← Chapters

ယန္တရားပညာပြိုင်ပွဲ။ ဆက်ခံသူတစ်ယောက်ဖြစ်လာရန် အဓိကသော့ချက်

Vol. 17 Ch. 249

ယန္တရားပညာပြိုင်ပွဲ။ ဆက်ခံသူတစ်ယောက်ဖြစ်လာရန် အဓိကသော့ချက်

Vol. 17 Ch. 249

၇ရက်ကြာပြီးနောက် မြင်းလှည်းသည် နောက်ဆုံးခရီးပန်းတိုင်ဖြစ်သော မြို့တော်သို့ ရောက်ရှိသွားတော့သည်။

အင်ပါယာသုံးခု၏ မြို့တော်များကို တိုင်းပြည်နာမည် တိုက်ရိုက်ပေးထားခြင်း ဖြစ်သည်။ အရိပ်နက်မြို့တော်၏ ကြီးပွားချမ်းသာပုံသည် ချန်လွေ့ ထင်ထားသည်ထက် အများကြီး သာလွန်သည်။ မြင်းလှည်းသည် ဆင်ခြေဖုံးရှိ ဌာနတစ်ခုတွင် ရပ်တန့်လိုက်သည်။ သို့သော်လည်း အဝင်အထွက် ပြုလုပ်နေသူများနှင့် နေအိမ်များ တစ်အိမ်စ နှစ်အိမ်စကို တွေ့မြင်နေရပြီ ဖြစ်သည်။ လမ်းများကို အရည်အသွေးမြင့် ကျောက်ဖြူနှင့် သက်ဆိုင်ရာ ကုန်ကြမ်းများရောစပ်ကာ ခင်းထားသည်။ ၎င်းသည် အခြားလောကမှ အင်္ဂတေလမ်းထက် ပို၍ခိုင်ခံ့ပြီး ပိုပြီးလိုက်ဖက်ကာ ကြီးကျယ်ခမ်းနား လှပေသည်။

ဌာနရှိ အဝေးပြေး မြင်းလှည်းများသည် မြို့ဂိတ်ကို ဝင်ခွင့်မရှိပေ။မြို့တော်ထဲတွင် လွတ်လွတ်လပ်လပ် သွားလာ၍ရသော နောက်ထပ် ပေါ့ပါးသည့် ကုလားအုတ် လှည်းများ ရှိသည်။

ဖီနီက ခြေလက်များ ဆန့်လိုက်သည်။

“ ဒီရက်ပိုင်း ပင်ပန်းလိုက်တာ။အိမ်ပြန်ရောက်ရင် ကောင်းကောင်းကြီး အိပ်ပစ်ရမယ်။ ”

ချန်လွေ့ ပြုံးလိုက်သည်။

“ ဆာ-ရမ္မနစ်ဂီ။ခင်ဗျားရဲ့ လက်ဆောင်နဲ့ လမ်းညွှန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် ဆွေမျိုးတစ်ယောက်ရဲ့အိမ်ကို သွားရမှာမို့လို့ အရင်သွားလိုက်ပါဦးမယ်။ ”

ရမ္မနစ်ဂီ ခေါင်းညိတ်ပြသည်။

“ မင်း အမြန်ဆုံး ယန္တရားပညာ ထောက်ခံချက် ရပါစေလို့ မျှော်လင့်ပါတယ်။ဒီမှာ တံဆိပ်ပြား။ယူထားလိုက်။ယန္တရားပြိုင်ပွဲမှာ မင်း ပါဝင်ချင်တယ်‌ဆိုရင် ကြိုတင် စာရင်းသွင်းစရာ မလိုဘဲနဲ့ ဝင်ပြိုင်လို့ရတယ်။ငါတို့ကို မြင်းလှည်းစီးခွင့်ပေးပြီးတော့ မင်းရဲ့ အရသာရှိတဲ့ဝိုင်ကို ပေးသောက်တဲ့အတွက် ကျေးဇူးတင်တာလို့ သဘောထားလိုက်။ ”

ချန်လွေ့သည် တံဆိပ်ပြားကိုယူပြီး ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် ဦးညွှတ်လိုက်သည်။ သူသည် ယခင်နေ့ရက်များတွင် သန့်စင်ရုံထဲ၌ လေ့ကျင့်နေသည့် အတွက် ဖီနီနှင့် စကားသိပ်ပြီး မပြောဖြစ်တော့ပေ။ဖီနီသည် ချန်လွေ့အား လက်ခါပြီး နှုတ်ဆက်ခဲ့သည်။မွန်ရိုးမှာမူ ပုံမှန်အတိုင်းသာ ဖြစ်သည်။သူသည် လှည်းတစ်စီးငှားပြီး ရမ္မနစ်ဂီနှင့် ဖီနီတို့နှင့်အတူ ထွက်သွားလိုက်သည်။

