ဆွေမျိုးများနှင့် မိတ်ဆွေများအကြား တညီတညွတ်တည်း ဆုံးဖြတ်ချက်
Vol. 16 Ch. 227
အမှောင်လမြို့ ပြိုင်ကွင်းခန်းမထဲ၌ -
ဗာဆာရှာထံမှ သတင်းရပြီးနောက် အသီနာ အပြေးရောက်လာသည်။
လမ်းအဝင်ဝ၌ အသီနာသည် ရေကန်ပြာ၌ အကျဉ်းချနေသင့်သော အဆိပ်နဂါးကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။အဆိပ်နဂါးသည် နံရံကို အေးအေးဆေးဆေး မှီနေပြီး ဝိုင်သောက်နေ၏။သူ၏ဘေး၌ ဒိုဒိုသည် လင်ဗန်းတစ်ချပ် ကိုင်ထားပြီး စားပွဲထိုး တစ်ယောက်အဖြစ် သေသေချာချာ သရုပ်ဆောင်နေသည်။ရံဖန်ရံခါ၌ ဒိုဒိုသည် တစ်ငုံနှစ်ငုံ ခိုးသောက်၏။
အသီနာ အံ့အသင့်သွားသည်။
“ ပါ့ဂ်လီအို။ရှင့်ရဲ့ [ အလင်းအမှောင် သော့ခလောက် ] ကို ဖယ်ရှားပြီးသွားတာလား။ ”
ပါ့ဂ်လီအိုက အသီနာသည် စိတ်ရင်းထဲမှ ပျော်နေကြောင်း မြင်လိုက်ပြီး ပြုံးဖြီးဖြီးလုပ်ကာ ဘေးဘက်ကို လက်အမူအရာပြလိုက်သည်။
“ အင်း....။ဟိုကောင် အထဲမှာရှိနေတယ်။သူက ငါ့ရဲ့ရတနာ တစ်ဝက်ကျော်ကိုလည်း ယူသွားတယ်။ပြီးတော့ မိန်းမတစ်ယောက်ကိုတောင် ပြန်ခေါ်လာခဲ့သေးတယ်။သူ့ကို သေသေချာချာ စောင့်ကြည့်ဖို့ မမေ့နဲ့။သူ့ပိုက်ဆံအိတ်ကိုလည်း သေသေချာချာ ကိုင်ထား။နောက်ထပ် မိန်းမတစ်ယောက် အပြင်မှာ ထပ်မရှာအောင်လို့။ ”
ကပ်စေးနဲ အဆိပ်နဂါးသည် ရတနာဝေစု ၀.၁% အတွက် ချန်လွေ့အား လက်စားချေနေခြင်းမှာ အသေအချာပင် ဖြစ်သည်။ချန်လွေ့က မိန်းမတစ်ယောက်ကို ခေါ်လာကြောင်း ကြားသည့်အခါ အသီနာ မျက်မှောင်ကြုတ်ပြီး အထဲဝင်သွားသည်။
မကြာမီ၌ အသီနာ၏ စိတ်လှုပ်တရှားအော်သံ အခန်းထဲမှ ထွက်လာ၏။ချန်လွေ့ ခေါ်လာသော မိန်းမသည် အသီနာနှင့် သုံးနှစ်ကျော် မတွေ့ခဲ့ကြရသည့် သူငယ်ချင်းကောင်း ဒေလီယာ ဖြစ်နေသည်။သူ၏ဘေး၌လည်း ရိုမန်ရှိနေ၏။
ဒေလီယာက ဇာမျက်နှာလွှား ဝတ်ဆင်ထားသော်လည်း အသီနာသည် အလျင်အမြန်ပင် မှတ်မိသွားသည်။သူငယ်ချင်းဟောင်းနှင့် ပြန်ဆုံတွေ့ရသည့်အတွက် အသီနာ အလွန်ပျော်ရွှင်နေပုံရသည်။
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ အသီနာ။မင်းကို ချစ်သူထက် သူငယ်ချင်းကို ပိုပြီး ဦးစားပေးနေတာပဲ။ ကိုယ်ပြန်လာတာ မြင်ပြီးတာတောင် ကိုယ့်ကို ဂရုမစိုက်ဘူး... ”
