ချပ်ကာ ပြုလုပ်ခြင်း
Vol. 16 Ch. 230
ယောက္ခမဖြစ်သူကို ပို့ပြီးနောက် ချန်လွေ့သည် ဝမ်းနည်းနေသော အသီနာအား နှစ်သိမ့်ပေးပြီး ရိုမန်နှင့်ဒေလီယာတို့ စုံတွဲ၊ဒိုဒို၊အဆိပ်နဂါးတို့ကို ပြိုင်ကွင်း မြေအောက်ခန်း၌ ယာယီ နေစေခဲ့သည်။ထို့နောက် သူသည် ဝိုင်ဗန်စီးပြီး ရှီလန်တောင်သို့ ပျံသန်းသွားလိုက်သည်။
ပါ့ဂ်လီအို၏ [ အလင်းအမှောင် သော့ခလောက် ] ကို ဖယ်ရှားပြီးပြီ ဖြစ်သည့်အတွက် ပြိဿတို့၏ ကျိန်စာကိုဖြည်ရန် အချိန်ရောက်လာလေပြီ။
ဆော်ရွန်မျက်လုံးကို ချန်လွေ့ ရယူခဲ့ပြီဖြစ်ကြောင်း အံ့ဩဖွယ်ရာသတင်းကို ရရှိပြီးနောက် ပြိဿများအားလုံးသည် ဒယ်လောင်၏ ဦးဆောင်မှုဖြင့် ချန်လွေ့အရှေ့သို့ ရောက်ရှိလာကြသည်။
ဆော်ရွန်မျက်လုံးကို ချန်လွေ့ ထုတ်လိုက်သည်နှင့် ပြိဿမျိုးနွယ်စုတစ်ခုလုံး ဩဘာပေးလိုက်ကြသည်။ဒယ်လောင်သည် ဆော်ရွန်မျက်လုံးအား စိတ်လှုပ်ရှားစွာဖြင့် ယူပြီး လျို့ဝှက်နည်းလမ်းဖြင့် အသက်သွင်းတော့သည်။သူသည် လက်ချောင်းကို ဖောက်ပြီး သွေးများကို ဆော်ရွန်မျက်လုံးပေါ်သို့ အစက်ချလိုက်သည်။ထို့နောက် ၎င်းထံမှ စူးရှသော ရွှေအလင်းရောင်များ ထွက်လာပြီး ပါ့ဂ်လီအို လက်ထဲ၌ ရှိနေစဉ်ကနှင့် လုံးဝကွဲပြားနေသည်။သီးသန့် လျို့ဝှက်ရတနာတစ်ခုမှာ အမှန်တကယ်ပင် သီးသန့်လျို့ဝှက်ရတနာတစ်ခု ဖြစ်သည်။အဆိပ်နဂါး၏ လက်ထဲ၌ ဆော်ရွန်မျက်လုံးသည် စိတ်ဝိညာဉ်တိုးမြှင့် ကိရိယာတစ်ခုသာ ဖြစ်သည်။ မိစ္ဆာမျက်ရည်ပြာကို လည်ဆွဲအဖြစ် ချန်လွေ့ အမြဲဝတ်ဆင်သကဲ့သို့ပင် ဖြစ်သည်။
လျို့ဝှက်နည်းလမ်း၏ အစွမ်းအောက်တွင် ဒယ်လောင်သည် ဆော်ရွန်မျက်လုံးအား နဖူးထဲသို့ ချက်ချင်း ထိုးစိုက်လိုက်သည်။အစိတ်အပိုင်း အနည်းငယ်သာ ပေါ်နေပြီး မျက်လုံးတစ်လုံး ထပ်ထည့်ထားသကဲ့သို့ဖြစ်နေကာ အနည်းငယ် ထူးဆန်းနေလေသည်။
ချန်လွေ့ ကြက်သေသေသွားသည်။ အာလန်ရှန်ရဲ့ နတ်ဆိုးဘုံ ဗားရှင်းလား။မဟုတ်ဘူး။ဒါက အာလန်ကျွဲပဲ။ဟိုင်းရား....အာလန်ရှန်ရဲ့ ပရိတ်သတ်တွေသာ ဒါကိုကြားလို့ကတော့ သူတို့တွေ လောကကူးပြီးတော့ ဒီလူ...အဲ....ဒီကျွဲကို သတ်ပစ်မှာ သေချာတယ်။
ဒယ်လောင်၏ တတိယမျက်လုံးသည် ရွှေရောင်တောက်သွားပြီး သူ၏လူများထံသို့ ဖုံးလွှမ်းလိုက်သည်။သူတို့ထံမှ အမည်းရောင်အငွေ့များ တက်လာပြီး ၎င်းတို့ကို ထိုမျက်လုံးက စုပ်ယူလိုက်သည်။သူတို့သည် အောင်အောင်မြင်မြင်နှင့် ကျိန်စာကို ဖယ်ရှားပြီးခဲ့ပြီ ဖြစ်သည်။ထိုလျို့ဝှက်နည်းလမ်းကြောင့် ဒယ်လောင် မသေမချင်း ဆော်ရွန်မျက်လုံးကို ထုတ်၍မရနိုင်တော့ပေ။
ထိုအခြေအနေသည် ချန်လွေ့အား ယခင်က မိမိ၏ ရွေးချယ်မှုအတွက် စိတ်ထဲ၌ ဝမ်းမြောက်သွားသည်။အကယ်၌ သူသာ မြေအောက်လောကသို့ အရင်လာခဲ့လျှင် ဒယ်လောင်ကို မသတ်သရွေ့ ပါ့ဂ်လီအို၏ [ အလင်းအမှောင် သော့ခလောက် ] ကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။
