← Chapters

ရွှင်ပျော်ပျော်ကျေးရွာသို့ သွားရောက်ခြင်း

Vol. 114 Ch. 1499

ရွှင်ပျော်ပျော်ကျေးရွာသို့ သွားရောက်ခြင်း

Vol. 114 Ch. 1499

ချင်မူလည်း အဘွားစစ်၏ စေတနာကို နားလည်သည်။ အဘွားစစ် သူ့နောက် လိုက်လာခြင်းမှာ သူ ထော့ကျိုး၏သေဆုံးမှုအကြောင်းသာ မတွေးမိအောင် ဖြစ်သည့်အတွက် ဤသို့ကိစ္စများ ထုတ်ပြောနေခြင်း ဖြစ်လေသည်။

အဘွားစစ်၏ စေတနာအတွက် ချင်မူ အတော်လေးကျေးဇူးတင်မိသည်။

ကောင်းကင်နတ်အရှင်ယွဲ့၏ နန်းတွင်းသူများက သူတို့ကို မက်မွန်တောအုပ်အဝင်၌ ကြိုဆိုကြပြီး မီးအိမ်များသယ်လျက် ရှေ့မှလမ်းပြကြ၏။

မက်မွန်တောအုပ်သည် တစ်ခါဖျက်ဆီးခံခဲ့ရသော်လည်း ယခုတွင်တော့ အပင်များပြန်ပေါက်နေချေပြီ။ မက်မွန်တောအုပ်မှာ စကြ၀ဠာရှိ လောကအားလုံးနှင့် ဆက်နွယ်နေသည့်အလျောက် ကောင်းကင်နတ်အရှင်ယွဲ့က ရွှင်ပျော်ပျော်ကျေးရွာ၏ ဝင်ပေါက်ကိုလည်း ဤနေရာတွင် ဖုံးကွယ်ထားခဲ့သည်။

မက်မွန်တောအုပ်မှ ရွှင်ပျော်ပျော်ကျေးရွာ၏ ဝင်ပေါက်ကို သတ်သတ်မှတ်မှတ် ရှာရန်တော့ မဖြစ်နိုင်ပေ။ ဤနေရာရှိ မက်မွန်တောအုပ်သည် စကြ၀ဠာအတွင်းရှိ လောကအားလုံး၏ လှုပ်ရှားမှုအတိုင်း ရွေ့လျားပြီး အဆက်မပြတ် ပြောင်းလဲနေသောကြောင့် ဖြစ်နိုင်ချေများ မရေမတွက်နိုင်အောင် ရှိသည်။

အထက်မြက်ဆုံး သင်္ချာပညာရှင်များပင်လျှင် လမ်းအတိအကျ သိနိုင်ရန် နှစ်တစ်သောင်း တွက်ချက်ရပေလိမ့်မည်။ ဤသည်က ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်ကျင့်စဉ်မှ အားသာချက်ပင် ဖြစ်သည်။

သို့သော် ကောင်းကင်နတ်အရှင်ယွဲ့၏ နန်းတွင်းသူများ လမ်းပြပေးလျှင်တော့ ပို၍ လွယ်ကူ၏။

သူတို့ ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးသော်လည်း နေ့အချိန်မှ ညအချိန်သို့ ပြောင်းလဲသွားပြီး ဆောင်းဦးမှ နွေရာသီအစောပိုင်းအချိန်သို့ ရောက်ရှိသွားလေသည်။ ခြေလှမ်းအနည်းငယ်အတွင်း နွေဦး၊ နွေရာသီ၊ ဆောင်းဦး၊ ဆောင်းရာသီ အစရှိသဖြင့် ရာသီဥတုများ ပြောင်းလဲသွားပြီး လပြည့်လကွယ် ရက်များကိုလည်း တွေ့ကြုံရ၏။

မက်မွန်တောအုပ်၏ မှော်စွမ်းအင်မှာ ဤနေရာတွင် ရပ်တန့်မနေပေ။ သူတို့မှာ တခြားကမ္ဘာလောကများဆီသို့လည်း လျှောက်သွားကြရသည်။ တစ်ခါတစ်ရံတွင် ကောင်းကင်ရှိ ကြယ်တာရာများပေါ်တွင် ရပ်၍ အောက်ရှိ ကောင်းကင်နှင့် မြေကြီးကို ငုံ့ကြည့်နိုင်တတ်ကြ၏။ တစ်ခါတစ်ရံတွင်တော့ ပင်လယ်ဆီသို့ ရောက်လာကြပြီး လှိုင်းလုံးများ ရိုက်ခတ်သံကို ကြားရနိုင်သည်။

လမ်းတလျှောက်တွင် မရေမတွက်နိုင်သော ကောင်းကင်နှင့် ကမ္ဘာလောကများကို တွေ့ကြုံခဲ့ရ၏။ နောက်ဆုံးတွင်တော့ နန်းဆောင်တစ်ခုအရှေ့သို့ ရောက်လာခဲ့ကြသည်။

