အရိုက်ခံရခြင်း
Vol. 114 Ch. 1500
ချင်မူ့လက်ဖ၀ါးထဲတွင် ဘိုးဘေးနန်းတော်သည် ဖြည်းညင်းစွာ လှည့်ပတ်နေ၏။ ကောင်းကင်မုခ်၀လေးခုက ဘိုးဘေးနန်းတော်၏ အရှေ့နှင့် အနောက်တွင် တည်ရှိနေကြသည်။ မတူညီသော ကောင်းကင်မုခ်၀များတွင် မတူညီသော နိယာမများ ကိန်းဝပ်နေပြီး တာအိုကျင့်စဉ်စနစ်အပေါ် သိမြင်နားလည်မှုများလည်း မတူညီကြပေ။
ချင်မူက ကောင်းကင်မုခ်၀လေးခုဆီမှ တွေ့ကြုံခဲ့ရသော သိမြင်နားလည်မှုများကို ဖြန့်ကျက်လိုက်သည်။ သာယာနာပျော်ဖွယ်ကောင်းသော မဟာတာအိုအသံတို့ ညံ့လာကာ လူတိုင်း၏နှလုံးသားကို လှုပ်ရှားသွားစေလေသည်။ ဧကရာဇ်ယန်ဖုန်းပင်လျှင် ၎င်းတွင် နစ်မြောသွား၏။
ကျန်းပိုင်ကွေ့မှာတော့ တာအိုသံဖြင့် ရိုက်နှက်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ ကောင်းကင်မုခ်၀လေးခုကို ကြည့်ရင်း တိမ်တိုက်များကို ဖယ်ရှား၍ နေရောင်ကိုမြင်တွေ့လိုက်ရသကဲ့သို့ ရွှင်လန်းဖွယ်ရာ ခံစားချက်သည် ဖြစ်ပေါ်လာချေပြီ။
ထိုကောင်းကင်မုခ်၀လေးခုမှာ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံသာမက သူ့တာအိုနှလုံးသား၏ စွမ်းအားတို့ကို သယ်ဆောင်ထားသည့် ပြိုင်ဘက်ကင်းအောင် ခိုင်မာသော အုတ်မြစ်ကြီးများအလားပင်။
ထိုကောင်းကင်မုခ်၀လေးခုနှင့်ဆိုလျှင် ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံကို တည်ငြိမ်အောင် လုပ်နိုင်မည်ဖြစ်ပြီး ပြိုကျလာမည့်ဘေးအား စိုးရိမ်စရာမလိုတော့ပေ။
“ညီလေး၊ ခင်ဗျား ဒီနေရာမှာ ရခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံက လုံလောက်နေပြီ… ဒါပေမဲ့ ရွှင်ပျော်ပျော်ကျေးရွာမှာပဲ နေပြီး အပြင်လောကနဲ့ အထိအတွေ့ မလုပ်လို့ နောက်ကျကျန်ခဲ့တာ”
အတွေးတစ်ချက်ဖြင့် ချင်မူ့လက်ဖဝါးထဲရှိ ဘိုးဘေးနန်းတော်သည် အသက်ရှူမှားဖွယ်မြင်ကွင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ မဟာတာအိုများ စီးဖြာလျက် နဂါးသွဲ့စင်မြင့်တစ်ခုကို တည်ဆောက်လိုက်ပြီး ကမ္ဘာဦးဖရိုဖရဲရေကြည်များက နဂါးသွဲ့ပင်လယ်တစ်ခုကို ဖွဲ့တည်လိုက်သည်။
ကျန်းပိုင်ကွေ့မှာ သူ၏နဂါးသွဲ့စင်မြင်နှင့် ကျန်နတ်ဘုရားမိစ္ဆာတို့၏ နဂါးသွဲ့ပင်လယ်များအကြားရှိ ကွာခြားချက်ကို ချက်ချင်း မြင်လိုက်ရသော်လည်း စိတ်ရှုပ်ထွေးလာမိသည်။ ဆန်းပြားသောအယူအဆများနှင့် အထူးအဆန်းများ တွေ့မြင်နေရသလို ခံစားနေရစေ၏။
‘ကောင်းကင်မုခ်၀လေးခုနဲ့ နဂါးသွဲ့စင်မြင့်က အတူတူပဲ… သူတို့မှာ အင်မတန် ဆန်းပြားတဲ့ အယူအဆတွေ ကိန်းအောင်းနေတယ် … အဲဒါက ဘိုးဘေးနန်းတော်ရဲ့ အံ့ဖွယ်အရာ ဖြစ်ပြီး ဘိုးဘေးနန်းတော်ကို တာအိုကျင့်စဉ်စနစ်ရဲ့ သဘာဝအထွတ်အမြတ်နယ်မြေ ဖြစ်စေတဲ့ အကြောင်းရင်းပဲ”