ပြိဿအကြီးအကဲ ပြောသည့်အတိုင်းဆိုလျှင် ဆော်ရွန်မျက်လုံး၏ အံ့ဩဖွယ်ရာများမှာ ထိုထက်ပိုသည်။ခုခံမှုကို ကြီးကြီးမားမား တိုးတက်စေသည့်အပြင် ရန်သူကို ချက်ချင်းပင် ကျိန်စာတိုက်ပြီး သေစေနိုင်သည်အထိ ဖြစ်နိုင်ချေရှိသော [ မရဏအကြည့် ] ဟုခေါ်သည့် အစွမ်းကိုလည်း အသုံးပြုနိုင်သည်။
ဒီအစွမ်းက တော်တော်လေး မိုက်တာပဲ။ချန်လွေ့သည် ဂိမ်းတစ်ခုမှ အစွမ်းထက်တပ်ဖွဲ့တစ်ခုကို တွေးမိလိုက်သည်။ဧကန္တ....ပြိဿတွေရဲ့ ဘိုးဘေးက နွားသိုးရိုင်း လိုမျိုးများလား။
ပြိဿများအားလုံး၏ ကျိန်စာကို ဖယ်ရှားပြီးနောက် ဒယ်လောင်သည် ယခင်ကတိအတိုင်း မျိုးနွယ်စုတစ်ခုလုံးအား ချန်လွေ့ထံ၌ သစ္စာခံရန် ဦးဆောင်ခဲ့သည်။အနှစ်တစ်သောင်းအတွင်း ထိုမျိုးနွယ်စုသည် ချန်လွေ့နှင့်သူ၏မျိုးဆက်သစ်များအတွက် သစ္စာခံမျိုးနွယ်စု ဖြစ်နေလိမ့်မည်ဖြစ်ပြီး လုံးဝသစ္စာဖောက်မည် မဟုတ်ပေ။
ချန်လွေ့သည် ပြိဿတို့၏ သစ္စာခံမှုကို လက်ခံပြီး လျို့ဝှက်ဆန်းကြယ်သော ငွေသေတ္တာအား ပြိဿတို့၏ အသက်ဓာတ်ရေစင်၌ ထားထားလိုက်သည်။သူသည် ဒယ်လောင်အား ၎င်းကို သေသေချာချာ စောင့်ကြပ်ရန်နှင့် မည်သူ့ကိုမှ မထိစေရန် ညွန်ကြားခဲ့သည်။ပြိဿတို့၏ စွမ်းအားနှင့် အရည်အချင်းတို့နှင့်ဆိုလျှင် သူတို့သည် အနာဂတ်တွင် သေချာပေါက် အသုံးဝင်မည် ဖြစ်သည်။သို့သော်လည်း ယခုအချိန်၌ သူတို့သည် မြေအောက်လောက၌နေရန် အကောင်းဆုံးပင် ဖြစ်သည်။ဒယ်လောင်သည် ချန်လွေ့၏တာဝန်ကို လက်ခံပြီး မြေဒြပ်စင်ကောင်များနှင့်အတူ စုဆောင်းထားသော ဓာတ်သတ္တုများကို ထုတ်ပြလိုက်သည်။လရောင်ကျောင်၊ငွေသွေးကြော၊ ခုနစ်ရောင်ခြယ် ရွှေသလင်းကျောက်၊ဆန်းကြယ်သဲ၊ကြယ်နက်သံ စသည်တို့ ပါဝင်ကြသည်။
ပါ့ဂ်လီအို၏ ရတနာသိုက်မှာလည်း များပြားလှသည်။ထို့ကြောင့် ထိုဓာတ်သတ္တုများကို လက်ခံပြီးသည့်အခါ သိုလှောင်ခန်းထဲ၌ နေရာလွတ် အများအပြား မကျန်တော့ပေ။ရှီလန်တောင်မှ ထွက်သွားပြီးနောက် ချန်လွေ့သည် အမှောင်လမြို့သို့ ပြန်သွားသည်။ထို့နောက် စမ်းသပ်ခန်းနှင့် ပြိုင်ကွင်းဆီ အမြန်မသွားခဲ့ပေ။သူသည် အက်ဂ်ယောဟူသော သရုပ်ကို အသုံးပြုပြီး ဝတ်ရုံဂိုဏ်း ဌာနချုပ်ဖြစ်သည့် (၄)လမ်းရှိ ရှေးဟောင်းအိမ်သို့ တည့်တည့်သွားလိုက်သည်။
ချန်လွေ့သည် နောက်ဖေး၌ ပုံမှန်မြင်နေကျ အမှောင်နတ်ဆိုးလူပု ဆရာသခင်ကို မတွေ့ခဲ့ပေ။မကြာသေးမီက ဆရာသခင်တာတာနှင့် မစ်-ဆာဆာတို့သည် အလွန်ရင်းနှီးနေကြသည်။သူတို့သည် ဈေးဝယ်ထွက်ရာမှ ပြန်မလာသေးပေ။ ချန်လွေ့၏ မမျှော်လင့်ထားသော “ မိန်းမညှို့ဓာတ် ” နည်းစနစ်အောက်တွင် ဆရာသခင် တာတာသည် တဖြည်းဖြည်းနှင့် ထောက်ခြောက်ထဲ ကျသွားသည်။ ထူးကဲသော ကုန်ကြမ်းပစ္စည်းများ၏ ဆွဲဆောင်မှု မရှိခဲ့လျှင်ပင် သူသည် ဝတ်ရုံဂိုဏ်း၌ နေချင်စိတ် ဖြစ်နေဦးမည် ဖြစ်မည်။သေချာသည်မှာ ဤနေရာ၌ မစ်-ဆာဆာ ရှိနေ၍ပင် ဖြစ်သည်။