ချန်လွေ့သည် အရိပ်နက်မြို့တော်ကို လှည့်ပတ်ကြည့်ချင်သည့်အတွက် လမ်းလျှောက်သွားခဲ့သည်။သူရှေ့သို့သွားလေလေ ပျားပန်းခပ်မျှ လှုပ်ရှားနေသော မြို့တော်ကို သူခံစားမိလေလေပင် ဖြစ်သည်။ အရိပ်နက်မြို့တော်သည် မြေပြန့်ပေါ်တွင်ရှိသည်။ အတိုင်းအတာအရ အမှောင်လမြို့တော်သည် ကြယ်ကြွေတမန် အင်ပါယာ၌ ရွှေထီးဆောင်း နေ့ရက်များတွင် နာမည်ကျော်ဖူးခဲ့သော်လည်း နိမ့်ကျနေဆဲပင် ဖြစ်သည်။ချမ်းသာဝပြောမှုအရ အရိပ်နက်မြို့တော်နှင့်ယှဉ်လျှင် အမှောင်လမြို့သည် ချောင်ကျသော မြို့ငယ်လေး တစ်ခုသာ ဖြစ်သည်။

မြင့်မားပြီး ခိုင်မာသော တံတိုင်းကြီးများသည် ခမ်းနားထည်ဝါနေပြီး အက်စ်မိုဒက်စ် တော်ဝင်မိသားစုကို ကိုယ်စားပြုသော အနက်ရောင်ဇာမဏီ အလံမှာ လေထဲ၌ လွင့်နေ၏။ လှံတံများရှိသော မြို့စောင့်တပ်သည် မြို့တံတိုင်းပေါ်တွင် သပ်သပ်ရပ်ရပ် စီတန်းထားပြီး အားလုံးကငွေချပ်ကာများ ဝတ်ဆင်ထားကြသည်။မြို့ဂိတ်ရှိ စစ်ဆေးရေးသည် စံပြုစရာဖြစ်ပြီး အလွန်တင်းကြပ်လှသည်။ ငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူကိစ္စများ တွေ့ရခဲသည်။ ယန္တရားပြိုင်ပွဲ နီးကပ်လာပြီ ဖြစ်သည့်အတွက် နေရာအသီးသီးမှ မြို့တော်သို့လာသော ယန္တရားပညာရှင်းများ အသွားအလာ အဆက်မပြတ် ရှိနေကြသည်။ ချန်လွေ့သည် ယန္တရားအလုပ်သင်အဖြစ် အလွယ်တကူ ဖြတ်သန်းသွားနိုင်ခဲ့သည်။

နေရာကျယ်ဝန်းလှသည့်အတွက် အဓိကလမ်းမကြီးမှလွဲ၍ လမ်းကြီးနှင့် လမ်းငယ်များမှာ ပင့်ကူအိမ်ကဲ့သို့ပင် ရှုပ်ထွေးနေသည်။အမျိုးမျိုးသော ဈေးဆိုင်နှင့် အိမ်များမှာ တလက်လက် တောက်ပနေကြသည်။ချန်လွေ့သည် မှော်သံလိုက် အိမ်မြှောင်အား အထောက်အပံ့အဖြစ် အသုံးပြုရသည်။ဒေသခံများက ထိုကဲ့သို့ အပြုအမူမျိုးကို မြင်သည့်အခါ “ ဟိုတောသားကို ကြည့်လိုက်ဦး ” ဟူသော အထင်အမြင်သေးသည့် အပြုံးပြီး ပြုံးတတ်ကြပြီး မြို့ပြ၏ အဆင့်အတန်းမြှင့်မားမှုကို ဖုံးကွယ်မထားဘဲ ပြသကြသည်။

သို့သော်လည်း မည်သည့်နေရာ၌မဆို ထိုကဲ့သို့သာ ဖြစ်သည်။လတ်ဆတ်မှုနှင့် ညစ်နွမ်းမှုသည် တစ်လှည့်စီ လာတတ်ကြသည်။ချမ်းသာဝပြောမှုသည် အမှောင်ထုနှင့် အန္တရာယ်ကို မဖုံးကွယ်နိုင်ပေ။၎င်းကို ချန်လွေ့ ကောင်းကောင်းသိသည်။

မြို့တော်ကို အတွင်းမြို့နှင့် အပြင်မြို့ဟူ၍ ပိုင်းခြားထားသည်။ဈေးဆိုင်များနှင့် လူနေအိမ်နယ်မြေများသည် အပြင်မြို့၌ တည်ရှိကြသည်။အတွင်းမြို့တွင် အဓိကအားဖြင့် တော်ဝင်မျိုးနွယ်များနှင့် လူချမ်းသာများ နေကြသည်။အဘက်ဘက်သို့ ငုံ့ကြည့်၍ရသော အလယ်ဗဟိုရှိ တောင်ပေါ်တွင် အမြင့်‌ဆုံး အဆောက်အအုံဖြစ်သည့် နန်းတော် တည်ရှိ၏။

