ညဈေးမှ ဧည့်သည်များနှင့် တောင်ဘက်လမ်း
Vol. 16 Ch. 233
ချန်လွေ့ ထင်ထားသည့်အတိုင်းပင် သူ ဝတ်ရုံဂိုဏ်းသို့ ပြန်သွားပြီး လရောင်ကျောက်နှင့် အသက်ဓာတ်ရေစင်တို့အား ပေးလိုက်ရာ ဆရာသခင် တာတာက မတုံ့ဆိုင်းနေတော့ဘဲ ဝတ်ရုံဂိုဏ်း၌နေရန် ချက်ချင်း သဘောတူ လိုက်သည်။
စကိုင်းမှာမူ လျို့ဝှက်ချက်တစ်ခုရှိပြီး လူလုံးမထွက်ပြနိုင်ကြောင်း ချန်လွေ့ သိသည်။ လက်ရှိ၌ အရိပ်မြူနှင်းပန်းကို ရှာမတွေ့သေးပေ။ထို့ကြောင့် စကိုင်း ထွက်သွားမည် မဟုတ်ပေ။သို့သော် ယခင်အဖြစ်အပျက်ပြီးပြီးနောက် တာတာနှင့် စကိုင်းတို့ ဉာဏ်အလင်းပွင့်သွားဟန်တူသည်။ထို့နောက် အဆိပ်နဂါး၏ ရတနာသိုက်ထဲမှ ဒဏ္ဍာရီလာအဆင့် ပစ္စည်းများကို နမူနာအဖြစ် ထုတ်ပြလိုက်ရာ သူတို့နှစ်ယောက် ထပ်ပြီး ဉာဏ်အလင်း ပွင့်သွားကြပြန်သည်။အထူးသဖြင့် ချန်လွေ့အပေါ် ဆရာသခင် တာတာ၏ အပြုအမူသည် ယခုတွင် ပို၍ကောင်းမွန်လာခဲ့သည်။
ဆရာသခင်နှစ်ယောက်၏ တမင်တကာနှင့် တမင်မဟုတ်သော သင်ကြားမှုများမှ ချန်လွေ့၏ ဖန်တီးပြုလုပ်မှု လက်ရာများ အလျင်အမြန် တိုးတက်လာခဲ့သည်။
ချန်လွေ့သည် ရှီလန်တောင်သို့ ပြန်သွားပြီး ဝိုင်ဗန်အုပ်ကြီးအား မိုးသစ်တောမည်းဆီသို့ ပြန်ခေါ်လာသည်။ဝိုင်ဗန်ဘုရင် ဂယ်လန်သည် ထိုနေရာကို အတော်လေး ကျေနပ်နေသည်။အန္တရာယ်ကင်းစေရန်အတွက် အဆိပ်ကန်ကို မိစ္ဆာသစ်သီးရရှိခဲ့သော နဂါးထွင်းစာနယ်မြေအလယ်၌ ထားထားခဲ့သည်။ နဂါးထွင်းစာများ၏ “ သဘာဝအကာအရံ ” ကို အမှီပြု၍ ဝိုင်ဗန်များကို ဖုံးကွယ်ပြီး ကာကွယ်ထားနိုင်ပေသည်။ဝိုင်ဗန်များကို မတော်တဆ မထိခိုက်စေရန်အတွက် ပါ့ဂ်လီအို၏ အကူအညီနှင့်အတူ ထွင်းစာအများအပြားကို ဖယ်ရှားပြီး ပြောင်းရွှေ့ခဲ့ရလေသည်။
မိုးသစ်တောမည်းဆီသို့ ထိုနဂါးပ ဒဏ်ရာများနှင့် ရောက်လာသည့်အခါ သူ၏စွမ်းအားသည် အတော်လေး နည်းနေပြီဖြစ်သည်။ထို့ကြောင့် သူပြုလုပ်ခဲ့သော ထွင်းစာများမှာ အစွမ်းမထက်လှပေ။အရိုးခြောက်ပုံစံကို လေ့လာကြည့်ပြီးနောက် ၎င်းသည် မီးတောက်စွမ်းအားရှိသော နဂါးနီတစ်ကောင် ဖြစ်ကြောင်း ပါ့ဂ်လီအို