နောက်ဖေး၌ ပုံမှန်အတိုင်းပင် အမှောင်နတ်သူငယ် ကောင်မလေး နှစ်ယောက်သည် နတ်ဆိုး-တိုက်ပွဲ စစ်တုရင်ကို အာရုံစိုက်နေကြသည်။ထူးခြားမှုတစ်ခုမှာ သူတို့၏မျက်နှာပေါ်ရှိ ဇာမျက်နှာလွှား မရှိတော့ခြင်းပင် ဖြစ်သည်။
“ အလျန်။မင်း ဒီလိုလုပ်မယ်ဆိုရင် အိဗ်ကို ရှုံးလိမ့်မယ်။ ”
ချန်လွေ့၏စကားကြောင့် အလျန် တအံတဩနှင့် ခေါင်းမော့လိုက်ရာ ရင်းနှီးသော မျက်နှာဖုံးကို တွေ့လိုက်သည်။သူသည် ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် မတ်တပ်ရပ်လိုက်၏။
“ ဆာ-အက်ဂ်ယော။ ”
အိဗ်လည်း မတ်တပ်ရပ်ပြီး ချန်လွေ့ကို အရိုအသေ ပေးသည်။ကောင်မလေးနှစ်ယောက်၏ မျက်နှာပေါ်ရှိ အမာရွတ်များ ပျောက်ကွယ်သွားပြီး အပြစ်ကင်းလှပသော မျက်နှာသွင်ပြင်များ ပြန်လည်ရရှိလာသည်။သူတို့အသားအရေသည် ချောမွေ့ပြီး အတော်လေး နက်မှောင်သော အသားအရေသည် လူများ၏အမြင်အာရုံကို တစ်မျိုးတစ်မည် ဆွဲဆောင်နိုင်လေသည်။သူတို့သည် အမှန်တကယ်ပင် အမှောင်နတ်သူငယ် မိန်းမလှများ ဖြစ်ကြသည်။
ချန်လွေ့၏ အကြည့်ကို ခံစားမိပြီး အိဗ်သည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။ အလျန်ကမူ စိတ်လှုပ်ရှားစွာဖြင့် ပြုံးနေသည်။
“ ဆာ။အခု အလျန် ပိုပြီးတော့ လှသွားပြီလား။ ”
ချန်လွေ့က အကျင့်အတိုင်း အလျန်၏ခေါင်းကို ပုတ်လိုက်သည်။
“ အလျန်က အမြဲတမ်း မိန်းမလှလေး တစ်ယောက်ပါပဲ။ ”
အလျန်သည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လိုက်သည်။အိဗ်သည် စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်နေသည်ကို ချန်လွေ့ မြင်သွား၏။
“ အိဗ်ရောပဲ။ ”
ရှက်နေသော ကောင်မလေးသည် ပျော်ရွှင်သွားပုံရသည်။သို့သော်လည်း သူ၏ခေါင်းကို ပို၍ပင် ငုံ့ထားလိုက်သည်။
“ ဆာ-အက်ဂ်ယော။နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပဲ။ ”
စကိုင်းသည် ဝင်းထဲမှထွက်လာသည်။သမီးနှစ်ယောက်၏ကျိန်စာကို ဖြည်ပြီးပြီဖြစ်သည့်အတွက် အမှောင်နတ်သူငယ် ဆရာသခင်သည် ပိုမိုရွှင်ပျနေပုံရသည်။
ချန်လွေ့က စကိုင်းအား ခေါင်းညိတ်ပြသည်။
“ မစ္စတာ စကိုင်း။ကျုပ် ဒီတစ်ခေါက် စွမ်းအင်ရေစင် ပြန်ယူလာတယ်။ဒါပေမဲ့ အရိပ်မြူနှင်းပန်းကိုတော့ ရှာမတွေ့သေးဘူး။ဒီတစ်ခုတည်းကို သုံးလို့ရနိုင်မလား မသိဘူး။ ”
စကိုင်း ထိတ်လန့်သွား၏။