ဤနန်းဆောင်၏ နံရံများတွင် တံခါးများ ပြည့်နေ၏။ ၎င်းက မဟာလေဟာနယ်တံတား၏ အဆုံးရှိ အခန်းသုံးခန်းထက် ပို၍ရှုပ်ထွေးလေသည်။ နန်းတွင်းသူတချို့က တံခါးများ သွားဖွင့်လိုက်သော်လည်း ထိုတံခါးများ၏ အနောက်တွင် နံရံများသာ ရှိနေသည်။

သို့သော် ၎င်းတို့က အစီအစဉ်တစ်ခုတော့ ရှိနေပုံရသည်။ ဖွင့်ပိတ်သည့် အစီအစဉ်မှာ ပုံသေ ဖြစ်သယောင်ပင်။ မကြာမီ တံခါးတစ်ချပ် ပွင့်သွားပြီး နံရံတစ်ခုအစား ဟင်းလင်းပြင်တစ်ခု ထွက်ပေါ်လာ၏။

ဟင်းလင်းပြင်ထဲတွင် တံခါးတစ်ချပ်တည်း ထီးထီးတည်း တည်ရှိနေသည်။

“ကောင်းကင်နတ်အရှင်၊ ခဏလောက်စောင့်ပါဦး”

နန်းတွင်းသူတစ်ဦးက ရှေ့သို့တက်သွားပြီး တံခါးထံ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သူမက အင်္ကျီလက်စကို ခါလိုက်ပြီး နူးညံ့သေးငယ်သည့် သူမ၏လက်ဖဝါးကို ထုတ်လိုက်၏။ ထို့နောက် တံခါးကို ညင်သာစွာ ခေါက်လိုက်ကာ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

ခဏကြာသော် တံခါးပေါ်တွင် ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်လာသည်။ ၎င်းက ဟိုဟိုသည်သည် လှုပ်ရှားလျက် နန်းတွင်းသူကို ကြည့်ပြီးနောက် ၎င်း၏အကြည့်သည် ချင်မူနှင့် အဘွားစစ်အပေါ် ကျရောက်လာ၏။

တံခါးက ကျွီခနဲ ပွင့်သွားသည့်အခါ နန်းတွင်းသူက နောက်သို့ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်သည်။ သူမက ချင်မူနှင့် အဘွားစစ်အား ပြောသည်။ “ကောင်းကင်နတ်အရှင် ဝင်လို့ရပါပြီ”

အဘွားစစ်မှာ အံ့ဩစွာဖြင့် စုတ်တစ်ချက် သပ်လိုက်ပြီး တံခါးရှေ့သို့ လျှောက်သွားကာ ဧရာမမျက်လုံးကြီးကို ကြည့်လိုက်သည်။ မျက်လုံးကြီးမှာ ပြန်လည်ပိတ်သွားပြီး တံခါးနှင့် ရောယှက်သွားကြောင်း တွေ့လိုက်ရလေသည်။

“ဘွားဘွား၊ မကြည့်နဲ့တော့… ဒါက နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းပဲ… ကောင်းကင်နတ်သိုင်းရဲ့ ပိုင်ရှင်က မှန်တစ်ချပ် ကိုင်ထားတာဖြစ်ရမယ်… တံခါးရှေ့က ရှိတဲ့အရာမှန်သမျှ သူ မြင်ရတယ်”

ချင်မူက နန်းတွင်းသူများအား ကျေးဇူးတင်စကားပြောပြီးနောက် အဘွားစစ်နှင့်အတူ တံခါးထဲ ဝင်ရောက်သွားသည်။

သူတို့နှစ်ယောက် တံခါးထဲမှ ထွက်လာသည့်အချိန်၌ ရင်ထဲ လှုပ်ရှားသွားကြသည်။ အဖြူရောင်တိမ်တိုက်များက စိမ်းစိုသောရေပြင်နှင့် တောင်တန်းများပေါ်တွင် အလိပ်လိပ်ထနေကြသည်။ ဤသည်က ဖန်ဆင်းရှင်တို့ မြင်ယောင်ဖန်ဆင်းထားသည့် စင်ကြယ်သောနယ်မြေပင်။ ကောင်းကင်တွင် ကြယ်တာရာများကို ဖန်တီးနေသည့် အံမခန်း ဖန်ဆင်းရှင်များစွာကိုပင် တွေ့နိုင်သည်။

ချင်မူနှင့်အဘွားစစ်နောက်တွင် နာမည်ကျော် အရောင်သုံးရောင်ဖြင့် အခန်းသုံးခန်းက နေရာယူထား၏။ ၎င်းတို့က ကောင်းကင်နတ်အရှင်ယွဲ့ မဟာလေဟာနယ် ဖန်ဆင်းရှင်များအတွက် ပုံစံရေးဆွဲပေးခဲ့သော ရတနာများဖြစ်ကြသည်။

အခန်းသုံးခန်းအရှေ့၊ ကောင်းကင်ထက်တွင် မြောလွင့်နေသည့် နတ်ဘုရားမြို့တစ်မြို့က နေရာယူထား၏။ ရွှင်ပျော်ပျော်ကျေးရွာစစ်သားများနှင့် မဟာလေဟာနယ် ဖန်ဆင်းရှင်တို့က တိုက်ပွဲဗျူဟာများ လေ့ကျင့်နေကြလေသည်။

