စကြ၀ဠာမှ အင်အားကြီးသိုင်းပညာရှင်များ ဤစကြ၀ဠာတို့ ဝင်ရောက်လာနိုင်သည့် အခွင့်အရေးပင် ရရှိသွားစေနိုင်၏။

‘ဒုက္ခပဲ…’

သူ၏နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာသော်လည်း သူက စိတ်ပြန်ထိန်းလိုက်သည်။ တာအိုသစ်စေးတချို့ ဆုံးရှုံးလိုက်ရလျှင်တောင်မှ ယခင်စကြ၀ဠာမှ သိုင်းပညာရှင်များ ရောက်လာရန် ရက်အနည်းငယ်ကြာပေလိမ့်မည်။ ထိုက်ယီပြန်လာသည်အထိ အချိန်ဆွဲထားရန်သာ လိုအပ်မည်။

သို့သော်….

'ထိုက်ယီရဲ့ တာအိုသစ်ပင်က အန္တိမဟင်းလင်းပြင်မှာ ရှိတာလေ… အကြောင်းပြချက်မရှိဘဲ ဘာလို့လှုပ်ရမ်းနေရတာလဲ' သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင် မအီမသာ ဖြစ်လာသည်။

နေ့အချိန်တွင် ချင်မူသည် တုန်ခါမှုများကြောင့် အက်ကွဲသွားသော အနက်ရောင်တောင်တန်းများကို ရှာဖွေကာ ဂရုတစိုက် ပြုပြင်ပေး၏။ ထင်ထားသည့်အတိုင်း နောက်ဆုံး အနက်ရောင်တောင်တန်းကို ပြုပြင်ပြီးသည့်အချိန်တွင် တာအိုသစ်စေးအနည်းငယ် လိုအပ်နေသည့်အတွက် တောင်တန်းမှာ အပြည့်အဝ ပြန်ပိတ်မသွားချေ။

အနက်ရောင်တောင်တစ်လုံး၏ တောင်စွန်းတွင် ၂၆ ကိုက် ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ကြောင်း ရှိနေပြီး ၎င်း၏အနက်မှာ တိုင်းတာ၍ပင် မရနိုင်ချေ။

ချင်မူက တောင်အောက်တွင် ရပ်၍ အသေအချာ ကြည့်နေသည်။ ထို့နောက် အမှတ်အသားတစ်ခု ပြုလုပ်၍ ဤအနက်ရောင်တောင်၏ တည်နေရာအား မှတ်ထားလိုက်သည်။ ထို့နောက် ရှုရှန်းဟွာကို လှမ်းခေါ်သည်။ “ငါ ဒီနေရာမှာ နောက်ထပ်နှစ်ရက်လောက် နေပြီး စောင့်ကြည်ရဦးမယ်….. နောင်တော်ရှု၊ လောကသစ်ပင်ထိပ်ကို သွားပြီး တာအိုသစ်စေး ယူလာပေးပါ…. တာအိုသစ်စေးက တောင်တန်းတွေကို ပြုပြင်ဖို့ အဓိကပဲ… တစ်စက်‌လေးမှ ဆုံးရှုံးသွားလို့ မဖြစ်ဘူး…”

ရှုရှန်းဟွာဆိုသည်မှာ ကိစ္စများကို တည်ငြိမ်ဖြောင့်မတ်စွာဖြင့် ကိုင်တွယ်ဖြေရှင်းတတ်သူ ဖြစ်သည်။ တခြားသူများသာဆိုလျှင် တာအိုသစ်စေးအား ယူနေရင်း စားပစ်ကြပေလိမ့်မည်။

ရှုရန်းဟွာက အက်ကွဲကြောင်းကို ကြည့်လိုက်ရင်း မေးသည်။ “မင်း ဒီမှာ တစ်ယောက်တည်း ဖြစ်လို့လား…”

ချင်မူက ပြုံးနေပြီး ယုံကြည်ချက်အပြည့် ရှိနေ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အစွမ်းထက်ဆုံးက ငါပဲဟာ … ဒီတစ်ကြိမ် ငါ့ကောင်းကင်ရတနာနယ်ပယ်ထဲမှာ လောကသစ်ပင်လည်း စိုက်နိုင်ခဲ့ပြီဆိုတော့ သိုင်းအဆင့်က နောက်ထပ်မြင့်သွားတယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးအောက်တော့ နိမ့်ကျပေမယ့် ဧကရာဇ်လေးပါးအောက်တော့ နိမ့်ကျနေမှာ မဟုတ်ဘူး… ငါ မခုခံနိုင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဘယ်သူမှ ခုခံနိုင်မှာမဟုတ်ဘူး…နောက်ပြီး အရင်စကြ၀ဠာက သိုင်းပညာရှင်တွေ ရောက်လာဖို့ ရက်အနည်းငယ်လိုသေးတယ်… အဲ့မတိုင်ခင် ထိုက်ယီ ပြန်လာတဲ့အခါကျ သူ့ကို လွှဲပေးလိုက်ရုံပဲလေ…နှစ်တစ်ဝက်ပြည့်ဖို့ နှစ်ရက်ပဲလိုတော့တာဆိုတော့ ဒီနေရာမှာ နှစ်ရက်နေရုံပဲ”