ပြောသည်။ထိုနဂါးချန်ထားသည့် သတ္တုအရုပ်တစ်ရုပ်၊ပုတီးတစ်လုံးနှင့် မှော်မြေပုံတစ်ခုတို့မှာလည်း ပဟေဠိ ဖြစ်စရာပင် ဖြစ်သည်။ထိုသတ္တုအရုပ်၏ ဇစ်မြစ်ကို ပါ့ဂ်လီအိုပင် မပြောနိုင်ပေ။ပုတီးလုံး၌လည်း အလွန်ကြီးမားလှသော ရေ-မှော်စွမ်းအား ပါရှိသည်။မြေပုံမှာ နဂါးနီ၏ ရတနာသိုက် ဖြစ်နိုင်သည်။သို့သော်လည်း မပြည့်စုံသည့်အတွက် သဲလွန်စများမှာ အနည်းငယ်သာ ရှိသည်။ပါ့ဂ်လီအို ရတနာများနှင့် ပတ်သက်၍ စိတ်အားထက်သန်သော်လည်း သူဘာမျှ မလုပ်နိုင်ပေ။
အနောက်မြောက် ဘလော့၊ မယ်လွန်မိသားစု အိမ်ယာ၌ ဖြစ်သည်။
အခန်းထဲတွင် မယ်လွန်မိသားစုခေါင်းဆောင် လွန်ဘာဒို မျက်မှောင်ကြုတ်နေသည်။ သူ၏ဘေး၌ မယ်လွန်မိသားစု၏ အကြီးအကဲတစ်ယောက်ဖြစ်သော ရိုနယ် ရှိသည်။
“ ခေါင်းဆောင်။ကျုပ်တို့ရဲ့ ဆိုင်တွေ အကြိမ်တော်တော်များများ ဖျက်ဆီးခံနေရတယ်။ အစောင့်တွေလည်း အသတ်ခံနေရတယ်။ပြဿနာ ရှာတဲ့သူတွေ ခဏပြီးခဏ ရောက်လာတယ်။ကျုပ်တို့ရဲ့ စီးပွားရေး တော်တော်လေး ထိခိုက်နေပြီ။ ကာကွယ်ကြေးပေးထားတဲ့ တခြားဆိုင်တွေက ဘာမတော်တဆမှ မဖြစ်ဘူး။ဒီလူတွေက ဝတ်ရုံဂိုဏ်း လွှတ်လိုက်တဲ့သူတွေပဲ ဖြစ်မယ်။ဒီပြဿနာကို ကျုပ်တို့အမြန်ဆုံး အဖြေရှာရမယ်။ ”
လွန်ဘာဒို သုန်မှုန်နေသည်။
“ ဒီပြဿနာက သူတို့တွေကို ဝတ်ရုံဂိုဏ်း လွှတ်လိုက်တယ်ဆိုတာ ငါတို့သိရင်တောင် ဘာမှလုပ်လို့မရဘူး။ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောက တော်ဝင်မင်းသမီးရဲ့ စိတ်ကြိုက် အင်အားစု အသစ်တစ်ခုဆိုတာ သေချာတယ်။သူတို့တွေ လွန်မလွန်သရွေ့ တော်ဝင်မင်းသမီး ဂရုစိုက်မှာ မဟုတ်ဘူး။ပြီးတော့ ငါတို့က ဂျိုးဆက်ပ် ဘက်မှာ။ အဲဒါကြောင့် ငါတို့က သည်းခံနိုင်ရုံပဲ ရှိတယ်။အကယ်တော့ ဆိုင်တွေဆီကရတဲ့ ပိုက်ဆံတွေက ပမွှားလေးတွေပါပဲ။ဒါပေမဲ့ ငါတို့ထောက်ပံ့နေတဲ့ ဂေါ်ဖင်းဂိုဏ်း ပျက်စီးသွားကတည်းက အမှောင်လမြို့ကို ဝတ်ရုံဂိုဏ်းရဲ့ အင်အားစုတွေက လုံးဝ ထိန်းချုပ်လိုက်တယ်။တောင်ပိုင်းက ငါတို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကိုလည်း ပုံမှန်ဆောင်ရွက်လို့ မရတော့ဘူး။ ”
ရိုနယ် တွေးပြီး မေးလိုက်သည်။
