စကားသုံးလုံး
Vol. 16 Ch. 232
နောက်တစ်နေ့၌ ချန်လွေ့သည် ရှီရာ၏ ဆင့်ခေါ်ခြင်းကို ခံရပြီး နန်းတော်ခန်းမသို့ သွားခဲ့သည်။
ရှီရာသည် စကားမပြောဘဲ ချန်လွေ့အား ခဏ စိုက်ကြည့်နေသည်။ချန်လွေ့ အနည်းငယ် စိုးရိမ်နေသည့်အခါ ရှီရာ မေးလိုက်သည်။
“ မင်းပြန်လာတာ ရက်တော်တော်ကြာပြီ။မဟာဆရာသခင်ရဲ့ အမွေအနှစ် စမ်းသပ်ချက်က ပြီးသွားပြီလား။ ”
“ တစ်ဝက်တော့ ပြီးသွားပြီး။အခြားတစ်ဝက်ကတော့ ကံအပေါ်မှာပဲ မူတည်တယ်။ကံမကောင်းရင်တော့ တော်ဝင်မင်းသမီးက ငြိမ်ဝပ်ပိပြားရေး အရာရှိ အတွက် လစာပေးစရာ မလိုတော့ဘူး။ ”
ချန်လွေ့ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။အဆိပ်နဂါး ရတနာသိုက်ပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်သော်လည်း သူသည် နောက်ဆုံးအဆင့်နှင့် ကြောက်စရာ အကောင်းဆုံးဖြစ်သော ကြယ်တာရာကူးပြောင်းခြင်းအဆင့်နှင့် သိပ်မဝေးတော့ပေ။ ၎င်းမှာ အကြီးမားဆုံး စမ်းသပ်ချက်ပင် ဖြစ်သည်။သေမလား၊ ရှင်မလား ဆိုသည်ကို ချန်လွေ့ သေချာမသိပေ။
ထိုအကြောင်းကိုတွေးရင်း ချန်လွေ့၏စိတ် အနည်းငယ် လေးလံသွားသည်။ အဲဒါမတိုင်ခင်တော့ ဒီကိစ္စတွေကို ငါအရင်ဆုံး ကြိုတင်ပြင်ဆင်ထားသင့်တယ်။
ချန်လွေ့၏ခံစားချက်များ ထူးခြားနေသည်ကို ရှီရာ သတိထားမိသွားပြီး အကြောင်းတစ်ခုခုကြောင့် စိတ်ထဲ၌ ရုတ်တရက် မသက်မသာ ခံစားလိုက်ရသည်။
ချန်လွေ့သည် ခဏမှာပင် ပုံမှန်ပြန်ဖြစ်သွားပြီး ပြုံးလိုက်သည်။
“ ဗိုလ်ချုပ်ဂျော့ခ်ျနဲ့ ကျုပ် တွေ့ပြီးပြီ။သူ သတ်တာကို ကျုပ် ခံရလုနီးပါးဖြစ်ခဲ့ပေမဲ့ နောက်ဆုံးတော့ အသက်ရှင်နိုင်သွားတယ်။ ”
“ ဟုတ်လား။ ”
ရှီရာ၏ မသက်မသာခံစားချက်နေရာ၌ အခြား ထူးဆန်းသော မကောင်းသည့် ခံစားချက်ခုက အစားထိုးသွားသည်။
ငါ့မှာ ဒီလိုမျိုး ထူးဆန်းတဲ့ မကောင်းတဲ့ခံစားချက်မျိုး မရှိခဲ့ဖူးဘူး။ဗိုလ်ချုပ်ဂျော့ခ်ျက အသီနာရဲ့ အဖေ။အသီနာနဲ့ ဒီလူရဲ့ပတ်သက်မှုကို.... အမှောင်လ တစ်မြို့လုံး သိပြီးကြပြီးပြီ။