ရှုရှန်းဟွာက ရေပုံးကို ဆွဲကာ ထွက်ခွာသွားသည်။

ချင်မူက ထိုင်လျက် နတ်လေးကို ဘေးတွင်ထားပြီး ညအချိန်ရောက်လာမည်ကို စောင့်ဆိုင်းနေ၏။

ညအချိန်ရောက်လာသည့်အခါ ကမ္ဘာမြေကြီး တုန်ခါသွားပြီး တောင်တန်းများလည်း တုန်လှုပ်လာသည်။ ဘိုးဘေးနန်းတော်အပြင်ဘက်တွင် နောက်ထပ်ကပ်ဘေးတစ်ခု ဖြစ်ပျက်လာချေပြီ။ ဘိုးဘေးနန်းတော်ထဲရှိ တောင်တန်းအားလုံး လှုပ်ခါသွားပြီး ချင်မူ့အရှေ့ရှိ အနက်ရောင်တောင်တန်းလည်း လှုပ်ခါလာသည်။ တဝုန်းဝုန်း မြည်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာကြပြီး တောင်တန်းမှ သစ်သားများ ကွဲအက်နေသကဲသို့ တဖြောင်းဖြောင်း မြည်သံများလည်း ထွက်လာ၏။

အက်ကွဲကြောင်းက နှစ်ဖက်လုံးသို့ ပျံ့နှံ့သွားပြီး ပို၍ရှည်လျားကြီးမားလာသည်။ နတ်အလင်းတန်းတို့က အက်ကွဲကြောင်းထဲမှ စိမ့်ထွက်လာပြီး တောင်စွန်းတွင် ရပ်လိုက်ပါက ‌တောင်စွန်းတွင် မျက်လုံးကြီးတစ်လုံး ပေါက်နေသည့်အလား ခံစားရပေလိမ့်မည်။

အက်ကွဲကြောင်းထဲရှိ နတ်အလင်းတန်းမှာ သိပ်သည်းနေသောကြောင့် ဧရာမမျက်လုံးကြီးပမာ ထင်နေရသည်။ မျက်လုံးကြီးက ဟိုကြည့်သည်ကြည့် ရွေ့လျားနေပြီးနောက် ချင်မူ့အား စိုက်ကြည့်လိုက်၏။

တောင်ထဲတွင် ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုး၀ါးတစ်ကောင် ရှိနေပြီး ၎င်း၏မျက်လုံးများဖြင့် အပြင်ရှိ ချင်မူ့ကို ခိုးကြည့်နေသည့်အလားပင်။

ရုတ်တရက် လူသားအရိပ်တစ်ခုက အက်ကွဲကြောင်းထဲရှိ အလင်းသဏ္ဌာန် မျက်လုံးဆီမှ ခုန်ထွက်လာသည်။

ချင်မူက မျက်ခုံးများပင့်လိုက်သည်။ နတ်လေးက သူ့ဘေးတွင် ရှိနေသော်လည်း သူက တောင့်ခံနေပြီး မလှုပ်ရှားပေ။

ထိုပုဂ္ဂိုလ်သည် ယခင်စကြ၀ဠာမှ ယခုစကြဝဠာသို့ မရောက်ရှိသေးလေရာ ဤအချိန်တွင် တိုက်ခိုက်လိုက်ခြင်းက သူ၏‌မှော်စွမ်းအင်ဖြင့် လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားလိမ့်မည်။

မျက်လုံးထဲရှိ ပုဂ္ဂိုလ်မှာ အချိန်အတော်ကြာသည်အထိ လမ်းလျှောက်နေသော်လည်း တောင်အက်ကွဲကြောင်းထဲမှ ထွက်မလာနိုင်သေးပေ။ နေထွက်လာသည့်အခါ ထိုပုဂ္ဂိုလ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး အက်ကွဲနေသည့် တောင်သာ ကျန်ရစ်ခဲ့သည်။

ချင်မူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ မကြာမီ ရှုရှန်းဟွာက ရေပုံးကို ဆွဲလျက် ရောက်လာသည်။ “ဒီတောင်ကို ပြင်ဦးမှာလား”