“ ဂျိုးဆက်ပ်၏ အင်အားကိုသုံးပြီးတော့ ဝတ်ရုံဂိုဏ်းကို ကျုပ်တို့ ကိုင်တွယ်နိုင်မလား။ ”
“ဟမ့်။မဖြစ်နိုင်လောက်ဘူး။ဒါက အရေးကြီးတဲ့အချိန်လို့ ဂျိုးဆက်ပ် ပြောခဲ့တယ်။ပြီးတော့ ဝတ်ရုံဂိုဏ်းနဲ့ ပြဿနာမဖြစ်ဖို့လည်း ပြောခဲ့တယ်။ ”
လွန်ဘာဒိုသည် မယုံသင်္ကာဖြစ်နေသည်။
“ အက်ဂ်ယောနဲ့ ဂျိုးဆက်ပ်ကြားမှာ နားလည်မှု တစ်ခုခု ရှိနေတယ်လို့ ငါခံစားမိနေတယ်။ဂျိုးဆက်ပ်က ဝတ်ရုံဂိုဏ်းကို အမှီပြုပြီးတော့ တော်ဝင်မင်းသမီးရဲ့ အင်အားစုကို ဖြိုခွဲချင်နေတာ ဖြစ်နိုင်တယ်။လူသား ငြိမ်ဝပ်ပိပြားရေး အရာရှိကို အက်ဂ်ယော လူသိရှင်းကြား ထောက်ခံတာကို ကြည့်ရင် သိနိုင်တယ်။ ”
“ ဒါပေမဲ့ တော်ဝင်မင်းသမီးနဲ့ဂျိုးဆက်ပ်တို့ ဘယ်လိုပဲထင်ထင် ငါတို့ မယ်လွန်မိသားစုရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်။ ”
ရိုနယ်က သဘောတူပြီး ခေါင်းညိတ်ပြသည်။ထိုအချိန်၌ တံခါးဘေးမှ အစေခံတစ်ယောက် သတင်းပို့လာသည်။
“ ဆာ။တောင်ဘက်လမ်းကနေ မှော်သတင်းတစ်ခု ရထားတယ်။
“ တောင်ဘက်လမ်း ဟုတ်လား။ ”
လွန်ဘာဒို အားတက်သွားသည်။
“ မြန်မြန်ပေး။ငါ ဖတ်ကြည့်မယ်။ ”
အစေခံက စာတစ်စောင် ကမ်းပေးပြီး အရိုအသေပေးကာ ထွက်သွားသည်။
လွန်ဘာဒိုသည် စာကိုဖွင့်ဖတ်ပြီးနောက် မျက်လုံးများ ချက်ချင်း အရောင်တောက်သွားကာ ရိုနယ်ကို ကမ်းပေးလိုက်သည်။
ထိုစာကိုဖတ်ပြီးနောက် ရိုနယ် မေးသည်။
“ လာဗတ်ကိုတော့ ကျုပ်သိပါတယ်။သူက ချော်ရည်ပြာ ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေရဲ့ လက်ထောက် ဗိုလ်ချုပ်လေ။ဆိုင်ပရပ်နဲ့ ဒိုမီနစ် တို့က ဘယ်သူတွေလဲ။ ”
“ အရတ်စ် သတ်လိုက်တဲ့ ဂေါ်ဖင်းဂိုဏ်းခေါင်းဆောင် ဝစ်ခ်ကို မှတ်မိလား။ ”
လွန်ဘာဒိုက သရော်ပြုံးပြုံးလိုက်သည်။
“ အခု တစ်မြို့လုံးနဲ့ လမ်းတိုင်းက ဝတ်ရုံဂိုဏ်း လက်အောက်ကို ရောက်သွားကြပြီ။ နတ်ဆိုးတွေကိုလည်း တောင်ဘက်ကို ကုန်ကူးလို့ မရတော့ဘူး။အဲဒါကြောင့် ဒါကိုဖြေရှင်းဖို့အတွက် လာဗတ်က အမှောင်လကို အထူးတလည် ရောက်လာတာ။ ဆိုင်ပရပ်နဲ့ ဒိုမီနစ်တို့ကလည်း ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေရဲ့ လက်ရွေးစင်တွေပဲ။ ဒိုမီနစ်ဆိုတာကက လက်စားချေဖို့ ကိုယ်တိုင်ရောက်လာတဲ့ ဝစ်ခ်ရဲ့ ညီမပဲ။ ”
“ ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေက လှုပ်ရှားတာနဲ့ အက်ဂ်ယောနဲ့ အရတ်စ်တို့ သေချာပေါက် သေမှာပဲ။အက်ဂ်ယောက ချန်လွေ့ကို ထောက်ခံပြီးတော့ စိုင်ဖူမိသားစုရဲ့ ဖိုဒ်ကလည်း အက်ဂ်ယောနဲ့ ဆက်ဆံရေး တင်းမာနေတယ်။ စိုင်ဖူမိသားစုရဲ့ စတိုးဆိုင်တွေကလည်း ကာကွယ်ကြေး မပေးကြသေးဘူး။သူတို့က ဝတ်ရုံဂိုဏ်းရဲ့ နှောင့်ယှက်မှုကို အကြိမ်များစွာ ခံခဲ့ရတယ်။ငါတို့ အညံ့ခံယောင်ဆောင်ပြီးတော့ ဝတ်ရုံဂိုဏ်းကို ကာကွယ်ကြေး ပေးလို့ရတယ်။ ဒီလိုဆိုရင် အက်ဂ်ယော အသတ်ခံရတဲ့အခါ တော်ဝင်မင်းသမီးက ဖို့ဒ်ကို အဓိက သံသယဝင်မှာပဲ။ ”
ရိုနယ် ပျော်ရွှင်သွားပြီး ခေါင်းညိတ်လိုက်သည်။
“ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က တကယ့်ကို ထူးချွန်တာပဲ။လာဗတ်နဲ့ တခြားသူတွေ ဘယ်တော့ ရောက်လာကြမှာလဲ။ ”
လွန်ဘာဒို ပြောသည်။
“ စာထဲက အတိုင်းဆိုရင်တော့ သူတို့တွေ လမ်းမှာရောက်နေကြပြီ။၇ရက်အတွင်း ရောက်လာလောက်မယ်။ဝတ်ရုံဂိုဏ်းဆီ အညံ့ခံဖို့ ဆိုင်တွေကို ချက်ချင်း အသိပေးလိုက်။သေသေချာချာလုပ်။ဘာသဲလွန်စမှ မပေါ်မိစေနဲ့။ ”
ရိုနယ် ခေါင်းညိတ်ပြီး လှည့်ထွက်သွားသည်။
လွန်ဘာဒို၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ နတ်ဆိုးကုန်ကူး ကိစ္စကို ဖြေရှင်းဖို့အတွက်ပဲဆိုရင် လာဗတ် ကိုယ်တိုင် လာစရာ မလိုဘူး။ဒိုမီနစ်က ဝတ်ရုံဂိုဏ်းနဲ့ ရန်ငြိုးရှိနေခဲ့တာ။တကယ်လို့ သူက အက်ဂ်ယောနဲ့ အခြားသူတွေကို သတ်ပစ်လိုက်မယ်ဆိုရင် အားလုံးအတွက် ကောင်းသွားမှာပဲ။ လာဗတ် ရောက်လာတာက ပိုအရေးကြီးပြီးတော့ ပိုလျို့ဝှက်တဲ့ ကိစ္စကြောင့်ပဲ။အဲဒါကြောင့် ရိုနယ်လို ယုံကြည်ရတဲ့အကူကိုတောင် ငါဘာမှ ပြောပြလို့ မရဘူး။
