← Chapters

ဦးချိုမဲ့ နဂါးအနှစ်သာရ နဲ့ ခြောက်ရက်တာ ကုန်ဆုံးသွားခြင်း

Vol. 6 Ch. 88

ဦးချိုမဲ့ နဂါးအနှစ်သာရ နဲ့ ခြောက်ရက်တာ ကုန်ဆုံးသွားခြင်း

Vol. 6 Ch. 88

ရှီကျောက်ယွမ် ပြောတဲ့အတိုင်းပဲ၊ ဦးချိုမဲ့ နဂါးအနှစ်သာရက သုံးရက်အတွင်းမှာ အပြည့်အဝဖန်တီးပြီးသွားတယ်။ အဲဒါ အောင်မြင်သွားတဲ့ တော့သူက တစ်စက္ကန့်လေးမှ တုံ့ဆိုင်းမနေဘဲ ရှေ့ကို လှစ်ခနဲခုန်သွားပြီး တာအိုစင်မြင့်ပေါ်မှာတင်ပျဉ်ခွေ ထိုင်ချလိုက်တယ်။

ဝေါင်း! ဝေါင်း!

အောက်မှာတော့...

အနက်ရောင်လခြမ်းပုံစံနဂါးက အသက်ဝင်လာတယ်။ သူကရုန်းကန်နေပြီး အရမ်းကိုသန့်စင်တဲ့ နဂါးချီမျှင်တွေကို ထုတ်လွှတ်ပေးနေတယ်။ အဲဒီစွမ်းအင်တွေကို ရှီကျောက်ယွမ်က စုပ်ယူနေတယ်။

"ဒီ ဦးချိုမဲ့ နဂါးအနှစ်သာရရဲ့ စွမ်းအင်က တကယ်ကိုပြင်းထန်လှချည်လား"

ရှီကျောက်ယွမ်ရဲ့ မျက်နှာပေါ်မှာ ပေါ်နေတဲ့ စိငတ်လှုပ်ရှားမှုတွေကို သူ ဖုံးကွယ်မထားနိုင်တော့ဘူး။ ဒီအချိန်မှာ သူ အရမ်းပျော်နေတယ်။ နှစ် ၃၀၀ ကြာအောင် ကြိုးစားစီစဉ်ခဲ့ရတာတွေရဲ့ အသီးအပွင့်တွေကို ခံစားရမယ့်အချိန် ရောက်လာပြီ။

ချီမင်က ရှီကျောက်ယွမ်ရဲ့ ပြောင်းလဲမှုတွေကို ကြည့်နေရင်း တိုးတိုးလေးရေရွတ်လိုက်တယ်။ "ငါ ဝင်မနှောင့်ယှက်ဘူးဆိုရင် ဒီ ရှီကျောက်ယွမ်ကအဝေးကြီးရောက်နိုင်တယ်။ တကယ့် စစ်မှန်တဲ့ နတ်ဆိုးတစ်ပါး ဖြစ်လာဖို့ အခွင့်အရေးရှိတယ်။ ဒါပေမယ့်..."

သူက ကောင်းကင်မူလမြို့က မြို့သူမြို့သားတွေရဲ့ ဆိုးရွားတဲ့အခြေအနေနဲ့အမေနဲ့သမီး သတ်ခံရတဲ့ မြင်ကွင်းကို ပြန်တွေးလိုက်တော့ သူ့မျက်လုံးတွေ တဖြည်းဖြည်း အေးစက်လာတယ်။

ချီမင်က သူတော်စင် မဟုတ်ဘူး။

ဒါ့အပြင် တကယ့် သူတော်စင်တွေတောင် ကိုယ်ရည်ကိုယ်သွေး မတူကြဘူး။

ချီမင်သာ ဒီလိုအဖြစ်မျိုးကို မမြင်လိုက်ရဘူးဆိုရင် သူ ဂရုစိုက်မိမှာ မဟုတ်ဘူး။ ဂရုစိုက်ဖို့အတွက် စွမ်းအင်လည်း ရှိမှာမဟုတ်ဘူး။

ဒါပေမယ့် ကံအားလျော်စွာ သူ မြင်လိုက်ရပြီ။ အဲဒါကို လျစ်လျူရှုပြီး ဘာမှမမြင်လိုက်ရသလို ဟန်ဆောင်နေမယ်ဆိုရင်...

