← Chapters

ကံကောင်းသော။ယန္တရားအခြေခံအတွက် ဖြည့်တင်းမှုတစ်ခု

Vol. 17 Ch. 248

ကံကောင်းသော။ယန္တရားအခြေခံအတွက် ဖြည့်တင်းမှုတစ်ခု

Vol. 17 Ch. 248

“ အာသာ။ရှင့်ရဲ့အထူးပြုက ဘာလဲ။ကျွန်မလည်း ယန္တရားပညာရှင်တစ်ယောက်ပါ။ ”

မျက်နှာချင်းဆိုင်တွင် ထိုင်နေ‌သော ကောင်မလေး၏နာမည်ကို ဖီနီဖြစ်ပြီး ရုပ်ရည်နှင့် လိုက်ဖက်စွာ တက်တက်ကြွကြွရှိသည်။သူသည် လမ်းတစ်လျှောက်လုံး မေးခွန်းများ ‌မေးနေခဲ့သည်။ မေးခွန်းမေးရမည့် ချန်လွေ့သည် အဖြေဖြေရသူအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ငါက အထူးပြုသုံးမျိုးလုံး လေ့လာထားတာ။ဒါပေမဲ့ နည်းနည်းပဲ သိတယ်။ ”

ချန်လွေ့က တော်ရုံသင့်ရုံ ပြန်ဖြေသည်။ အာသာ ဆိုသည်မှာ သူ၏နာမည်တုဖြစ်ပြီး ခန္ဓာကိုယ်၏ မူလနာမည် ဖြစ်သည်။ အန္တရာယ်ကင်းစေရန်အတွက် ချန်လွေ့သည် “ရစ်ချတ်” ဟူသော နာမည်ကို အရိပ်နက်အင်ပါယာ၌ အသုံးမပြုခဲ့ပေ။

“ အံ့ဩစရာပဲ။ ”

ဖီနီ၏ မျက်လုံးဝိုင်းဝိုင်းများ အရောက်တောက်သွားသည်။

“ ကျွန်မက အဆင်တန်ဆာတွေကိုပဲ လေ့လာနေတာ။ ”

သက်လတ်ပိုင်းလူကြီးသည် အမြဲပင် တိတ်ဆိတ်နေခဲ့သည်။သူသည် ချန်လွေ့နှင့် ဖီနီတို့ အတွဲညီညီ စကားပြောနေသည်ကို ကြည့်ရင်း ကြားဖြတ်ပြောလိုက်သည်။

“ မောင်ရင်။လောဘ သိပ်မကြီးနဲ့။တစ်ခုတည်းကို အာရုံစိုက်တာ ပိုကောင်းတယ်။ ”

၎င်းသည် စိတ်ရင်းအမှန်ဖြစ်ကြောင်း ချန်လွေ့ သိသည်။ ထိုသက်လတ်ပိုင်း လူကြီးသည်လည်း ယန္တရားဆရာသခင်တစ်ယောက် ဖြစ်ပုံရသည်။ ချန်လွေ့သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

သက်လတ်ပိုင်းလူကြီး တစ်ခုခု မပြောခင်မှာပင် မွန်ရိုးအမည်ရှိ သူရဲကောင်းစစ်သည်က ထပြောလိုက်သည်။

“ ဟမ့်။မိုက်မဲလိုက်တဲ့ အလုပ်သင်တပည့်။ဆရာကြီးရဲ့ လမ်းညွှန်မှုကို ရပြီးတာတောင် ကျေးဇူးမတင်ဘူး။ ”

[ သရုပ်ခွဲမျက်လုံး ] အရဆိုလျှင် သက်လတ်ပိုင်းလူကြီး ရမ္မနစ်ဂီ၊သူရဲကောင်းစစ်သည် မွန်ရိုးနှင့် ကောင်မလေး ဖီနီ တို့အားလုံးသည် အက်စ်မိုဒက်စ် မိသားစုဝင်များ ဖြစ်ကြသည်။ ရမ္မနစ်ဂီသည် နတ်‌ဆိုးဘုရင်အဆင့် ဖြစ်သည်။မွန်ရိုးမှာ အမြင့်ဆင့် နတ်ဆိုးဖြစ်ပြီး ဖီနီမှာ အလတ်ဆင့်နတ်ဆိုး ဖြစ်သည်။

မယ်ဂရီဇ် အခြေအနေသို့ ရောက်ရှိပြီးနောက် [ သရုပ်ခွဲမျက်လုံး ]သည် ပို၍ အဆင့်မြင့်သွားသည်။ ၎င်းသည် အခြားသူများ၏ အချက်အလက်များကို ပို၍တိတိကျကျ ခွဲခြမ်းစိတ်ဖြာနိုင်သည်။

ဥပမာအနေဖြင့် မွန်ရိုးကို ကြည့်ပါ။

မျိုးရိုး - ကာမတော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - [ D ]

ခန္ဓာအမျိုးအစား - [ D+ ]

စွမ်းအား - [ D+ ]

စိတ်ဝိညာဉ် - [ E ]

မြန်ဆန်မှု - [ D ]

အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း ဖြစ်သည့်အလျောက် မွန်ရိုး၏ ခန္ဓာအမျိုးအစားနှင့် စွမ်းအားမှာ သူ၏စွမ်းအားများ ဖြစ်ကြသည်။ သို့သော် သူ၏စိတ်ဝိညာဉ် အားနည်းနေပြီး အမြန်နှုန်းမှာ အတော်အသင့် ဖြစ်သည်။ သူသည် စွမ်းအားလေ့ကျင့်မှု၌ အာရုံပိုစိုက်သည်မှာ သေချာသည်။

ထို့အပြင် အဆင့်ပိုမြင့်လာသော [ သရုပ်ခွဲမျက်လုံး ] သည် လျို့ဝှက်ဂုဏ်သတ္တိများကို ဖော်ထုတ်နိုင်ပြီး ၎င်းမှာ ချပ်ဝပ်တန်ဆာ၏ ဂုဏ်သတ္တိများကို ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ ထိုအတိုင်းအတာအထိ ၎င်းသည် [ အစစ်အမှန် သရုပ်ခွဲမျက်လုံး ] မဟုတ်သေးပေ။ [ အစစ်အမှန် ] အထိ ဆင့်ကဲပြောင်းလဲသွားတဲ့အခါကျရင် ဘယ်လိုမျိုး မယုံနိုင်စရာ လုပ်ဆောင်ချက်တွေ ရှိနေမလဲ သိချင်မိတယ်။

မွန်ရိုးသည် ချန်လွေ့ကို အမြဲပင် မကျေမနပ် ဖြစ်နေပုံရသည်။ သို့သော်လည်း ချန်လွေ့ ဂရုမစိုက်ပေ။ ချန်လွေ့သည် ထိုကဲ့သို့သူမျိုးကို လက်မဖြင့်ပင် အလွယ်တကူ အမှုန့်ချေပစ်၍ရသည်။ ထို့ကြောင့် ချန်လွေ့ လုံးဝဂရုမစိုက်ပေ။ သို့သော်လည်း ရမ္မနစ်ဂီ၏ အရေးတယူ လမ်းညွှန်မှုကို ကျေးဇူးတင်သင့်ပေးသည်။ ထို့ကြောင့် ချန်လွေ့က ချက်ချင်းပင် ပြောသည်။

“ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ”

ရမ္မနစ်ဂီက ချန်လွေ့သည်လည်း အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း ( [ အစစ်အမှန် အသက်အောင့် ] အစွမ်း၏ ဖော်ပြချက် ) ဖြစ်ကြောင်း သိသည်။ သို့သော်လည်း သူ၏အမူအကျင့်နှင့် စိတ်သဘောထားတို့မှာ စိတ်မြန်သော မွန်ရိုးထက် ပိုသာနေသည့်အတွက် ရမ္မနစ်ဂီ အသာလေး ခေါင်းညိတ်လိုက်သည်။

“ မသိမိုက်မဲတဲ့..... ”

မွန်ရိုးသည် ဆက်ပြောချင်သော်လည်း ဖီနီက သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

“ မသိမိုက်မဲတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ယန္တရားပညာကို နင်သိလား။ ဒါဆို ကြက်သွေးရောင်ကျောက်၊ပြာလဲ့လဲ့သဲ၊ဂရစ်ဖင်ငှက်တောင် နဲ့ ချို၃ချောင်းကြံ့သွေးကို နွေကျောက်မျက် အောင်အောင်မြင်မြင် ပြုလုပ်ဖို့အတွက် ဘာအချိုးအစားနဲ့ ပေါင်းစပ်ရမလဲဆိုတာ ပြော။ ”

မွန်ရိုး ခဏမျှ ပြောစရာစကားမဲ့သွားသည်။ ချန်လွေ့လည်း အသာလေး မျက်မှောင်ကြုတ်လိုက်သည်။

“ ဖီနီ။ မင်းက.... ၅ : ၃ ဖော်မြူလာကို သုံးနေတာ မဟုတ်လား။ အဲဒီလိုပေါင်းစပ်ပြီး ရလာတဲ့ နွေကျောက်မျက်က တော်တော်လေး ကြွပ်ဆတ်တယ်။ ချို၃ချောင်း ကြံ့သွေးမထည့်ခင် ခရမ်းရောင် ရေခဲနှစ်စက် သုံစက်ထည့်မယ်ဆိုရင် အောင်မြင်မှုနှုန်းကို နှစ်ဆတိုးစေပြီးတော့ အရည်အသွေးကိုလည်း တိုးတက်စေတယ်။ ”

“ ခရမ်းရောင် ရေခဲနှင်းစက်လား။ ”

ဖီနီ မျက်လုံးပြူးသွားပြီး ဘေးနားမှ ရမ္မနစ်ဂီကို ကြည့်လိုက်သည်။

“ အဘိုး။အဲဒါဟုတ်လား။ ”

