အေးစက်သော ညတွင် မကောင်းဆိုးဝါးတို့အား သတ်ခြင်း
Vol. 114 Ch. 1497
အားလုံး သတင်းရသည်နှင့် အနက်ရောင်တောင်တန်း၏ အပြင်ရပ်ဝန်းများရှိ သတ္ထုကြေဆီ အပြေးအလွှား သွားလိုက်ကြသည်။ ကောင်းကင်မှာ မှောင်စပြုလာချေပြီ။
အနက်ရောင်တောင်တန်း၏ ပတ်ဝန်းကျင်တွင် သတ္ထုကြောများစွာ တည်ရှိပြီး သတ္ထုကြောတစ်ကြောစီတိုင်းက ယခင်စကြ၀ဠာမှ သိုင်းပညာရှင်တစ်ဦး၏ ကောင်းကင်လက်နက်တစ်ခုစီအား ကိုယ်စားပြုသည်။ တစ်နည်းအားဖြင့် ယခင်စကြ၀ဠာမှ သိုင်းပညာရှင်တစ်ဦးက ထိုသတ္ထုကြောတို့မှ ထွက်လာရန် စောင့်ဆိုင်းနေသည့် အဓိပ္ပာယ်လည်း ဖြစ်၏။
မဟူရာသစ်ပင်ကြီးမှာ ကြီးမားကျယ်ပြန့်လွန်းသည့်အလျောက် ထောင်ချီသော သတ္ထုကြောများသည်လည်း အရပ်လေးမျက်နှာသို့ ပျံ့နှံ့နေကြကာ အနက်ရောင်တောင်တန်း၏ ပတ်ဝန်းကျင်ကို ဝန်းရံထားကြသည်။ တွေးကြည့်ပါလျှင် ဤဖြစ်ရပ်သည် ကြောက်စရာမကောင်းဘူးလော။ နားမလည်နိုင်စရာလည်း ဖြစ်သည်။
ချင်မူ ရခဲ့သည့် နတ်လေးမှာလည်း သတ္ထုကြောတစ်ကြောဆီမှ တူးဖော်ရခဲ့ခြင်း ဖြစ်လေသည်။
ထိုသတ္ထုကြောထဲတွင် နတ်လေး ရှိနေခဲ့သည့်အပြင် လေး၏ မဟာတာအိုကလည်း ထုတ်လွှတ်ပျံ့နှံ့နေခဲ့သည်။ ၎င်းတို့သည် မဟူရာသစ်ပင်ကြီး၏ အမြစ်နှင့် ပေါင်းစည်းကာ သူမတူသော ရတနာထောင်ပေါင်းများစွာ ဖွဲ့တည်လာခြင်းဟု ဆိုရမည်။
ထိုကဲ့သို့ ရတနာများမှာလည်း အလွန်တရာ စွမ်းအားကြီး၏။ ၎င်းတို့ မွေးဖွားဖွဲ့တည်လာသည်နှင့် သာမန် ကောင်းကင်လက်နက်များထက် သာလွန်မြင့်မားသော အံ့ဩဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
၎င်းတို့ကို သန့်စင်လိုက်ပါက ထိပ်တန်း ကောင်းကင်လက်နက်များအဖြစ် သွန်းလုပ်နိုင်ကြ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ပြည်သူပြည်သားများ ဤနေရာသို့ ပြောင်းရွှေ့လာခြင်းမှာ သတ္ထုကြောများကို တူးဖော်ရန်နှင့် ထိုသတ္ထုကြောများထဲရှိ ရတနာများအား ရယူရန် ဖြစ်သည်။
သို့သော် သတ္ထုကြောတိုင်းတွင် ယခင်စကြ၀ဠာသိုင်းပညာရှင်တစ်ဦး၏ ကောင်းကင်လက်နက်တစ်ခုစီ ကိန်းအောင်းနေသည်။ ထိုကောင်းကင်လက်နက်တို့၏ စွမ်းအားမှာ အလွန်တရာ အားကောင်းပြီး ကောင်းကင်နတ်အရှင်ရတနာများထက်ပင် အင်အားကြီးမားချေသည်။
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က ထိုလက်နက်များကို ကိုင်ဆွဲခဲ့ကြသော ၎င်းတို့၏ အရှင်သခင်များပင်။
သတ္ထုကြောများမှတစ်ဆင့် ဤစကြဝဠာသို့ ကူးပြောင်းလာရန် ကြိုးစားနေသည့် သိုင်းပညာရှင်တို့၏ ခန္ဓာကိုယ်များမှာ မဟူရာသစ်ပင်၏ အမြစ်နှင့် ရောယှက်သွားကာ မြေအောက်အနက်ပိုင်းထဲတွင် နစ်မြုပ်နေကြသည်။ ထိုသူတို့က တစ်ခါထဲ အပြီးဝင်ရောက်လာနိုင်မည့် အခွင့်အရေးကို စောင့်မျှော်နေကြခြင်းပင်။