ချင်မူနှင့် အဘွားစစ်တို့လည်း လမ်းလျှောက်ဝင်ရောက်သွားကြရာ ဘုန်းတော်ကြီးသည် သနင်္ဂဗျူဟာများကို ဦးဆောင်စီမံနေသည်အား တွေ့လိုက်ကြရ၏။ သူသည် ထူးဆန်းသော အသွင်အပြင်နှင့်အတူ စိတ်ဆိုးအမျက်ထွက်ခြင်းပင် မပြုဘဲ လက်အောက်ငယ်သားတို့အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသယောင်ပင်။ သူ့တွင် ဧကရာဇ်တစ်ပါး၏ အဟန့်အထည် ကိန်းဝပ်နေသည်။

ဤဘုန်းတော်ကြီးက ထောင်သောင်းပေါင်းများစွာသော စစ်သားများ၊ နတ်ဘုရားမိစ္ဆာများကို ထိန်းချုပ်၍ တိုက်ပွဲဗျူဟာကို ကွပ်ကဲနေသည်။ သူက ရွှင်ပျော်ပျော်ကျေးရွာနှင့် ဖန်ဆင်းရှင်တို့၏ ထိပ်တန်းစွမ်းအားတို့ကို ထိန်းချုပ်ကာ ဖန်ဆင်းရှင်များကျွ မ်းကျင်သည့် အသိစိတ်အလျဉ်နှင့် ရွှင်ပျော်ပျော်ကျေးရွာ ကျွမ်းကျင်သော ကောင်းကင်နတ်သိုင်းများကို ပေါင်းစည်းနေ၏။

ဗျူဟာအခင်းအကျင်းက နဂါးတစ်ကောင်ကဲ့သို့ လှည့်ပတ်နေသည်။ ဘုန်းတော်ကြီး၏ ထိန်းချုပ်မှုအောက်တွင် နတ်ဘုရားမိစ္ဆာအားလုံး၏ အရှိန်အဝါများမှာ ‌‌ဆက်နွှယ်သွားကြပြီး ချီစွမ်းအင်များ ပေါင်းစည်းလျက် နဝမမြောက်ဘိုးဘေးနဂါး ကောင်းကင်နန်းဆောင်များကို ဖော်ဆောင်နေကြ၏။

အားလုံး၏ မှော်စွမ်းအင်သည် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စုပေါင်းသွားကြပြီး သူ၏အရှိန်အဝါအား ကောင်းကင်အထိ မြင့်တက်လာစေသည်။ တိုက်ကွက်တစ်ကွက်စီတွင် ပါဝင်သည့် စွမ်းအားမှာ ကောင်းကင်နန်းဆောင်ကိုးခု ပိုင်ဆိုင်ထားသည့် သိုင်းပညာရှင်တစ်ဦး၏ ထိပ်တန်းတိုက်ကွက်တစ်ကွက်အလား အလွန်အမင်း အံ့သြဖွယ်ကောင်းနေတော့သည်။

နဂါးအခင်းအကျင်း ဗျူဟာတစ်ခု၏ စွမ်းအားကို ထိုသို့အတိုင်းအတာအထိ ထုတ်ဖော်နိုင်ခြင်းမှာ အမှန်တကယ် ပညာယူစရာပင်။

အဘွားစစ်နှင့် ချင်မူမှာ လှမ်းကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ‘တခြားသူတွေရဲ့ ကောင်းကင်နန်းဆောင်တွေက မတူညီတဲ့ မဟာတာအိုတွေကို ကိုယ်စားပြုထုတ်ပြထားတာ… ဒါပေမဲ့ ဒီဘုန်းကြီးရဲ့ ကောင်းကင်နန်းဆောင်တွေကတော့ အကုန်အတူတူပဲ… ကောင်းကင်နန်းဆောင်တွေကို ဘယ်လိုလုပ် ဒီလိုကျင့်ကြံနိုင်တာပါလိမ့်’

ကောင်းကင်နန်းဆောင်တစ်ခုသည် မဟာတာအိုအမျိုးအစားတစ်ခု ဖြစ်၏။ မတူညီသော ကောင်းကင်နန်းဆောင်များက ကောင်းကင်နတ်ဘုံကို ဖွဲ့တည်ပေးပြီး မတူညီသော မဟာတာအို ၃၆ ခုကို ပေါင်းစည်းသည်။ ထို့နောက် မဟာတာအိုတစ်ခုချင်းစီအား ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံ၍ရပေသည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် အစစ်အမှန် ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံနိုင်၏။

ဤသည်က အားလုံး သိထားကြသောအရာပင်။

ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်အရှင်ဆယ်ပါးသာမက ကောင်းကင်နတ်အရှင်ရုံ၊ ကောင်းကင်နတ်အရှင်ယွဲ့၊ တာအိုဘိုးဘေးကြီး၊ ဗြဟ္မဗုဒ္ဓ၊ ကောင်းကင်ယင်သားတော်၊ ချင်မူနှင့် ရှုရှန်းဟွာတို့အားလုံး ဤအတိုင်း ကျင့်ကြံကြသည်။