အဘိုးတဲ့လား။

ထိုအမည်နာမက ချန်လွေ့ကို အနည်းငယ် ကြောင်သွားစေသည်။သူတို့ကို သားအဖဟု မူလက ချန်လွေ့ ထင်ခဲ့သည်။သို့သော်လည်း မမျှော်လင့်ဘဲနှင့် သူတို့သည် မြေးအဖိုး ဖြစ်နေကြသည်။သို့သော်လည်း နတ်ဆိုးများ၏ သက်တမ်းမှာ ပုံမှန်အားဖြင့် ရာကျော်သည်။ထို့ကြောင့် အသွင်အပြင် တစ်ခုတည်းဖြင့် ဆုံးဖြတ်၍ မရတော့ပေ။ ယေဘုယျအားဖြင့် ပြောရလျှင် သူတို့၏ သက်တမ်းမှာ စွမ်းအားတိုးလာသည်နှင့်အမျှ တိုးပွားလာကြသည်။သို့သော်လည်း သူတို့၏ မျိုးပွားနှုန်း ကျဆင်းသွားကြသည်။ ထို့ကြောင့် ရမ္မနစ်ဂီသည် ဖီနီ၏အဘိုး ဖြစ်နေသည်မှာ အံ့ဩစရာတစ်ခု မဟုတ်ပေ။

ဖီနီ၏ ဖော်မြူလာအပေါ် ချန်လွေ့၏ မွမ်းမံမှုကို နားထောင်ရင်း ရမ္မနစ်ဂီ အနည်းငယ် အံ့ဩသွားကာ ခေါင်းညိတ်လိုက်သည်။

“ ဟုတ်တယ်။ ဒါပေမဲ့ ခရမ်းရောင် ရေခဲနှင်းစက်ရဲ့ သဘာဝက မတည်ငြိမ်ဘူး။ ပုံမှန်အားဖြင့်တော့ အဲဒါကို ကျွမ်းကျင်ဖို့အတွက် ယန္တရားပညာရှင်တစ်ယောက် ဖြစ်ဖို့လိုတယ်။မြေးလေးအတွက် စောလွန်းသေးတယ်။ ”

“ ဟုတ်ကဲ့။ ”

ဖီနီက ခေါင်းညိတ်သည်။ သူသည် ချန်လွေ့အား လေးစားအားကျမှုကို ပြသနေလိုက်သည်။

“ အစ်ကိုအာသာက အများကြီး သိတာပဲ။ဒီတစ်ခေါက် မြို့တော်ဆီ ရှင်သွားတာက ယန္တရားပညာ ထောက်ခံချက်ကို ရယူဖို့လား။ ”

၎င်းသည် သူ၏သရုပ် မျက်နှာဖုံး ဖြစ်သည့်အတွက် ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ဖီနီ ပို၍စိတ်ဝင်စားသွားပြီး ယန္တရားပညာအကြောင်း မေးခွန်း အများအပြား မေးတော့သည်။ ချန်လွေ့သည်လည်း အရိပ်နက်မြို့တော်အကြောင်းကို ဖီနီထံမှ အတော်များများ သိခဲ့ရသည်။ အများစုမှာ ရှီရာပေးထားသော သတင်းအချက်ထဲ၌ မပါဝင်ပေ။ ချန်လွေ့သည် စိတ်ရှည်ရန်ကြိုးစားပြီး ဖီနီ၏ သံသယများကို တစ်ခုပြီးတစ်ခု ရှင်းပြလိုက်သည်။

ဘေးမှ ရမ္မနစ်ဂီသည် ပို၍ပို၍ အံ့အားသင့်သွားသည်။ ဒီ အာသာဆိုတဲ့ အလုပ်သင်က မခေဘူးပဲ။ သီဝရီဗဟုသုတဘက်ကကြည့်မယ်ဆိုရင် သူ့ရဲ့ ယန္တရားအသိပညာတွေက ပညာရှင်အဆင့် ရောက်နေပြီ။ မဟုတ်ဘူး။ အကြီးတန်း ယန္တရားပညာရှင်တောင် ဒီလောက်အထိ ကျွမ်းကျင်မှာ မဟုတ်ဘူး။

ရမ္မနစ်ဂီက မေးသည်။

“ အာသာ။မင်းရဲ့ဆရာက ဘယ်သူလဲ။ ”

အတိအကျပြောရလျှင် ချန်လွေ့၏ဆရာများမှာ ပြိဿအကြီးအကဲ ဒယ်လောင်၊ စကိုင်းနှင့် တာတာ တို့ ဖြစ်ကြသည်။ သို့သော်လည်း ချန်လွေ့သည် ၎င်းတို့ကို ပြောပြ၍မရသည့်အတွက် အမည်မဖော်လိုသောဆရာတစ်ယောက်ဖြစ်ကြောင်းသာ ရိုးရိုးရှင်းရှင်း ပြောပြခဲ့သည်။

ရမ္မနစ်ဂီက နတ်ဆိုးဘုံ၌ ပုန်းကွယ်နေသော အံ့ဩဖွယ်ရာပုဂ္ဂိုလ်များရှိနေကြောင်း သိသည်။ ဆရာသခင် အများအပြားမှာ လူမသိကြသော်လည်း နာမည်ကျော် အကြီးတန်းဆရာသခင်များထက် နိမ့်ကျလှသည် မဟုတ်ပေ။ ထို့ကြောင့် သူထပ်ပြီး မမေးတော့ပေ။