ချင်မူ့လက်ဖ၀ါးထဲရှိ ဘိုးဘေးနန်းတော်ထဲတွင် ကောင်းကင်၏နှလုံးသားနှင့် လူသား၏နှလုံးသားကို ရောင်ပြန်ဟပ်ထားသော ကောင်းကင်ပင်လယ်တစ်ခု ပေါ်လာသည်။ ထို့နောက် ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် အကျဉ်းထောင်ကိုးထပ်စင်မြင့် ဖွဲ့တည်လာ၏။
သူက အဆင့်တစ်ဆင့်ချင်းစီကို ကျန်းပိုင်ကွေ့အား ဖြည်းဖြည်းချင်း ပြသနေသည်။ နောက်ဆုံးတွင်တော့ မွေးရာပါတာအိုငါးပါး၊ ကျောက်တုံးတွင်းငါးတွင်း၊ ဖရိုဖရဲချီအတက်အကျများ၊ ကမ္ဘာဦးချီ၊ ထိုက်စု၏ ထိုင်တွယ်ထိတွေ့မရသည့်အပြင် မှန်းဆမရသော အသွင်နှင့် မည်သည့်အရာမဆိုအဖြစ် ပြောင်းလဲနိုင်သော ထိုက်ကျိတို့အား ဆက်လက်ပြသသည်။
ဤသို့အံ့သြဖွယ်အရာများက ကျန်သူအားလုံးကို ပါးစပ်အဟောင်းသား ဖြစ်နေစေသည်။
“ညီလေး၊ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နဲ့ ပလ္လင်ခန်းမ ၇၂ ခု လမ်းစဉ်ကို ကျင့်ကြံခဲ့တာက မှားယွင်းတာ မဟုတ်ဘူး… ဒါပေမဲ့ သိုင်းအဆင့်မှာ လိုအပ်နေသေးလို့ နောက်ထပ်ခြေလှမ်းတစ်လှမ်းတက်ဖို့ ခက်ခဲနေတာ”
ချင်မူ့အကြည့်က ကျန်းပိုင်ကွေ့၏ ဆံပင်ဖြူများအပေါ် ကျရောက်သွားပြီး အိုမင်းနေသော သူ၏မျက်နှာသို့ ကြည့်လိုက်သည်။ သူက ခပ်ဩဩလေသံဖြင့် မေးလိုက်သည်။ “အရင်က ပြိုင်ဘက်ကင်းခဲ့တဲ့ တန်ခိုးရှင်တစ်ဦးမှာ အမှောင်ထုလို နတ်ရှိုင်းပြီး ပင်လယ်တစ်စင်းလို ကျယ်ပြန့်တဲ့ တာအိုနှလုံးသားကို ပိုင်ဆိုင်ခဲ့တယ်… ဒါပေမဲ့ အခက်အခဲလေးတစ်ခု တွေ့လိုက်ရတာနဲ့ သူ့တာအိုနှလုံးသားဟာ ရှုံးသွားမှာလား…”
“ဟင့်အင်း”
ကျန်းပိုင်ကွေ့က ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ရွှင်ပျော်ပျော်ကျေးရွာ၊ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ၀တ်ရုံကို ချွတ်လိုက်သည်။ တံဆိပ်များကိုလည်း လွှင့်ပစ်ပြီးနောက် ပုံမှန်အဝတ်အစားများ ဝတ်ရင်း ထရပ်ကာ ထွက်ခွာသွား၏။
သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်စဉ် သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ သူ၏အဖြူရောင်ဆံပင်များသည် မူလ စိမ်းဖန့်ဖန့် အနက်ရောင်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီး သူ၏အသံနေအသံထားမှာလည်း ယခင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်ခဲ့တုန်းကအတိုင်း တည်ကြည်သိမ်မွေ့နေသည်။ “ငါ ဘိုးဘေးနန်းတော်ဆီ သွားပြီး ကိုယ်ပိုင်လမ်းစဉ် ရှာချင်တယ်” သူက ပြောလိုက်၏။
ဧကရာဇ်ယန်ဖုန်းမှာ ဖြစ်ပျက်နေသည်များကို မြင်လျှင် သူနောက်မှ အလျင်အမြန် လိုက်သွားသည်။ “ဧကရာဇ်အတိုင်ပင်ခံ စောင့်ပါဦး… အတိုင်ပင်ခံချင်၊ ကောင်းကင်နတ်အရှင်ယွဲ့ဆီ ကိုယ့်ဘာသာ သွားလိုက်တော့… ငါ ဧကရာဇ်အတိုင်ပင်ခံနဲ့အတူ ဘိုးဘေးနန်းတော်ဆီ လိုက်သွားမယ်… သူ့သိုင်းအဆင့်က နိမ့်နေတာဆိုတော့ တစ်ယောက်တည်း လွှတ်လိုက်လို့ မဖြစ်ဘူး”
