← Chapters

အံ့အားသင့်မှု နှင့် ပြန်အလာ

Vol. 17 Ch. 245

အံ့အားသင့်မှု နှင့် ပြန်အလာ

Vol. 17 Ch. 245

ချန်လွေ့က သူသတိလစ်နေစဉ်တွင် အမှောင်လမြို့၌ ဖြစ်ပွားခဲ့သော အစားအစာ အရေးယူမှု ပြဿနာကို “ နာမည်ကျာ် ” မယ်လွန်မိသားစုက ချောချောမွေ့မွေ့ ဖြေရှင်းခဲ့ကြောင်း အပါအဝင် အခြားဖြစ်ရပ်များကို အသီနာနှင့် ပါ့ဂ်လီအိုတို့ထံမှ သိရှိသွားခဲ့ရသည်။ အနောက်မြောက်ရပ်ကွက်ရှိ မယ်လွန်မိသားစု၏ စခန်းဟောင်းသည် ဝတ်ရုံဂိုဏ်း၏ ဒုတိယခံတပ်အဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲသွားခဲ့လေပြီ။

စခန်းဟောင်းသို့ရောက်လာပြီး ဘုံဘုရင်သစ်သီးရှိရာ အရုဏ်ဦးနှင်းခဲ လိုဏ်ဂူကို ရှာတွေ့သွားသော သူစိမ်းများ ရှိနေကြောင်း ပါ့ဂ်လီအိုက စုံစမ်းမှုသိရှိခဲ့သည်။ သို့သော်လည်း ဘုံဘုရင်သစ်သီးများကို ခူးယူပြီးသွားပြီ ဖြစ်သည့်အတွက် ထိုလျို့ဝှက်ဆန်းကြယ်သောလူများသည် အချည်းနှီးဖြင့်သာ ပြန်လာခဲ့ရသည်။

ပါ့ဂ်လီအိုသည် လူလုံးမထွက်ပြခဲ့ဘဲ ချန်လွေ့၏ ယခင်ညွှန်ကြားချက်များအတိုင်း တစ်ဖက်လူများကို သူတို့ပုံစံအတိုင်း နေစေလိုက်သည်။ အရုဏ်ဦးနှင်းခဲ လိုဏ်ဂူထဲ၌ ပါ့ဂ်လီအို၏စွမ်းအားသည် နတ်ဆိုးဧကရာဇ် အလတ်ပိုင်းအထိ ပြန်လည် ရောက်ရှိသွားသည်။ သိပ်မကြာခင် သူသည် နတ်‌ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သို့သော်လည်း ပို၍တိုးတက်ရန်အတွက် ရှေးမှော်စာများကို ဖယ်ရှားရပေမည်။

လျို့ဝှက်ဆန်းကြယ်သော လူများ၏ စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေမှ ဆိုင်ပရပ်ကို လိပ်ပြာနီနယ်မြေ၌ သေဆုံးလျက် တွေ့ရှိခဲ့ရသည်။

ထိုအကြောင်းကြောင့် လိပ်ပြာနီနယ်မြေနှင့် ချော်ရည်ပြာနယ်မြေအကြား အငြင်းပွားမှုအနည်းငယ် ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ခဏအကြာ၌ တည်ငြိမ်သွားခဲ့သည်။

ထိုအဖြစ်အပျက်၏ အဓိကသော့ချက်မှာ ချော်ရည်ပြာနယ်မြေမှ နတ်ဆိုးဘုရင်အဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်က ‌လိပ်ပြာနီနယ်မြေ၌ အကြောင်းရင်းမသိ သေဆုံးသွားခြင်း မဟုတ်ဘဲ လိပ်ပြာနီနယ်မြေ၌ ဆိုင်ပရပ်၏အလောင်းကို တွေ့ခဲ့ခြင်းနှင့် သူနှင့်အတူရှိနေရမည့် လာဗတ် ပျောက်ဆုံးနေခြင်းပင် ဖြစ်သည်။ ၎င်းသည် အမည်မသိ အင်အားစုတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို အချက်ပြနေခြင်းဟု သတ်မှတ်၍ရပေသည်။ ထို့ကြောင့် အပြစ်သည် လိပ်ပြာနီနယ်မြေထံသို့ လုံးဝကျရောက်သွားသည်။ ဆက်ဖြစ်မည့်ကိစ္စများမှာ ချန်လွေ့စိတ်ပူစရာမလိုအပ်ပေ။

ယခုတွင် လူအများစုက အမှောင်လမြို့၏ ငြိမ်ဝပ်ပိပြားရေးအရာရှိသည် ထူးဆန်းသော ရောဂါ တစ်ခုခုကြောင့် သတိလစ်နေသည်ဟု သိနေကြသည်။ ခဏစဉ်းစားပြီးနောက် ချန်လွေ့သည် မိမိနိုးထလာကြောင်းကို ထုတ်မပြောရန် ဆုံးဖြတ်လိုက်သည်။ သူသည် ၎င်းကို အခွင့်ကောင်းယူပြီး အမှောင်ထဲ၌ ပုန်းအောင်းနေကာ အဆင်ပြေပြေ လှုပ်ရှားမည် ဖြစ်သည်။

