← Chapters

အံ့အားသင့်သွားခြင်း နှင့် ဉာဏ်အလင်းရသွားခြင်း

Vol. 16 Ch. 231

အံ့အားသင့်သွားခြင်း နှင့် ဉာဏ်အလင်းရသွားခြင်း

Vol. 16 Ch. 231

“ ကျုပ်ရဲ့ တောင်းဆိုချက်ကို နားထောင်ပေးတဲ့အတွက် ကျေးဇူးပါပဲ။မစ္စတာ စကိုင်း။ခုနက ဆရာသခင်ရဲ့ ပြုလုပ်မှု လုပ်ငန်းစဉ်ကို ကြည့်‌ရင်းနဲ့ အခြေခံလိုအပ်ချက်တွေကို သိသွားပြီဖြစ်လို့ ဒီလိုတောင်းဆိုရတာပါ။အဲဒါကြောင့် ကျုပ် နောက်တစ်ခေါက် ပြန်ကြည့်ချင်တာပါ။ကြည့်ပြီးရင် ကျုပ်စမ်းပြီးတော့ ဖန်တီးပြုလုပ်ချင်တယ်။ဆရာသခင်က ကျုပ်ကို ထောက်ပြပေးမယ်လို့ မျှော်လင့်ပါတယ်။ ”

တာတာ စိတ်မဝင်စားပေ။အက်ဂ်ယော၏ ဆရာသည် လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများ၌ ဆရာသခင်တစ်ယောက် ဖြစ်နိုင်သည်။သို့သော်လည်း သားရေသည် လုံးဝကွဲပြားသော နယ်ပယ်ဖြစ်သည်။ကြည့်ရုံဖြင့် သဘောပေါက်သည်ဆိုလျှင် ယခုအချိန်တွင် နတ်ဆိုးဘုံရှိလူတိုင်း ဆရာသခင် ဖြစ်သွားမည် မဟုတ်ပါလား။

သို့သော်လည်း စကိုင်း သံသယ အနည်းငယ် ရှိနေသည်။ထို“အက်ဂ်ယော”သည် ဖန်တီးပြုလုပ်ခြင်း အခြေခံလိုအပ်ချက်များကို ကြည့်ရုံဖြင့် တပ်ကျွမ်းသွားကြောင်း စကိုင်း မယုံကြည်သော်လည်း အက်ဂ်ယော၏ အပြုအမူအရ သူသည် ကြွားဝါတတ်သူ မဟုတ်ပေ။ဖန်တီးပြုလုပ်ရာ၌ ခံစားချက်သည် ယန္တရားပညာရှင် တစ်ယောက်အတွက် အလွန်အရေးပါလှသည်။ယခုတွင် စကိုင်း၏ မှော်စွမ်းအားလည်း ပြန်ရရှိခဲ့ပြီး ဟိုက်ဒြာသားရေနှင့် အခြားပစ္စည်းများလည်း ပြီးစီးသွားပြီဖြစ်သည်။ထို့ကြောင့် သူသည် ထိုအခွင့်အရေးကို အသုံးချပြီး ခံစားချက်ဟောင်းကို ပြန်ရလိုချင်သည်။ထို့ကြောင့် သူသည် ချက်ချင်းပင် ချန်လွေ့၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်။ပထမဦးစွာ သူသည် ယခင် သားရေချပ်ကာအကြောင်း အသေးစိတ်အချို့ကို ရှင်းပြသည်။ထို့နောက် စတင် ဖန်တီးပြုလုပ်တော့သည်။

ယခုတစ်ကြိမ်မှာ အမျိုးသမီးဝတ် သားရေချပ်ကာ ဖြစ်သည်။မှော်အစီအရင် နည်းလမ်းမှာလည်း သွင်းမြှုပ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ မှော်ဂုဏ်သတ္တိများရှိသော ကုန်ကြမ်းပစ္စည်းများကို သက်ဆိုင်ရာနေရာများ၌ မြှုပ်နှံစီချယ်ပြီး မှော်ဂုဏ်သတ္တိ ပေါင်းစပ်ခြင်းအတွက် ပြီးပြည့်စုံသည့် သက်ရောက်မှု ရရှိစေရန် ဖြည့်စွက် မှော်စက်ဝန်းတစ်ခုဖြင့် ချိတ်ဆက်ထားသည်။

