အကြီးမားဆုံးစမ်းသပ်ချက် ရောက်ရှိလာခြင်း
Vol. 17 Ch. 242
ပျော်ပွဲစားထွက်ပြီးနောက် ခီရာသည် လိမ္မာသည့်ပုံစံ ပြန်ဖြစ်သွားပြီး စကားများများ မပြောတော့ပေ။ ကျော်မကောင်းကြားမကောင်း ဇာတ်လိုက်တစ်ယောက်ဖြစ်သော လိုလီလေးမှာမူ နိုးလာသည့်အချိန်၌ ဘာကိုမှ မမှတ်မိတော့ပေ။ အခြားသူများကို ချန်လွေ့ ဂရုမစိုက်တော့ပေ။
သုံးရက်ကြာသည့်အခါ ချန်လွေ့သည် စစ်တန်းလျားကို စစ်ဆေးကြည့်နေရင်း ရုတ်တရက် သတိလစ်သွားခဲ့သည်။
အသီနာ ထိတ်လန့်သွားပြီး ချန်လွေ့အား စမ်းသပ်ခန်းဆီသို့ ချက်ချင်း ပြန်ခေါ်သွားသည်။ ထိုအဖြစ်အပျက်သည် ဆေးရည်မည်းများကို “ တံခါးပိတ် ” လေ့လာနေသာ အဲဒက်စ်အား အထိတ်တလန့် ဖြစ်သွားစေသည်။ ချန်လွေ့၏ လက်ရှိအခြေအနေမှာ ဆိုးဝါးပုံရသည်။ သူ၏ အသက်လှုပ်ရှားမှုများသည် အနိမ့်ဆုံးအခြေအနေအထိ လျော့ကျသွားပြီး သေခါနီးဆဲဆဲ ဖြစ်နေသကဲ့သို့ပင် အသက်ယဲ့ယဲ့သာ ရှူနေသည်။အမှောင်နတ်သူငယ် ဆရာသခင်သည် ဆေးဝါးအမျိုးမျိုးနှင့် မကြာသေးမီက သူဖော်စပ်ခဲ့သော သန့်စင်မှုမြင့်မားသည့် နိုးထဆေးရည်ဖြင့်ပင် စမ်းကြည့်ခဲ့သည်။သို့သော်လည်း တစ်ခုမျှ အလုပ်မဖြစ်ခဲ့ပေ။
ပါ့ဂ်လီအိုလည်း အချိန်မီ အပြေးလာသည်။ချန်လွေ့အား သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် သူ ကောက်ချက်ချခဲ့သည်။ ချန်လွေ့ဝါးမျိုခဲ့သော ဂလော်ဖင်း၏ဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်သွား၍ ဖြစ်ရမည်။၎င်းသည် အလွန်ခက်ခဲသော စမ်းသပ်ချက်တစ်ခု ဖြစ်ပြီး ချန်လွေ့ တစ်ယောက်တည်း အပေါ်၌သာ မူတည်နေသည်။ မည်သည့်ပြင်ပအားနှင့် ဆေးဝါးကမှ အလုပ်ဖြစ်မည် မဟုတ်ပေ။
ထိုအဆင့်ကို ကျော်လွှားနိုင်လျှင် ချန်လွေ့သည် ပြန်လည်မွေးဖွားလာမည် ဖြစ်သည်။မကျော်လွှားနိုင်ခဲ့လျှင် သူ၏အသိစိတ် လုံးဝပျောက်ကွယ်သွားပြီး ပင်ကိုဗီဇအတိုင်းသာ ဆောင်ရွက်တတ်သည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားမေည်။
အသီနာသည် ချန်လွေ့၏ ထိုစမ်းသပ်ချက်ကို မသိခဲ့ဘဲ သူ၏နှလုံးသား ရုတ်တရက် နင့်သွားသည်။ယခုတွင် ပါ့ဂ်လီအို ပြောသည့်အတိုင်းပင် အောင်မြင်နိုင်မနိုင်မှာ ချန်လွေ့ တစ်ယောက်တည်း အပေါ်၌သာ မူတည်နေသည်။