ချီမင် သူ့ရင်ထဲက အတားအဆီးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။

ဒါက သူ့အတွင်းစိတ်ထဲမှာ အတွင်းနတ်ဆိုးတွေ မွေးမြူလာစေနိုင်တယ်။

ဒါကြောင့် လမင်းယုံကြည်နတ်ဆိုးဂိုဏ်းကို ရှင်းပစ်ရမယ်။

ညရောက်လာပြီ။

မနက်၊ နေ့လည်၊ ည သုံးကြိမ် ဦးညွှတ်အရိုအသေပြုရမယ်ဆိုတဲ့ စည်းမျဉ်းအတိုင်း ညရောက်တဲ့အခါ ယွမ်ဖုန်းက 'ရှီကျောက်ယွမ်' လို့ နာမည်ရေးထားတဲ့ ကောက်ရိုးရုပ်ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်တယ်။

ဘယ်လိုမှန်းမသိတဲ့ ကျိန်စာစွမ်းအားတစ်ခု ပျံ့နှံ့သွားတယ်။

အဲဒါက ရှီကျောက်ယွမ်ဆီ ရောက်သွားတယ်။

"ဟမ်?!"

ရှီကျောက်ယွမ်က ဦးချိုမဲ့ နဂါးအနှစ်သာရကို စုပ်ယူနေပေမယ့် သူ့စိတ်က နည်းနည်းထိုင်းမှိုင်းသွားတယ်။ ဘာဖြစ်နေမှန်းလည်း သူ မသိဘူး။ သူ့ဝိညာဉ်အနှစ်သာရက နည်းနည်းတုန်ခါသွားပြီး သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားတွေ တုန်ခါသွားတယ်။

သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာတဲ့ နဂါးစွမ်းအင်တွေကလည်း ပြင်းထန်စွာ လှုပ်ခတ်သွားတယ်။

ရှီကျောက်ယွမ် လန့်သွားတယ်။ သူ မြန်မြန်စိတ်ကို စုစည်းပြီး သူ့ကျင့်ကြံခြင်းနည်းလမ်းကို လည်ပတ်ပြီးသူ့ခန္ဓာကိုယ်ထဲက ပြင်းထန်နေတဲ့ နဂါးစွမ်းအင်တွေကို ထိန်းချုပ်လိုက်တယ်။ ပြီးတော့ ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက် စေလိုက်တယ်။

"ခုနက ဘာဖြစ်သွားတာလဲ?"

ရှီကျောက်ယွမ် မျက်မှောင်ကြုတ်သွားတယ်။ တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်။

သူက အခြေတည်ဝိညာဉ်အဆင့်မဟာကျင့်ကြံသူတစ်ယောက်လေ။

ဘယ်လိုလုပ် စိတ်ထိုင်းမှိုင်းသွားရတာလဲ။

ဒါ့အပြင် သူက အခု ဦးချိုမဲ့ နဂါးအနှစ်သာရကို သန့်စင်နေတဲ့အချိန်လိုမျိုး အရမ်းအာရုံစိုက်ထားတဲ့ အခြေအနေမှာ ရှိနေတယ်။ ဒါကြောင့် စိတ်ထိုင်းမှိုင်းသွားတာမျိုး မဖြစ်သင့်ဘူး။ ဒီလိုအခြေအနေမျိုးက ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရက်ကြီး ဖြစ်ပေါ်လာတယ်။

"ဒါက ဦးချိုမဲ့ နဂါးအနှစ်သာရကို ငါစုပ်ယူလိုက်တာကြောင့်လား?" ရှီကျောက်ယွမ် စဉ်းစားလိုက်တယ်။

လက်သည်းခေါင်းမြှားခုနစ်ချောင်းရဲ့ စွမ်းအားနဲ့ ထူးဆန်းမှုက တကယ်ကို လျှို့ဝှက်ဆန်းကြယ်နက်နဲတယ်။ ရွှေအင်မော်တယ်ကျောက်ကုန်းမင်တောင်မှ လက်သည်းခေါင်းမြှားခုနစ်ချောင်း ထိမှန်တဲ့အခါ သူ့ရဲ့ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဥ်ခုနစ်ပါး လုံးပြိုပျက်လုနီးပါး အခြေအနေထိ ရောက်ခဲ့ရတယ်။