အပြန်အလှန်ပြောနေရင်း ရမ္မနစ်ဂီသည် အဆင်တန်ဆာအထူးပြု ဝါရင့် ယန္တရားပညာရှင် သို့မဟုတ် ဆရာသခင်တစ်ယောက်ပင် ဖြစ်နိုင်ကြောင်း ချန်လွေ့ အတည်ပြုနိုင်ခဲ့သည်။ ချန်လွေ့သည် ချက်ချင်းပင် သူတွေ့ကြုံရလေ့ရှိသော အဆင်တန်ဆာပြုလုပ်ရာ၌ ခက်ခဲသည့်ပြဿနာများကို မေးမြန်းသည်။

ရမ္မနစ်ဂီ ပို၍ပင် အံ့အားသင့်သွားသည်။ “ အာသာ ”၏ မေးခွန်းအချို့မှာ အတော်လေး နုံလှပြီး အချို့သည် အတော်လေးနက်နဲလှသည့်အတွက် သူသေချာစဉ်းစားရလေသည်။ အဲဒီဆရာက ဒီလိုတပည့်ကို ဘယ်လိုသင်ပေးခဲ့တာလဲဆိုတာ ငါတကယ်မသိဘူး။‌ ဖီနီလည်း ကြောင်တောင်တောင် ဖြစ်သွားသည်။သူသည် ထိုစကားဝိုင်းထဲ ချက်ချင်း ဝင်မပါနိုင်ခဲ့ပေ။

အခြေအနေကိုသိသော မွန်ရိုးသာ မျက်လုံးထဲ၌ မနာလိုမှုများ အရောင်လက်နေ၏။

ရမ္မနစ်ဂီသည် လေဟာနယ်လက်စွပ်ထဲမှ “ အခြေခံယန္တရားပညာ ” စာအုပ်ကိုထုတ်ပြီး ချန်လွေ့ကို ငှားလိုက်သည်။ ချန်လွေ့ အလွန်ပျော်ရွှင်သွား၏။ ချန်လွေ့သည် ဆရာသခင်တာတာနှင့် ဆရာသခင်စကိုင်းတို့၏လမ်းညွှန်မှုကို ရရှိထားခဲ့ပြီး လက်တွေ့ အတွေ့အကြုံကြွယ်ဝသော်လည်း အခြေခံဗဟုသုတမှာ အမှန်တကယ်ပင် နည်းပါးလှသည်။ အများစုမှာ [ အထူးစိစစ်မှု ] မှတစ်ဆင့် ကူးယူပြီး အတုခိုးထားခြင်းဖြစ်ပြီး နောက်ကွယ်မှ အကြောင်းရင်းမှာ နားမလည်ပေ။ လက်ရှိ၌ ထိုစာအုပ်သည် လိုအပ်သည့်အချိန်၌ အကူအညီ ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ ဤသုံးယောက်နှင့် ခရီးသွားခြင်းသည် ကံကောင်းခြင်းတစ်ခုပင် ဖြစ်သည်။ချန်လွေ့သည် ရမ္မနစ်ဂီအား အလျင်အမြန် ကျေးဇူးတင်ပြီး သေသေချာချာ ဖတ်နေလိုက်တော့သည်။

ပထမစာမျက်နှာကို ဖွင့်ပြီးသည့်အခါ နိဒါန်း၌ ဘောပင်ဖြင့်ရေးထားသော စကားလုံးအချို့ကို တွေ့လိုက်ရသည်။ ကြိုးစားခြင်းကြောင့် ဖြစ်လာသော ပါရမီရှင် ရမ္မနစ်ဂီ အက်စ်မိုဒက်စ်။

ဖီနီနှင့် မွန်ရိုးတို့ စကားအနည်းငယ် ပြောကြသည်။ သို့သော်လည်း ဖီနီသည် စိတ်ဝင်စားစရာ ကိစ္စတစ်ရပ်ကိုမတွေ့‌ရကြောင်း ခံစားမိသည်။ ပျင်းရိမှုကြောင့် သူသည် သိုလှောင်လက်ပတ်ထဲမှ ယန္တရားပညာစာအုပ်တစ်အုပ်ထုတ်ကာ ဖတ်နေလိုက်တော့သည်။

ရမ္မနစ်ဂီ လေးစားပြီးနောက် မျက်လုံးကိုပိတ်ကာ တမှေးအိပ်တော့သည်။

ဖီနီသည် စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်နေပြီး မျက်လုံးများ ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ချန်လွေ့ကိုတွေ့သည့်အခါ သူ၏မျက်လုံးများ တံ့သွားခဲ့သည်။

ချန်လွေ့က “ အခြေခံ ယန္တရားပညာ ” စာအုပ်ကို အလျင်အမြန် လှန်လျောနေသည်ကို သူတွေ့လိုက်ရသည်။ အမြန်နှုန်းမှာ စာဖတ်နေခြင်းကဲ့သို့ မဟုတ်ဘဲ လှန်လျောနေခြင်း နှင့်သာ တူသည်။ နာရီဝက်ကျော်ကြာပြီးသည့်အခါ စာအုပ်တစ်အုပ်လုံးကို လှန်လျော ပြီးသွားခဲ့သည်။

