← Chapters

ထွက်ခွာခြင်း နှင့် အဖော်များ

Vol. 17 Ch. 247

ထွက်ခွာခြင်း နှင့် အဖော်များ

Vol. 17 Ch. 247

ထိုနေ့တွင် ဝတ်ရုံဂိုဏ်း၌ ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော အက်ဂ်ယော ပေါ်ထွက်လာခဲ့သည်။ ခေါင်းဆောင် ပျောက်ဆုံးနေခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သည့်အတွက် ဝတ်ရုံဂိုဏ်း စီမံထိန်းသိမ်းသူ အမှောင်နတ်ဆိုးလူပု ဒီဒီသည် အလွန်တည်ငြိမ်နေသည်။ သို့သော်လည်း ဆရာသခင်နှစ်ယောက်မှာမူ မတည်ငြိမ်နေနိုင်ပေ။ ထို“အက်ဂ်ယော”၏ သင်ယူမှုအမြန်နှုန်းမှာ အတော်လေး အံ့ဩဖွယ်ကောင်းလှသည်။ သူသည် ဆရာသခင်အဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်မှာ အသေအချာပင် ဖြစ်သည်။ အောင်မြင်သွားခဲ့လျှင် သူသည် အလွန်ရှားပါးလှသော အထူးပြုသုံးမျိုးရှိသည့် ဆရာသခင်တစ်ယောက် ဖြစ်လာပေမည်။ သို့သော်လည်း ထိုသူသည် မည်သည်မှ သတိမပေးဘဲ ပျောက်ကွယ်သွားခဲ့လေသည်။

၎င်းမှာ သူတို့သည် ပျော်ရွှင်သည့်အရာကိုလုပ်နေရင်း အထွတ်အထိပ်သို့ ရောက်သည့်အခါ သူက တာဝန်ယူမှုမရှိဘဲ ရုတ်တရက် အဝေးသို့ထွက်သွားလိုက်သည့် ခံစားချက်မျိုးပင် ဖြစ်သည်။

“ အက်ဂ်ယော ” ကို မြင်ပြီးသည့်အခါ အမှောင်နတ်ဆိုးကလေး၏ တကျည်ကျည် လုပ်ခြင်းကို အသာထား။ စကိုင်းသည်ပင် သူ့ကို သင်ခန်းစာ ပေးချင်နေသည်။

ဆရာသခင်နှစ်ယောက်သည် စိတ်ကောင်းရှိကြကြောင်း ချန်လွေ့သိသည့်အတွက် ချက်ချင်းပင် ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူ၏စွမ်းအားသည် အရေးကြီးအခိုက်အတန့် ရောက်နေသည့်အတွက် အပြင်ဘက်၌ နှစ်လကြာ လျို့ဝှက်လေ့ကျင့် ခဲ့ရကြောင်း ရှင်းပြသည်။ ယခုတွင် သူသည် အောင်အောင်မြင်မြင်နှင့် ပြန်လာပြီ ဖြစ်သည်။

နတ်ဆိုးဘုံသည် စွမ်းအားကြီးသူကို လေးစားကြသည်။ ဆရာသခင်တာတာသည် မကျေမနပ်ဖြင့် တတွတ်တွတ် ပြောနေသေးသော်လည်း သူ၏လေသံသည် အတော်လေး နိမ့်သွားခဲ့သည်။ စကိုင်းသည် မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်သည့်အတွက် ချန်လွေ့၏ စွမ်းအားအပေါ် နှစ်မြှုပ်ထားမှုကို ပို၍နားလည်သည်။ သို့သော်လည်း ထိပ်တန်း ယန္တရားဆရာသခင်နှစ်ယောက်သည် ချန်လွေ့၏ “ အထုံပါရမီ ” ကို သဘောတူကြသည်။ အကယ်၍ သူသာ ယန္တရားပညာ၌ အာရုံစိုက်မည်‌ဆိုလျှင် နတ်ဆိုးဘုံ၌ ထိပ်တန်းဖြစ်မည့် အထူးပြုသုံးမျိုး ဆရာသခင်တစ်ယောက် ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း မည်သူမှမရရှိနိုင်ခဲ့သော မဟာဆရာသခင် နယ်ပယ်ကိုပင် စိန်ခေါ်ရန် သူ့အတွက် မျှော်လင့်ချက်ရှိပေသည်။