သို့ရာတွင် လက်ရှိအခြေအနေကို ကြည့်ရသည်မှာ အမှောင်လမြို့သည် ကပ်ဘေးကို ကျော်ဖြတ်ပြီး နလန်ပြထူလာမည့်လက္ခဏာများ အနည်းငယ် ပြသနေသည်။၎င်းသည် မြို့တော်၏ အာရုံစိုက်မှုကို ခံရပြီးနောက် ထပ်ပြီး လှုပ်ရှားလာနိုင်စေသည်။ထို့ကြောင့် ၎င်းကို တားဆီးရမည် ဖြစ်သည်။

အောက်မှခုခံနေခြင်းတစ်ခုတည်းဖြင့် မလုံလောက်တော့ပေ။ အနှေးနှင့်အမြန်ပင် မြို့တော်၏ချေမှုန်းခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ချန်လွေ့ သတိလစ်သွားခြင်းကြောင့် မူလအစီအစဉ်၏ အရေးအကြီးဆုံး အစိတ်အပိုင်း၌ ရပ်တန့်မှုတစ်ခု ဖြစ်သွားခဲ့သည်။ ယခုတွင် ၎င်းကို ဆောင်ရွက်၍ ရတော့မည် ဖြစ်သည်။

[ မယ်ဂရီဇ် ] အခြေအနေသို့ အဆင့်တက်ပြီးနောက် ကြယ်စင်စုနတ်ဘုရားကျောင်း၌ တည်ဆောက်၍ရသော အဆောက်အအုံနှစ်ခု ရှိလာသည်။

ပထမဆုံး အဆောက်အအုံမှာ “ အရှိန်အဝါမျှော်စင် ” ဖြစ်သည်။

အသက်သွင်းရန် လိုအပ်ချက် - အရှိန်အဝါ ၁၀၀၀၀။

လုပ်ဆောင်ချက် - သက်တမ်းကို ထိခိုက်မှုမရှိဘဲ အသက်စွမ်းအင်အားလုံးကို နေအဖွဲ့အစည်းထဲသို့ အရှိန်အဝါအဖြစ် ကူးပြောင်းပေးသည်။ သက်တမ်း တိုးလာသည်နှင့်အမျှ ရရှိသော အရှိန်အဝါလည်း တိုးပွားလာမည်။

ဇီဝပစ္စည်းများနှင့်ရေ သယ်ဆောင်လာသော ကြယ်တံခွန်များ၏ တိုက်ခတ်မှုကြောင့် ဂြိုလ်အများအပြားတွင် ပင်လယ်များနှင့် ရေကန်များ အတော်အတန် ဖြစ်ပေါ်လာသည်။ ထို့ပြင် ရှေးဦးအပင်များဖြစ်သော မှိုနှင့်ရေညှိများလည်း ပေါ်ထွက်လာသည်။

ကနဦးအစပိုင်းသာ ရှိသေးသော်လည်း သက်ရှိ ဖြစ်ပေါ်လာခြင်းသည် လုံးဝတိတ်ဆိတ်နေသော နေအဖွဲ့အစည်းတစ်ခုလုံးကို အခြေခံကျသော အယူအဆ ပြောင်းလဲမှုတစ်ခု ဖြစ်စေသည်။ အပင်များသည် အစပိုင်းသာ ဖြစ်သည်။နောက်ပိုင်း၌ သက်ရှိအမျိုးအစား တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာမည်မှာ အသေအချာပင် ဖြစ်သည်။ တစ်နေ့ကျလျှင်....လူသားတစ်ယောက် ဖြစ်လာနိုင်မည်လား။

ရုတ်တရက် ချန်လွေ့၏စိတ်ထဲ၌ ရဲတင်းသော ထင်မြင်တစ်ခု ဖြစ်ပေါ်လာသည်။ ဒီနတ်ဆိုးဘုံ၊ မြေပေါ်က လူသားလောက၊ ဒါမှမဟုတ် ဒီဂြိုလ်ကြီးတစ်ခုလုံးက တခြား တစ်ယောက်ရဲ့ “ စူပါစနစ် ” ထဲမှာများလား။

၎င်းသည် ထင်မြင်ချက်တစ်ခုသာ ဖြစ်၏။ အရှိန်အဝါမျှော်စင်ကို တည်ဆောက်ရပေမည်။ ကြယ်စင်စုဥယျာဉ်ထဲရှိ အပင်များအပြင် အခြားအရှိန်အဝါ အရင်းအမြစ်တစ်ခု ထပ်ပေါင်းထည့်လိုက်ခြင်း ဖြစ်သည်။

ဒုတိယ အဆောက်အအုံမှာ “ သန့်စင်ရုံ ” တစ်ရုံ ဖြစ်သည်။

အသက်သွင်းရန် လိုအပ်ချက် - အရှိန်အဝါ ၁၀၀၀၀။

လုပ်ဆောင်ချက် - အမျိုးမျိုးသော ပစ္စည်းများနှင့် ချပ်ဝပ်တန်ဆာများကို ပုံသွင်းထုလုပ်ပြီး အလိုအလျောက် သန့်စင်သည်။

