← Chapters

နှစ်နှစ်ကြာပြီးနောက်

Vol. 6 Ch. 83

နှစ်နှစ်ကြာပြီးနောက်

Vol. 6 Ch. 83

အရင်တုန်းက ချီမင် ကျင့်ကြံခဲ့တဲ့ “ဓားချီပိုင်းဖြတ်ခြင်း” ဆိုတာကအဆင့်နိမ့်ကျင့်ကြံခြင်းနယ်ပယ်ရဲ့ သိုင်းနည်းစနစ်လေးတစ်ခုဖြစ်တယ်။ အခုပြောနေတဲ့ “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်” က တကယ့်ကိုမဟာနတ်ဘုရားစွမ်းအားမျိုးဖြစ်တယ်။ အဲဒီနှစ်ခုက ဘယ်လိုမှ နှိုင်းလို့မရဘူး။

အရည်အသွေးချင်းကိုက ကွာနေတယ်။

ချီမင်က ဟိုးအရင် “ကောင်းကင်တာအိုအခြေခံ”၊ “သောင်းပြောင်း ကြာပန်းစိမ်း တာအိုအခြေခံ” တွေကို တည်‌ ဆောက်ပြီးတော့ “မွေးရာပါ သန့်စင်တဲ့ရွှေအမြုတေ” နဲ့ “သဏ္ဌာန်မဲ့ ရွှေအမြုတေ” တွေကိုသိပ်သည်းတုန်းကရတဲ့ “ကြာပန်းစိမ်း တာအို”၊ “သန့်စင်ရွှေခန္ဓာ” နဲ့ “အသင်္ချေပုံစံမုန်တိုင်း” ဆိုတာတွေကို နတ်ဘုရားအဆင့်သိုင်းနည်းစနစ်တွေလို့တောင် ခေါ်လို့ရတယ်။

အဲဒီ နတ်ဘုရားအဆင့်သိုင်းနည်းစနစ်သုံးခုရဲ့ အစွမ်းက သာမန်သိုင်းနည်းစနစ်တွေထက် အများကြီး သာတယ်။

ဒါပေမဲ့လည်း…

သူတို့က “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်” လို မဟာနတ်ဘုရားပညာရပ်ကြီးကိုတော့ ဘယ်လိုမှ လိုက်မမီဘူး။ တစ်ခုပဲ၊ “သန့်စင်ရွှေခန္ဓာ” ကတော့ နည်းနည်းလေး ယှဉ်နိုင်လောက်တယ်။

အဆင့်အတန်းကနီးစပ်တယ်။

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် သုံးမယ်။”

ချီမင်က ပြောလိုက်တယ်။ “ပထမ အလိုအလျောက်ကျင့်ကြံတဲ့နေရာမှာ ‘မဟာရွှေအမြုတေ တာအိုကျမ်း’ ကို ကျင့်မယ်။”

ဒင်!

“အဆတစ်သိန်း မြှင့်တင်နဲ့ ‘မဟာရွှေအမြုတေ တာအိုကျမ်း’ ကို ကျင့်ကြံနေပါပြီ…”

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် ထပ်သုံးမယ်။”

ချီမင်က ဆက်ပြောတယ်။ “ဒုတိယ အလိုအလျောက်ကျင့်ကြံတဲ့နေရာမှာ ‘ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်’ ကို ကျင့်မယ်။”

ဒင်!

“အဆတစ်သိန်း မြှင့်တင်မှုနဲ့ ‘ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်’ ကို ကျင့်ကြံနေပါပြီ…”

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်။”

ချီမင်က ပြောလိုက်တယ်။ “‘ကောင်းကင်ကိုးထပ် ဆေးကျမ်း’ ကို ကျင့်မယ်။”

ဒင်!

“အဆတစ်သိန်း မြှင့်တင်မှုနဲ့ ‘ကောင်းကင်ကိုးထပ်ဆေးကျမ်း’ ကို ကျင့်ကြံနေပါပြီ…”

…

အဲဒီနောက်တော့ ချီမင်က များသောအားဖြင့် တိမ်ပြိုတောင်ထွတ်မှာပဲ နေပြီး တောင်အောက်ကို လုံးဝမဆင်းတော့ဘူး။