တာတာသည် သားရေချပ်ကာကိုယူပြီး ဖုံးကွယ်မထားသော လေးစားမှုကို ပြသသည်။ထို့နောက် သူသည် ပုံကြီးချဲ့မှန်ကဲ့သို့ ကိရိယာတစ်ခုကို ထုတ်ပြီး ခဏစစ်ဆေးကြည့်သည်။ထို့နောက် ရလာဒ်ကို ပြောသည်။

- ကြံ့ခိုင်ခြင်း ( ဟိုက်ဒြာသားရေ၏ ဂုဏ်သတ္တိများ ဖြစ်သော မှော်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခုခံမှု တိုးမြှင့်သွား )။

- ရေမှော်ပညာ တိုက်ခိုက်မှု ၂၇% တိုးမြှင့်။

- သက်လုံ ၂၈% တိုးမြှင့်။

သာမန်ပစ္စည်းကိရိယာအတွက် အမြင့်ဆုံး မှော်အစီအရင်သည် ၁၅% ဖြစ်ပြီး အမြင့်ဆုံး မှော်အစီအရင်နှစ်ခုအထိ ဖြစ်သည်။ကုန်ကြမ်းပစ္စည်း ကျွမ်းကျင်မှု ပြဿနာများကြောင့် ခုခံမှုတိုးမြှင့်ပြီး အမြန်နှုန်း လျော့ကျမှု ကဲ့သို့သော အနုတ်သဘော ဂုဏ်သတ္တိများ ရှိလာနိုင်သည်။ထူးကဲအဆင့်အတွက် အမြင့်ဆုံးမှော်အစီအရင်မှာ ၃၀% ဖြစ်ပြီး သာမန်အားဖြင့် အနုတ်သဘော ဂုဏ်သတ္တိများ မရှိနိုင်ပေ။မှော်အစီအရင်ကို နှစ်ခုမှ သုံးခုအထိ ထည့်သွင်း၍ရသည်။ဒဏ္ဍာရီလာအဆင့်အတွက် အမြင့်ဆုံးမှော်အစီအရင်မှာ ၅၀ % ဖြစ်ပြီး သုံးခုမှ လေးခုအထိ ထည့်သွင်းနိုင်သည်။

မှော်ကွန်းတင်အဆင့် ပစ္စည်းကိရိယာမှာ အဆောင်ပစ္စည်း ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ထိုဂုဏ်သတ္တိများဖြင့် တိုင်းတာ၍မရတော့ပေ။

စကိုင်း၏ မှော်ဂုဏ်သတ္တိများမှာ ၂၅% ကျော်သည်။ထို့ကြောင့် ဆရာသခင်များ၏ လက်ရာများကြားထဲ၌ပင် ထူးချွန်သည်ဟု သတ်မှတ်၍ ရပေသည်။

အမြန်နှုန်းနှင့် ထိခိုက်မှု တိုးတက်စေသော ယခင်သားရေချပ်ကာသည် ရိုမန်နှင့် အလွန်သင့်တော်ပြီး ရေမှော်တိုးမြှင့်မှုနှင့် သက်လုံတိုးမြှင့်မှုရှိသော ယခုသားရေချပ်ကာအား ဒေလီယာကို ပေးသင့်သည်။အသီနာအတွက်မူ အဆိပ်နဂါး ရတနာသိုက်ထဲမှ ပိုကောင်းသော ပစ္စည်းကိရိယာတစ်ခုကို ယာယီအသုံးပြု၍ရသည်။အနာဂတ်၌ ချန်လွေ့သည် အသီနာအတွက် ချပ်ဝတ်တန်ဆာ အပြည့်အစုံတစ်ခု ပြုလုပ်ပေးချင်သည်။သေချာသည်မှာ ၎င်းတို့သည် အနည်းဆုံး ထူးကဲအဆင့် သို့မဟုတ် ထူးကဲအဆင့်ထက် ကျော်လွန်ရပေမည်။

ယခုတွင် သားရေကျွမ်းကျင်မှုရှိသော ယန္တရားဆရာသခင်တစ်ယောက် ရှိနေသည့်အတွက် ချန်လွေ့ သည် အစွမ်းထုတ်ပြပြီး အကြံဉာဏ် ရယူသင့်ပေသည်။

