ချိပ်ပိတ် ဖယ်ရှားခြင်း
Vol. 16 Ch. 226
ရှီလန်တောင် မိုင်းတွင်းရုံးခန်း၌ -
တင်က မိသားစုအစောင့် ဘီလ် တင်ပြလာသော အစီရင်ခံစာကို သေသေချာချာ ဖတ်လိုက်သည်။
လွန်ခဲ့သော တစ်ရက်နှစ်ရက်ခန့်က ကင်းထောက်တစ်ယောက်သည် ပျံသန်းနိုင်သော နတ်ဆိုးသားရဲ အမြောက်အမြားကိုတွေ့ကြောင်း သတင်းပို့လာသည်။၎င်းတို့သည် ရှီလန်တောင် တစ်နေရာ၌ နေနေကြပုံရသည်။ ကင်းထောက်များကို ထပ်ပြီး လွှတ်သောအခါ ဝိုင်ဗန်အကြောင်း အစီရင်ခံစာများ တစ်ခုပြီးတစ်ခု ရောက်လာသည်။
ဘီလ်က သေသေချာချာ မေးသည်။
“ ဆာ။ကျုပ်တို့တွေ ဒါကို အမှောင်လမြို့ဆီ သတင်းပို့သင့်လား။ ”
ချန်လွေ့၏ စီးစရာသည် ဝိုင်ဗန်ဖြစ်ကြောင်းနှင့် သူ့တွင် ဝိုင်ဗန်ပို၍ရှိကြောင်း တင် သတိရသွားပြီး ပြောလိုက်သည်။
“ အခုတော့ ဒါကို လျို့ဝှက်ထားဖို့ ကင်းထောက်တွေကို ပြောထားလိုက်။မဆင်မခြင် မလုပ်နဲ့ဦး။ ”
ဘီလ် ခေါင်းညိတ်ပြီး တံခါးပိတ်ကာ ထွက်သွားသည်။
“ တော်တယ်။တင်။ ”
ရုတ်တရက် အခန်းထဲ၌ အသံတစ်သံ ထွက်လာသည်။
ခုနက မည်သူမှ ဝင်လာကြောင်း မခံစားလိုက်ရသည့်အတွက် တင် ထိတ်လန့်သွား၏။ သို့ရာတွင် ထိုအသံသည် ချန်လွေ့အသံဖြစ်ကြောင်း သူသိသည်။ထို့ကြောင့် ခပ်မြန်မြန် မတ်တပ်ရပ်လိုက်သည်။
“ သခင်။နောက်ဆုံးတော့ ပြန်လာပြီပဲ။ ”
တင် အရိုအသေပေးပြီး မဝံ့မရဲ မေးလိုက်သည်။
“ သခင်ရဲ့လေသံအရဆိုရငိ အဲဒီဝိုင်ဗန်တွေက... ”
ချန်လွေ့ ခေါင်းညိတ်ပြသည်။
“ ခင်ဗျားက ပါးနပ်တာပဲ။အားလုံး အဆင်ပြေမယ်ဆိုရင်တော့ သိပ်မကြာခင် အမှောင်လမြို့မှာ နဂါးသူရဲကောင်းစစ်သည်ဗိုလ်ခြေ ပေါ်ထွက်လာနိုင်မယ့် အခွင့်အလမ်းရှိတယ်။ဒါပေမဲ့ ဒီမတိုင်ခင်တော့ ခင်ဗျား စကားတစ်လုံးမှ ပေါက်ကြားလို့မရဘူး။ ”
နဂါးသူရဲကောင်းဗိုလ်ခြေ။
တပ်စုတောင်မဟုတ်ဘူး။ ဗိုလ်ခြေ။
တင် ထိတ်လန့်သွားသည်။ဝိုင်ဗန်များသည် သာမန် မိုးပျံဂရစ်ဖင်များကဲ့သို့ မဟုတ်ပေ။ ၎င်းတို့သည် နဂါးမှလွဲ၍ တိုက်ပွဲတွင် အစွမ်းထက်ဆုံး မိုးပျံ နတ်ဆိုးသားရဲများ ဖြစ်ကြသည်။ ကြယ်ကြွေတမန် အင်ပါယာ မြို့တော်၌ပင် နဂါးသူရဲကောင်းစစ်သည် ဗိုလ်ခြေ တစ်ခုသာရှိပြီး ၎င်းကို မင်းသား အိုစီဒန် ကိုယ်တိုင်နှင့် တိုက်ရိုက် ချိတ်ဆက်ထားသည်။
“ သိပါပြီ။သခင့်ရဲ့စွမ်းရည်က....တကယ့်ကို မယုံနိုင်စရာပါပဲ.... ”
တင်က စိတ်ရင်းနှင့် ပြောလိုက်သည်။