အခန်းထဲ၌ ဒေလီယာနှင့် ရိုမန်သာမက အရတ်စ်၊ရွိုင့်စ်နှင့် ဗာဆာရှာတို့လည်း ရှိသည်။အသီနာသည် ချန်လွေ့အား ခါးသက်သက် အပြုံးဖြင့်ကြည့်ကာ လမ်းလျှောက်လာပြီး လူအားလုံးအရှေ့၌ ချန်လွေ့၏မျက်နှာကို နမ်းလိုက်သည်။
“ ဒါဆို လုံလောက်ပြီလား။ ”
ခုနက အသီနာသည် ချန်လွေ့ ဘေးကင်းကင်းနှင့် ပြန်လာသည့်အတွက် မထိန်းချုပ်နိုင်ဘဲ နမ်းခဲ့သည်။သူ၏လုပ်ရပ်သည် ပွင့်လင်းသော်လည်း နမ်းပြီးနောက် သူ၏ပါးနှစ်ဖက် နီမြန်းနေသေးသည်။သူသည် ရှက်နေသည်ကို ဖုံးကွယ်ရန်အတွက် ဒေလီယာနှင့် စကားပြောနေလိုက်သည်။
ရိုမန်သည် လေချွန်နေရင်း အုတ်အော်သောင်းတင်း ဖြစ်အောင်လုပ်နေစဉ် အသီနာ၏ လည်ပင်းပေါ်မှ မိစ္ဆာမျက်ရည်ပြာကို မတော်တဆ မြင်တွေ့သွားသည်။ သူ၏မျက်လုံးများ အနည်းငယ် လက်ခနဲဖြစ်သွားပြီး သံသယ ဝင်သွားသည်။သူ စကားမပြောနိုင်ခင်မှာပင် ရှက်နေသော အသီနာသည် ထွက်ပြေးချင်နေသကဲ့သို့ပင် ဒေလီယာအား အခန်းထဲ ဆွဲခေါ်သွားကာ မိန်းကလေးစကားဝိုင်း စတင်တော့သည်။
ချန်လွေ့သည် မျက်နှာကို ကိုင်လိုင်ပြီး နှလုံးသား ပူနွေးသွား၏။ ဒီကောင်မလေးက ပိုပိုပြီးတော့ ပွင့်လင်းလာတယ်။ဒါပေမဲ့ ငါ သဘောကျတယ်။
လည်ပင်းဆန့်ပြီး အခန်းထဲ ကြည့်နေသော ရိုမန်ကို မြင်လိုက်ပြီးနောက် ချန်လွေ့သည် ရိုမန်ဆီသို့ လမ်းလျှောက်လာ၏။
“ ဟေး။မင်း ဘာကြည့်နေတာလဲ။ ”
ရိုမန်က စဉ်းစဉ်းစားစားနှင့် ပြန်ဖြေသည်။
“ အသီနာကို ကြည့်နေတာ.... ”
“ ခွေးကောင်။ဒေလီယာ ရှိနေတာတောင် မကျေနပ်သေးဘူးလား။မင်းက တကယ်ပဲ အသီနာကို စိတ်ဝင်စားနေတာပဲ။ ”
ချန်လွေ့၏အသံ ရုတ်တရက် မြင့်တက်သွား၏။
“ အသီနာက ငါ့အပိုင်ပဲ။ ”
အသီနာနှင့်ဒေလီယာတို့က မိမိကိုကြည့်နေကြောင်း ရိုမန်မြင်လိုက်ပြီး အမြန်ရှင်းပြသည်။
“ မဟုတ်ဘူး။ငါကြည့်နေတာက သူ့ရဲ့.... ”
ချန်လွေ့သည် ရိုမန် စကားပြောပြီးသည်အထိ မစောင့်ဘဲ အသံကျယ်ကျယ် ပြောလိုက်သည်။
“ ရေကန်နားမှာ မင်းငါကို သတ်ပြီးတော့ အသီနာကို မြူဆွယ်မယ်လို့ ပြောခဲ့တာက တကယ်များလား။မင်းက တစ်ယောက်ယောက်ရဲ့ မိန်းမတွေ၊မုဆိုးမတွေကိုပဲ သဘောကျတာ မဟုတ်လား။ ”