ချန်လွေ့ တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ဘဝစွမ်းရည်များသည် အသက်ရှင်ရန်အတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်သော်လည်း စွမ်းအားလောက် အရေးမကြီးပေ။ စွမ်းအားသည် သူ၏ အဓိကဦးစားပေး ဖြစ်သည်။ သူလုပ်ခဲ့သမျှသည် ထိုလမ်းကြောင်းကို ရွေ့လျားနေကြသည်။ ယန္တရားပညာကို ဝါသနာအနေဖြင့် သတ်မှတ်၍ရပြီး တစ်ချိန်ချိန်၌ မမျှော်လင့်ထားသော အသုံးချမှုများ ရှိနေနိုင်ပေသည်။ ထို့ပြင် ယခုတွင် သန့်စင်ရုံတစ်ရုံလည်း ရှိနေပြီဖြစ်သည့်အတွက် မှော်ကွန်းတင်အဆင့် အဆောင်ပစ္စည်းများကိုမပြောနှင့်။ လက်ရာများကို တိုးတက်ရန် တစ်ခုတည်း အတွက်ပင် အတော်လေး အသုံးဝင်လှသည်။

“ ဆရာသခင်နှစ်ယောက်ရဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်။ ”

ချန်လွေ့ ခဏစဉ်းစားပြီး ပြောသည်။

“ လာမယ့်သုံးလေးရက်ကျရင် ကျုပ်ဆရာရဲ့ အစီအစဉ်တွေကို နားထောင်ဖို့အတွက် သွားတွေ့ရမယ်။ အဲဒါကြောင့် ကျုပ် အချိန်အကြာကြီး အဝေးရောက်နေလိမ့်မယ်။ ဆရာသခင်တာတာ။ မှော်စတိုးဆိုင်ကို ဂရုစိုက်ထားပေး‌ပါ။ ဖြစ်နိုင်မယ်ဆိုရင် ဆရာသခင်စကိုင်းက လျို့ဝှက်ပြီးကူညီပေးပါ။ မှော်ကုန်ကြမ်းအတွက်ကတော့ ခင်ဗျားတို့နှစ်ယောက် စမ်းသပ်ဖို့အတွက် ကျုပ်ဆရာရဲ့ နည်းလမ်းနဲ့ ရနိုင်သမျှ သန့်စင်ပေးပါ့မယ်။ ”

ချန်လွေ့ သတိလစ်နေသည်မှာ နှစ်လကြာပြီးဖြစ်သော်လည်း ယခင်အစီအစဉ်များကို နတ်ဆိုးကလေးအိုကြီး ဒီဒီက သစ္စာရှိရှိ ဆောင်ရွက်ခဲ့သည်။ “ဝတ်ရုံ”မှော်စတိုး လည်ပတ်နေသည်မှာ တစ်လကျော်ပြီ ဖြစ်သည်။ တော်ဝင်မင်းသမီး အပါအဝင် အခြားနာမည်ကြီးများလည်း ဖဲကြိုးဖြတ်ပွဲကို ကိုယ်တိုင်လာပြီ ဂုဏ်ပြုကြသည်။ ဆရာသခင်တာတာသည် တစ်ပတ်တွင် အော်ဒါနှစ်ခုသာ လက်ခံသော်လည်း ထိပ်တန်းဆရာသခင်၏ ဂုဏ်သတင်းနှင့်အတူ အရည်အသွေးမှာလည်း လုံးဝအာမခံသည့်အတွက် သူသည် သက်ရှိဆိုင်းဘုတ်ကဲ့သို့ ဖြစ်နေသည်။