ပြီးတော့…

တောင်အောက်ဆင်းစရာ အကြောင်းလည်း သိပ်မရှိဘူး။

ပထမနဲ့ ဒုတိယ အလိုအလျောက်ကျင့်ကြံတဲ့နေရာတွေမှာ “မဟာရွှေအမြုတေ တာအိုကျမ်း” နဲ့ “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်” ကိုပဲ ပုံမှန်ကျင့်နေတယ်။နေ့တိုင်း အသစ်အသစ်တွေ တတ်မြောက်နေတယ်။

တတိယ အလိုအလျောက်ကျင့်ကြံတဲ့နေရာကတော့…

ပထမနေ့မှာ “ကောင်းကင်ကိုးထပ်ဆေးကျမ်း” ကို ကျင့်တယ်။ ဒုတိယနေ့မှာ “အဆုံးစွန်စိတ်ဆန္ဒ လက်နက်သန့်စင်ခြင်းပညာ” ကို ကျင့်တယ်။ တတိယနေ့မှာ “ဖွဲ့စည်းခြင်းလေးမျိုးကျမ်း” ကို ကျင့်တယ်။ စတုတ္ထနေ့မှာ “သဏ္ဌာန်မဲ့ကျမ်း” ကို ကျင့်တယ်။ ပဉ္စမနေ့မှာ “ရွှေနက်စစ်မှန်ခန္ဓာ” ကို ကျင့်တယ်။ ဆဋ္ဌမနေ့မှာတော့ “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ဂူ” ကနေ ရထားတဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် သိုင်းနည်းစနစ်တွေ၊ ကျင့်စဉ်တွေကို အမျိုးမျိုး ကျင့်ကြံတယ်။

အဲဒီလိုနဲ့ နေ့တိုင်း သိုင်းနည်းစနစ်တွေ၊ နည်းစနစ်တွေကို တစ်မျိုးပြီးတစ်မျိုး ပြောင်းကျင့်နေတယ်။

မသိလိုက် မသိဘာသာနဲ့ တစ်လတောင် ကြာသွားပြီ။

“ကောင်းကင်ကိုးထပ် ဆေးကျမ်း” က လုံးဝပြီးပြည့်စုံသွားတယ်။ ချီမင်ရဲ့ ဆေးသန့်စင်တဲ့ပညာက လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့ကန့်သတ်ချက်ဖြစ်တဲ့၊ “ အမြုတေဖွဲ့စည်းခြင်းအဆင့်ဆေးကပ်ဘေးဒုက္ခဆေးဆရာ” အဆင့်ကို ရောက်သွားတယ်။

နောက်ထပ်တစ်လ ကြာတော့။

“အဆုံးစွန်စိတ်ဆန္ဒ လက်နက်သန့်စင်ခြင်းပညာ” လည်း လုံးဝပြီးပြည့်စုံသွားတယ်။ ချီမင်ရဲ့ လက်နက်သန့်စင်ခြင်းကျွမ်းကျင်မှုကလည်း လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့ ကန့်သတ်ချက်ဖြစ်တဲ့၊ “အမြုတေဖွဲ့စည်းခြင်း လက်နက်ကပ်ဘေးဒုက္ခအဆင့် လက်နက်သန့်စင်သူ” အဆင့်ကို ရောက်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တတိယလကို ရောက်လာတယ်

“ဖွဲ့စည်းခြင်းလေးမျိုးကျမ်း” လည်းလုံးဝပြီးပြည့်စုံသွားတယ်။ ချီမင်ရဲ့ အစီအရင်ဖွဲ့စည်းခြင်းပညာက လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့ကန့်သတ်ချက်ကို ရောက်ပြီး ထိပ်တန်းအဆင့် “အမြုတေဖွဲ့စည်းခြင်း ဖွဲ့စည်းခြင်းအစီအရင်ပညာရှင်”အဆင့်ကို ရောက်သွားတယ်။

အရန်ပညာရပ်သုံးခုလုံးက သူ့လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့ အမြင့်ဆုံးကို ရောက်သွားတယ်။

စတုတ္ထလမှာတော့ ချီမင်က “သဏ္ဌာန်မဲ့ကျမ်း” ရဲ့ နက်နဲမှုအားလုံးကို လုံးဝနားလည်သွားတယ်။။ သူသာ စိတ်ကူးလိုက်ရင် “သဏ္ဌာန်မဲ့ကျမ်း” ကိုသုံးပြီး အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို တန်းတက်သွားလို့ရတယ်။

