← Chapters

စတေးမှု

Vol. 114 Ch. 1494

စတေးမှု

Vol. 114 Ch. 1494

ကလန်ကလျားနှင့် ထိုလူထူးဆန်းသည် တိုးထွက်လာနိုင်ရန် အတင်းအဓမ္မ ကြိုစားနေ၏။ သို့သော် သူ၏စွမ်းအင်က ကြီးမားလွန်းသောကြောင့် ထွက်လာနိုင်ရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။

ဒြပ်ထုနှင့် စွမ်းအင်ကို ကူးပြောင်းရာတွင် နိယာမတစ်ခု ရှိသည်။ သူ့ကဲ့သို့ တာအိုရရှိပြီးသော ပုဂ္ဂိုလ်တစ်ဦးအတွက် ယခင်စကြ၀ဠာမှ ယခုစကြ၀ဠာဆီသို့ တိုးဝင်လာနေခြင်းတွင် အစားထိုးရန် လိုအပ်သော ဒြပ်ထုနှင့် စွမ်းအင်ပမာဏတို့က ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤသည်က စွမ်းအင်အကူးအပြောင်းတံတား၏ သဘောတရားနှင့် ဆင်တူ၏။ သို့သော်လည်း ၎င်းက တစ်နည်းဟန်ဖြင့် ကွဲပြားနေကာ ပိုမိုရှုပ်ထွေးသည်။

စွမ်းအင်အကူးအပြောင်းတံတားသည် ကမ္ဘာနှစ်စင်း၏ အတားအဆီးနံရံအား ဖောက်ထွက်ထားသော တံတားတစ်စင်းဟု ဆိုရမည်။ သက်ရှိတစ်ဦး ထိုတံတားမှ ဖြတ်သန်းသွားသည့်အချိန်တွင် ထိုသူ၏ကိုယ်ပိုင်စွမ်းအင်က တံတား၏စွမ်းအင်နှင့် အချင်းချင်း ချေဖျက်စီးဆင်းသွားသောကြောင့် လောကနှစ်ခုအတွင်းရှိ မျှခြေကို ထိန်းသိမ်းပေးထားသည်။

ယခင်စကြ၀ဠာနှင့် လက်ရှိစကြ၀ဠာတွင်လည်း ဒြပ်ထုနှင့် စွမ်းအင်မျှခြေကို ထိန်းသိမ်းထားရန် လိုအပ်၏။ ပို၍ပင် ဒုက္ခများသည်က ယခင်စကြ၀ဠာနှင့် လက်ရှိစကြ၀ဠာတို့တွင် စွမ်းအင်အကူးအပြောင်းတံတားကဲ့သို့ ဒြပ်ထုနှင့် စွမ်းအင်ကို ကူးပြောင်းပေးနိုင်သော တံတားတစ်စင်းကို မဖွင့်နိုင်ချေ။ ထို့ကြောင့် ဘိုးဘေးနန်းတော်ထဲတွင် ယဇ်ပူဇော်ခြင်း၀င်္ကပါတစ်ခု ခင်းကျင်း၍ ယဇ်ပလ္လင်ပမာ အသုံးပြုရခြင်းဖြစ်၏။

စကြ၀ဠာ၏ ဒြပ်ထုနှင့်စွမ်းအင် မပြောင်းလဲသည့် အခြေအနေအတွက် အတိတ်မှ ပုဂ္ဂိုလ်များအနေဖြင့် လက်ရှိစကြ၀ဠာမှ ဒြပ်ထုနှင့်စွမ်းအင် ပမာဏတစ်ခုကို ယခင်စကြ၀ဠာထဲ ပို့လွှတ်၍ စုစုပေါင်းပမာဏကို ထိန်းထားရန် လိုအပ်သည်။

ပြီးခဲ့သောနှစ်များအတွင်း မရေမတွက်နိုင်သော အသက်ပေါင်းများစွာ စတေးခံခဲ့ရသော်လည်း ယခင်စကြ၀ဠာမှာ ပုဂ္ဂိုလ်များသည် သူတို့၏ စကြ၀ဠာ မပျက်စီးခင် လက်ရှိစကြ၀ဠာဆီ ကူးပြောင်းနိုင်ရန် ကြိုးစားခဲ့ကြသည်။ လူတိုင်း တိုးလာချင်ခဲ့သည့်အတွက် စွမ်းအင်မျှခြေအား ထိန်းရခက်သွားကာ ဘယ်သူမှ ရောက်မလာနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်သွားခဲ့၏။