တာတာသည် ချန်လွေ့ ယခင်ကပေးထားသော သာလွန်ကုန်ကြမ်းပစ္စည်း အပိုင်းကို အသုံးပြု၍ ကုန်သွားခဲ့သည်။ မကျေပ်နပ်သော လက်ရာများကို မှော်စတိုးဆိုင်၌ ရောက်ချသည်။ ထိုကုန်ကြမ်းများ၏ သန့်စင်မှုနှင့်အတူ၊ ထိပ်တန်း ဆရာသခင်တစ်ယောက်၏ လက်ရာနှင့်ပါ ပေါင်းလိုက်သည့်အခါ တာတာ၏မျက်လုံး၌ “ မကျေနပ်သော ” လက်ရာသည် အကောင်းတကာ့ အကောင်းဆုံး ဖြစ်နေသည်။ ဈေးနှုန်းမှာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင်မြင့်မားသော်လည်း မကြာခဏ ပစ္စည်းပြတ်သွားတတ်သည်။ ချန်လွေ့၏ တစ်ဝက်-ထူးကဲအဆင့် လက်ရာပင် ရောင်းထွက်သွားခဲ့သည်။ ထို့ကြောင့် မှော်စတိုးဆိုင်၏ စီးပွားရေးမှာ အတော်လေး ကောင်းလှသည်။

ညဈေး၊ မှော်စတိုးဆိုင်၊ ကာကွယ်ကြေး တို့နှင့်အတူ ဝတ်ရုံဂိုဏ်း၏ ဝင်ငွေမှာ လက်ရှိတွင် အတော်လေး တည်ငြိမ်နေသည်။ ထို့ကြောင့် ချန်လွေ့သည် နောက်မှတ်တိုင် တစ်ခုဖြစ်သော အရိပ်နက်မြို့တော်ဆီသို့ စိုးရိမ်စရာမလိုဘဲ သွားနိုင်မည် ဖြစ်သည်။

“ အက်ဂ်ယော ” ဆရာ၏ အစီအစဉ်ဖြစ်ကြောင်း ကြားသည့်အခါ တာတာနှင့် စကိုင်းတို့က အတင်းမတိုက်တွန်းကြတော့ပေ။ အချိန်တစ်ခုအတိ အတူတူနေပြီး အတွေးအမြင်များလည်း ရခဲ့သည့်အတွက် ပုံရိပ်ယောင် “ ဆရာ ”သည် ယန္တရားဆရာသခင် နှစ်ယောက်၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ စွဲထင်ကျန်ရစ် နေခဲ့သည်။ အက်ဂ်ယော၏ ဆရာသည် ဒဏ္ဍာရီထဲရှိ ထိပ်တန်း မဟာဆရာသခင် နယ်ပယ်သို့ ရောက်ရှိသွားလောက်ပြီဟူ၍ပင် သူတို့ ခံစားမိခဲ့သည်။

သို့သော် သူ၏ဆရာသည် အပြင်လူ မတွေ့ကြောင်းကိုလည်း အက်ဂ်ယော ပြောခဲ့သည်။ ထို့ကြောင့် ဆရာသခင်နှစ်ယောက်တို့၏ သွားလည်မည့် အကြံအစည်မှာ အချည်းနှီး ဖြစ်ခဲ့ရသည်။ သူတို့သည် ထိုဆရာသခင်ထံမှ အသိအမြင်များကို အက်ဂ်ယောထံမှ ရရှိရန်သာ မျှော်လင့်ရတော့သည်။

ငြိမ်ဝပ်ပိပြားရေးအရာရှိ နေအိမ်ထဲ၌-

“ ရှင် အရိပ်နက်မြို့တော်ဆီ သွားမှာလား။ ”

အသီနာက ချန်လွေ့၏လက်မောင်းထဲ၌ လှဲလျောင်းနေ၏။

“ တစ်ယောက်တည်းပဲလား။ ”

“ အမှောင်လမြို့ကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံနေရတယ်။ ကြားဖြတ် အရာရှိအနေနဲ့ မင်း အဝေးကိုသွားလို့မရဘူးလေ။ ”

