လွမ်းဆွတ်ရခြင်း
Vol. 114 Ch. 1496
ညသည် လေးလံစွာ ကျဆင်းလာနေသည့် အေစက်စက် နှင်းပေါက်များဖြင့် ပြည့်နှက်နေ၏။
နေထွက်လာသည့်အချိန်တွင် ချင်မူ့ခန္ဓာကိုယ်ပေါ်ရှိ နှင်းခဲများ ဖြည်းဖြည်းချင်း အရည်ပျော် ပျောက်ကွယ်သွားသည်။ သူက တောင်ဝှေးကို အားပြုရင်း ကတုန်ကယင် ထရပ်လိုက်သည်။ တောင်ဝှေးပေါ်ရှိ သွေးတို့မှာ နတ်ဘုရားတစ်ပါး၏သွေး ဖြစ်ပြီး နီရဲလတ်ဆတ်နေဆဲပင်။
သူ ရှေ့သို့ လှမ်းကြည့်လိုက်ရာ အပျက်အစီးများကို တွေ့မြင်လိုက်ရသည်။
မနေ့ညမှ တိုက်ပွဲသည် ဤနေရာတွင် အပျက်အစီးများစွာ ဖြစ်စေခဲ့၏။ အက်ကွဲနေသော အနက်ရောင်တောင်မှာလည်း ကလန်ကလျားလူထူးဆန်း၏ တာအိုသစ်သီးကြောင့် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားခဲ့၍ အစအနပင် မတွေ့ရတော့ချေ။
အနက်ရောင်တောင်တန်း၏ အက်ကွဲနေသော နေရာထဲတွင် ရှိနေခဲ့သည့် မီးမျက်လုံးကြီးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းပတ်ပတ်လည်ရှိ မြေထုမှာမူ အတွင်းသို့ နိမ့်ဝင်နေ၏။
ကလန်ကလျားလူထူးဆန်း၏ ကျောက်သားအလောင်းကြီးမှာ နေရာတိုင်းတွင် ပြန့်ကျဲနေသည်။ ယခင်စကြ၀ဠာ၏ စွမ်းအင်နှင့် ယခုစကြ၀ဠာ၏ စွမ်းအင်တို့မှာ ညီမျှနေဆဲဖြစ်သည်။ ဘိုးဘေးနန်းတော်၏ ဒြပ်ထုအစိတ်အပိုင်းတစ်ခုသည် စတေးခံလိုက်ရသော်လည်း ကလန်ကလျားလူထူးဆန်း၏ အလောင်းက ထိုစွမ်းအင်အပိုင်းအစကို ဖြည့်တင်းပေးထား၏။
ပတ်ပတ်လည်ရှိ အနက်ရောင်တောင်များမှာ ကလန်ကလျားလူထူးဆန်း၏ စွမ်းအင်ကြောင့် အာဟာရပြည့်ဝနေကြသည့်ပုံပင်။ တောင်တန်းများကား စိမ်းစိုနေကြပြီး ဘိုးဘေးနန်းတော်တွင်သာ ပေါက်ရောက်သည့်အပင်တို့ဖြင့် ပြည့်နှက်နေကြသည်။ သစ်ရွက်များနှင့် မြက်ပင်တို့အပေါ်တွင် ဝိညာဉ်စွမ်းအင်တို့ စုစည်းနေသော နှင်းစက်များပင် တွဲလဲခိုနေကြလေသည်။
ကလန်ကလျားလူထူးဆန်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ ယခင်စကြဝဠာထဲတွင် ရှိနေသေးသော်လည်း သူ၏ တာအိုသစ်သီးကတော့ ဖျက်ဆီးခံလိုက်ရလေပြီ။
တာအိုသစ်သီး ဖျက်ဆီးခံလိုက်ရပြီး ခန္ဓာကိုယ်တစ်ဝက်သာ ရှိတော့သည့်အတွက် သူသည် မကြာမီ အတိတ်စကြ၀ဠာကပ်ဘေးကြီး၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံရပေလိမ့်မည်။ လုံးလုံးလျားလျား ဖျက်ဆီးခံရ၍ ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။