“ ဒါနဲ့ ကျုပ်မှာ သခင့်အတွက် နောက်ထပ် သတင်းတစ်ခု ရှိတယ်။ခါရွန်မိသားစု အကြီးအကဲ လီဂူက သူ့ရဲ့တစ်ဦးတည်းသောသား အဲလန် သေသွားတဲ့အတွက်ကြောင့် အိုစီဒန် ဆီကနေ နှုတ်ထွက်ခွင့်တောင်းတယ်။ဒါပေမဲ့ အိုဆိုင်ဒန်က နှုတ်ထွက်တာကို ငြင်းပယ်ခဲ့ပြီးတော့ ကိုယ်တိုင် နှစ်သိမ့်ခဲ့တယ်။ခါရွန်မိသားစုရဲ့ ဒေါသကို ပြေလျော့စေဖို့အတွက် အိုဆိုင်ဒန်က ဆာဂီရဲ့ရာထူးကို နတ်ဆိုးနီဗိုလ်ခြေရဲ့ လက်ထောက်ဗိုလ်ချုပ်အဖြစ် ရာထူးချပြီးတော့ တံခါးပိတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခိုင်းခဲ့တယ်။ပြီးတော့လည်း အိုစီဖန်က ဆာဂီရဲ့အဖေ ဒိုရွန်ဆီကနေ စစ်တပ်အင်အားတချို့ ရုပ်သိမ်းပြီးတော့ ခါရွန်မိသားစု စစ်တပ်ကိုယ်စားပြုဖြစ်တဲ့ ဇော့ဖ်ကို ပေးအပ်ခဲ့တယ်။အမှောင်လမြို့ကိုလည်း ဘယ်ဇီဘတ် တော်ဝင်မိသားစု အကြောင်း ရှာမတွေ့တာနဲ့ အဲဒီကိစ္စလိုမျိုး ဖြစ်စေတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့တယ်။ နောက်လကစပြီးတော့ လိပ်ပြာနီနယ်မြေက စားစရာအထောက်အပံ့ကို တစ်ဝက်လျှော့လိုက်တယ်။ ”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ အစ်ဇဘယ်လာ ရောက်လာတုန်းက ဘယ်ဇီဘတ်မိသားစုကို နောက်ရှာတာနဲ့ပတ်သက်ပြီး အမှောင်လမြို့ကို စားစရာအထောက်အပံ့လျှော့ချပြီး အပြစ်ပေးချင်ခဲ့တယ်။ဒါပေမဲ့ အဲဒါကို ငါဝင်ရှုပ်လိုက်တယ်။နောက်တော့ ဆာဂီနဲ့ အဲလန်တို့ရဲ့ “ချစ်ဇောဟုန်ပြစ်မှု” ဖြစ်ပြီးတော့ သူအာရုံစိုက်တာ ပြောင်းလဲသွားတယ်။သူက မြို့တော်ဆီ အမြန်ပြန်လိုက်ရတယ်။မမျှော်လင့်ထားတာကတော့ သူက အဲဒီအကြောင်းပြချက်ကို သုံးပြီးတော့ အမှောင်လကို ရက်ရက်စက်စက် အပြစ်ပေးခဲ့တာပဲ။
စားစရာဌာနချုပ် မတည်ထောင်ခင် စားစရာအထောက်အပံ့ကို ထက်ဝက်လျှော့မယ်ဆိုရင် အမှောင်လက သေချာပေါက် အကြီးအကျယ် ငတ်မွတ်ခေါင်ပါးမှာပဲ။အဲဒီအချိန် လူတွေ မကျေနပ်တာတွေ ပြည့်နှက်လာမယ်။ရှီရာရဲ့ ထူးချွန်တဲ့ ပါရမီတွေနဲ့တောင် အခြေအနေကို ထိန်းနိုင်မှာ မဟုတ်ဘူး။
အခုတော့ စားစရာဌာနချုပ်ကို အောင်အောင်မြင်မြင်နဲ့ တည်ထောင်ပြီးပြီ။ လိပ်ပြာနီနယ်မြေရဲ့ စားစရာအထောက်အပံ့ မရှိဘဲနဲ့တောင် အမှောင်လမြို့က ပြဿနာရှိမှ မဟုတ်ဘူး။ဒါပေမဲ့ အဲလိုဆိုရင် စားစရာဌာနချုပ်အကြောင်း ပေါက်ကြားသွားနိုင်တယ်။ပြီးရင် မြို့တော်က ပိုပြီးတော့ အာရုံစိုက်လာနိုင်တယ်။
ချန်လွေ့ စဉ်းစားပြီးနောက် တင်ကို အာရုံစိုက်လိုက်သည်။
“ တင်။ဒါကို ခင်ဗျား ဘယ်လိုထင်လဲ။ ”
“ ကျုပ်ရဲ့အဖေက မွေးမြူရေးခြံတစ်ခြံ လျို့ဝှက်တည်ထောင်ပြီးတော့ အရေအတွက် တော်တော်များများကို အောင်အောင်မြင်မြင်နဲ့ မွေးမြူနိုင်ခဲ့တယ်။ကောက်ပဲသီးနှံ အတွက်ကတော့ အစားအစာ ဌာနချုပ်အကြောင်း သခင်ပြောတာ ကြားဖူးတယ်။ အဲဒါဆိုရင်တော့ ဒီကပ်ဘေးကို အမှောင်လမြို့က ကိုယ်ပိုင်စွမ်းအားနဲ့ ကျော်လွှားနိုင်ဖို့ မခက်ပါဘူး။အဓိကသော့ချက်က စစ်တပ်နဲ့ စီးပွားရေးအင်အားတွေက စဦးအခြေအနေပဲ ရှိသေးတာ။အဲဒါကြောင့် ကျုပ်တို့ရဲ့ခွန်အားကို ထုတ်ပြမိလို့မဖြစ်ဘူး။ အမှောင်လမြို့ကို မြို့တော်က အာရုံစိုက်စေလို့ မဖြစ်ဘူး။ အရိပ်နက်အင်ပါယာနဲ့ ကုန်သွယ်မှုကို တိုးတက်စေဖို့အတွက် အနောက်ဘက် လမ်းကြောင်းကို အသုံးပြုဖို့ စဉ်းစားသင့်တယ်လို့ထင်တယ်။အဓိက ကတော့ စားစရာအတွက်ပေါ့။ဒါကို ဟန်ပြအနေနဲ့ လုပ်လို့ရတယ်။ကြယ်ကြွေတမန် အင်ပါယာက အင်ပါယာသုံးခုမှာ အားအနည်းဆုံးပဲ။အဲဒါကြောင့် မင်းသား အိုဆိုင်ဒန်က အရိပ်နက်အင်ပါယာရဲ့ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ”
ချန်လွေ့ ခေါင်းညိတ်သည်။သူ၏အကြံနှင့် တင်၏အကြံ ထပ်တူညီသည်။ စားစရာပြဿနာ မရှိလျှင်ပင် အနောက်ဘက်လမ်းကြောင်းကို အမြန်ဆုံး အသုံးပြုရမည်ဖြစ်သည်။အထူးသဖြင့် ၎င်းသည် အမှောင်လမြို့ စီးပွားရေး နလန်ပြန်ထူလာရေးအတွက် အရေးပါလှသည်။
“ ကျုပ်လည်း အဲလိုထင်တာပဲ။လိပ်ပြာနီနယ်မြေက နှောင့်ယှက်မှုတွေကို ကာကွယ်တားဆီးဖို့ ခင်ဗျားရဲ့ မြို့စောင့်တပ် လေ့ကျင့်ရေးကို အနောက်ဘက် လမ်းကြောင်း လုံခြုံရေးအတွက် တည်ဆောက်ရမယ်။ ”
ချန်လွေ့က တင်၏ပုခုံးကို ပုတ်လိုက်သည်။
“ လိုအပ်မယ်ဆိုရင် မယ်ဒူဆာနဲ့ ပြိဿတွေရဲ့ အင်အားကို သုံးလို့ရတယ်။ မြေဒြပ်စင်ကောင်တွေကတော့ သူတို့ရဲ့ဘုရင် အိပ်မောကျနေတယ်။အခု သူတို့တွေက မြေအောက်မိုင်းတွင်းမှာ ကူညီပေးနေကြတယ်။အဲဒါကြောင့် လုံးဝမလိုအပ်ရင် သူတို့ကို မနှောင့်ယှက်နဲ့။ ”
“ ဟုတ်ကဲ့ပါ။သခင်။ ”
တင်သည် တစ်ခုခုကို တွေးမိပြီး မေးမြန်းသည်။
“ ပြိဿမျိုးနွယ်စုက ကျိန်စာတိုက်ခံရပြီးတော့ မြေအောက်လောက ကနေ ထွက်သွားလို့မရဘူးလို့ သခင်ပြောခဲ့တယ် မဟုတ်လား။ ”
ချန်လွေ့က ယုံကြည်ချက်ရှိရှိဖြင့် ပြုံးလိုက်သည်။
“ အမှောင်လမြို့ဆီ ကျုပ်ပြန်ပြီးတော့ ဒီနေရာကို ပြန်လာတဲ့အခါကျရင် ပြိဿမျိုးနွယ်စုရဲ့ ကိစ္စကို ဖြေရှင်းနိုင်ပါပြီ.... ”
[ အလင်းအမှောင် သော့ခလောက် ] ကို ဖယ်ရှားရန်အတွက် ဆော်ရွန်မျက်လုံး၏ စိတ်ဝိညာဉ်စွမ်းအား လိုအပ်ကြောင်း ချန်လွေ့ ပြောခဲ့သည်။အသုံးပြုပြီးနောက် ဆော်ရွန်မျက်လုံး ပျက်စီးမည် မဟုတ်ပေ။သို့သော်လည်း ဆော်ရွန်မျက်လုံးကို အသုံးပြုပြီး ကျိန်စာဖြည်မည်ဆိုလျှင် ဆော်ရွန်မျက်လုံး၏ လုပ်ဆောင်ချက်ကို ထိခိုက်နိုင်မနိုင် ပြိဿအကြီးအကဲ မပြောခဲ့ပေ။ထို့နောက်မှ [ အလင်းအမှောင် သော့ခလောက် ] ကို မဖယ်ရှားနိုင်ခဲ့လျှင် အလကားသက်သက် ဖြစ်သွားပေမည်။