ဝတ်ရုံဂိုဏ်းကို မယ်လွန်မိသားစုက အညံ့ခံလိုက်သည့် အဖြစ်အပျက်သည် အမှောင်လမြို့တစ်လျှောက်လုံး ပျံ့နှံ့သွားခဲ့သည်။မိသားစုကြီး နှစ်ခုထဲမှ တစ်ခုဖြစ်သော မယ်လွန်မိသားစုက ထိုကဲ့သို့ ပြုမူသည်ကို တွေ့ခဲ့ကြရာ စောင့်ကြည့်နေကြသော ဆိုင်များသည် ဝတ်ရုံဂိုဏ်းအား ယုံကြည်စွာဖြင့် ကာကွယ်ကြေးများ ပေးတော့သည်။စိုင်ဖူမိသားစုမှ ဖို့ဒ်နှင့်အတူ မိသားစုငယ်အချို့သာ ခေါင်းမာနေကြပြီး ကာကွယ်ကြေးပေးရန် ငြင်းဆန်ခဲ့ကြသည်။သို့သော်လည်း ၎င်းတို့သည် သီးခြား အမြင်များ ဖြစ်ကြသည်။ယေဘုယျ အမြင်များအရ ဝတ်ရုံဂိုဏ်းသည် အမှောင်လမြို့ရှိ ဆိုင်အားလုံးကို လက်ထဲ၌ ဆုပ်ကိုင်ထားပြီ ဖြစ်သည်။
အမှန်တကယ်တွင် ကာကွယ်ကြေးပေးသော ကုန်သည်များ၏ အမြင်၌ ဝတ်ရုံဂိုဏ်းသည် မဆိုးပေ။ယခင်အင်အားစုများကဲ့သို့ အနိုင်ကျင့်ခြင်းနှင့် ငွေညှစ်ခြင်းအစား သူတို့သည် ကာကွယ်ကြေး ကောက်ခံခြင်းအတွက် ကတိပေးထားသည့်အတိုင်း လုပ်ဆောင်ကြသည်။ကုန်သည်များကို နှောင့်ယှက်ကြသော သူခိုးဓားပြအချို့ကို ဝတ်ရုံဂိုဏ်းက သတိပေးသည့်အနေဖြင့် သတ်ပစ်လိုက်ရာ သူခိုးဓားပြများ မဆင်မခြင် မလုပ်ရဲကြတော့ပေ။ဝတ်ရုံဂိုဏ်းသို့ ဝင်ကြသူများပင် ရှိကြသည်။စီးပွားရေး လည်ပတ်သူများသည် ကိုယ်ပိုင် တွက်ချက်မှုများ ရှိကြသည်။ယခင်ကကဲ့သို့ အင်အားစု အသေးရော အကြီးကိုပါ ပေးရခြင်းထက်စာလျှင် ယခုကဲ့သို့ အင်အားစုတစ်ခုတည်းကို ပေးရခြင်းက ပို၍တန်လေသည်။
ဈေးဝယ်သူများအတွက် ဆယ်လ်ဗာကဲ့သို့ ဆိုးယုတ်သော ကုန်သည်များကိုလည်း ဝတ်ရုံဂိုဏ်းက အပြစ်ပေးသည်။ကုန်သည်များကို အကျိုးအမြတ်ကို အဓိကထားကြသည်မှာ အသေအချာပင် ဖြစ်သည်။ထို့ကြောင့် နတ်ဆိုးဘုံ၏ ကုန်သွယ်ရေးသည် လူသားလောကကဲ့သို့ မဖွံ့ဖြိုးသည့်တိုင် လှည့်ကွက်အသေးလေးများ အမြောက်အမြား ရှိနေမည် ဖြစ်သည်။သူတို့ စည်းမကျော်သရွေ့ ဝတ်ရုံဂိုဏ်းက ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
မယ်လွန်မိသားစု အညံ့ခံပြီးသည့် နောက်တစ်နေ့မှာပင် ဝတ်ရုံဂိုဏ်းသည် ကြာရှည်ပြင်ဆင်ထားသော ညဈေးကွက်ကို စတင်လိုက်သည်။
ညဈေးကွက်ဆိုသည်မှာ ညပိုင်း၌ အဓိကရောင်းဝယ်ကြသော ဈေးတစ်ခု ဖြစ်သည်။ဝတ်ရုံဂိုဏ်းသည် ပျံကျဈေးသည် တစ်အုပ်ကို စုစည်းပြီး မူလအတိုင်း လူပါးသော အနောင်တောင်ဘက် အနီးအနား၌ “ အမှောင်လ ည ” ဟုခေါ်သော ညဈေးတစ်ခုကို ဖွင့်လှစ်ခဲ့သည်။