ချင်မူက ခေါင်းခါရမ်းသည်။ “ဒီတောင်ကို ပြင်လိုက်ရင် တခြားအက်ကွဲသွားတဲ့တောင်တွေအတွက် တာအိုသစ်စေး လုံလောက်တော့မှာ မဟုတ်ဘူး… နောက်ထပ်တစ်ရက်ပဲ တောင့်ခံရမှာ…. ထိုက်ယီ ပြန်လာတော့မှာပါ…. အဲဒီအချိန်ကျရင် တောင်ထဲက ပုဂ္ဂိုလ်တွေ ထွက်လာရင်တောင်မှ ပြဿနာများများစားစား ရှာနိုင်ကြမှာမဟုတ်ဘူး”

ရှုရှန်းဟွာက အနည်းငယ် မျက်မှောင်ကြုတ်၍ ‌တောင်၏ အက်ကွဲကြောင်းဆီသို့ ကြည့်လိုက်သည်။ ၎င်းက ကိုက် ၃၀၀ ရှည်လျားနေချေပြီ။

အက်ကွဲကြောင်း၏ အနက်ထဲတွင် အနက်ရောင်တောင်တန်းနှင့် ရောနှောနေသော လူပုံစံအမှတ်အသားတစ်ခု ရှိနေသည်။

ရှုရှန်းဟွာမှာ မအီမသာ ခံစားနေရသော်လည်း ရေပုံးဆွဲကာ ထွက်ခွာသွားတော့၏။

ညအချိန် ရောက်သည့်အခါ ချင်မူက အက်ကွဲကြောင်းကို ဆက်လက်ကာကွယ်နေသည်။ အတွင်းနှင့် အပြင်မှ တဂျွတ်ဂျွတ်၊ တ‌ဖြောင်းဖြောင်း မြည်သံများကို ကြားနေရ၏။ တောင်တန်းထဲရှိ နတ်အလင်းတန်းမှာ ပို၍ကြီးမားလာပြီး အက်ကွဲကြောင်းက ပို၍ကျယ်ပြန့်လာသည်။ မျက်လုံးထဲရှိ ပုဂ္ဂိုလ်မှာလည်း ယခင်ကထက် အရပ်ရှည်၍ ကြည်လင်ပြတ်သားလာကာ တောင်တန်းထဲမှ အချိန်မရွေးထွက်လာတော့မည့်အလားပင်။

ညလယ်သို့ ရောက်သော် ထောင်တန်းထဲမှ ထွက်ပေါ်လာသည့် နတ်အလင်းတန်းတို့က အနီးအနားရှိ ကောင်းကင်ဘုံ ခြောက်ဘုံမှ ခုနှစ်ဘုံအထိ တောက်ပသွားစေသည်။ ချင်မူ့အရိပ်များကလည်း ရှည်လျားလာ၏။

တောင်တန်းထဲရှိ ဧရာမမျက်လုံးကြီးမှာ အနက်ရောင်တောင်တစ်ခုလုံးနီးပါး ကြီးမားလာသော်လည်း အက်ကွဲသွားသော တောင်၏အခြမ်းနှစ်ခြမ်းဖြင့် အညှပ်ခံထားရသည်။

မျက်လုံးထဲရှိ ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်မှာ မျက်ဆံသဖွယ် ကျဉ်းမြောင်းနေ၏။

သူ၏မျက်နှာကိုပင် ရှင်းလင်းပြတ်သားသားမြင်နေရသည်။ မျက်နှာပေါ်တွင် သွေးကြောများနှင့် တူသော အစင်းကြောင်းများစွာ ရှိ၏။ သူ၏မျက်လုံးကလည်း တောင်ထဲရှိ ထူးဆန်းသည့်မျက်လုံးနှင့် တူသော်လည်း မျက်လုံးတစ်လုံးသာ ရှိနေသည်။

ထိုမျက်လုံးက ချင်မူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။

သူသည် ပျက်စီးနေသော စကြ၀ဠာထဲတွင် လမ်းလျှောက်နေခြင်း ဖြစ်၍ ခြေလှမ်းတစ်လှမ်းစီတိုင်းက လေးလံခက်ခဲနေသည်။ သူ၏ရုပ်ခန္ဓာက မီးခိုးငွေ့များ အလားဖြစ်ပြီး ခြေလက်တို့ကလည်း အဆက်မပြတ် ပြိုကွဲနေကြ၏။ သို့သော် မီးခိုးငွေ့များကဲ့သို့ ချက်ချင်း ပြန်ဖွဲ့တည်သွားတတ်သည်။