ထိုအသံကျယ်ကျယ်ကြောင့် ရွိုင့်စ်နှင့် အခြားသူများပင် ရိုမန်ကို အာရုံစိုက်လာကြသည်။ ရိုမန်သည် ချက်ချင်းပင် ငိုရမှန်းမသိ ရယ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ ငါပြောတာ နားထောင်ပေးပါ။ခေါင်းဆောင် ဦးလေး ချန်လွေ့။စကား တိုးတိုး ပြောပေးပါလား။နတ်ဆိုးဘုံ တစ်ခုလုံးကို သိသွားစေချင်လို့လား။ငါ အဲလိုပြောချင်တာ မဟုတ်ပါဘူး။ပြီးတော့လည်း ငါမင်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ”
အသံတိတ်ညစိမ့်မြေ ရတနာသိုက်ထဲရှိ တိုက်ပွဲအတွင်း၌ ရိုမန်သည် မီးသင့်နဂါးတိုက်ကွက် အပါအဝင် ချန်လွေ့၏ အမျိုးမျိုးသော မယုံနိုင်စရာ အစွမ်းများကို မျက်မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။၎င်းကို ရိုမန်ကိုယ်တိုင်ပင် တိုက်ရိုက် မခုခံရဲပေ။ဒေလီယာနှင့် ရိုမန်တို့က ချန်လွေ့အပေါ်၌ သစ္စာရှိနေရခြင်းမှာ ရင်းနှီးမှုကြောင့်သာ မဟုတ်ဘဲ ခွန်အားသည်လည်း အလွန်အရေးကြီးသော အကြောင်းရင်းတစ်ရပ် ဖြစ်လေသည်။
“ မရဘူး။ငါမင်းရဲ့ အတိတ်က မကောင်းမှုတွေကို ဒေလီယာနဲ့ အသီတာတို့ဆီ ပြောပြတော့မယ်။ ”
ချန်လွေ့သည် ရိုမန်ကို ရှင်းပြခွင့်မပေးဘဲ အခန်းထဲသို့ ပြေးဝင်သွားသည်။ စကားအနည်းငယ် ပြောပြီးနောက်တွင် အသီနာ ပြုံးစိစိလုပ်ရင်း ခဏရယ်လိုက်သည်။ ဒေလီယာလည်း စိတ်ဓာတ်ကျနေရာမှ သက်သာသွားသည်။
“ လခွမ်း။မကောင်းတော့ဘူး။ ”
ရိုမန်က မိမိသည် မိန်းမ ထောင်ပေါင်းများစွာနှင့် ရှုပ်ခဲ့ကြောင်း ချန်လွေ့အား ကြွားခဲ့မိသည်ကို သတိရလိုက်ပြီး စိတ်ကွက်လပ် ဖြစ်သွားသည်။ထို့နောက် သူ၏မကောင်းမှုများကို သွားတိုင်တန်းသော ချန်လွေ့သည် အခန်းထဲမှ ခပ်မြန်မြန် ပြန်ရောက်လာသည်ကို ရိုမန် မြင်လိုက်ရသည်။မမျှော်လင့်ဘဲနှင့် ချန်လွေ့သည် လက်ဝှေ့ရမ်းပြီး ရိုမန်အား တလက်လက်တောက်နေသော တစ်စုံတစ်ခုကို ပစ်ပေးလိုက်သည်။
ရိုမန်သည် ၎င်းကို ဖမ်းလိုက်ပြီး လည်ဆွဲဖြစ်နေကြောင်း သိလိုက်သည်။ထိုအခါမှ ရိုမန်သည် ချန်လွေ့က သူ၏ရည်ရွယ်ချက်ကို သိရှိသွားခဲ့ပြီး အပျော်သက်သက် အရူးလုပ်ခဲ့ကြောင်း သဘောပေါက်သွားသည်။