ဒါပေမဲ့ ချီမင်က အဲဒီလိုလုပ်လို့မဖြစ်ဘူးဆိုတာ ရှင်းနေတယ်။။ အဲဒီလိုလုပ်လိုက်ရင် သူကြိုးစားလာသမျှ အလကားဖြစ်သွားဖြစ်လိမ့်မယ်။

ဒါပေမဲ့ “မဟာရွှေအမြုတေ တာအိုကျမ်း” ကတော့ နားလည်ရခက်ပြီး နက်နဲတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝမဟာတာအိုကို နားလည်ရမယ်၊ မဟာတာအိုရဲ့လျှို့ဝှက်ဆန်းကြယ် နက်နဲမှုတွေကို နားလည်ရမယ်၊ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝအမှန်တရားတွေကို ဆုပ်ကိုင်နိုင်ရမယ်။

အဆတစ်သိန်း မြှင့်တင်မှုနဲ့ ကျင့်နေရင်တောင် အချိန်အကြာကြီး လိုဦးမှာဖြစ်တယ်။

“ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်” ကတော့…

အလိုအလျောက် ကျင့်ကြံတာ လေးလကြာပြီး၊ အဆတစ်သိန်း အထောက်အပံ့နဲ့ဆိုတော့ ချီမင်က အိပ်ချိန်၊ နားချိန်မရှိပဲ စုစုပေါင်း နှစ်ပေါင်း သုံးသောင်းသုံးထောင်စာ နားလည်အောင် ကြိုးစားခဲ့ပြီးပြီ။

အဲဒီလောက် အချိန်ကာလက တကယ်ကို စဉ်းစားလို့တောင်မရတဲ့ အတိုင်းအတာဖြစ်တယ်။

ဒါပေမဲ့ ချီမင်က “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်” ကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသေးဘူး။ အတွင်းထဲက နက်နဲမှုတချို့ကိုပဲ နားလည်သဘောပေါက်သေးတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်နေတာတောင် ချီမင်အတွက် အကျိုးကျေးဇူးတွေက အများကြီးရတယ်။

“အရွယ်အစားချိန်ညှိခြင်း။”

ဝှစ်!

စိတ်ကူးလိုက်တာနဲ့ ချီမင်က “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်” ထဲက နက်နဲတဲ့သိုင်းနည်းစနစ်တစ်ခုကို သုံးလိုက်တယ်။ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေကအလျင်အမြန် ကုန်ဆုံးသွားတယ်။ သူ့ညာဘက်လက်က ဆယ်ဆလောက် ကြီးသွားပြီး လူသန်ကြီးလက်ကြီးလို ဖြစ်သွားတယ်။

ဒါပေမဲ့ ခဏလေးအတွင်းမှာပဲ ပုံမှန်ပြန်ဖြစ်သွားတယ်။

အရွယ်အစားချိန်ညှိခြင်း

ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို စိတ်တိုင်းကျ အရွယ်အစား ပြောင်းလို့ရတယ်။

ဒီသိုင်းနည်းစနစ်ကိုတော့ သူ ကျွမ်းကျင်အောင် ကျင့်ပြီးသွားပြီ။

ကိုယ်ခန္ဓာကို အကြီးကြီးဖြစ်အောင် လုပ်လို့ရတယ်။

တကယ့် အစွမ်းထက် သိုင်းနည်းစနစ်ဖြစ်တယ်။

“ငါနဲ့ အဝေးကြီးလိုသေးတယ်။”

ချီမင်က ခေါင်းခါလိုက်တယ်။ “ကျင့်ကြံမှုအဆင့်ဖြစ်ဖြစ်၊ ဓမ္မစွမ်းအားဖြစ်ဖြစ်၊ ‘ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်’ ကို အစွမ်းကုန်ထုတ်သုံးနိုင်ဖို့ ငါ့မှာ အားမရှိသေးဘူး။ ‘အရွယ်အစားချိန်ညှိခြင်း’ ဆိုတဲ့ သိုင်းနည်းစနစ်လေးတစ်ခုတောင် ငါ့ကို အားကုန်စေတာပဲ၊ ‘ယင်နဲ့ယန်ကို ပြောင်းပြန်လှန်ခြင်း’ တို့ ‘ကြယ်တွေ ရွှေ့ပြောင်းခြင်း’ တို့လို သိုင်းနည်းစနစ်တွေကို သုံးနိုင်ဖို့ဆိုတာ ဝေးသေးတယ်။”

မျက်စိတစ်မှိတ်အတွင်းမှာပဲ၊ ပဉ္စမလမှာ ချီမင်က “ရွှေနက်စစ်မှန်ခန္ဓာ” ကိုပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံပြီးသွားတယ်။

ဝှစ်!