ချန်လွေ့သည် စကိုင်းအား အလွန်အံ့အားသင့်သွားစေသော မေးခွန်းအချို့ကို မေးခဲ့သည်။ထိုမေးခွန်းများအားလုံးသည် အချက်ကျကျပင် ဖြစ်သည်။နှစ်ပေါင်းများစွာ စိတ်မြှုပ်နှံထားသည့် ယန္တရားပညာရှင်တစ်ယောက်သည်ပင် ၎င်းကို စဉ်းစားနိုင်မည် မဟုတ်ပေ။သို့ရာတွင် ချပ်ကာ ဖန်းတီးပြုလုပ်ရာ၌ လက်သင်သာဖြစ်သော ဤလူသစ်သည် ၎င်းကို အမှန်တကယ် ထောက်ပြ‌နိုင်‌နေသည်။

စကိုင်းထံမှ အဖြေရပြီးနောက် ချန်လွေ့၏ နားလည်သဘောပေါက်မှု နက်ရှိုင်းသွားသည်။သူသည် နတ်ဆိုးဘုရင်အဆင့် ဟိုက်ဒြာသားရေကို ရွေးချယ်လိုက်သည်။စကိုင်းသည် သားရေနယ်ပြီးပြီ ဖြစ်သည့် ပြဿနာ တော်တော်များများကို ရှောင်ရှားလိုက်နိုင်သည်။စကိုင်းက “ အက်ဂ်ယော ” သည် ဟိုက်ဒြာသားရေကဲ့သို့ အဖိုးတန်ကုန်ကြမ်းပစ္စည်းအား ပထမဆုံးအကြိမ်အတွက် အသုံးပြုမည်ကို တွေ့လိုက်သည့်အတွက် ထိုကဲ့သို့ မလုပ်ရန် အကြံပေးချင်ခဲ့သည်။သို့သော်လည်း ပြန်စဉ်းစားကြည့်လိုက်ရာ ထိုကုန်ကြမ်းပစ္စည်းသည် အက်ဂ်ယော၏ဟာ ဖြစ်သည့်အတွက် သူဘာမျှ မပြောတော့ပေ။

ချန်လွေ့ စတင်ဖန်တီးပြုလုပ်သောအခါ စကိုင်းနှင့် တာတာတို့ အံ့အားသင့်သွားကြသည်။ ယခင်က အတော်လေး မရင်းနှီးသော နည်းစနစ်ကို သူသည် မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် ကျွမ်းကျင်သွားသည်။နည်းစနစ်များသာမက နားလည်မှုပိုင်းဆိုင်ရာ၌လည်း အလျင်အမြန် တိုးတက်လာပြီး လူသစ်တစ်ယောက်က ယန္တရားပညာရှင်အဖြစ်သို့ ရောက်ရှိလာသကဲ့သို့ပင် ဖြစ်နေသည်။ မဟုတ်ဘူး။ယန္တရားပညာရှင်ပဲ မဟုတ်ဘူး။ဆရာသခင် တစ်ယောက်ရဲ့ ခံစားချက် အနည်းငယ်လည်း ရှိတယ်။

စကိုင်း၏အမြင်၌ ယန္တရားဆရာသခင်တိုင်းတွင် ကိုယ်ပိုင် ဝိသေသလက္ခဏာများ ရှိကြသည်။ချန်လွေ့၏ နည်းစနစ်ပိုင်း အသေးစိတ်မှုနှင့် သေချာသော ဝိသေသလက္ခဏာများသည် စကိုင်းကဲ့သို့ပင် ဖြစ်သည်။ချန်လွေ့သည် သူ၏လက်အောက်၌ နှစ်ပေါင်းများစွာ သင်ကြားခဲ့သော တပည့်တစ်ယောက် ကဲ့သို့ပင် ဖြစ်နေသည်။

နောက်ပိုင်း လုပ်ငန်းစဉ်တိုင်းသည် နေရာတကျပင် ဖြစ်ပြီး အမှားလုံးဝမရှိပေ။ပို၍ အသေးစိတ်လာပြီး အတွေ့အကြုံများလာသည်။သားရေချပ်ကာ ပြီးစီးသွားသည့်အခါ စကိုင်းနှင့်တာတာတို့ အချင်းချင်းကြည့်လိုက်ကြရာ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးထဲ၌ အံ့အားသင့်မှုကို မြင်လိုက်ရသည်။