ကတ်စတာမိသားစုကို အရိပ်နက်မြို့တော်၏ ထိပ်တန်း စီးပွားရေးမိသားစုဟု ခေါ်တွင်ကြသည်။သူတို့၏ ဌာနာချုပ်မှာ အတွင်းမြို့၌ တည်ရှိသည်။သို့သော်လည်း ခီရာပို့လိုက်သည့် သတင်းအချက်အလက်အရ ဗိုလ်ချုပ်ဂျော့ခ်ျ ကယ်တင်ခဲ့သော ဒီရော်သည် အတွင်းမြို့ရှိ “ အိမ်ဟောင်း ” ကို မကြိုက်ပေ။ယခုတွင် သူသည် အပြင်မြို့ရှိ အလုပ်များဆုံး တောင်ပိုင်း၌ နေနေသည်။

ထိုနေအိမ်ကို ရှာတွေ့သွားပြီးနောက် တံခါးဘေးတွင် အစောင့်အများအပြား ရှိနေသည်ကို ချန်လွေ့ တွေ့လိုက်ရသည်။ ဒီရော်က သေတော့မလို ဖြစ်ပြီးတော့ ပိုပြီး သတိရှိသွားတဲ့ပုံပဲ။

ဂိတ်ထဲဝင်သည့်အခါ ချန်လွေ့ကို အစောင့်များ တားကြသည်။

“ ခီရာရဲ့မိတ်ဆွေ လာတွေ့တယ်လို့ မစ္စတာ ဒီရော်ကို ပြောပေးပါ။ ”

အစောင့်သည် ချန်လွေ့ ခဏကြည့်ပြီး သရော်ပြုံး ပြုံးလိုက်သည်။

“ မင်းလား။မင်းလို ဘာမှမဟုတ်တဲ့ အလုပ်သင်တစ်ယောက်က မစ္စတာ ဒီရော်ကို တွေ့ချင်တယ်လား။ ”

အခြားအစောင့်တစ်ယောက်က ရယ်ရင်း ပြောသည်။

“ သူက မစ်-ခီရာနဲ့လည်း သိတယ်လို့ပြောတယ်။ ”

“ ကျုပ်က မစ်-ခီရာရဲ့ မိတ်ဆွေအစစ်ပါ။ဘာလို့....... ”

ချန်လွေ့က သလင်းကျောက်နက်ဒင်္ဂါး လက်တစ်ဆုပ်စာ ထုတ်လိုက်သည်။

“ ကျုပ်နဲ့လာတွေ့ဖို့ မစ်-ခီရာကို ဒီခေါ်လာတဲ့ ဘယ်သူမဆို ဒီသလင်းကျောက်နက် ဒင်္ဂါးတွေကို ရမယ်။ ”

အစောင့်များ၏မျက်လုံးများ အရောင်တောက်သွားကြသည်။ စုစုပေါင်း သလင်းကျောက်နက် ဒင်္ဂါး ဆယ်ပြားရှိပြီး ၎င်းမှာ ပွပေါက်တစ်ခုပင် ဖြစ်သည်။ ထို့ပြင် ၎င်းသည် ခီရာအား ဂိတ်တံခါးအထိ ခေါ်လာရန်သာ ဖြစ်သည်။ အစောင့် အများကြီးလည်း ရှိနေသည့်အတွက် ချန်လွေ့ လှည့်စားမည်ကို သူတို့ မစိုးရိမ်ကြပေ။

မကြာမီ ဂိတ်တံခါးသို့ ခီရာ ရောက်ရှိလာသည်။ချန်လွေ့သည် ကတိအတိုင်းပင် အမြန်ဆုံး တုံ့ပြန်သော အစောင့်‘ဂျွန်’ကို သလင်းကျောက်နက် ဒင်္ဂါးများ ပေးခဲ့ရာ အခြားသူများ မနာလို ဖြစ်သွားကြသည်။

ခီရာသည် ယခင်ကကဲ့သို့ ဆွဲဆောင်မှုရှိသော မာယာရှင်တစ်ယောက်ပင် ဖြစ်နေသေးသည်။ ပုံမှန် အစေခံဝတ်စုံနေရာ၌ တန်ဖိုးကြီးပစ္စည်းများဖြင့် ပြုလုပ်ထားသော ဂါဝန်ရှည်ကို အစားထိုးထားသည်။ ကိုယ်ကျပ် အဝတ်အစားများက သူ၏ကောက်ကြောင်းများကို ပို၍ပေါ်လွင်နေစေသည်။ သူသည် ပုံမှန်အတိုင်း ခါးကိုယိမ်းတတ်သော်လည်း သူ၏လှုပ်ရှားမှုများမှာ ညှို့ဓာတ်များ ပြည့်နှက်နေ၏။ အကြည့်တစ်ချက်ပင် ယောက်ျားသားများကို သွေးဆူစေသည်။ ခီရာ ရောက်ရှိ လာသောအခါ ခီရာသည် အစောင့်တို့၏ အာရုံစိုက်စရာ ဖြစ်သွားကြပြီး သတင်းသွားပို့သော ဂျွန်ကို ပို၍ပင် မနာလို ဖြစ်သွားကြသည်။ သူက မစ်-ခီရာနဲ့လည်း စကားပြောခွင့်ရတယ်။ သလင်းကျောက်နက် ဒင်္ဂါးလည်းရတယ်။ သူကတကယ် ကံကောင်းတာပဲ။