ချန်လွေ့ ခေါင်းခါသည်။

“ ပြီးတော့လည်း ဒီတစ်ခေါက် ကိုယ်သွားမှာ အရိပ်နက်မြို့တော် ဆီကိုပဲမဟုတ်ဘူး။ ကြယ်ကြွေတမန်မြို့တော်ဆီကိုလည်း သွားဦးမယ်။ ဒါက အမှောင်လမြို့ အနာဂတ်အတွက် အဓိကသော့ချက်ပဲ။ အဲဒါကြောင့် ကိုယ်တစ်ယောက်တည်း သွားမှဖြစ်မယ်။ ”

အသီနာ ခေါင်းငုံ့နေသည်။

“ ငါက အသုံးမဝင်ဘူးလား။ငါနင့်ကို ဘာမှလည်း မကူညီပေးနိုင်ဘူး။ ”

“ ငတုံးမလေး ”

ချန်လွေ့က အသီနာ၏ နူးညံ့သော အနီရောင်ဆံပင်များကို အသာအယာ ပွတ်သပ်လိုက်သည်။

“ မြို့စောင့်တပ်က တာဝန်ကြီးတယ်။ အဲဒါကြောင့် လေ့ကျင့်ရေး သေချာလုပ်ရမယ်။ သူတို့က အနာဂတ်မှာ စစ်ပွဲစမ်းသပ်မှုကို ရင်‌ဆိုင်ရမှာ။ဒါကြောင့် မင်းအတွက် အချိန် သိပ်မကျန်တော့ဘူး။တကယ်တော့ ဒါက ကိုယ့်တာဝန်ဖြစ်ရမှာ။ဒါပေမဲ့ ကိုယ်မင်းကို စကားတွေ မပြောတော့ဘူး။မဟုတ်ရင် ကိုယ့်ရဲ့ခါး ထပ်ပြီး နာကျင်ရမှာ။ ”

“ ဟွန့် ”

အသီနာက မကျေမနပ်ဖြင့် နှာမှုတ်လိုက်သော်လည်း သူ၏နှလုံးသားထဲ၌ ချိုမြိန်နေ၏။ ရုတ်တရက် သူ တိုးတိုးလေး မေးလိုက်သည်။

“ အရိပ်နက်အင်ပါယာဆီ သွားမယ်ဆိုတော့ နင်သူ့ကို သွားတွေ့မှာလား။ ”

ချန်လွေ့၏ မျက်ခွံများ တုန်ခါသွားသည်။ ဒီအရူးမလေးက ဒီလိုမေးမယ်ဆိုတာ ငါသိပြီးသား။

အသီနာ၏ မျက်လုံးထဲ၌ မင်းသမီးလေးမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည့်တိုင် မဟာမိတ် ဖြစ်နိုင်သည်။ အရိပ်နက်အင်ပါယာရှိ အဝေးမှ တော်ဝင်အမျိုးသမီးသည်မှာ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်လေသည်။

“ အခြေအနေ အရပဲ။ ”

ချန်လွေ့က မရေမရာ ပြန်ဖြေလိုက်သည်။အကယ်၍ ရိုမန်သာ ထိုသို့ပြောမည်ဆိုလျှင် ဒေလီယာက သူ့ကိုတက်နင်းပြီး ရှင်းပြခိုင်းမည် ဖြစ်သည်။သို့သော်လည်း အသီနာသည် အသီနာပင် ဖြစ်သည်။ အရူးမလေးသည် “ အင်း..... ” ဟူ၍သာပြောပြီး ထပ်မမေးတော့ပေ။

ချန်လွေ့က အသီနာ၏ ဆံနွယ်များကို နမ်းရှိုက်ပြီး ပြုံးလိုက်သည်။

“ မင်းက ကိုယ့်ရဲ့အရေးကြီးဆုံး မိန်းက‌လေးပဲ။အများကြီး တွေးမနေနဲ့။ပါ့ဂ်လီအိုရဲ့ ရတနာသိုက်ကနေ သာလွန်အဆင့် ချပ်ဝပ်တန်ဆာတစ်စုံ ယူထားတယ်။မင်းရဲ့ လုံခြုံရေးကို သေသေချာချာ အမြဲတမ်းဂရုစိုက်ဦး။ကိုယ် ကံကောင်းမယ်ဆိုရင် ပြန်လာတဲ့အခါ မင်းအတွက် အဆောင်ပစ္စည်းတစ်ခုကိုတောင် ယူလာပေးနိုင်တယ်။ ”