ဤကလန်ကလျားပုဂ္ဂိုလ်အတွက်လည်း အလားတူပင်။ သူ၏ခန္ဓာကိုယ်တစ်ဝက်သည် ရောက်လာပြီဖြစ်၏။ တစ်ချိန်တည်းမှာပင် ဘိုးဘေးနန်းတော်၏ ဒြပ်ထုနှင့်စွမ်းအင် ပမာဏတစ်ခုကို ဖျက်ဆီးခံနေရသော သူ၏မူလစကြဝဠာထံ ပို့လွှတ်၍ လွတ်မြောက်နိုင်ရန် ကြိုးစားရပေလိမ့်မည်။

အနက်ရောင်တောင်မှာ ပြင်းထန်စွာ တုန်ခါလာသည်။ တောင်မှ ကျောက်တုံးများက ဆက်လက်ပြုတ်ကျလာနေပြီး လေထဲတွင် မြောလွင့်နေကြ၏။

ကျောက်တုံးများမှာ လူထူးဆန်း၏ အနောက်တွင် လှိုင်းဂယက်သဖွယ် စီးဖြာနေသော ဧရာမမျက်လုံးကြီးထဲ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားကြသည်။

ချင်မူ့ပတ်ပတ်လည်ရှိ မြေပြင်မှာလည်း တစ်စစီကွဲထွက်လာနေသည်။ မြေပြင်အပိုင်းအစများက ပျက်စီးပြိုလဲ၍ ထူးဆန်းသောမျက်လုံးကြီးထံ မြောလွင့်သွားကြသည်။

မျက်လုံးကြီးမှာ ပိုပို၍ကြီးမားလာပြီး တစ်လောကလုံးကို ဖျက်ဆီးနိုင်သော မီးတောက်ကြီးပမာ ထိုပုဂ္ဂိုလ်နောက်တွင် တည်ရှိနေ၏။ မီးတောက်များက အနက်ရောင်တောင်တန်းကို တောက်ပနေစေပြီး အရိပ်များအား ဟိုဟိုသည်သည် ယိမ်းယိုင်နေစေ၏။

၎င်းသည် ဧရာမမီးပေါင်းဖိုကြီးတစ်ခုနှင့် ဆင်တူသော်လည်း ဘိုးဘေးနန်းတော်ရှိ အရာအားလုံးကို ၀ါးမြိုနေသည့် ဧရာမပါးစပ်ကြီးတစ်ခုနှင့်လည်း တူပေသည်။ ၎င်းက တစ်လောကလုံးရှိ အရာအားလုံးကို ကြိတ်ချေ၍ အရည်ဖျော်ကာ စွမ်းအင်အဖြစ် ပြောင်းလဲ၍ လူထူးဆန်း၏ အသက်အတွက် ၎င်းအနောက်ရှိ ပျက်စီးနေသော စကြ၀ဠာထဲ ပို့လွှတ်နေသည်။

ချင်မူက ခန္ဓာကိုယ်ကို မတ်၍ ထိုက်ယီ၏ တောင်ဝှေးကို ကိုင်ကာ ‌ထိုပုဂ္ဂိုလ်နှင့် ရင်ဆိုင်တွေ့ဆုံ၏။

ထူးဆန်းသောပုဂ္ဂိုလ်၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးထဲတွင် မြားတို့ ပြည့်ကြပ်စွာ စိုက်နေသည်။ ၎င်းတို့သည် ယခုလေးတင် ရိုက်ချခဲ့သော ချင်မူ့တိုက်ကွက်ကြောင့် ‌ဒေါင်လိုက်မျက်လုံးထဲ အတင်းအကြပ် ၀င်ရောက်သွားကြခြင်းဖြစ်သည်။ သို့သော် နတ်လေး၏ စွမ်းအားနှင့် မြားတို့ စွမ်းအား ပေါက်ကွဲသွားသည့်တိုင် သူ့ကို အပြင်းအထန် ဒဏ်ရာရစေရန် မလုံလောက်ခဲ့ပေ။

ဤပုဂ္ဂိုလ်မှာ ရှည်လျားပြီး ပိန်သွယ်၏။ သူသည် မည်သည့်မျိုးနွယ်ဖြစ်မှန်း မသိရပေ။ သူက လက်မြှောက်၍ ဒေါင်လိုက်မျက်လုံးထဲရှိ မြားများကို ဆွဲယူလိုက်ပြီး ဆွဲနုတ်ရန် ကြိုးစားနေရင်း တခြားလက်တစ်ဖက်ကတော့ ချင်မူ့ကို လှမ်းဆွဲလိုက်သည်။

သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် မျက်လုံးတစ်လုံးတည်းသာ ရှိပြီး ၎င်းက နဖူးတွင် နေရာယူထားခြင်း ဖြစ်၏။ ၎င်းတွင် မြားများစွာ ထိုးစိုက်နေသောကြောင့် သူ၏အမြင်အာရုံကို နှောင့်ယှက်နေလေသည်။