မဟာဆရာဝမ်ကျုံးက ကျောက်ကုန်းမင်ကို သတိမပေးခဲ့ဘူးဆိုရင် ထိပ်တန်းအဆင့်ကောင်းကင် ရွှေအင်မော်တယ်အဆင့် ရောက်နေတဲ့ ကျောက်ကုန်းမင်တောင် သူ့ကို လက်သည်းခေါင်းမြှားခုနစ်ချောင်းနဲ့ ကျိန်စာတိုက်ထားတာကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

သေချာတာကချီမင် ပြုပြင်ထားတဲ့ လက်သည်းခေါင်းမြှားခုနစ်ချောင်းက တကယ့်မူရင်း လက်သည်းခေါင်းမြှားခုနစ်ချောင်းကျမ်း နဲ့ နှိုင်းယှဉ်လို့မရဘူး။ နှစ်ခုကြားက ကွာခြားမှုက ပိုးစုန်းကြူးလေး နဲ့ လမင်းကြီးလိုပဲ ကွာခြားတယ်။

ဒါပေမယ့် ရှီကျောက်ယွမ်က အခြေတည်ဝိညာဉ်အဆင့် မဟာနတ်ဆိုးတစ်ပါးပဲ ရှိသေးတယ်။ ရွှေအင်မော်တယ်အဆင့် ရောက်နေတဲ့ ကျောက်ကုန်းမင်နဲ့ ဘယ်နှိုင်းယှဉ်လို့ မရပေ။ သူကလည်း လမင်းကြီးနဲ့ယှဉ်ရင် ပိုးစုန်းကြူးလေးပေ။

ဒါကြောင့် ရှီကျောက်ယွမ်က သူ့ကို ဒီလို လျှို့ဝှက်ဆန်းကြယ်နက်နဲတဲ့ ကျိန်စာနည်းလမ်းနဲ့ ကျိန်စာတိုက်ထားတာကို ရှာဖွေနိုင်ခြင်း မရှိဘူး။

နည်းနည်းလောက် စဉ်းစားပြီး‌ တော့ရှီကျောက်ယွမ်က အဲဒီအကြောင်းရင်းကို ဦးချိုမဲ့ နဂါးအနှစ်သာရနဲ့ပဲ သက်ဆိုင်တယ်လို့ သတ်မှတ်လိုက်တယ်။ နဂါးအနှစ်သာရရဲ့ အစွမ်းက အရမ်းပြင်းထန်တာကြောင့် သန့်စင်တဲ့အချိန်မှာ ဒီလို တန်ပြန်သက်ရောက်မှုမျိုး ဖြစ်ပေါ်လာတယ်ပဲလို့ သူ ထင်လိုက်တယ်။

"သနားစရာပဲ။ သေခါနီးနေပြီကို ဘာဖြစ်နေမှန်း မသိဘူး" ချီမင် ခေါင်းခါလိုက်တယ်။

လေးရက်မြောက်နေ့မှာ ယွမ်ဖုန်းက သုံးကြိမ် ထပ်ပြီး ဦးညွှတ်အရို အ‌သေပြုလိုက်ပြန်တယ်။

ရှီကျောက်ယွမ် စိတ်ထိုင်းမှိုင်းသွားတဲ့ အကြိမ်အရေအတွက် တိုးလာတယ်။ ဦးချိုမဲ့နဂါးအနှစ်သာရကို သန့်စင်တဲ့ အရှိန်လည်း အရမ်းနှေးကွေးသွားတယ်။ ဒါတောင်မှ နဂါးချီတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး ပေါက်ကွဲထွက်တော့မလို ဖြစ် သေးတယ်။

"အခြေအနေ ပိုဆိုးလာပြီ"

ရှီကျောက်ယွမ် မျက်မှောင်ကြုတ်ပြီး စိုးရိမ်တဲ့အမူအရာနဲ့ အောက်က ဦးချိုမဲ့ နဂါးအနှစ်သာရကို ငုံ့ကြည့်လိုက်တယ်။ သူ အသက်ရှူသွင်းလိုက်ပြီးပြောလိုက်တယ် "ငါ အရှိန်မြှင့်ပြီး ဒီ နဂါးအနှစ်သာရကို အမြန်ဆုံး စုပ်ယူဖို့ လိုအပ်နေပြီ"

ကောင်းကင်မူလ တောင်တန်း...