သို့ထိတိုင် ဤဘုန်းတော်ကြီးကား သူ၏ ကောင်းကင်နန်းဆောင်အားလုံးကို တူညီသော အခြေအနေတစ်ခုအထိသာ ကျင့်ကြံထားပေသည်။ ၎င်းတို့က မဟာတာအိုအမျိုးအစားတစ်ခုတည်းသာ ဖြစ်ပြီး နဂါးကောင်းကင်နန်းဆောင်ကိုးခုအဖြစ် ဖွဲ့တည်ထား၏။ ဤသို့ကျင့်စဉ်မျိုးမှာ တစ်မူထူးပြီး တစ်ခါမှ မမြင်ဖူးသဖြင့် ချင်မူနှင့် အဘွားစစ်မှာ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိသည်။

“မူအာ၊ ဒီဘုန်းကြီးကို ကြည့်ရတာ ရင်းနှီးနေသလိုပဲနော်” အဘွားစစ်က အံ့ဩစွာ လှမ်းပြောသည်။

ချင်မူလည်း စကားပြောရန် ပြင်လိုက်စဉ် ဘုန်းတော်ကြီးသည် သူတို့နှစ်ယောက်ကို သတိထားမိသွား၏။ သူ၏မျက်လုံးများက တောက်ပလာပြီး ချက်ချင်းပင် ၀င်္ကပါကို အသက်သွင်းလျက် သူတို့နှစ်ယောက်ထံသို့ အဝေးမှ လက်သီးတစ်ချက် ပစ်လွှတ်လိုက်တော့သည်။

ဘုန်းကြီး၏ သိုင်းအဆင့်မှာ မမြင့်မားဘဲ ကျောက်စိမ်းမြို့တော်အဆင့်တွင်သာ ရှိသည်။ သို့သော် ၀င်္ကပါက ထောက်ပံ့ပေးထားသဖြင့် သူသည် ကောင်းကင်နန်းဆောင်ကိုးခုလုံး ဧကရာဇ်ပလ္လင်အဆင့်အထိ ရောက်ရှိပြီး ကောင်းကင်နတ်ဘုံငယ်တစ်ခုအဖြစ် ဖွဲ့တည်ထားနိုင်သည့် သိုင်းပညာရှင်ငယ်တစ်ဦးနှင့် ညီမျှနေ၏။ သူ၏ အတိုက်အခိုက်စွမ်းရည်က ကောင်းကင်ယင်သားတော်၊ အဖြူနတ်မင်းနှင့် ကျန်အရောင်နတ်မင်းများအောက် နိမ့်ကျမနေပေ။

ဤတိုက်ကွက်ကြောင့် နဂါးတစ်သောင်းက ကောင်းကင်ထက်တွင် ကခုန်တွန်ကျူးရင်း သူတို့အရှေ့ ရောက်လာကြသည်။

ချင်မူက မျက်ခုံးပင့်၍ သူ၏လက်တစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖော်ဆောင်လိုက်၏။ ဝှမ်းခနဲ အသံနှင့်အတူ သူ၏လက်ဖဝါးထဲတွင် ထိုက်ကျိစက်၀န်းတစ်ခု ပေါ်လာသည်။ ယင်နှင့်ယန်က အသွင်ပြောင်းလဲ၍ သူ့ထံ ပြေးဝင်လာနေသော နဂါးတစ်သောင်းနှင့် ဝင်တိုက်သွားသည်။

ဝုန်း…

ချင်မူ၏ ချီနှင့်သွေးတို့ လှည့်ပတ်သွားပြီး သူ၏ဆံနွယ်များက အနောက်သို့ လွင့်ခါသွားသည်။ သူဦးခေါင်းနောက်တွင် ကောင်းကင်နန်းဆောင်များက အသံများပေးလျက် ထွက်ပေါ်လာကြပြီး ချက်ချင်းဆိုသလို ကျယ်ပြောသော ကောင်းကင်နတ်ဘုံတစ်ခုအား တည်ထောင်လိုက်၏။ ၎င်းက ကောင်းကင်နန်းဆောင် ၂၃ ခုဖြင့် ဖွဲ့တည်ထားပြီး နတ်အလင်းတန်းတို့က ကောင်းကင်တွင် ကွန့်မြူးလျက် ပြိုင်ဘက်ကင်းအောင် တောက်ပနေတော့သည်။

သို့သော် နဂါးများနှင့် ထိတွေ့သွားလျှင်ချင်း ချင်မူ့ခြေလှမ်းများ ယိမ်းယိုင်သွားပြီး သူ၏ခြေထောက်အောက်တွင် ကောင်းကင်ရတနာနယ်ပယ်တစ်ခု ထွက်ပေါ်လာကာ ဤတိုက်ကွက်၏ စွမ်းအားကို ခုခံလိုက်၏။ သူက ခပ်ဩဩ လေသံဖြင့် ပြောလိုက်သည်။ “ဧကရာဇ်၊ ကျွန်တော် ရောက်တာနဲ့ အာဏာပြပြီပေါ့လေ”