အမှန်တကယ်၌ ရှီရာသည် ဗိုလ်ချုပ်ဂျော့ခ်ျနှင့် တွေ့ဆုံခဲ့စဉ်က ချန်လွေ့၏ ပါရမီများကို ပြောပြပြီး ဂျော့ခ်ျ၏စိတ်ထဲ၌ အမြင်ကောင်း ချန်ထားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ရှီရာသည် သာမန်အမျိုးသမီး မဟုတ်ပေ။သူ ချက်ချင်း သဘောပေါက်သွားသည်။ ငါဘာလို့ မသက်မသာ ခံစားနေရတာလဲ။ဗိုလ်ချုပ်ဂျော့ခ်ျက ငါ့ရဲ့ အကြီးမားဆုံး ထောက်ခံသူ မဟုတ်လား။
မြို့တော်ကိစ္စကြောင့် တော်တော်လေး ပင်ပန်းနေတာ ဖြစ်မယ်။ ရှီရာ ပင့်သက်ရှိုက်လိုက်၏။
“ မြို့တော်က ခွင့်ပြုမိန့်ကို မင်း ကြားပြီးပြီလား။အဲဒီသတင်းက တစ်မြို့လုံး ပျံ့သွားပြီးတော့ လူတွေရဲ့စိတ်ထဲမှာလည်း စိုးရိမ်နေကြပြီ။အခုလက်ရှိတော့ ငါထိန်းချုပ်ထားနိုင်သေးတယ်။စားစရာ အမှန်တကယ် ဖြတ်တောက်တဲ့ အခါကျရင် ကိုင်တွယ်ဖို့ ခက်ခဲနိုင်တယ်။ဖြစ်နိုင်ရင်တော့ စားစရာဌာနချုပ်ကို ငါမထုတ်ပြချင်သေးဘူး။ အဲဒီဌာနချုပ်က အခုမှအသစ်ဆောက်တာ။ပြီးတော့ စားစရာကလည်း အများကြီး မရှိသေးဘူး။မြို့တော်က လုပ်ဆောင်ချက်တစ်ခုခု ရှိလာခဲ့ရင် ငါတို့အရင်က လုပ်ခဲ့တာတွေအားလုံး အလကား ဖြစ်သွားလိမ့်မယ်။ ”
ချန်လွေ့ ခေါင်းညိတ်ပြီး စားစရာဌာနချုပ်ကို အနောက်ဘက်ပိုင်းရှိ “ နည်းဗျူဟာ ” နှင့် ဖုံးကွယ်ရန်အကြံအစည်အကြောင်း ပြောပြသည်။ရှီရာ ခေါင်းညိတ်ပြီး ပြန်ပြောသည်။
“ ဒီအကြံအစည်က ငါစဉ်းစားထားတာနဲ့ ဆင်တူတယ်။ဒီတစ်ခေါက် ဗိုလ်ချုပ်ဂျော့ခ်ျက လူတစ်ယောက် ခေါ်လာတယ်။သူက ငါတို့အတွက် အနောက်ဘက်လမ်းကြောင်း ဖွံ့ဖြိုးရေးမှာ တော်တော်လေး အရေးပါတယ်။ ”
“ ဘယ်သူလဲ။ ”
ချန်လွေ့ ကြောင်သွား၏။ ယောက္ခမက ဒီအကြောင်းကို ပြောခဲ့တဲ့ပုံမရဘူး။သူက ပါ့ဂ်လီအိုနဲ့ပဲ တိုက်ခိုက်ရင်း အချိန်ကုန်နေတာ။သူငါ့ကို စစ်ပွဲအနုပညာအကြောင်းပဲ မေးခဲ့တာ။ဒီအကြောင်း ဘာမှမပြောခဲ့ဘူး။
“ အဲဒီလူက အရိပ်နက် အင်ပါယာမှာ အကြီးမားဆုံး စီးပွားရေးမိသားစုဖြစ်တဲ့ ကတ်စတာမိသားစုရဲ့ ဆက်ခံသူပဲ။သူက မိသားစုရုန်းကန်မှုတွေကြောင့် လုပ်ကြံသတ်ဖြတ် ခံရလုနီးပါး ဖြစ်သွားခဲ့တယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက အမှောင်လမြို့ဆီလာတဲ့ ဗိုလ်ချုပ်ဂျော့ခ်ျနဲ့ တွေ့သွားတယ်။ဗိုလ်ချုပ်ဂျော့ခ်ျက သူ့ကို ကယ်တင်ပြီးတော့ ဒီကို ခေါ်လာခဲ့တယ်။ ”
