ခိုင်မာနေသော နှလုံးသား
Vol. 114 Ch. 1498
ချင်မူ့စကားကြောင့် အားလုံးမှာ စုပုံနေသည့် ဧရာမကောင်းကင်လက်နက်ကြီးများကို ကြည့်ရင်း အလွန်အမင်း မှင်သက်နေကြသည်။ ဤကောင်းကင်လက်နက်များသည် ယခင်စကြ၀ဠာမှ သိုင်းပညာရှင်များ သူတို့၏သက်တမ်းတလျှောက်လုံး သွန်းလုပ်အဆင့်မြှင့်တင်ခဲ့ရသော ရတနာများ ဖြစ်ကြ၏။ အသုံးပြုထားသည့် ကုန်ကြမ်းများက သူတို့၏တစ်ဘဝလုံး ရှာဖွေခဲ့သည့် အရာများတွင် အကောင်းဆုံးကုန်ကြမ်းများဟု ဆိုရမည်။
ထိုရတနာတစ်ခုစီသည် နတ်လေးအောက် နိမ့်ကျမနေပေ။ နတ်လေးထက်ပင် ပို၍စွမ်းအားကြီးသည့် ကောင်းကင်လက်နက်တချို့ပင် ရှိနေသည်။
ယခင်စကြ၀ဠာမှ သိုင်းပညာရှင်တို့သည် ထိုရတနာတို့အား အားကိုးလျက် စကြ၀ဠာပျက်စီးခြင်းကပ်ဘေးကို ရှောင်တိမ်းနိုင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့က စကြ၀ဠာတစ်ခွင် ကြီးစိုး၍ အာဏာကြီးမြတ်သော အရှင်သခင်များနှင့် တူသည်။
လက်ရှိ ကောင်းကင်နတ်ဘုံပင်လျှင် ရတနာများ သွန်းလုပ်နိုင်အောင် ကုန်ကြမ်းများစွာ မထုတ်လုပ်နိုင်ပေ။ ကောင်းကင်နတ်ဘုံအနေဖြင့် ဘိုးဘေးနန်းတော်သို့ ပြောင်းရွှေ့လာစဖြစ်၍ ဘိုးဘေးနန်းတော်မှ ကျောက်တုံးတွင်းများကို တူးဖော်နေဆဲ ရှိသေးသည်။
ယခင်စကြ၀ဠာအဟောင်းမှ သိုင်းပညာရှင်များမှာ ထိုသို့ကောင်းကင်လက်နက်များ ဖန်တီးနိုင်ရန် သူတို့စကြ၀ဠာတွင် ရှိသမျှ အရင်းအမြစ်တို့အား သုံးစွဲခဲ့ကြသည်။
သို့သော် ယခုတွင်တော့ ထိုလက်နက်များကို ချင်မူက သိမ်းပိုက်ထားပြီး သူ၏ဓားအား သွန်းလုပ်ပေတော့မည်။
မည်သို့သော နတ်ဓားမျိုးက ဤမျှများပြားသည့် ရတနာများကို လိုအပ်ပါသနည်း။
ရတနာတချို့တွင် သွေးများ စွန်းထင်းလျက် ရှိနေပြီး တချို့တွင်တော့ လက်နက်အရိုးကို ဆုပ်ကိုင်ထားသည့် လက်ပြတ်များပင် ပါနေသည်။ ချင်မူသည် သူတို့၏လက်များကို ဖြတ်ခဲ့သော်လည်း ဖယ်ရှားခြင်းမပြုထားပေ။