ပျက်စီးနေသော စကြ၀ဠာတစ်ခုထဲတွင် လျှောက်လှမ်းနေရခြင်းက အချိန်မရွေး ဖျက်ဆီးခံရတော့မည့်အလား ခံစားရစေသော်လည်း သူ့တွင် အသက်ရှင်နိုင်သော မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။

သူကား လောကသစ်ပင်မှတဆင့် အနာဂတ်လောကသို့ ဘယ်တုန်းကမှ မလျှောက်လှမ်းနိုင်ခဲ့သော်လည်း ယခုတွင်တော့ ထိုလောကသို့ ဝင်ရောက်နိုင်ပေတော့မည်။

ချင်မူ့လက်ဖဝါးက တိုက်ခိုက်ရန်အသင့်အနေအထားဖြင့် နတ်လေးကို ဆုပ်ကိုင်ထားသည်။ သူ၏ စိတ်အနေအထားနှင့် ဝိညာဉ်တို့မှာ အသင့်ဖြစ်နေချေပြီ။ သူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကိုလည်း အဆုံးအစွန်အထိ မြှင့်တင်ထားသည်။

ကောင်းကင် တဖြည်းဖြည်း တောက်ပလာသည့်အချိန်တွင် မျက်လုံးတစ်လုံးဖြင့် ကလန်ကလျားပုဂ္ဂိုလ်မှာ အနက်ရောင်တောင်တန်းထဲမှ ထွက်မလာနိုင်သေးပေ။ နေလုံးကြီး ထွက်ပေါ်လာသည်နှင့် တောင်တန်းထဲရှိ ထူးဆန်းသော မျက်လုံးမှာ ပျောက်ကွယ်သွားသည်။ ကလန်ကလျားပုဂ္ဂိုလ်သည်လည်း ပျောက်ကွယ်သွားတော့၏။

ချင်မူမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ချွေးတို့ဖြင့် စိုရွှဲနေသော်လည်း သူက ပြုံးလိုက်၏။ “ပြီးသွားပြီ… ထိုက်ယီပြန်လာတော့မယ်”

ချင်မူ ရေရွတ်လိုက်သည့် အခိုက်အတန့်တွင် မီးငှက်တစ်ကောင်သည် မီးတောက်အသွင် တောင်ပံများအား ခတ်ရင်း သူ့ဘေးသို့ ပျံသန်းလာသည်။ ၎င်းက တောင်နတ်မင်းကျုချွဲ၏ ဝိညာဉ်အဖြစ် ပြောင်းလဲသွားကာ သူ့ကို သတင်းပို့သည်။ “မောင်လေး၊ တိမ်တိုက်ဧကရာဇ်နဲ့ ခေါင်းကြီးတို့ ပြန်လာကြပြီ”

ချင်မူမှာ ဝမ်းသာပျော်ရွှင်စွာဖြင့် ထရပ်လိုက်သည်။ “အချိန်ကိုက် ရောက်လာကြတာပဲ … သူတို့နှစ်ယောက်သား ထွက်သွားခဲ့တာ ကြာပြီနော်… ဘယ်ကိုသွားပြီး ပြဿနာတွေ ရှာနေခဲ့တာလဲမသိဘူး”

သူက ဝေစွေ့ဖုန်းနှင့် ရှုကျွင်းကို သွားကြိုသော်လည်း သူတို့၏ မျက်နှာအမူအရာများမှာ တည်ကြည်လေးနက်နေကြောင်း တွေ့လိုက်ရသည်။ သူတို့ အလျင်လိုနေသောမျက်နှာအမူအရာများဖြင့် ရောက်လာကြပြီး ခရီးပန်းနေကြပုံပေါ်၏။

သူတို့နှစ်ယောက်သား ခရီးရှည်ကြီးတစ်ခု ဖြတ်သန်းခဲ့ရပြီး အစွမ်းကုန် ထုတ်၍ ပြန်လာခဲ့ရပုံပင်။ လမ်း၌ အနားပင် မယူခဲ့ကြသယောင် ထင်ရသည်။

ဝေစွေ့ဖုန်းသည် တောင်‌ဝှေးတစ်လက်အား ကိုင်လာသဖြင့် ချင်မူမှာ ဇဝေဇဝါဖြစ်သွားမိသည်။ ‘ထိုက်ယီရဲ့ တောင်ဝှေးနဲ့ တူလိုက်တာ… ဘယ်လိုလုပ် သူတို့လက်ထဲ ရောက်နေတာလဲ’