လမင်းယုံကြည်နတ်ဆိုးဂိုဏ်းသားတွေကအဖွဲ့ငယ်လေး တွေ ဖွဲ့ပြီး ပတ်ဝန်းကျင်ကို ကင်းလှည့်နေကြတယ်။ ယွမ်ဖုန်းနဲ့ တခြားသူတွေကို နေရာအနှံ့ လိုက်ရှာနေကြတာယ်။ ဒါပေမယ့် သဲလွန်စ အများကြီးတော့ မတွေ့ကြဘူး။ ဒါပေမယ့် တဖြည်းဖြည်း နက်ရှိုင်းတဲ့နေရာတွေကို ဝင်ရောက်လာရင်း ယွမ်ဖုန်းတို့ ပုန်းအောင်းနေတဲ့နေရာနားကို ရောက်လာကြတယ်။

"အကြီးအကဲ" ဂိုဏ်းသားတစ်ယောက် ပြောလိုက်တယ်။ "ပတ်ဝန်းကျင်မှာ လမင်းယုံကြည်နတ်ဆိုးဂိုဏ်းသားတွေ ရှိနေပြီ"

လဲ့ချီဟိုင် ခေါင်းငြိမ့်လိုက်တယ်။ သူ ယွမ်ဖုန်းကို ကြည့်လိုက်ပြီး တခြားဂိုဏ်းသားနှစ်ယောက်ကို ညွှန်ကြားလိုက်တယ်။ "စိတ်အေးအေးထား ငါတို့ အနိုင်ရမလား၊ မရဘူးလားဆိုတာ နောက်ရက်အနည်းငယ်အတွင်းမှာ ဆုံးဖြတ်ရတော့မယ်"

"လမင်းယုံကြည်နတ်ဆိုးဂိုဏ်းသားတွေကို အနီးကပ် စောင့်ကြည့်ထားပါ။ သူတို့ တစ်ခုခု ရှာတွေ့သွားတာနဲ့ ချက်ချင်း တိုက်ခိုက်ကြ"

"ဟုတ်"

"နားလည်ပါပြီ"

ဂိုဏ်းသားနှစ်ယောက်က ခေါင်းညိတ်ပြီး တည်ကြည်တဲ့အမူအရာနဲ့ ပြောလိုက်ကြတယ်။

ငါးရက်မြောက်နေ့မှာ ယွမ်ဖုန်းက နောက်ထပ် သုံးကြိမ် ဦးညွှတ်လိုက်ပြန်တယ်။

ညဘက်ရောက်တော့...

ဖျန်း!!!

ဒီတစ်ခါတော့ ရှီကျောက်ယွမ်ရဲ့ အခြေအနေက အရမ်းဆိုးရွားသွားတယ်။ သူ့ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ နဂါးချီတွေကို သူ မထိန်းချုပ်နိုင်တော့ဘဲ တန်ပြန်သက်ရောက်မှု ခံစားလိုက်ရတယ်။ သွေးအန်လိုက်ပြီး သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။

ဒါပေမယ့် သူပြန်သက်သာလာတဲ့အခါ သူ့ခန္ဓာကိုယ်ကို ပြန်စစ်ကြည့်တယ်။ ဒါပေမယ့် ဘာတစ်ခုမှ မတွေ့ဘူး။ လုံးဝ ဒဏ်ရာမရှိဘူး။ သူ့ဝိညာဉ်အနှစ်သာရကလည်း ပုံမှန်ပဲ ရှိတယ်။

"အတိအကျပြောရရင် ဘာတွေဖြစ်နေတာလဲ?"