သားရေချပ်ကာတစ်ခုက လူသစ်တစ်ယောက်ကို သားရေကျွမ်းကျင် ယန္တရားပညာရှင်တစ်ယောက်အဖြစ် တိုးမြှင့်နိုင်တယ်။ပြီးတော့ ဒါက ပုံမှန်ဆရာသခင်အဆင့်ထက် မနိမ့်ကျဘူး။ဒီလိုမျိုး နားလည်မှုစွမ်းရည်နဲ့ သင်ယူမှုစွမ်းရည်မျိုးကို ပါရမီရှင်လို့ပဲ ပြောလို့ရတော့မယ်။....မဟုတ်ဘူး။ဒါက မွန်းစတားပဲ။

နောက်ဆုံး မှော်အစီအရင် ပြုလုပ်ရာ၌ ချန်လွေ့သည် အမှားအနည်းငယ် ပြုလုပ်မိခဲ့သည်။ကုန်ကြမ်းပစ္စည်းများကို အချိန်တိုအတွင်း အပြည့်အဝ မနားလည်နိုင်ခြင်းနှင့် စိတ်ဝိညာဉ်အားကောင်းသော်လည်း မှော်ပညာ၌ အတွေ့အကြုံမရှိခြင်းတို့ကြောင့် ( သူ၏မြေမှော်ပညာသည် နဂါးငွေ့တန်း ဥယျာဉ်ထဲရှိ မြေဒြပ်စင်နှလုံးသားထံမှ အခြေပြုခြင်း ဖြစ်သည် ) မှော်အစီအရင် သက်ရောက်မှုများမှာ သိပ်ပြီး မကောင်းလှပေ။ဆရာသခင်နှစ်ယောက်၏ အကဲဖြတ်မှုပြီးနောက်တွင် ဟိုင်ဒြာသားရေ၏ “ ကြံ့ခိုင်မှု ” ဝိသေသလက္ခဏာအပြင် သားရေချပ်ကာ၏ ဂုဏ်သတ္တိများမှာ ခုခံမှုကို ၁၀ % တိုးမြှင့်ခြင်းနှင့် တိုက်ခိုက်မှုကို ၈% တိုးမြှင့်ခြင်းတို့ ဖြစ်ကြသည်။

ချန်လွေ့သည် အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“ ဒါက သားရေချပ်ကာ ပြုလုပ်တာကို ကျုပ် ပထမဆုံး လေ့လာတာပါ။တိုးတက်ဖို့ အများကြီး လိုပါသေးတယ်။ဆရာသခင်နှစ်ယောက် အရှေ့မှာ ကျုပ်ကိုယ်ကျုပ် အရှက်ရစေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ”

တာတာသည် ချန်လွေ့ကို လက်ညှိုးထိုးနေပြီး ဒေါသကြောင့် စကားပင် မပြောနိုင်တော့ပေ။ ငါက အသုံးအဆောင်ပစ္စည်းကို အထူးပြုထားပေမဲ့ အကဲဖြတ်တဲ့နေရာမှာတော့ ကျွမ်းကျင်တယ်။ဒီသားရေချပ်ကာက သေချာပေါက် အမြင့်ဆင့်ပစ္စည်းပဲ။ယန္တရားပညာရှင်တစ်ယောက်ရဲ့ စံနှုန်းမြင့်တစ်ခုနဲ့ ညီမျှတယ်။ဒီစိတ်ရှုပ်စရာကောင်က ငါတို့ကို တမင်တကာ အရှက်ရအောင် လုပ်ဖို့အတွက် လူသစ်ဟန်ဆောင်တဲ့ အတွေ့အကြုံရှိ ယ‌န္တရားပညာရှင် တစ်ယောက်လား။

“ မင်းစလုပ်တဲ့ ပုံစံက မရင်းမနှီး ဖြစ်ခဲ့တာကြောင့်သာ မဟုတ်ရင် မင်းကို အတွေ့အကြုံရှိတယ်လို့ ငါထင်ခဲ့မိမှာ။ ”