ချန်လွေ့သည် သူတော်စင်တစ်ယောက် မဟုတ်ပေ။ထို့ကြောင့် တစ်ကိုယ်ကောင်းဆန်မှု အချို့ရှိသည်။သူသည် သဟဇီဝစာချုပ် ချုပ်ဆိုထားသော အဆိပ်နဂါးကိုသာ ပို၍ဦးစားပေမည် ဖြစ်သည်။ထို့ပြင် ပါ့ဂ်လီအို၏ [ အလင်းအမှောင် သော့ခလောက် ] ကို ဖယ်ရှားပြီးလျှင် ချန်လွေ့သည် ပြိဿများကို ကူညီနိုင်သေးသည်။ ၎င်းသည် ရက်အနည်းငယ်သာ ပိုကြာသော်လည်း ကြီးကြီးမားမား ပြောင်းလဲသွားနိုင်မည် မဟုတ်ပေ။
ချန်လွေ့သည် ဝိုင်ဗန်ဘုရင်နှင့် ပြန်လည်ဆုံတွေ့ခဲ့ပြီး ဝိုင်ဗန်များအတွက် ယာယီနေစရာ ပြုလုပ်ပေးခဲ့သည်။ရှီလန်တောင်၏ရာသီဥတုမှာ အတော်လေး အေးလှသည့်အတွက် ဝိုင်ဗန်များ အသက်ရှင်နေထိုင်ရန် မသင့်တော်ပေ။ မိုးသစ်တောမည်းနှင့် အသံတိတ်ညစိမ့်မြေတို့၏ ရာသီဥတုမှာ ပို၍ဆင်တူသည်။ သို့သော်လည်း ချန်လွေ့သည် အရင်ဦးစွာ ရှီရာအား သတင်းပို့ရမည် ဖြစ်သည်။
ချန်လွေ့သည် ကင်းထောင်များကို ခေါ်ပြီး ဝိုင်ဗန်အကြောင်း လျို့ဝှက်ချက်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားရန် တင်အား ပြောသည်။ထို့နောက် ချန်လွေ့သည် ရိုမန်နှင့် ဒေလီယာတို့ကိုခေါ်ကာ ဝိုင်ဗန်စီး၍ အမှောင်လမြို့ဆီ ပျံသန်းသွားတော့သည်။
နှစ်ရက်ကြာပြီးနောက် သူတို့သုံးယောက်သည် ရေကန်ပြာသို့ ရောက်ရှိသွားသည်။ ချန်လွေ့သည် ဝိုင်ဗန်ပေါ်မှ စိတ်လှုပ်တရှားနှင့် ခုန်ချပြီး အော်ဟစ်လိုက်သည်။
“ ငပျင်းကြီး။မြန်မြန် ထွက်လာခဲ့တော့။ ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လွေ့အရှေ့၌ အဆိပ်နဂါး၏ပုံရိပ် ထွက်ပေါ်လာသည်။သူသည် ဒေလီယာနှင့် ရိုမန်တို့အကြောင်းမမေးဘဲ မျှော်လင့်ကြီးစွာဖြင့် ပြောလိုက်သည်။
“ မင်းရခဲ့လား။ ”
“ မှန်းကြည့်လေ။ ”
ချန်လွေ့က ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသည့်မျက်နှာဖြင့် ဆော်ရွန်မျက်လုံးကို ထုတ်ပြပြီး အဆိပ်နဂါးအရှေ့တွင် ပြလိုက်သည်။ရုတ်တရက် သူ၏လက် ပေါ့ပါးသွားသည်။ထိုမျက်လုံးကို ပါ့ဂ်လီအို လုယူလိုက်ပြီ ဖြစ်သည်။
ပါ့ဂ်လီအိုသည် လက်ထဲမှ ဆော်ရွန်မျက်လုံးကို ကြည့်ရင်း ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် “ ငါ့ကို ဒီမှာ စောင့်နေ ” ဟုပြောပြီး ထွက်သွားတော့သည်။
ထို့နောက် သူ၏ပုံရိပ် သုံးလေးကြိမ် ဖျပ်ခနဲ ပျောက်သွားပြီးနောက် ရေကန်ပြာဘေး၌ ပြန်ပေါ်လာကာ ရေကန်ထဲသို့ ခုန်ချလိုက်သည်။
ရေကန်ပြာသို့ မလာခင်က ချန်လွေ့သည် အရေးကြီးမိတ်ဆွေတစ်ယောက်နှင့် သွားတွေ့မည်ဟု ပြောခဲ့သည်။သို့သော်လည်း သူသည် ပါ့ဂ်လီအို၏ သရုပ်မှန်ကို မပြောခဲ့ပေ။ကိုယ့်အမြန်နှုန်းကို အထင်ကြီးနေသော ရိုမန်သည် ပါ့ဂ်လီအို၏ အမြန်နှုန်းကို မြင်ပြီးနောက် အံ့အားသင့်သွားသည်။ ဒီလူရဲ့ အမြန်နှုန်းနဲ့ခွန်အားက ငါ့ထက်သာတယ်။ငါတိုက်ခိုက်ဖူးတဲ့ မဟာနတ်ဆိုးဘုရင်အဆင့် ကာဆဲလက်နဲ့ အကွိုင်းတို့က သူ့ကို မယှဉ်နိုင်ဘူး။ချန်လွေ့မှာ ဒီလိုအစွမ်းထက်တဲ့ မိတ်ဆွေတစ်ယောက် ရှိနေတာပဲ။ပြီးတော့ သူတို့က တော်တော်လေး ရင်းနှီးတဲ့ပုံပဲ။