တဖြည်းဖြည်းနဲ့ ရှီကျောက်ယွမ်ကပိုပြီး စိုးရိမ်ပူပန်လာပေမယ့် ဘာဖြစ်နေမှန်း လုံးဝကို မသိဘူး။

ခြောက်ရက်မြောက်နေ့မှာ မနက်၊ နေ့လည်၊ ည သုံးကြိမ်စီ ယွမ်ဖုန်းက ထပ်ပြီး ဦးညွှတ်လိုက်ပြန်တယ်။

ဒီတစ်ခါတော့ ရှီကျောက်ယွမ် အောက်က ရေကန်ထဲကို ပြုတ်ကျသွားတယ်။ သူ့အဝတ်တွေ ရေစိုနေပြီး ဆံပင်တွေ ဖရိုဖရဲ ဖြစ်နေတယ်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်နဲ့ လုံးဝ ပုံမှန်မဟုတ်တော့ဘူး။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ?!"

ရှီကျောက်ယွမ် ဘာလုပ်ရမှန်းမသိတော့ဘူး။ သူ ပတ်ဝန်းကျင်ကို ကြည့်ပြီး သူ့ဝိညာဉ်သိစိတ်နဲ့ ပတ်ဝန်းကျင်ကို ရှာကြည့်တယ်။ ဒါပေမယ့် ဘာတစ်ခုမှ ရှာမတွေ့ဘူး။ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပေမယ့် ဘာဒဏ်ရာမှ မမြင်ရဘူး။

ဒီခံစားချက်က ရှီကျောက်ယွမ်ကို ရူးတော့မလို ဖြစ်စေတယ်။

ခြောက်ရက်ကြာပြီး ယွမ်ဖုန်းရဲ့ နေ့စဉ် သုံးကြိမ် ဦးညွှတ်မှုအောက်မှာ ရှီကျောက်ယွမ်ရဲ့ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဥ်ခုနစ်ပါး ကွဲပြိုကွဲလုနီးပါး ဖြစ်နေပြီ။ ဒါပေမယ့် သူ ရှာမတွေ့သေးဘူး။

မဟုတ်ဘူး! မဟုတ်ဘူး!

ရှီကျောက်ယွမ် မတ်တတ်ရပ်လိုက်ပြီး ရေကန်ထဲကနေ အမြန်ထွက်လိုက်တယ်။ တာအိုစင်မြင့်ပေါ်က ဦးချိုမဲ့ နဂါးအနှစ်သာရကို ကြည့်လိုက်တယ်။ ခြောက်ရက်အတွင်းမှာ သူက အဲဒီရဲ့ တစ်ဝက်ကျော်ကျော်ကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်ကို ပြောင်းလဲထားပြီးပြီ။

ဒါပေမယ့် လက်သည်းခေါင်းမြှားခုနစ်ချောင်းရဲ့ ကျိန်စာအောက်မှာတော့ သူ ဦးချိုမဲ့ နဂါးအနှစ်သာရကို စုပ်ယူပြီး သူ့ခန္ဓာကိုယ်ကို ပြောင်းလဲထားရင်တောင် အသုံးမဝင်ဘူး။ သူ အဲဒါကိုတောင် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။

"တစ်ခုခု ပြဿနာရှိရမယ်၊ ပြဿနာရှိရမယ်"

"ဘာပြဿနာလဲ?"

ရှီကျောက်ယွမ် သူ့စိတ်ထဲမှာ ရူးမတတ် စဉ်းစားနေတယ်။ "ဒါ နီဖုန်းယွမ်ကြောင့်လား? သူက ငါ့ရဲ့ ဦးချိုမဲ့ နဂါး သက်စောင့် အစီအရင်ကို တကယ်ပဲ ရှာတွေ့သွားတာလား? ဒါကြောင့် သူ ဖျက်ဆီးထားတာလား?"

"မဟုတ်ဘူး! မဟုတ်ဘူး!"

ရှီကျောက်ယွမ် ခေါင်းခါလိုက်တယ်။ "နီဖုန်းယွမ်က ငါ မသေသေးဘူးဆိုတာတောင် သိမှာမဟုတ်ဘူး။ သူသာ ဒီ သက်စောင့် အစီအရင်ကို ရှာတွေ့ခဲ့မယ်ဆိုရင် ငါ အဲဒါကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ သူ့လက်ထဲမှာဖျက်ဆီးခံရတာကြာပြီ"

"ဒါမှမဟုတ် ဒီ သက်စောင့် အစီအရင်မှာ လွန်ခဲ့တဲ့ နှစ် ၃၀၀ အတွင်း ပြောင်းလဲမှု ရှိခဲ့တာကြောင့်လား?"