လှန်လျောပြီးနောက် ချန်လွေ့သည် မျက်လုံးများကို ပိတ်လိုက်သည်။[ အထူးစိစစ်မှု ] အစွမ်းကြောင့် သူ၏ဦးနှောက်သည် အသိဉာဏ်ရှိ ကွန်ပျူတာကဲ့သို့ဖြစ်‌နေပြီး အချက်အလက် အသစ်များကို စုပ်ယူကာ စီစဉ်တော့သည်။ထို့နောက် တဖြည်းဖြည်းနှင့် ၎င်းတို့သည် ခိုင်မာသွားပြီး မှတ်ဉာဏ်ကို တိုးတက်သွားစေသည်။

စာအုပ်ကိုဖတ်ပြီးသည့်အခါ ချန်လွေ့သည် မိမိ၏ အခြေခံဗဟုသုတ လိုအပ်ချက်ကို ဖြည့်တင်းနိုင်ခဲ့သည်။သူ အလွန်ပျော်သွားပြီး ‌စိတ်သက်သာရာ ရသွားသည်။ထို့နောက် ဖီနီက သူ့ကိုစိုက်ကြည့်နေပြီး ကြောင်တောင်တောင် ဖြစ်နေသည်ကို ချန်လွေ့ တွေ့လိုက်သည်။ဖီနီက ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်သည်။

“ ခုနက.... ရှင် စာဖတ်ပြီးသွားတာလား။ ”

“ အဲလိုပါပဲ။ ”

ချန်လွေ့ ခေါင်းကုတ်ပြီး အလွန်အကျံ လုပ်မိသွားကြောင်း သိလိုက်သည်။ သို့သော်လည်း ထိုကဲ့သို့ စာအုပ်မျိုးကို ဈေးကွက်ထဲ၌ မရောင်းချပေ။ ယန္တရားဆရာသခင်အချို့၌သာ ရှိကြသည်။စကိုင်းနှင့် တာတာတို့၌ပင် မရှိကြပေ။( တစ်ယောက်က မရှိတာ။ နောက်တစ်ယောက်က တပည့် လက်မခံဘူး။အဲဒါကြောင့် သူသယ်မလာတာ )။ ရှားပါးအခွင့်အရေးဖြစ်သည့်အတွက် ချန်လွေ့ သိပ်ပြီး စိတ်ထဲ မထားတော့ပေ။

“ ဒီလိုပါ။မပြည့်စုံတဲ့ “အခြေခံယန္တရားပညာ” စာအုပ်ကို ငါအရင်က ဖတ်ဖူးတယ်။အဲဒါကြောင့်ပါ။တစ်ခါမှ မဖတ်ရသေးတဲ့စာကို ဖတ်ပြီးသွားတာ မဟုတ်ပါဘူး။ ”

ချန်လွေ့၏ ဆင်ခြေမှာ မရှင်းလင်းပေ။ ဖတ်ပြီးရန်အတွက်သာဆိုလျှင် သူသည် ပုံမှန်အမြန်နှုန်းအတိုင်း တစ်ရွက် လှန်လျောစရာမလိုဘဲ မပြည့်စုံသည့် အပိုင်းများကိုသာ သေသေချာချာ ဖတ်ရှုသင့်ပေသည်။

ဖီနီက မျက်လုံးတစ်ချက်လှည့်ပြီး စာအုပ်သုံးအုပ် ထုတ်ပြလိုက်သည်။

“ အစ်ကိုအာသာ။ကျွန်မမှာ အထူးပြုသုံးခုလုံး မှတ်တမ်းပြုစုထားတဲ့ “ အဆင့်မြင့်ယန္တရားပညာ ” စာအုပ်သုံးအုပ်ရှိတယ်။ရှင် ဒါတွေကို ဖတ်ပြီးသွားပြီလား။ ”

ထိုစာအုပ်များမှာ ပို၍ပင် ရှားပါးသည်။ ၎င်းတို့သည် အဆင့်မြင့် စာအုပ်များ ဖြစ်ကြသည်။ သတ္တု၊သားရေးနှင့် အဆင်တန်ဆာ ဟူသည့် အထူးပြုသုံးမျိုးစလုံးကို စုဆောင်းထားသော စာအုပ်များမှာ ပို၍ပင် ရှားပါးလေသည်။ ချန်လွေ့သည် ထိုစာအုပ်များကို သွားရည်ကျနေပြီး ခေါင်းကို အလျင်အမြန် ခါလိုက်သည်။

“ တစ်ခါမှ မဖတ်ဖူးဘူး။ငါ့ကို ငှားနိုင်မလား။ ”

“ ကိစ္စမရှိပါဘူး။ ”

ဖီနီသည် အလွန်ပင် ရက်ရောလှသည်။သို့သော်လည်း သူသည် အမြော်အမြင်ကြီးစွာ ပြုံးလိုက်သည်။

“ ဒါပေမဲ့ ကျွန်မ ရှင့်ရဲ့ “ အခြေခံယန္တရား ” ဗသုသုတတွေကို အရင်စမ်းသပ်ကြည့် ချင်တယ်။ အကုန်လုံး မှန်အောင်ဖြေနိုင်ရင် ကျွန်မရှင့်ကို ဒီစာအုပ်သုံးအုပ် ငှားမယ်။ ”

“ ....ကောင်းပြီလေ။ ”

အမေးအဖြေ ပြုလုပ်ပြီးနောက် ဖီရီ၏မျက်လုံးထဲ၌ ကြယ်ပွင့်များ ပြည့်နှက်သွားသည်။ သူက အကုန်လုံး မှန်အောင် ဖြေနိုင်တာပဲ။ငါတမင်မေးခဲ့တဲ့ မေးခွန်းအခက်တွေ ကိုတောင် မှန်အောင် ဖြေနိုင်တယ်။