အသီနာ ခေါင်းညိတ်လိုက်သည်။

“ ငါ ဘာအဆောင်ပစ္စည်းမှ မလိုချင်ဘူး။နင် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာတာကိုပဲ လိုချင်တယ်။ ”

“ သေချာပေါက် ပြန်လာမှာပေ့ါ။ ”

ချန်လွေ့ ရင်ထဲထိသွားပြီး အသီနာအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

သူတို့နှစ်ယောက် ခဏကြာ ပွေ့ဖက်ပြီးနောက် ချန်လွေ့ ရုတ်တရက် ပြောလာသည်။

“ မင်းရဲ့ အသက်၂၀ပြည့် မွေးနေ့ရောက်ဖို့အတွက် နည်းနည်းလိုသေးတယ်။ကိုယ် အချိန်မီ ပြန်မရောက်လာလောက်ဘူး။အတိုး အရင်ဆုံးယူထားရင် မကောင်းဘူးလား။ အရင်တစ်ခေါက်တုန်းက ကိုယ်တို့တွေ..... အို့... ”

“ မသာကောင်။နှာဘူး။ ”

“ အရင်တစ်ခေါက်တုန်းက ” ဟု ကြားလိုက်သည့်အခါ အသီနာ၏ မျက်နှာလှလှလေး ရုတ်တရက် ရှက်သွေးဖြာသွားပြီး ချန်လွေ့အား ခပ်ကြမ်းကြမ်း ဆွဲဆိတ်လိုက်သည်။

“ လုပ်စမ်းပါ။အရင်တစ်ခေါက်တုန်းက မင်းကောင်းကောင်း လုပ်ခဲ့တယ် မလား.... ”

“ နင် ပြောရဲသေးတာလား။ ”

“ အို့။အဲဒီနေရာက ကိုယ်တို့ အနာဂတ် ပျော်ရွှင်မှုနဲ့ သက်ဆိုင်တယ်။သက်သက်ကြီး မထိုးနဲ့လေ။ ”

နောက်တစ်နေ့၌ လန်းဆန်းနေသော ချန်လွေ့သည် ဝိုင်ဗန်တစ်ကောင်စီးပြီး အသီနာ၊အဆိပ်နဂါးနှင့် အခြားသူများအား နှုတ်ဆက်ကာ အရိပ်နက်မြို့တော်သို့ ခရီးထွက်တော့သည်။

မူလက ပါ့ဂ်လီအိုသည် အတူတူ သွားချင်ခဲ့သည်။သို့သော်လည်း သူ၏စွမ်းအား နလန်ပြန်ထူလာမှသည် အရေးကြီးအခိုက်အတန့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် အရုဏ်ဦးနှင်းခဲ လိုဏ်ဂူမှ ထွက်၍မရပေ။သူရှိနေသရွေ့ ဒေလီယာကို ဘရော့ခ် ရှာတွေ့သွားသည့်တိုင် ပြဿနာ ဖြစ်မည်မဟုတ်ပေ။ထို့ပြင် ယခုတွင် အသီနာသည် ကြားဖြတ် ငြိမ်ဝတ်ပိပြားရေးအရာရှိဖြစ်ပြီး တာဝန်ကြီးကြီးမားမား ရှိသည်။သူ့ကို တစ်စုံတစ်ယောက် အကောက်ကြံမည်မှာ မလွဲမသွေပင် ဖြစ်သည်။ထို့ကြောင့် အဆိပ်နဂါး ရှိနေခြင်းသည် ချန်လွေ့၏ စိုးရိမ်မှုများကို အနည်းငယ် ပြေလျော့စေသည်။

ချန်လွေ့သည် ဝိုင်ဗန်စီးပြီး လိုင်ရာမြို့သို့ သွားခဲ့ကာ ဝိုင်ဗန်ကို မိုးသစ်တောမည်းသို့ တစ်ကောင်တည်း ပြန်ခိုင်းလိုက်သည်။