"အဲဒါလည်း မဟုတ်သေးဘူး"

ရှီကျောက်ယွမ် နောက်တစ်ကြိမ် ခေါင်းခါပြီး သေချာ စဉ်းစားလိုက်တယ်။ "ငါ သေချာ စစ်ဆေးထားပြီးပြီ။ ဒီ သက်စောင့် အစီအရင်မှာ ဘာပြောင်းလဲမှုမှ မရှိဘူး၊ ဘာထူးခြားမှုမှ မရှိဘူး။ ဦးချိုမဲ့ နဂါးအနှစ်သာရနဲ့လည်း ဘာပြဿနာမှ မရှိဘူး"

"ဒီဖြစ်နိုင်ခြေတွေကို ဖယ်လိုက်မယ်ဆိုရင် တစ်ယောက်ယောက်က တမင်တကာ ငါ့ကို ပစ်မှတ်ထားနေတာ။ ဒါ့အပြင် ငါ လုံးဝမသိတဲ့ နည်းလမ်းတစ်ခုကို သုံးပြီးတော့"

"အကယ်၍ ဒီလိုသာဆိုရင်..."

"ရန်သူက ဘယ်သူဖြစ်မလဲ?"

ရှီကျောက်ယွမ် အတွေးနယ်ချဲ့သွားတယ်။ သူ့စိတ်ထဲမှာ ပုံရိပ်တွေ၊ လူပုံတွေ ပေါ်လာတယ်။ ဒါတွေက သူ့အတိတ်က ရန်သူတွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ ရန်သူတွေပဲ။

ဒါပေမယ့် သူတို့အားလုံးကို ရှီကျောက်ယွမ်က ရှင်းပစ်ခဲ့ပြီးပြီ။

လွန်ခဲ့တဲ့နှစ် ၃၀၀ က ရှီကျောက်ယွမ်ကသေဆုံး'သွားပြီ။ အခု ရှီကျောက်ယွမ် ပြန်ရှင်လာပြီဆိုတော့ သူ့ရဲ့ အရင်က မိတ်ဆွေဟောင်းတွေနဲ့ ရန်သူဟောင်းတွေ အသက်ရှင်သေးရဲ့လားဆိုတာ မသိနိုင်ဘူး။

အသက်ရှင်နေတောင်မှ သူတို့က ရှီကျောက်ယွမ်ကို ဒီလိုအချိန်မီ ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

"ဒါ သူတို့လား..."

ရုတ်တရက် ရှီကျောက်ယွမ်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု လှစ်ခနဲ ပေါ်လာတယ်။ သူ ကောင်းကင်မူလမြို့ကို စောင့်ကြပ်နေတဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေကို သတိရလိုက်တယ်။

ဒါက သူ့ကို အလင်းရောင်ရသွားသလို ခံစားရစေတယ်။

"မှန်တာပေါ့"

ရှီကျောက်ယွမ် မတ်တတ်ရပ်လိုက်တယ်။ သူ့မျက်လုံးတွေက မြူခိုးတွေကြားကနေ ထိုးဖောက်ထွက်လာနိုင်သလို လင်းလက်သွားတယ်။ "ငါတို့ ကောင်းကင်မူလမြို့ထဲ ဝင်ရောက်ပြီးနောက်ပိုင်း ငါက ဦးချိုမဲ့ နဂါး သက်စောင့် အစီအရင်ကို အမြန်ရှာဖို့ လောနေတာကြောင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေကို သိပ်ဂရုမစိုက်ဘဲ မြို့အရှင်အိမ်တော်ကို တန်းလာလိုက်တယ်။"

"ရှုပ်ထွေးတဲ့တိုက်ပွဲထဲမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေ ရှိရမယ်"