ချင်မူ့နှင့် ရင်ဆိုင်ရန် မြားတို့ကို အရင်ဆွဲထုတ်ရပေလိမ့်မည်။

ချင်မူက တောင်ဝှေးကို လွှဲရမ်းလိုက်သည့်အခါ စွမ်းအားလှိုင်းဂယက်များမှာ ယခင်ကထက် များစွာ အားနည်းသွားသည်။ ထို့ကြောင့် သူ ချင်မူ့ကို လှမ်းဆွဲလိုက်ခြင်းဖြစ်သည်။ သို့သော် မည်သည့်စွမ်းအားမှ ပါရှိပုံမပေါ်သည့် တိုက်ကွက်က သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့၏။

သူ၏လက်ဖဝါးကလည်း ရှည်လျားပြီး သွယ်လျ၏။ သူ၏လက်ချောင်းများမှာ ချင်မူ့ခန္ဓာကိုယ်ထက် များစွာရှည်လျားသည်။ သူက လက်တစ်ဖက်ဖြင့် ဆွဲဆုပ်လိုက်သည့်အခါ ကောင်းကင်နတ်သိုင်းတို့က သူ၏လက်ဖဝါးထဲတွင် စုဝေးသွားကြ၏။ တခဏအတွင်း အလွန်ချွန်ထက်သော ပိုးချည်မျှင်တို့က သူ၏လက်ဖဝါးထဲတွင် တစ်ခုနှင့်တစ်ခု ရောယှက်လွင့်မျောလာကြသည်။

ချင်မူမှာ သူ၏လက်ဖဝါးထဲသို့ တိုက်ခိုက်ဝင်ရောက်လာခဲ့သောကြောင့် မရေမတွက်နိုင်သော ပိုးချည်မျှင်တို့ဖြင့် ခန္ဓာကိုယ်အား ဖောက်ထွင်းခံလိုက်ရသည်။ သို့သော် သူက ထိုသူ၏လက်ချောင်းအား တောင်ဝှေးဖြင့် ရိုက်ချလိုက်သည်။

ဂျွတ်…

ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ လက်ချောင်းတစ်ချောင်းမှာ တောင်ဝှေးကြောင့် အရိုက်ခံလိုက်ရပြီး ထိုနေရာမှာပင် နောက်သို့ ကွေးလန်လျက် ကျိုးသွားတော့သည်။

ဂျွတ်… ဂျွတ်….

သူ၏လက်ချောင်းများမှာ ချင်မူ့ကြောင့် ရိုက်ချိုခံနေရပြီး လက်ချောင်းငါးချောင်းလုံး နောက်သို့ လန်သွားကြသည်။ ချင်မူက တောင်ဝှေးကို ပြောင်းပြန်ကိုင်ထားပြီး ဓားသဖွယ် အသုံးပြုလျက် လက်ဖဝါးထဲသို့ အားကုန်ထိုးစိုက်လိုက်၏။

ထိုအခိုက်အတန့်တွင် ချင်မူ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားသည့် ထောင်သောင်းချီသောချည်မျှင်များက အရပ်လေးမျက်နှာ ဆန့်တန်း ဖြာထွက်သွားကြသည်။ ရွှီးခနဲ အသံနှင့်အတူ ချင်မူ့ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲထွက်သွားတော့၏။

အစိတ်စိတ်အမွှာမွှာ ကွဲသွားသော အသွေးအသားတို့သည် လူထူးဆန်း၏ အနောက်ရှိ မျက်လုံးထဲ ကျရောက်သွားပြီး စုပ်ယူခံလိုက်ရသည်။

ရုတ်တရက် ထူးဆန်းသော ကောင်းကင်နတ်သိုင်း လှိုင်းဂယက်တစ်ခုက အချိန်နောက်ပြန်ရစ်နေသကဲ့သို့ ပေါ်ထွက်လာ၏။ ချင်မူ့ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်စုစည်းသွားပြီး သူ၏လက်ဖဝါးထဲတွင် တောင်ဝှေးကို ကိုင်ထားဆဲဖြစ်သည်။ သူက ထိုတောင်ဝှေးကို ဓားပမာ အသုံးပြု၍ တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သော တိုက်ကွက်တစ်ကွက်ကို အသက်သွင်းလိုက်သည်။

ကပ်ဘေးဓား၏ တတိယမြောက်ဓားကွက်။

တောင်ဝှေးတွင် ဓားအသွား မရှိသော်လည်း ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ လက်ဖဝါးကို ဖောက်ထွက်ကာ ချင်မူ့ခန္ဓာကိုယ်နှင့်အတူ သူ၏လက်မောင်းထဲသို့ ထိုးစိုက်သွား၏။