ချင်မူ၏ အသိစိတ်အလျဉ်က ပျံ့လွင့်သွားပြီး ဘိုးဘေးနန်းတော်၏ အမှန်တရားအား သူတို့နှစ်ယောက်ကို ပြောပြလိုက်သည်။ ကျန်းပိုင်ကွေ့နှင့် ဧကရာဇ်ယန်ဖုန်းမှာ နှလုံးသားများ တုန်လှုပ်သွားကြပြီး သူ့အား လက်ယှက်အရိုအသေပေးကာ အတူတကွ ထွက်ခွာသွားကြချေပြီ။
“ဧကရာဇ်နဲ့ အတိုင်ပင်ခံ တွေ့ဆုံပြီး တာအိုမိတ်ဆွေတွေ ဖြစ်လာကြတယ်… အဲဒီလူနှစ်ယောက်က တကယ်ကို အားကျစရာပဲ”
အဘွားစစ်မှာ သူတို့ထွက်ခွာသွားသည်ကို ကြည့်ရင်း ချီးကျူးလိုက်သည်။ “ကျန်းပိုင်ကွေ့က ဧကရာဇ်ယန်ဖုန်း ဖြစ်လာပြီးတော့.. ဧကရာဇ်ယန်ဖုန်းကလည်း ကျန်းပိုင်ကွေ့ဖြစ်လာတာပဲ… သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အားပေးထောက်ပံ့နေကြတာ… သူတို့အနေနဲ့ ဒီနေရာအထိ လျှောက်လှမ်းလာဖို့ မလွယ်ကူခဲ့ဘူး”
ချင်မူလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ၏အသိစိတ်အလျဥ်က ပေါက်ကွဲထွက်လာပြီး မဟာလေဟာနယ်တစ်ခုလုံးအား လွမ်းခြုံထားသည့် ဝိညာဉ်ကမ္ဘာနှင့် ဆက်နွယ်သွား၏။ တစ်ခဏကြာသော်….
“မဟာလေဟာနယ်ဖန်ဆင်းရှင်တွေ ကျွန်တော် ရောက်နေမှန်း သိသွားကြပြီ… သူတို့ ကောင်းကင်နတ်အရှင်ယွဲ့ကို ခေါ်လာပေးလိမ့်မယ်… ဒီနေရာမှာ စောင့်ကြတာပေါ့” ချင်မူက ပြော၏။
အဘွားစစ်က ပြုံးလိုက်သည်။ “နင်က ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ်လို့လည်း ငါ ကြားတယ်နော်… ဘာတွေဖြစ်ခဲ့တာလဲ… အသေးစိတ် ပြောပြပါဦး”
အမှန်ဆိုလျှင် ချင်မူမှာ သူမကို ဤအကြောင်း ပြောပြခဲ့ပြီးဖြစ်သော်လည်း အဘွားစစ်သည် သူ ထော့ကျိုးအကြောင်း တွေးရင်း ကြေကွဲဝမ်းနည်းနေမည်ကို စိုးရိမ်သောကြောင့် မတွေးမိအောင် ထပ်မေးလိုက်ခြင်းဖြစ်၏။
အဘွားစစ်မှာ ပေါ့ပေါ့ပါးပါး နေတတ်သူတစ်ဦးဖြစ်သော်လည်း စိတ်ခံစားချက်များနှင့် ပတ်သက်လာပါက စာနာသနားတတ်သူတစ်ဦး ဖြစ်ချေသည်။
သူတို့နှစ်ယောက် ကျန်းပိုင်ကွေ့၏ စံအိမ်တွင် နေခဲ့ကြသည်။ နောက်တစ်နေ့ ညအချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့ ရောက်လာ၏။
ချင်မူလည်း သူမနှင့်စကားဖောင်ဖွဲ့ ပြောမနေနိုင်တော့ဘဲ တည့်တိုးပြောလိုက်သည်။ “မမကြီးယွဲ့၊ တာအိုမီးတောက်ဘိုးဘေးနယ်မြေက မမကြီးဆီမှာလား… ကျွန်တော် အရေးတကြီး လိုလို့”
ကောင်းကင်နတ်အရှင်ယွဲ့က အဘွားစစ်ကို ကြည့်လိုက်ပြီး သူမ၏အလှတရားကြောင့် အံ့ဩမှင်သက်သွားမိသည်။ ထို့နောက် အသိစိတ် ပြန်ဝင်လာပြီး ပြုံးကာ ပြော၏။ “ရွှမ်တုတိုက်ပွဲတုန်းက တာအိုမီးတောက်ဘိုးဘေးနယ်မြေကို လုယူပြီး ယိုတုဆီ ပို့ပစ်ခဲ့တယ်… နောက်ပိုင်းတော့ ကောင်းကင်နတ်အရှင်ဟွေ့ ယိုတုမှာ ရှာတွေ့သွားမှာစိုးလို့ ရွှင်ပျော်ပျော်ကျေးရွာမှာ ဖွက်ထားခဲ့တယ်… အတောက်ပဆုံးကြယ်ကို တွေ့လား”