ထိုစဉ် အက်ကွဲကွဲအသံသည် မနက်မိုးသောက်ယံ၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်၏။ ချင်မူက တောင်ဝှေးကို မှီရင်း ထော့ကျိုး၏ အနက်ရောင်ဝိညာဉ်သဲမှုန်များအား ခပ်တိုးတိုး ပြန်ခေါ်နေသည်။
သို့သော် မည်သည့်အနက်ရောင်ဝိညာဉ်သဲမှုန်ကမှ သူ၏ခေါ်သံကို မတုံ့ပြန်ကြပေ။
ချင်မူက မန္တန်ကို ဖြည်းချင်းစွာ အသက်သွင်းနေပြီး သူ၏အသံက ရှည်လျားပျော့ပျောင်းနေသည်။ သူ၏အသံမှာ ဒဏ်ရာရထားသော မြေခွေးအိုကြီးတစ်ကောင် တောအုပ်ထဲတွင် သူ၏မိသားစုကို ခေါ်နေသကဲ့သို့ အက်ကွဲကြမ်းတမ်းနေ၏။
မန္တန်အစမှ အဆုံးအထိ သူ့ထံသို့ ဝိညာဉ်သဲမှုန်တစ်မှုန်ပင် မရောက်လာခဲ့ပေ။
တာအိုသစ်သီးပေါက်ကွဲသွားမှုက ပြင်းထန်လွန်းသည်။ ထိုသို့အခြေအနေမျိုးတွင် အနက်ရောင်ဝိညာဉ်သဲမှုန် ကျန်ခဲ့ရန် မဖြစ်နိုင်ပေ။
တာအိုသစ်သီးသည် မဟာတာအိုမှ ဖွဲ့တည်ထားခြင်း ဖြစ်ကာ တာအိုရရှိထားသော ပုဂ္ဂိုလ်တို့၏ အထွတ်အမြတ်တာအိုကို ကိုယ်စားပြုသည်။ ထော့ကျိုးက ကလန်ကလျားလူထူးဆန်း၏ တာအိုသစ်သီးအား ထိုက်ယီတောင်ဝှေးဖြင့် ထိုးစိုက်ခဲ့ကာ တာအိုသစ်သီးကို ပေါက်ကွဲစေခဲ့သည်။ ထိုသို့ပြင်းထန်လှသော ပေါက်ကွဲမှုမျိုးတွင် ဝိညာဉ်သည် လုံးဝဖျက်ဆီးချေမှုန်းခံရပေလိမ့်မည်။
ချင်မူက တောင်ဝှေးကို လက်တစ်ဖက်တွင် ကိုင်ထား၍ ကျန်လက်တစ်ဖက်ဖြင့် လေထဲသို့ ဖမ်းဆုပ်လိုက်သော်လည်း မည်သည့်အရာကိုမှ မကိုင်မိပေ။
သူက သက်ပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ထော့ကျိုးသည် နောက်ဆုံးအခိုက်အတန့်တွင် သူ၏အံ့သြဖွယ်ရာအမြန်နှုန်းဖြင့် တာအိုသစ်သီးကို ကျော်ဖြတ်ကာ ကလန်ကလျားလူထူးဆန်း၏ အနောက်ရှိ ထူးဆန်းသောမျက်လုံးကြီးထဲ ဝင်ရောက်သွားသည်လော။
ထိုထူးဆန်းသော မျက်လုံးမှတစ်ဆင့် ယခင်စကြဝဠာဆီ ရောက်ရှိသွားသည်လား။
ချင်မူ့မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်တောက်ပလာသည်။ သူက တောင်ဝှေးကို မှိီလျက် ရှေ့သို့ တုန်ရီချည့်နဲ့စွာ လျှောက်သွားရင်း အပျက်အစီးများအကြားတွင် သဲလွန်စ ရှာဖွေနေသည်။