စကိုင်းက ခါးသက်သက်နှင့် ပြုံးလိုက်သည်။

“ အဆုံးသတ် မှော်အစီအရင်က ပိုကောင်းမယ်‌ဆိုရင် ဒီသားရေချပ်ကာက အငယ်တန်း ဆရာသခင် အဆင့်အထိ ရောက်နိုင်တယ်။ဒီအကြောင်းသာ ပျံ့သွားရင်တော့ ယန္တရားနယ်ပယ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားမှာပဲ။ဒါပေမဲ့ ဘယ်သူမှ မယုံလောက်ဘူး။ ”

“ ငါ မယုံဘူး။ဒါက လှည့်ကွက်တစ်ခုပဲ ဖြစ်မယ်။ ”

တာတာသည် မယုံကြည်နိုင်စွာဖြင့် ခေါင်းကို ခါနေဆဲပင် ဖြစ်သည်။ရုတ်တရက် သူ တစ်ခုခုကို တွေးမိလိုက်သည်။

“ မင်း.... ဒီမှာစောင့်နေ။ ”

ထိုသို့ပြောပြီးနောက် အမှောင်နတ်ဆိုးကလေး ဆရာသခင်သည် လေဟာနယ်လက်စွပ်ထဲ၌ စားပွဲတစ်လုံး ထုတ်လိုက်သည်။ထို့နောက် ခွေးခြေနှင့် ပုံကြီးချဲ့မှန်ကဲ့သို့ ပစ္စည်းများ၊အဏုကြည့်မှန်ပြောင်း၊ဖြတ်စက် အစရှိသည့် ပစ္စည်းများကို ထုတ်သည်။ချန်လွေ့၏ မျက်လုံး အရောင်တောက်သွားပြီး ဆရာသခင်တာတာ ပြုလုပ်မည့်အရာကို အကြမ်းဖျဉ်း သဘောပေါက်သွားသည်။

သို့သော်လည်း မိစ္ဆာမျက်ရည်ပြာကို ရိုမန်ထံသို့ ပေးခဲ့ပြီး ချန်လွေ့သည် ၎င်းကို တစ်နေ့နှစ်ကြိမ်သာ အသုံးပြု၍ရသည်။ယခုတွင် ၎င်းကို အသုံးပြုပြီးပြီ ဖြစ်သည်။သို့သော်လည်း ရှားပါးအခွင့်အရေး ဖြစ်သည့်အတွက် သူလွဲချော်၍မရပေ။သူခဏစဉ်းစားပြီး အိမ်သာတက်ရန် အကြောင်းပြကာ ဝတ်ရုံဂိုဏ်းမှ အရှိန်အမြန်ဆုံးဖြင့် ထွက်သွားကာ ပြိုင်ကွင်းဆီသို့ သွားသည်။ထို့နောက် မိစ္ဆာမျက်ရည်ပြာကို တောင်းပြီး စိတ်ဝိညာဉ် ဖြည့်တင်း ဆေးရည်နှင့် စိတ်ဝိညာဉ်ကို အလျင်အမြန် ပြည်ရရှိစေသည့် စွမ်းအင်ရေစက်ကို ပြန်ရာလမ်း၌ သောက်ခဲ့သည်။

နတ်ဆိုးဘုရင်အဆင့် အမြန်နှုန်းသည် အလွန်မြန်ဆန်သော်လည်း ဝတ်ရုံဂိုဏ်း နောက်ဖေးသို့ ချန်လွေ့ ပြန်ရောက်သည့်အခါ ဆရာသခင် တာတာသည် စိတ်မရှည် ဖြစ်နေပြီ ဖြစ်သည်။ချန်လွေ့သည် မိမိနှင့်အတူ မိစ္ဆာမျက်ရည်ပြာ ရှိနေပြီ ဖြစ်သည့်အတွက် ပို၍ ယုံကြည်မှု ရှိနေသည်။ထို့နောက် သူသည် စားပွဲပေါ်မှ ကိရိယာများ၏ အသုံးပြုပုံနှင့် နာမည်များကို မေးလိုက်သည်။