“ စွမ်းအင်ရေစင်။မင်းက ဒီလောက်မြန်မြန် ရှာတွေ့ခဲ့တာလား။စွမ်းအင်ရေစင်က ငါ့ရဲ့ကျိန်စာကို မဖယ်ရှားနိုင်ပေမဲ့ ကျိန်စာကြောင့် ဖိနှိပ်ခံထားရတဲ့ မှော်စွမ်းအား တော်တော်များများကိုတော့ ပြန်ပြီးရရှိနိုင်မယ်။ ”
ယခင်တစ်ခေါက် မထွက်သွားခင်က စကိုင်းထံမှ ရရှိခဲ့သော မှော်ပုလင်းကို ချန်လွေ့ ထုတ်လိုက်သည်။ထိုအထဲ၌ စွမ်းအင်ရေစင် လတ်လတ်ဆတ်ဆတ် ပါဝင်သည်။စကိုင်းသည် အဆို့ကိုဖွင့်ပြီး တစ်ငုံသောက်ကာ မျက်လုံးမှိတ် အရသာခံနေလိုက်သည်။ရုတ်တရက် သူ၏မျက်လုံးများ၌ အံ့မခမ်းမှုများ ပြည့်နှက်သွားသည်။ချန်လွေ့သည် ပြင်းထန်သော စိတ်ဝိညာဉ်တစ်ခု ထုတ်လွှတ်လိုက်သည်ကို ခံစားမိလိုက်သည်။
“ မစ္စတာ အက်ဂ်ယောက အမြဲတမ်း အံ့ဩဖွယ်ရာတွေကို ယူဆောင်လာတာပဲ။ ”
စကိုင်းက စိတ်အားထက်သန်စွာဖြင့် ပြောသည်။
“ မင်း အလျင်မလိုဘူးဆိုရင် ငါ့ကို ခဏစောင့်ပေး။ငါ့ရဲ့မှော်ပညာ နလန်ပြန်ထူလာတဲ့အခါ ငါမင်းကို သားရေချပ်ကာတစ်ခု ချက်ချင်း လုပ်ပေးမယ်။ ”
ချန်လွေ့ ခေါင်းညိတ်သည်။စကိုင်းသည် အလျင်အမြန်ပင် အခန်းထဲ ဝင်သွားပြီး ချန်လွေ့ကမူ ဝင်းထဲ၌ထိုင်ကာ အိဗ်၊အလျန်တို့နှင့်အတူ နတ်ဆိုး-တိုက်ပွဲ စစ်တုရင်ကို စတင်ကစားတော့သည်။ယခင်ဘဝက သားရဲ-တိုက်ပွဲ စစ်တုရင် အတွေ့အကြုံများကြောင့် အိဗ်နှင့်အလျန်တို့ ပူးပေါင်းသည့်တိုင် ချန်လွေ့၏ပြိုင်ဘက်များ မဟုတ်ကြပေ။သူတို့သည် အမြင်မတူကြသည့်အတွက် စကားများကြသည်။သို့သော်လည်း ခဏမျှသာ ဖြစ်သည်။ချန်လွေ့ တမင်တကာ တစ်ပွဲအရှုံးခံပြီးနောက် ကောင်မလေးနှစ်ယောက်သည် ပျော်ရွှင်စွာ ပြုံးကြတော့သည်။
နာရီဝက်ကြာပြီးနောက် စကိုင်းသည် အခန်းထဲမှ ထွက်လာသည်။သူသည် နေမကောင်းပုံ ပေါ်နေသေးသော်လည်း စိတ်ဝိညာဉ်သည် အရည်အသွေးဆိုင်ရာ ပြောင်းလဲသွားကြောင်း ချန်လွေ့ ခံစားနေရသည်။သူ၏ခန္ဓာကိုယ်မှ သန့်စင်သော မှော်လှိုင်းများ ဖျော့ဖျော့လေး ထုတ်လွှတ်နေသည်။ယခင်တစ်ခေါက် အသက်ဓာတ်ရေစင်ကို ထုတ်ပေးခဲ့စဉ်က ချန်လွေ့သည် စကိုင်း၏ အစွမ်းများကို တပ်အပ် မြင်ပြီးပြီ ဖြစ်သည်။ယခုတွင် သူသည် ပို၍အစွမ်းထက်သော စိတ်ဝိညာဉ်တစ်ခုကို ခံစားရပြန်သည်။ဤအမှောင်နတ်သူငယ် ဆရာသခင်သည် မှော်ပညာရော၊သိုင်းပညာပါ လေ့ကျင့်ထားသည့် မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်ရပေမည်။
“ ဂုဏ်ယူပါတယ်။မစ္စတာ စကိုင်း။ ”
ချန်လွေ့သည် စကိုင်းအား ဆရာသခင်ဟု မခေါ်ခဲ့ပေ။စကိုင်းသည် တာတာကဲ့သို့ မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် သူ၏သရုပ်မှန်ကို မထုတ်ဖော် မပြသပေ။
စကိုင်း ခေါင်းညိတ်ပြီး ချန်လွေ့အား အရိုအသေ ပေးလိုက်သည်။
“ ဒါတွေအားလုံးက မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ။ငါအရင်က သတိထားခဲ့မိတာကို ခွင့်လွှတ်ပေးပါ။ ”