စိတ်ကူးလိုက်တာနဲ့ ချီမင့်ခန္ဓာကိုယ်အနှံ့မှာ အနက်ရောင်အလင်းတန်းတစ်ခု ပေါ်လာတယ်။ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး အားကောင်းတဲ့ ခုခံနိုင်စွမ်းနဲ့ ရောင်ပြန်ဟပ်နိုင်စွမ်းတွေ ရှိတယ်။

ပြီးတော့…

ချီမင့်ခန္ဓာကိုယ်ကလည်း လုံးဝ သန့်စင်ပြီးသွားတယ်။

သူ့ရဲ့ ခွန်အားတွေ အများကြီး တိုးတက်လာတယ်။

အချိန်တွေကုန်လွန်ပြီး နှစ်နှစ်ကြာသွားတယ်။

ဒီနေ့၊ မနက်ခင်းမှာ။

“ဟူး…”

ချီမင်က တင်ပျဉ်ခွေထိုင်နေရာကနေ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ ကောင်းကင်နဲ့မြေကြီးကြားက တာအိုစာလုံအမျိုးမျိုးက တာအိုကွန်ရက်ကြီးတစ်ခုအဖြစ် ယှက်နွယ်နေတယ်။

ဒါပေမဲ့ ခဏလေးအတွင်းမှာပဲ အဲဒီမြင်ကွင်းက ပျောက်သွားတယ်။

နှစ်နှစ်ကြာပြီးနောက်မှာ ချီမင့်ရဲ့ ပြောင်းလဲမှုက အကြီးအကျယ်ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ သူက “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ဂူ” ကို တစ်ခါရှင်းလင်းလိုက်တိုင်း မတူညီတဲ့ သိုင်းနည်းစနစ်တွေ၊ ရတနာတွေ၊ ပစ္စည်းအမျိုးမျိုးတွေ ရနေတယ်။

ချီမင်ရတဲ့ သိုင်းနည်းစနစ်တွေကို တတိယ အလိုအလျောက်ကျင့်ကြံတဲ့နေရာနဲ့ အကုန်လုံးနီးပါး ပြီးပြည့်စုံခြင်းအဆင့်ထိကျွမ်းကျင်အောင် ကျင့်ထားတယ်။

မသိလိုက်မသိဘာသာနဲ့ ချီမင်ကိုယ်တိုင်တောင် သူ သိုင်းနည်းစနစ်ဘယ်လောက်များများ တတ်မြောက်ထားလဲ မသိတော့ဘူး။ လက်နက်သန့်စင်တာ၊ ဆေးသန့်စင်တာ၊ အစီအရင်ဖွဲ့စည်းတာ၊ အဲဒီအရန်ပညာရပ်သုံးခုကလည်း လုံးဝအဆင့်အသစ်တစ်ခုကိုတောင် ရောက်နေပြီ။

နောက်ပြီးတော့…

သူ “ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်” ကို ကျင့်လာတာ နှစ်နှစ်ရှိပြီ။ လွန်ခဲ့တဲ့ရက်ပိုင်းတွေတုန်းက ချီမင်က နောက်ရက်အနည်းငယ်အတွင်းမှာ ဒီပညာရပ်ရဲ့ အစပြူသူအဆင့်ကို ရောက်တော့မယ်လို့ ခံစားနေရတယ်။

“မဟာရွှေအမြုတေ တာအိုကျမ်း” ကတော့ ချီမင်စိတ်ထဲမှာ တိုးတက်ဖို့ အချိန်နည်းနည်းလိုသေးတယ်လို့ ခံစားရတယ်။

သူ စိတ်မလောဘူး။

ဒီကိစ္စတွေက ဖြည်းဖြည်းချင်း လုပ်လို့ရတယ်။

မသိလိုက်မသိဘာသာနဲ့ ချီမင့်ရဲ့စိတ်နေစိတ်ထားက ပိုပြီး တည်ငြိမ်ရင့်ကျက်လာတယ်။

အရာရာကို သူ့သဘာဝအတိုင်း ဖြစ်ခွင့်ပေးလိုက်တယ်။

“ဆရာဦးလေး၊ ဆရာဦးလေး…”