ဝေစွေ့ဖုန်းနှင့် ကျန်သူများမှာ စိတ်အေးသွားကြသည်။ သူတို့မှာ ချင်မူ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတော့မည်ကို စိုးရိမ်နေခဲ့ကြသော်လည်း ယခုတွင် လက်တွေ့ကျကျ စဉ်းစားဆင်ခြင်နိုင်စွမ်း မပျောက်ဆုံးသေးသည်သာမက တည်ငြိမ်အေးဆေးလွန်းနေသဖြင့် ကြောက်ပင် ကြောက်မိလေသည်။
မှန်ပါသည်။ စဉ်းစားဆင်ခြင်နိုင်စွမ်းက မကောင်းမွန်သော အရာမဟုတ်သော်လည်း လက်တွေ့ကျလွန်းပါက ဆိုးကျိုးဖြစ်စေနိုင်၏။
သူသာ လက်တွေ့ကျလွန်းပါက လောကရှိ ပျော်စရာခံစားချက်များကို ဆုံးရှုံးသွားပြီး လိုအင်ဆန္ဒများစွာကို လက်လျှော့လိုက်လိမ့်မည်။ ဥပမာအားဖြင့် နတ်ဘုရင်လန်ဝူသည် လက်တွေ့ကျလွန်းသဖြင့် သူမ၏စိတ်ခံစားချက်ဟူသမျှကို ဖယ်ရှားခဲ့၏။ သူမလုပ်ဆောင်သမျှ အရာအားလုံးက သူမမျိုးနွယ်၏ ကောင်းကျိုးအတွက်သာ ဖြစ်သည်။
သူမတွင် အချစ်နှင့် သံယောဇဉ်ဟူ၍ မရှိပေ။ သူမ၏ မျိုးနွယ်စုအပေါ်သာ တန်ဖိုးထားသည့်စိတ် ရှိလေသည်။
လက်ရှိ ချင်မူတွင်လည်း ထိုသို့လက္ခဏာများ ပြသနေချေပြီ။
“အဘွားစစ်၊ ကျုပ် ညီလေးရဲ့ တိုက်ပွဲအကြွင်းအကျန်တွေကို မင်းသားယိုမင်းနဲ့အတူ စစ်ဆေးကြည့်ခဲ့ပြီးပြီး… သူ့ရဲ့ လက်တွေ့ဆန်မှုနဲ့ တည်ငြိမ်အေးဆေးမှုက ကြောက်စရာကောင်းတဲ့ အဆင့်အထိတောင် ရောက်နေပြီသိလား … အခြေအနေမကောင်းဘူး’’
ဝေစွေ့ဖုန်းက အဘွားစစ်၏ အနားကပ်၍ ခပ်တိုးတိုး သတိပေးသည်။ “သူက သူ့ရဲ့ခံစားချက်တွေကို ဖယ်ရှားပစ်နေတာ… ဒီအတိုင်း ဆက်သွားရင် နတ်ဘုရင်လန်ဝူ နောက်တစ်ယောက် ဖြစ်လာလိမ့်မယ်”
အဘွားစစ်က လေးပင်စွာ ခေါင်းညိတ်ပြသည်။ “စိတ်မပူပါနဲ့… မူအာက အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး…. သူ့ရဲ့အကျင့်စရိုက်က အမြဲပျော်ပျော်နေတတ်တာပဲဟာ…”
ဝေစွေ့ဖုန်းက ခပ်ဖွဖွ ပြောသည်။ “ပြောဖို့ ခက်တယ်နော်… သူ့ရဲ ပျော်ပျော်နေတတ်တဲ့ အကျင့်စရိုက်ကို ဘယ်သူ့ဆီက ရခဲ့တာလဲ ခင်ဗျားသိရဲ့သားနဲ့ …. အခု အဲဒီလူ မရှိတော့ရင်ရော...”