၁။ ပုံသွင်းထုလုပ်ခြင်းသည် အမျိုးမျိုးသော ကိရိယာများနှင့် ပတ်ဝန်းကျင်များကို ချပ်ဝပ်တန်ဆာ ပြုလုပ်ရာ၌ အထောက်အကူပြုသည်။ ပုံသွင်းထုလုပ်နေစဉ်အတွင်း ကျွမ်းကျင်မှုနှင့် နားလည်သဘောပေါက်မှု၌ အပိုထပ်တိုး ရရှိမည်။ တစ်နာရီလျှင် အရှိန်အဝါ ၁၀၀ ကုန်ကျမည်။ တစ်နာရီအောက် အသုံးပြုလျှင်လည်း တစ်နာရီဟု သတ်မှတ်မည်။

၂။ အလိုအလျောက် သန့်စင်ခြင်းသည် သက်ဆိုင်ရာပုံကြမ်းများနှင့် အမယ်များကို အသုံးပြုကာ ကုန်ကြမ်းပစ္စည်းများကို အလိုအလျောက် သန့်စင်ခြင်းဖြစ်ပြီး သက်ဆိုင်ရာအရှိန်အဝါ ကုန်ကျသည်။

လုပ်ဆောင်ချက် ဖော်ပြုချက်အရ သန့်စင်ရုံ၌ ချပ်ဝပ်တန်ဆာ ပုံသွင်းထုလုပ်ခြင်းသည် ကျွမ်းကျင်မှုနှင့် နားလည်သဘောပေါက်မှုတွင် အပိုထပ်တိုး ရရှိစေသည်။၎င်းသည် ချန်လွေ့၏ ပညာကို အများအပြား တိုးပွားစေနိုင်မည် ဖြစ်သည်။[ အထူးစိစစ်မှု ] အောက်တွင် ချန်လွေ့၏အဆင့်သည် ဆရာသခင်အဆင့်နှင့် အတော်လေး နီးစပ်နေပြီ ဖြစ်သည်။ သန့်စင်ရုံဖြင့်ဆိုလျှင် သူသည် အနှေးနှင့်အမြန်ပင် စစ်မှန်သော ယန္တရားဆရာသခင်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

အလိုအလျောက် သန့်စင်ခြင်းအစွမ်းမှာ ‌ဇဝေဇ‌ဝါ ဖြစ်စရာပင် ဖြစ်သည်။ ပုံသွင်းထုလုပ်တာက ကိုယ်တိုင် လုပ်ရမှာလား။ အလိုအလျောက် သန့်စင်တာက ယန္တရားဆိုင်ရာ အလိုအလျောက် ဖြစ်တာလား။ ပြီးတော့လည်း သက်ဆိုင်ရာ “အမယ်” တွေ ဆိုတာက ဘာလဲ။

ချန်လွေ့သည် တစ်ခုခုကို တွေးမိလိုက်ပြီး လဲလှယ်ဌာနဆီ ချက်ချင်း သွားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် အမယ် အတန်းအစား ထပ်ထည့်ထားသည်။အမယ် အမျိုးမျိုး ရှိနေသည်။ဥပမာ ခရမ်းနဂါးကြေးခွံများ၊ သန်းချီရောစပ် သံမဏိ၊ ချင်ရှိသလင်းကျောက် အစရှိသဖြင့်....။‌၎င်းတို့မှာ တစ်ခါမှ မကြားဖူးသော ထူးဆန်းသည့်အရာများ ဖြစ်ကြသည်။ ၎င်းသည် ဖန်တီးပြုလုပ်ထားသော ကုန်ကြမ်းပစ္စည်းများ ဖြစ်ပုံရသည်။ သို့သော်လည်း ဈေးနှုန်းမှာ မသေးလှပေ။ခရမ်းနဂါးကြေးခွံ အမယ် တစ်ခုတည်းကပင် အရှိန်အဝါ သုံးသောင်း ကျသင့်လေသည်။

ပုံကြမ်းများကို ပြန်ကြည့်လိုက်သည့်အခါ အမယ်ဈေးနှုန်းသည် သက်သာသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။လဲလှယ်၍ရသော ပုံကြမ်းတစ်ခုသာ ရှိနေသည်။

မိုးခြိမ်းသံ ( ရတနာ )

- လျှပ်စီးမှော် ထိခိုက်မှု ၁၀၀% တိုး။

- မသေမျိုးအပေါ် ထိခိုက်မှု ၂၀% တိုး။

- လှုပ်ရှားမှုအမြန်နှုန်း ၅၀% တိုး။

- ထိခိုက်မှု နှစ်ဆတိုးရန် ၂၀% အခွင့်အရေးရှိ။

- တိုက်ခိုက်မှု၌ လျှပ်စီးဒြပ်စင်ထပ်ပေါင်းရန် ၂၀% အခွင့်အရေးရှိ။

- ပိုင်ရှင်ကို အသိအမှတ် ပြုရမည်။

ဈေးနှုန်း - အရှိန်အဝါ သိန်းတစ်ရာ။

ထိုပုံကြမ်းထဲရှိ ဂုဏ်သတ္တိများကို ကြည့်လိုက်သည့်အခါ ချန်လွေ့ ထိတ်လန့်သွားသည်။ သူသည် ယန္တရားပညာရပ်၌ ဆရာသခင် တစ်ယောက် ဖြစ်နေပြီဟု ပြော၍ရသည်။ ထို့ကြောင့် ထိုဂုဏ်သတ္တိ ရာခိုင်နှုန်းများ၏ အဓိပ္ပာယ်ကို သူသေချာသိသည်။