ဘုန်းတော်ကြီးသည်ကား ဧကရာဇ်ယန်ဖုန်းအပြင် တခြားမဟုတ်ပေ။ သူက ချင်မူ သူ၏ သရုပ်မှန်အား ဖော်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း စွမ်းအားပြန်ရုတ်လိုက်ပြီး စစ်ရေးလေ့ကျင့်နေသည့် နတ်ဘုရားမိစ္ဆာများအား လူစုခွဲလိုက်စေသည်။

သူ၏အရှိန်အဝါက လျင်မြန်စွာ လျော့ကျသွားပြီး ဧကရာဇ်ပလ္လင်အဆင့်မှ ကျောက်စိမ်းမြို့တော်အဆင့်သို့ ပြန်လည်ရောက်ရှိသွား၏။ သူက ခြေလှမ်းကျဲကြီးးများဖြင့် လျှောက်လာသည်။ “ဧကရာဇ်အတိုင်ပင်ခံချင်၊ မင်းရဲ့ သိုင်းအခြေခံက ပိုပြီးတော့ ခိုင်မာလာတာပဲကွ …. ဒီလိုဗျူဟာတစ်ခုကိုတောင် ခုခံနိုင်တယ်… မင်းနဲ့ ကောင်းကင်နတ်အရှင်တွေကြားမှာ ကွာခြားချက် ဘယ်လောက်ရှိသလဲ”

“သိပ်တော့ မကွာပါဘူးဗျာ”

ချင်မူက ရိုကျိုးစွာ ပြန်ဖြေလိုက်ရင်း အဘွားစစ်ထံ အသံလှိုင်းတစ်လှိုင်း တိတ်တဆိတ် ပို့လွှတ်လိုက်သည်။ “ဘွားဘွား၊ ကိုယ့်ကိုယ်ကို အရုပ်ဆိုးအောင် လုပ်လိုက်ဦး… မဟုတ်ရင် ဧကရာဇ်ယန်ဖုန်းတစ်ယောက် ဘွားဘွားအကြောင်းပဲ အမြဲတွေးနေလိမ့်မယ်”

အဘွားစစ်က မကျေနပ်ဟန်ဖြင့် မျက်လုံးဝှေ့လိုက်ပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်သည်။ “သူက ဧကရာဇ်မှ မဟုတ်တော့တာပဲဟာ … သာမန်မိန်းမတွေကို သိမ်းပိုက်ချင်တိုင်း သိမ်းပိုက်လို့မရတော့ဘူးလေ… နန်းစွန့်ပြီးတဲ့ ဧကရာဇ်တစ်ပါးက ကြက်တစ်ကောင်လောက်တောင် အဆင့်ရှိတာ မဟုတ်ဘူး… သူ့ကို စိုးရိမ်မနေစမ်းပါနဲ့အေ”

ဧကရာဇ်ယန်ဖုန်းက သူတို့နှစ်ယောက်အရှေ့သို့ ရောက်လာသည့်အခါ အဘွားစစ်၏ မျက်နှာဆီမှ အကြည့်လွှဲလိုက်သည်။ သူက ချီးကျူးလိုက်၏။ “ငါ နန်းစွန့်ပြီးတာ ကျေးဇူးတင်ရမယ်… မဟုတ်ရင် ယိုယိုကို ထပ်တွေ့ရလို့ မိဖုရား‌ဆောင်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မိလိမ့်မယ် … ဒါနဲ့ မင်းတို့နှစ်ယောက်က ဘာလာလုပ်ကြတာလဲ”

အဘွားစစ်က ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်ယွဲ့နဲ့ နတ်ဘုရင်လန်ဝူကို လာရှာတာပါ”

ဧကရာဇ်ယန်ဖုန်းမှာ သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ သူမ၏အသံတွင် နစ်မြောသွားပြန်သည်။ သူမ၏မျက်နှာဆီမှ အကြည့်မလွှဲနိုင်တော့ပေ။

ချင်မူက ချောင်းဟန့်လိုက်သဖြင့် ဧကရာဇ်ယန်ဖုန်းက ပြုံး၏။ “ငါ… ငါက ဧကရာဇ်တစ်ပါး မဟုတ်တော့ဘူး… စိတ်တိုင်းကျ ပြုမူလို့မရဘူးပဲ … ဒါပေမဲ့ ယိုယိုက သိပ်လှနေတုန်းဆိုတာတော့ အမှန်ပါ”

“ဧကရာဇ် ဆက်ပြောနေမယ်ဆိုရင် ကျွန်တော် ဧကရာဇ်ဦးခေါင်းကို ဖြတ်ပစ်ရပါလိမ့်မယ်” ချင်မူက မှင်သေသေ သတိပေးလိုက်သည်။