ရှီရာက ချန်လွေ့ကို ကြည့်လိုက်သည်။
“ ငါတို့ သူ့ကို ကတ်စတာမိသားစုရဲ့ စီးပွားရေး မိသားစုကို ဆက်ခံနိုင်အောင် တိတ်တဆိတ် ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကုန်သွယ်မှု ပြဿနာဖြစ်ဖြစ်၊ စားစရာဝယ်ယူမှု ပြဿနာကိုပဲဖြစ်ဖြစ် ဖြေရှင်းနိုင်ပြီ။ ”
ရှီရာ၏ “ ထောက်ပံ့မှု ” ဆိုသည့်အရာမှာ တိတ်တဆိတ် ထိန်းချုပ်ခြင်းဖြစ်ကြောင်း ချန်လွေ့ သဘောပေါက်သည်။အကယ်၍ ထိုအကြံအစည်သာ အောင်မြင်မည်ဆိုလျှင် အကျိုးအမြတ်များသည် လက်ရှိကပ်ဘေးကိုသာ ဖြေရှင်းနိုင်ရုံသာမက အမှောင်လမြို့၏ အနာဂတ် ဖွံ့ဖြိုးရေး အတွက်လည်း မှန်းဆ၍မရသော ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်ပေသည်။
“ ဒါက အမှောင်လမြို့အတွက် တော်တော်လေး အရေးကြီးတယ်။ဒါက သေသေချာချာ အစီအစဉ် ဆွဲရမယ်။ ”
ချန်လွေ့ ပြုံးလိုက်သည်။
“ ခွင့်ပြုမိန့်အကြောင်း တော်ဝင်မင်းသမီး စိုးရိမ်စရာ မလိုပါဘူး။အနည်းဆုံးတော့ ကျုပ်တို့မှာ အဲဒါကို ကိုင်တွယ်ဖို့ စွမ်းဆောင်ရည် ရှိတယ်။ကျုပ်တို့ အခုလိုအပ်တာက ဒါကို သဲလွန်စမကျန်ဘဲ ကျော်ဖြတ်နိုင်ဖို့ အစီအစဉ်တစ်ခုပဲ။ကျုပ်တို့ ဒါကို ဘေးကင်းကင်းနဲ့ အသက်ရှင်လွတ်မြောက်နိုင်မယ်ဆိုရင် လိပ်ပြာနီနဲ့ မြို့တော်အပေါ် လူထုရဲ့မှီခိုမှုတွေ ကြီးကြီးမားမား အားလျော့သွားမယ်။ဒါတွေကနေ လူတွေဆီက သစ္စာရှိမှုကို တော်ဝင်မင်းသမီး ရရှိလာမယ်။ ”
ရှီရာ အသာလေး ခေါင်းညိတ်သည်။ချန်လွေ့ ထပ်ပြောသည်။
“ အဲဒါကို သဲလွန်စမကျန်ဘဲ ကျော်လွှားနိုင်ရင်တောင် မြို့တော်က ဆက်ပြီး ဖိအားပေးနေမှာ စိုးရိမ်မိတယ်။အဲဒါကြောင့် ကျုပ်တို့တွေ မြို့တော်ကို အာရုံလွှဲရမယ်။ကျုပ်ပြောထားတဲ့ အကြုံပြုချက်တွေကို အခုရွေးချယ်ပြီး ပြင်ဆင်လို့ရပါပြီ။ ”
ရှီရာ အံ့အားသင့်သွားသည်။
“ မင်း ဆိုလိုတာက ...... ”
“ အရဲတင်းဆုံးအကြံအစည်အတွက် ရွေးချယ်ရမယ့် လူရဲ့ လိုအပ်ချက်ကလည်း အမြင့်ဆုံးပဲ။ဒါပေမဲ့ ဒီအစီအစဉ်ကလည်း အန္တရာယ်များတယ်။စဉ်းစားဖို့ အချိန်ရတဲ့အခါ ဆွေးနွေးကြတာပေါ့။ ”
