ယောက္ခမနှင့် တွေ့ဆုံခြင်း
Vol. 16 Ch. 228
အမှောင်လမြို့ တစ်နေရာရှိ စားသောက်ဆိုင်တစ်ဆိုင်၏ အခန်းအတွင်း၌ ချန်လွေ့သည် မသက်မသာနှင့် မတ်တပ်ရပ်နေ၏။သူ၏အရှေ့တွင် အသက် ၃၄ နှစ်ခန့်ရှိသော အလယ်အလတ် အရွယ်အစားရှိသည့် ယောက်ျားတစ်ယောက် ရှိသည်။ထိုသူတွင် ထက်မြက်သော အသွင်အပြင်နှင့် ထင်ရှားသော နဖူးရိုးများရှိကာ ကြမ်းတမ်းခက်ထန်ပြီး တည်ငြိမ်ပုံပေါ်သည်။
“ မင်းက ချန်လွေ့လား။ ”
ထိုယောက်ျား၏အသံသည် ပြင်းထန်ပြီး စွမ်းအားကြီးကာ ခြိမ်းခြောက်မှု အနည်းငယ်ပါသည်။
ချန်လွေ့ အမြန်ဖြေလိုက်သည်။
“ ဟုတ်ပါတယ်။လူကြီးမင်း။ ”
ထိုသူသည် အသီနာ၏အဖေ၊ အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ်ဖြစ်သော ဂျော့ခ်ျဝဲလ်စ် ဖြစ်ပြီး ချန်လွေ့အား လာတွေ့သော “ယောက္ခမ” ဖြစ်သည်။
ချန်လွေ့ ထင်ထားသကဲ့သို့ မဟုတ်ဘဲ ဗိုလ်ချုပ်ဂျော့ခ်ျက သူ့ကို တွေ့သည့်အခါ အတင်းပြေးဝင်ပြီး မတိုက်ခိုက်ပေ။သူသည် ချန်လွေ့အား ခေါင်းအစ ခြေအဆုံး သေသေချာကြည့်နေလိုက်သည်။၎င်းသည် သူ၏သမက်ဖြစ်သူအား ကျောရိုးတစ်လျှောက် ကြက်သီးများထသွားစေသည်။
သမက်ဖြစ်သူက [ သရုပ်ခွဲမျက်လုံး ] ကို ရဲရဲတင်းတင်း အသက်သွင်းလိုက်သည်။
မျိုးနွယ် - မဟာနတ်ဆိုး( သန္ဓေပြောင်း )။
စွမ်းအားအကဲဖြတ်မှု - မဆုံးဖြတ်နိုင်။
စွမ်းအား မဆုံးဖြတ်နိုင်တဲ့လား။နတ်ဆိုးဧကရာဇ်လား။နတ်ဆိုးအရှင်သခင်လား။ ချန်လွေ့ တုန်လှုပ်သွား၏။ နတ်ဆိုးဧကရာဇ် ဖြစ်နိုင်ချေ အတော်လေး များတယ်။ ယောက္ခမက မဟာနတ်ဆိုးတစ်ယောက် အနေနဲ့ နတ်ဆိုးဧကရာဇ် အဆင့်အထိ ရောက်တဲ့ ပထမဆုံးဗိုလ်ချုပ် ဖြစ်ဖို့ထိုက်တန်ပါပေတယ်။
ငါတို့ တကယ်တိုက်ခိုက်မယ်ဆိုရင် ပါ့ဂ်လီအိုက [ အလင်းအမှောင် သော့ခလောက် ] ကနေ လွတ်လာရုံပဲ ရှိသေးတယ်။ပြီးတော့လည်း သူက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသာသာပဲ။သူ နိုင်လောက်မှာ မဟုတ်ဘူး။ငါ အဆိပ် သုံးကြည့်သင့်လား။ ဒါပေမဲ့ အဆိပ်ကို မထိန်းချုပ်နိုင်ရင်တော့ အသီနာနဲ့ငါက ချစ်သူတွေမဟုတ်ဘဲ ရန်သူတွေ ဖြစ်သွားကြမှာ။
ချန်လွေ့ စိုးရိမ်တကြီးနှင့် အတွေးလွန်နေစဉ် ယောက္ခမဖြစ်သူက ပြောလာသည်။
“ ငါ့မှာ မေးစရာတွေ ရှိတယ်။မင်း အမှန်အတိုင်း ဖြေရမယ်။ပထမဆုံး မေးခွန်းက.... ”
ဂျော့ခ်ျ၏ မျက်လုံးများသည် ချန်လွေ့နောက်ရှိ လူတစ်အုပ်ဆီသို့ ရောက်ရှိသွားပြီး အေးစက်စက် ပြောလိုက်သည်။
“ ဒီလူတွေကို ခေါ်လာတာက ဘာသဘောလဲ။ ”
အခြေအနေမဟန်ကြောင်း မြင်သည့်အတွက် ရိုမန်သည် ရှေ့တက်ပြီး ဦးညွှတ်လိုက်သည်။