သူမ ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်သည့်အခါမှ ချင်မူသည် အလွန်တရာ တောက်ပ၍ အရောင်အဝါများ ၀န်းရံနေသည့် ကြယ်တာရာတစ်လုံးကို တွေ့လိုက်ရသည်။
အဝေးမှကြည့်လျှင် ရိုးရိုးသာမန် ကြယ်တစ်စင်းနှင့် တူသော်လည်း ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ ကြည့်လိုက်သည်။ ထိုအခါမှ တာအိုမီးတောက် ဘိုးဘေးနယ်မြေ ဖြစ်နေမှန်း တွေ့လိုက်ရ၏။ အရောင်အဝါအလင်းတန်းများက တာအိုမီးတောက်၏ ကောင်းကင်ဘုံကိုးခု ဖြစ်ပေလိမ့်မည်။
“အဲ့ဒါက တာအိုမီးတောက် ဘိုးဘေးနယ်မြေပဲ”
ကောင်းကင်နတ်အရှင်ယွဲ့က ပြော၏။ “ကောင်းကင်နတ်အရှင်ဟွေ့က အချိန်တိုအတွင်း ရွှင်ပျော်ပျော်ကျေးရွာဆီ လာရှာနိုင်မှာ မဟုတ်လို့ ငါ ဒီမှာ ဖွက်ထားခဲ့တာ… နင် အရေးတကြီး လိုအပ်နေရင် ငါ ယူပေးမယ်လေ”
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ချင်မူက သူမကို ကျေးဇူးတင်စကားပြောလိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့က ပြန်ချေပ၏။ “ငါ့ကို တရိုတသေပြောနေတုန်းလား… ခဏစောင့်…ငါ သွားယူပေးမယ်”
သူမက အလျင်အမြန် ထွက်ခွာသွားသည်။ မိုးသောက်ချိန်တွင် ကောင်းကင်နတ်အရှင်ယွဲ့သည် တာအိုမီးတောက် ဘိုးဘေးနန်းတော်နှင့်အတူ ပြန်ရောက်လာ၏။ ချင်မူနှင့် အဘွားစစ်လည်း မြို့ပြင်သို့ ထွက်ကာ သူမကို သွားကြိုကြသည်။
ကောင်းကင်နတ်အရှင်ယွဲ့က မြို့ထဲသို့ မဝင်ဘဲ တာအိုမီးတောက်ဘိုးဘေးနယ်မြေအား အပြင်တွင် နေရာချထားလိုက်၏။ ချင်မူ သယ်ဆောင်နိုင်စေရန် နေရာဟင်းလင်းပြင်ကောင်းကင်နတ်သိုင်းကို သုံးကာ တာအိုမီးတောက်ဘိုးဘေးနယ်မြေအား ချုံ့ပေးလိုက်သည်။
‘ဒီမိန်းကလေးက စိတ်ထားကောင်းတာပဲ' အဘွားစစ်က စိတ်ထဲမှ ချီးကျူးလိုက်၏။
ထိုအခိုက်အတန့်တွင် ရထားလှည်းတစ်စီး ရောက်ရှိလာပြီး အထဲမှ ချိုသာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ရထားလှည်းက ရပ်တန့်သွားပြီး နန်းတွင်းသူတစ်ဦးက လိုက်ကာကို ဖယ်ပေးလိုက်ရာ နတ်ဘုရင်လန်ဝူ ထွက်လာ၏။
အဘွားစစ်နှင့် လန်ဝူမှာ တစ်ယောက်ကိုတစ်ယောက် တွေ့ဖူးကြသော်လည်း ပြန်လည်တွေ့ကြသည့်အချိန်တွင် သူမ၏ အလှတရားကို မအံ့ဩမိဘဲ မနေနိုင်ချေ။ ဧကရာဇ်ယန်ဖုန်း၏ ပြောစကားက မှန်ကန်သည်။ အဘွားစစ်သည် တစ်လောကလုံးတွင် ပြိုင်ဘက်မရှိ လှပချောမောသူ ဖြစ်သော်လည်း နတ်ဘုရင်လန်ဝူကတော့ ကွဲပြား၏။ သူမတွင် သီးခြားဆန်၍ အေးစက်သော စိတ်ဓာတ်သဘာဝ ရှိပြီး နတ်ဘုရားတစ်ပါး၏ အလှတရားကို ပိုင်ဆိုင်ထားချေသည်။ ချင်းကပ်ရန် မလွယ်ကူသည့် မြင့်မြတ်တည်ကြည်သော ခံစားချက်မျိုးကို ပေးစွမ်းလေသည်။