ချန်လွေ့ စကားလမ်းကြေင်း ပြောင်းလိုက်သည်။
“ ဒီတစ်ခေါက် ကျုပ် အသံတိတ်ညစိမ့်မြေဆီ သွားခဲ့တယ်။ပြီးတော့ ဝိုင်ဗန် တစ်အုပ်လုံးကို ပြန်ခေါ်လာခဲ့တယ်.....။ ”
“ ဘာ။ ”
ရှီရာ မထိန်းနိုင်ဘဲ အံ့အားသင့်မိသွားသည်။ ဝိုင်ဗန်တစ်အုပ်တဲ့လား။ဒါက....နဂါးသူရဲကောင်းစစ်သည် ဗိုလ်ခြေတစ်ခုလို့ ဆိုလိုတာပဲ။
ကြယ်ကြွေတမန် အင်ပါယာတစ်ခုလုံး၌ နဂါးသူရဲကောင်းစစ်သည် ဗိုလ်ခြေတစ်ခုသာရှိသည်။ အကယ်၍ အမှောင်လမြို့၌လည်း ရှိမည်ဆိုလျှင်....
“ အခုလက်ရှိတော့ သူတို့ကို ရှီလန်တောင်မှာ ထားထားတယ်။သူတို့ကို ဂရုစိုက်ဖို့အတွက် တင်က တစ်ယောက်ယောက် လွှတ်ထားပြီ။ ”
ချန်လွေ့က မရေမရာနှင့် ပြောသည်။
“ ရှီလန်တောင်ရဲ့ ရာသီဥတုက ဝိုင်ဗန်တွေအတွက် မသင့်တော်ဘူး။ မိုးသစ်တောမည်းက ခေါင်ပြီးတော့ လူအသွားအလာ မရှိဘူး။ပြီးတော့ မြေနေရာနဲ့ ရာသီဥတုကလည်း ဝိုင်ဗန်တွေအတွက် တော်တော်လေး သင့်တော်တယ်။ကျုပ် အကြံပေးချင်တာကတော့ မိုးသစ်တောမည်းမှာ လျို့ဝှက်အခြေစိုက်စခန်း တည်ဆောက်ပြီးတော့ ဝိုင်ဗန်တွေကို အရင်ဆုံး အခြေချနေစေဖို့ပဲ။ပြီးရင် ကျုပ်တို့တွေ တဖြည်းဖြည်းနဲ့ စစ်သားတွေကို ရွေးရွေးပြီးတော့ နဂါးသူရဲကောင်းစစ်သည်ဖြစ်အောင် လေ့ကျင့်ပေးမယ်။ဒါပေမဲ့ လူရွေးတဲ့ နေရာမှာတော့ သတိထားရမယ်။အဓိက ဦးစားပေးရမှာကတော့ သူတို့ရဲ့သစ္စာရှိမှုပေါ့။ဘာဖြစ်လို့လဲဆို ဒါက အမှောင်လမြို့ရဲ့ အလျို့ဝှက်ဆုံး စစ်တပ်အင်အားနဲ့ သက်ဆိုင်နေလို့ပဲ။ဒါသာ ပေါက်ကြားသွားမယ်ဆိုရင် မြို့တော်က အကွက်ကြီးကြီး လုပ်နိုင်တယ်။ဒါမှမဟုတ် ကြိုတင်ပြီးတော့ တိုက်ခိုက်ချင် တိုက်ခိုက်နိုင်တယ်။ ”
“ သိပါတယ်။ ”
ရှီရာ ခေါင်းညိတ်လိုက်ပြီး ရင်ဘတ်ထဲမှ ပျော်ရွှင်မှုကို ထိန်းချုပ်ထားလိုက်သည်။စိတ်အေးလက်အေး စဉ်းစားပြီးသည့်နောက် သူ ပြောသည်။
“ နဂါးသူရဲကောင်းစစ်သည်အတွက်ကို အခုအတွက်တော့ အင်ပါယာအစောင့်တွေ ဆီကနေပဲ ရွေးရလိမ့်မယ်။ယုံကြည်ရမရ သေချာစေဖို့အတွက် ခါဂူရွန်ကို ငါစုံစမ်းခိုင်းလိုက်မယ်။ ”