“ လူကြီးမင်း။လွန်ခဲ့တဲ့၃နှစ်တုန်းက နမ်ဘတ်စ်ရွာကနေလာတဲ့ ရိုမန်နဲ့ ဒေလီယာကို မှတ်မိလား။ကျုပ်တို့က အသီနာနဲ့ မိတ်ဆွေကောင်းတွေပါ။ခင်ဗျားရဲ့ အကူအညီနဲ့ ဂရုစိုက်မှုတွေကို ကျုပ်တို့ ရရှိခဲ့တယ်။ခင်ဗျားရောက်လာတယ်ဆိုတာ သိတော့ ကျုပ်တို့က ကျေးဇူးလာတင်တာပါ...။ ”
ဂျော့ခ်ျ ခေါင်းညိတ်သည်။ရွိုင့်စ်လည်း အမြန် တုံ့ပြန်ပြီး ပြောသည်။
“ ကျုပ်တို့သုံးယောက်က မစ္စစ် အသီနာရဲ့ တိုက်ရိုက်လက်အောက်ခံတွေပါ။ခင်ဗျားရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဆောင်ရွက်မှုတွေကို ကြားပြီးတော့ ကျုပ်တို့ အထူးတလည် ရောက်လာခဲ့ကြတာပါ။ ”
အသီနာသည် ပထမဆုံး မစ္စစ် ဖြစ်ကြောင်း အတည်ပြုပြီးပြီ ဖြစ်သည်။ထို့နောက် “ တိုက်ရိုက် လက်အောက်ခံများ ” ဆိုသည်မှာလည်း မှန်ကန်သည်။
ဂျော့ခ်ျက ရွိုင့်စ်တို့အဖွဲ့ကိုကြည့်ပြီး အများကြီး မပြောပေ။ပါ့ဂ်လီအိုမှာမူ စကားကောင်းကောင်း မပြောပေ။သူ ရဲရဲတင်းတင်း ပြောလိုက်၏။
“ မင်းတို့က ငကြောက်တွေပဲ။ငါက မင်းအတွက် ဒီကိုရောက်လာတာ။မင်းရဲ့ မာနထောင်လွှားမှုကို သည်းမခံနိုင်လို့။ ”
“ သူက အသီနာနဲ့ ကျုပ်တို့ရဲ့ မိတ်ဆွေပါ။လမ်းကြုံလို့ သူ ဒီကိုရောက်လာတာ။ ”
ချန်လွေ့ စကားဖြတ်ပြောပြီး ပါ့ဂ်လီအိုအား စိုက်ကြည့်လိုက်သည်။
ပါ့ဂ်လီအို နှာမှုတ်လိုက်ပြီး ပြဿနာ ဆက်မရှာတော့ပေ။အမှန်တကယ်၌ အဆိပ်နဂါးက ဗိုလ်ချုပ်ဂျော့ခ်ျ၏ စွမ်းအားသည် ပေါ့သေးသေး မဟုတ်ကြောင်း ခံစားမိသည်။သူတို့ အမှန်တကယ် တိုက်ခိုက်ကြလျှင် ပါ့ဂ်လီအိုသည် ရှေးမှော်စာဖြင့် ချိပ်ပိတ်ခံထားရခြင်းကြောင့် ဂျော့ခ်ျကို ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ပြင် အဆိပ်နဂါး ပို၍စိုးရိမ်သည်မှာ ချန်လွေ့၏ လုံခြုံရေး ဖြစ်သည်။အကယ်၍ ဂျော့ခ်ျသာ သတ်ဖြတ်ချင်စိတ်ရှိခဲ့လျှင် ချန်လွေ့ကို သူ ကာကွယ်နိုင်မည် မဟုတ်ပေ။ထို့ကြောင့် သူက တမင်တကာပင် ဂျော့ခ်ျ၏ အာရုံကို ဆွဲဆောင်လိုက်ခြင်း ဖြစ်သည်။
“ ဗိုလ်ချုပ်ဂျော့ခ်ျက ငါ့ရဲ့ ဆွေးနွေးစရာ ရှိတယ်။မင်းတို့အရင် ထွက်သွားကြ။ ”
ချန်လွေ့က လူအားလုံးကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။
အသီနာက ဂျော့ခ်ျကို ခံစားချက်မဲ့သောမျက်နှာဖြင့် ငေးကြည့်သည်။ သူ၏နှလုံးသားထဲရှိ အရေးကြီးသော ယောက်ျားနှစ်ယောက် အချင်းချင်း တိုက်ခိုက်ကြမည်ကို သူစိုးရိမ်နေသည်။သူက နှုတ်ခမ်းကိုက်ပြီး ပြောလိုက်၏။
“ အဖေ။ကျွန်မ နေနေမယ်။ ”