အမှောင်ဒြပ်စင်များသည် ညပိုင်း၌ အတက်ကြွဆုံး ဖြစ်ပြီး ညပိုင်းအပြင်ထွက်ချင်သူများသည် နေ့ပိုင်းထက် မနည်းလှပေ။ညနေဘဝသည် ငြီးငွေ့ဖွယ်ကောင်းပြီး ဤကဲ့သို့ လူစည်ကားသောဈေး မရှိ၍သာ ဖြစ်သည်။
ဈေးဝယ်သူများကို ဆွဲဆောင်ရန်အတွက် ညဈေးနှုန်းကို ၃၀% လျှော့ထားသည်။ ပျံကျဈေးသည်များ၏ မူရင်းဈေးနှုန်မှာ ဆိုင်များထက် ပို၍သက်သာနေပြီ ဖြစ်သည်။ထို့ကြောင့် သတင်းကြားပြီးချင်းချင်း လူအများအပြား ရောက်လာကြသည်။စွဲမက်စရာ အကောင်းဆုံးမှာ ဝတ်ရုံဂိုဏ်း၏ ဟော့ပေါ့ စားသောက်ဆိုင် ဖြစ်သော ထူးခြားသည့် ဈေးဆိုင်ပင် ဖြစ်သည်။
ဟော့ပေါ့သည် အလွန်ထူးဆန်းသည်။ချိန်ညှိ၍ရသော မှော်မီးဖိုပေါ်တွင် အသားပူပူများ ထည့်ထားသော အိုးကြီးတစ်လုံး ရှိသည်။ရနံ့သည် အလွန်စွဲဆောင်မှုရှိပြီး မည်သူမှ အရသာမခံဖူးကြပေ။အမျိုးမျိုးသော ဟင်းသီးဟင်းချက်များကိုလည်း ပြုတ်ပြီးထည့်ကာ စားသုံးနိုင်သည်။
အစပိုင်း၌ လူအချို့သည် ထိုရနံ့၏ ဆွဲဆောင်မှုကိုခံရပြီး စမ်းစားကြည့်ချင်သည်။ အချို့ကို ဝတ်ရုံဂိုဏ်းက အတင်းစားခိုင်းသည်။သို့သော်လည်း သူတို့ အရသာခံပြီးသည့်အခါ ၎င်းသည် မယုံကြည်နိုင်စရာကောင်းပြီး ဈေးနှုန်းများလည်း မမြင့်မားကြောင်း သိသွားသည်။တဖြည်းဖြည်းနှင့် “ ဟော့ပေါ့ ” ဟူသောနာမည်သည် စတင်ပျံ့နှံ့လာသည်။
ညပိုင်း၌ နတ်ဆိုးဘုံရှိ အပူချိန်မှာ အလွန်နိမ့်ပါးလှသည်။ထို့ကြောင့် အပြင်းဆုံးဝိုင်သောက်ရင်း ဟော့ပေါ့စားရခြင်းသည် နတ်ဆိုးဘုရားသခင်ထက် ပို၍ နှစ်သက်စရာကောင်းလေသည်။
အစပိုင်း၌ ဝတ်ရုံဂိုဏ်းက အိမ်ကြီးကို ဆိုင်တစ်ဆိုင်အဖြစ် ပြုပြင်လိုက်သည့်အခါ ပျံကျဈေးသည် အများအပြား ကြောင်သွားကြသည်။အကြောင်းရင်းမှာ ညဈေးသည် အရေအတွက် နည်းနေသေးသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သုံးလေးရက်ကြာပြီးနောက် ဆိုင်ထဲတွင် ခုံအပြည့် ဖြစ်သွားသည်။ပို၍ဆွဲဆောင်စရာ ဖြစ်သည်မှာ ဟော့ပေါ့ စားသောက်ဆိုင်သည် နေပိုင်း၌ ဖွင့်ရုံသာမက ညပိုင်းတွင်လည်း ဖွင့်ခြင်းပင် ဖြစ်သည်။ချက်ချင်းပင် လူအများအပြား ညဈေးထွက်လာကြပြီး ပတ်ဝန်းကျင်ရှိ ပျံကျဈေးသည်များ၏ စီးပွားရေးကို ပိုမိုကောင်းမွန်သွားစေခဲ့သည်။
