← Chapters

ငါက လေ.... အချုပ်အနှောင်ကင်းတဲ့ လေပဲ

Vol. 114 Ch. 1495

ငါက လေ.... အချုပ်အနှောင်ကင်းတဲ့ လေပဲ

Vol. 114 Ch. 1495

လုံရှောင်မှာ ဗြဟ္မာကြီးဦးခေါင်း လက်ထဲ ရောက်လာသကဲ့သို့ ချီတုံချတုံ ဖြစ်သွားသော်လည်း ထွက်ပြေးလိုသည့် စိတ်ဆန္ဒများကို မြိုသိပ်လိုက်သည်။ သူက ကောင်းကင်ထက်မှ နောက်တကြိမ် ဆင်းသက်လာပြီး မိုးခြိမ်းသံကဲ့သို့ အသံအကျယ်ကြီးဖြင့် ပြောသည်။ “ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်…. ငါနဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ ခံစားရတာနဲ့ ချက်ချင်း ထွက်သွားမှာ… ငါ့အသက်ကို စွန့်စားပေးမှာ မဟုတ်ဘူး… မင်း နားလည်လား ကောင်းကင်နတ်အရှင်မူ…”

ချင်မူက သူ့ကို မကြည့်ပေ။ သူ၏အကြည့်သည် ကလန်ကလျားလူထူးဆန်းကိုသာ အာရုံစိုက်ထားဆဲ ရှိ၏။ သူက အေးဆေးတည်ငြိမ်စွာ တုံ့ပြန်သည်။ “ခင်ဗျား သဘောပဲ”

လုံရှောင်၏ ဧရာမခန္ဓာကိုယ်ကြီးက သားရဲကမ္ဘာမှ တစ်ကိုယ်လုံး ထွက်လာကာ ကလန်ကလျားလူထူးဆန်းအပေါ် ခုန်အုပ်လိုက်သည်။ သူက လျှပ်စီးမိုးကြိုးများ ဖြန့်ကျက်လိုက်ရင်း ဦးခေါင်းကိုးလုံးဖြင့် ဘိုးဘေးနန်းတော်ကောင်းကင်ကို လွှမ်းမိုးထား၏။ ရှစ်လုံးက မန္တန်များ မြင်ယောင်ဖန်ဆင်းနေပြီး အသိစိတ်အလျဉ်ကလည်း ကလန်ကလျားလူထူးဆန်းဆီ ပြေးဝင်သွားသည်။ ထိုစဉ် ကိုးလုံးမြောက်ဦးခေါင်းက ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့သား လုံပိက မင်းနဲ့ ဆက်ဆံရေး အတော်ကောင်းတယ်ဆိုတာကို မှတ်ထားဦး… ငါ သေသွားရင် သူ့ရဲ့ လက်ရှိကျင့်ကြံခြင်း၊ ခွန်အားနဲ့ဆို ငါ့နေရာကို အမွေဆက်ခံနိုင်မှာ မဟုတ်ဘူး… သားရဲကမ္ဘာက တခြားသားရဲတွေရဲ့ တစ်စစီ ဆွဲဖြဲတာခံရလိမ့်မယ်”

သူက လက်သည်းရှည်ကြီးများကို ဆန့်ထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းက ကလန်ကလျားလူထူးဆန်းထံသို့ ရောက်သွားချေပြီ။ မရေမတွက်နိုင်သော ဖန်ဆင်းရှင်များကို ရင်ဆိုင်ခဲ့ဖူးသည့် အင်အားကြီးမားသော သူ၏ ရုပ်ခန္ဓာကြီးကလည်း ပြိုင်ဘက်ကင်းသော ခွန်အားတို့ဖြင့် ပြည့်ဝလာသည်။ သူ၏လက်သည်းရှည်ကြီးများက ချွန်ထက်နေသော ဓားများကဲ့သို့ ကလန်ကလျားလူထူးဆန်းအား ခုတ်ချလိုက်၏။

လက်ရှိအခြေအနေမှာ အတိတ်ကနှင့် မတူပေ။ ယခင်တုန်းက လုံရှောင်မှာ ဘိုးဘေးနန်းတော်၏ အနောက်ဘက်ခြမ်းတွင် ကိုယ့်ကိုယ်ကို ကုသနေရသော အခြေအနေတွင် ရှိခဲ့ပြီး ကမ္ဘာဦးသားရဲများအပေါ် အုပ်ချုပ်ကာ သူအလိုရှိသည်မှန်သမျှ လုပ်ဆောင်ခဲ့၏။ သို့သော် ယခုလက်ရှိ သူမှာတော့ နဂါးချီလင်မှတဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အသိပညာများစွာကို သင်ယူခဲ့ရသည့်အတွက် အသိစိတ်အလျဉ်ဖြစ်စေ၊ ရုပ်ခန္ဓာဖြစ်စေ ယခင်ကထက် များစွာသန်မာနေပြီ ဖြစ်သည်။

လက်ရှိအဆင့်အထိ ကျင့်ကြံပြီးသည့်အချိန်တွင် ဆက်လက်တိုးတက်ရန်မှာ ခက်ခဲသော်လည်း လုံရှောင်ကား အခြားသူများနှင့် မတူပေ။ သူ သိရှိထားသည့် အသိပညာများမှာ ဖန်ဆင်းရှင်တို့၏ ခေတ်မှ အသိပညာများသာ ဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို သင်ယူပြီးသောအခါတွင် ကျင့်ကြံခြင်းအခြေခံကား မြင့်တက်သွားပြီး သိုင်းအဆင့်နှင့် ခွန်အားမှာ အဆပေါင်းများစွာ တိုးတက်သွားခဲ့သည်။