“ကောင်းကင်နတ်အရှင်မူ၊ ထိုက်ယီကို မီလော့နန်းတော်အရှင်သခင်က ဖမ်းပြီး ကျောက်စိမ်းမြို့တော်ထဲက ဖရိုဖရဲမြစ်ထဲ နှစ်ထားတယ်’’

ရှုကျွင်းမှာ မပြေးနိုင်တော့သော်လည်း သူ၏အသိစိတ်အလျဉ်ကတော့ အားကောင်းသေးသည်။ ၎င်းက အဝေးမှ ထွက်လာကာ သူ့အား သတင်းစကားပါးသည်။ ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်ထဲတွင် ပိတ်လှောင်ထားရသည့်အကြောင်း၊ သူတို့ ထိုက်ယီနှင့် တွေ့ဆုံကာ ထိုက်ယီအနောက် လိုက်ခဲ့သည်မှစ၍ ကျန်အတွေ့အကြုံအားလုံးကို ချင်မူ့အား ပြောပြလိုက်၏။

အသိစိတ်အလျဉ်ကို သုံး၍ သတင်းစကားပါးခြင်းက စကားလုံးများထက် ပို၍မြန်သည့်အပြင် ပြီးပြည့်စုံသည်။ ချင်မူမှာ သူတို့ဖြတ်သန်းခဲ့သည့်အရာများကို သူကိုယ်တိုင်တွေ့ကြုံခဲ့ရသည့်အလား ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ မယုံနိုင်စွာဖြင့် တုန်ရီလာတော့သည်။

ဝေစွေ့ဖုန်း၏ မှော်စွမ်းအင်က ပို၍အားကောင်း၏။ သူက ရှုကျွင်းကို ကျောပိုးပြီး ဝှီးခနဲ ပျံသန်းလာသည်။ “ထိုက်ယီက ဒီတောင်ဝှေးကို ထားခဲ့ပြီး မြေပုံအတိုင်း သူ့ကို လာကယ်တဲ့.. ဒါပေမဲ့ ဘယ်မြေပုံမှ မထားခဲ့ဘူး… သူ့ကို ဘယ်လိုကယ်ရမှာလဲ ငါ မသိဘူး”

ချင်မူလည်း သူတို့နှစ်ယောက် ပင်ပန်းနွမ်းနယ်စွာဖြင့် လဲကျမသွားအောင် ထူပေးထားသည်။ သို့သော် သူ၏နှလုံးသားမှာ တဖြည်းဖြည်း နာကျင်လာလေသည်။

ထိုက်ယီကား အလွယ်တကူပင် ကျရှုံးသွားခဲ့ချေပြီ။

ရှုကျွင်း၏ အသိစိတ်အလျဉ်ပုံရိပ်များမှတဆင့် ကျောက်စိမ်းမြို့တော်ထဲရှိ ဖရိုဖရဲမြစ်များမှာ အစစ်အမှန် ဖရိုဖရဲမြစ်များ မဟုတ်ကြောင်း သိနိုင်၏။ ထိုအစား ၎င်းတို့သည် စကြ၀ဠာများ ဖျက်ဆီးခံခဲ့ရတုန်းက ကျန်ရစ်ခဲ့သည့် ဖရိုဖရဲချီများ ဖြစ်ကြသည်။ ဖရိုဖရဲမြစ်များမှ တိုးထွက်နိုင်ရန် ကြိုးစားနေသူများမှာ စကြ၀ဠာအမျိုးမျိုးမှ လက်ရှိလောကသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေသည့် အင်အားကြီးသိုင်းပညာရှင်များ ဖြစ်ကြ၏။ သူတို့သည် စကြ၀ဠာများနှင့်အတူ ဖျက်ဆီးခံရတော့မည့်အန္တရာယ်မှ လွတ်မြောက်ရန် ကြိုးစားနေကြခြင်းပင်။

မီလော့နန်းတော်အရှင်သခင်သည် မှန်းဆ၍ပင် မရနိုင်သော ကောင်းကင်နတ်သိုင်းများကို သုံးလျက် ဖျက်ဆီးခံခဲ့ရသည့် စကြ၀ဠာတစ်ခုပြီးတစ်ခု ဖွင့်ခဲ့သည်။ ထို့နောက် စကြ၀ဠာ ၁၆ ခုအား ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်နှင့် ဆက်နွယ်စေခဲ့၏။

ယခုတွင် သူကား ထိုက်ယီကို ဖရိုဖရဲမြစ်တစ်စင်းထဲ ထိုးထည့်ခဲ့ပြီး စကြ၀ဠာ ၁၆ ခုမှ တစ်ခုထဲသို့ ရောက်ရှိစေခဲ့ချေပြီ။