“ သုံးလေးရက်ပဲ ရှိနေတယ်။ဒီမှာ တော်တော်လေး လူစည်နေပြီ။ ”
မစ်-ဆာဆာက အလျန်နှင့် အိဗ်တို့ကို စည်ကားနေသော ညဈေးဆီသို့ ခေါ်သွားရင်း တအံ့တဩနှင့်ပြောလိုက်သည်။သူသည် အဖေဖြစ်သူ ဒီဒီနောက် နှစ်ပေါင်းများစွာ လိုက်ခဲ့ဖူးပြီး ညပိုင်းအလုပ်များကို တစ်ကြိမ်ထက်မနည်း လုပ်ခဲ့ဖူးသည်။ သို့သော်လည်း ဤကဲ့သို့ စည်ကားသော ညဈေးကိုသူတစ်ခါမှ မမြင်ဖူးပေ။
ချန်လွေ့ ပြုံးလိုက်သည်။ ဒါက အစပဲ ရှိသေးတယ်။ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် အနာဂတ်မှာ ပိုကြီးသော ကြီးကျယ်လာလိမ့်မယ်။
“ မစ္စတာ အက်ဂ်ယောရဲ့ ပါရမီက တကယ့်ကို မယုံနိုင်စရာပဲ။ ”
စကိုင်းက စိတ်ပါလက်ပါနှင့် ပြောလိုက်သည်။အက်ဂ်ယော၏ လက်ရှိ ယန္တရားပညာအဆင့်သည် အငယ်တန်းဆရာသခင်အဆင့်နှင့် ရေးရေးလေး တူညီနေပြီ ဖြစ်သည်။ပို၍ မယုံကြည်နိုင်စရာ ကောင်းသည်မှာ သူသည် သတ္တု၊သားရေ၊ အသုံးအဆောင် ပစ္စည်း အစရှိသည့် အရာအားလုံးတို့၌ ကျွမ်းကျင်ခြင်းပင် ဖြစ်သည်။သူ၏ သင်ယူနိုင်မှုစွမ်းရည်ကို စကားဖြင့်ပင် မဖော်ပြနိုင်တော့ပေ။ထို့ပြင် အက်ဂ်ယောတွင် နတ်ဆိုးဘုရင်အဆင့် စွမ်းအားရှိပြီး ပြောင်းလွယ်ပြင်လွယ်သော စီးပွားရေးစိတ်ဓာတ် ရှိသည်။
“ သူကိုက တမူထူးခြားနေတာ။ ”
အမှောင်နတ်ဆိုးလူပု ဆရာသခင် တာတာက မနာလိုစိတ်ဖြင့် ပြောသည်။သူ၏လေသံ ပြောင်းသွားပြန်သည်။
“ မင်းမှာ အားအများကြီး ရှိတယ်ဆိုရင် ယန္တရားပညာမှာ ပိုပြီးတော့ အားစိုက်သင့်တယ်။ ”
တာတာ၏လေသံသည် မယဉ်ကျေးသော်လည်း အကြံပေးသည့် အငွေ့အသက် ပါဝင်သည်။အမှန်တကယ်တွင် အမှောင်နတ်သူငယ် ဆရာသခင်နှင့် အမှောင်နတ်ဆိုးလူပု ဆရာသခင်တို့သည် “ အက်ဂ်ယော ” ကြောင့် ဉာဏ်အလင်းပွင့်သွားခဲ့ကြသည်။အထွတ်အထိပ် တစ်ဆို့မှုကို ရောက်ရှိနေကြသော ဆရာသခင်များအဖို့ ထိုဉာဏ်အလင်းပွင့်မှုများသည် အထူးသဖြင့် တန်ဖိုးရှိလှသည်။ထို့ကြောင့် တာတာသည် သူ့အား အကြံအစည်ဖြင့် နေစေခဲ့သော ဝတ်ရုံဂိုဏ်းခေါင်းဆောင်ကို အကောင်းမြင်နေဆဲပင် ဖြစ်သည်။အဓိကမှာ သူ၏ယောက္ခမဖြစ်သူ ဒီဒီက အက်ဂ်ယော၏ သစ္စာရှိလက်အောက်ခံတစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်လေသည်။