“ အရေးကြီးတာ တစ်ခုခုလုပ်ဖို့ ပါ့ဂ်လီအိုရဲ့ ရတနာတွေကို ငါလိုသေးတယ်။ အဲဒါကြောင့် ငါမင်းကို မမျှဝေနိုင်သေးဘူး။ဒီ မိစ္ဆာမျက်ရည်ပြာကို လျှော်ကြေးအနေနဲ့ သတ်မှတ်လို့ရတယ်။ ”
“ ဒါက တကယ့်ကို မိစ္ဆာမျက်ရည်ပြာပဲ။ ”
ရိုမန်၏မျက်လုံးများ အရောင်တောက်သွား၏။
“ ဒါက ငါတို့ ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ အရိပ်လေပြေ ဘွတ်ဖိနပ်ပြီးရင် အစွမ်းထက်ဆုံး လျို့ဝှက်ရတနာပဲ။မင်းဘယ်လို ရခဲ့တာလဲ။ ”
ချန်လွေ့က ဘေးမှ ရွိုင့်စ်နှင့် ဗာဆာရှာတို့ကို လက်ညှိုးထိုးပြလိုက်သည်။
“ ငါ့ရဲ့ အလုပ်ကြိုးစားတဲ့ အစွမ်းထက် လက်အောက်ငယ်သား နှစ်ယောက်ရဲ့ ကျေးဇူးကြောင့်ပါ။သူက အထူးလျို့ဝှက်နည်းလမ်းကို အသုံးပြုပြီးတော့ မိစ္ဆာမျက်ရည်ပြာရဲ့ တည်နေရာကို ရှာတွေ့သွားခဲ့တယ်။နောက်တော့ ငါ့လက်ထဲ ရောက်လာတာပဲ။ ”
“ အထူးလျို့ဝှက်နည်းလမ်း ဟုတ်လား။ ”
ရိုမန်က ရွိုင့်စ်နှင့် ဗာဆာရှာတို့သည် မဟာနတ်ဆိုးများဖြစ်ကြပြီး ဘယ်ဖီဂေါ တော်ဝင်မိသားစုဝင် မဟုတ်ကြောင်း သိသည်။ထို့ကြောင့် သူ သိချင်မိသွားသည်။
“ ငါ့မိသားစုရဲ့ လျို့ဝှက်ရတနာဖြစ်တဲ့ မိစ္ဆာမျက်ရည်ပြာကို ဘာလျို့ဝှက်နည်းလမ်းက အာရုံခံနိုင်တာလဲ။ဘယ်လိုလုပ် ငါတောင် မသိရတာလဲ။ ”
ထိုလျို့ဝှက်နည်းလမ်း ဆိုသည့်အရာမှာ “ အိပ်ယာပေါ်လှိမ့်နေခြင်း ” သာ ဖြစ်သည်။ရွိုင့်စ်သည် မကြားချင်ယောင်ဆောင်ပြီး ဘေးမှအရတ်စ်နှင့် စကားဆက်ပြောနေသည်။ရိုမန်က ထိုမေးခွန်းကို မေးသည့်အခါ ဗာဆာရှာ ရှက်သွေးဖြာသွားခဲ့သည်။ကံကောင်းစွာပင် သူ၏အရေပြားမှာ မူလကတည်းက အနီရောင် ဖြစ်သည့်အတွက် မသိသာလှပေ။
“ လျို့ဝှက်နည်းလမ်း ဆိုမှတော့ လျို့ဝှက်နည်းလမ်းပေါ့။မင်းဘာလို့ လျှာရှည်နေတာလဲ။မြန်မြန် ဝတ်ကြည့်လိုက်။ဒေလီယာနဲ့ အသီနာတို့က မင်း အဲဒီရတနာကို ဝတ်မှာ စောင့်နေကြတယ်။ ”
ချန်လွေ့ ရယ်လိုက်သည်။ထိုမိစ္ဆာမျက်ရည်ပြာသည် မိန်းမလည်ဆွဲတစ်ခု ဖြစ်သည်။ ချန်လွေ့ ရခဲ့စဉ်က တုံ့ဆိုင်းနေခဲ့သည်။သို့သော်လည်း [ အထူးစိစစ်မှု ] အတွက် သူ ရွေးစရာမရှိတော့ဘဲ အခန်းထဲပုန်းကာ ဝတ်ခဲ့ရသည်။ထို့အတွက် သူ့ကို အသီနာက ပျက်ရယ်ပြုလေ့ရှိသည်။