အဘွားစစ်၏ နှလုံးသားမှာ နာကျင်လာတော့သည်။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် အပျော်ရွှင်တတ်ဆုံးပုဂ္ဂိုလ်မှာ ထော့ကျိုးအပြင် တခြားမဟုတ်ပေ။ သူသည် အမြဲတမ်း မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သည့်အပြင် အရိုက်ခံရလျှင်လည်း ပြုံးဖြီးနေတတ်၏။ သေအောင် ရိုက်ခံရလင့်ကစား မည်သည်မှမ ဖြစ်ပျက်ခဲ့သည့်အလား ပြုမူတတ်လေသည်။
အတိတ်တုန်းက ရွာထဲတွင် အဘိုးကြီးမာမှာ စည်းကမ်းကြီးပြီး ရွာလူကြီးကမူ စိတ်ဓာတ်ကျနေတတ်သည်။ သားသတ်သမားက တစ်ချက်တစ်ချက် စိတ်ရူးထဖောက်ပြီး မျက်ကန်းကတော့ စနောက်တတ်၏။ ရွှေအက ဆိုးသွမ်း၍ နားကန်းကတော့ မောက်မာသည်။ ဆေးဆရာတွင်တော့ မည်သည့်မျက်နှာမှမရှိ။ အဘွားစစ်ကိုယ်တိုင်ကတော့ လျှို့ဝှက်တတ်ပြီး မိစ္ဆာဆန်သော အငွေ့အသက်ကို သယ်ဆောင်ထားတတ်သည်။ ထော့ကျိုးတစ်ယောက်တည်းသာလျှင် ချင်မူ့ကို သယ်၍ လျှောက်သွားနေတတ်သူ ဖြစ်ပေသည်။
ချင်မူသည် သူ့ထံမှ မည်သို့ပျော်ပျော်နေရမည်လဲ သင်ယူခဲ့သည်။
“သူ ပိုပြီးတော့ ပျော်လာမှာပါ”
အဘွားစစ်က ထပ်ပြောသည်။ “သေချာပေါက် ပျော်လာလိမ့်မယ်”
“ဘိုးဘိုးရွှေအ၊ ဒီကောင်းကင်လက်နက်တွေကို နတ်ဓားအဖြစ် ပြန်သွန်းလို့ရတယ်မလား” ချင်မူက အဝေးမှနေ၍ ရွှေအအား လှမ်းမေးသည်။
ရွှေအက တည်ကြည်လေးနက်နေသော မျက်နှာအမူအရာဖြင့် ထိုကောင်းကင်လက်နက်များကို စစ်ဆေးကြည့်လိုက်၏။ သူက တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရှုပြီးနောက် ခေါင်းရမ်းပြလေသည်။ “ဒီကောင်းကင်လက်နက်တွေရဲ့ စွမ်းအားက ပြင်းထန်လွန်းတော့ သူတို့ရဲ့စွမ်းအားကို ဖယ်နုတ်ပစ်ဖို့ ခက်လိမ့်မယ်… ဖယ်နိုင်ရင်တောင်မှ ဒီကောင်းကင်လက်နက်တွေကို အရည်ဖျော်ပြီး ပြန်သွန်းလုပ်ဖို့အထိ အားကောင်းတဲ့ တာအိုမီးတောက် မရှိဘူး… ငါ့တျန်းထျန်ကို မီးဖိုလို သုံးပြီး တာအိုမီးတောက်ကို ဖွဲ့တည်နိုင်ပေမယ့် အဲဒီလောက်အထိ လုပ်နိုင်စွမ်းမရှိဘူး”
ချင်မူက မေးသည်။ “တောင်၀င်ရိုးစွန်း ဘိုးဘေးနယ်မြေရဲ့ တာအိုမီးတောက်ကို သုံးပြီး သွန်းလုပ်ရင်ရော”