“ ငါ နောက်ထပ်မေးမှာကို သူနဲ့ နှစ်ယောက်တည်း ပြောချင်တယ်။အဲဒီမတိုင်ခင် ငါသူ့ကို ဘာမှလုပ်မှာ မဟုတ်ဘူး။ ”
အဖေက သမီးကို သိသည်။အဖေသည် အသီနာ စိုးရိမ်နေကြောင်း သိပြီး ထပ်ပြောသည်။
“ မင်း ဒီမှာနေမယ်ဆိုရင် သူနဲ့ငါကြားမှာ ဘာမှ ဆွေးနွေးစရာ မရှိဘူး။ငါမင်းကို မှော်ဆရာခံတပ်ဆီ ချက်ချင်း ပြန်ခေါ်သွားမယ်။ ”
ချန်လွေ့၏ ထပ်ကာထပ်ကာ တိုက်တွန်းမှုကြောင့် အသီနာသည် အခြားသူများနှင့်အတူ အခန်းထဲမှ ထွက်သွားသည်။ပါ့ဂ်လီအို၏ မျက်နှာမှာလည်း မကျေမနပ်ဖြစ်နေပုံပေါ်သည်။
“ မင်းက အားရှိအောင်လို့ လူတွေအများကြီး ခေါ်လာတာပဲ။ ”
ဂျော့ခ်ျက အနည်းငယ် ကြောက်ရွံ့နေသော ချန်လွေ့ကို ကြည့်ပြီး မေးလိုက်သည်။
“ ငါမင်းကိုသတ်မှာ ကြောက်တာလား။ ”
“ ကျုပ် နည်းနည်းတော့ ကြောက်မိပါတယ်။အင်ပါယာရဲ့ ပထမဆုံးဗိုလ်ချုပ်နာမည်ကို မကြားဖူးတဲ့သူ ဘယ်သူရှိလို့လဲ။ ”
ချန်လွေ့က ယောက္ခမအား မျက်နှာချိုသွေးလိုက်သည်။
“ ဒါပေမဲ့ ကျုပ် ခင်ဗျားကို မကျေနပ်အောင် လုပ်မိမှာနဲ့ အသီနာကို ဝမ်းနည်းအောင် လုပ်မိမှာကို ပိုပြီးတော့ စိုးရိမ်တယ်။ ”
“ အမှောင်လမြို့မှာရှိတဲ့ လူသားတစ်ယောက်က ငါ့သမီးကို အရှက်မရှိဘဲနဲ့ စကားချိုချိုတွေ မကောင်းတဲ့ဆေးတွေနဲ့ လှည့်စားခဲ့တယ်လို့ ငါသတင်းရထားတယ်။ ကြည့်ရတာ မင်းရဲ့ စကားပြောကောင်းတာက ပထမတစ်ချက်နဲ့ တစ်ပြေးညီတည်း ဖြစ်တဲ့ပုံပဲ။ ”
ချန်လွေ့ ခါးသက်သက်နှင့် ပြုံးလိုက်သည်။
“ ကျုပ်မှာ ဆေးရည်ဆရာသခင်ရဲ့ အလုပ်သင်တပည့်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခု ရှိပါသေးတယ်။အဲဒါကြောင့် ဒုတိယအချက်လည်း ကိုက်ညီပါတယ်။ ”
ဂျော့ခ်ျ ခေါင်းညိတ်လိုက်ပြီး ဇာချဲ့မနေတော့ပေ။
“ မနေ့က ငါ တော်ဝင်မင်းသမီးနဲ့ တွေ့ပြီးပြီ။မင်း စီစဉ်ထားတဲ့ စားစရာဌာနချုပ်....အကြောင်းကို ငါသိထားတယ်။အခု ဘုရင်ခံ အိုဆိုင်ဒန်က လိပ်ပြာနီနယ်မြေက စားစရာအထောက်အပံ့ကို တစ်ဝက်လျှော့ချလိုက်တယ်။ဒါကို မင်းဘယ်လိုထင်လဲ။ ”
ဂျော့ခ်ျက “ မစစ်မေး ” တော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်မည်ဟု မထင်မိထားသည့်အတွက် ချန်လွေ့ ကြက်သေသေသွားသည်။ ဒါက ယောက္ခမရဲ့ စမ်းသပ်ချက်လား။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။အနည်းငယ်ဆုံး အခွင့်အရေး ရှိတာပဲ။
ချန်လွေ့သည် အတွေးများကို ဆန့်ထုတ်ပြီး ယခင်တစ်ခေါက် တင်ပြောခဲ့သည်များနှင့် အကြမ်းဖျဉ်း တူညီသော နောက်ဆက်ဆွဲအကြံအစည်ကို အသေးစိတ် ပြင်ဆင်မှုပြုလုပ်ပြီး ရှင်းပြလိုက်သည်။