သူက ကောင်းကင်နတ်အရှင်အဆင့် ဖြစ်တည်မှုဆိုလည်း မမှားပေ။ ယခင်တုန်းက လုံရှောင်မှာ ဖန်ဆင်းရှင်များ ရှေးဟောင်းနတ်ဘုရားများကို ခြောက်လှန့်ရာတွင် အသုံးပြုခဲ့သော ဖြစ်တည်မှုသာ ဖြစ်ခဲ့သည်။ ကောင်းကင်နယ်စားမင်းဖြစ်စေ၊ မြေအောက်ဘုံအရှင်သခင်ဖြစ်စေ သူ့ကို သတိထားရလေသည်။ ဤအခိုက်အတန့်တွင် သူကား တောင်ပံပါသည့် ကျားတစ်ကောင်အလားပင်။ အောက်သို့ ပျံဆင်းလာသည့်အချိန်တွင် သူ၏ရုပ်ခန္ဓာကလည်း အလျင်အမြန် ကျုံ့ဝင်လာနေ၏။

ရုပ်ခန္ဓာ ကျုံ့လိုက်ခြင်းက ခွန်အားကို သိပ်သည်းစေပြီး ရုပ်ခန္ဓာ၏ တိုက်ခိုက်နိုင်စွမ်းကို ပိုမိုပြင်းထန်စေနိုင်သည်။

လုံရှောင်သည် ဘိုးဘေးနန်းတော် အနက်ရောင်တောင်ထဲရှိ ထူးဆန်းသောမျက်လုံးနှင့် ကလန်ကလျားလူထူးဆန်းမှာ ပေါ့သေးသေး မဟုတ်ကြောင်း သိထားသဖြင့် သူ၏ခွန်အားကို ချက်ချင်းပင် အပြည့်အဝ ထုတ်ဖော်ခဲ့၏။

ကလန်ကလျားလူထူးဆန်းသည် အတော်လေး သနားစဖွယ် ဖြစ်နေသည်။ လက်တစ်ဖက် ပြတ်ထားသည့်အပြင် သူ၏နဖူးတွင်လည်း သွေးတို့စိုရွဲနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ပြည့်နှက်နေသော်လည်း သူက လုံရှောင်၏ တိုက်ကွက်ကို မနှစ်သက်ပုံပြနေ၏။

ဝုန်း…

လုံရှောင်၏ အသိစိတ်အလျဉ်မှာ အလွန်တရာ သိပ်သည်းအားကောင်းသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး မြင်ယောင်ဖန်ဆင်းခြင်းဖြင့် ခန္ဓာကိုယ်အား ပေါက်ထွက်သွားစေရန် ကြိုးစားနေ၏။ သို့သော် လုံရှောင်၏ ဦးခေါင်းရှစ်လုံးမှ အသိစိတ်အလျဉ်တို့ ကလန်ကလျားလူထူးဆန်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ဗလုံးဗထွေး တဝုန်းဝုန်း မြည်သံရှစ်ချက်အား ကြားလိုက်ရသည်။ မြင်ယောင်မဖန်ဆင်းနိုင်ခင်မှာပင်လျှင် သူ၏အသိစိတ်အလျဉ်မှာ ကလန်ကလျားလူထူးဆန်း၏ စွမ်းအားကြီးသောခန္ဓာကိုယ်မှ ချေဖျက်ခြင်းအား ခံလိုက်ရချေပြီ။

ဝုန်း…

ထိုစဉ် လုံရှောင်၏ လက်သည်းစွယ်ကြီး ကျဆင်းလာသည်။ ကလန်ကလျားလူထူးဆန်းက လက်မြှောက်လိုက်၏။ သူက လက်သည်းကို လက်ချောင်းငါးချောင်းဖြင့် ကုပ်ဆွဲထားလိုက်သည်။

လုံရှောင်က ဟိန်းဟောက်လိုက်ရင်း သူ၏ခွန်အားများကို ထုတ်လွှတ်လိုက်၏။ ကလန်ကလျားလူထူးဆန်းကလည်း တစ်ပြိုင်နက်တည်း ခွန်အားထုတ်လွှတ်လိုက်သည်။ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာပြီး လုံရှောင်မှာ နာကျင်လွန်းသဖြင့် မျက်ရည်များပင် စီးကျလာတော့သည်။ သူ၏ ဦးခေါင်းကိုးလုံးက ကောင်းကင်ထက်တွင် ရမ်းခါလိုက်ရင်း ပါးစပ်ကြီးဟကာ ကလန်ကလျားလူထူးဆန်းအား လှမ်းဟပ်လိုက်သည်။

ကလန်ကလျားလူထူးဆန်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ ယခင်စကြဝဠာထဲတွင် ရှိနေဆဲဖြစ်ပြီး ကျန်တစ်ဖက်ကတော့ အက်ကွဲနေသော အနက်ရောင်တောင်၏အပြင်တွင် ရှိနေ၏။ သူ့အတွက် ရှောင်ရခက်သဖြင့် လှမ်းဟပ်ခံလိုက်ရသည့်အချိန်တွင် ချွန်ထက်နေသော သွားများက သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စိုက်ဝင်သွားသည်။