ထိုသို့စောင့်နေကြသည့် ပုဂ္ဂိုလ်များသည် ကလန်ကလျားလူထူးဆန်းလောက် အစွမ်းမထက်သော်လည်း ကောင်းကင်နတ်အရှင်ဆယ်ပါးအောက်တော့ နိမ့်ကျမနေပေ။ ကောင်းကင်နတ်အရှင်ဆယ်ပါးထက် ပို၍ပင် အစွမ်းထက်နိုင်သေးသည်။
ကလန်ကလျားပုဂ္ဂိုလ်မှာ ထိုက်ယီကဲ့သို့ တာအို ရထားသူ ဖြစ်ပြီး သတ္ထုကြောများအထဲရှိ သိုင်းပညာရှင်များကတော့ တာအို ရမည့် အခွင့်အရေးကို လွဲချော်ခဲ့သူများ ဖြစ်ကောင်းဖြစ်နိုင်သည်။
အနက်ရောင်တောင်တန်း၏ သတ္ထုကြောများကို တူးဖော်ခြင်းမှာ ချင်မူ့အကြံဉာဏ်မှတစ်ပါး အခြားမဟုတ်ပေ။ ယခင် နတ်လေးကို တူးဖော်ရရှိခဲ့စဉ်က ၎င်း၏ပိုင်ရှင် ကျူးကျော်လာအောင် ဆွဲဆောင်မိခဲ့သည်။ ထိုအချိန်တုန်းက အနက်ရောင်တောင်တန်းတွင် ရှိသမျှသူအားလုံး၏ ခွန်အားကို စုစည်းကာ ထိုပုဂ္ဂိုလ်ကို ချိတ်ပိတ်၍ ကျောက်ရုပ်တုအဖြစ် ပြောင်းလဲခဲ့သည်။
ထို့နောက် ထိုက်ယီနှင့် ဆွေးနွေးပြီးသောအခါ ချင်မူသည် ထိုကျူးကျော်လာသူများ၏ ကောင်းကင်လက်နက်များအား ခိုးယူပြီး သူတို့ကို တားနိုင်မည့် ကောင်းကင်လက်နက်တစ်ခု သွန်းလုပ်ရန် စိတ်ကူးထားခဲ့၏။
သို့သော် ကိစ္စတစ်ခုပြီးတစ်ခု ဖြစ်ပျက်သွားခဲ့သဖြင့် လက်နက်အား မသွန်းလုပ်နိုင်ဖြစ်ခဲ့သည်။ ထို့နောက် ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများကို အနက်ရောင်တောင်တန်း ပတ်ပတ်လည်ရှိ သတ္ထုကြောများအား ဆက်လက်တူးဖော်စေခဲ့သည်။ သို့သော် သူတို့သည် အပေါ်ယံရတနာများကိုသာ တူးဖော်ကြပြီး ယခင်စကြ၀ဠာမှ သိုင်းပညာရှင်တို့၏ နတ်လက်နက်များကိုတော့ မထိတွေ့ခဲ့ကြပေ။
ဤနှစ်များအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျောက်တူးသမားများသည် သတ္ထုကြောများစွာကို တူးဖော်ခဲ့ကြသော်လည်း အလယ်ဗဟိုသို့ ရောက်သည့်အခါတိုင်း ရပ်တန့်၍ အခြားသတ္ထုကြောများဆီသို့ ပြောင်းရွှေ့တူးဖော်ခဲ့ကြ၏။
အနက်ရောင်တောင်တန်းမှ တူးဖော်ရရှိသမျှ လက်နက်တို့အား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပို့ဆောင်ကာ မွန်းမံသွန်းလုပ်ကြသည်။
ယခုတွင် ချင်မူကား ထိုသတ္ထုကြောများဆီသို့ တစ်ယောက်တည်း သွားချေပြီ။ ၎င်းက သတ္ထုကြောများကို တူးဖော်ခြင်းလောက် ရိုးရှင်းသည်မဟုတ်ပေ။
နေဝင်သွားလျှင်ချင်း ဘိုးဘေးနန်းတော်အပြင်ဘက်တွင် ထူးဆန်းသောဖြစ်ရပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် အားလုံးက အနက်ရောင်တောင်တန်း၏ အစပ်နားသို့ ခပ်သွက်သွက် သွားနေကြဆဲ ရှိသေးသည်။
ရုတ်တရက် သတ္ထုကြောတစ်ကြောဆီမှ ပြင်းထန်လှသော စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာပြီး နတ်အလင်းတန်းတို့က ကောင်းကင်ပေါ်သို့ ဖြာတက်သွားသည်။ အလင်းရောင်ထဲတွင် ဧရာမမိစ္ဆာနတ်ဘုရားတစ်ပါး ရပ်နေ၏။ ထိုသူက ကောင်းကင်နန်းဆောင်များထဲတွင် ရပ်နေပြီး သတ္ထုကြောအပေါ်သို့ ဖိနှိပ်နေသည်။