“ အဲဒါတင်မကဘူး။မြို့စောင့်တပ်နဲ့ ဝတ်ရုံဂိုဏ်းကလည်း အရေးကြီးတဲ့အင်အားစု နှစ်ခုပဲ။အသီနာနဲ့ အရတ်စ်တို့ရဲ့ လေ့ကျင့်မှုအောက်မှာ မြို့စောင့်တပ် တစ်ဝက်လောက် လျော့သွားတယ်။လူအရေအတွက် လျော့ကျသွားပေမဲ့ အရည်အသွေးကတော့ ကြီးကြီးမားမား တိုးတက်သွားတယ်။သူတို့က တဖြည်းဖြည်းနဲ့ လမ်းကြောင်းအမှန်ကို သွားနေပြီ။အမှောင်လမြို့က လူဦးရေများတယ်။အဲဒါကြောင့် စစ်သားတွေ ပြန်ဖြည့်တင်းဖို့အတွက် စဉ်းစားလို့ရတယ်။ဝတ်ရုံဂိုဏ်းက အမှောင်ထဲက တပ်ဖွဲ့တစ်ခုပဲ။သူတို့ကို လျစ်လျူရှု မထားသင့်ဘူး။ကျုပ် အက်ဂ်ယောနဲ့ ဆွေးနွေးပြီးပြီ။နောက်တစ်ဆင့်ကျရင် သက်ရောက်မှုကို တော်ဝင်မင်းသမီး ဖြည်းဖြည်းချင်း မြင်ရလာမယ်။ဒါပေမဲ့ ဝတ်ရုံဂိုဏ်းကတော့ တော်ဝင်မင်းသမီး လက်အောက်က အင်အားစုတွေကို ဥပမာ..စိုင်ဖူမိသားစုကို ရန်လိုနေဦးမှာပဲ။အမှောင်လမြို့ရဲ့ “ ဖရိုဖရဲ ဖြစ်မှုတွေ ” ကို အပြင်လူတွေ မြင်နိုင်အောင်နဲ့ အမှောင်လမြို့အပေါ် မြို့တော်ရဲ့ ထိန်းချုပ်မှုကို တုံ့ဆိုင်းရပ်တန့်စေဖို့ အတွက်ပေါ့။ ”
ချန်လွေ့ကိုယုံကြည်သည့်အတွက် ရှီရာသည် အက်ဂ်ယော၏ သရုပ်မှန်ကို ထပ်မံမေးခွန်းမထုတ်တော့ပေ။
“ ဝတ်ရုံဂိုဏ်းကို မင်း အကောင်းဆုံး ထင်သလိုလုပ်ပါ။မင်းကို အပြည့်အဝ ထောက်ပံ့မယ်။ ”
ချန်လွေ့ ယူဆောင်လာသော အံ့အားသင့်စရာများမှာ ဤမျှနှင့် အဆုံးမသတ်သေးပေ။
“ အခု ဆရာသခင်တာတာက အမှောင်လမြို့မှာ နေမယ်ဆိုတာ သေချာပြီ။ဝတ်ရုံဂိုဏ်းကနေပြီးတော့ ဆရာသခင်တာတာ ကြီးကြပ်မယ့် မှော်စတိုးဆိုင် တစ်ဆိုင် ဖွင့်မယ်။ပြီးတော့လည်း ကျုပ်က မဟာဆရာသခင်ရဲ့ အမွေအနှစ်ကနေ အငယ်တန်း ဆရာသခင်အဆင့် ဖန်တီးပြုလုပ်ခြင်း အစွမ်းတွေ ကျွမ်းကျင်ထားတယ်။ပိုကောင်းတဲ့ ချပ်ဝတ်တန်ဆာတွေ ပြုလုပ်နိုင်ဖို့အတွက် လက်မှုပညာသည်အချို့ကို တိတ်တဆိတ် စုစည်းပြီးတော့ လျို့ဝှက်လက်နက်တိုက်တစ်ခု တည်ဆောက်ချင်တယ်။မြို့တော်ကနေ ဘယ်လို နှောင့်ယှက်တဲ့ အစီအစဉ်ပဲလုပ်လုပ် ကျုပ်တို့ကိုယ်ကျုပ်တို့ သန်မာလာအောင် လုပ်ဖို့က အခြေခံအကျဆုံးပဲ။ဒါပေမဲ့ လက်ရှိ အမွေအနှစ်က မပြီးသေးဘူး။အဲဒါကြောင့် လက်နက်တိုက်ကို ကြိုတင်ပြင်ဆင်ထားရမယ်။ဒါပေမဲ့ အသေးစိတ် အကောင်အထည် ဆောင်ရွက်ဖို့ကိုတော့ နောက်တစ်ဆင့်အတွက် စောင့်ဆိုင်းရမယ်။ ”