ရုတ်တရက် ကလန်ကလျားလူထူးဆန်း၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး၏ စွမ်းအား ပေါက်ကွဲထွက်လာ၏။ သူ၏ ခေါင်းအလှည့်နှင့်အတူ အလင်းတန်းတစ်တန်း စီးဖြာသွားပြီး ကောင်းကင်ထက်တွင် သွေးတို့ ရဲခနဲ ဖြာထွက်သွားတော့သည်။ လုံရှောင်၏ ခေါင်းတစ်လုံး အဖြတ်ခံလိုက်ရချေပြီ။ ထို့နောက် ဒုတိယဦးခေါင်းနှင့် တတိယဦးခေါင်းလည်း အဖြတ်ခံလိုက်ရသည်။

လုံရှောင်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ နဂါးလက်သည်း နောက်တစ်ဖက်က ကလန်ကလျားလူထူးဆန်း၏ ရင်ဘတ်ထဲ ထိုးစိုက်ကာ နှလုံးသားထဲအထိ နစ်၀င်သွား၏။ သို့သော် ထိုနှလုံးသားထဲမှ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏လက်သည်းမှာ အရည်ပျော်သွားတော့သည်။

လုံရှောင်မှာ အလွန်တရာ ကြောက်လန့်သွား၏။ ဤသည်မှာ မည်သို့သော ပုဂ္ဂိုလ်မျိုးနည်း။

ထိုသူ၏ခန္ဓာကိုယ်တစ်ဝက်က ထူးဆန်းသော မျက်လုံးထဲတွင် နစ်ဝင်နေသောကြောင့် မလှုပ်ရှားနိုင်ပေ။ သို့သော် လုံရှောင်ကဲ့သို့ ဖြစ်တည်မှုတစ်ခုကို လက်တစ်ဖက်တည်းဖြင့် ဒဏ်ရာရစေနိုင်သည်။

ဤလောကတွင် ထိုမျှစွမ်းအားကြီးမားသော ပုဂ္ဂိုလ်မျိုးရှိသည်လော။

လုံရှောင်မှာ အလျင်အမြန် လွှတ်၍ ရုန်းထွက်လိုက်ရင်း ကောင်းကင်အပေါ် ခုန်တက်ပြီး ပြတ်နေသော ဦးခေါင်းသုံးလုံးကို ထားရစ်ခဲ့၍ သားရဲကမ္ဘာဆီ ပြန်ပြေးရန် ပြင်လိုက်သည်။

သို့သော် ကလန်ကလျားလူထူးဆန်းက သူ၏နဂါးလက်သည်းကို ဆွဲထားကာ လွှတ်မပေးပေ။ ထိုအစား အားသုံး၍ သူ့အား ကောင်းကင်ထက်မှ ပြန်ဆွဲချလိုက်၏။

လုံရှောင်၏နှလုံးသားထဲတွင် ကြောက်ရွံမှုများ ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ မရေမတွက်နိုင်သော နဂါးအကြေးခွံများက သူ၏ခန္ဓာကိုယ်မှ ပျံထွက်သွားကြ၏။ နဂါးအကြေးခွံများသည် ကြေးမုံများကဲ့သို့ တောက်ပနေသော်လည်း ပြိုင်ဘက်ကင်းအောင် ချွန်ထက်နေပြီး ကလန်ကလျားလူထူးဆန်းထံသို့ ပြေးဝင်သွားကြချေပြီ။

ထိုပုဂ္ဂိုလ်၏ အနောက်ရှိ ထူးဆန်းသောမျက်လုံးကြီးက တုန်ခါလာပြီး မရေမတွက်နိုင်သော နဂါးအကြေးခွံများသည် အထိန်းအကွပ်မဲ့ကုန်ကာ ထူးဆန်းသောမျက်လုံးကြီးအတွင်းသို့ ပျံသန်းသွားကြရတော့သည်။ လုံ‌ရှောင်၏ ပြတ်နေသော ဦးခေါင်းပင်လျှင် ထူးဆန်းသောမျက်လုံးအထဲ လွင့်မျောသွားကြသည်။

“ငါက ယဇ်ကောင် ဖြစ်သွားတာလား…”

လုံရှောင်မှာ ကြက်သီးမွှေးညှင်းများ ထလာသည်။ ကလန်ကလျား လူထူးဆန်း၏ မျက်ခုံးနှစ်ဖက်ကြားရှိ‌ ဒေါင်လိုက်မျက်လုံးက နောက်တစ်ကြိမ် တောက်ပလာပြန်သည်။ ဤတိုက်ကွက်က သူ့ဦးခေါင်းတို့အား တစ်ခေါင်းမကျန် ဖြတ်တောက်ကောင်း ဖြတ်တောက်ပစ်နိုင်လိမ့်မည်။

လုံရှောင်ကား ကြောက်ရွံ့နေ၏။ လောက၌ အစွမ်းထက်လှပါသည်ဆိုသော ကောင်းကင်နတ်အရှင်များပင်လျှင် သူ့ကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ရန် မဆိုထားနှင့်၊ တိုက်ကွက်တစ်ကွက်တည်းနှင့်ပင် အနိုင်မယူနိုင်ကြပေ။