ကပ်ဘေးဓားသည် မိုးကောင်းကင်ကို ခုတ်ပိုင်း‌သော ဓား၊ ကောင်းကင်ရတနာတို့ကို ပိုင်းဖြတ်သော ဓားဖြစ်၏။ ၎င်းသည် ချင်မူ သူ့ကိုယ်သူနှင့် အခြားသူများကို ခုတ်ပိုင်းရာတွင် အသုံးပြုသော ဓားတစ်လက်လည်း ဖြစ်သည်။ သူ ဤဓားနှင့် ဓားလမ်းစဉ်ကို နောက်ဆုံးအသုံးပြုခဲ့သည့်အချိန်မှာ များစွာကြာခဲ့လေပြီ။

အကြေင်းမူ၊ ပို၍နက်နဲသော ကောင်းကင်နတ်သိုင်းကို သိမြင်နားလည်လာသည်နှင့်အမျှ သူ၏ဓားသိုင်းကွက်နှင့် ဓားလမ်းစဉ်တို့သည် သူ၏ကောင်းကင်နတ်သိုင်းစွမ်းအားကို အမှီမလိုက်နိုင်တော့ချေ။ ထိုမျှသာမက သူ ရင်ဆိုင်ရသည့် ရန်သူများကလည်း ယခင်ကထက် ပိုမိုအစွမ်းထက်လာလေရာ ဓားသိုင်းကွက်၊ ဓားလမ်းစဉ်တို့ဖြင့် ထိခိုက်ဒဏ်ရာရစေရန် ခက်ခဲ၏။

ယခုတွင် ပြိုင်ဘက်ကင်းလက်နက် ဖြစ်သော ထိုက်ယီ၏ တောင်ဝှေးအား ရရှိထားလေရာ ဤတိုက်ကွက်၏ စွမ်းအားသည် မှန်းဆမရနိုင်သည့် အတိုင်းအတာအထိ တိုးတက်သွားတော့သည်။

ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ မျက်နှာထက်တွင် အံ့ဩမှင်သက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူသည် ချင်မူ့ကောင်းကင်နတ်သိုင်းအကြောင်း ပြောနေသည့်အလား မေးခွန်းတစ်ခု မေးလိုက်သယောင် ထင်ရ၏။

ထိုအခိုက်အတန့်တွင် သူ၏ဒေါင်လိုက်မျက်လုံးထဲမှ မြားများကို ဆွဲနုတ်ပြီးသွား၍ နောက်ထပ်လက်တစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏လက်ချောင်းများက အလွန်လျင်မြန်စွာဖြင့် ကျန်လက်မောင်းတစ်ဖက်ပေါ်တွင် ပြေးလွှားနေကြ၏။

ထိုလက်မောင်း၏အရေပြားအောက်တွင် ဓားရောင်တစ်ရောင်က လှိုင်းဂယက်ပမာ ဖြတ်သန်းသွားလာနေသည်။ ၎င်းဖြတ်သွားသည့်နေရာတိုင်းရှိ သူ၏လက်မောင်းအရိုးနှင့် ကြွက်သားများမှာ ကျိုးပဲ့ပျက်စီးသွားတတ်ကြသည်။

သူ၏အရေပြားအောက်တွင် အရိုးနုများက အရေပြားကို ဖောက်ထွက်လာသဖြင့် အသွေးအသားများအား ပေါ်နေစေ၏။ ကျိုးပဲ့နေသော အရိုးများ အသားကို ဖောက်ထွက်နေသည့် မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလှသည်။

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က လှုပ်ရှားနေသည့် ဓားဆန္ဒပင်။ တောင်ဝှေး လက်မောင်းအရင်းသို့ မရောက်ရှိခင်မှာပင် ဓားဆန္ဒက ရောက်သွားခဲ့ပြီဖြစ်ပြီး သူ၏လက်မောင်းတစ်ခုလုံးတွင် ချွန်ထက်လာသော ဓားရောင်အား ခံစားလိုက်ရစေသည်။ သူ၏လက်မောင်းမှာ ရှိသမျှခွန်အားအလုံးစုံ ဆုံးရှုံးသွားချေပြီ။

သို့သော် ကျန်လက်မောင်း၏ လက်ချောင်းငါးချောင်းက ၎င်းအပေါ်တွင် ထိတွေ့ပြေးလွှားနေဆဲဖြစ်ပြီး တိုက်ကွက်တစ်ခုချင်းစီက ချင်မူ့ခန္ဓာကိုယ်နှင့် တိုက်ရိုက်ထိတွေ့နေသည်။ တိုက်ကွက်များမှာ စွမ်းအားကြီးလွန်းသဖြင့် ချင်မူ့ခန္ဓာကိုယ်အား အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေ၏။

သို့သော် ချင်မူသည် မပျက်စီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အလားပင်။ လက်မောင်းထဲတွင် အသတ်ခံရသည့်အချိန်တိုင်း ပြန်စုစည်းသွားပြီး မူလအခြေအနေသို့ ပြန်ရောက်သွားတတ်သည်။