“ ကိစ္စမရှိပါဘူး။မစ္စတာ စကိုင်း။တကယ်တော့ ကျုပ်မှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ခင်ဗျားအားရင် သားရေချပ်ကာ ထုတ်လုပ်တာကို အခု ကြည့်လို့ရမလား။ ”
စကိုင်း အသာလေး ပြုံးလိုက်သည်။
“ ရတာပေါ့။ ”
စကိုင်းသည် ချက်ချင်း မပြုလုပ်ဘဲ သားရေအကြောင်း ဗဟုသုတများကို အသေးစိတ် ရှင်းပြသည်။ထိုအခါမှသာ ချန်လွေ့သည် သားရေချပ်ကာတစ်ခု အောင်အောင်မြင်မြင် ပြုလုပ်ရန် ရှုပ်ထွေးသောလုပ်ဆောင်ချက် အများအပြား လိုအပ်ကြောင်း သိရှိသွားသည်။၎င်းသည် ထင်ထားသည်ထက် ပို၍ရှုပ်ထွေးသည်။ကုန်ကြမ်းပစ္စည်း ရွေးချယ်ခြင်းနှင့် ဖြတ်တောက်ခြင်း၌ အခြေခံလိုအပ်ချက် ၅၀ ရှိသည်။သားရေပြုလုပ်ခြင်း၌ ဖြတ်တောက်ခြင်း၊အပ်ချုပ်ခြင်း၊ပုံဖော်ခြင်း အစရှိသည့် လုပ်ဆောင်ချက် ၁၀မျိုး ရှိသည်။နည်းလမ်းနှင့် အသုံးချမှုများမှာလည်း အလွန်အသေးစိတ်လှသည်။ချပ်ကာတစ်ခု ပြုလုပ်ရန်အတွက်မူ ပြောစရာပင် မလိုတော့ချေ။
ကိုယ်တိုင်းချုပ်ထားသော အရည်အသွေးမြင့် သားရေချပ်ကာတစ်ခုတွင် ခုခံမှု၊တာရှည်ခံမှုနှင့် သက်တောင့်သက်သာ ရှိရုံသာမက သက်ဆိုင်ရာ မှော်စက်ဝန်းလည်း ရှိသည်။၎င်းသည် ဝတ်ဆင်သူ၏ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်စေရန်အတွက် အလိုအလျောက် ကျုံ့နိုင်ဆန့်နိုင်ပြီး ထိခိုက်မှုအတိုင်းအတာကို လျှော့ချပေးနိုင်သည်။
ချန်လွေ့သည် [ အထူးစိစစ်မှု ] ကို အသက်သွင်းပြီး စကိုင်း၏ သရုပ်ပြမှုနှင့် ပြောကြားမှုများကို ကြည့်ရှုနားထောင်နေလိုက်သည်။
အချိန်အကြာဆုံး လိုအပ်သော သားရေပြုလုပ်ခြင်းကို စကိုင်းက ကြိုတင်၍ ပြီးစီးထားသည်။နောက်တစ်ဆင့်မှာ ဖြတ်တောက်ခြင်းဖြစ်ပြီး စကိုင်း စကားထပ်မပြောတော့ပေ။ချပ်ကာပြုလုပ်ခြင်း အခြေအနေသို့ ဝင်ရောက်ပြီးနောက် သူသည် လုံးဝပြောင်းလဲသွားပြီး အာရုံစိုက်မှုနှင့် ယုံကြည်ချက်များ ပြည့်နှက်နေတော့သည်။
စကိုင်း၏နည်းလမ်းများနှင့် လှုပ်ရှားမှုများမှာ ရိုးရှင်းပုံပေါ်သော်လည်း အမှန်တကယ်၌ အံ့ဩဖွယ်ရာ အများအပြား ပါဝင်သည်။လှုပ်ရှားမှုတိုင်းသည် ချောမွေ့မှု ခံစားချက်ကို ပေးစွမ်းသည်။သူ၏လက်ထဲတွင် ဟိုက်ဒြာသားရေသည် အလျင်အမြန် ပြောင်းလဲလာပြီး တဖြည်းဖြည်းနှက့် ချပ်ကာပုံ ပေါ်လာသည်။၎င်းသည် သားရေချပ်ကာ တစ်ခုသာမဟုတ်ဘဲ ပြီးပြည့်စုံသော အနုပညာတစ်ခုလည်း ဖြစ်ပေသည်။
ဝင်းအပြင်ဘက်မှ လူနှစ်ယောက်၏ ခြေသံများထွက်လာပြီး မစ်-ဆာဆာ၏ စကားသံနှင့် ရောထွေးနေသည်။တာတာနှင့် သူ၏ အမျိုးသမီးအဖော်တို့ ပြန်ရောက်လာခြင်း ဖြစ်သည်။