ခီရာသည် မိတ်ဆွေဟုပြောသော မဟာနတ်‌ဆိုးကိုကြည့်ပြီး သံသယဝင်သွားသည်။ သူတစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ထိုလူက ပြောသည်။

“ မစ်-ခီရာ။ကျုပ်ကို မမှတ်မိဘူး။ငါက ဂါ့စ်ရဲ့ မိတ်ဆွေ အာသာလေ။ ”

ဂါ့စ်၏နာမည်ကြားသည့်အခါ ခီရာသည် ရုတ်တရက် သဘောပေါက်သလို ဖြစ်သွား၏။ ထို့နောက် သူသည် ချန်လွေ့အား သုံးလေးခေါက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“ ဟုတ်ပြီ။ကျွန်မနဲ့ လိုက်ခဲ့။ ”

ချန်လွေ့သည် ခီရာနှင့်အတူ အခြားနေအိမ်သို့ လိုက်သွားသည်။ အခြားနေအိမ်ဟုပြောသော်လည်း ဇိမ်ခံအဆင့်အတန်းသည် အမှောင်လမြို့ နန်းတော်ထက်ပင် သာလွန်သည်။ ခီရာသည် ချန်လွေ့အား အတော်လေး တိတ်ဆိတ်သော နေရာသို့ ခေါ်သွားပြီး ပြောလိုက်သည်။

“ ရှင်ကဘယ်သူလဲ။ဘာလို့ ရှင့်ကိုကျွန်မ တစ်ခါမှ မတွေ့ဖူးရတာလဲ။ ”

“ ငါဘယ်သူလဲဆိုတာ မင်းဂရုစိုက်စရာ မလိုပါဘူး။ ငါ့ရဲ့ လက်ရှိနာမည်က အာသာ။ ငါက တော်ဝင်မင်းသမီးရဲ့ အမိန့်အတိုင်း ဂါ့စ်ရဲ့တာဝန်ကို လွှဲပြောင်းယူပြီးတော့ ဂါ့စ်ဘယ်ရောက်နေလဲ ဆိုတာကို စုံစမ်းဖို့ ရောက်လာတာ။ ”

ချန်လွေ့သည် ခီရာအား “ အာသာ ” ၏ အစီအစဉ်အားလုံးကို လိုက်နာရန် ရှီရာကိုယ်တိုင် လက်မှတ်ထိုးထားသော မှော်ပေးစာကို ပေးလိုက်သည်။

ခီရာ ဖတ်ပြီးသည့်အခါ မှော်ပေးစာကို လက်နှစ်ဖက်ဖြင့် ကမ်းပြီး ချန်လွေ့ကို တရိုတသေ ဦးညွှတ်လိုက်သည်။

“ ဆာ-အာသာ ”

ချန်လွေ့ ခေါင်းညိတ်ပြီး စာကိုယူကာ အစွမ်းအနည်းငယ်သုံးလိုက်ရာ ပြာအဖြစ်ပျံသန်း ပျောက်ကွယ်သွားတော့သည်။ ခီရာ၏မျက်လုံးများ ဘေးဖက်သို့ လှုပ်ရှားသွားသည်။ ခီရာသည် မှော်-ဆန့်ကျင် လက်ထိပ်ဖြင့် ခတ်ထားခံရသော်လည်း အမြင်အာရုံ ကျန်နေသေးသည်။ထိုကဲ့သို့ ဘာမျှမဟုတ်ပုံရသော စွမ်းအားသည် အမြင့်ဆင့်နတ်ဆိုး တစ်ယောက် လုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

နတ်ဆိုးဘုံမှာ နာမည်တူတွေအများကြီးပဲ။ အာသာ လို့ခေါ်တဲ့ လူတွေ မရေမတွက်နိုင်အောင် ရှိတယ်။ မေးစရာရှိတာက တော်ဝင်မင်းသမီးမှာ ဘယ်တုန်းက ဒီလိုလူတစ်ယောက် ရှိသွားတာလဲ။

“ တော်ဝင်မင်းသမီး ဆီကနေ ငါရထားတဲ့ သတင်းတချို့ရှိတယ်။ဒါပေမဲ့ မင်းပြောတာကို ငါအရင်နားထောင်ချင်တယ်။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ဂါ့စ် ဘယ်လို ပျောက်သွားတာလဲ။ ”