ရွှေအ၏ မျက်လုံးများ တောက်ပလင်းလက်လာပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “ဘိုးဘေးနယ်မြေရဲ့ တာအိုမီးတောက်ကို သုံးပြီး သွန်းလုပ်မယ်ဆိုရင် ငါ လုပ်နိုင်တယ်… အဲဒါနဲ့ဆို ဒီကောင်းကင်လက်နက်တွေရဲ့ မဟာတာအိုစွမ်းအားတွေ အရည်ပျော်သွားလောက်တယ်…ဒါပေမယ့် ဘိုးဘေးနယ်မြေ တာအိုမီးတောက်က ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လက်ထဲမှာလေ…”
“ကောင်းကင်နတ်အရှင်ဟွေ့လက်ထဲမှာ မဟုတ်တော့ဘူး”
ချင်မူက ထိုကောင်းကင်လက်နက်များကို သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် သိမ်းဆည်းလိုက်သည်။ “တောင်ဝင်ရိုးစွန်းရဲ့ တာအိုမီးတောက်ကို ကောင်းကင်နတ်အရှင်ယွဲ့က ရွှမ်တုတိုက်ပွဲမှာ နေရာရွှေ့ပြောင်းပစ်ခဲ့တာ … နေရာအတိအကျကိုတော့ ကောင်းကင်နတ်အရှင်ယွဲ့ဆိ ပြန်မေးရလိမ့်မယ်… ကျွန်တော် ရွှင်ပျော်ပျော်ကျေးရွာဘက် သွားပြီး ကောင်းကင်နတ်အရှင်ယွဲ့နဲ့ တွေ့လိုက်ပါမယ်”
အဘွားစစ်က ချက်ချင်း လှမ်းပြောသည်။ “မူအာ၊ ငါလည်း နင်နဲ့အတူ ရွှင်ပျော်ပျော်ကျေးရွာဆီ လိုက်မယ်”
ရွှေအက တခဏတုံ့ဆိုင်းနေပြီးနောက် ပြော၏။ “ငါလည်း လိုက်မယ်လေ”
ချင်မူက ပြောသည်။ “ဘိုးဘိုးရွှေအက ဒီမှာနေပြီး ဖန်သားကောင်းကင်စေတီကို ပြုပြင်ရဦးမယ်လေ… ဘွားဘွားကလည်း ရှုရှန်းဟွာနဲ့ လူငယ်ဂိုဏ်းချုပ်ဝမ်ကို သင်ပေးရဦးမယ်… ကျွန်တော် တစ်ယောက်တည်း သွားလိုက်ပါ့မယ်”
အဘွားစစ်က ပြုံး၏။ “တခြားသူတွေ မသွားလည်း ရပေမယ့် ငါကတော့ သွားရမယ်… လန်ဝူနဲ့ ကောင်းကင်နတ်အရှင်ယွဲ့ ဘယ်လိုပုံရှိလဲဆိုတာရယ်.. လှလား မလှလားလည်း ကြည့်ချင်သေးတယ်”
ချင်မူမှာ သူမ စိတ်ပြောင်းအောင် မပြောနိုင်သဖြင့် လွှတ်ထားပေးလိုက်သည်။ သူက ရှုရှန်းဟွာကို လှမ်းပြော၏။ “နောင်တော်ရှုကို ဒီရက်ပိုင်းအတွင်း ဒုက္ခပေးရဦးမယ်ဗျာ”
ရှုရှန်းဟွာက တုံ့ပြန်သည်။ “ငါက ဟိုသွားသည်သွားလည်း လုပ်တတ်တာမှ မဟုတ်တာ.... တခြားကူပေးနိုင်တာလည်း မရှိတော့ ဒီနေရာမှာ နေရတာက ငါ့အတွက် ကောင်းချီးတစ်ခုပါပဲ”
ချင်မူက အရေးကြုံလာလျှင် အသုံးပြုနိုင်ရန်အတွက် သူ့အား ထိုက်ယီတာအိုသစ်ရွက် ပေးခဲ့သည်။ နတ်လေးကိုလည်း ဝေစွေ့ဖုန်းဆီ ပေးထားခဲ့၍ ဖန်သားကောင်းကင်စေတီအား မင်းသားယိုမင်းလက်ထဲ အပ်ခဲ့သည်။