ဆာဆာသည် အက်ဂ်ယော၊စကိုင်းနှင့် သူ၏သမီးနှစ်ယောက်တို့ ခြံဝင်းထဲ၌ ကစားနေကြကြောင်း တွေ့သွားပြီး အနားကပ်ရန် ပြင်လိုက်သည်။ရုတ်တရက် သူ၏လက်ကို တာတာက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။တာတာသည် စကိုင်း၏ နည်းစနစ်များကိုကြည့်ရင်း ထူးထူးဆန်းဆန်း လေးစားမှု ပြသလိုက်သည်။သူသည် ဆာဆာအား တိုးတိုးနေရန် လက်အမူအရာပြပြီး ညင်ညင်သာသာ လမ်းလျှောက်သွား၏။
မစ္စစ် ဆာဆာသည် အလိုက်မသိသူ မဟုတ်ပေ။တာတာ အတည်အတံ့ဖြစ်သည်ကို သူ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။သူ ဂရုမစိုက်ဘဲ အလျန်နှင့် အိဗ်တို့အား ဘေးဘက်သို့ ဆွဲခေါ်လိုက်သည်။ထိုအချိန်၌ စကိုင်း၏ သားရေချပ်ကာသည် လုံးဝပြီးစီးသွားပြီ ဖြစ်သည်။ကျန်ရှိသည့်အရာမှာ အရေးအကြီးဆုံးဖြစ်သော မှော်အစီအရင်ဖြစ်ပြီး ၎င်းသည် သားရေချပ်ကာ၏ နောက်ဆုံးအရည်အသွေးကို အဆုံးအဖြတ် ပေးမည် ဖြစ်သည်။
ချန်လွေ့သည် ပြိဿဘုန်းတော်ကြီး တော်ရီ၏ မှော်အစီအရင်ကို မြင်ခဲ့ဖူးသည်။ သူသည် အထူးနည်းလမ်းကိုသုံးပြီး သွေးဆာရောင်လျှံစွမ်းအားကို ပစ္စည်းကိရိယာနှင့် ပေါင်းစပ်ခဲ့သည်။ပြိဿတို့၏ လက်မှုပညာသည် ဆရာသခင်အဆင့် ဖြစ်သော်လည်း မှော်ပညာ၌ ချို့ယွင်းချက်ရှိသည်။ထို့ကြောင့် ထိုမှော်အစီအရင်သည် တစ်ကြိမ်သာ မဟုတ်ဘဲ သက်ရောက်မှုမှာလည်း သိပ်ပြီးမကောင်းလှပေ။၎င်းသည် အဆုံးသတ်ပြီး လက်နက်၏အရည်အသွေးကို ကြီးကြီးမားမား လျော့ကျစေသည်။၎င်းသည် ပြိဿများအတွက် အကြီးမားဆုံး နောင်တရစရာ တစ်ခု ဖြစ်သည်။
စကိုင်းအသုံးပြုသော မှော်အစီအရင် နည်းလမ်းမှာ လုံးဝကွဲပြားသည်။သူသည် မဟာနတ်ဆိုးဘုရင်အဆင့် မှော်စွမ်းအားရှိသော်လည်း သူ၏ကိုယ်ပိုင် မှော်စွမ်းအားကို သားရေချပ်ကာထဲသို့ မပေါင်းစပ်ဘဲ “ ဉာဏ်အမြင်ပွင့် ” နည်းလမ်းကို အသုံးပြုသည်။၎င်းသည် မှော်ကုန်ကြမ်းပစ္စည်း၏ သက်ဆိုင်ရာ ဂုဏ်သတ္တိများနှင့် ကိုယ်ပိုင်မှော်ကို အခြေခံအဖြစ် အသုံးပြုကာ မှော်ကုန်ကြမ်းပစ္စည်းများ၏ ဝိသေသလက္ခဏာများကို ပစ္စည်းကိရိယာထဲသို့ ပေါင်းစပ်ခြင်း ဖြစ်သည်။
ထိုနည်းလမ်းသည် မှော်စွမ်းအားကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ရန် လိုအပ်ရုံသာမက ကုန်ကြမ်းပစ္စည်းများကိုလည်း နားလည်မှုအဆင့် မြင့်မားရပေမည်။သင့်တော်သည့်အပူချိန်၊ပေါင်းစပ်ချိန်နှင့် ကုန်ကြမ်းပစ္စည်း သဟဇာတဖြစ်ခြင်း အစရှိသည်တို့မှာ လေးနက်သော အသိပညာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
တာတာသည် ကုန်ကြမ်းပစ္စည်း၏ “ ဆဲလ် ” တစ်ခုချင်းစီတိုင်းနှင့် ရင်းနှီးပြီး ဆက်လက်နားလည်သဘောပေါက်စေရန်အတွက် ကုန်ကြမ်းပစ္စည်းတစ်ခုကို နေ့တိုင်း ကိုင်ထားလေ့ရှိသည်။၎င်းသည် ပစ္စည်းပြုလုပ်ရာ၌ အရေးပါသောအခန်းကဏ္ဍ၌ ပါဝင်နေသည်။