မွန်ရိုးသည် အထင်အမြင်သေးနေသည်။ တော်တော်ဆိုးတဲ့ မိန်းမပိုးပန်းနည်းပဲ။သူက အဲဒီစာအုပ်ကို အလွတ်ရနေတာကြာပြီ။ ခုနက သူပြောခဲ့တာတွေ အကုန်လုံး ဆင်ခြေတွေချည်းပဲ။

ချန်လွေ့သည် “ အဆင့်မြင့်ယန္တရားပညာ ” စာအုပ်သုံးအုပ်ကို ပျော်ရွှင်စွာ လက်ခံလိုက်သည်။ ထို့နောက် ဖီနီပြောသည်ကို ကြားလိုက်ရသည်။

“ ကျွန်မကို တစ်နာရီအတွင်း ပြန်ပေး။ ”

ချန်လွေ့ အနည်းငယ် ပြောစရာစကားမဲ့သွားသည်။ထိုကဲ့သို့ အဖိုးတန်စာအုပ်များ အတွက် သူသည် စာအုပ်ကို တစ်ရွက်ချင်း လှန်ရမည် ဖြစ်သည်။ မယ်ဂရီဇ် အခြေအနေသို့ ရောက်ရှိပြီးနောက် ချန်လွေ့၏စိတ်ဝိညာဉ် အရည်အသွေး တော်တော်လေး ပြောင်းလဲသွားသည်။ မြေဒြပ်စင်နှလုံးသားနှင့်အတူ [ အထူးစိစစ်မှု ] ကို တစ်ရက်လျှင် ငါးကြိမ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ထို့ကြောင့် ထိုစာအုပ် အနည်းငယ်သည် ပြဿနာ မဟုတ်ပေ။

စာအုပ်သုံးအုပ်ကိုလှန်လျောကာ “ အဆင့်မြင့်ယန္တရားပညာ ” အသိပညာများကို [ အထူးစိစစ်မှု ] နှင့် ခြေဖျက်ပြီးနောက် ချန်လွေ့သည် စိတ်မကောင်းဟန်ဆောင်လျက် ခေါင်းခါရင်း ဖီနိကို စာအုပ်များ ပြန်ပေးလိုက်သည်။

“ ဒီစာအုပ်တွေက တော်တော်နက်နဲတယ်။အခြေခံထက် အများကြီး ခက်ခဲတယ်။ငါ တကယ် နားမလည်တော့ဘူး။ငါမင်းကို ပြန်ပေးပြီ။ ”

“ နားမလည်ရင် ဘာလို့ တစ်ရွက်ချင်း လှန်နေရသေးတာလဲ။ ”

ဖီနီသည် မယုံသင်္ကာ ဖြစ်နေပုံရသည်။

ချန်လွေ့ ပုခုံးတွန့်လိုက်သည်။

“ ငါက သိချင်ရုံပါ။ ”

မျက်လုံးပိတ်ထားသော ရမ္မနစ်ဂီက မျက်လုံးများ ဖွင့်လိုက်သည်။

“ အာသာ။ခုနက မင်းရဲ့ မှော်အစီအရင် ပြဿနာအတွက် ငါ အဖြေတစ်ခု စဉ်းစားမိပြီ။ ၃ခုမြောက် အခြေခံမျဉ်းကို ၅ခုမြောက်အခြေခံမျဉ်းဆီ တည့်တည့် ဆန့်တန်းလိုက်။ ၈ခုနဲ့ ၉ခုမြောက် အခြေခံမျဉ်းတွေကို ဖယ်ရှားလိုက်။ ဒါ‌ဆိုရင် ပြီးပြည့်စုံတဲ့ ရေကာကွယ်ရေး မှော်အစီအရင်ကို ရနိုင်တယ်။ ”

ချန်လွေ့ ခဏစဉ်းစားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ ၃ခုမြောက် အခြေခံမျဉ်းကို ၇ခုမြောက် အခြေခံမျဉ်းအထိ ဆွဲဆန့်သင့်တယ်လို့ ကျုပ်ထင်တယ်။ ၈ခုမြောက် အခြေခံမျဉ်းကို ချန်ထားပြီးတော့ ၉ခုမြောက်ကို ဖယ်ရှားလိုက်မယ်ဆိုရင်....ပိုပြီးတော့ ကောင်းမလားလို့။ ”

ရမ္မနစ်ဂီက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူသည် စူးစမ်းသောလေသံဖြင့် မေးခွန်းအနည်းငယ်ကို ဆွေးနွေးရာ သူ၏စိတ်ထဲ၌ ပို၍ပို၍ အံ့အားသင့်သွားသည်။ အာသာက တကယ်ပဲ ခုနကစာအုပ်တွေအားလုံးကို နားလည်သွားတာလား။ ဒီလို အချိန်တိုအတွင်းမှာလား။မဖြစ်နိုင်တာပဲ။