ခီရာသည် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ပြောသည်။

ကတ်စတာမိသားစု တည်ထောင်သူ ဆက်ရာမန် ကတ်စတာသည် အရိပ်နက် အင်ပါယာရှိ နာမည်ကြီးတစ်ယောက် ဖြစ်သည်။ သူသည် သာမန်ယန္တရားပညာရှင် တစ်ယောက်သာဖြစ်သော်လည်း ပြောင်းလွယ်ပြင်လွယ်သောစိတ်ရှိပြီး ရဲတင်းသော နည်းဗျူဟာများ ရှိသည့်အတွက် မှော်စတိုးဆိုင် သေးသေးလေးကို ကတ်စတာ မိသားစုကြီးအဖြစ် ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့သည်။ လက်ရှိမိသားစု အကြီးအကဲ ခရော့သည်လည်း လူတော်တစ်ယောက် ဖြစ်သည်။“ တော်ဝင်စစ်ပွဲ ” အတွင်း သူသည် ထိုစဉ်က လူအများမြင့်မြင့် မမှန်းခဲ့ကြသော မင်းသမီး ကတ်သရင်းကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ကာ ပိုက်‌ဆံနှင့် အရင်းအမြစ်များ ထောက်ပံ့ပေးခဲ့သည်။ နောက်ဆုံး၌ ကတ်သရင်းသည် ပုန်ကန်မှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး ထီးနန်းဆက်ခံ ခဲ့သည်။“ အကျိုးပြုခဲ့သော ” ကတ်စတာ မိသားစုသည် ပို၍တည်မြဲသော ရာထူးကို ရရှိလာပြီး ထိပ်တန်းစီးပွားရေး မိသားစုဟူသော နေရာကို မြဲမြဲမြံမြံ သိမ်းပိုက်ခဲ့သည်။

ခရော့သည် အစောပိုင်းနှစ်များ ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး ယခုတွင် နေဝင်ချိန် ရောက်နေပြီဖြစ်သည်။ သူသည် အားနည်းပြီး ဖျားနာနေသည်။ထို့ကြောင့် မိသားစု တာဝန်ကို နောက်မျိုးဆက်ဆီ လွှဲပြောင်းပေးရန် အကြံရလာသည်။ခရော့တွင် သားသုံးယောက်နှင့် သမီးတစ်ယောက် ရှိသည်။ အကြီး‌ဆုံးသားမှာ မြို့တော်၏ ပြည်တွင်းစစ်အတွင်း သေဆုံးသွားခဲ့သည်။ သူ၏ဒုတိယမြောက်သား ဒီရော်သည် သားအကြီး‌ဆုံး ဖြစ်လာသည်။ တတိယမြောက်သားမှာ ဖားလာမို ဖြစ်ပြီး သမီးအငယ်ဆုံးမှာ ဆယ်လင်း ဖြစ်သည်။

အသက်အရဆိုလျှင် ဒီရော်သည် ပထမဆုံးဖြစ်ပြီး ဖားလာမိုမှာ ဒုတိယ၊ ဆယ်လင်းမှာ တတိယ ဖြစ်သည်။ အမှန်တကယ်၌ ခရော့သည် ထိုကလေးသုံးယောက်ကို အားမရပေ။ ဒီရော်သည် သာမန်သာဖြစ်ပြီး မိန်းမများနှင့်သာ ယစ်မူးနေသည်။ယခင်က သူသည် နိုင်ငံရေးအရလက်ထပ်မှုတစ်ခုကြောင့် မိသားစုကို ကျောခိုင်းလုနီးပါး ဖြစ်သွားခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သူသည် ဘဏ္ဍာရေးအရာရှိ၏သမီး အန်နာနှင့် ဆက်ဆံရေး မကောင်းခဲ့ပေ။ ဖားလာမိုသည် အားနည်းပြီး အရိပ်နက်အင်ပါယာ ဒုတိယဗိုလ်ချုပ် ဗာလန်၏ညီမ မာရီယာနီနှင့် လက်ထပ်ထားသည်။ မာရီယာနီသည် အရိပ်နက်အင်ပါယာ၏ တော်ဝင်မိသားစုဝင် ဖြစ်ပြီး ယောက်ျားဖြစ်သူအပေါ် လွှမ်းမိုးမှုရှိသည်။ ခရော့သည် သူ၏နှောင်းပိုင်းနှစ်များ၌ သမီးငယ်လေး ဆယ်လင်းကိုသာ ရရှိခဲ့သည်။ ဆယ်လင်းသည် ချစ်စရာကောင်းပြီး ပါးနပ်သော်လည်း အသက်၂၀ပင် မပြည့်သေးပေ။ ထို့ကြောင့် သူသည် မိသားစု စီးပွားရေးကိုဆက်ခံရန် အတွေ့အကြုံ နည်းလွန်းလှသည်။

ဒီရော်သည် စစ်ဆေးရန်အတွက်ဆိုကာ အပြင်ထွက်သွားသည်။ ထို့နောက် သုံးလေးလခန့် ပျောက်ကွယ်သွားသည်။ ခရော့ စိုးရိမ် နေခဲ့သည်။ ဒီရော် ပြန်လာသည့်အခါ လုပ်ကြံခံရသည့်အကြောင်း ပြောပြသည်။ခရော့သည် ဖားလာမိုကို သံသယအဝင်ဆုံး ဖြစ်သည်။အကြောင်းမှာ ဒီရော်သေသွားလျှင် အကျိုးအမြတ် အများဆုံး ရရှိသူမှာ ဖားလာမို ဖြစ်၍ပင်။