တောင်ခြေကနေ ယွမ်ဖုန်းရဲ့အသံ ထွက်လာတယ်။ ချီမင် မော့ကြည့်လိုက်တော့ ယွမ်ဖုန်းက တောင်ပေါ်ကို ပြေးတက်လာတယ်။ သူ့ဘေးမှာ လူတစ်ရပ်ရဲ့ တစ်ဝက်လောက်ရှိတဲ့ သွေးမျောက်တစ်ကောင်လည်း ပါလာတယ်။

အဲဒီ လျင်မြန်ဖျတ်လတ်တဲ့ သွေးမျောက်က “သွေးမျောက်ဘုရင်” ရဲ့ ကလေးဖြစ်တယ်။ အခုတော့ ယွမ်ဖုန်းက သူ့ရဲ့ဝိညာဥ်သားရဲအဖြစ် မွေးမြူထားပြီး အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကိုတောင် ရောက်နေပြီ။

နောက်ပြီး ယွမ်ဖုန်းရဲ့ ကျင့်ကြံမှုအဆင့်ကလည်း လွန်ခဲ့တဲ့သုံးလက အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတည်ထောင်ခဲ့တာက “ကောင်းကင်တာအိုအခြေခံ” မဟုတ်ဘဲ “မြေကြီးတာအိုအခြေခံ” ပဲ ဖြစ်တယ်။

တကယ်တော့ ဒါလည်း မဆိုးပါဘူး။

“မင်းရောက်လာပြီလား။” ချီမင်က ပြောလိုက်တယ်။

“ဆရာဦးလေးကို အရိုအသေပြုပါတယ်။” ယွမ်ဖုန်းက ချီမင်ကို ရိုရိုသေသေ ဦးညွှတ်လိုက်တယ်။

နှစ်နှစ်လုံးလုံး ယွမ်ဖုန်းက ချီမင်ကို လာတွေ့တိုင်း ခံစားချက်က မတူဘူး။ အဲဒီခံစားချက်ကို သူမ ဘယ်လိုဖော်ပြရမှန်းတောင် မသိဘူး။ ဆရာဦးလေးချီ ရပ်နေတဲ့နေရာတိုင်းက ကောင်းကင်နဲ့မြေကြီးနဲ့ တစ်သားတည်းကျနေသလို၊ ကောင်းကင်နဲ့မြေကြီးနဲ့ သဟဇာတဖြစ်နေသလို ခံစားရတယ်။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက အကြောင်းတရားတစ်ခုခု၊ လမ်းကြောင်းတစ်ခုခုကို ဆောင်ကျဉ်းနေတယ်။

အရမ်းကို နက်နဲလွန်းတယ်။

ယွမ်ဖုန်းက ဆရာဦးလေးချီကို ပိုပိုပြီး နားလည်ရခက်လာတယ်လို့ ခံစားမိတယ်။ သူက လုံးဝမမြင်နိုင်တဲ့ အောက်ခြေမရှိတဲ့ ချောက်နက်ကြီးလိုဖြစ်လာတယ်။ အမှောင်ထုကိုပဲ မြင်ရတယ်။

ပြီးတော့ သူ့ဆရာဦးလေးက ပိုပိုပြီး အိမ်တွင်းပုန်းဖြစ်လာတယ်။

နှစ်နှစ်တောင် ရှိပြီ။

တောင်အောက်ကို တစ်လှမ်းမှ မဆင်းဘူး။

ချီမင်က ခေါင်းအသာငြိမ့်လိုက်တယ်။ သူ ယွမ်ဖုန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။ “မဆိုးဘူးပဲ။ မင်းရဲ့ မြေကြီးတာအိုအခြေခံက တော်တော်ခိုင်မာတယ်။ အရင်တုန်းက ဆရာဦးလေး ကူညီပေးခဲ့တာကို အလကားမဖြစ်စေခဲ့ဘူး။”

“ရေခဲကြာပန်းတာအိုအခြေခံက မြေကြီးတာအိုအခြေခံဆို တော့ကောင်းကင်တာအိုအခြေခံထက်တော့ နိမ့်ကျတာမှန်တယ်။ ဒါပေမဲ့ မင်း စိတ်မလောဘဲ တည်တည်ငြိမ်ငြိမ် ကျင့်ကြံသွားရင် အနာဂတ်အောင်မြင်မှုက ကောင်းကင်တာအိုအခြေခံထက် မနိမ့်ကျစေရဘူး။”