ခဏကြာပြီးနောက် မူလကတည်ငြိမ်နေသော ရေကန်ပြာ စတင်လှုပ်ရှားလာပြီး အရောင်ဖျော့ဖျော့ တောက်ပလာသည်။ထို့နောက် ရေကန်ပြာတစ်ခုလုံး ရွှေဝါရောင် တောက်သွားကာ အဖြူ အမည်းအဖြစ် ပြောင်းသွားပြီး အဆက်မပြတ် ပြောင်းလဲနေ၏။အစွမ်းထက်လှိုင်းတစ်ခုက ကမ်း၏ မျက်နှာချင်းဆိုင်ဘက်ကို ရိုက်ခတ်ပြီး ပတ်ဝန်းကျင်မြေပြင် တုန်ခါသွားသည်။ချန်လွေ့၏ နောက်ဘက်ရှိ နတ်ဆိုးဘုရင်အဆင့် ဝိုင်ဗန် သုံးကောင်သည် ကြောက်လန့်နေပုံရသည်။ချန်လွေ့သာ [ သရုပ်ခွဲမျက်လုံး ] အသုံးပြု၍ မနှစ်သိမ့်ပေးခဲ့လျှင် သူတို့သည် ထိတ်လန့်ပြီး ပျံပြေးသွားကြမည် ဖြစ်သည်။
အချိန် တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားပြီးနောက် တုန်ခါမှုနှင့် မတည်ငြိမ်မှုများ အဆုံးသတ်သွားသည်။ချန်လွေ့ အနည်းငယ် စိုးရိမ်နေစဉ် ရေကန်ထဲ၌ ကြီးမားသော ရေဝဲတစ်ခု ပေါ်ထွက်လာသည်။ထို့နောက် ကြီးမားသောခန္ဓာကိုယ်တစ်ခုသည် ရေထဲမှ ကောင်းကင်ပေါ်သို့ ဝှီးခနဲ ခုန်တက်သွားသည်။၎င်းသည် ဆယ်မီတာကျော် အလျားရှိသော နဂါးတစ်ကောင် ဖြစ်သည်။ကျောဘက်တွင် ကြီးမားသော တောင်ပံတစ်စုံရှိပြီး ခန္ဓာကိုယ် တစ်ခုလုံး ညိုဝါမှိုင်းနေသည်။၎င်း၏ ပုံစံသည် ရက်စက်ကြမ်းကြုတ်လှသည်။ခေါင်းပေါ်၌လည်း ချိုတစ်ချောင်းရှိသည်။ ပါးနှစ်ဖက်တွင်လည်း ဆူးတောင်ကဲ့သို့ အစိတ်အပိုင်းများ ရှိသည်။၎င်းသည် ရွှေနက်ရောင် မျက်လုံးများမှ ခြိမ်းခြောက်ပြီး အေးစက်သော အလင်းရောင်များ လင်းလင်နေသည်။
နဂါးပျံသည် စိတ်လှုပ်ရှားစွာဖြင့် ရှူးရှူးရှဲရှဲ အသံပြုပြီး ဖော်ပြု၍မရသောမာန် ထုတ်လွှတ်လိုက်သည်။ဝိုင်ဗန်သုံးကောင် ကြောက်ရွံ့သွားပြီး မြေပြင်ပေါ်၌ လှဲချကာ မလှုပ်ရှားရဲတော့ပေ။ဒိုဒိုသည် ကျောပိုးအိတ်ထဲသို့ တွန့်လိပ်သွားလိုက်သည်။ဒိုဒိုသည် နဂါးတစ်ကောင်အား ဝါးမျိုခဲ့ခြင်းကို ပြန်တွေးမိရင်း ထိုနဂါး၏လက်စားချေမှုကို စိုးရိမ်နေသည်။သူသည် မျက်လုံးများ ဖုံးအုပ်ထားပြီး တထိတ်တလန့်နှင့် တုန်လှုပ်နေ၏။
ဒေလီယာနှင့် ရိုမန်တို့လည်း အားထုတ်နေရသည်။သူတို့သည် ခွန်အားကို အသုံးပြု၍ ခုခံနေသည်။ချန်လွေ့တစ်ယောက်တည်းသာ သဟဇီဝစာချုပ်ကြောင့် နဂါးမာန်၏ သက်ရောက်မှုကို မခံရပေ။