“ထိုက်ယီက လေးခုမြောက် စကြ၀ဠာဆီ ရောက်သွားတာပဲ”

ချင်မူ့မျက်လုံးထောင့်များ တဆတ်ဆတ် တုန်ရီလာပြီး တောင်ဝှေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ဝေစွေ့ဖုန်းနှင့် ရှုကျွင်း ဟန်ချက်ထိန်းနိုင်သည့်အချိန်တွင် သူက ရုတ်တရက် ချာခနဲ လှည့်ကာ ထွက်ခွာသွား၏။ ဝေစွေ့ဖုန်းမှာ ငေးကြောင်စွာဖြင့် အလျင်အမြန် မေးလိုက်သည်။ “ညီလေး၊ ထိုက်ယီရဲ့ မြေပုံက ဘယ်မှာလဲ သိလား”

ချင်မူက မဖြေ။ သူ၏အသိစိတ်အလျဉ်ကသာ ပေါက်ကွဲထွက်လာပြီး အနက်ရောင်တောင်တန်းတစ်လျှောက် အုံ့ဆိုင်း ဖုံးလွှမ်းသွားသည့် ကြောက်မက်ဖွယ် လှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားသည်။ သူက အော်ဟစ်လိုက်၏။ “အားလုံးပဲ နားထောင်ကြ… ခင်ဗျားတို့ ဒီနေ့ပဲ ဒီတောင်တန်းကနေ ထွက်ခွာသွားမှဖြစ်မယ် .. တစ်ခဏလေးတောင် မနှောင့်နှေးကြပါနဲ့”

“ကျုပ်အမိန့်ကို နာခံကြ… ကျုပ်က ဧကရာဇ်အတိုင်ပင်ခံချင်မူ၊ ကောင်းကင်နတ်အရှင်မူပဲ… အားလုံးပဲ အနက်ရောင်တောင်တန်းတွေဆီက ဒီနေ့ ထွက်ခွာပါ… တစ်ယောက်မှ မကျန်ခဲ့ပါစေနဲ့….”

သူ၏အသိစိတ်အလျဉ်က အနက်ရောင်တောင်တန်း၏ ကောင်းကင်ထက်တွင် ပဲ့တင်ထပ်နေသော အသံလှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားသည်။

အနက်ရောင်တောင်များအား ပြုပြင်နေသည့် ရှုရှန်းဟွာမှာ ချင်မူရှိရာသို့ မော့ကြည့်လိုက်မိသည်။ အနက်ရောင်တောင်တန်း၏ အလယ်ဗဟိုရှိ လောကသစ်ပင်ဘေး၌ လေ့လာနေကြသော လန်ယွီတျန်း၊ ၀မ်ယွမ်၊ အဘွားစစ်နှင့် အခြားသူများမှာလည်း အံ့ဩမှင်သက်နေကြသည်။ သူတို့က အသံလာရာသို့ လှမ်းကြည့်လိုက်ကြလေသည်။

ထို့နောက် ချင်မူ့အသိစိတ်အလျဉ်သည် သူတို့၏စိတ်ထဲသို့ ချက်ချင်း ဝင်ရောက်လာပြီး ပဲ့တင်ထပ်လာသော အသံအဖြစ် ပြောင်းလဲသွားသည်။ သူက ဖြစ်ကြောင်းကုန်စင်ကို ခပ်သွက်သွက် ပြောပြ၏။ “ထိုက်ယီက ကမ္ဘာဦးခေတ်ရဲ့ လေးခုမြောက် စကြ၀ဠာဆီ ရောက်သွားပြီ” သူက တည်ကြည်လေးနက်စွာ ရှင်းပြသည်။ “အနက်ရောင်တောင်တန်းတွေကို စောင့်ရှောက်ပေးမယ့်သူ မရှိတော့ဘူး… အရင်စကြ၀ဠာက သိုင်းပညာရှင်တစ်ယောက်ကလည်း ထွက်လာတော့မယ်… ဒီည ကျွန်တော် ဒီနေရာကို အသက်နဲ့လဲပြီး ကာကွယ်မယ်… အားလုံးပဲ ကျန်တဲ့လူတွေကို ခေါ်ပြီး ဒီနေရာက ထွက်သွားကြပါ… မနေကြပါနဲ့တော့”

အားလုံးမှာ မျက်နှာပျက်သွားကြသည်။ လန်ယွီတျန်းက ချင်မူ့ထံ ပျံသန်းသွားရန် ပြင်လိုက်သော်လည်း အဘွားစစ်က လှမ်းဆွဲထား၏။ “ဦးစားပေးရမှာ ရှိတယ်… အနက်ရောင်တောင်တန်းတွေမှာ နေထိုင်နေတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြည်သူပြည်သားတွေက ပိုအရေးပါတယ်… ဒီကိစ္စကို အရင်လုပ်ပြီးမှ သူ့ဆီသွား”