ရိုမန် ခေါင်းလှည့်လိုက်ရာ အခန်းထဲရှိ အမျိုးသမီး နှစ်ယောက်က သူ့ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။ နောက်ဆုံး၌ သူသည် ချန်လွေ့၏ “ ဆိုးယုတ်သော ” ရည်ရွယ်ချက်များကို သဘောပေါက်သွားပြီး ပြုံးလိုက်သည်။
“ တစ်ခုပြောပြမယ်။ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ လျို့ဝှက်ရတနာက ဒီလိုသုံးရတာ မဟုတ်ဘူး။ ”
ပြောနေရင်း ရိုမန်၏ [ မိစ္ဆာမျက်လုံး ] မှ အလင်းရောင်ဖျော့ဖျော့ တောက်လာပြီး လည်ဆွဲမှလည်း ထူးဆန်းသော အလင်းရောင် ထွက်လာသည်။ရိုမန်၏ ထိန်းချုပ်မှု အနည်းငယ် ခံရပြီးနောက် ၎င်းသည် အပြာဖျော့ရောင် မျက်မှန်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရိုမန်သည် မျက်မှန်ဝတ်လိုက်ပြီး ချန်လွေ့အား မျက်လုံးမှိတ်ပြလိုက်သည်။
“ သဘောအတိုင်းပါ။ခေါင်းဆောင်ဆိုးကြီး။ ”
လက်စသတ်သော ဒါက အသွင်ပြောင်းလို့ ရတာကိုး။ ရိုမန်ကို ဟားတိုက်ချင်နေသော ချန်လွေ့သည် ဒေါသတကြီးနှင့် ခေါင်းကိုပုတ်လိုက်သည်။ အဲဒါကို မျက်မှန်ပြောင်းလို့ရတာ ငါသိခဲ့ရင် ကောင်းမယ်။ငါက သက်သက်ကြီး အသီနာရဲ့ ပျယ်ရယ်ပြုတာ ခံခဲ့ရတာ မဟုတ်လား။
အသီနာက ဒေလီယာကို ဆွဲခေါ်ပြီး ချန်လွေ့အား ပြုံး၍ကြည့်ကာ လမ်းလျှောက်လာသည်။သူသည် အသေအချာပင် ဝင့်ကြွားနေ၏။ချန်လွေ့လည်း လမ်းလျှောက်လာသည်။သူက အငြိုးဖြင့် တရင်းတနှီးပြုလုပ်ရန် ပြင်လိုက်စဉ် အသီနာသည် ဒေလီယာ၏ လက်ကို လွှတ်ပြီး လမ်းလျှောက်လာသည်။အသီနာက အသံတိုးတိုးဖြင့် ပြောသည်။
“ အရေးကြီးကိစ္စ တစ်ခုရှိတယ်။ငါ့အဖေက အမှောင်လမြို့ကို ရောက်နေပြီ။ ”
ချန်လွေ့ ကြက်သေသေသွားသည်။ အသီနာရဲ့အဖေ၊ အင်ပါယာရဲ့ပထမ ဗိုလ်ချုပ်ဖြစ်တဲ့ ဂျော့ခ်ျဝေးလ်စ်က တကယ်ပဲ မှော်ဆရာခံတပ်ကနေ အမှောင်မြို့ကို ရောက်လာတယ်။
“ ဒီတစ်ခေါက် ငါ့အဖေက ငါတို့ကိစ္စအတွက် တိတ်တိတ်လေး ပြန်လာတာ။ ”
အသီနာက နှုတ်ခမ်းကို အသာလေး ကိုက်လိုက်သည်။
“ ငါက အမှောင်လမြို့က လှည့်ဖြားတတ်တဲ့ လူသားတစ်ယောက်ရဲ့ နည်းလမ်းတချို့နဲ့ အလှည့်စားခံနေရတယ်လို့ သူက မှော်ဆရာခံတပ်ကနေ သတင်းရခဲ့တယ်။ ”