လိုင်ရာမြို့ မြို့စောင့်တပ်သည် တင်းကြပ်နေဆဲပင် ဖြစ်သည်။သူတို့သည် အဝင်အထွက်များကို သေသေချာချာ စစ်ဆေးနေကြသည်။[ ရုပ်ဖျက်ခြင်း ] ဖြင့် မဟာနတ်ဆိုးတစ်ယောက် ဖြစ်သွားသော ချန်လွေ့သည် သင့်တော်သည့် သရုပ်တစ်ခုကို ပြင်ဆင်ပြီးသွားလေပြီ။

ယန္တရားပညာထောက်ခံချက်ကို မြို့တော်သုံးခု၏ ယန္တရားအစည်းအရုံးမှ တရားဝင်ရရှိရမည် ဖြစ်သည်။လက်ရှိ၌ ချန်လွေ့သည် အရိပ်နက်မြို့တော်ဆီသွားကာ ထောက်ခံချက်သွားယူမည့် ယန္တရားအလုပ်သင်တပည့်တစ်ယောက် ဖြစ်သည်။ အလုပ်သင်တပည့်၏အဝတ်အစားကို ဆရာသခင် တာတာထံမှ ရယူထားခြင်း ဖြစ်သည်။ ၎င်းတွင် ယန္တရားအစည်းအရုံး၏ သက်ဆိုင်ရာ တံဆိပ်ပြားလည်း ရှိသည်။ ယန္တရားအလုပ်သင်တပည့်တစ်ယောက်၏ တံဆိပ်ပြားမှာ အခွက်ကြယ်တစ်ခွင့် ဖြစ်သည်။ယန္တရားပညာရှင်မှာ ကြယ်စိုင်နှစ်ပွင့် ဖြစ်သည်။ဆရာသခင်မှာ ခရမ်းရောင်လနှစ်စင်းဖြစ်ပြီး အထူးဂုဏ်ကျက်သရေ သို့မဟုတ် အသိအမှတ်ပြုမှု ရရှိထားသော အချို့အကြီးတန်း ဆရာသခင်များ၌ လနှစ်စင်းပေါ်၌ ရွှေရောင်အနားဝန်းတစ်ခု ပါရှိသည်။

ကြက်သွေးနီအစောင့် အဖြစ်အပျက်များကြောင့် လိုင်ရာမြို့သည် ယခုတွင် လိပ်ပြာနီနယ်မြေသို့နယ်နိမိတ် အရှေ့ပိုင်းထွက်ပေါက်ကို အာရုံစိုက်နေကြသည်။ အမှောင်လမြို့သို့သွားသည့် တောင်ပိုင်းထွက်ပေါက်မှာ အတော်လေး လျော့ရဲသည်။ ထိုအလုပ်သင်တပည့် ဝတ်ရုံဖြင့် ချန်လွေ့သည် အလွယ်တကူ ဖြတ်သွားနိုင်ခဲ့သည်။

လိုင်ရာမြို့သည် စည်းကားပြီး ထူးခြားနေဆဲပင် ဖြစ်သည်။နာလီနီ၊ယခင်မြို့ဝန် ခန်ဒါနှင့် ဘာနကယ်တို့အကြောင်း တွေးမိသွားသည့်အခါ ကျန်ရှိနေသည့် ခံစားချက်တစ်ခု ရှိနေသည်။သို့သော်လည်း လူ ပြောင်းလဲသွားပြီ ဖြစ်သည်။

ချန်လွေ့သည် မြင်းလှည်းဌာနသို့ ရောက်လာသည်။ထိုနေရာ၌ မြို့တော်သို့ တိုက်ရိုက်သွားသော မြင်းလှည်းများရှိသည်။အရိပ်နက်မြို့တော်၌ ယန္တရားပညာ ပြိုင်ပွဲတစ်ခု ကျင်းပတော့မည် ဖြစ်ကြောင်း သူကြားခဲ့သည်။လူအများအပြားသည် ပွဲတော်အတွက် မြို့တော်သို့ သွားနေကြသည်။မြင်းလှည်းအရေအတွက် တိုးထားပြီး ဈေးနှုန်းကိုအများအပြား တင်ထားသော်လည်း အကန့်အသတ် မြင်းလှည်းများ ရှိနေသေးသည်။