လူထူးဆန်းသည် ချင်မူ နားမလည်သည့် စကားတစ်ခွန်းကို ထပ်မံပြောလိုက်ပြန်၏။ ထိုသူက လက်ကို မြှောက်၍ သူ၏လက်မောင်းသူ ခုတ်ပိုင်းချလိုက်သည်။ ချင်မူက ပြတ်သွားသော လက်မောင်းထဲမှ ပျံထွက်လာပြီး သူ၏ဓားရောင်ကား လူထူးဆန်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။

ကလန်ကလားနှင့် လူထူးဆန်းက ပြုံးလျက် နားမလည်နိုင်သော စကားတစ်ခွန်းကို ပြောပြန်သည်။ ထိုအခါ အလင်းတန်းတစ်တန်းသည် သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးထဲမှ ထွက်လာ၏။

ဝုန်း….

ဤတိုက်ကွက်က ချင်မူ့ရုပ်ခန္ဓာ၊ မူလဝိညာဉ်နှင့် ကောင်းကင်ရတနာနယ်ပယ်ကိုပင် ပျက်စီးကြေမွသွားစေသည်။

ဤတိုက်ကွက်၏ စွမ်းအားမှာ အလွန်တရာ ထူးဆန်းပြီး ချင်မူ့ရုပ်ခန္ဓာ၊ မူလဝိညာဉ်နှင့် ကောင်းကင်ရတနာနယ်ပယ်ကို ဖွဲ့စည်းပေးထားသည့် ဒြပ်ထုမှန်သမျှအား အေးခဲသွားစေသည်။ ၎င်းက ချင်မူ၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းအား မထိရောက်နိုင် ဖြစ်သွားစေတော့သည်။

သူက ချင်မူ့ကောင်းကင်နတ်သိုင်းကို သတိထားမိပြီး သဘောပေါက်သွားခြင်းဖြစ်သည်။ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ကောင်းကင်နတ်အရှင်လင် ဖန်တီးခဲ့၏။ ဤသို့ ကောင်းကင်နတ်သိုင်းမျိုး၏ စွမ်းအားအကြီးဆုံး အပိုင်းမှာ ဒြပ်ထုစီးဆင်းခြင်းကို နောက်ကြောင်းပြန်လိုက်နိုင်ပြီး အချိန်နောက်ပြန်ရစ်သွားသည့်အလား ပုံရိပ်ယောင်များ ဖြစ်ပေါ်လာစေနိုင်ခြင်းပင်။

သို့သော် တာအိုရရှိပြီးဖြစ်သည့် ကလန်ကလား လူထူးဆန်းအတွက်တော့ ဤသို့ကောင်းကင်နတ်သိုင်းမျိုးမှာ နက်နဲ၍ နားလည်ရန် ခက်ခဲသော်လည်း ဖျက်ဆီးနိုင်သည့် နည်းလမ်း ရှိနေသေးသည်။

ချင်မူ့ကို ဖွဲ့တည်ပေးထားသော ဒြပ်ထုများ အချိန်မီ ပြန်ရောက်မသွားနိုင်အောင် တားဆီးနိုင်သရွေ့ ကောင်းကင်နတ်သိုင်းအား ဖျက်ဆီးနိုင်၏။

အခြားသူများသာဆိုပါက ဤမျှပြင်းထန်သော မှော်စွမ်းအင်မျိုး ရှိလိမ့်မည်မဟုတ်သော်လည်း သူ့အတွက်တော့ မခက်ခဲပေ။

လူထူးဆန်းသည် ကျိုးနေသော သူ၏ လက်ဆီသို့ ကြည့်နေပြီး သူ၏မျက်နှာထက်တွင် လေးစားနေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက နောက်ထပ် စကားတစ်ခွန်း ပြောလိုက်၏။ ၎င်းက ချင်မူ့ကဲ့သို့ မလောက်လေးမလောက်စား ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ့အား ဤအနေအထားအထိ ထိခိုက်အောင် လုပ်နိုင်ခဲ့သည့်အပေါ် ချီးကျူးခြင်း ဖြစ်ပေလိမ့်မည်။

သူ မှော်စွမ်းအင်ကို ဆက်လက်အသက်သွင်းနေစဉ် အက်ကွဲနေသော တောင်ကြီး၏ ပတ်ပတ်လည်ရှိ မြေပြင်မှာ ပြန်စေ့လာသည်။ အနက်ရောင်တောင်သည် အဆက်မပြတ် ကွဲအက်နေသော်လည်း ပြန်လည်၍ စေ့နေသောကြောင့် သူ့အနောက်ရှိ ထူးဆန်းသောမျက်လုံးကြီးက တဝီဝီ မြည်နေ၏။