မြေပြင်မှာ ငလျင်လှုပ်ခတ်သကဲ့သို့ တုန်ခါသွားပြီး ပြင်းထန်လှသည့် လှိုင်းဂယက်များ ဆက်တိုက် ထွက်ပေါ်လာ၏။ အားလုံး မျက်နှာအနည်းငယ် ပျက်သွားကြသည်။ အဆင့်မြင့်သိုင်းပညာရှင်နှစ်ဦးဖြစ်သည့် ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းက ရှေ့မှ ဦးဆောင်ကာ အပြေးထွက်သွားကြ၏။
သူတို့နှစ်ယောက်ကား ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်နှစ်ယောက် မဟုတ်လော။ သူတို့ ရောက်သွားသည့်အချိန်တွင် သတ္ထုကြောတစ်ကြောလုံး ပေါက်ကွဲသွားပြီး အဆုံးမရှိသည့် ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်နေကြောင်း တွေ့လိုက်ရသည်။ နတ်အလင်းတန်းတို့က အတွင်းမှ စီးဖြာနေကာ အောက်ခြေကို ချိတ်ပိတ်ထားပေး၏။
ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းမှာ ရင်ဒိန်းခနဲ ခုန်သွားကြသည်။ သူတို့က ကောင်းကင်နန်းဆောင်များကို အလျင်အမြန် ထုတ်ဖော်လိုက်ရင်း ဂရုတစိုက် ဆင်းသွားကြလေသည်။
သတ္ထုကြော၏ အနက်ရှိုင်းဆုံးနေရာထဲမှ ကမ္ဘာဦးသိုင်းပညာရှင်တို့၏ ထူးဆန်းသော မဟာတာအိုအရှိန်အဝါ ပျံ့နှံ့လာသည်။ ထိုမဟာတာအိုသည် လက်ရှိစကြ၀ဠာနှင့် မသက်ဆိုင်ပေ။ ရှေးကျပြီး ထူးဆန်းနေ၏။ သိသိသာသာပင် ဤနေရာတွင် ယခင်က တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့လိမ့်မည်။
သူတို့နှစ်ယောက်မှာ ကမ္ဘာဦးသိုင်းပညာရှင်များ ထွက်လာ၍ သူတို့အား ဒုက္ခမပေးနိုင်အောင် အထူးသတိထားနေကြသည်။
နှစ်ယောက်သား သိပ်သည်းနေသော ကောင်းကင်နတ်သိုင်း အကြွင်းအကျန် လှိုင်းဂယက်များကို ဖြတ်သန်းလာပြီးနောက် နတ်အလင်းတန်းတို့ သူတို့၏ပတ်ပတ်လည်တွင် လှုပ်ရှားလာကြောင်း ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူတို့၏အရေပြားနှင့် မူလဝိညာဉ်တို့ တဆစ်ဆစ် နာကျင်လာလေသည်။
ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် မဟူရာသစ်ပင်အမြစ်များအနက်၌ ငုပ်လျှိုးနေခဲ့သည့် ကမ္ဘာဦးသိုင်းပညာရှင်သည် ချင်မူ သစ်မြစ်များကို ဖျက်ဆီးလိုက်သည့် အချိန်အား အခွင့်ကောင်းယူ၍ ထွက်လာကာ ချင်မူနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့လိမ့်မည်။
“ညီလေးတော့ ပိုပိုပြီး မတည်မငြိမ်ဖြစ်လာတာပဲ” ဝေစွေ့ဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
သူတို့အောက်မှ နတ်အလင်းတန်းတို့ မြင့်တက်လာသဖြင့် သူတို့နှစ်ယောက်မှာ ခပ်ဝေးဝေးသို့ မမြင်ရနိုင်ချေ။ သို့သော် ဆက်လက်ဝင်ရောက်လာသည်နှင့် သတ္ထုကြောထဲရှိ အနက်ရှိုင်းဆုံးအပိုင်းထဲသို့ ရောက်လာကြသည်။ တောင်ကြီးသဖွယ် မို့မောက်နေသည့် ဧရာမသစ်မြစ်ကြီး၏ အရှေ့တွင် ဦးခေါင်းနှင့် လက်များစွာ ပိုင်ဆိုင်ထားသော ခါးကုန်းကုန်း နတ်ဘုရားမိစ္ဆာတစ်ပါး ရပ်နေ၏။