တာတာသည် အလွန်စိတ်မရှည်ဖြစ်နေသော်လည်း သူသည် တစ်ခုချင်း ပြန်ဖြေသည်။သတ္တုအထူးပြု ဆရာသခင်တစ်ယောက်က လက်ထဲရှိ တူနှင့် ရင်းနှီးသကဲ့သို့ပင် အသုံးအဆောင်ပစ္စည်း အထူးပြု ဆရာသခင်တစ်ယောက်ကလည်း ပစ္စည်းကိရိယာတိုင်းကို ခန္ဓာကိုယ်ပေါ်ရှိ ကိုယ်အင်္ဂါရပ်များကဲ့သို့ ရင်းနှီးရပေမည်။

ချန်လွေ့ သေသေချာချာ နားထောင်ပြီး အလွတ်မှတ်လိုက်သည်။တာတာသည် ချန်လွေ့၏ မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း တည်တံ့သော အမူအရာကို ခံစားမိသည့်အတွက် သူ၏ စိတ်အနည်းငယ် ပြန်ကောင်းသွားသည်။ရှင်းပြပြီး နောက်တွင် တာတာသည် အသုံးအဆောင်ပစ္စည်းများကို စတင် ပြုလုပ်တော့သည်။

အသုံးအဆောင်ပစ္စည်း ပြုလုပ်ခြင်းသည် သားရေချပ်ကာပြုလုပ်ခြင်းနှင့် မတူပေ။အရွယ်အစားနှင့် ကုန်ကြမ်းပစ္စည်းပြဿနာကြောင့် အတွေ့အကြုံ ရင့်ကျက်မှု ပိုလိုအပ်ပြီး ကိရိယာအသုံးပြုပုံမှာလည်း ပို၍ရှုပ်ထွေးသည်။တာတာ၏ သရုပ်ပြမှု ပြီးနောက်တွင် ချန်လွေ့ မေးခွန်းအချို့မေးသည်။တစ်နာရီကြာပြီးနောက် ချန်လွေ့သည် သူပြုလုပ်ထားသော လက်စွပ်ကို တာတာအား အကဲဖြတ်ရန် ပေးလိုက်သည်။ဆရာသခင်တာတာ ဆွံ့အသွားပြီး ကြက်သေသေသွားသည်။ မွန်းစတား။တကယ့်ကို မွန်းစတားပဲ။

လက်ရှိ၌ ချန်လွေ့သည် သတ္တုလက်နက်များ ပြုလုပ်နိုင်ရုံသာမက သားရေချပ်ကာနှင့် လက်စွပ်ပြုလုပ်နည်းကို သင်ယူလေ့ပြီးပြီ ဖြစ်သည်။စစ်မှန်သော ဆရာသခင် တစ်ယောက်ဖြစ်ရန်အတွက် ဝေးနေသေးသော်လည်း ချန်လွေ့ကို နယ်ပယ်သုံးမျိုး၌ ကျွမ်းကျင်သော ပါရမီရှင် ယန္တရားပညာရှင်၌ သတ်မှတ်၍ရပေသည်။

ချန်လွေ့ သဘောပေါက်ခဲ့သည်မှာ မယုံနိုင်စရာ ကောင်းသော်လည်း ၎င်းသည် အတုခိုးခြင်းသာ ဖြစ်သည်။ထို့ပြင် ထိုနည်းစနစ်များမှာ အပေါ်ယံမျှသာ ဖြစ်သည်။အသုံးအဆောင်ပစ္စည်းများကို ဥပမာအနေဖြင့် ထားကြည့်ပါ။လက်စွပ်အပြင် ခေါင်းစွပ်၊နားကပ်၊လက်ပတ် အစရှိသဖြင့် ရှိကြသည်။သားရေသည်လည်း သားရေချပ်ကာ တစ်ခုတည်းသာ ပြုလုပ်၍ရသည်မဟုတ်ပေ။ဝတ်ရုံ၊ခါးပတ်၊ ခေါင်းဆောင်း၊ဘွတ်ဖိနပ်၊လက်ပတ် အစရှိသဖြင့် ပြုလုပ်၍ရသည်။ယခုတွင် ဆရာသခင်နှစ်ယောက် ရှိနေပြီဖြစ်သည့်အတွက် ချန်လွေ့သည် အခွင့်အရေးကို အရယူရမည် ဖြစ်သည်။အနာဂတ်၌ သူသည် အကြံဉာဏ်အများအပြား တောင်းပြီး ထိုအစွမ်းများကို ကျွမ်းကျင်အောင် သူ၏နားလည်သဘောပေါက်မှုကို အသုံးပြုမည် ဖြစ်သည်။အနာဂတ်အကြောင်းကို မည်သူမှ သေချာမသိသော်လည်း အစွမ်းများများ ပိုရှိခြင်းသည် သေချာပေါက် အကြံကောင်း တစ်ခုပင် ဖြစ်သည်။