ယခုတွင်တော့ ဤ ကလန်ကလျားပုဂ္ဂိုလ်သည် သူ့ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သည်သာမက ယဇ်ကောင်အဖြစ် အသုံးချ၍ အာဟာရပင် ဖြည့်နိုင်ချေသည်။

ဤအခိုက်အတန့်တွင် သေးငယ်သောလူရိပ်လေးတစ်ခုက နဂါးကြေးခွံများထံ ပျံသန်းနေသည်ကို တွေ့လိုက်ရ၏။ ၎င်းက နဂါးကြေးခွံများအောက်တွင် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ဖြတ်သန်းသွားလာနေပြီး ကလန်ကလျားလူထူးဆန်းဆီ ချဉ်းကပ်သွားနေသည်။

“ကောင်းကင်နတ်အရှင်မူ…”

လုံရှောင်အနေဖြင့် ထိုအကြောင်း စဉ်းစားနေရန် အချိန်မရပေ။ သူ၏ဦးခေါင်းခြောက်လုံးက အပေါ်အောက်ပျံသန်းရင်း ကလန်ကလျားလူထူးဆန်း၏ မျက်လုံးဆီမှ ထွက်လာနေသော အလင်းတန်းများကို ရှောင်တိမ်းရန် ကြိုးစားနေသည်။ သို့သော် အချိန်မီ မရှောင်နိုင်လိုက်ဘဲ အလင်းတန်းတစ်တန်းဖြင့် ထိတွေ့သွား၏။ နောက်ထပ်ဦးခေါင်းတစ်လုံး ပြတ်သွားပြန်သည်။

သူ့မှာ ဦးခေါင်းဖြတ်ခံလိုက်ရသော မြွေကြီးတစ်ကောင်အလား ဆတ်ဆတ်ခါသွားပြီး တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် အော်သံကြီးအား ထုတ်လွှတ်လိုက်၏။ သို့သော် သူ့အတွက် သေခြင်းကံတရားမှ ရှောင်တိမ်းနိုင်ရန် မလွယ်ကူပေ။

ထိုစဉ်မှာပဲ ချင်မူကား ကလန်ကလျားလူထူးဆန်းအရှေ့သို့ ရောက်သွားပြီ ဖြစ်၏။ သူက လက်ချောင်းငါးချောင်းကို ဖြန့်၍ ကလန်ကလျားလူထူးဆန်း၏ ရင်ဘတ်အပေါ်သို့ အမှတ်အသားတစ်ခု ခတ်နှိပ်လိုက်သည်။

ဝုန်း…

မျက်စိကျိန်းမတတ် တောက်ပလင်းထိန်နေသော အလင်းရောင်များက ဖြာထွက်လာပြီး တစ်လောကလုံး ဖြူသွားသည့်တိုင်အောင် ထွန်းလင်းသွား၏။ ထိုက်ကျိပန်းချီကားတစ်ချပ်က ပြန့်ကားထွက်လာပြီး ကလန်ကလျားလူထူးဆန်း၏ ခန္ဓာကိုယ်ပေါ်တွင် ခတ်နှိပ်သွားသည်။

ထိုက်ကျိက ယင်နှင့် ယန်အဖြစ် ဆင့်ကဲပြောင်းလဲသွား၏။

ချင်မူက လက်များကို အဆက်မပြတ် လှုပ်ရှားရင်း တံဆိပ်အမှတ်အသားတို့အား ကလန်ကလျားလူထူးဆန်း၏ ရင်ဘတ်အပေါ်သို့ မိုးရွာကျနေသည့်ပမာ တရစပ် ရိုက်နှိပ်နေသည်။

သူ၏လက်ဖဝါး ထိတွေ့သွားသည့်နေရာတိုင်းတွင် ကလန်ကလျားလူထူးဆန်း၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ အေးစက်တောင့်တင်းသွား၏။ တောင့်တင်းသွားသည့်နေရာမှာ ပိုပို၍ ကျယ်ပြန့်လာကာ အမြန်နှုန်းကလည်း ပိုပို၍မြန်ဆန်လာသည်။

ကလန်ကလျားလူထူးဆန်းသည် စူးရှတုန်ခါသွားသည့် အော်သံတစ်သံကို ထုတ်လွှတ်လိုက်ပြီး လုံရှောင်အား လွှတ်ပေးလိုက်၏။ သူက လက်ဆန့်တန်း၍ ချင်မူ့အား လှမ်းဆွဲသည်။

ချင်မူက သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွေ့လျားနေပြီး ထုတ်လွှတ်နေသော တိုက်ကွက်တစ်ကွက်ချင်းစီသည် သူ၏ တာအိုကျင့်စဉ်စနစ် ၂၃ ဘုံမြောက် ကောင်းကင်နတ်သိုင်းဖြစ်၏။ သူ၏ ထိုက်ကျိအား ယင်နှင့်ယန်အဖြစ် ပြောင်းလဲ၍ ကလန်ကလျားလူထူးဆန်း၏ ဗိုက်မှ လည်စလုတ်အထိ ၊ လည်စလုတ်မှ ပြတ်နေသော လက်မောင်းအထိ ရိုက်နှက်လိုက်သည်။