"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တောင်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးလေးခုထဲက တစ်ခုပဲ။ ဒါ့အပြင် လမ်းမှန်လမ်းစဉ်ရဲ့ ခေါင်းဆောင်လို့တောင် ခေါ်ကြတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ဂိုဏ်းသားတွေနဲ့ အကြီးအကဲတွေမှာ ငါ လုံးဝမသိတဲ့ နည်းလမ်းတွေ၊ ကျင့်စဉ်တွေ ပိုင်ဆိုင်ထားကြမှာ သေချာတယ်"

"ဒါ ဘယ်လိုနည်းလမ်းလဲဆိုတာ ငါ တကယ်မသိသေးပေမယ့် သူတို့ ငါ့ကို မထိခိုက်စေနိုင်ဘူးဆိုတဲ့ ဖြစ်နိုင်ခြေကို လုံးဝ ဖယ်ပစ်လို့မရဘူး"

တုံ့ဆိုင်းမနေတော့ဘူး။

ရွှတ်!

ရှီကျောက်ယွမ် မြိုအရှင်အိမ်တော်ရဲ့ မြေအောက်ခန်းထဲကနေ တိုက်ရိုက် ပြေးထွက်လာပြီး အပြင်ကိုရောက်လာတယ်။ သူ့ခန္ဓာကိုယ် လေထဲ မြင့်တက်သွားပြီး မြို့အရှင်အိမ်တော်အပေါ်မှာ ရပ်ကာ ပတ်ဝန်းကျင်ကို ငုံ့ကြည့်လိုက်တယ်။

"ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်"

"ဂိုဏ်းချုပ်ရဲ့ သက်တမ်း ကောင်းကင်ကြီးလောက် ရှည်ပါစေ"

"လမင်းယုံကြည်နတ်ဆိုးဂိုဏ်းကပြိုင်ဘက်ကင်းပဲ။ လမင်းကို ယုံကြည်ရင် ထာဝရအသက်ကိုရမယ်"

ပတ်ဝန်းကျင်မှာ လမင်းယုံကြည် နတ်ဆိုးဂိုဏ်းဝင်အများအပြား ဒူးထောက်နေကြတယ်။

သူတို့ရဲ့ မျက်နှာတွေမှာ ရူးသွပ်တဲ့အမူအရာတွေရှိနေတယ်။

အရမ်းသစ္စာရှိတဲ့ ကိုးကွယ်သူတွေလိုဖြစ်နေတယ်။

ရှီကျောက်ယွမ်က လူတွေကို ပြုစားရာမှာအမှန်တကယ့်ကိုတော်တော်လေး ကျွမ်းကျင်တယ်။

"ပိုင်မန်" ရှီကျောက်ယွမ် အော်ခေါ်လိုက်တယ်။

"ဂိုဏ်းချုပ်"

ရွှတ်!

ချက်ချင်းပဲ လူတစ်ယောက် လေထဲကနေ ဖြတ်ပြီး ရှီကျောက်ယွမ်ရှေ့ ရောက်လာတယ်။ သူက အဖြူရောင်အဝတ်ကို ဝတ်ထားပြီး ရုပ်ရည်ချောမောတယ်။ စာဖတ်တတ်တဲ့ ကျောင်းတော်သားတတ်တစ်ယောက်လိုပုံမျိုးရှိတယ်။

"ထွက်ပြေးလွတ်မြောက်သွားတဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေကို ရှာတွေ့ပြီလား?" ရှီကျောက်ယွမ်က အသံနိမ့်နိမ့်နဲ့ မေးလိုက်တယ်။

"မတွေ့သေးပါဘူး" ပိုင်မန် ခေါင်းခါလိုက်တယ်။ "ဒါပေမယ့် သဲလွန်စတွေတော့ ရနေပြီ။ သဲလွန်စတွေ၊ လက္ခဏာတွေအားလုံးက သူတို့ကောင်းကင်မူလ တောင်တန်းထဲမှာပဲ ပုန်းနေတာ သေချာတယ်ဆိုတာ ပြနေတယ်"

"ဒါပေမယ့် အတိအကျ ဘယ်နေရာလဲဆိုတာ အတည်မပြုနိုင်သေးဘူး"

"ဆက်ရှာကြ!"