ဆရာသခင်အဆင့် ဖန်တီးပြုလုပ်ခြင်း အစွမ်း။အဲဒါက အငယ်တန်းဆရာသခင် အဆင့်ဆိုရင်တောင် တော်တော်လေး မယုံနိုင်စရာ ဖြစ်နေတုန်းပဲ။
ရှီရာ အလွန်ပျော်ရွှင်သွားသည်။သူ၏နှလုံးသားထဲ၌ နောက်ထပ် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသည်။ချန်လွေ့သည် မဟာဆရာသခင် တစ်ယောက်၏ အစွမ်းများကို ဆက်ခံနေကြောင်းကို သူယခုမှ မှတ်မိသွားဟန်တူသည်။၎င်းသည် ထိုလူသားအား ရှီရာ အလုပ်ခန့်အပ်ရခြင်း၏ မူလအကြောင်းရင်း ဖြစ်သည်။သို့သော်လည်း ထိူလူသား၏ ဉာဏ်ပညာနှင့် ပါရမီ ပေါ်ထွက်လာသည့်အခါ ထို “ အမွေအနှစ် ဆက်ခံမှု ” မှာ လျစ်လျူရှု ခံလိုက်ရသည်။
ချန်လွေ့သည် အကြံအစည် အတော်များများကို စီစဉ်ပြီး ရှီရာအား ပြောပြသည်။ အနာဂတ်သည် တဖြည်းဖြည်းနှင့် ထင်ရှားလာကြောင်း ရှီရာ ခံစားနေရသည်။စိတ်ထဲ၌ လက်ခုပ်ဩဘာ ပေးနေရင်း ရှီရာ၏နှလုံးသား တဒိတ်ဒိတ်ခုန်လာသည်။ချန်လွေ့သည် အတွေးအားလုံးကို ပြောပြချင်နေသကဲ့သို့ ဖြစ်နေသည်။ယခုတစ်ခေါက်၌ သူ မပြောခဲ့လျှင် အနာဂတ်တွင် အခွင့်အရေး ရှိလာတော့မည် မဟုတ်ပေ။
ရှီရာသည် စိတ်ကိုငြိမ်အောင် တိတ်တဆိတ် ပြုလုပ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
“ မင်းက အံ့ဩစရာ အများကြီး ယူလာတာပဲ။ငါအခု မင်းကို ဘယ်လိုဆုချရမလဲ ဆိုတာကို ခေါင်းနည်းနည်းကိုက်နေပြီ။ ”
ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားသည်။သူ တစ်ခုခုပြောမည် ပြင်လိုက်စဉ်က ရှီရာက ကြိုတင်တားဆီးလိုက်သည်။
“ အဲဒီ “တစ်ခုခု” ကတာ ကလွဲရင် မင်းကြိုက်တဲ့ ဆုလာဒ်ကို တောင်းလို့ရတယ်။ ”
တော်ဝင်မင်းသမီးက အရင်တစ်ခါ ငါနောက်ခဲ့တာကို သေသေချာချာ မှတ်မိနေတာပဲ။ ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ ကြိုက်တဲ့ဆုလာဒ် တဲ့လား။ဒါဆို ငါ အနမ်းတစ်ပွင့် တောင်းရမလား။ငါတို့က ဒီအဆင့်အထိ မရောက်သေးဘူးထင်တယ်။ပြီးတော့ ငါလည်း တော်ဝင်မင်းသမီးရဲ့ အကန့်အသတ်ကို စိန်မခေါ်ရဲဘူး။
ဒါနဲ့.....