ချင်မူ့ကို လှမ်းဆွဲထားသည့် ကလန်ကလျားလူထူးဆန်း၏ လက်ဖဝါးမှာ တဖြည်းဖြည်း လျော့ရဲသွားသည်။ သူ၏ လက်မောင်းမှာ ရပ်တန့်သွားပြီး ချင်မူ့ကို လှမ်းဆွဲမထားနိုင်တော့ချေ။ သို့သော် အလင်းတန်းတစ်တန်းက ဒေါင်လိုက်မျက်လုံးမှတဆင့် ချင်မူ့အား ခုတ်ပိုင်းလိုက်၏။

ဤသည်မှာ အရေးအကြီးဆုံး အခိုက်အတန့် ဖြစ်ကြောင်း သိသဖြင့် လုံရှောင်မှာ သူ၏ နှလုံးသားထဲရှိ အကြောက်တရားကို ဖိနှိပ်ထားလိုက်သည်။ သူက လက်သည်းစွယ်ကြီးများကို မြှောက်ကာ ချင်မူ့အပေါ်ရှိ ကောင်းကင်တွင် ကာပေးထားလိုက်၏။

လူထူးဆန်း၏ မျက်လုံးမှာ အလင်းတန်းမှာ နှိုင်းယှဉ်မရနိုင်အောင် ထက်မြနေသောကြောင့် သူ၏လက်သည်းများကို ခွမ်းခနဲ ခုတ်ပိုင်းလိုက်နိုင်သည်။

လုံရှောင်မှာ နာကျင်စွာဖြင့် ဦးခေါင်းငါးလုံးကို မော့လျက် အော်ဟစ်လိုက်ရသည်။ သို့သော် သူ၏အမြှီးက တိုက်ကွက်ကို လာရောက်ကာကွယ်ပေး၏။

သူ၏အမြှီးလည်း ကျိုးသွားသည်။

တစ်ချိန်တည်းမှာပင် ကလန်ကလျားလူထူးဆန်း၏ လက်တစ်ဖက်လုံးမှာ ကျောက်သား ဖြစ်သွားပြီး လည်ပင်းအထိ ကျောက်သားတို့က ပျံ့နှံ့နေချေပြီ။

ချင်မူက သူ၏လည်ပင်းမှ မျက်နှာသို့ ရောက်လာသည်။ ရိုက်ချက်တစ်ချက်ပြီးတစ်ချက်က သူ၏မျက်နှာအပေါ်သို့ တိကျစွာ ကျရောက်နေပြီး စွမ်းအင်စုံရာအမှတ်များအား ထိထိရောက်ရောက်.

ချင်မူ့ခြေလှမ်းများက မရပ်တန့်ဘဲ အပေါ်သို့ တက်လာသည်။ သူက ထိုပုဂ္ဂိုလ်၏ ဦးခေါင်းကို ပြေးလွှားလှည့်ပတ်နေပြီးနောက် ဦးခေါင်းအပေါ်ရှိ ငယ်ထိအထိ ရောက်သွားသည်။ နောက်ဆုံး ချိပ်တံဆိပ် ကျရောက်သွားသည့်အချိန်တွင် ကလန်ကလျားလူထူးဆန်းမှာ လုံးလုံးလျားလျား ကျောက်သား ဖြစ်သွားတော့၏။

ဝှစ်…

ချင်မူက သူ၏ခန္ဓာကိုယ်တလျှောက် ပြေးလွှားနေပြန်သည်။ ကောင်းကင်နတ်သိုင်းတို့၏ အစီအရင်တံဆိပ်များ တစ်ခုပြီးတစ်ခုက လူထူးဆန်း၏ခြေထောက် အရှေ့နှင့် အနောက်တွင် ခတ်နှိပ်ခံရ၍ ထိုက်ကျိအား ယင်နှင့်ယန်အဖြစ် ပြောင်းလဲပေးနေသည်။

အဆုံးသတ်တွင်တော့ နောက်ဆုံးတံဆိပ်ကို ကလန်ကလျားလူထူးဆန်း၏ ခြေချောင်းများတွင် ခတ်နှိပ်ပြီးသွားပြီး ၎င်းတို့ကိုပါ ကျောက်သားအဖြစ် ပြောင်းလဲသွားစေသည်။

ချင်မူမှာ မြေပြင်သို့ ဆင်းသက်လိုက်သည့်အခါ ယိမ်းယိုင်မူးဝေသွားသည်။ သူ၏ခန္ဓာကိုယ်မှာ ဟန်ချက်မထိန်းနိုင်ဖြစ်နေ၏။

‘ဒီလိုပုဂ္ဂိုလ်မျိုးကို ထိုက်ကျိရဲ့ ယင်ယန်အသွင်ပြောင်းလဲမှုတစ်ခုတည်းနဲ့ ချိပ်ပိတ်လို့မရဘူး’

သူက အသက်တစ်ရှိုက် ရှူသွင်းလိုက်ရင်း ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းလိုက်သည်။ ကျန်ရှိနေသော ချီစွမ်းအင်တို့က လောကသစ်ပင်ထဲတွင် လှည့်ပတ်နေကြပြီး သိုင်းကွက်ကို အသားကုန်အသက်သွင်းနေ၏။ သူကား ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြန်ကာ ကလန်ကလျားလူထူးဆန်းပေါ်တွင် သိုင်းကွက်တို့အား နောက်တစ်ကြိမ် ခတ်နှိပ်လိုက်ပြန်သည်။