ချန်လွေ့သည် အမှောင်နတ်ဆိုးလူပု ဆရာသခင်၏ စေတနာကို သိသည်။ အရည်အချင်းတိုင်း၌ အထူးပြုမှုရှိပြီး သာမန်လူတစ်ယောက်၏ စွမ်းအင်သည် အကန့်အသတ် ရှိသည်။ထို့ကြောင့် ပိုမြင့်သော အဆင့်သို့ ရောက်ရန်အတွက် အရည်အချင်းတစ်ခုကို အာရုံစိုက်ရမည် ဖြစ်သည်။ပြဿနာမှာ ချန်လွေ့သည် သာမန်လူတစ်ယောက် မဟုတ်နေခြင်းပင်။ထို့ပြင် သူလိုက်ရှာနေသည့် အကြီးမားဆုံး ရည်ရွယ်ချက်မှာ အဂ္ဂိရတ်ပညာ မဟုတ်ပေ။
စွမ်းအား။စွမ်းအားသာလျှင် ကံကြမ္မာကို အမှန်တကယ် ပြန်ပြင်နိုင်ပြီး တန်ဖိုးထားသည့်အရာများကို အမှန်တကယ် ကာကွယ်နိုင်မည် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ညဈေးကို တာဝန်ယူထားသော အရတ်စ်နှင့် ဗာဆာရှာတို့က သူတို့ဘက်သို့ လမ်းလျှောက်လာကြသည်။“အက်ဂ်ယော” အဖြစ် ဟန်ဆောင်ထားသော ချန်လွေ့ကို သူတို့ မြင်လိုက်သည့်အခါ အရိုအသေ ပေးလိုက်ကြသည်။လက်ရှိတွင် ရွိုင့်စ်သည် ဂျိုးဆက်ပ်ဘက်မှ သူလျှိုတစ်ယောက် ဖြစ်နေသည့်အတွက် လူအများအရှေ့၌ ချန်လွေ့နှင့်ပူးပေါင်းရန် မသင့်တော်ပေ။
ထိုအချိန်၌ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့သည် မျက်နှာချင်းဆိုင်ဘက်၌ ထွက်ပေါ်လာသည်။
ယောက်ျားဖြစ်သူသည် သန်မာပြီး အကောင်ကြီးသည်။မိန်းမဖြစ်သူက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ဖွံ့ဖြိုးသော ပုံသဏ္ဍာန်ရှိသည်။ပုံမှန်အားဖြင့် သာမန်စုံတွဲ၌ ထင်ရသော်လည်း ချန်လွေ့ သည် သတ်ဖြတ်ချင်စိတ်ကို ခံစားမိသည်။အမှန်တကယ်၌ ထိုပြင်းထန်သော သတ်ဖြတ်ချင်စိတ်သည် အရတ်စ်ဆီသို့ ဦးတည်နေသည်။
[ သရုပ်ခွဲမျက်လုံး ] သည် ထိုမိန်းမနှင့်ယောက်ျားအား “ မဟာနတ်ဆိုး ( သန္ဓေပြောင်း ) ၊ စွမ်းအားအကဲဖြတ်မှု = [ C - ] နှင့် [ C ] ” ဟူ၍ ဖော်ပြထားသည်။
နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းနဲ့ နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း။