ယွမ်ဖုန်းက ခေါင်းညိတ်ပြီး “ဆရာဦးလေးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ့မယ်။”

“မင်းဆရာ သီးသန့်ကျင့်ကြံရာကနေ ထွက်လာပြီလား။” ချီမင်က မေးလိုက်တယ်။

“မထွက်လာသေးပါဘူး။”

ယွမ်ဖုန်းက ခေါင်းခါလိုက်တယ်။

ချီမင်က ခေါင်းညိတ်ပြီး ဘာမှဆက်မမေးတော့ဘူး။

ယွမ်ဖုန်းက ပြောတယ်၊ “တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲစဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်။ အဲဒီနောက် တစ်လနေရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ကျင်းပတော့မှာ။”

“တိမ်းစိမ်တောင်ထွတ်ကို ကိုယ်စားပြုပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲကို တက်ရောက်မယ့်သူက အမွေခံတပည့် ယုရွှယ်လန် ပါ။”

“ဟုတ်လား။” ချီမင်က ပြောတယ်၊ “သုံးနှစ်တောင် ရှိသွားပြီပဲ၊ အပြင်စည်းဂိုဏ်း စစ်ဆေးပွဲက နောက်တစ်ခေါက်တောင် ဖြစ်တော့မှာကိုး။”

ချီမင်က အပြင်စည်းဂိုဏ်း စစ်ဆေးပွဲတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားမိတယ်။ သူ့စိတ်ထဲမှာ ရုပ်ရှင်ပြကွက်တွေ ပြန်ပြသလို‌ပေါ်လာတယ်။ သူ နည်းနည်းလေး စိတ်လှုပ်ရှားသလို ခံစားလိုက်ရတယ်။

ယွမ်ဖုန်းက စိုးရိမ်တကြီးနဲ့ ပြောတယ်၊ “စီနီယာအစ်ကိုရှောင်က ဂိုဏ်းကနေ ထွက်သွားတာ တစ်နှစ်ကျော်ပြီ၊ ပြန်မလာသေးဘူး။”

“သူ့အတွက် စိတ်မပူပါနဲ့။” ချီမင်က ပြောတယ်၊ “မင်းတစ်ခုခုဖြစ်ရင်တောင် သူက ဘာမှဖြစ်မှာမဟုတ်ဘူး။”

ယွမ်ဖုန်းက ဆက်ပြောတယ်၊ “လွန်ခဲ့တဲ့ ခုနစ်ရက်က ယုရွှယ်လန်ရဲ့ ကျင့်ကြံမှုက အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီ။ သူက ကောင်းကင်တာအိုအခြေခံ၊ ကောင်းကင်နဲ့မြေကြီး ကြာပန်းနီတာအိုအခြေခံကို တည်ထောင်ပြီး အဆင့်ကိုး ကောင်းကင်နဲ့မြေကြီး ကြာပန်းနီရွှေအမြုတေကို သိပ်သည်းနိုင်ခဲ့တယ်။ ဒီကိစ္စက တိမ်းစိမ်တောင်ထွတ်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့တယ်။”

“သူ ဂိုဏ်းဝင်တာ သုံးနှစ်ပဲရှိသေးတယ်၊ ရွှေအမြုတေအဆင့်ကို ရောက်အောင် ကျင့်နိုင်ခဲ့ပြီ။”

“ဒီ ယုရွှယ်လန်ရဲ့ အရည်အချင်းက တကယ်ကို အစွမ်းထက်တာပဲ။ ကျွန်မလည်း ဂိုဏ်းဝင်တာ သုံးနှစ်ရှိပြီ။ အခုမှ အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ သူ့နဲ့ယှဉ်ရင် အဆင့်တစ်ခုလုံး ကွာနေတာ။”

“ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။” ချီမင်က ပြောတယ်၊ “မင်းလည်း တော်တော်လေး ကောင်းနေပါပြီ။”

နောက်တော့ ယွမ်ဖုန်းက ဒီအချိန်အတောအတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတော်တော်များများကို ချီမင်ကို ဆက်ရှင်းပြတယ်၊ ချီမင်ကလည်း ဂရုတစိုက် နားထောင်နေတယ်။

ယွမ်ဖုန်းရဲ့ ချက်ပြုတ်တဲ့လက်ရာကလည်း တစ်နေ့တစ်ခြား တိုးတက်လာတယ်။ ဒီတစ်ခေါက် ချီမင်အတွက် ကောင်းမွန်တဲ့ သေရည်နဲ့ ဟင်းလျာတွေ အများကြီး ပြင်ဆင်လာတယ်။