သူ၏မျက်လုံးများထဲရှိ မျှော်လင့်ချက်ရောင်ခြည်မှာ တဖြည်းဖြည်း မှေးမှိန်လာပြီး မျက်ဝန်းများမှာ အသက်မဲ့လာ၏။
ထော့ကျိုး ယခင်စကြ၀ဠာသို့ သွားခဲ့လျှင်တောင်မှ ပျက်စီးခြင်းမဟာကပ်ဘေးကြီးကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ မည်သည်မှမကျန်တော့သည်အထိ ဖျက်ဆီးခံရပေဦးမည်။
သူ့မှာ ထိုင်ချလိုက်ပြီး ငေးကြောင်နေတော့သည်။ အချိန်အတော်ကြာပြီးနောက် သူ၏နှုတ်ခမ်းများ လှုပ်ရှားလာပြီး ဆို့နင့်နေသော အသံဖြင့် ရေရွတ်နေ၏။ “ခင်ဗျားက တစ်လောကလုံးမှာ နံပါတ်တစ် သူခိုးလေဗျာ… ကျောက်ယန်ခန်းမတောင် တားဆီးနိုင်တာ မဟုတ်ဘူးလေ”
သူ့မှာ ထပ်မံငြိမ်ကျသွားပြန်သည်။ အချိန်အတော်ကြာသည့်အခါ ကျောက်စိမ်းပုလင်းတစ်လုံး ထုတ်ကာ တောင်ဝှေးပေါ်ရှိ နတ်ဘုရားသွေးတို့ကို သိမ်းဆည်းလိုက်သည်။ သို့သော် တောင်ဝှေးပေါ်တွင် အညိုရောင် အစွန်းအထေးများ ကျန်နေသေးသည်။
စကားပြောသံများ ကြားလာရသည်။ သူတို့သည် ညအချိန်က ထွက်ခွာသွားခဲ့ပြီး တိုက်ပွဲအခြေအနေကို ပြန်လာကြည့်ကြသူများ ဖြစ်၏။
ချင်မူက ကြေကွဲဝမ်းနည်းမှုကို နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာထဲတွင် မြှုပ်နှံလိုက်ပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလျက် အသားရောင်ကို ပြန်လည်သွေးရောင်လွှမ်းစေလိုက်သည်။ ထို့နောက် ထရပ်သည်။ သူ ငိုခဲ့ကြောင်း မည်သူမှ မသိစေရန် မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်သည်။ ထို့နောက် မျက်နှာကို ပုတ်၍ ငိုထားသဖြင့် တောင့်တင်းနေသော ကြွက်သားများအား ပြေလျော့သွားစေ၏။
ရောက်လာကြသူများမှာ သူ့အပေါ် ဂရုအစိုက်ဆုံးသူများ ဖြစ်ကြသည်။ အဘွားစစ်၊ ရွှေအ၊ မျက်ကန်းနှင့် ကျန်သူများက အပြေးအလွှား ရောက်လာကြပြီး ချင်မူ ဘေးကင်းလုံခြုံစွာ ရပ်နေသည်ကို မြင်မှသာ စိတ်အေးသွားကြ၏။
“မူအာ၊ ထော့ကျိုးရော…”