ခရော့ ကိုယ်တိုင်သည်လည်း ကြမ်းတမ်းသော မိသားစု ရုန်းကန်မှုကို ကျော်ဖြတ်လာသူ ဖြစ်သည်။သူသည် သူ၏သားသမီးများကို အချင်းချင်း ချစ်ခင်ပြီး ငြိမ်ငြိမ်းချမ်းချမ်း မနေစေချင်ပေ။ နတ်ဆိုးဘုံတွင် လိုက်လျောညီထွေ အသက်ရှင်ခြင်းကို ထောက်ခံကြသည်။ ပြဿနာမှာ ဖားလာမိုကို သူ၏ ဇနီးဖြစ်သူက ထိန်းချုပ်ထား၍ ဖြစ်သည်။ မာရီယာနီနောက်တွင် တော်ဝင်မိသားစုကို ကိုယ်စားပြုသော ဒုတိယဗိုလ်ချုပ် ရှိနေသည်။ အကယ်၍ ဖားလာမိုသာ မိသားစုကို ဆက်ခံလျှင် မိသားစုစီးပွားရေးကြီးသည် “ ဆွေမျိုးမဟုတ်သူများ ”၏ လက်ထဲသို့ ကျရောက်သွားမည် ဖြစ်သည်။ ထို့ကြောင့် ခရော့ခ်၏စိတ်ထဲ၌ ဆူးတစ်ချောင်း ဖြစ်နေလေသည်။

ဂါ့စ်သည် ၎င်းတို့အားလုံးကို မြင်ခဲ့ပြီး ဆီလျော်သော အတိုင်းအတာများ အသုံးပြုကာ ဖားလာမိုကို ပို၍သတိထားအောင် ခရော့အား ပြုလုပ်သည်။မျှခြေသည် တဖြည်းဖြည်းနှင့် ဒီရော်ထံသို့ ကျရောက်လာသည်။ဗိုလ်ချုပ်ဗာလန်၏ ဖိအားကိုလည်း လျစ်လျူရှုရန် ခက်ခဲသည်မှာ သေချာသည်။

ကတ်စတာ မိသားစုသည် မှော်စတိုးဆိုင်အနေဖြင့် စတင်ခဲ့သည်။သူတို့သည် လက်ရှိတွင်

မှော်ပစ္စည်းများနှင့် လက်နက်များ၏ တရားဝင် ဒီဇိုင်းဆွဲ ထောက်ပံ့သူများ ဖြစ်ကြသည်။ နှစ်ပေါင်းများစွာကြာအောင် သူတို့သည် မြို့တော်ရှိ ယန္တရားအစည်းအရုံးနှင့် အပြန်အလှန်အကျိုးအမြတ်အတွက် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။ ထိုယန္တရားပြိုင်ပွဲကိုလည်း ကတ်စတာမိသားစုက ကြီးကြီးမားမား ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

အချိန် သိပ်မကျန်တော့သည့်အတွက် ပြတ်ပြတ်သားသားသင့်ကြောင်း ခရော့သိသည်။ နောက်ဆုံး၌ သူဆုံးဖြတ်ချက် ချလိုက်သည်။ ၎င်းမှာ သားသမီး သုံးယောက်သည် ယန္တရားပြိုင်ပွဲဝင်တစ်ယောက်ကို ရွေးချယ်ရမည်ဖြစ်သည်။ ရွေးချယ်ထားသော ပြိုင်ပွဲဝင်သည် ပိုကောင်းသော နေရာတစ်ခုကို ရရှိခဲ့လျှင် ထိုသူကို ရွေးချယ်ထားသူသည် ပထမဦးစားပေး ဆက်ခံသူ ဖြစ်မည် ဖြစ်သည်။ ပြိုင်ပွဲ၌ ပထမရရှိမည်‌ဆိုလျှင် ထိုသူသည် ဆက်ခံသူနေရာကို အငြင်းပွားမှုမရှိဘဲ သိမ်းပိုက်ရရှိမည် ဖြစ်သည်။

ထိုထောက်ပံ့မှုသည် နှစ်ဖက်ဖြစ်ရမည်ဖြစ်ပြီး ယန္တရားပညာရှင်ကိုယ်တိုင်လည်း သဘောတူရပေမည်။ ၎င်းသည် ဆက်ခံသူ၏ လူတော်ရှာနိုင်သော စွမ်းရည်ကို စမ်းသပ်ရုံသာမက နည်းဗျူဟာ နားလည်မှုစွမ်းရည်များနှင့် အကြံအစည်များကိုလည်း စမ်းသပ်ခြင်းပင် ဖြစ်သည်။

ခရော့၏ ဆုံးဖြတ်ချက်ကို ကြေညာပြီးသည်နှင့် ဒီရော်နှင့် ဖားလာမိုတို့ ချက်ချင်းပင် အလုံးအရင်းနှင့် စတင်ပြင်ဆင်တော့သည်။ မိသားစုစီးပွားရေးကို ဆက်ခံသူ မဖြစ်နိုင်ဆုံးသော ဆယ်လင်းမှာမူ လောမနေပေ။