ဧကရာဇ်ယန်ဖုန်းမှာ ကြက်သီးမွေးညှင်းများ ထသွားပြီး ဒေါသတကြီး တုံ့ပြန်တော့သည်။ “မင်းက သိပ်တော်နေတယ်ပေါ့ အတိုင်ပင်ခံချင်… ငါ့ရဲ့ စာအုပ်ထဲက မင်းရဲ့နာမည်နောက်မှာ အများကြီး မှတ်ထားပြီးပြီနော်… ငါက သဘောထားကြီးတော့ မင်းနဲ့အတူ ပြိုင်နေမှာမဟုတ်ပါဘူး… မင်းနဲ့ ဘယ်တော့မှ မျှမျှတတ မပြိုင်နိုင်ဘူးလေ… အခု မင်းကတော့ ငါ့ကို အကောက်ကြံနေပြီ… ဒီကိစ္စကို ထားလိုက်တော့… ငါ မင်းတို့ကို ကောင်းကင်နတ်အရှင်ယွဲ့ဆီ ခေါ်သွားပေးမယ်”

ချင်မူက ပြုံး၍ သူ့အနောက်မှ လိုက်သွားသည်။ ဧကရာဇ်ယန်ဖုန်းက အဘွားစစ်အား ပြောပြနေ၏။ “ကျုပ်… ကျုပ် နတ်ဘုရင်လန်ဝူကို ဒီနှစ်တွေအတွင်း အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပါတယ်.. သူ့အလှကြောင့်လည်း ငေးမောမှင်သက်ခဲ့မိတယ်… ဒါပေမယ့် ဖန်ဆင်းရှင်တစ်ပါးဆိုတာ ဝေးကွာလွန်းပြီး လက်လှမ်းမမှီနိုင်ပါဘူး… ငယ်ရွယ်နုပျိုမှုနဲ့ တည်ငြိမ်အေးချမ်းမှုတို့က လူသားလောကရဲ့ အလှတရားတွေပဲ… အခု ကျုပ်က ပလ္လင်ကို စွန့်ခဲ့ပြီး မိဖုရားဆောင်က မိန်းမလှတွေအားလုံးကိုလည်း ထားခဲ့ပြီးပြီ… ခင်ဗျားကလည်း မုဆိုးမတစ်ယောက်ဆိုတော့…”

ချင်မူက ချောင်းဝင်ဟန့်သည်။ “ဧကရာဇ်၊ ကျွန်တော် ခင်ဗျားအတွက် အရင်ဆုံး ရေးပေးစရာတစ်ခု ရှိတယ်”

ဧကရာဇ်ယန်ဖုန်းက ကျယ်လောင်စွာ ရယ်မောရင်း အကြည့်လွှဲလိုက်၏။ ချင်မူက မေးလေသည်။ “ကျွန်တော်ရဲ့ ညီလေးကရော ရွှင်ပျော်ပျော်ကျေးရွာမှာလား..”

“ညီလေး… မင်း ပြောချင်တာ ပိုင်ကွေ့လား… မျိုးဆက်သစ်တွေဆိုတာ မျိုးဆက်ဟောင်းတွေကို အစားထိုးသွားတာပါပဲလေ”

ဧကရာဇ်ယန်ဖုန်းက ဆွေးမြေ့စွာ သက်ပြင်းတစ်ချက်ချလိုက်၏။ “အတိတ်တုန်းက မင်းက သူ့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလို့ ခေါ်ခဲ့တယ်… အခု မင်းက ဧကရာဇ်အတိုင်ပင်ခံ ဖြစ်သွားပြီဆိုတော့ ညီလေးလို့ ခေါ်နေပြီ… သူက ဟိုနားက နတ်ဘုရားမြို့မှာ နေ,နေတာ”

သု သူတို့နှစ်ယောက်ကို ခေါ်သွားရင်း ပြောနေ၏။ “ကျန်းပိုင်ကွေ့ကို ခိုင်ဧကရာဇ်က အရေးပါတဲ့နေရာတစ်နေရာ ပေးထားပေမယ့် ဒီနှစ်တွေအတွင်း သူ သိပ်အဆင်မပြေဘူး”

ချင်မူလည်း ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။ “ကျွန်တော့်ရဲ့ ညီလေးက မိုးကောင်းကင် ချီးမြှင့်ထားတဲ့ ပြိုင်ဘက်ကင်းပါရမီကို ပိုင်ဆိုင်ထားတာလေ… ဘာလို့ အဆင်မပြေဖြစ်ရတာလဲ”

“သူ့သိုင်းအဆင့် ပိတ်လှောင်ခံခဲ့ရတယ်”

ဧကရာဇ်ယန်ဖုန်းမှာ တခဏ တိတ်ဆိတ်သွား၏။ “ရွှင်ပျော်ပျော်ကျေးရွာကို ရောက်လာခဲ့ပြီးနောက်မှာ ငါ့အနေနဲ့ တိုက်ပွဲမျိုးစုံ တွေ့ကြုံခဲ့ရတဲ့အပြင် သိုင်းအဆင့်ကလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့တယ်… ငါ့ရဲ့ကိုယ်ပိုင်လမ်းစဉ်ကိုလည်း ရှာတွေ့ခဲ့တယ်… ဒါပေမဲ့ ကျန်းပိုင်ကွေ့ကတော့ ငါ့ထက်မနည်းတဲ့ တိုက်ပွဲတွေ တွေ့ကြုံခဲ့တာတောင် သိုင်းအဆင့်က တိုးတက်မလာခဲ့ဘူး”