ထိုက်ယီ၏ တောင်ဝှေးကိုလည်း လန်ယွီတျန်းအား ပေးရန် ပြင်နေ၏။ လန်ယွီတျန်းက ခေါင်းခါကာ ပြောသည်။ “ထိုက်ယီက အစ်ကိုကြီး မြေပုံအတိုင်း လိုက်လာပြီး သူ့ကို ကယ်စေချင်နေတာ… ဒီတောင်ဝှေးနဲ့ တစ်ခုခု ပတ်သက်နေလောက်တယ်… အစ်ကိုကြီး ယူသွားတာပဲ ကောင်းပါတယ်”
ချင်မူလည်း အတင်းအကြပ်မပေးတော့ တောင်ဝှေးကို ယူထားလိုက်သည်။
သူသည် အနက်ရောင်တောင်တန်းမှ ထွက်ခွာရန် အသင့်ဖြစ်နေပြီး အဘွားစစ်က အထုပ်အပိုးများဖြင့် သူ၏အနောက်မှ ပြုံးရွှင်စွာ လိုက်ပါလာ၏။ “နတ်ဘုရင်လန်ဝူက သိပ်လှတဲ့ မိန်းကလေးလို့ ငါ ကြားထားတယ်နော်”
ချင်မူက ခေါင်းညိတ်သည်။
အဘွားစစ်က ထပ်ပြောပြန်၏။ “ကောင်းကင်နတ်အရှင်ယွဲ့ကလည်း သိပ်လှပြီးတော့ သူမတူအောင် သိမ်မွေ့တယ်လို့လည်း ပြောကြတယ်”
ချင်မူက ခေါင်းညိတ်လိုက်ပြန်သည်။
“ချုံဧကရာဇ်ခေတ်ရဲ့ ဓားနတ်ဘုရားမကလည်း တော်တော်လှတာပဲ”
အဘွားစစ်က ဆက်ပြော၏။ “ငါ သူ့ကို အရင်က မြင်ဖူးတယ်လေ… နဂါးဆိုပေမယ့် နှလုံးသားကတော့ နူးညံ့လှပတယ်”
ချင်မူက ခေါင်းသာညိတ်နေသည်။
အဘွားစစ်က ခြေလှမ်းခပ်သွက်သွက် လှမ်းရင်း သူ့အနောက်မှ လိုက်ပါလာ၏။ ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းဖြင့် နေရာဟင်းလင်းပြင်ကို ချုံ့ထားပြီး သူတို့နှစ်ယောက်အား အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် သွားလာနိုင်စေသည်။
“ဧကရာဇ်ယွိရှို့ကတော့... အင်း... လင်ယွိရှို့ကလည်း အံ့မခန်း အမျိုးသမီးတစ်ယောက်ပဲ”
အဘွားစစ်က ပြော၏။ “ပြီးတော့ ကောင်းကင်နတ်အရှင်လင်… သူကရော ဘယ်လိုပုံစံလဲ မသိဘူး”
ချင်မူမှာ ရပ်လိုက်ပြီး ကူကယ်ရာမဲ့စွာ မေးလိုက်သည်။ “ဘွားဘွား ဘာပြောချင်နေတာလဲဗျာ”
အဘွားစစ်က ပြုံး၏။ “ငါက အခုဆို အိုနေပြီလေ… ငါ့ထက်ထဲ ကလေး မချီရသေးတော့ ဟာတာတာကြီး ခံစားရတယ်”
“ဘွားဘွား၊ ဧကရာဇ်ယွိရှို့က လွဲလို့ ဘွားဘွားပြောတဲ့ အမျိုးသမီးတွေအကုန်လုံးက ဘွားဘွားထက်တောင် အဆပေါင်းများစွာ အသက်ကြီးတယ်နော်”
ချင်မူက ပြော၏။ “ယောက်ျားတစ်ယောက်မှာ လောကရဲ့ အရပ်လေးမျက်နှာအတွက်တောင် ငြိမ်းချမ်းရေး မဆောင်ကြဉ်းပေးနိုင်ရင် မိသားစုကို ဘာကြောင့် တည်ထောင်...”