ထိုမိစ္ဆာနတ်ဘုရားသည် ကြောာက်မက်ဖွယ်ကောင်းသော နတ်အလင်းတန်းတို့ကို ဖြန့်ကျက်လိုက်ရာ နတ်စွမ်းအားနှင့် အလင်းတန်းတို့က သူ၏အနောက်တွင် ထူးဆန်းသော ဖဲကြိုးတစ်ခုကို ဖွဲ့တည်လိုက်သည်။ ၎င်းဖဲကြိုးထဲတွင် နတ်ဘုရားမြို့တစ်မြို့ မြောလွင့်နေသည်ကို ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းတို့ ခပ်ရေးရေး တွေ့လိုက်ကြရ၏။
ကျောက်စိမ်းမြို့တော်။
သူတို့နှစ်ယောက်မှာ လန့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ဝေစွေ့ဖုန်းက ပြော၏။ “ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ပဲ… ဒီအရင်စကြ၀ဠာ သိုင်းပညာရှင်က ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်အဆင့်အထိ ကျင့်ကြံထားတာ… ငါတို့ရဲ့ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် မဟုတ်ဘဲ ကျောက်စိမ်းမြို့တော်ကျင့်စဉ်စနစ်ပဲ”
မင်းသားယိုမင်းမှာ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဝေစွေ့ဖုန်းနှင့် ရှုကျွင်းတို့ ကျောက်စိမ်းမြို့တော်ထဲမှ ထောင်ချောက်များအကြောင်း ပြောနေကြသည်ကို ကြားခဲ့ဖူး၏။ မီလော့နန်းတော်အရှင်သခင်၏ ကျယ်ပြောလာသော ကောင်းကင်နတ်သိုင်းနှင့် ရေရှည်အစီအစဉ်ကို ပြန်လည်စဉ်းစားမိတိုင်း သူ၏နှလုံးသားထဲတွင် အကြောက်တရားတို့ ဖြစ်ပေါ်လာတတ်သည်။
သို့သော် ယခုတွင် ယခင်စကြ၀ဠာမှ သိုင်းပညာရှင်တစ်ဦးသည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်အထိ ကျင့်ကြံထားကြောင်း တွေ့လိုက်ရချေပြီ။ ၎င်းက သူတို့နှစ်ယောက်ကို ဇဝေဇဝါဖြစ်သွားစေသည်။
“ကြည့်ရတာ ဒီဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က ကျောက်စိမ်းမြို့တော်ရဲ့ ထောင်ချောက်တွေလောက် မရိုးရှင်းဘူးထင်တယ်… မီလော့နန်းတော်အရှင်သခင် ပိုပြီး နက်ရှိုင်းတဲ့ အကြံအစည် ရှိနေလောက်တယ်”
မင်းသားယိုမင်းက စဉ်းစဉ်းစားစားဖြင့် ပြောသည်။ “မဟုတ်ရင် အရင်စကြဝဠာ သိုင်းပညာရှင်တစ်ယောက်က ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကျင့်စဉ်စနစ်ကို ကျင့်ကြံနိုင်မှာ မဟုတ်ဘူးလေ..”
သို့သော် မီလော့နန်းတော်အရှင်သခင်၏ ရည်ရွယ်ချက်က အဘယ်အရာနည်း။ ၎င်းက သူတို့မှန်းဆနိုင်သည့် အရာတစ်ခု မဟုတ်ပေ။
သူတို့နှစ်ယောက်သား သတ္ထုကြော၏ တောင်ကြားထဲဿို့ ရောက်လာကြပြီး ကောင်းကင်နတ်သိုင်းများကို ကိုယ်စီအသက်သွင်းကာ သူတို့၏ခန္ဓာကိုယ်များကို ကာကွယ်လိုက်ကြသည်။ ဤနေရာသည် ကောင်းကင်နတ်သိုင်းများ၏ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မြေအောက်နေရာ ဖြစ်၏။ မဟူရာသစ်ပင်ကြီး၏ သစ်မြစ်များတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေချေရာ ဤနေရာတွင် တိုက်ပွဲ မည်မျှပြင်းထန်ခဲ့ကြောင်း တွေ့နိုင်ပေသည်။