“ အဲဒါက ဆာဂီပဲ ဖြစ်မယ်။ ”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီမျိုးမစစ်ကောင်က ဘယ်လိုလုပ် အမှန်တရားကို လွှဲမှားအောင် လုပ်ရတာလဲ။ အမှောင်လမြို့က အပြစ်မဲ့တဲ့ လူသားရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို နည်းလမ်းတချို့နဲ့ လှည့်စားခဲ့တာက မင်းဆိုတာ အသိသာကြီးကို။ ”
အသီနာက ချန်လွေ့ကို လက်သီးဖြင့်ထိုးပြီး ညုတုတု ပြောလိုက်သည်။
“ ပေါက်ကရတွေ ပြောမနေနဲ့။ငါအဖေက လွန်ခဲ့တဲ့ နှစ်ရက်တုန်းကနေ အမှောင်လမြို့ကို ရောက်လာခဲ့တာ။ငါတို့နှစ်ယောက်ကြားက ကိစ္စကို ငါဖွင့်ပြောခဲ့တယ်။သူက လုံးဝ သဘောမတူဘဲနဲ့ ငါ့ကို မှော်ဆရာခံတပ်ဆီ ပြန်ခေါ်သွားမယ်လို့တောင် ပြောခဲ့တယ်။ငါလည်း အချိန်ဆက်ပြီး ဆွဲထားတယ်။မနေ့က အဲလစ် ငါ့ကို အကြံတစ်ခု ပေးတဲ့အချိန်အထိပေါ့.... ”
လိုလီလေး၏နာမည်ကို ကြားသည့်အခါ မကောင်းသည့်အရာ တစ်ခုခု ဖြစ်မည်ကို ချန်လွေ့ သိသည်။ထို့ကြောင့် ခပ်မြန်မြန် မေးလိုက်၏။
“ ဘာအကြံလဲ။ ”
“ ငါ့မှာ.... နင့်ရဲ့ကလေး ရှိနေပြီဆိုတာကို အဖေ့ဆီ ပြောဖို့ပဲ။ ”
အသီနာ၏ ပါးနှစ်ဖက် ပူလောင်သွားပြီး တီးတိုးပြောလိုက်သည်။
“ ငါ့မှာ ကိုယ်ဝန်ရှိနေနိုင်ပြီလား။ ”
စိတ်ထဲ၌ ပြင်ဆင်ထားသော်လည်း ချန်လွေ့ တုန်လှုပ်သွားခဲ့သည်။ ဒါက “ ပြီးခဲ့တာတွေပြီးပြီ ” ဆိုတဲ့ ဇာတ်ကွက်ပါတဲ့ ညစ်ညမ်းစာအုပ် နောက်ထပ်တစ်အုပ် ဖြစ်မယ်။အသီနာ၏ မျှော်လင့်နေသော မေးခွန်းကို ချန်လွေ့သည် ခါးသပ်သက်သာ ပြုံးပြနိုင်သည်။ငါတို့က “ ဖတ်ဖတ်ဖတ် ” တောင် မလုပ်ရသေးဘူး။ဘယ်လိုလုပ်ပြီး ကလေးရနိုင်မှာလဲ။ငါတို့က အရည်တစ်ခုခုသောက်ပြီး ကိုယ်ဝန်ရနိုင်တဲ့ မယ်ဒူဆာတွေ လိုမျိုးမှ မဟုတ်တာ ....... ”
“ မင်းအဖေ ဘာပြန်ပြောလဲ။ ”
“ သူ.....စိတ်ပြောင်းသွားတယ်။ ”
အသီနာ မျက်တောင်ခတ်ပြီး မလည်မဝယ်နှင့် ပြောသည်။
“ သူက နင့်ကိုသတ်ပြီးမှ ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ”