သတင်းကြားသည်နှင့် ရှီရာသည် စမ်းသပ်ခန်းဆီသို့ ချက်ချင်း လာခဲ့သည်။သူသည် သတိလစ်နေသော ချန်လွေ့နှင့် ဘေးနားမှ မျက်လုံးများ နီရဲနေသော အသီနာနှင့် အဲလစ်တို့ကို မြင်လိုက်ရသည်။
“ ဘယ်လို ဖြစ်တာလဲ။သူ အဆိပ်မိတာလား။ဒါမှမဟုတ် လုပ်ကြံခံရတာလား။ ”
အသီနာသည် မျက်ရည်များကိုသုတ်ပြီး ခေါင်းခါသည်။
“ ဆရာသခင်အဲဒက်စ်က နည်းလမ်းအများကြီး စမ်းကြည့်ပြီးပြီ။သူ့ကိုနိုးအောင် မလုပ်နိုင်သေးဘူး။ပြီးတော့လည်း သူ့ရဲ့အခုပုံစံက သူတစ်ခါပြောခဲ့တဲ့ မဟာဆရာသခင်ရဲ့ အမွေအနှစ် စမ်းသပ်ချက် အန္တရာယ်လက္ခဏာတွေနဲ့ ဆင်တူနေတယ်။အခုတော့ ဒါတွေအားလုံးက သူ့ရဲ့ကံပေါ်မှာပဲ မူတည်တော့တယ်။ ”
ရှီရာ ထိတ်လန့်သွားပြီး ယခင်က ခပ်နောက်နောက် ပြောခဲ့သော စကားကို သတိရလိုက်သည်။
“ ကျုပ်ရဲ့ကံပေါ်မှာပဲ မူတည်တယ်။ကျုပ် ကံမကောင်းဘူးဆိုရင် တော်ဝင် မင်းသမီးလည်း ငြိမ်ဝပ်ပိပြားရေး အရာရှိလစာ သက်သာတာပေါ့။ ”
သို့သော် ထိုသို့ပြောပြီးနောက် ထိုလူသည် အမှောင်လမြို့ အနာဂတ် လမ်းကြောင်းအပါအဝင် ကိစ္စတော်တော်များများကို အကျဉ်းချုံးပြောခဲ့သည်။၎င်းသည် ရှီရာအား နိမိတ်မကောင်းသော ခံစားချက် ပေးခဲ့သည်။သူသည် မသေခင် လက်လွှဲပေးနေခဲ့သကဲ့သို့ပင်။
“ အသီနာ။အဲလစ်ကို အပြင်ခေါ်သွားနိုင်မလား။ ”
ရှီရာ၏ တောင်းဆိုချက်သည် အနည်းငယ် ထူးဆန်းနေသော်လည်း အသီနာနှင့် အဲလစ်တို့သည် ယခုတွင် ဝမ်းနည်းနေကြသည်။ထို့ကြောင့် သူတို့သည် အများကြီး မစဉ်းစားဘဲ ပြောသည့်အတိုင်း ထွက်သွားလိုက်သည်။
အခန်းထဲ၌ ရှီရာနှင့်ချန်လွေ့တို့သာ ကျန်တော့သည်။အတိအကျပြောရလျှင် လူသေတစ်ယောက်ဘေး၌ မိန်းမလှတစ်ယောက် ရပ်နေခြင်း ဖြစ်သည်။
ယခင်က ချန်လွေ့သည် မဟာဆရာသခင်၏ အမွေအနှစ် အန္တရာယ်များကို တစ်ကြိမ်ထက်မနည်း ပြောခဲ့သည်။သို့သော်လည်း အမြဲတမ်း အန္တရာယ်ကင်းကင်းနှင့် ပြန်လာသည့်အတွက် ရှီရာသည် ၎င်းကို ကျင့်သားရနေခဲ့သည်။ ထိုအန္တရာယ် ဆိုသည့်အရာကို သတိမပြုမိတော့ပေ။ယခုတွင် သေလုနီးပါးဖြစ်သော ချန်လွေ့ကို ကြည့်ရင်း သူ၏ရင်ထဲ၌ နိမိတ်မကောင်းသည့် ခံစားချက် ဖြစ်ပေါ်လာပြီး လေးလံသွားခဲ့သည်။