လန်ယွီတျန်းက တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။ အနက်ရောင်တောင်တန်းရှိ နတ်ဘုရားများက နတ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ မြို့များထံ ပျံသန်းသွားကြသည်။

မကြာမီ နတ်ဘုရားမြို့တစ်မြို့သည် ကောင်းကင်အပေါ် ပျံတက်လာပြီး နတ်ဘုရားတစ်ဒါဇင်ခန့်က ၎င်းကို မြှောက်၍ အနက်ရောင်တောင်တန်းတစ်သိန်းမှ ထွက်ခွာသွား၏။ အဝေးတွင် တုထျန်းမိစ္ဆာဘုရင်ကလည်း တုထျန်းကမ္ဘာကို မ၍ ဖန်ပေါင်းချောင်ပုလင်းအဖြစ် ပြောင်းလဲကာ နတ်ဘုရားမြို့များအား ထည့်လိုက်သည်။

ချင်မူသည် ဤမြင်ကွင်းကို မြင်လျှင် အနည်းငယ် စိတ်အေးသွား၏။ သူက အက်ကွဲနေသော အနက်ရောင်တောင်ရှေ့သို့ အလျင်အမြန်သွား၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဝုန်းခနဲ ထုတ်ဖော်လိုက်သည်။ ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးကို ထုတ်ပြီးနောက် လွဲရမ်းလိုက်ရင်း မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းကို သူ့ကိုယ်သူနှင့် သူ၏ ကောင်းကင်ရတနာနယ်ပယ်အပေါ် အသက်သွင်းလိုက်၏။

သူ၏ခန္ဓာကိုယ်က ပေါ်လိုက်ပျောက်လိုက်ဖြင့် အနက်ရောင်တောင်တန်း၏ အရှေ့နှင့် အနောက်တွင် ကောင်းကင်နတ်သိုင်းမျိုးစုံနှင့် ချိပ်တံဆိပ်မျိုးစုံကို အသက်သွင်းနေတော့သည်။

မျက်ကန်းက ရောက်လာပြီး သူနှင့်အတူ ချိပ်တံဆိပ်များ အသက်သွင်းပေးနေ၏။ ချင်မူက ခေါင်းမော့ကြည့်ပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

မျက်ကန်းက ပြုံးပြသည်။ “မူအာ… မင်းတစ်ယောက်တည်း သေသွားမှာကို ငါ ကြည့်နေနိုင်မယ် ထင်လို့လား”

ချင်မူက မည်သည်မှ မပြောတော့ပေ။ သူတို့နှစ်ယောက်သား အလျင်အမြန် ပြင်ဆင်နေကြသည်။

သူတို့နှစ်ယောက်သည် နေ့အချိန်မှာစ၍ နေဝင်သွားသည်အထိ အသတ်အဖြတ်၀င်္ကပါမျိုးစုံကို ခင်းကျင်းနေကြသည်။ မျက်ကန်းက သက်ပြင်းတစ်ချက် ချပြီး သူ့နဖူးမှ ချွေးများကို သုတ်၏။ သူက ပြုံးလျက် ပြောသည်။ “အရင်တုန်းက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင် ယန်ယွင်ရှီက အမိကမ္ဘာမြေအဟောင်းနဲ့ အသစ်ကို ၀င်္ကပါနဲ့ ချိုးဖျက်စေခဲ့ပြီး တစ်လောကလုံးကို အံ့အားသင့်စေခဲ့တယ်… ဟီးဟီး… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်ဆရာသခင်တစ်ယောက်အနေနဲ့ ငါ သူ့အောက် နိမ့်ကျလို့မဖြစ်ဘူး”

သူ့တွင် သူရဲကောင်းစိတ်ဓာတ်များ ပြည့်နှက်နေသည်။

ထိုအချိန်မှသာ ချင်မူမှာ သူ့အနောက်ရှိလူများကို သတိထားမိသွား၏။

ရှုရှန်းဟွာ၊ လန်ယွီတျန်း၊ ရွှေအ၊ ထော့ကျိုး၊ အဘွားစစ်၊ ယန်အာ၊ ဝေစွေ့ဖုန်း၊ ရှုကျွင်း၊ မင်းသားယိုမင်း၊ မင်ဧကရာဇ်၊ တောင်နတ်မင်းနှင့် အခြားသူများသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သားများကို ရွှေ့ပြောင်းပေးပြီးနောက် အပြေးရောက်လာကြချေပြီ။