“ ကျုပ်ကို ကတိတစ်ခု ပေးပါလား။ ”
ချန်လွေ့၏ ထူးဆန်းသောအပြုံးသည် ရှီရာအား ကြောက်လန့်သွားစေသည်။ သို့သော်လည်း သူပြောပြီးပြီ ဖြစ်သည့်အတွက် စကားပြန်ရုပ်သိမ်း၍ မရတော့ပေ။ထို့ကြောင့် အေးစက်စက်နှင့် ပြောသည်။
“ ဘာကိုလဲ။ ”
“ စကားသုံးလုံး ”
ချန်လွေ့သည် ရှီရာ၏ ခရမ်းရောင်မျက်လုံးများကို ရဲတင်းစွာဖြင့် စိုက်ကြည့်နေလိုက်သည်။
“ ကျုပ် အဲဒီစကားသုံးလုံး ပြောတဲ့အခါ ခင်ဗျား ကျုပ်ကို မသတ်ရဘူး။ ”
စကားသုံးလုံးတဲ့လား။အဲဒါက.....
ဒီစိတ်ရှုပ်စရာလူတော့။အဲဒီအကျိုးပြုမှု “နည်းနည်း” လေးနဲ့ သူ့ကိုယ်သူ စိတ်ကြီးဝင်နေတာလား။ ရှီရာ စိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း တစ်နည်းတစ်ဖုံဖြင့် သူ၏နှလုံးခုန်သံ မြန်ဆန်သွားကာ မျက်နှာပေါ်၌ ထူးထူးခြားခြား ရှက်သွေးဖြာသွား၏။ ရှီရာ အော်ပြောလိုက်သည်။
“ မင်းက တော်တော် သတ္တိရှိတာပဲ။ ”
“ တစ်ခုခုပြောလို့ အသက်ချမ်းသာပေးခိုင်းတာက အတင့်ရဲတာ မဟုတ်ဘူးမလား။ ”
ချန်လွေ့ ခေါင်းခါပြီး သက်ပြင်းချသည်။
“ ပြီးတော့လည်း အဲဒီစကားသုံးလုံးက ဘာလဲဆိုတာကို ကျုပ် မပြောရသေးဘူး။ အရှင်မ ဘာလို့ ဒီလိုမျိုး ကောက်ချက်ချရတာလဲ။အဲဒီစကားလုံးသုံးလုံးက “ အသက်ချမ်းသာပေးပါ ” လည်း ဖြစ်နိုင်တယ်။ဒါမှမဟုတ် “ နေကောင်းလား ” လည်း ဖြစ်နိုင်တာပဲ။တကယ်လို့ တော်ဝင်မင်းသမီးက ကျုပ်ကိုပေးထားတဲ့ ဆုလာဒ်ကို ပြန်သိမ်းချင်တယ်ဆိုရင်တော့ သနားစရာ လက်အောက်ငယ်သား တစ်ယောက်အနေနဲ့ ကျုပ်ဘာမှ ပြောစရာ မရှိပါဘူး။ ”
ရှီရာသည် ပို၍ပင် စိတ်အနှောင့်အယှက်သွားပြီး ဒေါသထွက်လား ဘာလား မသိတော့ပေ။သူ အံကြိတ်ပြီး ပြောသည်။
“ ရှီရာ လူစီဖာဆိုတဲ့ငါက တော်ဝင်သွေးမျိုးဆက်နဲ့ ကျိန်ဆိုတယ်။အဲဒီစကားသုံးလုံးကို ချန်လွေ့ ပြောတဲ့အခါ ငါသူ့ကို မသတ်ဘူး....။ဒါပေမဲ့ တစ်ကြိမ်တည်းပဲ ရမယ်။ ”