အဘွားစစ်မှာ ဒေါသထွက်သွားပြီး သူ ဆက်မပြောနိုင်ခင် ထိုက်ယီ၏ တောင်ဝှေးကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ သူမက တောင်ဝှေးဖြင့် သူ့အား ဂွပ်ခနဲ ခေါင်းခေါက်၍ မာန်မဲလိုက်သည်။ “ဘာကြောင့် တည်ထောင်မှာလဲ ဟုတ်လား… အေး တည်ထောင်ရမယ့် အကြောင်းရင်းကို ငါ ပြောမယ်… ငါ့လက်ထဲမှာ မြေး ချီချင်တယ်ဟဲ့…”
ချင်မူက ခေါင်းကို အုပ်ကာ ခပ်သုတ်သုတ် ထွက်သွားသည်။ အဘွားစစ်က တောင်ဝှေးကို တကားကားဖြင့် လိုက်ဖမ်းရင်း ဒေါသတကြီး ဆူနေတော့သည်။ “အရပ်လေးမျက်နှာအတွက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းမယ်ဟုတ်လား... ချီးကို ဆောင်ကြဉ်း... နင် အဲဒီမှာ ရပ်စမ်း”
သူမသည် အနည်းငယ် ဒေါသထွက်နေသော်လည်း ပြုံးနေမိသည်။ ချင်မူလည်း ယခင်ကထက် ပို၍ပျော်ရွှင်နေ၏။
ကမ္ဘာဦးဘုံတွင်…
ချင်မူနှင့် အဘွားစစ်တို့ ကောင်းကင်ယင်ကမ္ဘာသို့ အရင်သွားကြ၏။ တောင်နတ်မင်းနှင့် ယန်အာက ထိုနေရာတွင် ရှိနေကြပြီး ကောင်းကင်ယင်နတ်ဘုရားမက တောင်နတ်မင်းကျုချွဲအတွက် ရုပ်ခန္ဓာပြုလုပ်ပေးသည်။ သို့သော် ဖန်ဆင်းခြင်းလမ်းစဉ်တွင် မကျွမ်းကျင်သဖြင့် တောင်နတ်မင်းကို ပြန်အသက်သွင်းမပေးနိုင်ချေ။
ချင်မူ ထိုနေရာသို့ ရောက်သည့်အချိန်တွင် ဖန်ဆင်းရှင်လမ်းစဉ်ကို အသုံးပြုကာ တောင်နတ်မင်း၏ ရုပ်ခန္ဓာအား ပြန်လည်အသက်သွင်းပေးလိုက်သည်။ သူက ပြန်လည်အသက်ဝင်လာသော တောင်နတ်မင်းကို အသေအချာ စစ်ဆေးကြည့်နေ၏။ သို့သော် ကောင်းကင်ယင်နတ်ဘုရားမသည် တောင်နတ်မင်းအတွက် နတ်ဝိညာဉ်တစ်ခု ကူညီတည်ဆောက်မပေးထားကြောင်း သတိထားမိလိုက်သည်။
“အဲဒါက တောင်နတ်မင်းရဲ့ ဆန္ဒပဲ” သူမက ခပ်တိုးတိုး ပြော၏။ “ငါ သူ့ကို အဲဒီဝိညာဉ် ဖွဲ့တည်ပေးတာ မလိုချင်ဘူးတဲ့… အဲဒီဝိညာဉ်က ပိုင်ယွီကျင့်လို့ ခေါ်တယ် ပြောတယ်… အဲ့ဝိညာဉ် သူ့ဘာသာသူ ပြန်ရောက်လာမှာပဲ စောင့်မယ်တဲ့”
ချင်မူက မျက်ခုံးပင့်၍ တောင်နတ်မင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ယန်အာသည် တောင်နတ်မင်းအား မည်သို့ကျင့်ကြံရမည်ကို သင်ကြားပြသပေးနေပြီး တောင်နတ်မင်းကလည်း သိုင်းပညာရှင်အသစ်တစ်ဦးကဲ့သို့ သူမ၏ခန္ဓာကိုယ်နှင့် နေသားကျရန် ကြိုးစားနေ၏။ သူမက ဝိညာဉ်သန္ဓေသားနှင့် ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာများကို ဖြည်းဖြည်းချင်း လေ့လာနေသည်။
‘တောင်နတ်မင်းမှာလည်း ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိနေတာပဲ… သူက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ခဲ့ပြီဆိုတော့… အရင်ဘဝထက် သာလွန်ချင်နေတာ ဖြစ်မယ်’