နဂါးမာန် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး ကြီးမားသော ခန္ဓာကိုယ်သည် ကောင်းကင်ထဲ၌ အလျင်အမြန်ပင် ကျုံ့ကာ ပြောင်းလဲလာသည်။သူ ဆင်းသက်သည့်အခါ လူအသွင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ ဟား ဟား ”
ပါ့ဂ်လီအို၏ရယ်သံသည် ရေကန်ပြာတစ်လျှောက် ပဲ့တင်ထပ်သွား၏။
“ ချီးထုပ် သန်းခေါင်နေ။နောက်ဆုံးတော့ သခင်ကြီး ပါ့ဂ်လီအိုဆိုတဲ့ငါက ဒီရွံစရာနေရာကနေ ထွက်သွားနိုင်ပြီ။ ”
ထိုနာမည်ကို ကြားသည့်အခါ ချန်လွေ့၏ မိတ်ဆွေဟောင်း ဖြစ်သူကို ရိုမန်နှင့် ဒေလီယာတို့ သိသွားကြသည်။ထိုနဂါးသည် အသံတိတ်ညစိမ့်မြေရှိ ရတနာသိုက်၏ ပိုင်ရှင်အသစ် ဖြစ်ရပေမည်။သူသည် “ အခန့်ညားဆုံး၊အတော်ဆုံးနဲ့ နဂါးမတွေ အကြွေဆုံး ” ဟူ၍ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြောခဲ့သော အတ္တပေမဝါဒီသမားလည်း ဖြစ်သည်။
ဆယ်မိနစ်ဆက်တိုက် ပါ့ဂ်လီအို ရယ်ပြီးနောက် ချန်လွေ့ နားအူသွားသည်။ နောက်ဆုံး၌ သူ သည်းမခံနိုင်တော့ဘဲ မကျေနပ် ပြောလိုက်သည်။
“ တော်လောက်ပြီ။ပါ့ဂ်လီအို။ရယ်မနေနဲ့တော့။ ”
“ ဟီးဟီး.... ”
ပါ့ဂ်လီအိုသည် တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားမှု လျော့ပါးသွားသည်။သူ ပင့်သက်ရှိုက်ရင်း မူးဝေသွားပုံရသည်။
“ လွတ်လပ်မှုရဲ့လေထုက တကယ့်ကို အံ့ဩစရာကောင်းတာပဲ။အဲဒီနှစ်တုန်းက မင်းရဲ့ စာချုပ် ချုပ်ခဲ့တာက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့တဲ့ပုံပဲ။ဒါနဲ့ ငါ့ရတနာတွေအားလုံးကို မင်းရခဲ့လား။ ”
“ အဲဒါက ကျုပ်ရဲ့ရတနာပါ။ ”
ချန်လွေ့က ဒေါသတကြီး ပြောသည်။
“ အဲဒီရတနာသိုက်ထဲမှာ နတ်ဆိုးဧကရာဇ်အဆင့် အလောင်းအောက်လမ်းပညာရှင် တစ်ယောက် ရှိနေတယ်။သူ့ကြောင့် ကျုပ် သေတော့မလို့။ ”
“ မဖြစ်နိုင်ဘူး။စွမ်းအင်ရေစင်ထဲမှာ လူတစ်ယောက်ကို ငါသတ်ပစ်ခဲ့တာ မှတ်မိတယ်။သူက သေသွားပြီ။သူ အလောင်း အောက်လမ်းပညာရှင် ဖြစ်သွားတာတော့ မဖြစ်နိုင်ဘူးမလား။ ”
“ သူက လျို့ဝှက်နည်းလမ်းတစ်ခုသုံးပြီး သေဟန်ဆောင်ခဲ့တာ။အဲဒီတုန်းက ခင်ဗျား နတ်ဆိုးအရှင်သခင်ဖြစ်လို့ တော်သေးတာပေါ့။ခင်ဗျားက လေ့ကျင့်ရင်းနဲ့ ဦးနှောက်ပျက်သွားတာနေမယ်။အဲဒါကိုတောင် ခင်ဗျား သတိမထားမိခဲ့ဘူး။ ”
ချန်လွေ့က လွတ်လွတ်လပ်လပ် ပျက်ရယ်ပြုလိုက်သည်။ရုတ်တရက် သူ သတိထားမိသွားသည်။
“ ပါ့ဂ်လီအို။ခင်ဗျား ဘာလို့ သေသေချာချာ မှတ်မိနေရတာလဲ။ခင်ဗျားရဲ့မှတ်ဉာဏ် ပိုကောင်းလာတာလား။ ”
ပါ့ဂ်လီအိုလည်း သဘောပေါက်သွားပြီး ကိုယ့်ခေါင်းကိုယ် ပုတ်လိုက်သည်။
“ [ အလင်းအမှောင် သော့ခလောက် ] ။အဲဒါက [ အလင်းအမှောင် သော့ခလောက် ] ရဲ့ အစွမ်းကြောင့် ဖြစ်ရမယ်။ ”