ပြိုင်ဘက်များကိုသိခြင်း၏ အရေးပါမှုကို ဂါ့စ် သဘောပေါက်သည်။ ဂါ့စ်၏ အကြံပေးချက်အရ ဒီရော်သည် ယန္တရားအစည်းအရုံးရှိ အတွင်းပတ်သက်မှုကို အသုံးချကာ စာရင်းသွင်းထားသော ယန္တရားပညာရှင်များ၏ ကနဦးအချက်အလက်ကို ရယူသည်။ စစ်ဆေးအကဲဖြတ်ပြီးနောက်ဆုံး၌ နှစ်ယောက်သာ ကျန်တော့သည်။

တစ်ယောက်မှာ မြို့တော် ယန္တရားအစည်းအရုံးမှ ဆရာသခင်လီယို၏ တပည့်ဖြစ်သော တက်သစ်စ ပါရမီရှင် ယန္တရားပညာရှင် ဆာဗစ် ဖြစ်သည်။

အခြားတစ်ယောက်မှာ ယခင်ယန္တရားပြိုင်ပွဲ ချန်ပီယံဖြစ်သော အကြီးတန်း ယန္တရားပညာရှင် ရောဘတ်ဖြစ်ပြီး ဆရာသခင်အဆင့်သို့ တိုးမြှင့်နိုင်ချေများသည်။

ဤယန္တရားပြိုင်ပွဲသည် ကြယ်ကြွေတမန် အင်ပါယာနှင့် အရိပ်နက် အင်ပါယာမှ ယန္တရားပညာရှင်များကို ဆွဲဆောင်နိုင်သည်မှာ သေချာသည်။သူတို့နှစ်ယောက်အပြင် မသိသေးသော ထူးချွန်သူများလည်း ရှိနိုင်သေးသည်။သို့သော်လည်း သူတို့သည် ထောက်ခံသူ တစ်ယောက်ကိုသာ ရွေးချယ်နိုင်သည့်အတွက် အနိုင်ရရှိနိုင်ချေ အရှိဆုံးသူကို ရွေးချယ်ရမည် ဖြစ်သည်။

ယုတ်စွအဆုံး ထိုသူ၏အဆင့်သည် ပြိုင်ဘက်နှစ်ယောက်၏အပေါ်တွင် ရှိနေရပေမည်။

ဂါ့စ်သည် ချန်ပီယံဟောင်း ရောဘတ်ကို ယုံကြည်နေသည်။ထို့ကြောင့် သူသည် ရောဘတ်သဘောကျအောင် ကြိုးစားကာ ရင်းနှီးမှု တည်ဆောက်ရန်အတွက် နည်းဗျူဟာများ တစ်ခုချင်း စတင်တော့သည်။ ရှီရာ၏ အယုံကြည်ရဆုံး လူယုံ ဂါ့စ်တွင် အတော်ကောင်းမွန်သော အစီအမံများရှိပေသည်။ ‌အောင်မြင်လုနီးပါးအချိန်၌ ဂါ့စ် ပျောက်ကွယ်သွားသည်။ထိုအဖြစ်အပျက်ပြီးနောက် ရောဘတ်သည် အစီအစဉ် ပြောင်းသွားကာ ဖားလာမိုဘက်သို့ ပြောင်းသွား၏။ ဂါ့စ်ကို “ ပျောက်ကွယ် သွားစေခဲ့သော ” သံသယဖြစ်စရာ အကောင်းဆုံးသူမှာ ဖားလာမိုဖြစ်သည်ကို မြင်တွေ့နိုင်ပေသည်။

ဒီရော်သည် ရှာဖွေမှုအများအပြားပြုလုပ်ပြီး ဖားလာမိုအား စောင့်ကြည့် နောက်ယောင်ခံ လိုက်ရန် လူလွှတ်ခဲ့သော်လည်း ဘာကိုမှမတွေ့ရပေ။

လက်ရှိတွင် ယန္တရားပြိုင်ပွဲမှာ နီးကပ်နေပြီ ဖြစ်သည်။ဂါ့စ်၏ မူလဆန်းစစ်မှုအတိုင်း ဒီရော်သည် ဆာဗစ်ကို ပစ်မှတ်ထားခဲ့သည်။ဆာဗစ်သည် ငယ်စဉ်ကတည်းက နာမည်ကျော်ခဲ့ပြီး သူ၏အနောက်တွင် လီယိုကဲ့သို့ အကြီးတန်းဆရာသခင် ရှိနေသည်။ထို့ကြောင့် သူသည် အမြဲပင် မာနထောင်လွှားပြီး မိုက်ကန်းကန်း ပြုလုပ်တတ်သည်။ဒီရော်သည် နည်းလမ်းအများအပြားသုံးပြီး နောက်ဆုံး၌ ဆာဗစ်နှင့် နီးစပ်သွားသည်။သူသည် ဆာဗစ်ကို ဖျော်ဖြေရန်အတွက် ယနေ့ည အခြားခြံဝင်းတွင် စားသောက်ပွဲ ကျင်းပပြီး တရားဝင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမည် ဖြစ်သည်။