ချန်လွေ့ရောက်သည့်အခါ မြင်းလှည်းတစ်လှည်းသာ ကျန်တော့သည်။၎င်းမှာ အကောင်းဆုံး အထူးမှာယူပြုလုပ်ထားသည့် အရေးကြီးပုဂ္ဂိုလ် မြင်းလှည်းဖြစ်ပြီး အတွင်းထဲ၌ နေရာအတော်ကျယ်လှသည်။တိုက်မိမှုကို လျှော့ချရန်အတွက် မှော်စက်ဝန်းတစ်ခုကိုပင် ခင်းကျင်းထားသည်။ မြင်းလှည်းဆွဲသော နတ်ဆိုးမြင်း မှာလည်း သန္ဓေပြောင်းဖြစ်ပြီး မောင်းနှင်သူမှာ အလယ်ဆင့်န တ်ဆိုးတစ်ယောက် ဖြစ်သည်။

အရေးကြီးပုဂ္ဂိုလ် မြင်းလှည်းဈေးနှုန်းမှာ မူလက သလင်းကျောက်နက်ဒင်္ဂါးတစ်ပြားသာ ဖြစ်သည်။သို့သော်လည်း ယန္တရားပညာ ပြိုင်ပဲကြောင့် ဆယ်ဆတိုးသွားသည်။ သို့သော်လည်း ရတနာသိုက် ပိုင်ဆိုင်ထားသော ချန်လွေ့အဖို့ ၎င်းသည် ဘာမျှမဟုတ်ပေ။

ချန်လွေ့က ဌာနပိုင်ရှင်ကို သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြားပေးပြီး ထွက်ခွာရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

“ ခဏလေး စောင့်ပါဦး။ ”

လှည့်ကြည့်လိုက်ရာ ဝတ်ရုံနှင့် သက်လတ်ပိုင်း လူတစ်ယောက်ဦးဆောင်သော လူသုံးယောက်ကို ချန်လွေ့ တွေ့လိုက်ရသည်။ထိုသူသည် အသက်၄၀ ဝန်းကျင် ဖြစ်ပုံရပြီး ထူးခြားသော အငွေ့အသက်များ ရှိသည်။သူ၏နောက်တွင် လူငယ်တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရှိသည်။လူငယ်သည် ရုပ်ရည်ချောမောပြီး သူ၏တောက်ပနေသော ငွေချပ်ကာမှာ အလွန်ပေါ်လွင်သည်။ သူ၏ခါးတွင် ဓါးတစ်လက်ရှိပြီး ခံ့ညားထည်ဝါပုံရသည်။

ကောင်မလေးသည် အလွန်လှပပြီး ၁၅ နှစ် ၁၆ နှစ်ခန့် ရှိနိုင်သည်။သူသည် အရောင်စုံဂါဝန်ကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်၌ ဖွတ်မြီးကြိုး နှစ်ခုရှိသည်။ ဖွတ်မြီးကြိုးတစ်ခုစီကို ဖဲကြိုးဖြင့် ချည်နှောင်ထားပြီး ဖျက်လတ်တက်ကြွကာ ချစ်စရာကောင်းပုံရသည်။

သတ်လတ်ပိုင်းလူကြီးသည် ချန်လွေ့၏ အလုပ်သင်တပည့်ဝတ်ရုံကို ဖျပ်ခနဲကြည့်ပြီး ပြောလိုက်သည်။

“ မောင်ရင်။ကျုပ် အရေးကြီးကိစ္စအတွက် မြို့တော်ကို အမြန်သွားဖို့လိုနေတယ်။ ဒီမြင်းလှည်း ကျုပ်ကိုပေးနိုင်မလား။ကျုပ် မောင်ရင့်ကို နှစ်ဆပေးပါ့မယ်။ ”