ရှီကျောက်ယွမ် အသံပြတ်သားစွာ အော်လိုက်တယ်။ "ဘယ်လိုနည်းလမ်းပဲသုံးသုံး သူတို့ကို ရှာကိုရှာရမယ်"

"ဟုတ်"

ပိုင်မန်က သိပ်နားမလည်ဘူး။

အရင်က ဂိုဏ်းချုပ်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေကို သိပ်စိတ်မဝင်စားဘူး။ ဒါပေမယ့် အခုမှ ရုတ်တရက်ကြီး အရမ်းစိတ်ဝင်စားလာတယ်။ ပိုင်မန် ချက်ချင်း နားမလည်နိုင်သေးဘူး။

သူ နားမလည်ရင်လည်း ကိစ္စမရှိဘူး။

သူက ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ပဲ လိုအပ်တယ်။

"သူ မသေဆုံးခင်အချိန်လေးမှာ သူ့ရဲ့ ဗီဇစိတ်က သူ့ရဲ့ စိတ်ကို ရှင်းလင်းသွားစေတယ်။ အကြောင်းအရင်းရဲ့ သဲလွန်စလေးတစ်ခုကို သူ ရှာတွေ့သွားတယ်"

ချီမင်က ရှီကျောက်ယွမ်ရဲ့ အပြုအမူအမျိုးမျိုးကို သုံးသပ်ကြည့်လိုက်တယ်။ ဒီလိုအခြေအနေမျိုးမှာ ရှီကျောက်ယွမ်ကအသက်ရှင်သန်ဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့တာ တကယ်ပဲ ချီမင် သူ့ကို တခြားအမြင်နဲ့ ကြည့်မိစေတယ်။

ကောင်းကင်မူလ တောင်တန်း...

ယွမ်ဖုန်းတို့ ပုန်းအောင်းနေတဲ့နေရာနားကို လမင်းယုံကြည် နတ်ဆိုးဂိုဏ်းသားတွေ ရောက်လာကြတယ်။ ထူးခြားမှု တချို့ကိုတောင် သူတို့ ရှာတွေ့ခဲ့ကြတယ်။ ဒါပေမယ့် သတင်းပြန်ပို့ဖို့ သူတို့ ပြန်မသွားခင်မှာပဲ လဲ့ချီဟိုင်နဲ့ တခြားသူတွေရဲ့ သတ်ဖြတ်ခြင်း ခံရပြီး သူတို့ရဲ့ အလောင်းတွေကို ဖျက်ဆီးခံလိုက်ရတယ်။

"ငါတို့ ကြာကြာ ပုန်းနေလို့ မရတော့ဘူး" လဲ့ချီဟိုင် အသံနိမ့်နိမ့်နဲ့ ပြောလိုက်တယ်။

"မနက်ဖြန် နောက်ဆုံး တစ်ရက်ပဲ ကျန်တော့တယ်"

ယွမ်ဖုန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်။ သူ့ရဲ့ လှပတဲ့ မျက်လုံးတွေက လင်းလက်နေတယ်။ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်ပေမယ့် သူ့အကြည့်က အရမ်း တောက်ပနေတယ်။ "အဲဒီအချိန်ကျရင် အားလုံး ပြေလည်သွားလိမ့်မယ်"

ညကုန်ဆုံးသွားတယ်။

ခုနစ်ရက်မြောက်နေ့၊ မနက်ပိုင်း...

ယွမ်ဖုန်းက ကြယ်တာရာလေညှင်းအတိုင်း လှုပ်ရှားလိုက်တယ်။ ကောက်ရိုးရုပ်ကို ဦးညွှတ်ရင်းအဆောင်ချိတ်စည်းတွေကိုမီးရှို့ဖို့ လုပ်လိုက်တယ်။

ဘုန်း!!!

ဘယ်လိုမှန်းမသိဘူး၊ ယွမ်ဖုန်းက ကောက်ရိုးရုပ်ပေါ်မှာ သက်ရောက်နေတဲ့ မြင်နိုင်စွမ်းမရှိတဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရတယ်။ သူ့မျက်လုံးထဲမှာဒီကောက်ရိုးအရုပ်က အသက်ဝင်လာတယ်။

"အောင်မြင်တော့မယ်"

ယွမ်ဖုန်းရဲ့ မျက်လုံးတွေ ပိုပြီး တောက်ပလာတယ်။

All Chapters