ရုတ်တရက် မြေအောက်တွင် ကွယ်၀ှက်ထားသော အသတ်အဖြတ်၀င်္ကပါတစ်ခု အသက်ဝင်လာချေပြီ။

ကလန်ကလား လူထူးဆန်း၏ မျက်နှာအမူအရာမှာ အံ့အားသင့်သွားသည်။ ဤ၀င်္ကပါ၏ စွမ်းအားမှာ သူ၏မျက်လုံးထဲတွင် အရေးမပါသော်လည်း သူ မမြင်ရအောင် ငုပ်လျှိုးနေနိုင်ခဲ့သည်။ သူ လုံးဝ သတိမထားမိအောင် ဝှက်ထားနိုင်ခြင်းက ချီးကျူးဖွယ်ကောင်းပေသည်။

သို့သော် အသတ်အဖြတ်၀င်္ကပါ တစ်ခုထက် ပို၍ ရှိနေခြင်းကြောင့် သူ့အနေဖြင့် ပို၍ပင် အံ့အားသင့်သွားရသည်။

ပထမဆုံး အသတ်အဖြတ်၀င်္ကပါ အသက်ဝင်လာသည်ကား အနက်ရောင်တောင်တန်းပတ်ပတ်လည်တွင် နေရာချထားသည့် မီးရှုးမီးပန်းများအား ဆက်တိုက်မီးညှိလိုက်သည့်အလား ထင်ရသည်။ မိုင်ထောင်ပေါင်းများစွာ ပတ်ပတ်လည်အတွင်းရှိ အသတ်အဖြတ်၀င်္ကပါတို့မှာ တစ်ခုပြီးတစ်ခု အသက်ဝင်ကာ လင်းလက်တောက်ပလာကြတော့သည်။

အသတ်အဖြတ်၀င်္ကပါတစ်ခု၏ စွမ်းအားက သူ့အပေါ် မည်သို့မျှ မလုပ်နိုင်သော်လည်း ထောင်ပေါင်းများစွာ စုပေါင်းသွားသည့်အခါတွင်တော့ ၎င်းတို့၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုမျှသာမက ချင်မူနှင့် မျက်ကန်းသည် ဤနေရာတွင် မရေမတွက်နိုင်သော အသတ်အဖြတ်၀င်္ကပါများအား အတူတူ ခင်းကျင်းခဲ့၏။ ၎င်းတို့ထဲမှ တစ်ချို့အား အလွန်တရာသေးငယ်သော နေရာများထဲတွင် က်ထားကြသည်။ လူထူးဆန်းကြောင့် အက်ကွဲသွားသော မြေပြင်၊ မြေဆီလွှာ၊ အနက်ရောင်တောင်တန်း၏ ကျောက်တုံးများ အစရှိသဖြင့် နေရာအမျိုးမျိုးတွင် ဖြစ်ချေသည်။

သူ့အနောက်ရှိ ထူးဆန်းသော မျက်လုံးကြီး စုပ်ယူခဲ့သည့် ကျောက်တုံးများနှင့် မြေဆီလွှာတို့မှာလည်း မျက်လုံးထဲတွင် ပေါက်ကွဲသွားကြသည်။

အနက်ရောင်တောင်တန်း၏ အပြင်တွင် အဘွားစစ်၊ မျက်ကန်းနှင့် အခြားသူများမှာ တောင်တန်းနှင့် ဝေးလံသောနေရာသို့ ရွှေ့ပြောင်းနေကြ၏။ ထိုအခိုက်အတန့်တွင် မျက်ကန်းက လှည့်ကြည့်လိုက်ရာ မှောင်မိုက်သော ညအချိန်တွင် အနက်ရောင်တောင်တန်းတစ်သိန်း တည်ရှိသည့် နေရာ၌ အကန့်အသတ်မရှိသော ချီစွမ်းအင်တို့က ကောင်းကင်ထက်သို့ မြင့်တက်နေသည်အား တွေ့လိုက်ရသည်။ မရေမတွက်နိုင်သော အသတ်အမြတ်၀င်္ကပါတို့က ချီစွမ်းအင်တို့ထဲတွင် မျက်စိကျိန်းမတတ် အသက်ဝင်နေကြ၏။

ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုတို့မှာ ၎င်း၀င်္ကပါများ၏ ဆွဲယူခြင်း ခံနေရပြီး အသတ်အဖြတ်လမ်းစဉ် ကပ်ဘေး၀င်္ကပါတစ်ခုအဖြစ် အသွင်ပြောင်းနေသည်။ ၎င်း၏စွမ်းအားက တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည်။

“ဒါက ငါ့ရဲ့ အားအပြင်းဆုံး တိုက်ကွက်ပဲ”