ဂျော့ခ်ျ အသာလေး ခေါင်းညိတ်သော်လည်း ဘာမျှမပြောခဲ့ပေ။သူ မေးလိုက်ပြန်သည်။
“ စစ်သားတွေကို လေ့ကျင့်ဖို့အတွက် အသီနာကို အဲဒီနည်းလမ်းတွေ မင်းသင်ပေးခဲ့တာလား။ ”
“ ခင်ဗျားက ဒီအပိုင်းမှာ မဟာဆရာသခင် တစ်ယောက်၊အင်ပါယာရဲ့ စစ်နတ်ဘုရား တစ်ယောက်ပါ။ဒီစစ်သားတွေရဲ့ တိုက်ခိုက်ရေးကို ခင်ဗျားမြင်တွေ့ရတာ ရှက်စရာပါပဲ။ ”
ဂျော့ခ်ျ ခေါင်းခါသည်။
“ အခြေခံတွေနဲ့ လေ့ကျင့်ရေးအချိန်ကြောင့် အဲဒီစစ်သားတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက မပြောပလောက်သေးဘူး။ဒါပေမဲ့ မင်းရဲ့ လေ့ကျင့်ရေး နည်းလမ်းက လုံးဝ ရယ်စရာ မဟုတ်ဘူး။အဲဒီနည်းလမ်းက ရိုးရှင်းပေမဲ့ အကျိုးရှိတယ်။အကြွင်းမဲ့ စည်းကမ်းကျနမှု ရှိတာနဲ့ အဲဒီစစ်သားတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာ တိုးတက်သွားမယ်။ငါ့ရဲ့ ဒုတိယမေးခွန်းကတော့ တကယ် အစွမ်းထက်တဲ့ စစ်တပ်ဆိုတာကို မင်းဘယ်လိုထင်လဲ။ ”
ဒါက တတိယမေးခွန်း ဖြစ်ရမှာ။ ချန်လွေ့သည် အလွန်ပါးနပ်လှသည့်အတွက် ယောက္ခမဖြစ်သူ၏ သင်္ချာအမှား သေးသေးလေးကို သတိမပေးတော့ဘဲ စဉ်းစားကာ ပြောသည်။
“ တကယ်တော့ စစ်ဘက်ဆိုင်ရာမှာ ကျုပ်က သာမန်လူ တစ်ယောက်ပါပဲ။ လူသားပညာရှိတစ်ယောက် ပြောခဲ့ဖူးတာကို ကျုပ်မှတ်မိတယ်။လေလို မြန်ဆန်၊သစ်တောလို ညင်သာ၊မီးလို ကြမ်းတမ်း၊တောင်လို ခိုင်မာရမယ်တဲ့။အဲဒါက အစွမ်းထက်တဲ့ စစ်တပ်တစ်ခုရဲ့ လိုအပ်ချက်တွေ ဖြစ်လောက်တယ်။ ”
“ လေလို မြန်ဆန်၊သစ်တောလို ညင်သာ၊မီးလို ကြမ်းတမ်း၊တောင်လို ခိုင်မာ။ ”
၎င်းကို ဂျော့ခ်ျ သေသေချာချာ တွေးပြီးနောက် ချီးကျူးလိုက်သည်။
“ ပြောတာကောင်းတယ်။မင်းရဲ့ လေ့ကျင့်ရေး နည်းလမ်းကို မှော်ဆရာခံတပ်မှာ ငါကြော်ငြာဖို့ စီစဉ်ထားတယ်။မင်း စိတ်မရှိဘူး မဟုတ်လား။အဲဒါက ခုနကစကားရဲ့ လိုအပ်ချက်တွေရဲ့ ကိုက်ညီမယ်ဆိုရင် ငါ့ရဲ့စစ်တပ်က နတ်ဆိုးဘုံမှာ အစွမ်းထက်ဆုံး ဖြစ်လာမှာပဲ။ ”
ချန်လွေ့သည် ၎င်းကို စိတိမရှိပေ။ဂျော့ခ်ျ၏ ချီးကျူးမှုကို ကြားပြီးနောက် သူသည် တိုက်ခိုက်သူများ ဆောင်ရမည်ကို ထပ်ဖြည့်ပြောသည်။
“ တခြားသူတွေ မခုခံနိုင်တဲ့နည်းလမ်းနဲ့ တိုက်ခိုက်။တခြားသူတွေ မတိုက်ခိုက်နိုင်တဲ့နည်းလမ်းနဲ့ ကာကွယ်။ရေမှာ ပုံစံအသေ မရှိသလိုပဲ စစ်ပွဲမှာလည်း နည်းလမ်းတစ်ခုတည်း မရှိဘူး။ပြောင်းလဲမှုတွေကို အခြေခံပြီး အနိုင်ရရှိတဲ့သူတွေက စစ်ပွဲမှာ အတော်ဆုံးပဲ။ ”