သာမာန် ချပ်ဝတ်တန်ဆာများအတွက် အမြင့်ဆုံး ထပ်တိုးမှုသည် ၁၅%ဖြစ်ပြီး မှော်အစီအရင်တစ်ခု သာ အများဆုံး ထပ်ထည့်၍ရသည်။အသုံးပြုပစ္စည်းများ၏ ကျွမ်းကျင်မှုအပေါ် မူတည်၍ အပျက်သဘော ဂုဏ်သတ္တိများ ပေါ်ထွက်လာနိုင်သည်။ ထူးကဲအဆင့်အတွက် အမြင့်ဆုံး ထပ်တိုးမှုမှာ ၃၀% ဖြစ်သည်။ယေဘုယျအားဖြင့် အနုတ်သဘော ဂုဏ်သတ္တိများ မရှိပေ။ မှော်အစီအရင် နှစ်ခုမှသုံးခုအထိ ထည့်သွင်း၍ရသည်။ ဒဏ္ဍာရီလာအဆင့်အတွက် အမြင့်ဆုံး ထပ်တိုးမှုမှာ ၅၀% ဖြစ်ပြီး မှော်အစီအရင် အရေအတွက်မှာ သုံးခုမှ လေးခုအထိ ရောက်ရှိနိုင်သည်။

မှော်ကွန်းတင်အဆင့် ချပ်ဝတ်တန်ဆာများကို ဂုဏ်သတ္တိများ၊ ရာခိုင်နှုန်းများဖြင့် ရိုးရိုးရှင်းရှင်း တိုင်းတာ၍မရတော့သော်လည်း ဂုဏ်သတ္တိ ထပ်တိုးမှု ၁၀၀% သည် မှော်ကွန်းတင်အဆင့်၌သာ ပေါ်ထွက်လာနိုင်ပေသည်။

“ မိုးခြိမ်းသံ ”၏ မူမမှန် ဂုဏ်သတ္တိများအရ ၎င်းသည် ဒဏ္ဍာရီလာအဆင့် မဟုတ်သည်မှာ သေချာသည်။ အထူးသဖြင့် ၎င်းတွင် “ ပိုင်ရှင်အသိအမှတ်ပြုခြင်း ” ကဲ့သို့ ထူးခြားသောလုပ်ဆောင်ချက် ရှိနေသည်။၎င်းသည် အဆောင်ပစ္စည်း(၇)မျိုးကို တော်ဝင်မိသားစုဝင် မဟုတ်သူများ အသုံးပြု၍ မရသကဲ့သို့ပင် ဖြစ်သည်။

ဟုတ်တယ်။ဒါက မှော်ကွန်းတင်အဆင့် အဆောင်ပစ္စည်းတစ်မျိုးပဲ။နောက်‌ဆုံးတော့ စူပါစနစ်က အဆောင်ပစ္စည်းကို တိုက်ရိုက် ထုတ်လုပ်နိုင်ပြီ။

အရင်ဆုံး ငါ ပုံကြမ်းတွေကို ဝယ်ရမယ်။ ပြီးရင် ပုံကြမ်းအတိုင်း လိုအပ်တဲ့ ကုန်ကြမ်းတွေကို စုဆောင်းမယ်။ တချို့ကုန်ကြမ်းတွေက အမယ်တွေပေါင်းပြီး ရောစပ်ဖို့ လိုလိမ့်မယ်။ နောက်ဆုံးမှာ လိုအပ်တဲ့ အရှိန်အဝါကိုသုံးပြီးတော့ အောင်အောင်မြင်မြင် ပုံသွင်းထုလုပ်လို့ရပြီပဲ။

ချန်လွေ့သည် အချိန်အတော်ကြာ စိတ်လှုပ်ရှားသွားသော်လည်း လက်ကျန်အရှိန်အဝါ တစ်သောင်းကို ကြည့်မိရင်း စိတ်အား ရုတ်တရက် ကျဆင်းသွားသည်။၎င်းမှာ အကြိုက်ဆုံးပစ္စည်းကို အချိန်အတော်ကြာ ကြည့်ပြီးနောက် ဝယ်ချင်သည့်အခါ ပိုက်ဆံအိတ်ထဲ၌ ဘာမျှမရှိသည်ကို သိသွားသည့်ခံစားချက်မျိုးပင် ဖြစ်သည်။