ရှီရာ၏မျက်လုံးထဲ၌ ထိုလူသား မိမိရှေ့သို့ ရောက်လာစဉ်ကတည်းကစသည့် မြင်ကွင်းများအားလုံး ပြန်ပေါ်လာသည်။ရှီလန်တောင်၌ ကဲ့သို့သော အကျိုးပြုမှု အများအပြားသည် သူ၏စိတ်ကူးနှင့် ချန်လွေ့၏ဖော်ပြချက်များ၏ ပေါင်းစည်းမှုဖြစ်သည်။အချို့မြင်ကွင်းများမှာ ကြာကြာရှိနေသည်။ဥပမာ ဝေါ့ဇ်အက ကခဲ့စဉ်......။
မသိလိုက်ခင်မှာပင် ရှီရာသည် ထိုလူသားအပေါ် မှီခိုမှုတစ်ခု ရှိနှင့်နေပြီ ဖြစ်သည်။နိုင်ငံရေး နည်းဗျူဟာသာမက သူဖော်ပြ၍မရသော အခြားတစ်ခု၌ပါ ဖြစ်သည်။မည်သည့်အချိန်၌ စတင်ခဲ့မှန်း မသိသော်လည်း ထိုသူ၏ စိတ်ရှုပ်စရာ အပြုံးသည် ရှီရာ၏စိတ်ထဲ၌ စွဲထင်ကျန်ရစ်နေခဲ့ကာ ဖျက်ပစ်၍မရတော့ပေ။အထူးသဖြင့် စည်းကျော်ခဲ့သော အမူအရာများနှင့် စကားလုံးများကိုပင် ဖြစ်သည်။ထိုစဉ်က ဒေါသနှင့် ရှက်ခြင်းက ပိုများသော်လည်း ထာဝရဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အဖိုးတန်ကြောင်း ရှီရာ သဘောပေါက်သွားခဲ့သည်။
ရှီရာ၏ နှလုံးသား ကွက်လပ်ဖြစ်နေပြီး မသက်မသာ ခံစားနေရသည်။
တကယ်လို့ သူဒါကို မကျော်လွှားနိုင်ခဲ့ရင် အဲဒီစိတ်ရှုပ်စရာအပြုံးကို ငါတကယ်ထပ်ပြီး မမြင်ရတော့ဘူးလား။သူ “ မသေခင် ” လက်လွှဲပြောင်းရင်း စနောက်ပြီး ပြုံးခဲ့တဲ့ အပြုံးကိုလေ။
ထိုအေးစက်သော မျက်နှာမှ မျက်ရည်တစ်စက် တိတ်တဆိတ် စီးကျလာသည်။ရေခဲ မည်မျှပင် အေးခဲစေကာမူ ရေနှင့်ပြုလုပ်ထားခြင်းသာ ဖြစ်ပေသည်။
“ တောက် ”
တိတ်ဆိတ်နေသော အခန်းထဲ၌ မျက်ရည်စက်များ ကျဆင်းသံသည် အဆတိုးပွားနေသကဲ့သို့ပင် ဖြစ်နေသည်။၎င်းသည် အတော်လေး သိသာလှသည်။
ရှီရာသည် မျက်နှာကို လက်ဖြင့် အသားလေး ထိတို့လိုက်သည်။လက်ထဲရှိ သလင်းကျောက် မျက်ရည်စက်များကို ကြည့်ရင်း သူအနည်းငယ် အံ့အားသင့် သွားသည်။ လျို့ဝှက်ခန်းမှာအပြင် ငါတကယ်ပဲ......
“ ရှီရာလူစီဖာ ဆိုတဲ့ နာမည်နဲ့ ငါမင်းကို အမိန့်ပေးတယ်။မင်း အသက်ရှင်ရမယ်။ ”
အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ထိုကဲ့သို့ အေးစက်စက် စကားတစ်ခွန်းသာ ထွက်လာသည်။
မင်းအသက်ရှင်မယ်ဆိုရင် ငါတို့လုပ်နိုင်တာတွေ အများကြီးရှိတယ်။အဲဒါက အနည်းဆုံး ကတာလည်းပါတယ်။အဲဒီစကားသုံးလုံးရော။ပြီးတော့ တခြားဟာတွေ အများကြီး..