အမှောင်လမြို့၌ ချို၃ချောင်း ကြံ့တစ်ကောင် ငှားခမှာ တစ်ရက်လျှင် သလင်းကျောက်ဖြူ ဒင်္ဂါး၂၀သာ ဖြစ်သည်။အရိပ်နက်အင်ပါယာ၏ နေထိုင်မှု ကုန်ကျစရိတ်နှင့် စံနှုန်းမှာ မြင့်မားသော်လည်း သလင်း‌ကျောက်နက်၂၀သည် အတော်လေး များပြားသော ပမာဏ ဖြစ်သည်။သို့သော်လည်း ချန်လွေ့သည် ငွေမပြတ်နေပေ။ထို့ပြင် သူသည် ကတ်စတာမိသာစုသို့ အမြန်သွားရန် လိုအပ်နေသည်။ထို့ကြောင့် ချက်ချင်းပင် သူငြင်းပယ်လိုက်တော့သည်။

နောက်ဘက်မှလူငယ်သည် မနေနိုင်တော့ဘဲ သရော်ပြုံးပြုံးလိုက်သည်။

“ တော်တော် မိုက်မဲတဲ့ကောင်ပဲ။မင်းက အလုပ်သင်တပည့်တစ်ယောက် မဟုတ်လား။ ဒီလူက ဘယ်သူလဲဆိုတာ မင်းသိလား။နစ်နာကြေးနှစ်ဆရတာတောင် မင်းအတွက် ကောင်းချီးပေးတာ ဖြစ်နေပြီ။မင်း မသေချင်ဘူးဆိုရင်..... ”

သတ်လတ်ပိုင်းလူကြီးက လက်မြှောက်ပြီး ထိုလူငယ်ပြောသည်ကို တားဆီးလိုက်သည်။

“ မောင်ရင်။ သလင်းကျောက်နက်ဒင်္ဂါး ၃၀ ပေးမယ်။ လောဘကြီးတာက အကန့်အသတ်တော့ ရှိသင့်တယ်။ ”

“ စိတ်မကောင်းပါဘူး။ကျုပ် ငွေမလိုဘူး။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ ပြီးတော့လည်း မြို့တော်ဆီကို ကျုပ်အမြန်သွားဖို့လိုအပ်နေတယ်။ ”

သက်လတ်ပိုင်းလူကြီး မျက်မှောင်ကြုတ်လိုက်သည်။ လူငယ်၏အငွေ့အသက် ပြောင်းလဲသွားပြီး တိုက်ခိုက်တော့မည့်ပုံစံ ပေါက်သွားသည်။ ထိုအချိန်၌ ကောင်မလေးက ပြောလိုက်သည်။

“ မစ္စတာ။ ရှင်က တစ်ယောက်တည်းဆိုရင် ကျွန်မတို့ ရှင့်နဲ့တူတူ သွားလို့ရမလား။ ဒီလှည်းက လူ၆ယောက်လောက် အနည်းဆုံးဆံ့ပါတယ်။ကျွန်မတို့ကို ကူညီနိုင်မလား။ ကျွန်မတို့ ဒါအတွက်လည်း ပိုက်ဆံပေးမှာပါ။ ”

“ ကောင်းပါပြီ။ကျုပ် ပိုက်ဆံမလိုပါဘူး။ ”

ချန်လွေ့ ခဏစဉ်းစားလိုက်သည်။

“ အပြန်အလှန်အနေနဲ့ မြို့တော်က အခြေအနေကို ကျုပ် သိချင်တယ်။ဘာလို့လဲဆို ဒါက ကျုပ်ရဲ့ ပထမဆုံးအကြိမ် ဖြစ်နေလို့ပဲ။ ”

“ ရတာပေါ့။ကိစ္စ မရှိပါဘူး။ ”

ကောင်မလေးက ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေသည်။

ခဏအကြာပြီး လှည်းမောင်းသမားက ကြာပွတ်ကို ဖြန်းခနဲရိုက်ပြီး လူလေးယောက် တင်ဆောင်ထားသော လှည်းဖြင့် ထွက်ခွာသွားတော့သည်။

All Chapters