ထိုက်စု ဖရိုဖရဲကမ္ဘာဦး၏ ပန်းဖူးတစ်ပွင့်ကို ဖွင့်လှစ်ခြင်း။

ထိုက်ရှီ ပွင့်လန်းနေသော နွေဦးကို မေးခွန်းထုတ်ခြင်း။

ထိုကောင်းကင်နတ်သိုင်းနှစ်ခုက အပြန်အလှန် ပြောင်းလဲနေကြပြီး ကျောက်သားအဖြစ် တောင့်တင်းနေသော ကလန်ကလျားလူထူးဆန်းမှာ ပိုပို၍ ပုံရိပ်ယောင်တစ်ခုနှင့် တူလာသည်။ ၎င်းသည် သူ့အား စွမ်းအင်ကိုယ်ထည်အဖြစ် ပြောင်းလဲပေတော့မည်။

ရုတ်တရက် ချင်မူမှာ မှော်စွမ်းအင်များ ကုန်ဆုံးသွား၍ ကောင်းကင်ပေါ်မှ ပြုတ်ကျလာ၏။

လုံရှောင်က ကောင်းကင်မှ ဆင်းလာကာ ချင်မူ့အောက်တွင် သူ၏ခန္ဓာကိုယ်ကြီးဖြင့် ဝင်ခံပေးလိုက်သည်။ လူသားနှင့်နဂါးမှာ မြေကြီးပေါ် ပြုတ်၍ မိုင်ဒါဇင်ပေါင်းများစွာ တရွတ်တိုက်ဆွဲသွားကြပြီးနောက် ရပ်တန့်သွားကြ၏။

ချင်မူက အားတင်း၍ ထရပ်လိုက်သော်လည်း ကတုန်ကယင်ဖြင့် ပြန်လဲကျသွားသည်။ သူက လုံရှောင်၏ ခန္ဓာကိုယ်ပေါ်မှ ဖုန်ကြားထဲသို့ လိမ့်ဆင်းကျသွား၏။

လုံရှောင်၏ ရုပ်ခန္ဓာမှာလည်း တဂျွတ်ဂျွတ် မြည်လျက် ကျုံ့ဝင်နေသည်။ သူသည် ထူးဆန်းသော လူအသွင် ပြောင်းသွားပြီး ဦးခေါင်းငါးခေါင်းနှင့် အမြှီး မရှိတော့ပေ။

သူက ချက်ချင်းပင် လက်မောင်းများနှင့် နောက်ထပ်အမြှီးတစ်ချောင်းကို မြင်ယောင်ဖန်ဆင်းလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများမှာ ကလန်ကလျားလူထူးဆန်းအနောက်ရှိ ထူးဆန်းသောမျက်လုံးကြီး၏ ဝါးမြိုခြင်းကို ဆက်လက်ခံနေရရာ သူ၏ခန္ဓာကိုယ်တစ်လျှောက် အပေါက်များ ပေါက်နေစေသည်။

လုံရှောင်မှာ ဒေါသထွက်နေ၏။ သူက ချင်မူ့ကို အင်္ကျီလည်ပင်းအစမှ ဆွဲမြှောက်လိုက်ပြီး ဒေါသကြီးစွာဖြင့် ပြုံးလျက် ကြိမ်းလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းအတွက် ဆန္ဒသုံးခု ဖြည့်ဆည်းပေးမယ်လို့ ငါကတိပေးခဲ့တယ်… ဒါပေမဲ့ ပထမဦးဆုံးတစ်ခုမှာတင် သေရတော့မယ်… နောက်ထပ်နှစ်ခုကို လုပ်မပေးတော့ဘူး... မင့်အစ်ကိုကြီးကိုသာ ငါ့ လာစားခိုင်းလိုက်တော့”

ချင်မူက ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ပြီး အက်ကွဲစွာ ပြောသည်။ “ရိုက်… မြန်မြန်… သူ့ကို ရိုက်လိုက်တော့…”

လုံရှောင်က နှာခေါင်းရှုံ့လိုက်၏။ “ငါ သူ့ကို မင်းအစား ရိုက်ပေးနိုင်တယ်… ဒါပေမဲ့ အဲဒါက ဒုတိယဆန္ဒပဲ… တတိယဆန္ဒက မြေအောက်ဘုံအရှင်လေးနဲ့ ငါတို့ကျိန်ဆိုထားတာကို ဖျက်ဖို့ပဲ… ဘယ်လိုလဲ…”

“သူ့ကို မြန်မြန် ရိုက်လိုက်ပါတော့...”

ချင်မူက ရှိသမျှအားအကုန် ထုတ်၍ ဟိန်းဟောက်လိုက်သည်။ “သူ့မျက်လုံးတွေက တာအိုသစ်သီးတွေပဲ… မဟာတာအိုက ဖွဲ့စည်းထားတဲ့ တာအိုသစ်သီး… သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်က အတိတ်စကြ၀ဠာမှာ ရှိနေသေးလို့ ကျောက်ရုပ်အစစ် မဖြစ်သေးဘူး… ကျုပ်ရဲ့ကောင်းကင်နတ်သိုင်း သူ့ကို ဆက်ပြီးမတားနိုင်တော့အောင် သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်ကို အသက်သွင်းနေပြီ…”

လုံရှောင်က ချင်မူ့ကို မြေပြင်တွင် ချ၍ ကလန်ကလျားလူထူးဆန်းကို ရိုက်နှက်တော့မည်အချိန်တွင် ထိုပုဂ္ဂိုလ်မှာ ရုတ်တရက် လှုပ်ရှားလာသည်။ အလင်းတန်းများက သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဆန်းကြယ်မျက်လုံးထဲမှ ရေများအလား စီးဆင်းဖြာကျလာ၏။