ဒီလိုဖြစ်သွားတာကိုး.....။ ချန်လွေ့ ခဏတာမျှ ပြောစရာစကား မဲ့သွား၏။လိုလီလေးမှာ ရည်ရွယ်ချက်ကောင်းကောင်း ရှိချင်ရှိမယ်။ဒါပေမဲ့ သေချာတာကတော့ သူက မကောင်းတဲ့နေရာမှာ အတော်ဆုံးပဲ။ပြီးတော့ ဒီလိုနည်းနဲ့ဆိုရင် အသီနာရဲ့ နှလုံးသားနဲ့ခန္ဓာကိုယ်ကို လှည့်စားရယူခဲ့တယ်ဆိုပြီး ငါ့ကို အပြစ်မြင်မှာ သေချာတယ်။
အသီနာက ချန်လွေ့၏ စိတ်ဓာတ်ကျနေသော မျက်နှာကိုမြင်ပြီး စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
“ ငါတို့အခု ဘာလုပ်သင့်လဲ။ ”
“ စဉ်းစားလိုက်ဦးမယ်..... ”
ချန်လွေ့ အနည်းငယ် စဉ်းစားရကျပ်နေရစဉ် အသံတစ်သံ ထွက်လာသည်။
“ ဘာစဉ်းစားစရာရှိလဲ။သူက ပါ့ဂ်လီအိုရဲ့ အဖော်ကို သတ်ပစ်ရဲရင် ငါသူ့ကို အခုပဲ သတ်ပစ်မယ်။ ”
၎င်းသည် အဆိပ်နဂါး ဖြစ်သည်။ချန်လွေ့နှင့် အသီနာတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ထို့နောက် ပါ့ဂ်လီအို၊ရိုမန်နှင့် အခြားသူများက သူတို့နှစ်ယောက် ပြောနေကြသည်ကို အာရုံစိုက် နားထောင်နေကြောင်း တွေ့လိုက်ရသည်။ခုနက ချန်လွေ့တို့ပြောသည်များကို သူတို့ ကြားသွားကြဟန်တူသည်။
အသီနာ ရှက်သွားသော်လည်း မျက်လုံးများ စူးရှတောက်ပနေ၏။
“ ပါ့ဂ်လီအို။ရှင် ကျွန်မအဖေကို သတ်မလို့လား။ ”
“ သူက မင်းရဲ့အဖေဆိုတော့ ငါသူ့ကို မသေမရှင်ဖြစ်အောင်လုပ်ပြီးရင် အမှောင်လမြို့ကနေ ပစ်ထုတ်လိုက်မယ်။ ”
ပါ့ဂ်လီအိုက ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
“ စိတ်ချပါ။ချန်လွေ့။ငါ ဒီမှာရှိနေရင် ဘယ်သူမှ အသီနာကို ခေါ်သွားလို့မရဘူး။ ”
“ တော်လောက်ပြီ။ ”
ချန်လွေ့က မာနကြီးသော ပါ့ဂ်လီအိုကို အမြန် တားလိုက်သည်။ ဒီလူက ပိုဆိုးအောင် လုပ်နေတာ။သူက လုံးဝကို စိတ်မချရဘူး။
အသီနာက ငယ်ငယ်ကတည်းက အဖေဖြစ်တဲ့ ဂျော့ခ်ျကို အမြဲ လေးစားအားကျခဲ့တာ။ သူတို့သားအဖရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းတယ်။အင်ပါယာရဲ့ ပထမဆုံးဗိုလ်ချုပ်နဲ့ ယောက္ခမကို အာမခံသင့်ဘူး။ပြဿနာက တော်ဝင်မင်းသမီး အပေါ် ယောက္ခမရဲ့ သစ္စာရှိမှုက လူသိများတယ်။အဲဒါကြောင့် လျို့ဝှက်ချက်တွေကို အခု ထုတ်ပြလို့ မဖြစ်သေးဘူး။အရင်ဆုံး ငါရှင်းပြရမယ်ထင်တယ်။ပြီးမှ အသိအမှတ်ပြုခံရဖို့ ကြိုးစားရမယ်။