အဘွားစစ်က သေးငယ်သော ခြေလှမ်းလေးများဖြင့် ခပ်သွက်သွက် လျှောက်လာ၍ ချင်မူခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာရှိမရှိ စစ်ဆေးပြီးနောက်မှ သက်ပြင်းချကာ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ “အဲဒီ သောက်ထော့ကျိုး ဘယ်ရောက်သွားတာလဲ… မနေ့ည နင့်ကို ကယ်ဖို့ သူ ပြန်သွားတာကို မျက်ကန်း တွေ့လိုက်တယ်တဲ့ …. ထော့ကျိုး ဘယ်မှာလဲ… သောက်ထော့ကျိုး… ပုန်းမနေနဲ့… မြန်မြန် ထွက်လာခဲ့စမ်း”
သူမမှာ ပတ်ဝန်းကျင်တွင် ရှာဖွေလိုက်သော်လည်း မိတ်ဆွေဟောင်းကြီး၏ အရိပ်အယောင်ကို မတွေ့ရပေ။ ထို့ကြောင့် အကြိမ်အနည်းငယ် ထပ်အော်ခေါ်လိုက်၏။
မျက်ကန်းက နတ်မျက်လုံးများကို ဖွင့်၍ ပတ်ဝန်းကျင်အား ကြည့်သည်။ ထို့နောက် ခေါင်းရမ်းလိုက်ပြီး ပြော၏။ “အဘွားစစ်၊ အော်ခေါ်မနေနဲ့တော့.. ထော့ကျိုး၊ ဒီမှာမရှိဘူး.. မူအာ၊ မနေ့ညက ထော့ကျိုး ရောက်မလာဘူးလား…”
ချင်မူက စိတ်ထိန်း၍ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။ သူက နူးညံ့ညင်သာစွာ ဖြေ၏။ “ဘိုးဘိုးထော့ကျိုး မနေ့ညက ရောက်လာခဲ့ပါတယ်… အရင်စကြ၀ဠာက တာအိုပညာရှင်ကိုတောင် ကူပြီး သတ်ပေးခဲ့သေးတယ်”
ရွှေအက ရင်ဘတ်ပေါ် လက်တင်ပြီး စိတ်မအေးပုံပေါက်နေသည်။ မျက်ကန်းမှာလည်း ချင်မူ့လက်ထဲရှိ တောင်ဝှေးကို ကြည့်ရင်း မျက်နှာပျက်သွား၏။
ချင်မူက တောင်ဝှေးပေါ်ရှိ သွေးစက်များကို လက်ဖဝါးဖြင့် အသာအယာ အုပ်ထားလိုက်သည်။
အဘွားစစ်က အားတင်းပြုံးလိုက်ရင်း ထပ်မေးသည်။ “အဲဒီအာဂသတ္တိအိုးက အမြဲတမ်း ကြွက်တစ်ကောင်လို ရှက်ကြောက်နေကျလေ… ဘယ်လိုလုပ် သတ္တိတွေ ရှိလာပြီး ဘယ်ရောက်သွားတုံး”
ချင်မူ့မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်မသွားပေ။ “အတိတ်စကြ၀ဠာဆီ သွားတယ်လေ… ကျွန်တော်တို့ စကြ၀ဠာမှာ ရှိတဲ့အရာမှန်သမျှ ခိုးပြီးပြီဆိုတော့ သူ့ရဲ့ ကောင်းကင်နတ်သိုင်းတွေကို အသုံးချစရာနေရာ မရှိတော့ဘူးတဲ့… အတိတ်စကြ၀ဠာဆီ သွားပြီး အဲဒီက အထွတ်အမြတ်ရတနာတွေကို ခိုးချင်နေတာ…”
အဘွားစစ်၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုက နေရာယူထားသည်။ “အဲ့ဒီထော့ကျိုးကောင်ကတော့ သူ လိုချင်တာ သူများဆီက မရရင် အမြဲတမ်း မကျေမနပ် ဖြစ်နေကျ...” သူမက ပြုံးလျက် ရေရွတ်လိုက်သည်။ “တစ်လောကလုံးက အရာတွေ အားလုံး သူ ခိုးပြီးတာလည်း မှန်ပါတယ်လေ… ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားဆောင်ကိုတောင် ဝင်ခိုးခဲ့သေးတဲ့ အကောင်ပဲဟာ … ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကိုရောပဲ… နောက်ဆုံးတစ်ခေါက်တုန်းကဆို ဒီလောကမှာ သူ အာရုံစိုက်ဖို့ ထိုက်တန်တဲ့ နေရာတောင် မရှိဘူးဆိုပြီး ကြွားနေခဲ့သေးတာ”
ချင်မူက ခေါင်းညိတ်၏။ “အဲဒီလိုပဲလေ.. ဘိုးဘိုးထော့ကျိုးရဲ့ ရည်ရွယ်ချက်က ပိုပြီးခက်ခဲတဲ့အရာတွေကို ခိုးယူဖို့ပဲ”
အဘွားစစ်၏ မျက်နှာပေါ်ရှိ အပြုံးက တောက်ပလာသည်။ “သူကိုက အဲဒီလိုလူမျိုး…. သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေ နိမ့်ကျနေတဲ့ အချိန်တုန်းကတော့ ဧကရာဇ်ယန်ဖုန်းရဲ့ ရတနာတိုက်ဆီ သွားခဲ့လို့ ကျန်းပိုင်ကွေ့ ပညာပြတာ ခံခဲ့ရသေးတယ်… အဲဒီတုန်းကတောင် ကျန်းပိုင်ကွေ့ သူ့ကို မတားနိုင်ခဲ့ဘူး”
“ဟုတ်တယ်…”
အဘွားစစ်က ဆက်ပြုံးနေသည်။ “ငါတို့ ဒုက္ခိတဘိုးဘွားကျေးရွာမှာ တသီးတသန့် နေထိုင်ခဲ့ကြတုန်းကတောင် ခိုးရတာ ကြိုက်တုန်းပဲ… ငါ နင့်ကိုဆို ကြည့်မရခဲ့ဘူး… ငါ နင့်ကို အပြင်မှာ သွားစွန့်ပစ်လိုက်တိုင်း အဲ့သောက်ထော့ကျိုးက ပြန်ခိုးလာပြီးတော့ ငါအခန်းထဲ ပြန်ထည့်ထားတာလေ… ပြီးရင် ချောင်ထဲ သွားပုန်းပြီး ငါ နင့်ကို ဆူတာကို ပျော်ပျော်ကြီး ထိုင်ကြည့်နေတာ”
“အင်း… အမြဲတမ်း အဲ့လိုပါပဲ”
အဘွားစစ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြုံးလိုက်ပြန်သည်။ “ဒီမှာ မပျော်တော့လို့ အတိတ်စကြ၀ဠာဆီ သွားပြီး တာအိုပညာရှင်တွေကို ဒုက္ခပေးဦးမှာပေါ့လေ.. ထော့ကျိုးက သေတာတောင် တော်တော်ဆိုးဆိုးပဲ… အတိတ်စကြ၀ဠာက တာအိုပညာရှင်တွေတော့ ဒီတစ်ကြိမ် ဒုက္ခရောက်ကြတော့မယ်”
သူမက ပျော်ရွှင်စွာပြုံး၍ လက်ခုပ်တီးလိုက်သည်။ “အရင်စကြ၀ဠာက တာအိုပညာရှင်တွေက ငါတို့တွေ ဒုက္ခခံစားရအောင် လုပ်ခဲ့တာ… ဒီတစ်ခါ သူတို့အလှည့်ပေါ့… သူတို့နဲ့ ထိုက်တန်တယ်… မျက်ကန်း၊ ရွှေအ… နင်တို့ရော ဘယ်လိုထင်လဲ”
သူမသည် မျက်ကန်းနှင့် ရွှေအဘက်သို့ လှမ်းကြည့်လိုက်၏။ သူတို့နှစ်ယောက်က ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြကြလေသည်။