ကောင်းကင်ယင်နတ်ဘုရားမက သူ့နားအနား ကပ်၍ ပြောသည်။ “ပိုင်ယွီကျင့်က သူ့နတ်ဝိညာဉ်လေ… ငါ သူ့ကို နတ်ဝိညာဉ်ပေးလိုက်ရင်တောင်မှ မူလနတ်ဝိညာဉ်လောက် ကောင်းမှာ မဟုတ်ဘူး… သူနဲ့ ပိုင်ယွီကျင့်အကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်”
ချင်မူက အကြည့်ရုတ်လိုက်ပြီး ဂရုတစိုက် စဉ်းစားနေသည်။ “ပိုင်ယွီကျင့်နဲ့ တောင်နတ်မင်းတို့ရဲ့ ရန်ငြိုးတွေနဲ့ သမိုင်းကြောင်းက ကျယ်ပြန့်လွန်းတော့ ဘယ်သူက ခန္ဓာကိုယ်အစစ်အမှန်လဲ ဘယ်သူကအခွံလဲဆိုတာ ပြောဖို့ခက်တယ်… ဒီကိစ္စကို သူတို့ပဲ ဖြေရှင်းလို့ရမှာ”
သူသည် အမျိုးသမီးနှစ်ယောက်ကြားတွင် ၀င်မပက်သက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။ သူက ကောင်းကင်ယင်နတ်ဘုရားမအား ပြောလိုက်သည်။ “ချိဧကရာဇ်နဲ့ မင်ဧကရာဇ် ရက်အနည်းငယ်ကြာရင် ရောက်လာကြလိမ့်မယ်… အဲဒီအချိန်ကျ နတ်ဘုရားမအနေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကို ပြန်ရယူနိုင်အောင် ကူညီပေးနိုင်မယ် မျှော်လင့်ပါတယ်”
ကောင်းကင်ယင်နတ်ဘုရားမက တုံ့ဆိုင်းနေသည်။ “ငါ ဖန်ဆင်းခြင်းလမ်းစဉ်အကြောင်း သိပ်မသိဘူးလေ… နင် သူတို့လာတာ စောင့်ပြီးတော့မှ ပြန်ပါလား”
ချင်မူက ပြုံးလိုက်၏။ “ချိဧကကရာဇ်နဲ့ မင်ဧကရာဇ်နှစ်ယောက်လုံးက ဖန်ဆင်းခြင်းလမ်းစဉ်မှာ ကျွမ်းကျင်ကြပါတယ်… စိတ်မပူပါနဲ့… သူတို့ရှိရင် နတ်ဘုရားမ မသိတာတွေ မေးလို့ရပါတယ်… ဟုတ်သားပဲ… နတ်ဘုရားမ… ကောင်းကင်ယင်သားတော်ရဲ့ ဘဝပြန်ဝင်စားခြင်း ကောင်းကင်နန်းဆောင်နဲ့ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်… ကျွန်တော် ဒီရက်ပိုင်းအတွင်း အဲဒါတွေကို သေသေချာချာ နားလည်သွားပြီဆိုတော့ ကောင်းကင်ယင်နတ်ဘုရားမကို သင်ပေးခဲ့ပါမယ်”
သူ၏အသိစိတ်အလျဉ်က လှိုင်းထသွားပြီး သူ နားလည်ထားသည့် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်အကုန်လုံးကို ကောင်းကင်ယင်နတ်ဘုရားမထံ လွှဲပြောင်းပေးလိုက်သည်။
ဤသည်က ကောင်းကင်ယင်သားတော်၏ လမ်းစဉ်နှင့် ကျင့်စဉ်များဖြစ်ကြသည်။ ကောင်းကင်ယင်သားတော်သည် ထူးချွန်၍ ရည်မှန်းချက်ကြီးသူဖြစ်၏။ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်မှာလည်း အလွန်တရာ စွမ်းအားကြီးပြီး အင်အားအကြီးဆုံး မဟာတာအိုများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။
သို့သော် သူ၏ သိမြင်နားလည်နိုင်စွမ်းနှင့် ဉာဏ်ပညာအမျှော်အမြင်ကြောင့် ကောင်းကင်ယင်သားတော်မှာ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို မြင့်မားသောအဆင့်တစ်ခုအထိ မတွန်းပို့နိုင်ပေ။ ထို့ကြောင့် ကောင်းကင်ယင်သားတော်၊ မဟူရာနတ်မင်း၊ မင်တုဧကရာဇ်သာ ဖြစ်နေသေးပြီး ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်အရှင်ဖြစ်မလာခြင်းပင်။