စကိုင်းအသုံးပြုသော မှော်အစီအရင် ကုန်ကြမ်းပစ္စည်းများမှာ တိမ်မျှင်၊ကြိုးကြာ သလင်းကျောက်နှင့် ကျောက်စိမ်းပင်ရည်တို့ ဖြစ်ကြသည်။ကျောက်စိမ်းပင်ရည်၏ သက်ရောက်မှုအောက်တွင် အရည်ပျော်နေသော တိမ်မျှင်သည် ကြိုးကြာ သလင်းကျောက် စွမ်းအားကို ကောင်းကောင်းမွန်မွန် စုပ်ယူသည်။နောက်ဆုံး၌ မှော်အစီအရင် လုပ်ငန်းစဉ် ပြီးစီးသွားခဲ့လေပြီ။ချပ်ကာတစ်ခုလုံးကို ရိုးရှင်းသော မှော်ပညာဖြင့် ပြန်ပြုပြင်ပြီးနောက် ထိုမှော်သားရေချပ်ကာ ပြီးစီးသွားခဲ့သည်။
စကိုင်းသည် ချန်လွေ့အား ထိုသားရေချပ်ကာ၏ မှော်ဂုဏ်သတ္တိများကို ပြောပြခဲ့သည်။၎င်းတို့မှာ ကြံ့ခိုင်ခြင်း ( ဟိုက်ဒြာသားရေ၏ ဂုဏ်သတ္တိများ ဖြစ်သော မှော်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခုခံမှု တိုးမြှင့်သွား ) ၊ အမြန်နှုန်း ၂၀% တိုးခြင်း နှင့် တိုက်ခိုက်မှု ၂၅% တိုးခြင်းတို့ ဖြစ်သည်။
မှော်နဲ့ရုပ် ခုခံမှု၊အမြန်နှုန်းနဲ့တိုက်ခိုက်မှု တိုးမြင့်တာ။ဒါ လုံးဝကို ထူးကဲအဆင့် ပစ္စည်းကိရိယာပဲ။ချန်လွေ့ အလွန်ပျော်ရွှင်သွားသည်။ချန်လွေ့သည် [ အထူးစိစစ်မှု ] နှင့် ကိုယ်ပိုင်နားလည်မှုမှတစ်ဆင့် အရည်အသွေးမြင့် သားရေချပ်ကာမှလွဲ၍ ချပ်ကာပြုလုပ်ခြင်း အခြေခံအချို့ကို နားလည်တပ်ကျွမ်းသွားပြီ ဖြစ်သည်။သူသည် ပြိဿများ၌ မရှိသော မှော်အစီအရင် အစွမ်းကိုလည်း လေ့လာခဲ့ရသည်။
သားရေချပ်ကာ အောင်မြင်သွားသော်လည်း စကိုင်း၏ ပင်ပန်းနေသောမျက်နှာသည် ဝမ်းနည်းနေပုံရသည်။ဘေးဘက်မှ ဆရာသခင်တာတာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။အမှောင်နတ်ဆိုးလူပု ဆရာသခင်က ပြောသည်။
“ ကံမကောင်းစွာနဲ့ပဲ ဒါက ဒဏ္ဍာရီလာအဆင့် ပစ္စည်းဖြစ်ဖို့ ခြေတစ်လှမ်း လိုသေးတယ်။ ”
စကိုင်းသည် တာတာအားကြည့်ပြီး သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။
“ ဒီအဆင့်ပဲ။ဒီအဆင့်မှာ တစ်နေတာ နှစ်ပေါင်းတော်တော်လေး ကြာခဲ့ပြီ။ ”
“ ကျုပ်လည်း အဲလိုပဲ ခံစားရတယ်.... ”
တာတာက စိတ်လှုပ်တရှားနှင့် ပြောသည်။
“ ဘောင်တစ်ခုခုထဲမှာ ပိတ်မိခံနေရသလိုမျိုးပဲ။ဒီဘောင်ရဲ့ အစွန်းတိုင်းကို ကျုပ်တို့ ရောက်ခဲ့ပြီးပြီ ဖြစ်ပေမဲ့ ဘောင်ထဲကနေ မခုန်ထွက်နိုင်သေးဘူး။ ”
မစ်-ဆာဆာသည် သာမန်လူသာဖြစ်သော်လည်း တာတာ၏လေသံတွင် လေးစားမှု အများအပြား ရှိနေကြောင်း ပြောနိုင်သည်။တာတာသည် သူ၏သူငယ်ချင်း နှစ်ယောက်၏ အဖေဖြစ်သူ အမှောင်နတ်သူငယ် စကိုင်းကို တန်းတူနေရာ၌ ထားခဲ့လေပြီ။