အဘွားစစ်က ဒေါသများဖြင့် ပြောပြန်သည်။ “ငါ့ကို မနှုတ်ဆက်ဘဲ ထွက်သွားတာကတော့ စိတ်တိုဖို့ကောင်းတယ်… အဲဒီကောင်က အမြဲတမ်း အဲ့လိုပဲ… ဘာမှမပြောဘဲ ခိုးထွက်သွားနေကြ… ဘာစာမှမထားခဲ့ဘဲ ဆိုင်းမဆင့်ဗုံမဆင့် ပြန်ပေါ်လာပြီး ငါ့ကို လန့်အောင် လုပ်တတ်တာ… အရင်စကြ၀ဠာမှာ သူ ပျင်းသွားရင် ငါ့ကို ခြောက်ဖို့ ပြန်ရောက်လာလိမ့်မယ်… အဲ့ကျမှ မြေပြင်မှာ ၀ပ်နေရတဲ့အထိ သူ့ကို အားရပါးရ ရိုက်ပစ်မှာ”
သူမက အတည်ပေါက်ပုံစံဖြင့် ရွှေအနှင့် မျက်ကန်းကို လှမ်းပြော၏။ “နင်တို့နှစ်ယောက်လုံး ငါ့ကို တားခွင့်မရှိဘူးနော်”
သူမမှာ ထိုသို့ပြောပြီးနောက် အော်ရယ်လိုက်ပြန်သည်။ “ငါ သူ့ကို ရိုက်ရင် တစ်ယောက်မှ မတားကြနဲ့… ကဲကဲ… လူစုခွဲကြတော့… ပြဿနာကို ဖြေရှင်းပြီးပြီဆိုတော့ လုပ်စရာတွေ ကျန်သေးတယ်… ငါ တုထျန်းမိစ္ဆာဘုရင်နဲ့ သွားတွေ့ရမယ်… သူက မနေ့ကတည်းက ထွက်ပြေးပြီး အဝေးကြီးမှာ ပုန်းနေတာ… သူ့ကိုလိုက်ရှာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေကို နေရာပြန်ချထားဖို့ ပြောရဦးမယ်… ထော့ကျိုးကတော့နော်…”
သူမက ခေါင်းတရမ်းရမ်းဖြင့် ထွက်ခွာသွားသည်။ ထော့ကျိုးအား အတော်လေး မကျေမနပ်ဖြစ်နေသည်မှာ သိသာလှ၏။
အဘွားစစ်မှာ ထွက်ခွာလာခဲ့ပြီးနောက် ခြေလှမ်းများ မြန်သထက် မြန်လာသည်။ ချင်မူတို့နှင့် ဝေးရာသို့ ရောက်ရှိသည်နှင့် သူမ၏ ခြေလှမ်းများ နှေးကွေးသွားသည်။ ထို့နောက် တောင်တစ်လုံး၏ ချောင်ထဲတွင် ဝင်ပုန်းလိုက်ပြီး ထိုင်ချလိုက်သည်။ သူမ၏မျက်လုံးအိမ်မှ မျက်ရည်များက တသွင်သွင် စီးကျနေလေသည်။ အချိန်အတော်ကြာ ငိုကြွေးပြီးနောက် သူမသည် တင်းကာ တုထျန်းမိစ္ဆာဘုရင်ဆီ ထွက်သွား၏။
ချင်မူက သူမ စိတ်မကောင်းမဖြစ်စေလို၍ ထော့ကျိုး ယခင်စကြ၀ဠာသို့ ထွက်သွားကြောင်း လိမ်ပြောခဲ့မှန်း အဘွားစစ် သိ၏။ သို့သော် အဘွားစစ်မှာလည်း သူမ ဝမ်းနည်းနေသည်ကို ချင်မူ မသိစေလိုသည့်အတွက် ချင်မူလိမ်နေသည့်အတိုင်း လိုက်ပြောပေးရင်း မျက်ကန်းနှင့် ထော့ကျိုးကိုသာမက သူမကိုသူမလည်း ပြန်လိမ်ခဲ့လေသည်။
သူမ၏အလိမ်အညာများကို ထုတ်ဖော်ရဲသည့် မည်သူမှ မရှိသည့်နေရာတွင်သာ ငိုကြွေးနိုင်၏။