ကောင်းကင်နတ်အရှင်ယွဲ့သည် တာအိုမီးတောက် ဘိုးဘေးနယ်မြေအား ချုံ့ပြီးနောက် နတ်ဘုရင်လန်ဝူကို မြင်သည့်အခါ ပြုံးပျော်သွား၏။ “နောက်ကျတယ်နော် နတ်ဘုရင်…. ကောင်းကင်နတ်အရှင်မူ ကျွန်မကို တွေ့ဖို့လာတယ်လို့ အသိပေးတာ နတ်ဘုရင် ဆိုတော့ နောက်ကျမှ ရောက်လာမယ် ထင်မထားခဲ့ဘူး”
နတ်ဘုရင်လန်ဝူက နူးညံ့ညင်သာစွာ တုံ့ပြန်သည်။ “ကျွန်မ ရေချိုးပြီး ဝတ်ရုံလဲနေခဲ့လို့ပါ … ရထားလှည်းကိုလည်း ပြင်ဆင်ရသေးတာဆိုတော့ နည်းနည်းနောက်ကျသွားတယ်… ကောင်းကင်နတ်အရှင်မူနဲ့ တွေ့ဖို့က တင့်တောင်းတင့်တယ် ဖြစ်နေမှ ဖြစ်မယ်လေ”
သူမက အဘွားစစ်ကို နှုတ်ဆက်သည်။ “ကောင်းကင်နတ်အရှင်က ကျွန်မ စိုးရိမ်စရာ မရှိအောင် ထိုက်ချူဥရေကြည် ပို့ပေးခဲ့တယ်နော်… အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်”
ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးလိုက်သည်။ “အမြဲတမ်း ရိုရိုကျိုးကျိုး ပြောနေကြတာပဲနော်… လိုမှ မလိုအပ်တဲ့ဟာကို…. ကောင်းကင်နတ်အရှင်မူ၊ ငါ တာအိုမီးတောက်ဘိုးဘေးနယ်မြေကို သေးအောင် ချုံ့ပေးလိုက်တယ်… ဘိုးဘေးနန်းတော်က ငါ့ရဲ့နေရာဟင်းလင်းပြင်လမ်းစဉ်ကို ကန့်သတ်ထားတော့ ဒီအတိုင်းအတာအထိပဲ ချုံပေးနိုင်တယ်… နင် ယူသွားလို့ရပြီ… တခြား ကူညီပေးစရာ ရှိသေးလား”
နတ်ဘုရင်လန်ဝူက ဝက်ပြော၏။ “တာအိုမီးတောက်ဘိုးဘေးနယ်မြေက မီးတောက်လမ်းစဉ်ကို နက်နက်နဲနဲ သိမြင်နားလည်ထားဖို့ လိုအပ်တယ်… ဒါပေမဲ့ အသိစိတ်အလျဉ်ကို သုံးပြီးတော့လည်း တာအိုမီးတောက်ရဲ့ စွမ်းအားကို အသက်သွင်းလို့ရတယ်… အရင်တုန်းက ဖန်ဆင်းရှင်တွေက တောင်နတ်မင်းကျုချွဲကို ကိုးကွယ်ပူဇော်ပြီး သူ့အသိစိတ်အလျဉ်နဲ့ တာအိုမီးတောက် ဘိုးဘေးနယ်မြေရဲ့ ကောင်းကင်ဘုံကိုးခု စွမ်းအားကို အသက်သွင်းခဲ့ကြတာ”
သူမက ချင်မူ့ကို အသေအချာ သင်ပြပေးသည်။ “ဘိုးဘေးနယ်မြေထဲ ဝင်ရောက်ဖို့ ကြိုးစားကြည့်လိုက်… အသိစိတ်အလျဉ်နဲ့ တာအိုမီးတောက်ကို ဘယ်လို အသက်သွင်းရမလဲ သိလာလိမ့်မယ်”
ချင်မူက သူမကို ကျေးဇူးတင်ပြီးနောက် တာအိုမီးတောက် ဘိုးဘေးနယ်မြေပေါ် တက်သွားသည်။ သူက ကောင်းကင်ဘုံကိုးဘုံထဲ ဝင်ရောက်ပြီးနောက် ယခင်စကြ၀ဠာသိုင်းပညာရှင်တစ်ဦး၏ ကောင်းကင်လက်နက်ကို ထုတ်ကာ သူ၏အသိစိတ်အလျဉ်ကို သုံးရင်း တာအိုမီးတောက်ဖြင့် သွန်းလုပ်ရန် ကြိုးစားလိုက်၏။
တာအိုမီးတောက်ဘိုးဘေးနယ်မြေဖြင့် သွန်းလုပ်နိုင်ခြင်း ရှိမရှိက သူ၏ခန့်မှန်းချက်သာ ဖြစ်သည်။ ယခုတွင်တော့ ၎င်းကို အတည်ပြုရပေသည်။ အလုပ်မဖြစ်ပါက တခြားနည်းလမ်း ရှာဖွေရလိမ့်မည်။