ချင်မူ လောကသစ်ပင်ကို စိုက်ပျိုးပြီးချိန်မှစ၍ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်အပေါ် သူ၏သိမြင်နားလည်မှုသည် ရက်ပိုင်းအတွင်း ပိုပို၍ကျယ်ပြောနက်နဲလာခဲ့သည်။ သူကား ကောင်းကင်ယင်သားတော်ကိုပင် ကျော်တက်ပေတော့မည်။
သူက ဘဝပြန်ဝင်စားခြင်းလမ်းစဉ်၊ ယိုတုမဟာတာအိုနှင့် ကောင်းကင်ယင်လမ်းစဉ်တို့တွင် ဆက်နွယ်မှုများရှိနေမှန်း ခံစားမိသဖြင့် ကောင်းကင်ယင်နတ်ဘုရားမ၏ စွမ်းဆောင်ရည်များ တိုးတက်လာစေရန် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ယင်နတ်ဘုရားမမှာ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်နှင့် ဘဝပြန်ဝင်စားခြင်းကောင်းကင်နန်းဆောင်ကို ရရှိလိုက်သည့်အချိန်တွင် ၎င်းတို့သည် သူမ၏ကိုယ်ပိုင်လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့နှင့် ကိုက်ညီနေကြောင်း တွေ့လိုက်ရသည်။ ထိုမျှသာမက လိုက်လျောညီထွေကျနေရာ ရုတ်တရက်ဆိုသလိုပင် ဉာဏ်အလင်းပွင့်လာတော့သည်။ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ အတွေးစျာန်ယဉ်ကြောထဲ နစ်မျောသွားလေသည်။
အချိန်အတော်ကြာပြီးနောက် သူမက နိုးထလာပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီမဟာတာအိုက တော်တော်အံ့သြဖို့ကောင်းတာပဲ… ကောင်းကင်နတ်အရှင်မူ…”
ယန်အာက သူမဆီ လျှောက်လာပြီး လက်ထဲတွင်တော့ အပြင်လောကမှ ခူးလာသည့် သစ်သီးများ ကိုင်ထားသည်။ “သခင်လေးက ထွက်သွားပြီလေ နတ်ဘုရားမရဲ့… စားပါဦး..”
ကောင်းကင်ယင်နတ်ဘုရားမမှာ ခပ်ပြည့်ပြည့်လေး ဝနေပြီဖြစ်သော တောင်နတ်မင်းကျုချွဲဆီသို့ လှမ်းကြည့်လိုက်ကာ ချက်ချင်း ခေါင်းခါ၏။ “ငါ မစားတော့ပါဘူး… ယန်အာ၊ နင့်အမေကိုပဲ ကျွေးလိုက်နော်”
ဤအခိုက်အတန့်တွင် ချင်မူနှင့် အဘွားစစ်သည် ကောင်းကင်နတ်အရှင်ယွဲ့၏ ယခင်နေထိုင်ရာဖြစ်သည် မက်မွန်တောအုပ်သို့ ရောက်လာကြ၏။
အဘွားစစ်က အေးအေးလူလူ ပြောနေသည်။ “ကောင်းကင်ယင်နတ်ဘုရားမကလည်း လှတဲ့အပြင် အိန္ဒြေရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲနော် …. ဒ့ါအပြင် အမူအကျင့်ကောင်းတွေလည်း ရှိသေးတယ်… အင်း ခန္ဓာကိုယ်ကလည်း လှတာကိုး…. မူအာ၊ နင် ဘယ်လိုထင်လဲ”
ချင်မူက အားမရှိစွာ ဖြေလိုက်သည်။ “ဒီလိုပါပဲ”
“ဒါဆို ဘယ်တော့ လက်ထပ်ခွင့်တောင်းကြမလဲ” အဘွားစစ်က မျက်လုံးများ တဖျတ်ဖျတ် တောက်ပလျက် မေးလိုက်လေသည်။