ကျောက်ရုပ်ဖြစ်နေသော ကလန်ကလျားလူထူးဆန်း၏ ခန္ဓာကိုယ်မှာ တုန်ခါလာပြီး ကျောက်သားခန္ဓာကိုယ်ကား ယိမ်းယိုင်လာချေပြီ။

လုံရှောင်မှာ အံ့အားသင့်နေပြီး ရပ်တန့်သွားသည်။ ချင်မူက မာန်မဲအော်ဟစ်လိုက်၏။ “သူ့မျက်လုံးကို တိုက်… အဲဒါက သူ့ရဲ့တစ်ခုတည်းသော အားနည်းချက်ပဲ.. မျက်လုံးတွေကို ဖျက်ဆီးလိုက်ရင် သူ သေသွားလိမ့်မယ်… သူ့မှာ တာအိုသစ်သီး ရှိပေမယ့် အန္တိမဟင်းလင်းပြင်နဲ့ မပေါင်းစည်းရသေးဘူး… အခုအချိန်က အားအနည်းဆုံးအချိန်ပဲ”

လုံရှောင်က တုံ့ဆိုင်းနေသောကြောင့် ပြန်လှည့်ကြည့်လာသည်။ “မင်းဘာသာ ပြောချင်တာ ပြောနေလိုက်… မင်းလုပ်နိုင်ရင် ထွက်လုပ်လိုက်လေ”

ထိုသို့ပြောပြီးနောက် သူက သတ္တိမွေးကာ ပျံသန်းသွားသည်။ ထိုစဉ် ကလန်ကလျားလူထူးဆန်း၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှာ တောက်ပလာ၏။ လုံရှောင်မှာ လန့်ဖြတ်သွားပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ ကောင်းကင်ထက်တွင် အလင်းတန်းတစ်တန်း ဖြတ်ခနဲ လက်သွားပြီး လုံရှောင်ကား သားရဲကမ္ဘာသို့ ပြန်သွားချေပြီ။

သူ့မှာ ဆက်လက်တိုက်ခိုက်ရန် သတ္တိ မရှိတော့ပေ။

ချင်မူက သွားများကြေမွတော့မတတ် အံတင်းတင်းကြိတ်ထား၏။

သူက လက်မြှောက်လိုက်ပြီး ထိုက်ယီ၏ တောင်ဝှေးကို ဆုပ်ကိုင်ကာ ၎င်းကို မှီရင်း ကလန်ကလျားလူထူးဆန်းထံ လျှောက်သွားသည်။ နှုတ်မှလည်း တိုးညှင်းစွာ ရေရွတ်နေသည်။ “ငါက လေ….”

“အချုပ်အနှောင်ကင်းတဲ့ လေပဲ... လွတ်လပ်မှုရဲ့ လေပဲ”

သူ့မှာ အသက်ပြင်းပြင်း ရှူနေရပြီး ခြေလှမ်းများကို မြန်လာစေရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ သူပါးစပ်မှ ထွက်ပေါ်လာသည့်စကားလုံးများမှာ သူ ငယ်စဉ်အခါ ဒုက္ခိတဘိုးဘွားကျေးရွာတွင် ရှိနေခဲ့တုန်းက ထော့ကျိုး သင်ပေးခဲ့သည့်အရာများ ဖြစ်၏။

“ငါ့ရဲ့အမြန်နှုန်း လုံလုံလောက်လောက် မြန်လာရင်… ငါ့ရဲ့နှလုံးသား တည်ငြိမ်လာရင်… ငါ့ရဲ့ခန္ဓာကိုယ် ပေါ့ပါးလာရင်… လေရဲ့ စွမ်းအားကို ခံစားလို့ရတယ်…”

သူ၏ခြေလှမ်းများက လျင်မြန်သထက် လျင်မြန်လာသည်။ တဖြည်းဖြည်း သူ့ခြေထောက်အောက်ရှိ မြေထုတွင် လေအဟုန်များ ဖွဲ့တည်လာ၏။

“အဲဒီအချိန်ကျရင် လေလှိုင်းဖျားကို ဖမ်းဆုပ်… လှိုင်းဖျားထိပ်ကို နင်းပြီး ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်လိမ့်မယ်”

သူက လေထဲတွင် လမ်းလျှောက်နေပြီး သူ၏အမြန်နှုန်းက ပိုမိုမြန်ဆန်လာသည်။

“ငါက လေ… အချုပ်အနှောင်မရှိတဲ့ လေ ... လွတ်လပ်မှုရဲ့ လေပဲ… ဘယ်သူမှ ငါ့ကို လိုက်မမှီနိုင်ဘူး”

သွေးတို့က သူ၏နှုတ်ခမ်းထောင့်မှ စီးကျနေပြီး သူ၏အရေပြားမှာ ပေါက်ကွဲလာသည်။ သို့တိုင်အောင် သူသည် အမြန်နှုန်းကို မြှင့်တင်ရင်း ပြေးလွှားနေ၏။

ချင်မူက ထိုက်ယီတောင်ဝှေးဖြင့် ကလန်ကလျားလူထူးဆန်း၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးဆီသို့ ညွှန်ပြလိုက်သည်။ သူ၏မျက်လုံးများမှာ ပိုပို၍ဝေဝါးလာချေပြီ။

“ငါက လေ… လေနောက်က ပြေးလိုက်နေတဲ့ ကောင်လေးတစ်ယောက်...”