သို့ထိတိုင် အဘွားစစ်က အရေးကြီးသည့်အရာနှင့် မြိုသိပ်ထားရမည့်အရာကို ကွဲကွဲပြားပြး သိသူ ဖြစ်သည်။ သူမသည် ဒုက္ခိတဘိုးဘွားကျေးရွာ၏ ကျောရိုး ဖြစ်သည့်အတွက် ထိုတာဝန်ကို ကျေပွန်ရလိမ့်မည်။ ဒုက္ခိတဘိုးဘွားကျေးရွာ၏ လူများရှေ့တွင် ဝမ်းနည်းပြနေ၍ မဖြစ်ချေ။
ဒုက္ခိတဘိုးဘွားကျေးရွာမှ လူများသည် ပြိုင်ဘက်ကင်းသော အရည်အချင်းတို့ကို ပိုင်ဆိုင်ထားကြသည့် နတ်ဘုရားများနှင့် တူကြ၏။ သို့သော် အမှန်တွင် သူတို့အားလုံးမှာ အမာရွတ်များ ပြည့်နှက်နေသည့် တာအိုနှလုံးသားပိုင်ရှင် သနားစရာလူများသာ ဖြစ်ကြလေသည်။
ရွာလူကြီးကလည်း အလားတူပင်။ မျက်ကန်းနှင့် ရွှေအကလည်း မထူးခြားနားပေ။
သူတို့အကုန်လုံးမှာ တစ်ယောက်ကို တစ်ယောက် နွေးထွေးစေရန် ပွေ့ဖက်ထားခဲ့သော အရှုံးသမားများ ဖြစ်ခဲ့ဖူးကြသည်။ နှလုံးသားက အခြားသူများထက် ပိုမိုအားနည်းသောကြောင့် မိတ်ဆွေသံယောဇဉ်ကိုသာ တန်ဖိုးထားကြသည်။ သူတို့အရှေ့တွင် တစ်ယောက် ပြိုလဲပြလိုက်လျှင် ကျန်သူများလည်း လုံးဝပြိုလဲသွားလိမ့်မည်။
ချင်မူ့ဘေးတွင် မျက်ကန်းနှင့် ရွှေအတို့မှာ ပြောစရာစကား မရှိကြပေ။ သူတို့က ချင်မူ့အား ပခုံးပုတ်၍ ပျက်စီးသွားသော ဖန်သားကောင်းကင်စေတီနှင့်အတူ ထွက်ခွာသွားကြသည်။
“ဖန်သားကောင်းကင်စေတီ ပျက်စီးသွားပြီ… သွားပြင်ကြစို့”
အဘိုးအိုနှစ်ယောက်က ဖန်သားကောင်းကင်စေတီအား လောကသစ်ပင်ဆီ ယူသွား၍ မြေပြင်တွင် ထိုးစိုက်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံ ၂၈ ဘုံကို ဖြန့်ကျက်ကာ စကားတစ်ခွန်းမှမပြောဘဲ တကုတ်ကုတ် ပြုပြင်နေကြ၏။
ရတနာများ၏ အပျက်အစီးတို့အား ကြည့်ခြင်းဖြင့် ပြီးခဲ့သည့်ညက တိုက်ပွဲ မည်မျှရက်စက်ပြင်းထန်ကြောင်း သိနိုင်ပေသည်။
ဤသို့ ပြင်းထန်အားကောင်းသော တိုက်ကွက်မျိုးကို ချင်မူတောင့်ခံနိုင်သည်မှာ စိတ်ကူးပင် မကြည့်ရဲသော ဖြစ်ရပ်ဟု ဆိုရမည်။
အဘိုးအိုနှစ်ယောက်က ရတနာများကို သန့်စင်ပြီးသည့်အခါ ၀င်္ကပါမြေပုံကို ဆက်လက်ပြုပြင်နေကြသည်။ ပင်ပန်းလာသည့်အချိန်တွင် ရွှေအက ပြော၏။ “ခဏလောက် နားကြစို့”
မျက်ကန်းက ပြုပြင်နေသည့်အား ရပ်လိုက်ပြီး နှစ်ယောက်သား သစ်ပင်အောက်မြေကြီးတွင် ထိုင်လိုက်ကြသည်။ ရွှေအက ဆေးတံကို ထုတ်၍ မီးညှိလိုက်သည်။