သို့သော် ခါးကုန်းကုန်း မိစ္ဆာနတ်ဘုရားမှာ ထိုနေရာတွင် မလှုပ်ရှားဘဲ ရပ်နေသဖြင့် ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်း အံ့အားသင့်သွားကြသည်။ ထိုနတ်ဘုရားက ခုပ်အုပ်တော့မည့်အနေအထားတွင် ရှိနေလေသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်တစ်ပါးနည်းတူ စွမ်းအားကြီးမားသော ဤမိစ္ဆာနတ်ဘုရား၏
ရင်ဘတ်၌ အပေါက်ကြီးတစ်ပေါက် ပေါက်နေကြောင်း ဝေစွေ့ဖုန်းနှင့် မင်းသားယိုမင်းတို့ သတိထားမိသွားကြသည်။ ဧရာမလက်ဝါးရာကြီးက မိစ္ဆာနတ်ဘုရား၏ အနောက်ရှိ သစ်မြစ်ပေါ်တွင် ထင်းနေချေသည်။
နှစ်ယောက်သား မိစ္ဆာနတ်ဘုရားအရှေ့သို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်ကြသည်။ မင်းသားယိုမင်းက သတိအနေအထားဖြင့် လက်နှစ်ဖက်ကို ယှက်လျက် ရှေ့သို့ တက်သွားသည်။ သူက တွေးတွေးဆဆဖြင့် ရေရွတ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်သိုင်းပဲ… တာအိုအဆင့် ဝင်ရောက်ထားတဲ့ ကောင်းကင်နတ်သိုင်းထဲက ၂၆ ဘုံမြောက် ကောင်းကင်ဘုံ သိုင်းကွက်”
ဝေစွေ့ဖုန်းက မိစ္ဆာနတ်ဘုရား၏ အနောက်သို့ သွား၍ သစ်မြစ်ပေါ်ရှိ လက်ဝါးရာကို စစ်ဆေးကြည့်လိုက်သည်။ ဖရိုဖရဲ ချီမျှင်များသည် သစ်မြစ်များပေါ်ရှိ ဒဏ်ရာတို့မှ မြောလွင့်နေမှန်း တွေ့လိုက်ရ၏။ သူက ရေရွတ်လိုက်သည်။ “ဟုတ်တယ် အဲဒီကောင်းကင်နတ်သိုင်းပဲ… ဒါပေမဲ့ စွမ်းအားကြီးလွန်းတယ်… ငါ ထင်ထားတာထက် ပိုပြီးစွမ်းအားကြီးနေတယ်”
သူတို့က တစ်ယောက်ပြီး တစ်ယောက် ပျံတက်လိုက်ကြပြီး မိစ္ဆာနတ်ဘုရား၏ ဒဏ်ရာများကို စစ်ဆေးနေကြသည်။ မိစ္ဆာနတ်ဘုရား၏ မူလဝိညာဉ်သည် ရုပ်ခန္ဓာလည်း မရှိ၊ ကိုင်တွယ်စမ်းသပ်၍လည်း မရနိုင်သည့် ထိုက်စုအခြေအနေသို့ ရောက်ရှိနေသည်အား တွေ့လိုက်ရ၏။ မိစ္ဆာနတ်ဘုရားမှာ သူ၏ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေပြီး သူ၏ခန္ဓာကိုယ်မှာတော့ ကျောက်ရုပ်သဖွယ် တောင့်တင်းနေဟန်ရှိသည်။
ပို၍ပင်ထူးဆန်းသည်က သူ၏မူလဝိညာဉ်မှာ ဖရိုဖရဲချီအဖြစ် ပြောင်းလဲနေခြင်းပင်။
သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ မင်းသားယိုမင်းက မိစ္ဆာနတ်ဘုရား ထွက်လာခဲ့သော သစ်မြစ်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ သစ်မြစ်တွင် သူ၏ခန္ဓာကိုယ် ဆံ့ရုံလောက် အပေါက်တစ်ပေါက် ပေါက်နေ၏။
သူသည် ခါးကုန်းမနေသော်လည်း သူ့ကျောတွင် ဧရာမလိပ်ခွံကြီးအား သယ်ဆောင်ထားရသည် မဟုတ်လော။ ထို့ကြောင့် မိစ္ဆာနတ်ဘုရားနှင့် အသွင်ဆင်နေသည်။