လှပသော ခရမ်းရောင်မျက်လုံးထဲ၌ ကျန်ရှိနေသော သလင်းကျောက်များသည် စွမ်းအားတစ်ခုကြောင့် အေးခဲသွားခဲ့သည်။ရှီရာသည် အိပ်စက်နေသောလူကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။ထို့နောက် ဆက်မနေတော့ဘဲ လှည့်ထွက်သွားတော့သည်။
အမည်မသိအကြောင်းရင်းကြောင့် ငြိမ်ဝပ်ပိပြားရေးအရာရှိ ချန်လွေ့ ရုတ်တရက် သတိလစ်သွားကြောင်းသတင်း ပျံ့နှံ့သွားပြီး တစ်မြို့လုံး၌ ပွက်လောရိုက်သွားသည်။ထို့နောက် ရှီရာကအသီနာအား ငြိမ်ဝပ်ပိပြားရေးအရာရှိ နေရာ၌ ယာယီနေစေရာ ထိုသတင်းကို လုံးဝအတည်ပြုလိုက်သလို ဖြစ်သွားသည်။ အစပိုင်း၌ လူအများသည် ကံကောင်းပြီး အရာရှိရာထူး ရသွားသော ထိုလူသားကို မနာလိုကြပေ။မကျေနပ်ကြပေ။ထို့နောက် အင်ပါယာ၏ ပထမဗိုလ်ချုပ်သမီးက ထိုလူသားနှင့် ချစ်ကြိုက်နေကြောင်း သတင်းထွက်လာရာ မရေမတွက်နိုင်သော လူများ ဆွံ့အသွားကြသည်။
မစ်-အသီနာက ဘယ်လိုလူမျိုးပဲ။သူက အင်ပါယာရဲ့ ပထမဗိုလ်ချုပ်ရဲ့သမီး။ အမှောင်လမြို့ရဲ့ ထိပ်တန်းဓားသမားပဲ။ခါရွန်မိသားစု ဆက်ခံသူဖြစ်တဲ့ အရာရှိဟောင်း အဲလန်တောင် သူ့နားမကပ်နိုင်ဘူး။ဘယ်လိုလုပ်ပြီးတော့ မိသားစု နောက်ခံမရှိတဲ့ ဒီလိုစွမ်းအားမဲ့ လူသားတစ်ယောက်က ဒီလိုမိန်းမလှမျိုးကို ချစ်သွားအောင် ဘယ်လိုလုပ်လိုက်တာလဲ။
ကံမကောင်းစွာပင် အဲလန်သည် ဆာဂီ၏သတ်ခြင်းကို ခံခဲ့ရသည်။အသီနာကို စိတ်ဝင်စားနေသော အင်ပါယာ၏ ဒုတိယဗိုလ်ချုပ်၏သား ဆာဂီသည် ရာဇဝတ်မှုကျူးလွန်ကြောင်း သံသယရှိပြီး မြို့တော်ဆီသို့ အခေါ်ခံလိုက်ရသည်။ ယခုတွင် အသီနာနှင့် ပတ်သက်သော လူသားသည် ဒုက္ခရင်ဆိုင်နေရပြီး သေလုနီးပါး ဖြစ်နေသည်။ထိုအဖြစ်အပျက်များကို အခြေခံ၍ ညစ်ညမ်းစာရေးဆရာတစ်ယောက်က အနည်းငယ်အချောသတ်လိုက်လျှင် လှပသော ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမည် ဖြစ်သည်။ယုတ်စွအဆုံး ထိုဇာတ်လမ်း အဆုံးမသတ်ခင် အချိန်၌ အရာရှိနှစ်ယောက်နှင့် ပထမဗိုလ်ချုပ်၏ သမီးတို့ကြားရှိ ကိစ္စသည် အားလပ်ချိန်ပြောကြသည့် ကိစ္စတစ်ခု ဖြစ်သွားပေမည်။
အတင်းအဖျင်းများကဲ့သို့မဟုတ်ဘဲ အမှောင်လမြို့ လှုပ်ရှားမှုများကို လေ့လာနေသော လူတစ်စုသည် သတင်းကို အတည်ပြုပြီးနောက် ချက်ချင်းပင် နည်းလမ်းအမျိုးမျိုးဖြင့် သတင်းပို့တော့သည်။