တရုတ် ဘိုးဘေးများ၏ စစ်ပွဲအနုပညာသည် အလွန်ပင် ထူးခြားလှသည်။၎င်းကို ချန်လွေ့က နတ်ဆိုးဘုံ သဒ္ဒါအတိုင်း ဘာသာပြန်ပြီးနောက် ဂျော့ခ်ျ၏ မျက်လုံးများသည် နားထောင်နေရင်း အရောင်လက်လာသည်။သူ အဆက်မပြတ် ခေါင်းညိတ်နေသည်။ယောက္ခမဖြစ်သူ ပျော်ရွှင်နေသည်ကိုကြည့်ရင်း သမက်ဖြစ်သူသည် စွန်းကျစ်၏ ထူးချွန်များမှာ နတ်ဆိုးဘုံရှိ လနှစ်စင်းနှင့် ယှဉ်၍ရသည်ဟု စိတ်ထဲ၌ ဟစ်ကြွေးလိုက်သည်။
ဂျော့ခ်ျ၏ နောက်ထပ် မေးခွန်းသည် ဘဝင်ခိုက်နေသော ချန်လွေ့ကို အံ့အားသင့်သွားစေသည်။
“ ခုနက အဲဒီနဂါးနဲ့ မင်းက ဘယ်လိုပတ်သက်မှု ရှိတာလဲ။ ”
ပါ့ဂ်လီအိုက သေသေချာချာကို လူသားအသွင်ပြောင်းထားတာပဲ။ဒါပေမဲ့ ဂျော့ခ်ျက ပါ့ဂ်လီအို နဂါးဆိုတာကို သတိထားမိသွားတယ်။ချန်လွေ့ အံ့အားသင့်သွားသည်။ ၎င်းကို မြင်သည့်အခါ ဂျော့ခ်ျ ခေါင်းခါလိုက်သည်။
“ အသီနာ မင်းကို မပြောဘူးလား။ငါ့ရဲ့ ၁၃ယောက်မြောက် မိန်းမက နဂါးမလေ။အဲဒီနဂါးက သူ့ရဲ့အစွမ်းကို ဖုံးကွယ်ထားပေမဲ့ အဲဒီထူးခြားတဲ့ အငွေ့အသက်ကို နဂါးတစ်ကောင်နဲ့ နှစ်ပေါင်းများစွာ အတူနေလာတဲ့ ငါ့ဆီကနေဖုံးကွယ်ထားလို့မရဘူး။ ”
နဂါးမကို ယူထားတယ်လား။ဒါက တကယ့် နဂါးသူရဲကောင်းစစ်သည်ပဲ။ငါ့ရဲ့ ယောက္ခမက တကယ့်ကို လက်စွမ်းထက်တာပဲ။ ပထမဗိုလ်ချုပ်အပေါ် ချန်လွေ့၏ လေးစားအားကျမှုသည် ရုတ်တရက် အဆုံးမဲ့ ဖြစ်သွားသည်။
သို့သော်လည်း မေးခွန်းကို ဖြေရဦးမည် ဖြစ်သည်။ချန်လွေ့ ခဏစဉ်းစားပြီးနောက် ဖုံးမကွယ်တော့ဘဲ အမှန်အတိုင်း ပြောလိုက်သည်။
“ အပေါင်းအဖော်တွေပါ။ ”
ဂျော့်ခ်ျ အနည်းငယ် အံ့အားသင့်ထားသည်။
“ မင်းက နဂါးတွေရဲ့ အသိအမှတ်ပြုခံရမယ်လို့ ငါမထင်ထားခဲ့ဘူး။အစကတော့ ငါမင်းကို အထင်ကြီးနေခဲ့တာလို့ ထင်ခဲ့တယ်။ဒါပေမဲ့ ငါမှားနေသေးတယ်လို့ ထင်တာပဲ။ဒါဆို နောက်ဆုံးတစ်ခု မေးမယ်။မင်းရဲ့ ဉာဏ်ပညာတွေ၊ပါရမီတွေ၊ စစ်တပ်ရေးရာ နည်းဗျူဟာတွေ၊ပြီးတော့ မင်းရဲ့ နဂါးအပေါင်းအဖော်ရဲ့ စွမ်းအားတွေနဲ့ မင်းကဘာလို့ အမှောင်လမြို့လို နေရာမျိုးမှာ တော်ဝင်မင်းသမီးအတွက် အလုပ်လုပ်နေရတာလဲ။ ”
ချန်လွေ့ ခေါင်းငုံ့ပြီး ဘာမှမပြောခဲ့ပေ။ နတ်ဆိုးဘုံကို ငါပထမဆုံး ရောက်လာတုန်းက အသက်ရှင်ဖို့အတွက် လုပ်ခဲ့တာပဲ။နောက်တော့ ငါက [ အလင်းအမှောင် သော့ခလောက် ] နဲ့ ချုပ်နှောင်ခံထားရတဲ့ ပါ့ဂ်လီအိုနဲ့ သဟဇီဝစာချုပ် ချုပ်ဆိုခဲ့တယ်။အလှည့်အပြောင်းတွေ အမျိုးမျိုး ပြီးတဲ့နောက်မှာ ပါ့ဂ်လီအိုက ဆော်ရွန်မျက်လုံးရဲ့ အစွမ်းနဲ့ [ အလင်းအမှောင် သော့ခလောက် ] ကို ချိုးဖျက်ခဲ့ပြီးတော့ လွတ်လပ်မှု ရရှိသွားခဲ့တယ်။