ပါ့ဂ်လီအိုအတွက် လွန်ခဲ့သော အနှစ်၂၀၀၀သည် အိပ်စက်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် မှတ်ဉာဏ် ကြီးကြီးမားမား လျော့ပါးသွားရန် အကြောင်းရင်း မရှိပေ။ ယခုစဉ်းစားကြည့်သည့်အခါမှ ၎င်းသည်အကြောင်းရင်း ဖြစ်နေလေသည်။
“ မရဘူး။ ”
ချန်လွေ့သည် အဆိပ်နဂါးအတွက် စိတ်ထဲမှ ဝမ်းသာသည်။သို့သော်လည်း
“ ဒီတစ်ခေါက် စွန့်စားရတာက ထင်ထားတာထက် ပိုများတယ်။ရတနာတွေ ဝေစုခွဲတာ ပြန်ပြင်ဖို့လိုတယ်။ခင်ဗျား ၂၀% ယူ။ကျုပ် ၈၀% ယူမယ်။ ”
“ ဘာ။၂ အချိုး ၈ ဟုတ်လား။မင်းက နဂါးဆယ်ကောင်ပေါင်းတာထက်ကို ပိုပြီးတော့ လောဘကြီးတာလဲ။နဂါးကိုတောင် သတ်ချင်သတ်မှာ။ ”
ဒေလီယာနှင့်ရိုမန်တို့က သူတို့ခေါင်းဆောင်က နဂါးတစ်ကောင်နှင့် စကားစစ်ထိုးနေသည်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေလိုက်ကြသည်။ ဈေးဆစ်သည့်အစွမ်းသည် ကောင်းလွန်းလှသည့်အတွက် မိန်းမတစ်ယောက်ဖြစ်သော ဒေလီယာကိုပင် ရှက်သွားစေသည်။
နောက်ဆုံး၌ အပိုင်းအခြားသည် ၅.၁ အချိုး ၄.၉ ဖြစ်သွား၏။၀.၁% သာ တိုးလာသော်လည်း လောဘကြီးသော ကပ်စေးနဲ နဂါးတစ်ကောင်နှင့် ကြုံတွေ့ရာ၌ ၎င်းသည် အတော်လေးကောင်းမွန်သော ရလာဒ်တစ်ခုပင် ဖြစ်သည်။
ချန်လွေ့သည် ပါ့ဂ်လီအိုအား ရိုမန်နှင့် ဒေလီယာတို့ကို မိတ်ဆက်ပေးသည်။ ပါ့ဂ်လီအိုက နှုတ်မဆက်ဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။နဂါးတို့၏မာနသည် လူသိများသည့်အတွက် သူတို့နှစ်ယောက် စိတ်ထဲမထားခဲ့ပေ။ထို့ပြင် သူတို့ကြားရှိ စွမ်းအား ခြားနားချက်မှာ အလွန်ကြီးမားသည်။၎င်းသည် ယဉ်ကျေးနေပြီ ဖြစ်သည်။လူတိုင်းသည် ချန်လွေ့ကဲ့သို့ မူမမှန်သူ မဟုတ်နိုင်ကြပေ။
“ ပါ့ဂ်လီအို။အခု [ အလင်းအမှောင်သော့ခလောက် ] ကို ဖယ်ရှားပြီးပြီ။ခင်ဗျားရဲ့ စွမ်းအား ဘယ်လောက်ပြန်ရပြီလဲ။ ”
“ အခုတော့ နတ်ဆိုးဧကရာဇ် ကနဦးပိုင်းပဲ ရှိသေးတယ်။ ”
ပ့ါဂ်လီအို မျက်မှောင်ကြုတ်လိုက်သည်။
“ အရင်က မင်းငါ့ကိုပေးတဲ့ ဆေးရည်တွေနဲ့ဆိုရင်တော့ သိပ်မကြာခင်မှာ နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဆီ ပြန်ရောက်နိုင်တယ်။ရှေးမှော်စာကို မဖယ်ရှားနိုင်ရင်တော့ နတ်ဆ်ုးဧကရာဇ်အဆင့်မှာပဲ ငါနေနေနိုင်မယ်။ဒါနဲ့ ဒုတိယပစ္စည်းကို မင်း ရှာတွေ့ခဲ့လား။ ”
ချန်လွေ့ ခေါင်းညိတ်ပြီး ကျောပိုးအိတ်မှ ငွေသေတ္တာကိုထုတ်ကာ ပါ့ဂ်လီအိုအား ကမ်းပေးလိုက်သည်။
ပါ့ဂ်လီအို၏မျက်လုံးများ အရောင်တောက်သွားသည်။သူသည် သေတ္တာကို သေသေချာချာ ယူပြီး ခဏမျှ ပွတ်သပ်လိုက်သည်။သို့သော်လည်း ၎င်းကိုမဖွင့်ခဲ့ပေ။