ချင်မူမှာ မယုံနိုင်စွာ မေးလိုက်သည်။ “သူက အခု ဘယ်အဆင့်မှာလဲ”

ဧကရာဇ်ယန်ဖုန်းက တုံ့ဆိုင်းစွာ ဖြေ၏။ “နဂါးသွဲ့စင်မြင့်အဆင့်မှာ… ဒီနှစ်တွေအတွင်း ရုန်းကန်ကြိုးစားခဲ့ပေမယ့် အဆင့်မတက်နိုင်ခဲ့ဘူး… သူ့ရဲ့ သိုင်းအဆင့်က တက်မလာတဲ့အပြင် ကျသွားတတ်တယ်… ငါ စိုးရိမ်မိပါတယ်…”

သူက ခေါင်းခါပြီး ဆက်မပြောတော့ပေ။

ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့တို့သည် ကောင်းကင်နှင့် မြေကြီးကိုယ်တိုင် တွဲဖက်ပေးထားသည့် ပြည့်စုံလွန်းသော ဧကရာဇ်နှင့် အတိုင်ပင်ခံအတွဲ ဖြစ်ခဲ့၏။ သူတို့နှစ်ယောက်ကြောင့်သာ ယနေ့ခေတ် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုမှာ တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။

သူတို့ထဲတွင် ကျန်းပိုင်ကွေ့ကို တန်ခိုးရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်။ သူသည် ပင်ကိုယ်အရည်အချင်း၊ ပါရမီ၊ ဉာဏ်ပညာ၊ နားလည်သိမြင်နိုင်စွမ်းနှင့် တာအိုနှလုံးသား အစရှိသည်တို့တွင် ပြီးပြည့်စုံသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အားနည်းချက် မရှိပေ။

သူ၏ သိုင်းအဆင့်နှင့် စွမ်းဆောင်ရည်တို့သည် အမြဲတမ်း ဧကရာဇ်ယန်ဖုန်း၏ အထက်တွင်သာ ရှိခဲ့သည်။ ထို့ကြောင့် သူ အဆင့်တစ်ဆင့်တွင် ပိတ်မိနေခြင်းအား ချင်မူ အံ့အားသင့်မိလေသည်။

“အခု သူ တံခါးပိတ်ကျင့်ကြံနေတာ ဖြစ်ရမယ်…. သူ့ဆီ အကြိမ်အနည်းငယ်လောက် သွားတွေ့ဖူးတယ်… အချိန်တိုင်း သူ့ရဲ့သိုင်းအဆင့် လျော့ကျလာတာကို ခံစားမိတယ်”

ဧကရာဇ်ယန်ဖုန်းမှာ အဘွားစစ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျန်းပိုင်ကွေ့အကြောင်း စိုးရိမ်ပူပန်စွာ ပြောပြနေ၏။ “ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့လည်း သူ့ကို သွားတွေ့ခဲ့ကြသေးတယ်… တန်ခိုးရှင်သစ်ခုတ်သမားလို အခက်အခဲမျိုး တွေ့နေရတာတဲ့… သူ ရုန်းမထွက်နိုင်ရင် သူ့ရဲ့ ဒီဘဝ သိုင်းအဆင့်က တန်ခိုးရှင်သစ်ခုတ်သမားလိုပဲ ဖြစ်သွားနိုင်တယ်…”

ချင်မူက မျက်မှောင်ကြုတ်လိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားသည်လည်း နဂါးသွဲ့ရေကန်အဆင့်၌ ပိတ်မိနေခဲ့ပြီး နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ မတက်နိုင်ပေ။ ကျန်းပိုင်ကွေ့လည်း ထိုနည်းတူဖြစ်နေသည်လော။

သူတို့အားလုံး ကျန်းပိုင်ကွေ့ တံခါးပိတ်ကျင့်ကြံနေသော နေရာသို့ ရောက်လာကြသည်။ ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ စံအိမ်အထက် ကောင်းကင်ပေါ်တွင် ပလ္လင်ခန်းမ ၇၂ ခု မြောလွင့်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့က အစီအစဉ်တကျ ရှိနေပြီး ကောင်းကင်နန်းဆောင် ၃၆ ဆောင်က ဧရာမကောင်းကင်နတ်ဘုံတစ်ဘုံကို ဖွဲ့တည်ထားသည်။

ဤကောင်းကင်နတ်ဘုံ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြီးပြည့်စုံလွန်းသဖြင့် မြင်ရသူတိုင်းကို လေးစားအားကျသွားစေနိုင်၏။

ချင်မူမှာ စိတ်ထဲမှ ကျန်းပိုင်ကွေ့အား ချီးကျူးလိုက်မိသည်။ သူ၏ပါရမီကိုလည်း အားကျနေမိပြီး စိတ်ထဲမှ တွေးနေမိသည်။ “ဧကရာဇ်အတိုင်ပင်ခံကတော့ ဧကရာဇ်အတိုင်ပင်ခံပါပဲ”