အရှိန်အဝါ။အရှိန်အဝါ။ငါဒါကို ထပ်ပြီး စိုးရိမ်စရာ မလိုတော့ဘူးလို့ ထင်ခဲ့တာ။ဒါပေမဲ့ မထင်မှတ်ထားဘဲနဲ့ စမှတ်ကို ငါပြန်ရောက်သွားခဲ့တယ်။

ကံကောင်းစွာပင် ယခင်နှစ်လအတွင်း ကြယ်စင်စုဥယျာဉ်က အလိုအလျောက် ရိတ်သိမ်းထား‌သော အရှိန်အဝါသစ်သီးများ သိုလှောင်ခန်းထဲ၌ ရှိနေကြသည်။ထို့ပြင် မယ်ဂရစ်ဇ် အခြေအနေသို့ အောင်အောင်မြင်မြင် အဆင့်တက်ပြီးနောက်တွင် သိုလှောင်ခန်းအရွယ်အစား၊ အပင်အရေအတွက်၊ ရိတ်သိမ်းမှု၊ ကြယ်စင်စုဥယျာဉ်၏ သက်ရောက်မှုများ စသည်တို့သည် ထူးထူးခြားခြား တိုးမြင့်သွားကြသည်။ အဆောက်အအုံ အသစ်ဖြစ်သော အရှိန်အဝါမျှော်စင်၏ လုပ်ဆောင်ချက်ဖြင့်ဆိုလျှင် မိုးခြိမ်းသံအတွက် လိုအပ်သော အရှိန်အဝါ သန်းတစ်ရာကို ဖြည်းဖြည်းချင်း စုဆောင်းရန် အချိန်ကြာမြင့်တော့မည် မဟုတ်ပေ။

အရှိန်အဝါ သိန်းတစ်ရာဟူသော ဈေးနှုန်းသည် ကြောက်စရာကောင်း‌သော်လည်း “မိုးခြိမ်းသံ” ၏ အစွမ်းသတ္တိများကို ကြည့်လျှင် သေချာပေါက် တန်ဖိုးနှင့် ထိုက်သင့်ပေသည်။

မျိုးစေ့ အတန်းအစား၌ လဲလှယ်၍ရသော ပစ္စည်းအသစ်များ မရှိဘဲ တော်ဝင် စိတ်ဝိညာဉ်ပစ္စည်း သုံးမျိုး ထပ်ထည့်ထားသည်။

၁။ အစောင့်အရှောက်နွယ်ပင် ( ခုခံမှု အပင်ကြီး )

[ ဝိသေသလက္ခဏာများ ]

-အသစ်ပြန်ဖြစ်ခြင်း။မူးမေ့ခြင်း။အကျဉ်းချခြင်း။

- ပျိုးပြီး ၁၀စက္ကန့်၌ အဖူးအညွန့် ထွက်လာ။

- ကြီးထွားရန် အရှိန်အဝါ ၁၀၀၀ လိုအပ်။

- ၂၄နာရီအတွင်း ရင့်မှည့်နိုင်။

- မည်သည့်မြေသားမဆို၌ စိုက်ပျိုး၍ရ။

- ရန်လိုသော သတ္တဝါများကို အလိုအလျောက် တိုက်ခိုက်။

- ရန်လိုမှုအပေါ် တိုက်ခိုက်ခြင်း ပြင်းထန်မှုအား ချိန်ညှိ၍ရ။

- အစေ့တစ်ခုလျှင် အရှိန်အဝါ ၁၀၀၀ ကျသင့်။

၂။ ငှက်တောင်ပံ။

[ ဝိသေသလက္ခဏာများ ]

- လေဟုန်စီးခြင်း။

- ကျောပေါ်၌ တပ်ဆင်နိုင်။

- လေဖြင့် ပျံသန်းနိုင်။လေဟုန်စီးနိုင်။

- တစ်ခါသုံးလျှင် အရှိန်အဝါ ၁၀၀၀ ကုန်ကျ။

၃။ ဖြည့်တင်းသစ်ပင်။

[ ဝိသေသလက္ခဏာများ ]

- ဖြည့်တင်းခြင်း။အချိန်သတ်မှတ်ခြင်း။

- အတိုင်းအတာတစ်ခုအထိ ရုပ်ပိုင်းဆိုင်ရာနှင့် မှော်ဆိုင်ရာ စွမ်းအားကို ဖြည့်တင်းနိုင်။

- အချိန်သတ်မှတ်၍ရ။

- တစ်လအထိခံနိုင်။

- တစ်ပင်လျှင် အရှိန်အဝါ ၁၀၀၀ ကုန်ကျ။

ယခုတွင် ချန်လွေ့၏ အိမ်အသစ်ကို ဆောက်ပြီးပြီ ဖြစ်သည့်အတွက် အစောင့်အရှောက်နွယ်ပင်ကို နေအိမ်ကာကွယ်မှုအတွက် အသုံးပြုနိုင်ပေသည်။ ပါ့ဂ်လီအို၏ နဂါးထွင်းစာများဖြင့် ထပ်ပေါင်းလိုက်လျှင် အမှောင်လမြို့ရှိ အစွမ်းအထက်ဆုံး အကာအကွယ်၍ သတ်မှတ်၍ ရနိုင်ပေသည်။မယ်လွန်မိသားစု၏ စခန်းဟောင်းကို ဤအရာဖြင့် “ တပ်ဆင် ”၍ရလည်း ရပေသည်။