ဘိုးဘေးနယ်မြေဘေးတွင် အဘွားစစ်သည် နတ်ဘုရင်လန်ဝူတို့နှင့်အတူ စကားပြောနေသည်။ အမျိုးသမီးနှစ်ယောက်သည်လည်း အဘွားစစ်က ချင်မူ၏ အုပ်ထိန်းသူမှန်း သိထားသဖြင့် ဂရုတစိုက် နားထောင်နေကြ၏။
အဘွားစစ်က ချင်မူ့အတွက် စိုးရိမ်ပူပန်နေရကြောင်း ပြောသဖြင့် သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နတ်ဘုရင်လန်ဝူက ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူက အမျှော်အမြင်ရှိတဲ့သူတစ်ယောက်ပါ… မစိုးရိမ်ပါနဲ့ တာအိုမိတ်ဆွေစစ်… အနာဂတ်မှာ သူဘာသူ အောင်မြင်ပါလိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွဲ့ကလည်း ပြောသည်။ “ကျွန်မတို့ သူ့ကို အားနေအောင် လွှတ်မထားသင့်ဘူး ထင်တယ်… အားနေရင် ဟိုဟိုဒီဒီလျှောက်တွေးနေလိမ့်မယ်…ပြဿနာ မရှိရင်တောင်မှ ပြဿနာတွေအကြောင်း တွေးနေမိလိမ့်မယ်”
အဘွားစစ်က သဘောတူလိုက်ရင်း အမျိုးသမီးနှစ်ယောက်ကို အကဲခတ်လိုက်သည်။ သူမ၏နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
တခဏကြာသော် ချင်မူက တာအိုမီးတောက်ဘိုးဘေးနယ်မြေထဲမှ ထွက်လာသည်။ သူတို့သုံးယောက်သား သူ့အရှေ့သို့ ရောက်လာသည့်အခါ အဘွားစစ်၏ မျက်နှာအမူအရာမှာ သိချင်စိတ်ပြင်းပြနေသဖြင့် ချင်မူက ပြောလိုက်သည်။ “ကျွန်တော် အဲဒီကောင်းကင်လက်နက်တွေကို အရည်ဖျော်လို့ရပေမယ့် အသိစိတ်အလျဉ် သုံးပြီး တာအိုမီးတောက်ကို ထိန်းချုပ်ရလိမ့်မယ်… ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နတ်ဓားကို သွန်းလုပ်ရဦးမှာဆိုတော့ နည်းနည်း အခက်အခဲရှိတယ်”
အဘွားစစ်က ပြုံး၏။ “အဲ့ကိစ္စကို ရွှေအဆီ အပ်လိုက်စမ်းပါ… သူ့ကို ကြိုက်သလောက် ခိုင်းလို့ရတယ်… ကဲ မိန်းကလေးတို့… အနှောင့်အယှက် မပေးတော့ပါဘူး… ကျွန်မတို့ ဘိုးဘေးနန်းတော်ကို ချက်ချင်း ပြန်ရတော့မယ်”
ကောင်းကင်နတ်အရှင်ယွဲ့ အလျင်အမြန် မေးလိုက်သည်။ “အခုမှရောက်တာ ချက်ချင်း ပြန်ကြတော့မလို့လား… အင်း… အရေးကြီးကိစ္စတွေ ရှိနေရင်တော့ နေဖို့ မတားတော့ပါဘူးလေ… ကောင်းကင်နတ်အရှင်မူ၊ ငါ တစ်ခုလောက် မေးချင်တယ်”
ချင်မူက ရပ်လိုက်သည်။
ကောင်းကင်နတ်အရှင်ယွဲ့က တခဏ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်သည်။ “မဟာလေဟာနယ်ကို ဘယ်အချိန်အထိ ကာကွယ်ထားနိုင်မယ် နင်ထင်လဲ”
နတ်ဘုရင်လန်ဝူ၏ နှလုံးသားမှာ လှုပ်ရှားသွားသည်။ သူမလည်း ဤမေးခွန်းကို မေးချင်သည့်တိုင် ထည့်တွက်ရမည့် အရာများစွာ ရှိနေ၏။ ကောင်းကင်နတ်အရှင်ယွဲ့လောက်လည်း တည့်တိုးမဆန်သဖြင့် ထုတ်မမေးခဲ့ခြင်း ဖြစ်သည်။
ချင်မူက တခဏ စဉ်းစားပြီးနောက် ဖြေသည်။ “မြေအောက်ဘုံအရှင်သခင် သေသွားပြီးရင် မဟာလေဟာနယ် ပျက်စီးသွားလိမ့်မယ်… သဘာဝဖြစ်ရပ်တွေကို တားဆီးလို့မရဘူး… လေဟာနယ်တံတားတစ်စင်းနဲ့ ပျက်စီးနေတဲ့ ဟင်းလင်းပြင်အလွှာ ၃၅ လွှာက ကောင်းကင်နတ်အရှင်ဆယ်ပါးကို တားဆီးနိုင်မှာ မဟုတ်ဘူး”