ဝေစွေ့ဖုန်းက ရှေ့သို့ တက်၍ မြားပစ်နေသည့် အမူအရာဖော်ဆောင်လိုက်သည်။ သူက ခါးကုန်းကုန်း မိစ္ဆာနတ်ဘုရားဆီသို့ မြားအချို့ ပစ်ခွင်းလိုက်၏။ မင်းသားယိုမင်းက ချက်ချင်း သစ်မြစ်ပေါ်မှ ခုန်ထွက်လိုက်သည်။ သူ စကားပြောတော့မည့်အချိန်တွင် ဝေစွေ့ဖုန်းက လက်ဖြင့် စက်ဝိုင်းပုံစံ ရေးဆွဲကာ ထိုက်ကျိစက်၀န်းကို ဖွဲ့တည်လိုက်သည်။ ထို့နောက် ၎င်းကို မင်းသားယိုမင်း၏ ရင်ဘတ်တွင် ခတ်နှိပ်လိုက်ပြီး နောက်ထပ် ထိုက်စုသိုင်းကွက်ဖြင့် ဖရိုဖရဲချီအား ဖွင့်ကာ မူလဝိညာဉ်ကို တိုက်ခိုက်တော့သည်။ ထို့နောက် ထိုက်ရှီသိုင်းကွက်ကို ဆင့်ကဲ ထပ်သုံးလိုက်ပြီး မင်းသားယိုမင်း၏ သွေးတို့အား ဖရိုဖရဲ ဖြစ်သွားစေသည်။
ဝေစွေ့ဖုန်းက လက်ယှက်၍ ရှေ့သို့တက်လိုက်သည်။ ထိုအခါ မင်းသားယိုမင်း၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး နေရာတွင် အေးခဲတောင့်တင်းသွား၏။
မှန်ပါသည်။ ဝေစွေ့ဖုန်းသည် ချင်မူ့ကောင်းကင်နတ်သိုင်းများကို မသိပေ၊ ပုံပန်းသွင်ပြင်မှသာ သင်ယူနေခြင်းဖြစ်သည်။ မင်းသားယိုမင်းကလည်း သူနှင့်အတူ ပူးပေါင်းနေပြီး သူတို့နှစ်ယောက်သည် ချင်မူ့တိုက်ကွက်များ၏ လှုပ်ရှားမှုကို သိရှိနိုင်ရန် လေ့ကျင့်နေကြသည်။
သူတို့နှစ်ယောက်ကား ကောင်းကင်နတ်သိုင်းများကို အရူးအမူးစွဲလမ်းကြသည့် ပုဂ္ဂိုလ်နှစ်ယောက် မဟုတ်ပါလော။ တိုက်ပွဲဖြစ်သွားသည့် အခြေအနေအား တွေ့လျှင် အဖြေမထုတ်ဘဲ မနေနိုင်ကြပေ။
“ဒီလို သတ်လိုက်တာ နေမှာ”
မင်းသားယိုမင်းက ပြန်လည်လှုပ်ရှားလာနိုင်ပြီး ခါးကုန်းကုန်း မိစ္ဆာနတ်ဘုရား၏ နောက်ကျောသို့ ပျံသန်းသွားသည်။ သူက ကျောက်စိမ်းမြို့တော်အရှေ့တွင် ရပ်ပြီး မြို့ထဲရှိ မြင်ကွင်းကို စပ်စုနေ၏။ ထောင်သောင်းပေါင်းများစွာသော နန်းတော်များကို တွေ့မြင်လိုက်ရသည်။ ၎င်းတို့က ခမ်းနား၍ အဆုံးမရှိသည့်အပြင် ဖရိုဖရဲမြစ်ကြီးတစ်စင်းလည်း တည်ရှိနေ၏။ ဤကျင့်စဉ်စနစ်ကား အသက်ရှူမှားဖွယ်ပင်။
“နှမြောစရာပဲ… ဒီပုဂ္ဂိုလ်ရဲ့ ကျင့်စဉ်စနစ်က အင်မတန်ထူးဆန်းတယ်… အံ့မခန်း ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှာ… ကောင်းကင်နတ်အရှင်မူကတော့ တိုက်ကွက်သုံးကွက်ထဲနဲ့ သတ်ပစ်နိုင်ခဲ့တယ်”
မင်းသားယိုမင်းက ခေါင်းရမ်းလိုက်သည်။ “အနည်းဆုံးတော့ သူနဲ့ စကားပြောပြီး ကျောက်စိမ်းမြို့တော်ကျင့်စဉ်စနစ်အကြောင်း မေးခဲ့သင့်တာ… ပြီးတော့မှ သတ်ပစ်လိုက်ပေါ့”
ဝေစွေ့ဖုန်းက ပြောသည်။ “ညီလေးက အသာစီးရခဲ့တာ… ဒီပုဂ္ဂိုလ်ရဲ့ စွမ်းဆောင်ရည်တွေက ကောင်းကင်နတ်အရှင်ဆယ်ပါးအောက် မနိမ့်ကျတဲ့အပြင် ပိုလို့တောင် သန်မာသေးတယ်… အရင်စကြ၀ဠာမှာ ပိတ်မိနေလို့ လောကသစ်ပင်ကို သုံးပြီး လွတ်မြောက်လာချင်နေတာ နှမြောစရာပဲ… ဒါပေမဲ့ လောကသစ်ပင်ကို အလွယ်တကူ ဖြတ်တောက်ခဲ့လို့ သစ်ပင်ထဲမှာ ပိတ်မိပြီး ထွက်မလာနိုင်တော့ဘူး… အရင်စကြ၀ဠာ ပျက်စီးခြင်းကပ်ဘေးကနေလည်း အပြည့်အဝ ထွက်မပြေးနိုင်တော့ဘူး…. ဒီနေရာကို ပထမဦးဆုံး ရောက်လာတုန်းအတိုင်း အားနည်းနေတဲ့အခြေအနေမလို့ ညီလေးက တိုက်ကွက်သုံးကွက်ထဲနဲ့ သတ်ပစ်နိုင်ခဲ့တာ”