“ ငါက ငါ့ရဲ့အထုံပါရမီကို အမြဲတမ်း ဂုဏ်ယူနေခဲ့တာ။ဒါပေမဲ့ မင်းလိုမျိုး ပါရမီရှင်တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ ”

စကိုင်းက စိတ်အားထက်သန်စွာ ပြောသည်။

“ မင်းရဲ့ဆရာက ငါ့ထက်မြင့်တဲ့ ထိပ်တန်း ဆရာသခင်တစ်ယောက် ဖြစ်မယ်။သူက အဲဒီအထွတ်အထိပ်နဲ့ တော်တော်လေးကို နီးကပ်နေလောက်တယ်။ ”

ယခုတစ်ခေါက်၌ အမှောင်နတ်ဆိုးကလေးသည် ကန့်ကွက်မှုမရှိဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ချန်လွေ့က မိမိ၏ ထူးချွန်သောလုပ်ဆောင်ချက်များသည် သူတို့၏ယုံကြည်ချက်ကို များစွာထိခိုက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ချန်‌လွေ့သည် ဆက်လက် သင်ယူလေ့လာနိုင်ရန်အတွက် ဆရာသခင်နှစ်ယောက်နှင့်အတူ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ချင်သည်။ထို့နောက် သူခဏစဉ်းစားပြီး ပြောလိုက်သည်။

“ ကျုပ်ရဲ့ဆရာက ပုံပြင်တစ်ပုဒ် ပြောဖူးတယ်။အဲဒါက ခင်ဗျားတို့နှစ်ယောက်အတွက် အကူအညီ ဖြစ်နိုင်မလား မသိဘူး။ ”

မဟာဆရာသခင်တစ်ယောက်၏ ပုံပြင်တစ်ပုဒ်ဟု ကြားလိုက်သည်နှင့် ဆရာသခင်နှစ်ယောက် ချက်ချင်း စိတ်ဝင်စားသွားသည်။ချန်လွေ့ပြောသော ပုံပြင်မှာ ကျွမ်းကျိုး၏ “ နွားသတ်သမား စားဖိုမှူးတင်း ” ပင် ဖြစ်သည်။

စာဖိုမှူးတင်းသည် နွားများကို စတင်သတ်ဖြတ်ရာ၌ သူ၏မျက်လုံးထဲတွင် နွားများသာ ရှိသည်။သုံးနှစ်ကြာပြီးနောက် သူမြင်သည်မှာ နွားတစ်ကောင်လုံး မဟုတ်တော့ပေ။ ထို့နောက် သူသည် မျက်လုံးအစား စိတ်ကိုအသုံးပြုပြီး နွား၏ခန္ဓာဗေဒအတိုင်း ခံစားကာ သတ်ဖြတ်သည်။သူသည် အတွင်းမှသွေးသားများကို အာရုံခံနိုင်ပြီး စိတ်ဖြင့် ခုတ်ပိုင်းဖြတ်နိုင်သည့် အဆင့်အထိ ရောက်ရှိသွားခဲ့သည်။

နောက်ဆုံးအဆင့်အထိ ရောက်ရှိသွားသော စားဖိုမှူးတင်းအတွက် နွားသတ်ခြင်းသည် အလွယ်လေး ဖြစ်သွားသည်။“ နွားသတ်ခြင်း ” သည် သူ့အတွက် အနုပညာတစ်ခု ဖြစ်သွားပြီး “ လက်ထိရမည့်နေရာ၊လက်မှီရမည့်နေရာ၊ခြေနင်းရမည့်နေရာ၊ ဒူးဆစ်များမှ ထွက်ပေါ်လာသော အသံသာသာ ” စသဖြင့် ဖြစ်သွားတော့သည်။