အမျိုးသမီးနှစ်ယောက်လုံး၏ နှလုံးသားများမှာ တုန်လှုပ်သွားကြသည်။
“ဒါဆိုရင် မဟာလေဟာနယ်မှာရှိတဲ့ ငါ့ရဲ့ စစ်သည်တော်တွေ ဘယ်လိုအသက်ရှင်နိုင်မလဲ ကောင်းကင်နတ်အရှင်မူ” နတ်ဘုရင်လန်ဝူက မေး၏။
ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့ဘက်သို့ တစ်ချက်ကြည့်၍ အေးဆေးစွာ ဖြေလိုက်သည်။ “ကောင်းကင်နတ်အရှင်ယွဲ့ အနားမှာ ရှိနေသရွေ့ နတ်ဘုရင်အနေနဲ့ တပ်ဆုတ်တာ ဒါမှမဟုတ် ထွက်ခွာသွားလို့ရတယ်”
နတ်ဘုရင်လန်ဝူက စိတ်အေးသက်သာစွာ သက်ပြင်းချပြီး ပြုံးလိုက်၏။ “အထွတ်အမြတ်ကလေးငယ်ကို လိုက်ပို့လိုက်ပါ’’
ချင်မူက တာအိုမီးတောက် ဘိုးဘေးနယ်မြေကို သူ၏ကောင်းကင်ရတနာထဲတွင် ထည့်၍ ထွက်ခွာသွားသည်။ အဘွားစစ်က သူ့အနောက်မှ လိုက်လာကာ ပြုံးပျော်နေသည်။ “မူအာ၊ ဘယ်တစ်ယောက်က ပိုကောင်းတယ်ထင်လဲ”
ချင်မူမှာ ခေါင်းကိုက်လာသဖြင့် စိတ်ညစ်စွာ ပြန်မေးလိုက်သည်။ “ဘွားဘွားကရော ဘယ်တစ်ယောက်က ပိုကောင်းတယ်ထင်လဲ”
“ရုပ်ရည်အရဆိုရင်တော့ သေချာပေါက် နတ်ဘုရင်လန်ဝူပေါ့… ဘယ်သူမှ သူ့အလှကို မယှဉ်နိုင်ဘူး”
အဘွားစစ်က ဖြေ၏။ “ဒါပေမဲ့ ဇနီးမယားတစ်ယောက်အနေနဲ့ဆိုရင်တော့ သူက ကောင်းကင်နတ်အရှင်ယွဲ့အောက် အများကြီး နိမ့်ကျလိမ့်မယ်… နတ်ဘုရင်လန်ဝူက သီးသန့်ဆန်ပြီး အေးစက်တဲ့အပြင် မြင့်မားလွန်းနေတယ်… ကောင်းကင်နတ်အရှင်ယွဲ့ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အိမ်ထောင်စုတစ်စုကို ဦးစီးနိုင်လိမ့်မယ်”
ချင်မူလည်း သိချင်လွန်းသဖြင့် မေးလိုက်မိသည်။ “မြင့်မားလွန်းနေတယ် ဆိုတာ ဘာအဓိပ္ပါယ်လဲဗျ”
“လေထဲမှာ ရှိနေတာလေ ... မြေပြင်နဲ့ ထိမနေဘူး… လှပပြီး တင့်တယ်ပေမယ့် လူတွေ သူ့ကို မိုင်ပေါင်းတစ်သောင်းကနေပဲ လှမ်းကြည့်နိုင်တယ်… ဥပမာပြောရရင် သူ နင့်ကို လာတွေ့တုန်းက ရေချိုးပြီး အဝတ်လဲတယ်… သင့်တော်တဲ့ အဝတ်အစားပြန်လဲတဲ့အပြင် ရထားလှည်းတစ်စီးနဲ့ နန်းတွင်းသူတွေလည်း ပါလာသေးတယ်… အရမ်းတည်ကြည်လေးနက်ပေမယ့် ဘဝကို ရှင်သန်ဖူးတဲ့သူတစ်ယောက်တော့ မဟုတ်ဘူး”
အဘွားစစ်က ဆက်ပြော၏။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကတော့ နင် ဒီမှာဆိုတာ သိတာနဲ့ ချက်ချင်း ရောက်လာတယ်… အလှပြင်ထားပေမယ့် တမင်ပြင်ထားတာ မဟုတ်ဘူး… သူ့ဘေးမှာလည်း နန်းတွင်းသူတွေမပါတဲ့အပြင် ရတနာရထားလှည်းလည်း စီးမလာဘူး… နင် တာအိုမီးတောက် ဘိုးဘေးနယ်မြေကို လိုချင်တယ် ပြောလိုက်တော့ ချက်ချင်း သွားယူပေးတယ်… ဒ့ါအပြင် ဘိုးဘေးနယ်မြေက အရမ်းကြီးလွန်းရင် နင် မသယ်နိုင်မှာ သိတဲ့အတွက် ချုံ့ပေးခဲ့သေးတယ်… စိတ်ကောင်းစေတနာ ရှိတဲ့သူတစ်ယောက်ပဲ… ဒီလိုအမျိုးသမီးမျိုးက အိမ်ထောင်စုတစ်စုကို ကိုင်တွယ်ဦးစီးတဲ့ အမျိုးသမီးမျိုးပဲ”