လိပ်ပြာနီနယ်မြေသည် သတင်းအစောဆုံးရရခဲ့ပြီး ထိုသတင်းရခဲ့သော ယောကျာ်းသည် အကျင့်အတိုင်း ပြုံးလိုက်သည်။ဒါက ပိုတောင်ကောင်းသေးတယ်။ ငါသက်သာသွားတာပေါ့။ဒါပေမဲ့ ယာယီမဟာမိတ် အစီအစဉ်ကိုတော့ ပြောင်းလဲဖို့ လိုအပ်လိမ့်မယ်။
မြို့တော်သည်လည်း ထိုသတင်းကို အလျင်အမြန်ရရှိသွားခဲ့သည်။အမှောင်လမြို့၏ လူသားအရာရှိ အခြေအနေ မကောင်းကြောင်းကို သိရှိပြီးနောက် လှပသော သက်လတ်ပိုင်း တော်ဝင်အမျိုးသမီးတစ်ယောက်က ဝမ်းသာအားရ ပြုံးလိုက်သည်။ အဲဒီနေ့တုန်းက ပျိုးခဲ့တဲ့ “ မျိုးစေ့ ” က နောက်ဆုံးတော့ အညှောက် ပေါက်လာပြီပဲ။ဒါပေမဲ့ မပါးနပ်တဲ့ လူတော်တစ်ယောက်တော့ ဆုံးရှုံးသွားပြီ။
ချန်လွေ့သည် အပြင်ဘက်မှ ထိုသတင်းများ၊ အခြေအနေများကို ဘာမျှမသိပေ။ အတွင်းနတ်ဆိုးများ မပေါ်ထွက်လာသည့်အချိန်မှသာ သူ၏ဘေးနားမှ လှုပ်ရှားမှု အချို့ကို ကြားရလေ့ရှိသည်။ထိုအထဲ၌ ရှီရာ၏ “ အမိန့် ” လည်း ပါဝင်သည်။
ထိုအချိန်၌ သူ၏အခြေအနေမှာ ထူးဆန်းနေသည်။သူ၏အသိစိတ်ထဲရှိ စူပါစနစ် ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေသည်။ နေအဖွဲ့အစည်း၊ ကြယ်စင်စုနတ်ဘုရားကျောင်းနှင့် ကျန်သည့်အရာအားလုံး ပျောက်ကွယ်သွားသည်။
ဘာဆိုဘာမျှ ရှိမနေပေ။
ဟင်းလင်းပြင်ထဲ၌ ပုံရိပ်ယောင်များ ပေါ်ထွက်လာသည်။လက်ရှိတွင် ချန်လွေ့သည် အတွင်းနတ်ဆိုးကို တိုက်ခိုက်ရန် ဆန္ဒနှင့်အတွေ့အကြုံ အတော်အတန် ရှိနေပြီဖြစ်သည်။သို့သော်လည်း ယခင်အတွင်းနတ်ဆိုးနှင့်မတူဘဲ ၎င်းသည် အဆုံးမရှိသော ပုံရိပ်ယောက်တစ်ခုကဲ့သို့ ဖြစ်နေသည်။အတွင်းနတ်ဆိုးကို အနိုင်ယူပြီးနောက် သူသည် မူလဟင်းလင်းပြင်ကိုသာ ပြန်ရောက်လာသည်။ ခဏအကြာ၌ ပုံရိပ်ယောင် ပြန်ပေါ်လာပြန်သည်။၎င်းသည် အဆုံးမသတ်နိုင်သည့် အိပ်မက်ဆိုးတစ်ခု သံသရာလည်နေသကဲ့သို့ပင် ဖြစ်နေသည်။အစွမ်းထက်ဆုံး စိတ်စွမ်းအားဖြင့်ပင် ချန်လွေ့သည် ထိုအဆုံးမဲ့ပုံရိပ်ယောင်များထဲ၌ စတင်ခေါင်းရှုပ်လာခဲ့သည်။