စာအုပ်ထဲမှာပါတဲ့ နာမည်ကနေ ငါဘယ်သူလဲ‌ဆိုတာ အာသာ သိနှင့်နေလောက်ပြီ။သူက တမင် ဒါကို အသုံးချပြီးတော့ ရင်းနှီးဖို့လုပ်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ။ရမ္မနစ်ဂီဆိုတဲ့နာမည်က အရိပ်နက် အင်ပါယာရဲ့ အိမ်ထောင်စုနာမည်ပဲ။ နာမည်တူတွေ အများကြီးရှိနေပေမဲ့ ယန္တရားအစည်းအရုံးရဲ့ အကြီးတန်းဆရာသခင်တွေထဲမှာ ရမ္မနစ်ဂီ အက်စ်မိုဒက်စ် ဆိုတာက ငါတစ်ယောက်တည်း ရှိတယ်။

ဒါပေမဲ့ ဒီအလုပ်သင်တပည့်က ယန္တရားပညာရှင် ဝတ်ရုံပြောင်းလိုက်သင့်တယ်။သူ့ရဲ့ နားလည်သဘောပေါက်မှုအရတော့ သူက တော်တော်လေး ပါရမီရှိတယ်။

“ ဒါနဲ့။လူကြီးမင်း။ကျုပ် ခင်ဗျားကို ဒီစာအုပ် ပြန်ပေးပါတယ်။ ”

ချန်လွေ့က “ အခြေခံယန္တရားပညာ ” စာအုပ်ကို ရမ္မနစ်ဂီဆီ ပြန်ပေးလိုက်သည်။

“ လူကြီးမင်းရဲ့ စေတနာအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ”

ရမ္မနစ်ဂီက ခေါင်းခါသည်။

“ ငါမင်းကို စာအုပ်ပေးလိုက်မယ်။ ”

မွန်ရိုး ထိတ်လန့်သွား၏။ ဆရာသခင် ရမ္မနစ်ဂီရဲ့ အဆင့်အတန်းနဲ့ အဲဒီမဟာနတ်ဆိုးကို စာအုပ် တကယ်ပေးလိုက်တယ်။ ကြည့်ရတာ......

အမှန်တကယ်၌ “ အခြေခံယန္တရားပညာ ” စာအုပ်ထဲရှိသမျှကို [ အထူးစိစစ်မှု ] ဖြင့် ကူးယူထားခဲ့ပြီး ဖြစ်သည်။ ထိုစာအုပ်သည် ချန်လွေ့အတွက် အသုံးမလိုတော့ပေ။ သို့သော်လည်း ရမ္မနစ်ဂီက စေတနာနှင့်ပေးသည့်အတွက် မငြင်းကောင်းပေ။ထို့ကြောင့် ချန်လွေ့သည် ရမ္မနစ်ဂီကို အလျင်အမြန် ကျေးဇူးတင်လိုက်သည်။

“ မြို့တော်က ယန္တရားပညာပြိုင်ပွဲအကြောင်း မင်းကြားပြီးပြီလို့ ထင်ပါတယ်။ ”

ရမ္မနစ်ဂီက ချန်လွေ့ကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်နေလိုက်သည်။

“ မင်းမှာ အလားအလာကောင်းရှိတယ်။ယန္တရားပညာရှင်အဖြစ် ထောက်ခံချက်ရပြီးရင် ပြိုင်ပွဲမှာ ပါဝင်ဖို့ မျှော်လင့်တယ်။ ”

ဆရာသခင်က အာသာအပေါ် တော်တော်လေး အမြင်ကောင်း ရှိနေတဲ့ပုံပဲ။ မွန်ရိုး အံ့အားသင့်သွားပြန်သည်။ နေရာအနှံ့အပြားမှ ယန္တရားပညာရှင်များကို ဆွဲဆောင်နေသည့် ထိုပြိုင်ပွဲ၏ အကြောင်းရင်းမှာ ယန္တရားအစည်းအရုံးမှ ဆရာသခင်များက အနိုင်ရရှိသူများထဲမှ ဆက်ခံသူများကို ရွေးချယ်မည်ဖြစ်၍ပင် ဖြစ်သည်။

ချန်လွေ့၏ ယခုတစ်ခေါက် ပစ်မှတ်မှာ ကတ်စကာမိသားစုဖြစ်ပြီး ယန္တရားပညာပြိုင်ပွဲကို သိပ်ပြီး စိတ်ဝင်စားမှု မရှိပေ။ ထို့ကြောင့် ပုံမှန်အတိုင်း သူသဘောတူလိုက်သည်။

ထိုကဲ့သို့ ပုံမှန်အမူအရာသည် ရမ္မနစ်ဂီကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ထိုအလုပ်သင်တပည့်၏စိတ်ကို သူနားမလည်နိုင်ခဲ့ပေ။သို့သော်လည်း သူထပ်ပြီး မပြောခဲ့ပေ။အကြီးတန်း ယန္တရားဆရာသခင် တစ်ယောက်အနေဖြင့် သူသည် ယန္တရား အလုပ်သင်တပည့်တစ်ယောက်ကို ဤမျှလောက်သာ ပြောနိုင်သည်။ထိုတပည့်တွင် အလားအလာရှိသော်လည်း သူသည် လုံလုံလောက်လောက် လမ်းညွှန်မှု ပေးပြီးပြီ ဖြစ်သည်။