ပျံသန်းနိုင်သော ငှက်တောင်ပံသည် ပတ်ဝန်းကျင် တစ်ခုခု၌ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နေနိုင်သည်။ ချန်လွေ့သည် မည်သည့် အမြင့်နေရာကိုမှ ကြောက်စရာ မလိုတော့ပေ။ ထို့ပြင် ချန်လွေ့သည် ၎င်းကို စက်မဲ့ယဉ်အဖြစ် ကစား၍လည်း ရပေသည်။

အလိုအလျောက်အစွမ်း [ နက္ခတ်သဏ္ဍာန် ] ကြောင့် ဖြည့်တင်းသစ်ပင်သည် ချန်လွေ့အတွက် သိပ်ပြီး အသုံးမဝင်ပေ။ သို့သော် ၎င်းကို သူ၏ အပေါင်းအဖော်များ လေ့ကျင့်ပြီးသော်လည်းကောင်း၊ တိုက်ခိုက်ပြီးသော်လည်းကောင်း ဖြည့်တင်းရန် အတွက် အသုံးပြု၍ရသည်။

ချန်လွေ့သည် သိုလှောင်ခန်းထဲမှ အရှိန်အဝါ သစ်သီးများကို မထိခဲ့ပေ။သူသည် အရှိန်အဝါမျှော်စင်နှင့် သန့်စင်ရုံအတွက် အရှိန်အဝါ နှစ်သောင်းကိုသာ အသုံးပြုခဲ့သည်။ ထိုနှစ်ခုမှာ လိုအပ်ပေသည်။မယ်ဂရီဇ် အခြေအနေသို့ ရောက်ရှိသွားပြီးနောက် အံ့ဩစရာ အများအပြား ရှိနေသည်။ထို့ကြောင့်ပင် အရေးကြီးသော အစီအစဉ်များထဲမှ တစ်ခုကို ပြောင်းလဲရနိုင်သည်။

အမှောင်လမြို့ ပြိုင်ကွင်းရှိ နားနေခန်း၌ -

စစ်တန်းလျား၌ လေ့ကျင့်ပြီးသွားသော အရတ်စ်သည် မျက်လုံးမှိတ်ကာ အနားယူနေသည်။ ယခုတွင် သူသည် နတ်ဆိုးဘုရင်အဆင့် စွမ်းအားကို လုံးဝအသားကျသွားပြီ ဖြစ်သည်။ အရတ်စ်သည် မိမိထံသို့ အန္တရာယ်တစ်ခုကို ရောက်ရှိလာကြောင်း ခံစားလိုက်ရသည်။ သူ ချက်ချင်းပင် မျက်လုံးဖွင့်လိုက်ရာ မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်ရှိ ရင်းနှီးသော ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရသည်။

ထိုလူ၏ အငွေ့အသက် စွမ်းအားမှာ အမှန်တကယ်ပင် မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်နေသည်။

အရတ်စ်၏ မျက်လုံးများ၌ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။ ထို့နောက် ထိုလူက ဝိုင်ပုလင်းတစ်လုံး ပစ်ပေးသည်ကို သူတွေ့လိုက်ရသည်။အရတ်စ် ဖမ်းပြီး ကြည့်လိုက်သည်။၎င်းမှာ မြောင်သစ်သီးဝိုင် ဖြစ်ပြီး အရိပ်နက် အင်ပါယာရှိ လိုင်ရာမြို့၏ အထူးထုတ်ကုန်တစ်ခု ဖြစ်သည်။အမည်မသိ အကြောင်းရင်းကြောင့် သူ၏သခင် သတိလစ်နေသည်မှာ အချိန်အတော် ကြာနေပြီဖြစ်သည့်အတွက် ထိုဝိုင်ကို မသောက်ရသည်မှာ အတော်ကြာလေပြီ။

အရတ်စ် မတ်တပ်ရပ်ပြီး အသာလေး ဦးညွှတ်ကာ ဝိုင်တစ်ခွက် ထည့်လိုက်သည်။ ထို့နောက် လေးစားသမှုဖြင့် အဝေးမှ ဝိုင်ခွက်ကို မြှောက်လိုက်သည်။

ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာ၏။

မင်းသမီး လက်လီစတိုးဆိုင်သည် လူချမ်းသာများအတွက်သာ ဖြစ်သည်။ထို့ကြောင့် ၎င်းသည် ညဈေးနှင့် မကိုက်ညီပေ။

အဲလစ်သည် ခါဂူလီနှင့်အတူ ဆိုင်ခွဲကိုပိတ်ပြီးနောက် ထွက်လာသည်။တိတ်ဆိတ်သော လမ်းကြားတစ်ခုသို့ ရောက်သောအခါ ဝတ်ရုံနှင့် လူတစ်ယောက်က သူတို့ဆီ ရောက်လာသည်။