မျက်ကန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “၀င်္ကပါတာအို၊ ကောင်းကင်က အသက်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်တယ်… မြေကြီးက အသက်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်တယ်… လူတစ်ယောက်က အသက်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်တယ်… ကောင်းကင်၊ မြေကြီးနဲ့ လူသား အန္တိမကပ်ဘေးဝင်္ကပါ... ငါ တစ်ဘဝလုံး ကျင့်ကြံထားခဲ့တာတွေနဲ့ မူအာရဲ့ မှော်စွမ်းအင်ကို ပေါင်းစည်းလိုက်တာပဲ… ငါ လုပ်နိုင်တဲ့အရာက ဒီနေရာမှာတင် ကုန်သွားပြီ…”

သူ၏မျက်လုံးများက အင်မတန် တောက်ပနေပြီး မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။ သူက ရေရွတ်လိုက်၏။ “မူအာ၊ မင်းရဲ့ မှော်စွမ်းအင်နဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကို စုစည်းပြီး အဲဒီကမ္ဘာဦးပုဂ္ဂိုလ်ကို သတ်နိုင်မလား…”

သူ ထိုသို့ပြောလိုက်သည့်အချိန်မှာပင် အသတ်အဖြတ်၀င်္ကပါများ ပြိုလဲပျောက်ကွယ်သွားကြသည်။ ကောင်းကင်မြေကြီးလူသား အန္တိမကပ်ဘေးဝင်္ကပါမှာ ပြိုလဲသွားပြီး အင်အားတို့ လွင့်ပြယ်သွားချေပြီ။

မျက်ကန်းမှာလည်း အားအင်များ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ မျက်လုံးများ မှေးမှိန်သွားသည်။ အဘွားစစ်၏အသံက သူ့အရှေ့မှ ထွက်ပေါ်လာသည်။ “မျက်ကန်း… ကြည့်မနေနဲ့တော့… သွားကြစို့”

မျက်ကန်းက ချာခနဲ လှည့်၍ သူမအနောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာ၏။

အဘွားစစ်က မည်သည့်စကားမှ မပြောပေ။ မျက်ကန်းသည် တခဏတိတ်ဆိတ်နေပြီးနောက် ပြောလေသည်။ “ဒီတိုက်ပွဲကို နိုင်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး… မူအာနဲ့ ငါ နောက်ထပ် နိုင်ဖဲတစ်ချပ်ကို ဝှက်ထားခဲ့သေးတယ်… အဲ့ဒါက ယဇ်ပလ္လင်…”

အဘွားစစ်က ရုတ်တရက် ထမေးသည်။ “ထော့ကျိုး ဘယ်ရောက်သွားလဲ… ထော့ကျိုးကောင် ဘယ်ပျောက်သွားပြန်ပြီလဲ…”

သူမမှာ ပတ်ဝန်းကျင်သို့ ကြည့်လိုက်ပြီး အမှောင်ထုထဲတွင် လူရိပ်များစွာ တွေ့နေရသော်လည်း ထော့ကျိုးကိုတော့ မတွေ့ရပေ။

သူမ သူ့ကို လိုက်ရှာတော့မည့်အချိန်တွင် မျက်ကန်းက လက်မောင်းကို ဆွဲထား၏။ သူက ခေါင်းရမ်းပြသည်။ “ရှာစရာ မလိုပါဘူး… ထော့ကျိုး အချစ်ဆုံးက မူအာဆိုတာ နင်လည်း သိနေတာပဲဟာ .. မူအာက နှင်ထုတ်လိုက်ပေမယ့် ခိုးကြောင်ခိုးဝှက် ပြန်သွားမှာပဲ…. မူအာ၊ တစ်ယောက်တည်း အသေခံတိုက်နေတာကို သူ ထိုင်ကြည့်နေနိုင်မှာ မဟုတ်ဘူးလေ…”

အဘွားစစ်က ဒေါသတကြီး မေး၏။ “အဲဒါနဲ့ပဲ သူ့ကို သေတွင်းထဲ တွန်းပို့လိုက်ရမှာလား… ဘာလို့ မတားလိုက်တာလဲ”

မျက်ကန်းက မှင်သေသေ ဖြေသည်။ “မူအာကို ကယ်နိုင်မယ်ဆိုရင် ငါလည်း အသေခံမှာပဲဟ”

အဘွားစစ်မှာ ရင်အစုံ နိမ့်ချည်မြင့်ချည်ဖြင့် ဒေါသထွက်နေသော်လည်း မည်သည့်စကားမှ မပြောတော့ပေ။