သူက ဆေးတံအား နှုတ်ခမ်းတွင် တေ့လျက် တစ်ခဏ စဉ်းစားနေပြီးနောက် ရပ်လိုက်ပြန်သည်။ ဆေးတံအား သူ့ဘေးရှိ လွတ်နေသော နေရာတွင် ချထားလိုက်၏။
၎င်းကို မြင်လျှင် မျက်ကန်းက မည်သည်မှ မပြောပေ။
ဆေးတံ မီးစာကုန်သွားသည့်အချိန်မှ ရွှေအက ရေရွတ်လိုက်သည်။ “သူ သောက်လို့ပြီးသွားပြီ…”
မျက်ကန်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်လေသည်။
ရက်အနည်းငယ်ကြာသော် အနက်ရောင်တောင်တန်းနှင့် ဝေးရာသို့ ပြောင်းရွှေ့သွားခဲ့သူများ အသီးသီး ပြန်လည်ရောက်လာကြသဖြင့် တောင်တန်းမှာ တဖန်စည်ကားလာသည်။
ရှုရှန်းဟွာက ချင်မူ၏ တာအိုသစ်စေး စုဆောင်းသည့်အလုပ်ကို လက်လွှဲယူပြီး ပုံမှန်အတိုင်း အနက်ရောင်တောင်တန်းအား ပြုပြင်သည်။ အနက်ရောင်တောင်တန်းရှိ လူများအနက် သူသည် စိတ်အခိုင်ဆုံး လူတစ်ယောက်ဖြစ်သည့်အတွက် အပြင်လောက၌ မည်သည်တို့ ဖြစ်ပျက်စေကာမူ လုပ်ငန်းဆောင်တာ ဝတ္တရားတို့အား မပျက်မကွက် လုပ်ဆောင်နိုင်သေး၏။
လန်ယွီတျန်းက လောကသစ်ပင်အောက်တွင် လမ်းစဉ်ကို ဆက်လက်သိမြင်ပြီး သူ တွေးခေါ်သိရှိထားသော အကြောင်းအရာတို့အား အနက်ရောင်တောင်တန်းရှိ လူတိုင်းဆီသို့ မျှဝေပေးသည်။ ရှုရှန်းဟွာကလည်း လုပ်စရာများ လုပ်ဆောင်ပြီးလျှင် သူ၏ဟောပြောပွဲတွင် လာနားထောင်တတ်သည်။
ချင်မူလည်း ရံဖန်ရံခါ လာနားထောင်တတ်သော်လည်း အမြဲတစေ ငေးကြောင်ပြီး စိတ်လွတ်နေတတ်သည်။
ဝေစွေ့ဖုန်းနှင့် ရှုကျွင်းမှာ အခြေအနေကို မြင်လျှင် မျက်မှောင်ကြုတ်ကြသော်လည်း မမေးကြပေ။
အချိန်သည် မတည်ရှိဟူသော သဘောတရားကို လက်ခံထားကြသော်လည်း ... နာကျင်မှုအား ကုသပေးနိုင်သည်မှာ ‘မတည်ရှိ’ဟု ခံယူထားသော ထိုအချိန်သာ ဖြစ်ချေသည်။
ယန်အာ၊ တောင်နတ်မင်းနှင့် မင်ဧကရာဇ်တို့က ပြန်ရောက်မလာကြပေ။ သူတို့လည်း သူတို့ကိစ္စများဖြင့် အလုပ်များနေကြသည်။
ယနေ့တွင် ကျန်းယွင်ကျန့်က အပြေးအလွှား ရောက်လာပြီး အားလုံးကို ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံရယ် အနက်ရောင်တောင်တန်းရဲ့ အပြင်သတ္ထုကြောဆီ ထွက်သွားတယ်”
အကုန်လုံး အံ့အားသင့်ပြီး ထရပ်လိုက်ကြသည်။