“ မိန်းမလှလေး။ကျုပ်မှာ ကိတ်မုန့် လတ်လတ်ဆတ်ဆတ် ရှိတယ်။ တစ်ချက် ကြည့်ချင်မလား မသိဘူး။ ”

“ ရိုင်းလိုက်တာ။ ”

ခါဂူလီ ရှေ့ထွက်ပြီး အော်ပြောသည်။

“ ရှင် ဘယ်ကနေ ရောက်လာတာလဲ။အခု ချက်ချင်း ထွက်သွား။ဒီကနေ သုံးစက္ကန့်အတွင်း ထွက်မသွားဘူးဆိုရင် ရှင့်ရဲ့လက်ကို ကျွန်မ ဖြတ်ပစ်မယ်။ ”

“ ခါဂူလီ။နေဦး။ ”

အဲလစ်က ရှေ့သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ဝတ်ရုံနှင့်လူကို စိုက်ကြည့်နေလိုက်သည်။ သူ၏နှာခေါင်း ရုတ်တရက် လှုပ်ရှားသွားပြီး ကြီးမားသော ခရမ်းရောင်မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွား၏။

“ ခါဂူလီ။နန်းတော်ကို အရင်ပြန်နှင့်။ကျွန်မ ခဏနေ ပြန်လာခဲ့မယ်။ ”

အနီးအနား၌ မည်သူမှ မရှိကြောင်း ခါဂူလီ တွေ့လိုက်ပြီး ထိတ်လန့်သွားသည်။

“ မဖြစ်ဘူး။ဒီလူရဲ့ ဇစ်မြစ်ကို မသိရဘူး။တစ်ချက်ကြည့်ရုံနဲ့ သူက သေချာပေါက်ကို.... ”

“ ဒါက ကျွန်မရဲ့အမိန့်ပဲ။ခါဂူလီ။ ”

အဲလစ်သည် အသံကို လေးလေးနက်နက်နှင့် ပြောလိုက်ပြီး မင်းသမီးဟူသော ဩဇာကို အနည်းငယ် ပြသလိုက်သည်။

“ တောင်းပန်ပါတယ်။ဘာကြောင့်လဲ မမေးပါနဲ့။ ”

အဲလစ်သည် ထိုကဲ့သို့လေသံဖြင့် ပြောခဲသည်။ ခါဂူလီသည် အနိမ့်ဆင့်နတ်ဆိုး အငွေ့အသက်ရှိသော လျို့ဝှက်ဆန်းကြယ်သည့်သူကို ကြည့်လိုက်သည်။ သူသည် မယုံသင်္ကာဖြစ်နေသော်လည်း မင်းသမီးလေး၏အမိန့်ကို မလွန်ဆန်ရဲပေ။ ထို့ကြောင့် အရိုအသေပေးကာ ထွက်သွားလိုက်သည်။

ခါဂူလီထွက်သည်နှင့် မင်းသမီး၏ အမူအကျင့်များ ချက်ချင်းပင် လုံးဝပျောက်ကွယ်သွားသည်။ လိုလီလေးသည် ကျားတစ်ကောင်ကဲ့သို့ ခုန်အုပ်ပြီး ဝတ်ရုံနှင့်လူအား ကိုအာလာဝက်ဝံကဲ့သို့ တွယ်ကပ်ထားကာ ပြုံးဖြီးဖြီးလုပ်လိုက်သည်။

“ ကျွန်မကို အခုပဲ ကိတ်မုန့်ပေး။ ”

“ အဲဒါက အရင်တစ်ခုထက် ပိုပြီးမွှေးရမယ်။ပိုပြီး လှရမယ်။ ”

“ အခုမပေးဘူးဆိုရင် ကျွန်မရဲ့ အနှိုင်းမဲ့တိုက်ကွက်ကို ထုတ်သုံးရလိမ့်မယ်။ ”

လိုလီလေး စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီးနောက် ထိုလူ၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ အပျော်လွန်ပြီး မျက်ရည်များ ဝဲနေသည်။

ညရောက်လာလေပြီ။

ကောင်စီခန်းမ၌ ရှီရာ မျက်မှောင်ကြုတ်နေသည်။ ခါဂူလီ၏ သတင်းပို့ချက်အရ အဲလစ်သည် ညနေပိုင်းတွင် ထူးဆန်းသောလူတစ်ယောက်နှင့် တွေ့သွားပြီးနောက် ခါဂူလီအား အသံပြင်းပြင်းဖြင့် နန်းတော်ဆီပြန်ရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း ယခုထိ အဲလစ်ပြန်မလာသေးပေ။ပုံမှန်အားဖြင့် အဲလစ်သည် အလေလိုက်တတ် သော်လည်း ထိုကဲ့သို့ အမှားမျိုးကို လုပ်လေ့မရှိပေ။အကြောင်းရင်းကို ရှီရာ နားမလည်ပေ။ အစ်မတစ်ယောက်ဖြစ်ပြီးတော့ ငါသူ့ကို အခုနောက်ပိုင်း လျစ်လျူရှုတာ များသွားတာလား။