ယန္တရားပညာကို အနုပညာတစ်ခုအဖြစ် သတ်မှတ်မည်ဆိုလျှင် အခြားလောကမှ ပညာရှင်များ လေးစားရသော စားဖိုမှူးတင်း၏ နယ်ပယ်သုံးခုသည် ထိုဆရာသခင်နှစ်ယောက်ကို ဉာဏ်အလင်းရအောင် ပြုလုပ်ပေးနိုင်လောက်သည်။ ၎င်းသည် တရားရှူမှတ်ခြင်း၏ နယ်ပယ်သုံးခု ကဲ့သို့ပင် ဖြစ်သည်။ပထမမှာ မြင်သည့်အရာကို မြင်ခြင်း ဖြစ်သည်။ဒုတိယမှာ မြင်သည့်အရာကို မမြင်ခြင်း ဖြစ်သည်။တတိယမှာ မြင်သည့်အရာကို ပြန်မြင်ခြင်း ဖြစ်သည်။တစ်နည်းပြောရလျှင် အနုပညာမှာ ဆက်နွှယ်နေပြီး အဆက်မပြတ် ဖြစ်နေသည်။

ထိုပုံပြင်ကို နားထောင်ပြီးနောက် စကိုင်းသည် အာရုံပြု ဆင်ခြင်သုံးသပ်ခြင်း အခြေအနေသို့ ရောက်ရှိသွားပြီး သူ၏မျက်နှာသည် ပျော်လိုက် ဝမ်းနည်းလိုက် ဖြစ်နေသည်။ရုတ်တရက် သူ ထလိုက်ပြီး ဟိုက်ဒြာသားရေကို စတင် ပြန်ဆင်တော့သည်။၎င်းကို အသုံးပြ၍ မဖြစ်နိုင်တော့သော်လည်း ယခင်က ဆန်းစစ်‌ထားသော အချက်အလက်များသည် သူ၏ဦးနှောက်ထဲ၌ စွဲထင်ကျန်ရစ်နေသည်။စကိုင်း၏ စိတ်နှင့် အသွင်အပြင်သည် ထူးထူးဆန်းဆန်း ပြောင်းလဲသွားကြောင်း ချန်လွေ့ မြင်နေရသည်။သူ၏ နည်းစနစ်များ နှေးကွေးသွားပြီး ပို၍တည်တံ့သွားပုံရသည်။

ချပ်ကာတစ်ခု အလျင်အမြန် ဖြစ်ပေါ်နေပြီး ဟိုက်ဒြာသားရေပေါ်၌ မူလက ချပ်ကာတစ်ခုရှိနေကာ စကိုင်းက ၎င်းကို မယူလိုက်သကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းအတွင်း၌ သဘာဝအာရုံတစ်ခု ရှိနှင့်နေပြီ ဖြစ်သည်။

သို့သော်လည်း လမ်းတစ်ဝက်၌ စကိုင်းသည် ရပ်တန့်လိုက်ပြန်ပြီး စဉ်းစားခန်းဝင်ပြန်သည်။

အမှောင်နတ်ဆိုးလူပု ဆရာသခင်သည် စားပွဲပေါ်၌ အလုပ်ရှုပ်နေသည်။သူသည် ကုန်ကြမ်းအမျိုးမျိုးကို စူးစမ်းလေ့လာကြည့်နေပြီး မည်သည့် ကုန်ကြမ်းပစ္စည်းမှမပါဘဲ ပစ္စည်းကိရိယာများကို ပြုလုပ်နေသည်။သူသည် မည်သည်ကိုမှ လုပ်မနေပေ။ တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ်သာ တတွတ်တွတ် ပြောနေလေသည်။

မူလက ချန်လွေ့သည် သူတို့အား လရောင်ကျောက်နှင့် ငွေသွေးကြော ကဲ့သို့သော ကုန်ကြမ်းပစ္စည်းများကို ပေးချင်ခဲ့သော်လည်း ယခုသည် အချိန်ကောင်း မဟုတ်ပေ။သူ၏ယူဆချက် မှန်မည်ဆိုလျှင် ဤနေရာ၌နေနေမည့် နောက်ထပ် ဆရာသခင်တစ်ယောက် ရှိလာနိုင်ပေသည်။

All Chapters