ချင်မူမှာ လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။ လက်ထပ်ထိမ်းမြားမှုတွင် ဤသို့ အသိပညာများစွာ ရှိနေရာ မဟာတာအိုတစ်ခုအဖြစ်ပင် သတ်မှတ်၍ရနိုင်သည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ခန်းမ ၃၆၀ တွင် ဖူးစာခန်းမဟူသော ခန်းမတစ်ခုရှိနေခြင်းက အံ့သြစရာမဟုတ်ပေ။
“လန်ဝူသာ ဇနီးမယားတစ်ယောက်ဆိုရင် ဧည့်သည်တွေ၊ သူရဲကောင်းတွေနဲ့ သွားတွေ့တဲ့အခါ မျက်နှာပွင့်တယ်.. တခြားသူတွေရဲ့ရှေ့မှာ သူ့ရဲ့ ပြုမူနေထိုင်ပုံတွေက အမှားရှိနေမှာ မဟုတ်ဘူး… သူက ဧကရီတစ်ပါး ဖြစ်လာဖို့ မွေးဖွားလာတဲ့သူလို့ ပြောရမယ်”
အဘွားစစ်က ဆက်ပြော၏။ “ဒါပေမဲ့ အိမ်ထောင်တစ်စုကို ဦးစီးခန့်ခွဲတဲ့နေရာမှာတော့ ကောင်းကင်နတ်အရှင်ယွဲ့က ပိုသာနေတုန်းပဲ … မူအာ၊ ဘယ်လိုသဘောရလဲ… ဧကရီတစ်ပါးကို လက်ထပ်ချင်တာလား… ဇနီးမယားတစ်ယောက်ကို လက်ထပ်ချင်တာလား”
သူမသည် ချင်မူ့အနာဂတ်အစီအစဉ်များကို မေးမြန်းနေခြင်း ဖြစ်၏။ ဧကရီတစ်ပါးကို လက်ထပ်ခြင်းက ချင်မူ ဧကရာဇ်ဖြစ်လာမည့် အဓိပ္ပာယ်ပင်။ ဇနီးမယားတစ်ယောက်ကို လက်ထပ်မည်ဆိုပါက ချင်မူ့ရည်ရွယ်ချက်က ပလ္လင်ထီးနန်းမဟုတ်ဟု အဓိပ္ပါယ်ရ၏။
ချင်မူက ရိုကျိုးစွာဖြင့် အကြံဉာဏ်တောင်းလိုက်သည်။ “ဘွားဘွား ဒီလိုအမျိုးသမီးမျိုးဆိုရင်ရော… ဥပမာဗျာ… အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲနေနေတာ… ငွေဆိုရင်လည်း မစုဆောင်းတတ်ဘူး .. လက်ကလည်း ဖွာသေး... အမြဲဖြုန်းတီးနေကြ…ကလေးတွေနဲ့ပတ်သက်ရင်လညိး ဂရုစိုက်တတ်တာ မဟုတ်ဘူး… ပြီးရင် ရိုင်းကလည်း ရိုင်းသေး… သူ့ကိုယ်သူတော့ အဘွားကြီးတဲ့… အဲ… သူ ဆွဲဆောင်ချင်ရင်တော့ တစ်လောကလုံးမှာ ရှိတဲ့ ဝိညာဉ်တွေကိုပါ ဆွဲဆောင်နိုင်တယ်… ဒေါသထွက်နေပြန်ရင်လည်း အားလုံးကို ကြိုးနဲ့ ဆွဲပြီး ရိုက်ရင် ရိုက်နေတာ… အဲဒီလိုမိန်းမမျိုးက လက်ထပ်နိုင်ပါတော့မလားဟင်”
အဘွားစစ်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားတော့သည်။ သူမက ထိုက်ယီ၏ တောင်ဝှေးကို မြှောက်၍ ချင်မူ့မျက်နှာကို ရိုက်ချကာ ဒေါသတကြီး အော်လိုက်၏။ “ငါကတော့ နင့်ကို အတည်တွေ ပြောနေတာ.. နင်က ငါ့ကို လာပြီး လှောင်တယ်ပေါ့လေ… လာခဲ့… နင့်တစ်ကိုယ်လုံးက အရိုးတွေကျိုးပြီး မြေကြီးမှာ တွားသွားသွားရတဲ့အထိ ရိုက်ပစ်မယ်..”
ချင်မူက ခေါင်းကို အုပ်၍ ထွက်ပြေးသွားပြီး အဘွားစစ်က အနောက်မှ ပြေးလိုက်သွား၏။ သူမက သူ့ကို ခပ်နာနာ ရိုက်နှက်နေသော်လည်း ကြိုးချည်၍ တွဲလောင်းတော့ ဆွဲမထားပါချေ။