ဧရာမ ရတနာသိုက်ကြီးတစ်ခု ဖြစ်သည်။သူ၏ဘေးပတ်ပတ်လည်ရှိ တောင်ပုံများ အားလုံးသည် ရတနာများ ဖြစ်ကြသည်။၎င်းသည် ပါ့ဂ်လီအို၏ ရတနာသိုက်ထက် အဆပေါင်း ရာနှင့်ချီ ပိုကြီးမားသည်။ချန်လွေ့၏ ခြေထောက်အောက်၌ မရေမတွက်နိုင်သော အလောင်းများရှိနေသည်။သူ၏မျက်နှာချင်းဆိုင်တွင် ရိုမန်၊ဒေလီယာ၊ ပါ့ဂ်လီအိုနှင့် အခြားသူများ ရှိနေသည်။
ချန်လွေ့သည် အတော်လေး အစွမ်းထက်နေပြီး ပိုင်နက်ရှိသော ပါ့ဂ်လီအိုပင် မယှဉ်နိုင်ပေ။
“ ကျုပ်ကို အလစ်တိုက်ခိုက်ရဲတယ်လား။ဒီရတနာတွေက ကျုပ်ဟာပဲ။ ”
ချန်လွေ့သည် ရက်ရက်စက်စက် အသံဖြင့် ပြောလိုက်သည်။ထိုကဲ့သို့ မလုပ်သင့်ကြောင့် သူခံစားမိသော်လည်း ထိုစကားများသည် သူ၏ပါးစပ်ထဲမှ အလိုလို ထွက်သွားသည်။ထို့ပြင် သူ၏လက်ထဲရှိ ဓားသည်လည်း လှုပ်ရှားနေဆဲ ဖြစ်သည်။ဓားပေါ်၌ အလင်းပြန်နေရင်း ပါ့ဂ်လီအိုနှင့် အခြားသူများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရသည်။
ချန်လွေ့သည် မိတ်ဆွေများ၏ သွေးပျက်ဖွယ် အလောင်းများကိုကြည့်ရင်း တုန်လှုပ်သွားသည်။သူ၏လက်ထဲရှိဓားလည်း ချွမ်းခနဲ ပြုတ်ကျသွားပြီး ဒူးထောက်လိုက်သည်။သူ၏လက်နှစ်ဖက်သည် မြေကြီးကို ကိုင်ထားရင်း ပြင်းပြင်းထန်ထန် မောဟိုက်နေသည်။ ငါဒါကို လုပ်ခဲ့တာလား။ ငါ သူ့တို့ကို သတ်ပစ်ခဲ့တယ်။ ပါ့ဂ်လီအို၊ ရိုမန်.....
ဤလောက၌ သဟဇီဝစာချုပ်သည် အလုပ်လုပ်ဟန် မတူပေ။သို့သော်လည်း ၎င်းသည် အဓိကအကြောင်းအရာ မဟုတ်ပေ။
ချန်လွေ့ ချက်ချင်းတုံ့ပြန်ပြီး အော်ဟစ်လိုက်သည်။
“ အသူရာ။ထွက်ခဲ့။မင်း ဒီမှာရှိတယ်ဆိုတာ ငါသိတယ်။ ”
ရှေ့မှ ကြက်သီးထစရာ ရယ်သံတစ်သံ ထွက်လာပြီး ပါးလွှာသောမြူနှင်းသည် ချန်လွေ့နှင့် ချွတ်စွပ်တူသော လူအသွင် ဖွဲ့စည်းသွားသည်။သို့သော်လည်း မျက်လုံးများမှာ ချောက်ချားဖွယ် အနီရောင်များ တောက်နေလေသည်။
“ မင်းရဲ့အဖော်တွေကို မင်းကိုယ်တိုင် သတ်ပစ်ရတာ ဘယ်လိုခံစားရလဲ။ ”
အသူရာက မနှစ်မြို့စရာကောင်းအောင် ပြုံးလိုက်သည်။
“ မင်းငါ့ကို သတ်မယ်ဆိုရင် ဒီရတနာတွေက မင်းအပိုင်ပဲ။ ”
“ အဲဒီပုံရိပ်ယောင်တွေနဲ့ ငါ့ကိုလာမလှည့်စားနဲ့။ ”
ချန်လွေ့ ပင့်သက်ရှိုက်ပြီး အော်ပြောလိုက်သည်။
“ ငါမင်းကို သတ်နိုင်ရင် ဒါတွေ ပျောက်ကွယ်သွားလိမ့်မယ်။ ”