သို့ထိတိုင် သူလည်း ချင်မူ့အပေါ် အင်မတန် လေးစားအားကျမိသေးသည်။
သို့သော် ယခင်စကြ၀ဠာ၏ ဤသိုင်းပညာရှင်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးနှင့်ပင် ညီမျှနေလင့်ကစား ချင်မူ၏ တိုက်ကွက်သုံးကွက်ဖြင့် အသက်ဆုံးရှုံးခဲ့ရလေသည်။
ဤသည်က လမ်းစဉ်ဝင်ရောက်ပြီးသော ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားဖြစ်၏။
အထူးသဖြင့် ချင်မူသည် သူ၏ကောင်းကင်ရတနာထဲတွင် လောကသစ်ပင်ကို စိုက်ပျိုးခဲ့ပြီးနောက် ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ၏ စွမ်းအားကို စုစည်းနိုင်ခဲ့ရာ ကျင့်ကြံခြင်းအခြေခံသည် အဆပေါင်းများစွာ တိုးတက်သွားခဲ့၏။ သူ အမှတ်တမဲ့နေလျှင်ပင် ကောင်းကင်နတ်အရှင်တစ်ပါး ချင်မူနှင့် ရင်ဆိုင်ပါက များစွာအရေးနိမ့်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် သတ္ထုကြောနောက်တစ်ခုဆီမှ နောက်ထပ် ပြင်းထန်လှသော လှိုင်းဂယက်များ ဖြာထွက်လာသည်။ သူတို့နှစ်ယောက်မှာ လန့်ဖြန့်သွားပြီး အလျင်အမြန်ပျံတက်၍ ထိုသတ္ထုကြောဆီသို့ ထွက်သွားကြသည်။
အဘွားစစ်၊ လန်ယွီတျန်းနှင့် ကျန်သူများလည်း ရောက်လာကြချေပြီ။ သူတို့လည်း အခြေအနေကိုမြင်လျှင် သူတို့အနောက်မှ ချက်ချင်း လိုက်လာကြသည်။
အားလုံး သတ္ထုကြောသို့ ရောက်ရှိသည့်အခါတွင် အပျက်အစီးဖရိုဖရဲများအား တွေ့မြင်လိုက်ကြ၏။ ကြောက်စရာကောင်းသည့် ကောင်းကင်နတ်သိုင်း လှိုင်းဂယက်များက နေရာတိုင်းတွင် ပြည့်နှက်နေသည်။ အားလုံးက သတ္ထုကြောထဲသို့ အတူတူ ဝင်ရောက်ကြည့်သည့်အခါ ဤနေရာတွင် နောက်ထပ် ယခင်စကြ၀ဠာမှ သိုင်းပညာရှင်တစ်ဦး၏ အလောင်းကို တွေ့လိုက်ရ၏။
သိုင်းပညာရှင်မှာ ခါးကုန်းကုန်း မိစ္ဆာနတ်ဘုရားထက်ပင် ပို၍ အဖြစ်ဆိုးနေသည်။ သူ့မှာ ထူးဆန်းသော ကောင်းကင်လက်နက်ဖြင့် ရှစ်ပိုင်း ပိုင်းခံထားရပြီး မူလဝိညာဉ်ကလည်း စွမ်းအင်အခြေအနေသို့ ပြောင်းလဲနေချေပြီ။
စွမ်းအင်အခြေအနေဆိုသည်မှာ ထိုက်ရှီအခြေအနေ ဖြစ်သော်လည်း အလွန်တရာ မတည်ငြိမ်ပေ။ ဤပုဂ္ဂိုလ်သည် ချင်မူ တိုက်ခိုက်ခြင်းခံရတုန်းက သူ၏မှော်စွမ်းအင်ကို အတင်းအကြပ် အသက်သွင်းခဲ့သဖြင့် မူလဝိညာဉ်မှာ ချက်ချင်း ပေါက်ကွဲကာ နေရာတစ်ခုလုံးအား ဤသို့ပျက်စီးသွားစေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
‘ညီလေးက ခါးကုန်းမိစ္ဆာနတ်ဘုရားရဲ့ ကောင်းကင်လက်နက်နဲ့ သူ့ကို သတ်ခဲ့တာပဲ…. ဒါပေမဲ့ အသတ်သတ်တိုက်ကွက်က ‘ထိုက်ရှီ ပွင့်လန်းနေသော နွေဦးကို မေးခွန်းထုတ်ခြင်း သိုင်းကွက်’ ဖြစ်နေတုန်းပဲ’