ဆရာသခင်တာတာသည် ဝတ်ရုံဂိုဏ်းထဲ၌ အမြဲပင် လူကြမ်းတစ်ယောက် ဖြစ်နေခဲ့သည်။သူ၏ချစ်သူ မစ်-ဆာဆာ၊ သူ၏အမြင်၌ ယောက္ခမဖြစ်သော ဒီဒီနှင့် မစ်-ဆာဆာ၏ သူငယ်ချင်းနှစ်ယောက်ဖြစ်သော အလျန်နှင့် အိဗ် တို့မှလွဲ၍ လူတိုင်းကို သူလျစ်လျူရှုထားခဲ့သည်။သူ၏အရှေ့မှ နေမကောင်းပုံပေါ်သော အမှောင်နတ်သူငယ်ပါ အပါအဝင် ဖြစ်သည်။လူအများ၏ လေးစားအားကျမှုကို ခံရလေ့ရှိသော ယန္တရားဆရာသခင် တစ်ယောက်အနေဖြင့် သူ၏အပြုအမူကို နားလည်၍ရပေသည်။သို့သော်လည်း အမှောင်နတ်သူငယ်၏ ဆရာသခင်အဆင့် အစွမ်းကို မြင်ရသည့်အခါ တာတာ၏အပြုအမူ လုံးဝပြောင်းလဲသွားသည်။တာတာ၏ အထူးပြုသည် အသုံးအဆောင်ပစ္စည်းများ နှင့် ကိရိယာများဖြစ်ပြီး စကိုင်း၏အထူးပြုမှာ သားရေဖြစ်သော်လည်း ထိုအမှောင်နတ်သူငယ်၏ အောင်မြင်မှုများမှာ ဆရာသခင်အဆင့် ထိပ်သီးပိုင်း၌ရောက်နေပြီး အသုံးအဆောင်ပစ္စည်း၌ သူ၏ကျွမ်းကျင်မှုနှင့် တစ်တန်းထဲပင် ဖြစ်သည်။
စကိုင်းသည် တာတာ၏ မူမမှန်ခြင်းကို ပျက်ရယ်မပြုခဲ့ဘဲ ခပ်တည်တည်ဖြင့် ခေါင်းညိတ်လိုက်သည်။သူ၏သမီးကို တာတာပေးခဲ့သော “ ကစားစရာများ ” မှ ထိုအမှောင်နတ်ဆိုးကလေးသည် ထူးချွန်သော ယန္တရားဆရာသခင်တစ်ယောက် ဖြစ်ကြောင်း စကိုင်း သိရှိခဲ့သည်။အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်သည့်အလျောက် စကိုင်းသည် တာတာ၏ မာနထောင်လွှားမှုကို သဘောပေါက်သည်။၎င်းသည် ယုံကြည်ခြင်းသာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းလည်း ဖြစ်သည်။
“ မစ္စတာ စကိုင်း။နည်းနည်းတော့ အရဲစွန့်ပြီး မေးချင်တယ်။ခင်ဗျားရဲ့ လက်ကျန်စွမ်းအင်နဲ့ နောက်တစ်ခု လုပ်နိုင်ဦးမလား မသိဘူး။ ”
တာတာ မျက်မှောင်ကြုတ်ပြီး အပြစ်တင်လိုက်သည်။
“ မင်းကတကယ်ပဲ အဂ္ဂိရတ်ဆရာသခင် တစ်ယောက်ရဲ့ တပည့်ဆိုရင် ယန္တရားပညာဆိုတာက အလုပ်တစ်ခုကို ပြီးစီးအောင် လုပ်ရုံသက်သက်ပဲ မဟုတ်တာကို မင်းသိသင့်တယ်။ဉာဏ်ကွန့်မြူးမှုတွေ၊ စိတ်အခြေအနေ ကွန့်မြူးမှုတွေ မရှိဘူးဆိုရင် ဖန်တီးလိုက်တဲ့ ပစ္စည်းကိရိယာက စွမ်းအင် ဆုံးရှုံးသွားလိမ့်မယ်။ဒါက အဖိုးတန်ကုန်ကြမ်းပစ္စည်းတွေကို ဖြုန်းတီးရာကျသလို ဆရာသခင်တစ်ယောက်ရဲ့ အဖိုးတန်စွမ်းအင်လည်း အလကားဖြစ်ရာ ရောက်တယ်။ ”
စကိုင်း အသာလေး ပြုံးလိုက်သည်။
“ ဆရာသခင်တာတာ ပြောတာ မှန်တယ်။ဒါပေမဲ့ ငါ့ရဲ့စွမ်းအင်က အခု တက်ကြွသွက်လက်နေတယ်။ပြီးတော့ ဒီလိုမျိုး ထုတ်လုပ်ရေးကလည်း ငါ့အတွက် လုံးဝမပင်ပန်းဘူး။နလန်ပြန်ထူတာလိုမျိုးပဲ။မစ္စတာ အက်ဂ်ယောက အဲဒီကုန်ကြမ်းပစ္စည်းတွေ အလကားဖြစ်သွားမှာကို မစိုးရိမ်ဘူးဆိုရင်တော့ ငါထပ်ပြီး စမ်းလုပ်ကြည့်ပေးချင်တယ်။ ”
နလန်ပြန်ထူတာလား။ ၎င်းကို ကြားလိုက်ရာ တာတာ အံ့အားသင့်သွားသည်။ တစ်နည်းပြောရရင် ဒီအမှောင်နတ်သူငယ် ဆရာသခင်က အကောင်းဆုံး အခြေအနေမှာ မဟုတ်သေးဘူးပေါ့။စကိုင်းရဲ့ ဆန်းပြားတဲ့အရည်အချင်းတွေနဲ့ဆိုရင် ယန္တရားအစည်းအရုံးမှာ သူက သေချာပေါက် ထိပ်တန်းဆရာသခင်တစ်ယောက် ဖြစ်မှာပဲ။သူ့ကို ဘာလို့ တစ်လောကလုံး မသိကြတာလဲ။