အနက်ရောင်တောင်တန်း၏ အလယ်ဗဟိုရှိ အက်ကွဲနေသော အနက်ရောင်တောင်ထဲတွင် ထူးဆန်းသောမျက်လုံးကြီးမှာ ပျက်စီးပြိုကွဲနေသည်။ ၎င်းသည် ကောင်းကင်မြေကြီးလူသား အန္တိမကပ်ဘေးဝင်္ကပါကြောင့် ပြင်းစွာထိခိုက်ဒဏ်ရာရသွား၏။ ထူးဆန်းသော မျက်လုံးထဲရှိ ကလန်ကလားလူထူးဆန်းမှာ ဒေါသမထိန်းနိုင်တော့ပေ။ သူ၏ဆံပင်များက လေထဲတွင် မြောလွင့်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

သူ အသတ်အဖြတ်၀င်္ကပါထဲတွင် ပိတ်မိသွားသည်နှင့် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြတ်ထွက်သွားခဲ့သော ချင်မူသည် ချုပ်နှောင်ခံထားရသည်မှ ပြန်လည်လွတ်မြောက်လာ၏။ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းက ပေါက်ကွဲထွက်လာပြီး သူ့အား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေ၏။ သူက တောင်ဝှေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ထိုအခိုက်အတန့်တွင် ဧရာမယဇ်ပလ္လင်ကြီးတစ်ခုက ချင်မူ့ခြေဖဝါးအောက်တွင် ဖွဲ့တည်လာ၏။ ကလန်ကလားလူထူးဆန်းက ယဇ်ပလ္လင်အား အေးစက်သောအကြည့်များဖြင့် ကြည့်နေသည်။

ယဇ်ပလ္လင်သည် အသက်ဝင်လာပြီး နောက်ထပ်နေရာဟင်းလင်းပြင်တစ်ခုကို ဖွင့်ဟလိုက်လေသည်။

ကောင်းကင်မှာ ပြိုလဲအက်ကွဲသွားပြီး နှိုင်းယှဉ်မရနိုင်အောင် စွမ်းအားကြီးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ဧရာမဦးခေါင်းကြီးများက ကောင်းကင်၏ အရှေ့အရပ်မှ ထွက်ပေါ်လာကြပြီး အင်မတန် ကျယ်လောင်သော အသံကြီးတစ်သံကို ကြားရနိုင်၏။ “ဘယ်ကောင်ကများ ရာရာစစ သားရဲ့ကမ္ဘာရဲ့ အင်အားအကြီးဆုံး အုပ်ချုပ်သူအရှင်သခင်ကို ဆင့်ခေါ်ရဲတာလဲကွ”

ဧရာမနဂါးဦးခေါင်းကြီးက ကောင်းကင်ပေါ်မှ နိမ့်ဆင်းလာကာ ယဇ်ပလ္လင်အထက်သို့ ရောက်ရှိလာသည်။ ၎င်း၏မျက်လုံးများက နေလုံးကြီးများအလားပင်။ “ကောင်းကင်နတ်အရှင်မူ” ၎င်းက အေးဆေးစွာ ခေါ်သည်။ “ရှေးအကျဆုံး နတ်ဘုရင် လုံရှောင် ရောက်လာခဲ့ပြီ… ယဇ်ပူဇော်စမ်း သိမ်နုပ်တဲ့ အသင်လူသား… ကောင်းကင်နတ်အရှင်မူ”

လုံရှောင်၏ ဧရာမခန္ဓာကိုယ်ကြီးမှာ သားရဲကမ္ဘာထဲတွင် ရှိနေဆဲသာ ဖြစ်ပြီး သူ၏ဦးခေါင်းများကသာ ယဇ်ပလ္လင်ထက် ကောင်းကင်အပေါ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဦးခေါင်းတစ်လုံးက ချင်မူ့ကို အံ့ဩမှင်သက်စွာ ကြည့်နေပြီး ကျန်ဦးခေါင်းများကတော့ မျက်လုံးကြီးနှင့် ကလန်ကလား လူထူးဆန်းကို ကြည့်နေကြသည်။

“မင်းဘကြီး ကောင်းကင်နတ်အရှင်မူ”

လုံရှောင်၏ ဦးခေါင်းများမှာ သားရဲကမ္ဘာသို့ ပြန်ဆုတ်သွားတောမည့်အလား နောက်သို့ ရုန်းထွက်သွားကြသည်။ ၎င်းတို့က ဒေါသတကြီး လှမ်းဆဲ၏။ “မင်း ငါ့ကို ခေါ်လိုက်တဲ့အချိန်တိုင်း ကောင်းတာကို မရှိဘူး…”

ချင်မူက အေးစက်စွာ ပြောသည်။ “လုံရှောင်၊ ခင်ဗျား ကျုပ်ကို ဆန္ဒသုံးခု ဖြည့်ဆည်းပေးမယ်လို့ ကတိပေးခဲ့တယ်… ဒါက ပထမဦးဆုံးတစ်ခုပဲ… သားရဲကမ္ဘာရဲ့ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ကတိဖျက်တော့မလို့လား..”

All Chapters