ချင်မူမှာ ရင်ထဲ ထိသွားသော်လည်း မျက်နှာသည်လည်း ချက်ချင်း ညှိုးငယ်ကျသွားသည်။ သူက မှင်သေသေ ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး ထွက်သွားလို့ရပါတယ်… ဒီနေရာမှာနေပြီး ကျွန်တော့်ကို အာရုံထွေပြားအောင် မလုပ်ပါနဲ့… နောင်တော်ရှု၊ လောကသစ်ပင်ဆီသွားပါ… တာအိုသစ်စေးတစ်စက်တောင် မလျော့စေနဲ့”

ထော့ကျိုးက မျက်ခုံးပင့်၍ နှာခေါင်းရှုံ့လိုက်သည်။ “ဒီအနက်ရောင်တောင်တန်းတွေကို မင်း ပိုင်တာမလို့လား….. ငါ့ဟာငါ သွားချင်တဲ့အချိန် သွားမယ်… လာချင်တဲ့အချိန် လာမယ်…မင်းက ဘာလုပ်နိုင်မှာတုံး”

ချင်မူက လက်ဆန့်တန်း၍ ညွှန်ပြလိုက်ရာ မရေမတွက်နိုင်သော နေရာရွှေ့ပြောင်းသင်္ကေတများသည် ထော့ကျိုး၏ ခန္ဓာကိုယ်ကို ရစ်ပတ်၍ ခေါ်ထုတ်သွားကြ၏။

ထော့ကျိုးက ဒေါသတကြီး အော်ဟစ်ရင်း နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို ချိုးဖျက်ရန် ကြိုးစားနေသည်။ သူသည် တစ်လောကလုံးတွင် အသွက်လက်ဆုံး သူခိုးနတ်ဘုရားဖြစ်ပြီး လန်ယွီတျန်းပင်လျှင် သူ့အား လိုက်မမှီ။ နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းများအနေဖြင့် သူ့အပေါ် မည်သို့မျှ မလုပ်နိုင်ပေ။

ချင်မူ လက်ဖျောက်တီးလိုက်သည့်အခါ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှ လွတ်မြောက်လာခဲ့သော ထော့ကျိုးသည် အဆုံးသတ်မြို့ပျက် အမှောင်ထုထဲ ရောက်သွား၏။

ထော့ကျိုးက အမြန်နှုန်းကို အဆုံးအစွန်အထိ တိုးမြှင့်၍ ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် အမှောင်ထုက သူ့ကို ရစ်သိုင်းကာ ဝါးမြိုသွားတော့သည်။

ချင်မူက လက်ဆန့်တန်းလိုက်ရာ နေရာဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ၎င်းက ထော့ကျိုးနှင့် အဆုံးသတ်မြို့ပျက်အမှောင်ထုကို မြိုချလိုက်၏။

သူသည် ထော့ကျိုးကို မထိခိုက်စေလိုသဖြင့် အဝေးသို့သာ ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။ အဆုံးသတ်မြို့ပျက်က ဝါးမြိုသွားသော်လည်း ဖျက်စီးမည်မဟုတ်ပေ။ ထော့ကျိုး အန္တရာယ်ကင်းသော အကွာအဝေးတစ်ခုသို့ ရောက်သွားပါက ပြန်ထုတ်ပေးလိမ့်မည်။

“ကျွန်တော့်ရဲ့ မှော်စွမ်းအင်တွေ သုံးပြီး ခင်ဗျားတို့ကို တစ်ယောက်ပြီးတစ်ယောက် နှင်ထုတ်ရမှာလား” ချင်မူက အားလုံးကို ကြည့်၍ နူးညံ့စွာ မေးလိုက်သည်။

အားလုံးမှာ ကြက်သီးမွေးညှင်းများ ထသွားကြသည်။ သူတို့ထဲတွင် ထော့ကျိုးမှာ ရင်ဆိုင်ရန် အခက်အခဲဆုံး ဖြစ်သော်လည်း ချင်မူက အလွယ်တကူ မောင်းထုတ်ခဲ့၏။ သူတို့ကိုလည်း အလားတူ မောင်းထုတ်နိုင်လိမ့်မည်။

အဘွားစစ်က ရုတ်တရက် လှည့်၍ အော်လိုက်၏။ “သွားကြစို့… ဘယ်သူမှ နေခဲ့စရာ မလိုဘူး… နေခဲ့ပြီး မူအာ့မှော်စွမ်းအင်ကို အလဟဿ ဖြစ်စေလို့ကတော့ ဒီအဘွားကြီးကိုယ်တိုင် ရိုက်ပစ်မယ်”

All Chapters