နောက်ဆုံး၌ နန်းတော်အစောင့်တစ်ယောက် သတင်းလာပို့သည်။

“ မင်းသမီးလေး ပြန်လာပါပြီ။ ပြီးတော့ ဝတ်ရုံနဲ့ လူတစ်ယောက်ကိုပါ ခေါ်လာတယ်။ ”

ရှီရာ၏ စိုးရိမ်နေသောနှလုံးသား နောက်ဆုံး၌ တည်ငြိမ်သွားသည်။ထို့နောက် သူ၏ညီမသည် မျက်နှာကိုမဖော်ပြဘဲ ခေါင်းငုံ့ထားသော ဝတ်ရုံနှင့်လူ၏လက်ကို ကိုင်ထားကာ ကောင်စီခန်းမသို့ ဝင်လာသည်ကို ရှီရာ တွေ့လိုက်ရသည်။

ရှီရာ မဆူခင်မှာပင် အဲလစ် ပြောလိုက်သည်။

“ အစ်မ။ဒီလူက အစ်မကို တစ်ယောက်တည်း အရေးကြီးသတင်းပို့စရာ ရှိနေတယ်။ အစ်မ နားထောင်ရမယ်။အတွင်းဝင်းထဲကို အဲလစ် အရင်ပြန်လိုက်ဦးမယ်။ ”

စိတ်ဓာတ်ကျနေသော သူ၏ညီမဖြစ်သူသည် ယနေ့တွင် အတော်လေး စိတ်တက်ကြွနေကြောင်း ရှီရာ သတိထားမိလိုက်သည်။သူ သံသယဝင်သွားပြီး တွေးနေသည်။ ဒီဝတ်ရုံနဲ့သူက အနိမ့်ဆင့်နတ်ဆိုးပဲ ရှိသေးတယ်။အဲဒါကြောင့် သူက ခြိမ်းခြောက်မှုတစ်ခု မဖြစ်လာနိုင်ဘူး။ပြီးတော့လည်း အဲလစ် အာမခံထားတာ ရှိနေတယ်။ ရှီရာသည် ချက်ချင်းပင် ဘေးနားမှလူများကို ထွက်သွားခိုင်းလိုက်သည်။

“ မင်း ဘယ်သူပဲဖြစ်ဖြစ် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ မပေးနိုင်ဘူးဆိုရင် ဒီကိုလာရတာ နောင်တရသွားအောင် လုပ်ပစ်မယ်။ ”

ရှီရာ၏ မျက်လုံးများမှ အေးစက်မှုများ ထုတ်လွှတ်နေသည်။အဲလစ်အား အသုံးချသည့် မည်သူ့ကိုမဆို ရှီရာသည် အထူးသဖြင့် ရန်လို‌သည်။

“ တော်ဝင်မင်းသမီးရဲ့ မျက်လုံးတွေက တကယ့်ကို စူးရှတာပဲ။ကံမကောင်းစွာနဲ့ပဲ ကျုပ်မှာ ဘာသတင်းအချက်အလက်မှ မရှိဘူး။ဒါပေမဲ့.... ”

ထိုလူသည် ခေါင်းကိုဖုံးထားသော ခေါင်းအုပ်ကို ဖယ်ရှားပြီးနောက် ရင်းနှီးသော အပြုံးတစ်ခုကို ပြသလိုက်သည်။

“ တော်ဝင်မင်းသမီးရဲ့ အမိန့်အတိုင်း ကျုပ် အသက်ရှင်လျက် ပြန်လာပါပြီ။ ”

ထိုရင်းနှီးသောအပြုံးကို မြင်လိုက်ပြီးနောက် ရှီရာက နှစ်လကြာ ကွက်လပ်ဖြစ်နေသော နှလုံးသားသည် ရုတ်တရက် ပြည့်တင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။သူ၏ အဓိကအထောက်အပံ့ကို ထပ်မံတွေ့ရှိသွားသကဲ့သို့ပင် ဖြစ်သည်။သူ၏မျက်လုံးထဲရှိ အေးစက်မှုသည်လည်း ချက်ချင်း အရည်ပျော်သွားပြီး ရေငွေ့အလွှာတစ်ခု အလျင်အမြန် ဖြစ်ပေါ်လာသည်။သို့သော်လည်း တမင်တကာ ဖိနှိပ်မှုနှင့် စွမ်းအားကြောင့် ရေငွေ့အလွှာသည် ရေခဲအဖြစ် အလျင်အမြန် အေးခဲသွားတော့သည်။

ချက်ချင်းပင် ထိုစူးရှသော ခရမ်းရောင်မျက်လုံးများ၌ အရောင် ခဏတာတောက်ပနေပြီး နောက်ဆုံး၌ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။

“ ပြန်လည် ကြိုဆိုပါတယ်။အရာရှိ။ ”

ရိုးရှင်းသော စကားသုံးလုံးသာ ဖြစ်သည်။

သို့သော်လည်း နှစ်ထောင်ပေါင်းများစွာ ကြာရှည်တည်ရှိနေသော ဆောင်းရာသီသည် နှင်းများအရည်ပျော်ရာနွေဦးသို့ ရောက်ရှိသွားတော့သည်။

All Chapters