ပြန်စဉ်းစားကြည့်မယ်ဆိုရင် ငါက စူပါစနစ်ရဲ့ အကူအညီနဲ့ စွမ်းအားမဲ့ လူသားတစ်ယောက်အဖြစ်ကနေ ဒီနေ့လိုမျိုး စွမ်းအားရတဲ့အထိ တိုးတက်လာခဲ့တယ်။ ကြမ်းတမ်းတဲ့အခြေအနေကြောင့် တွန်းအားပေးခဲ့ရတဲ့ ငါ့ရဲ့ဉာဏ်ပညာနဲ့ အကြံအစည်စွမ်းရည်တွေကလည်း တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့တယ်။ ပတ်ဝန်းကျင်က လူကိုပြောင်းလဲတယ်ဆိုတာ ဒါကို ပြောတာများလား။တကယ်လို့ ပြန်မွေးဖွားလာတဲ့ “ အာသာ ” က နတ်ဆိုးဘုံကို မကျသွားဘဲနဲ့ လူသားလောကမှာပဲ ရှိနေမယ်ဆိုရင် ငါလည်း အလုပ်လုပ်စရာမလိုတဲ့ တော်ဝင်မျိုးနွယ်တစ်ယောက် ဖြစ်နေမှာပဲ။
အခု ပါ့ဂ်လီအိုက အချုပ်အနှောင်ကနေ လွတ်မြောက်သွားပြီ။အမှောင်လမြို့မှာ ငါမဖြစ်မနေ နေရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိတော့ဘူး။အခု ငါဒီအန္တရာယ်များတဲ့ အမှောင်လမြို့ကနေ ထွက်သွားဖို့ ရွေးချယ်လို့ရတယ်။ အေးစက်စက် မျက်နှာဖုံးတပ်ထားတဲ့ ရေခဲတုံးမိန်းကလေး ဆီကနေ ထွက်သွားလို့ရတယ်။ထူးဆန်းပေမဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးဆီကနေ ထွက်သွားလို့ရတယ်......
ချန်လွေ့ တိတ်ဆိတ်နေသည်ကို ကြည့်ရင်း ဂျော့ခ်ျ ပြောလိုက်သည်။
“ ငါ တောင်းဆိုစရာ ရှိတယ်။ ”
ဂျော့ခ်ျသည် “ ခိုင်းစရာ ” ဟုမပြောဘဲ “ တောင်းဆိုစရာ ” ဟုပြောသည့်အတွက် ချန်လွေ့ အံ့အားသင့်သွားသည်။
ဂျော့ခ်ျ အသေအချာ ပြောသည်။
“ တော်ဝင်မင်းသမီးက ငါ့ကိ မင်းရဲ့ အစီအစဉ် ပြောပြပြီးပြီ။တကယ့်ကို အံ့အားသင့်စရာပဲ။အိမ်ရှေ့မင်းသား ဂါရမ်းရဲ့ နောက်ဆုံးဆန္ဒက စိတ်ကူးယဉ်သက်သက် မဟုတ်တော့တဲ့ပုံပဲ။ဒီတစ်ခေါက် တော်ဝင်မင်းသမီးကို ကူညီဖို့ မင်းအစွမ်းကုန် ကြိုးစားပေးပါ။ဒီတစ်ခေါက်ပါပဲ။ငါက သန်းခေါင်နေအရှင်ကို ကျေးဇူးကြွေး အကြီးကြီး တင်ထားတယ်။သူ့ရဲ့ မျိုးဆက်တွေကို ကာကွယ်ပေးဖို့ ငါသစ္စာဆိုထားတယ်။ဒါပေမဲ့ အဖေတစ်ယောက်အနေနဲ့ ငါ့မှာ တစ်ကိုယ်ကောင်း ဆန်စိတ်လည်း ရှိတယ်။ငါမင်းကို သေတဲ့အထိ သစ္စာရှိဖို့ မတောင်းဆိုဘူး။အခြေအနေ မကောင်းတော့တာနဲ့ အသီနာနဲ့ ကလေးတွေကိုခေါ်ပြီး အမှောင်လမြို့ကနေ ထွက်သွားလိုက်။မင်းတို့ သွားချင်တဲ့နေရာကို သွားပြီးတော့ နေချင်တဲ့ဘဝမှာ နေကြ။ ”
ဂျော့ခ်ျ ထိုကဲ့သို့ တောင်းဆိုမည်ဟု ချန်လွေ့ မထင်မှတ်မထားခဲ့ပေ။ထို့ကြောင့် သူ အရဲစွန့်ပြီး ရှင်းပြသည်။
“ လူကြီးမင်း။တကယ်တော့ အသီနာ ကိုယ်ဝန်ရှိတယ်ဆိုတာက အလိမ်အညာပါ။သူနဲ့ကျုပ်က နောက်ဆုံးအဆင့်အထိ မရောက်သေးပါဘူး။ ”