“ တစ်ကြိမ်တည်းလား။ဟိုင်းရား....ဟုတ်ပါပြီ။ ”
ချန်လွေ့ ခေါင်းကုတ်ပြီး ပြုံးပြလိုက်သည်။
“ အခု အခြေအနေကို ကြည့်ရတာ အချိန်ကောင်း မဟုတ်သေးဘူး။သင့်တော်တဲ့ စကားသုံးလုံး ပြောဖို့အတွက် သင့်တော်တဲ့အချိန်ကို ကျုပ်ရွေးလိုက်ဦးမယ်။ တော်ဝင်မင်းသမီး။ကျုပ်ရဲ့အသက်ကို ချမ်းသာပေးဖို့ မမေ့ပါနဲ့။ ”
“ တော်တော့။ ”
ရှီရာသည် တော်ဝင်ကျင့်ဝတ်များကို ဆန့်ကျင်ပြီး အဆင်အခြင်မဲ့ပြုံးနေသော ထိုသူကို လက်သီးဖြင့်ပစ်ထိုးချင်စိတ် ပေါက်သွားခဲ့သည်။ထို့နောက် မချေမငံနှင့် ပြောလိုက်သည်။
“ ငါ နည်းနည်း ပင်ပန်းနေတယ်။မင်းအခု ထွက်သွားလို့ရပြီ။ ”
အစက ချန်လွေ့သည် အရှက်မရှိဘဲ နှိပ်နယ်ခြင်း ကဲ့သို့သော အထူးပြုစုမှုများကို တောင်းဆိုချင်ခဲ့သည်။သို့သော်လည်း အကယ်၍ သူသာ ရေခဲတုံး တော်ဝင်မင်းသမီးကို ချောင်ပိတ်မိစေခဲ့လျှင် ထိုစကားလုံးသုံးလုံးသည် အမှန်တကယ်ပင် “ အသက် ချမ်းသာ ပေးပါ ” ဖြစ်သွားပြီး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ထို့ကြောင့် ချန်လွေ့ ချက်ချင်းပင် ရယ်ပြီး အရိုအသေပေးကာ ထွက်သွားလိုက်သည်။
ဒီမျိုးမစစ်ကောင်တော့။သူက ဘာလို့ ဝေါ့ဇ်အက ကဖို့ မတောင်းဆိုတာလဲ။
အစကတော့ ငါက အဲဒီမသင့်တော်တဲ့ တောင်းဆိုမှုကို အတင်းလက်ခံနိုင်မယ်လို့ တွေးခဲ့တာ။ဒါပေမဲ့ ဒီလူက ပိုပြီးဆိုးတဲ့ တောင်းဆိုမှုတစ်ခု လုပ်မယ်လို့ မထင်ထားခဲ့ဘူး။
ရှီရာသည် ရှင်းမပြနိုင်သော မကျေမချမ်းမှုတစ်ခု ခံစားလိုက်ရသည်။ထိုမသိသေးသည့် စကားသုံးလုံးကို တွေးရင်း ရှီရာ အနည်းငယ် ပျာယာခတ်သွားသည်။သို့သော်လည်း မြို့တော်၏ အရေးယူမှုနှင့် ဤနေ့ရက်များ၌ တရစပ်ဖြစ်ရပ်များ၏ ဖိအားများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။