“ မင်းငါ့ကို သတ်မယ်ဆိုရင်တောင် မင်းရဲ့အဖော်ကို မင်းသတ်ပစ်လိုက်တယ်ဆိုတဲ့ အချက်ကို ပြောင်းလဲနိုင်လား။ ”
အသူရာ၏ရယ်သံတွင် အထင်သေးခြင်းများ ပါဝင်နေသည်။
“ အမှန်တရားကနေ လွတ်မြောက်ဖို့အတွက် မင်းငါ့ကို သတ်ပစ်မယ်။ဘာလို့လဲဆိုတော့ ဒီပုံရိပ်ယောင်ထဲမှာ မင်းလုပ်ခဲ့တာတွေကို မင်းမရင်ဆိုင်ရဲလို့ပဲ။ ဒါက မင်းရဲ့အစစ်အမှန်ပဲ။ ”
အသူရာ သရော်ပြုံးပြုံးလိုက်သည်။
“ မင်းက ကြောက်နေတာ။မင်းက မင်းရဲ့လောဘကြီးတဲ့ဗီဇကို ဖုံးကွယ်ချင်နေတာ။ ”
“ ပါးစပ်ပိတ်ထား။ ”
ချန်လွေ့က ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ၏လက်ထဲမှ ဧရာမမီးသင့်နဂါးတစ်ကောင် ထွက်လာသည်။၎င်းသည် အသူရာ၏ အကာအရံကို ချိုးဖောက်ပြီး ဝါးမျိုလိုက်သည်။
မြေပြင်ပေါ်သို့ လဲကျသွားသော အသူရာသည် သေခါနီးဆဲဆဲ ဖြစ်နေသော်လည်း ပြုံးရယ်နေသေးသည်။
“ ငါ့ကိုသတ်လိုက်လည်း မင်း ထွက်ပြေးနေတယ်ဆိုတဲ့အချက်က မပြောင်းလဲသွားဘူး။ တကယ်တော့ ငါကမင်း။မင်းကငါပဲ။မင်းက.....အသူရာ။ ”
သုတ်သင်ခံလိုက်ရပြီးနောက် အသူရာ၏အသံ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ အောင်နိုင်သွားပြီးနောက် ချန်လွေ့ လုံးဝမပျော်ပေ။သူ ချွေးထွက်နေပြီး ပို၍ပင် မောဟိုက်နေသည်။ ထိုအချိန်၌ သုတ်သင်ခံလိုက်ရသော အသူရာ၏မြူနှင်းထဲမှ ကြေးမုံတစ်ချပ် ထွက်လာပြီး ချန်လွေ့၏ အရှေ့တည့်တည့်သို့ ကျရောက်သွားသည်။
ချန်လွေ့ ငုံ့ကြည့်လိုက်သည်။ ကြေးမုံထဲရှိ လူ၏မျက်လုံးများသည် သွေးနီရောင် ဖြစ်နေပြီး ဆိုးယုတ်မှုနှင့် ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။ ဒါက ငါလား။
“ မင်းက လွတ်မြောက်ဖို့အတွက် ငါ့ကို သတ်နေတာ။ဒါက မင်းရဲ့ အစစ်အမှန်ပဲ။ ”
“ မင်းကငါ။ငါကမင်းပဲ။ ”
“ မင်းက အသူရာ။ ”
ချန်လွေ့သည် နာကျင်စွာဖြင့် ခေါင်းကိုအုပ်ထားရင်း အော်ဟစ်လိုက်သည်။ထို့နောက် အဆုံးမဲ့ လောဘများ၊ မကောင်းသော အတွေးများနှင့် သတ်ဖြတ်မှုများ ပြည့်နေသည့် ထူးဆန်းသောမြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
ထပ်ကာထပ်ကာ သုတ်သင်ခံရသော အသူရာသည် ဘဝင်ခိုက်လျက် ရယ်နေလိုက်သည်။
“ ဟုတ်တယ်။မုန်းတီးစမ်း။မနာလိုစမ်း။ဒေါသထွက်စမ်း။ ”