သူ့မှာ လေထဲတွင် ယိမ်းယိုင်သွားသော်လည်း အတတ်နိုင်ဆုံးကြိုးစား၍ အရှိန်မြှင့်တင်‌နေဆဲပင်။ ရုတ်တရက် ခပ်ပိန်ပိန်လူရိပ်တစ်ခုက သူ့ဘေးနားသို့ ဖျတ်ခနဲ ရောက်လာပြီး နူးညံ့ညင်သာနေသည့် အဘိုးအိုတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ “မူအာ၊ ငါ့ကို တောင်ဝှေးပေး..”

သန်မာသော လက်ဖဝါးတစ်ဖက်က သူ့လက်ထဲမှ တောင်ဝှေးကို ယူသွားရာ ချင်မူ့သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ သူ အာရုံစူးစိုက်၍ ကြည့်လိုက်သည့်အခါ ထော့ကျိုး၏ မျက်နှာကို မြင်လိုက်ရ၏။

“မသွားနဲ့…”

သူက ထော့ကျိုး၏ အင်္ကျီစကို လှမ်းဆွဲထားသည်။ “မသွားနဲ့… ဘိုးဘိုး သေလိမ့်မယ်”

ထော့ကျိုးက ချင်မူ့လက်ကို ဖယ်လိုက်ပြီး သူ၏ ခြေလှမ်းများက ပေါ့ပါးလာကာ အလင်းတန်းတစ်တန်းအဖြစ် အဝေးသို့ ထွက်ခွာသွားတော့သည်။ သူကား တောင်ဝှေးထိပ်ကို မြှောက်၍ ကလန်ကလျားလူထူးဆန်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ ပြေးဝင်သွားချေပြီ။

ချင်မူ့စိတ်အစဉ်မှာ ဖရိုဖရဲ ဖြစ်သွားသောကြောင့် လှိုင်းဖျားထိပ်တွင် မရပ်နေနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်မှ ကူကယ်ရာမဲ့စွာ ပြုတ်ကျသွား၏။

“မသွားနဲ့…” သူက အာခေါင်ခြစ်၍ အော်ဟစ်လိုက်သည်။

ထော့ကျိုး၏ အစိမ်းရောင်ဝတ်ရုံသည် လေထဲတွင် မြောလွင့်နေရင်း ကောင်းကင်ထက်တွင် အစိမ်းရောင်အလင်း တောက်ပနေစေသည်။ ထိုအခိုက်အတန့်တွင် သူ၏ပုံရိပ်သည် နေရာဟင်းလင်းပြင်နှင့် သူ၏အကန့်အသတ်တို့ကို ဖောက်ထွက်သွား၏။

“ငါကလေ…အချုပ်အနှောင်ကင်းမဲ့တဲ့ လေပဲ..”

သူ၏အသံက ကောင်းကင်ထက်၌ ဟိန်းထွက်လာသည်။ “ဘယ်သူမှ မဖမ်းဆီးနိုင်တဲ့ လေ…”

ခွမ်း….

ထိုက်ယီ၏ တောင်ဝှေးက ကလန်ကလျားလူထူးဆန်း၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးထဲသို့ ထိုးစိုက်သွားသည်။ တစ်ခဏငြိမ်သက်နေပြီးနောက် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ကလန်ကလျားလူထူးဆန်း၏ ဦးခေါင်း ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်မှာလည်း တစ်စစီဖြစ်လာသည်။ ကျောက်တုံးအပိုင်းအစများက ကောင်းကင်ထက်မှ ကျဆင်းလာကြပြီး မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်က ချင်မူ့အား လေအဟုန်နှင့်အတူ လွင့်ထွက်သွားစေသည်။

သူ့မှာ မြေကြီးအား ပြေးတိုက်၍ လိမ့်ထွက်နေ၏။ အချိန်အတော်ကြာသော် ရပ်တန့်သွားပြီး ထရပ်ရန် ကြိုးစားလိုက်သော်လည်း မရပ်နိုင်ချေ။

တောင်ဝှေးက ပျံဝဲလာပြိး သူ့အရှေ့ရှိ မြေပြင်တွင် ထိုးစိုက်သွားသည်။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ တောင်ဝှေးမှ အနီရောင်သွေးတို့ စီးကျနေသည်အား တွေ့လိုက်ရ၏။

သူက လက်ကို မြှောက်၍ တောင်ဝှေးအား တင်းကြပ်စွာ ဖက်ထားသည်။ မျက်ရည်များက တောင်ဝှေးမှ သွေးတို့နှင့်အတူ စီးကျလာသည်။

သူသည် ကလေးငယ်လေးတစ်ဦးအလား တောင်ဝှေးကို ကျစ်ကျစ်ပါအောင် ကိုင်၍ အချိန်အတော်ကြာသည်အထိ မလှုပ်မယှက် လဲလျောင်းနေ၏။

ထိုအဘိုးအိုကြီးသည် သူ့ဆီမှ သကြားလုံးတုတ်ထိုး ခိုးမယူနိုင်တော့သလို၊ သူလည်း ပြန်မခိုးနိုင်တော့ပေ။

All Chapters