ဝေစွေ့ဖုန်းမှာ အံ့ဩမှင်သက်နေမိသည်။ ချင်မူ၏ ဤတိုက်ကွက်စွမ်းအားသည် ခါးကုန်းမိစ္ဆာနတ်ဘုရားကို သတ်ဖြတ်တုန်းကထက် ပို၍ပင် အားကောင်ပြင်းထန်ပေသည်။
ရုတ်တရက် ပြင်းထန်လှသော တုန်ခါမှုတစ်ခု အဝေးမှ ထွက်ပေါ်လာပြန်သည်။
အားလုံး သတ္ထုကြောထဲမှ ထွက်၍ ထိုနေရာသို့ အပြေးရောက်သွားကြ၏။ သူတို့ရောက်သွားသည့်အချိန်တွင် ချင်မူကား ထွက်ခွာသွားပြီဖြစ်ပြီး သတ္ထုကြောအတွင်း၌ မြေအောက်အပေါက်ကြီးတစ်ပေါက်နှင့် လက်တစ်ဖက်ကျိုးနေသော ခေါင်းပြတ်အလောင်းတစ်လောင်းကိုသာ ချန်ထားခဲ့သည်။
ယခင်စကြ၀ဠာမှ ခေါင်းပြတ်အလောင်းသည် ဖရိုဖရဲချီအဖြစ်သို့ ပြောင်းလဲနေပြီး သူ့အနောက်ရှိ သစ်မြစ်တွင် လက်ဖဝါးရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။ ဧရာမထိုက်ကျိစက်၀န်းတစ်ခုက သူ၏ခြေထောက်အောက်တွင် ဖွဲ့တည်နေ၏။
“သူ သိပ်မဝေးသေးဘူး”
အားလုံးက နောက်ထပ်တုန်ခါမှုများကို ကြားလိုက်ရပြန်သည်။ သို့သော် မည်သည်ကိုမှ ရှာမတွေ့ဘဲ ယခင်စကြ၀ဠာမှ သိုင်းပညာရှင်တို့၏ အလောင်းများကိုသာ တွေ့နေရ၏။
‘ဒီအတိုင်း ဆက်သွားရင် သူကို သံမဏိနဲ့ ထုထားရင်တောင်မှ ရွှံ့ဖြစ်တဲ့အထိ ပင်ပန်းသွားလိမ့်မယ်… ပြီးတော့ လူတိုင်း ကျရှုံးတဲ့အချိန်ဆိုတာ ရှိတယ်…. ကျရှုံးသွားရင် တစ်သက်လုံး ကိစ္စတုံးပြီပဲ’
အားလုံးမှာ စိတ်မအေးနိုင်ဖြစ်လာကြသည်။ သူတို့သည် သတ္ထုကြောတစ်ခုပြီးတစ်ခုအား ဖြတ်သန်းလာကြသော်လည်း ချင်မူ့ထက် ခြေတစ်လှမ်း နောက်ကျနေသေး၏။ သူက သူတို့ထက် ခြေတစ်လှမ်းစောစွာဖြင့် သတ္ထုကြောများအထဲ ဝင်ရောက်ကာ ယခင်စကြ၀ဠာမှ သိုင်းပညာရှင်များကို ဆွဲထုတ်၍ သေသည်အထိ ရိုက်နှက်နေလေသည်။
ကောင်းကင်မှာ တဖြည်းဖြည်း လင်းလာသည်။ အားလုံး တစ်ညလုံး ပြေးလွှားနေခဲ့ရသည့်အတွက် ပင်ပန်းနေကြချေပြီ။ နေထွက်လာသည့်အချိန်တွင်တော့ ချင်မူ့ကို တွေ့လိုက်ရသည်။
ချင်မူမှာ အနက်ရောင်တောင်တစ်လုံး၏ တောင်စွန်းတွင် ထိုင်နေသေလည်။ တောင်စွန်းအောက်တွင် ယခင်စကြ၀ဠာသိုင်းပညာရှင်တို့၏ တန်ဖိုးကြီးရတနာမျိုးစုံက တောင်တစ်တောင်အလား ပုံနေကြသည်။ ၎င်းတို့၏အလင်းတန်းများက နေအလင်းရောင်နှင့်အတူ ကောင်းကင်ထက်တွင် တောက်ပနေကြ၏။
ချင်မူက ထိုနေရာတွင် ထိုင်လျက် ပင်ပန်းနေပုံပေါ်သော်လည်း သူ၏မျက်နှာအမူအရာကတော့ အလွန်တရာ အေးဆေးတည်ငြိမ်နေသည်။ သူတို့ထင်ထားသကဲ့သို့ ဒေါသထွက်၍ စိတ်အရိုင်းဆန်မနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်တရာ ငြိမ်သက်နေသည်။
သူ၏အကြည့်က လေးနက်နေသည့်အပြင် သူ၏အသံမှာလည်း ပင်ပန်းနေသည့်တိုင် အလွန်တရာ လေးနက်နေသည်။ သူက အပြေးအလွှား ရောက်လာကြသူအားလုံးကို ပြောလိုက်သည်။ “စိတ်ပူပေးကြတာ ကျေးဇူးတင်ပါတယ်… ကောင်းကင်လက်နက် သွန်းလုပ်ချင်လို့ ပစ္စည်းတချို့ရှာရုံတင်ပါ.. အခု ကျွန်တော့်ရဲ့ နတ်ဓားကို သွန်းလုပ်လို့ရပြီ”