“ ငါသိပါတယ်။သူက သူ့အဖေကို ဒီလိုလှည့်ကွက်မျိုးနဲ့ အရူးလုပ်နိုင်လို့ မင်းထင်တာလား။ဒါပေမဲ့ အခု ကလေးမရှိတာက နောက်ကျရင် ရှိလာမှာ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ”
ဂျော့ခ်ျ၏ အဖြေသည် ချန်လွေ့ကို ပို၍ပင် အံ့အားသင့်သွားစေသည်။
“ မင်းအတွက် အသီနာက ဒီလိုလိမ်ညာတယ်ဆိုတော့ ငါသူ့ကို ခေါ်သွားရင်တောင် သူ့ရဲ့နှလုံးသားက မင်းနဲ့အတူ ရှိနေမှာပဲဆိုတာ သေချာတယ်။အဲဒါကြောင့် ငါမခေါ်သွားဘဲနဲ့ ငါ့သမီးရဲ့နှလုံးသားကို စကားချိုချိုလေးတွေနဲ့ ခိုးယူသွားတဲ့ “ အရှက်မရှိတဲ့ကောင် ” ကို တွေ့ဖို့ ငါဒီမှာ နေနေခဲ့တာ။နောက်ဆုံးတော့ ငါ စိတ်မပျက်ခဲ့ရဘူး။ ”
ချန်လွေ့၏ မျက်လုံးများ တောက်ပသွားသည်။ ဂျော့ခ်ျရဲ့ လေသံကိုကြည့်ရတာ ဒီတစ်ခေါက် ယောက္ခမကို မြင်ရတဲ့ အကြီးမားဆုံး ရည်ရွယ်ချက်....ရရှိသွားတဲ့ပုံပဲ။
“ ကတိပေးပါတယ်။ဗိုလ်ချုပ်။ ”
ချန်လွေ့ ပင့်သက်ရှိုက်ပြီး အရေးကြီး ဆုံးဖြတ်ချက်တစ်ခု ကြိုတင်ချမှတ်ကာ ခေါင်းညိတ်လိုက်သည်။ဗိုလ်ချုပ် ဂျော့ခ်ျ တောင်းဆိုသည့်အတိုင်းပင် သူသည် သေသည်အထိ သစ္စာမရှိသွားချင်ပေ။စိတ်ရောကိုယ်ပါသာ ကြိုးစားချင်သည်။ အသီနာအတွက်၊ ရှီရာအတွက်၊အဲလစ်အတွက်.... ပြီးတော့ ကံကြမ္မာကို ဆန်ကျင်မယ့် သူ့ရဲ့ရည်ရွယ်ချက် အတွက်ရောပေါ့။
ဂျော့ခ်ျ ခေါင်းညိတ်သည်။
“ ကောင်းပြီလေ။အခု အသီနာမှာ တစ်စုံတစ်ယောက် ရှိနေပြီ။ငါလည်း စိတ်ချရပြီ။ မင်းမှာ ဘာအစွမ်းမှ ရှိတဲ့ပုံ မပေါ်ပေမဲ့လည်း မင်းမှာ ငါ့သမီးကို ကာကွယ်နိုင်ပြီးတော့ ဂရုစိုက်နိုင်မယ့် စွမ်းရည်ရှိမယ်လို့ ငါ့ရဲ့မသိစိတ်က ပြောနေတယ်။ ”
ချန်လွေ့ အလွန်အံ့ဩသွားသည်။ [ ကြမ္မာဆိုး ] ပြီးတော့ အလိုအလျောက် [ နတ်ဘုရားကောင်းချီး ] ဖြစ်သွားတာလား။အခက်ခဲဆုံးလို့ ငါထင်ထားတဲ့ ယောက္ခမရဲ့ စမ်းသပ်ချက်ကို ငါ လွယ်လွယ်ကူကူနဲ့ အောင်မြင်သွားခဲ့တယ်။
ဂျော့ခ်ျ၏ တင်းမာသော မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေသည်။
“ ထူးဆန်းတယ်လို့ မခံစားရဘူးလညး။ငါက ငါ့သမီးကို ဘာအစွမ်းထက်တဲ့ နောက်ခံမှမရှိတဲ့ လူသားတစ်ယောက်ဆီ လွှဲအပ်ခဲ့တယ်။မင်းထက်သာတဲ့ ပိုအစွမ်းထက်တဲ့သူတွေ အများကြီး ရှိနေတာပဲ။ ”
ချန်လွေ့ ခေါင်းညိတ်သည်။ အင်ပါယာ ပထမဆုံးဗိုလ်ချုပ်ရဲ့ သမီးက နိမ့်ကျတဲ့နယ်မြေရဲ့ အုပ်စိုးသူလက်အောက်က ငြိမ်ဝပ်ပိပြားရေး အရာရှိနဲ့ လက်ထပ်တာက တကယ့်ကို ဆိုးဝါးတဲ့ အရှက်ရစရာတစ်ခုပဲ။
“ အကြောင်းပြချက်က တစ်ကယ်တော့ ရိုးရှင်းပါတယ်။အသီနာ သဘောကျလို့ပဲ။ ”
ယောက္ခမဖြစ်သူက အခိုင်အမာ ပြန်ဖြေသည်။