ချန်လွေ့သည် ကြည့်ခဲ့ဖူးသော အနောက်တိုင်း ဟာသရုပ်ရှင်ကား “ မိဘများနှင့် တွေ့ဆုံခြင်း ” ကို ရုတ်တရက် တွေးမိလိုက်သည်။
၎င်းမှာ သမက်လောင်းက ယောက္ခမလောင်းနှင့် တွေ့ဆုံခြင်းအကြောင်း ဖြစ်သည်။အရာအားလုံး ဖရိုဖရဲဖြစ်ခဲ့ပြီး နောက်ဆုံး၌ သမက်လောင်းဖြစ်သူက အနိုင်ရရှိသွားခဲ့သည်။ထိုရုပ်ရှင်တွင် နောက်ဆက်တွဲ တစ်ခုပင် ရှိပုံရသည်။
တစ်နည်းပြောရလျှင် ရုပ်ဆိုးသမက်သည် ယောက္ခမများအား အနှေးနှင့်အမြန် တွေ့ရမည်သာ ဖြစ်သည်။
“ ငါ့မှာ အကြံတစ်ခု ရှိတယ်။ ”
ယခုတစ်ခေါက် စကားပြောသူမှာ ရိုမန် ဖြစ်သည်။သူ့တွင် မကောင်းသော ရည်ရွယ်ချက် ရှိသည်။သူသည် ပြင်းပြင်းထန်ထန် ကျိန်ဆဲရင်း ပြောလိုက်၏။
“ ဗိုလ်ချုပ် ဂျော့ခ်ျနဲ့သွားတွေ့ဖို့ အားလုံးကို အကြံပြုချင်တယ်။အနည်းဆုံးတော့ ငါတို့တွေ မင်းရဲ့အလောင်းဖြစ်ဖြစ် တစ်ခုခုဖြစ်ဖြစ်ကို ကောက်ပေးလို့ရတယ်။ ”
အဆိပ်နဂါးသည် ချက်ချင်းပင် ထောက်ခံပြီး ရွိုင့်စ်နှင့်အခြားသူများကို ကြည့်လိုက်သည်။နဂါးမာန်ကြောင့်လား၊ သူတို့က မိမိဒုက္ခခံစားရသည်ကို မြင်ချင်၍လား ချန်လွေ့ မသိပေ။အစေခံ(၃)ယောက်သည် အမှန်တကယ်ပင် တည်ကြည်မှု မရှိဘဲ လက်ထောင်လိုက်ကြသည်။အစောကြီးကတည်းက ဒေလီယာ၏လက်ကို ရိုမန် မြှောက်ထားခဲ့သည်။
“ သွားကြမယ်။သွားကြမယ်။ ”
ဒိုဒိုသည် အမှန်တကယ်ပင် ဦးဆောင်နေသည်။ဝိုင်ခိုးသောက်သော စားပွဲထိုး ချွဲကျိကောင် မူးနေသည်မှာ အသေအချာပင် ဖြစ်သည်။ထို့ကြောင့် သူသည် ဗလုံးဗထွေးဖြင့် ပွက်လောရိုက်ခြင်းထဲ ဝင်ပါခဲ့ခြင်း ဖြစ်သည်။နောက်ဆုံး၌ သူသည် ကြက်သွန်နီခန္ဓာကိုယ်ကို ဆက်မထိန်းထားနိုင်တော့ဘဲ ဖောက်ထွင်းမြင်ရသော အရည်အိုင် တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြမ်းပြင်၌ ညင်ညင်သာသာ လှဲလျောင်းနေတော့သည်။
“ အားလုံး သဘောတူကြတယ်ဆိုတော့ ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ”
လောကကြီး ဖရိုမရဲမဖြစ်မည်ကို ပါ့ဂ်လီအို စိုးရိမ်နေပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“ ငါတို့ ဒီကို ရောက်နေပြီဆိုတော့ အခုပဲ သွားလိုက်ကြရအောင်။ ”