“ ဒီသေတ္တာပဲ ဖြစ်မယ်။ဖွင့်လိုက်ရင် အသက်စွမ်းအားကို အမြန်စုပ်ယူနေတဲ့ ထူးထူးဆန်းဆန်း အငွေ့အသက်တစ်ခု ရှိတယ်။ပြီးတော့လည်း အဲဒါက တော်ဝင်မိသားစုတွေရဲ့စွမ်းအားကို ကြီးကြီးမားမား ဖိနှိပ်နိုင်တယ်။ကျုပ်တို့မှာ ဒါရှိနေသရွေ့ စွမ်းအားကြီးတဲ့ တော်ဝင်မိသားစုတွေနဲ့ ရင်ဆိုင်ရရင်တောင် ကြောက်စရာ မလိုတော့ဘူး။ ”
“ ဘာ။မင်းဖွင့်လိုက်တယ်။ဟုတ်လား။ ”
ပါ့ဂ်လီအို သိမ့်သိမ့်တုန်သွား၏။
ချန်လွေ့၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် အဆိပ်နဂါး တည်တည်တံ့တံ့ ဖြစ်သွားသည်။
“ ဒီသေတ္တာထဲမှာ ရှိတာက ပေ့ါသေးသေး မဟုတ်ဘူး။အရင်တုန်းကတောင် ငါဒါကို မဆင်မခြင် မထိရဲဘူး။မင်း ဘယ်ကပ်ဘေးကိုမှ မဆွဲဆောင်ချင်ဘူးဆိုရင် ဒါကို နောက်ထပ် မဖွင့်နဲ့။ ”
ပါ့ဂ်လီအို ဤမျှလောက် အတည်အတံ့ပြောသည် ချန်လွေ့ ယခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ဒုတိယအကြိမ်ဖွင့်ပြီးနောက် မသက်မသာခံစားရခြင်းနှင့် အဆိပ်နဂါးကို ထိုစဉ်က အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ချိပ်ပိတ်ခဲ့သည်ကို သတိရပြီး ချန်လွေ့ ဆက်မနောက်နေတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“ ဒီသေတ္တာရဲ့ လျို့ဝှက်ဆန်းကြယ်မှုကို မင်း နတ်ဆိုးဧကရာဇ်အဆင့် ရောက်တဲ့အခါ နည်းနည်း သိခွင့်ရှိနိုင်လိမ့်မယ်။ ”
ပါ့ဂ်လီအို လေးလေးနက်နက် ပြောသည်။
“ မင်းက အသက်ဓာတ်ရေစင်ကို ထိန်းချုပ်နိုင်တာငါသိတယ်။ပြီးတော့လည်း မင်းက စွမ်းအင်ရေစက်ကို လျို့ဝှက်နည်းတစ်ခုနဲ့ သိမ်းပြီးသွားပြီ ဖြစ်မယ်။အသက်ဓာတ် ရေစင်ဖြစ်ဖြစ် စွမ်းအင်ရေစင်ဖြစ်ဖြစ် တစ်ခုခုထဲကို အဲဒီသေတ္တာနှစ်ထားဖို့ နေရာတစ်ခု မင်းရှာဖို့လိုတယ်။ငါ့ကို ကတိပေး။ဇိုလာကို ရှာမတွေ့မချင်း အဲဒီသေတ္တာကို မထိနဲ့။ ”
နတ်ဆိုးဧကရာဇ်အဆင့်ရောက်မှ ဒီသေတ္တာရဲ့ လျို့ဝှက်ချက်ကို ငါသိနိုင်တယ်လား။ အစက ချန်လွေ့သည် [ အထူးစိစစ်မှု ] ဖြင့် ငွေသေတ္တာကို စမ်းသပ်ချင်ခဲ့သည်။ ထိုစကားကိုကြားပြီးနောက် ချန်လွေ့ တိတ်တဆိတ် တုန်လှုပ်သွားပြီး ထိုအတွေးများကို ဖယ်ရှားလိုက်သည်။
ငွေသေတ္တာ ဝှက်ထားရမည့်နေရာအတွက် ချန်လွေ့သည် ရှီလန်တောင် မြေအောက်လောကရှိ ပြိဿနှင့် မြေဒြပ်စင်ကောင်တို့၏ အသက်ဓာတ်ရေစင်ကို ရွေးချယ်၍ရသည်။ထို့ပြင် သူတို့ကိုလည်း စောင့်ကြပ်ထားခိုင်း၍ရသည်။
“ သိပါပြီ။ ”
“ မင်း သဘောပေါက်ရင် ပြီးတာပဲ။ဒီအကြောင်း ထပ်မပြောဘဲ နေရအောင်။ ”
အဆိပ်နဂါးက လက်မောင်းများ ဆန့်ထုတ်လိုက်သည်။
“ သွားကြမယ်။ငါ့ဖင်ကို အသားမာတက်အောင် လုပ်ခဲ့တဲ့ ဒီလို ရွံစရာနေရာမှာ ငါမနေချင်တော့ဘူး။ ”