ထိုသို့ပြောနေရင်း ဂျော့ခ်ျသည် အကျပ်ကိုင်သော အငွေ့အသက်တစ်ခု ထုတ်လွှတ်လိုက်သည်။
“ တကယ်တော့ ဒီမတိုင်ခင် ခါရွန်မိသားစုရော၊ရုစ်မိသားစုရောက လက်ထပ်ဖို့ကမ်းလှမ်းလာပြီးတော့ ကောင်းကျိူး၊ဆိုးကျိုးတွေ ပြောပြတယ်။ဒါက ဝေးလ်စ်မိသားစု ဆက်လက်ရှင်သန်ဖို့ စတာတွေပေါ့။အစကတည်းက မိသားစုကြီးတွေမှာ လပ်ထပ်တာကို သူတို့ကိုယ်တိုင် ရွေးချယ်လို့မရဘူး။ဂျော့ခ်ျ ဝေးလ်စ်ရဲ့ သမီးကိုယ်တိုင်ပဲ ရွေးချယ်လို့ ရမယ်။ ”
ချန်လွေ့၏ မျက်လုံးများ အရောင်တောက်သွား၏။ အသီနာက ငယ်ငယ်ကတည်းက အမေ ဆုံးရှုံးခဲ့တယ်။ဒါပေမဲ့ သူ့မှာ အဖေကောင်းတစ်ယောက် ရှိခဲ့တယ်။သူ့ကို တကယ်ချစ်တဲ့ အဖေတစ်ယောက်။
ဂျော့ခ်ျ သရော်ပြုံးပြုံးလိုက်သည်။
“ ငါသူတို့ကို ပြောလိုက်တယ်။ဂျော့်ခ်ျ ဝေးလ်စ် ဆိုတဲ့ငါ့ကို မင်းတို့ ဘယ်သူလို့ ထင်နေတာလဲ။ငါ့သမီးရဲ့ ပျော်ရွှင်မှုကို မိသားစုအကျိုးအမြတ်အတွက် စတေးမယ်လို့ ထင်နေတာလား။အဲလိုသာဆိုရင် ဝေးလ်စ် မိသားစု နာမည်က အဓိပ္ပာယ် ရှိတော့မှာ မဟုတ်ဘူး။အသီနာ သဘောမတူရင် ငါလည်း သဘောမတူဘူး။မကျေနပ်တဲ့သူ မှော်ဆရာခံတပ်မှာ ငါနဲ့ တိုက်ခိုက်လို့ရတယ်။တစ်ယောက်လာရင် တစ်ယောက်သတ်မယ်။ နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်။သုံးယောက်လာရင် သူ့ရဲ့မိသားစုတစ်စုလုံးကို သုတ်သင်ပစ်မယ်။သန်းခေါင်နေအရှင်ရဲ့ အားထုတ်မှုတွေကို အိုဆိုင်ဒန် ယူသွားတော့ ဘာဖြစ်လဲ။သူငါ့ကို အာရုံနောက်အောင် လုပ်ရဲရင် ငါလည်း သူ့ကို ဆန့်ကျင်မှာပဲ။ ”
တကယ်ကြမ်းတာပဲ။ မူလက ဂျော့ခ်ျသည် ချန်လွေ့၏မျက်လုံးထဲ၌ ကြမ်းတမ်းသော ဦးလေး တစ်ယောက်သာ ဖြစ်သည်။ယခုတွင် သူသည် အာဏာရှင် ပထမဗိုလ်ချုပ် ဖြစ်သွားသည်။ ဒါကြောင့် အိုဆိုင်ဒန်တောင် သူ့ကိုကြောက်ရတာကိုး။
ဂျော့ခ်ျ၏ ခိုင်မာလှသော နောက်ခံကြောင့် ရှီရာသည် အခြေအနေခက်ခဲနေသော အမှောင်လမြို့ကို ထောက်ပံ့ပေးနိုင်ပြီး သန်းခေါင်နေအရှင်၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည့် မျှော်လင့်ချက်ကို ထောက်ပံ့ပေးနိုင်သည်။
ချန်လွေ့၏စိတ်ထဲ၌ လေးစားအားကျမှုများ ပြည့်နှက်နေခဲ့သည်။သူ ဘာမျှ မပြောနိုင်ခင်မှာပင် တံခါးရုတ်တရက် ပွင့်သွားပြီး ပါ့ဂ်လီအို၏အသံ ထွက်လာသည်။
“ မင်း။မင်းက တကယ့်ယောက်ျားပဲ။မင်းရဲ့ မာနထောင်လွှားတာကို ငါသဘောကျတယ်။ငါနဲ့ ဝိုင်သောက်ပြိုင်ရဲလား။ ”
ဂျော့ခ်ျ၏အကြည့်သည် ပါ့ဂ်လီအိုထံသို့ ရောက်ရှိသွားပြီး တင်စီးပြောလိုက်သည်။
“ မင်းမပြိုင်ရဲမှာ စိုးတယ်။ ”