ပျင်းရိစရာနှင့် စိတ်ဝင်စားစရာမကောင်း ဖြစ်သင့်သည့် ခရီးလမ်းအတွင်း၌ ချန်လွေ့သည် မမျှော်လင့်ဘဲ အလိုအပ်ဆုံးဖြစ်သော ယန္တရားပညာဆိုင်ရာ သီဝရီအသိပညာများကို ရရှိခဲ့သည်။၎င်းသည် လက်တွေ့ အတွေ့အကြုံ ရင့်ကျက်နေသော ချန်လွေ့ကို ပို၍ပြည့်ဝသွားစေသည်။ မြို့တော်သို့ ရောက်ရန် ရက်အနည်းငယ် လိုနေသေးသည်။ ချန်လွေ့သည် ဖီနီနှင့် စကားမပြောချင်တော့သည့် အတွက် မှိန်းနေဟန်ဆောင်ကာ စူပါစနစ်ထဲ ဝင်သွားလိုက်သည်။

ထို့နောက် သန့်စင်ရုံထဲသို့ဝင်ရန် ရွေးချယ်လိုက်သည်။

သန့်စင်ရုံသည် ပန်းပဲဆိုင်နှင့် အတော်လေး ဆင်တူသည်။ အလယ်ဗဟို၌ မီးသင်္ကေတ ရှိသည်။ သန့်စင်ရုံ တံခါးနား ရောက်သည့်အခါ အလင်းမျက်နှာပြင်ပေါ်၌ ပုံသွင်းထုလုပ်ခြင်းနှင့် အလိုအလျောက်သန့်စင်ခြင်းဟူသော ရွေးစရာနှစ်ခု ရှိနေသည်။“ အလိုအလျောက်သန့်စင်ခြင်း ” ကို ရွေးချယ်လျှင် ပစ္စည်းများထားရန်အတွက် နေရာလွတ်ထဲသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။သက်ဆိုင်ရာ ပုံကြမ်းများနှင့် အမယ်များကို နေရာချပြီးနောက် ချပ်ဝပ်အဆင်တန်ဆာကို အလိုအလျောက် ဖန်တီးမည် ဖြစ်သည်။ ချန်လွေ့သည် “ ပုံသွင်းထုလုပ်ခြင်း ” ကို ရွေးချယ်လိုက်ပြီး သန့်စင်ရုံတံခါး ပွင့်သွားသည်။အတွင်းတွင် နေရာအကျယ်ကြီး ရှိသည်။ထိုထဲတွင် သူသည် ယန္တရားပညာအတွက်သာမက ဆေးရည်များအတွက်လည်း အမျိုးမျိုးသော ကိရိယာကို စိတ်ဖြင့်ဖန်တီးနိုင်သည်။

အံ့ဩဖွယ်ရာ လုပ်ဆောင်ချက်များမှာ ထိုမျှသာ မဟုတ်ပေ။သန့်စင်ရုံတွင် လေ့ကျင့်ရေးကွင်းနှင့် သိုလှောင်ခန်းနှင့် အလိုအလျောက် ချိတ်ဆက်နိုင်သော ချိတ်ဆက်လုပ်ဆောင်ချက်တစ်ခု ရှိသည်။ ချန်လွေ့သည် သိုလှောင်ခန်းထဲမှ ပစ္စည်းများကို ယူ၍လည်းရသလို ပြန်သိမ်း၍လည်းရသည်။ ထို့ပြင် လေ့ကျင့်ရေးကွင်း၏ အချိန်ဥပဒေသကိုလည်း အခွင့်အရေး ယူ၍ရသည်။ သို့သော်လည်း လေ့ကျင့်ရေးကွင်းနှင့်ချိတ်ဆက်လိုက်သည့်အခါ အရှိန်အဝါကုန်ကျမှု နှစ်ဆတိုးသွားမည် ဖြစ်သည်။ ဥပမာပြောရလျှင် တစ်ရက် အသုံးပြုခ အရှိန်အဝါ ငါးထောင်မှာ တစ်သောင်းဖြစ်သွားပေမည်။

ချန်လွေ့သည် ‌ထိုနေရာထဲသို့ စိတ်စေပြီး ဝင်လိုက်သည်။ ထို့နောက် ကုလားထိုင်များ၊စားပွဲများ၊အဆင်တန်ဆာများနှင့် မှော်ပစ္စည်းများပြုလုပ်‌‌သော အသေးစိတ်ကိရိယာအမျိုးမျိုး ဖြစ်ပေါ်လာသည်။ ချန်လွေ့သည် သိုလှောင်ခန်းထဲမှ ကုန်ကြမ်းပစ္စည်းများကို ထုတ်ကာ စတင်စမ်းသပ်မှုပြုလုပ်တော့သည်။

သန့်စင်ရုံတွင် ကျွမ်းကျင်မှုနှင့် နားလည်သဘောပေါက်မှုအပေါ် ထပ်တိုး ထောက်ပံ့ပေးသော အထူးလုပ်ဆောင်ချက်တစ်ခု ရှိသည်။ အဆက်မပြတ် ပြုလုပ်နေရင်း ချန်လွေ့လက်ရာသည် အလျင်အမြန် ပိုမိုကောင်းမွန်လာခဲ့သည်။

All Chapters