အစပိုင်းမှာတော့ ချီမင်က ယွမ်ဖုန်းကို သိပ်အလေးမထားခဲ့ဘူးထင်ရပေမဲ့ သူတို့နှစ်ယောက် အချိန်ကြာကြာ ဆက်ဆံလာတဲ့အခါ ယွမ်ဖုန်းရဲ့ မာကျောတဲ့စိတ်ဓာတ်ကို သူ တော်တော်လေး သဘောကျလာတယ်။

ချီမင်က အခုဆိုရင် ယွမ်ဖုန်းကို သူ့ဂိုဏ်းတူတူမ လေးတစ်ယောက်လို တကယ်ပဲ သဘောထားနေပြီ။

ပြီးတော့ ချီမင်က တိမ်ပြိုတောင်ထွတ်မှာပဲ အမြဲတမ်း ကျင့်ကြံနေတာဖြစ်တယ်။ ယွမ်ဖုန်းတစ်ယောက်ပဲ အချိန်ရရင်ရသလို တောင်ပေါ်တက်ပြီး သူနဲ့ စကားစမြည်ပြော၊ တောင်ခြေမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြတတ်တယ်။

ရှောင်ဖန်းကတော့ ဂိုဏ်းကနေ ခဏခဏ ထွက်သွားတတ်တယ်။ သူက ဂိုဏ်းထဲမှာ အခြေခံအားဖြင့် မရှိသလောက်ပဲ၊ တွေ့ရခဲတယ်။

ချီမင့်ရဲ့စီနီယာ အစ်မကတော့ အဆင့်တက်ဖို့ ကြိုးစားရင်း သီးသန့်ကျင့်ကြံနေတယ်

သူ့ဆရာကတော့…

သူက အမွေခံအကြီးအကဲဆိုတော့ လုပ်စရာကိစ္စတွေ အများကြီးပဲရှိတယ်။ တံခါးပိတ်ကျင့်ကြံမှု ခဏလေးဝင်လိုက်တာနဲ့ နှစ်အနည်းငယ်တောင် ကြာသွားနိုင်တယ်။

ညနေစောင်းတော့ ယွမ်ဖုန်း တောင်အောက်ဆင်းသွားတယ်။

နှစ်ရက်ကြာတော့၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲက တရားဝင် စတင်တော့တယ်။ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်လို အခြေအနေမျိုးတွေ မဖြစ်ဘူး၊ အမွေခံအကြီးအကဲတွေရဲ့ လျှို့ဝှက်ကြံစည်မှုတွေလည်း မရှိဘူး။

အရာအားလုံးက အစီအစဉ်အတိုင်းပဲ ဖြစ်ပျက်သွားတယ်။

ဒီ အပြင်စည်းဂိုဏ်း စစ်ဆေးပွဲမှာ ဘယ်တပည့်ကမှ အမွေခံအကြီးအကဲတွေရဲ့ စိတ်ဝင်စားမှုကို မရခဲ့ဘူး။

တခြားတစ်ဖက်မှာတော့ တချို့က အတွင်းစည်းဂိုဏ်းသားတွေ တန်းဖြစ်သွားကြတယ်။

ရလဒ်ကမဆိုးရွား‌ပေ။

သုံးရက်ကြာတော့။

နေ့လယ်ခင်း။

ဒင်!

“‘ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်’ ကို အဆတစ်သိန်းမြှင့်တင်မှုနဲ့ ဆက်တိုက်ကျင့်ကြံခဲ့ပါတယ်။ ကောင်းကင်ဘုံကြယ်တာရာတွေရဲ့ ပြောင်းလဲမှု၊ ကောင်းကင်နဲ့မြေကြီးရဲ့လျှို့ဝှက်ဆန်းကြယ် နက်နဲမှု၊ အဆုံးမရှိတဲ့ တာအိုတို့ကို နားလည်သဘောပေါက်ခဲ့ပါတယ်။ နားလည်မှုအမျိုးမျိုးက လက်ခံသူရဲ့စိတ်ထဲကို စီးဝင်လာပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ ‘ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်’ ရဲ့ အစပြူသူအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ။”

ချီမင်က အသိပေးချက်တစ်ခု လက်ခံရလိုက်တယ်။

All Chapters