ထိုအခိုက်အတန့်တွင် ကောင်းကင်နန်းဆောင် ၃၆ ဆောင်၏ ပလ္လင်ခန်းမ ၇၂ ခုဖြင့် ဖွဲ့တည်ထားသော ပြီးပြည့်စုံသည့် ကောင်းကင်နတ်ဘုံမှာ တစ်ခဏအတွင်း ပြိုလဲပျက်စီးသွားသည်။

တံခါးပိတ်ကျင့်ကြံနေသော ကျန်းပိုင်ကွေ့သည် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ခံစားလိုက်ရပြီး အရှိန်အဝါ အားနည်းသွားကြောင်း ချင်မူ ချက်ချင်း အာရုံခံလိုက်မိ၏။

သူ၏သိုင်းအဆင့် မတိုးတက်ဘဲ လျော့ကျနေခြင်းမှာ ကောင်းကင်နတ်ဘုံသည် မတည်ငြိမ်ဘဲ အကြိမ်ကြိမ် ပျက်စီးနေသဖြင့် သူ၏ တာအိုနှလုံးသားကိုပါ ပျက်စီးလာစေခြင်းကြောင့်ပင်။

သူတို့သုံးယောက်သား စံအိမ်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားကြသည့်အခါ အထဲတွင် ဖြူဖတ်ဖြူရော်ဖြင့် ထိုင်နေသော ဆံဖြူအဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူကား ဖော်ပြ၍မတတ်နိုင်အောင် အိုမင်းနေချေပြီ။

ဧကရာဇ်ယန်ဖုန်းက ရှေ့သို့ လျှောက်သွား၍ နူးညံ့ညင်သာစွာ ပြောသည်။ “ပိုင်ကွေ့၊ မင်းရဲ့အစ်ကို ချင်မျိုးရိုး မင်းကို လာတွေ့တယ်”

ကျန်းပိုင်ကွေ့မှာ ငေးကြောင်စွာဖြင့် ခေါင်းမော့လိုက်ပြီး သူ၏အကြည့်သည် ချင်မူ့ထံ ကျရောက်လာ၏။ သူက ကတုန်ကယင် ရပ်၍ နှုတ်ဆက်ဂါဝရပြုသည်။

ချင်မူက ရှေ့သို့ တစ်လှမ်းတက်၍ သူ၏ပခုံးအား ဆုပ်ကိုင်လိုက်သည်။ သူက ဖြည်းဖြည်းချင်း မေးလိုက်လေသည်။ “မျိုးဆက်တစ်ဆက်ရဲ့ တန်ခိုးရှင်တစ်ဦးရဲ့ တာအိုနှလုံးသားက ခိုင်မာနေတုန်းလား”

ကျန်းပိုင်ကွေ့၏ နှုတ်ခမ်းထောင့်က တွန့်သွားသည်။ တလဏကြာသော် သူက ခါးသက်စွာ တုံ့ပြန်သည်။ “မနောက်ပါနဲ့ နောင်တော်…”

“ကောင်းကင်နန်းဆောင် ၃၆ ဆောင်၊ ပလ္လင်ခန်းမ ၇၂ ခု၊ ကမ္ဘာခေတ်နှောင်းတာအို ၃၆ ခုနဲ့ မွေးရာပါတာအို ၇၂ ခု… အဲဒါတွေက တစ်ခုနဲ့တစ်ခု ထောက်ပံ့ပေးထားပြီးတော့ အတူတကွ အဆင့်တက်ကြတယ်… အစပိုင်းမှာ ဘာအမှားမှ မရှိခဲ့ဘူး”

ချင်မူက အချက်အလက်တချို့ ထောက်ပြသည်။ “အမှားက ခင်ဗျားရော ဆရာတန်ခိုးရှင်သစ်ခုတ်သမားရောကြောင့် မဟုတ်ဘူး… ခင်ဗျားရဲ့ သိုင်းအဆင့် မပြီးပြည့်စုံနေသေးတာက မှားနေတာ… ခင်‌ဗျားရဲ့ သိုင်းအဆင့်မှာ ကောင်းကင်မုခ်၀လေးခုအဆင့် လိုအပ်နေတယ်… ကောင်းကင်မုခ်၀လေးခုကို ဖွင့်လိုက်တာနဲ့ ကောင်းကင်နတ်ဘုံ တည်ငြိမ်လာပြီး ပျက်စီးတော့မှာ မဟုတ်ဘူး”

သူက လက်ဖဝါးကို ဖြန့်၍ အထဲတွင် ဘိုးဘေးနန်းတော်ကို ကိုင်ထားသည်။ ကောင်းကင်မုခ်၀လေးခုက ထွက်ပေါ်လာ၏။

ကျန်းပိုင်ကွေ့၏ ပင်ပန်းနေသော မျက်လုံးများက သူ၏လက်ဖဝါးထဲရှိ ဘိုးဘေးနန်းတော်ကို ကြည့်ရင်း တဖြည်းဖြည်း တောက်ပလာတော့သည်။

All Chapters