ထိုအခြေအနေများကို ခီရာထံမှ သိရှိရပြီးနောက် ချန်လွေ့သည် ခဏစဉ်းစားပြီး ဒီရော်ဆီ ခေါ်သွားရန် ခီရာအား ပြောလိုက်သည်။

ဒီရော်သည် ပိန်ပိန်းပါးပါးနှင့် အရပ်မြင့်ပြီး အမြင့်ဆင့်နတ်ဆိုး စွမ်းအားရှိသော မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည်။ သူသည် အသက်၂၀ ဝန်းကျင်ဟုသာထင်ရသော်လည်း အမှန်တကယ်၌ အသက်၂၀၀ ကျော်‌ပြီ ဖြစ်သည်။ သူသည် အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရသည်။ ၎င်းမှာ လက်တလော ဖိအားများကြောင့်လား သို့မဟုတ် မိန်းမလှများနှင့် အရက်များကြား ယစ်မူးနေခြင်းကြောင့်လားဆိုသည်ကို ချန်လွေ့ သေချာမသိပေ။

ဂါ့စ်၏ အစီအစဉ် မရှိသည့်အတွက် အရာအားလုံးသည် ခက်ခဲသည်ဟု ဒီရော်ခံစားနေမိသည်။ အမှောင်လမြို့၌ အကူအညီတစ်ယောက် ရောက်နေကြောင်း ခီရာ ပြောလာသည့်အခါ သူအလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ချန်လွေ့က ယန္တရား အလုပ်သင်တပည့် ဝတ်ရုံ ဝတ်ဆင်ထားကြောင်း သူတွေ့လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

သို့သော်လည်း ဒီရော်သည် စိတ်ထဲ၌ သေချာနေပြီး အမှောင်လမြို့မှ တော်ဝင်မင်းသမီး လွှတ်လိုက်သောသူသည် သာမန်မဟုတ်နိုင်ကြောင်းကို သူသိနေသည်။ဝတ်ရုံက ဖုံးကွယ်ဖို့ သက်သက်ပဲ ဖြစ်မှာပါလေ။ဒီရော် ချက်ချင်းပင် ရယ်လိုက်သည်။

“ ခရီးဝေးကလာတဲ့ ဆာ-အာသာ။ပင်ပန်းနေရောပေါ့။ ”

ချန်လွေ့ ခေါင်းညိတ်ပြသည်။သူတို့နှစ်‌ယောက် အချင်းချင်း ပုံမှန်အတိုင်း နှုတ်ဆက်ကြပြီးနောက် ဒီရော်သည် အစေခံများကို အနားယူခိုင်းလိုက်သည်။

“ ခင်ဗျားရဲ့မိသားစုနဲ့ ယန္တရားပြိုင်ပွဲကိစ္စကို ခီရာဆီကနေ ကျုပ်သိပြီးပြီ။ ”

ချန်လွေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ဆာဗစ်ကို ဒီညဖိတ်ဖို့ ခင်ဗျား စီစဉ်ထားလား။လာနိုင်ချေ ဘယ်လောက်ရှိလဲ။ ”

“ ကျုပ်လည်း မသိဘူး။ ပို့လိုက်တဲ့ အကျိုးအမြတ်တွေ အားလုံးကို ဆာဗစ်က ယူပြီးသွားပြီ။ ဒါပေမဲ့ သူက တရားဝင်တွေ့ဖိုကို ငြင်းဆန်နေတယ်။သူက ရောဘတ်ထက် ပိုပြီးတော့ ကိုင်တွယ်ရခက်နေတယ်။ ”

ရောဘတ်အကြောင်း ပြောသည့်အခါ ဒီရော် အံကြိတ်လိုက်သည်။

“ ရောဘတ်လည်း ကောင်းတာ မဟုတ်ဘူး။သူက တကယ်ကြီး ဖားလာမိုဘက် ရောက်သွားတယ်။ ”

“ လူတိုင်းက ဝှက်ဖဲတွေ ထုတ်နေကြတာပါပဲ။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။ ဤသည်မှာ သားသမီးသုံးယောက်အတွက် ခရော့၏ စမ်းသပ်ချက်ဆိုလျှင် စရုံသာရှိသေးသည်။

“ ဒါပေမဲ့ ဂါ့စ်ရဲ့အမြင်က အမြဲတမ်း ကောင်းခဲ့တယ်။ ရောဘတ်ရဲ့ မျှော်လင့်ချက်က ဆာဗစ်ထက် အနည်းငယ် သာနိုင်တယ်။ တကယ်လို့ ဆာဗစ်ကို ခင်ဗျား ဖိတ်နိုင်ရင်တောင် အနိုင်ရဖို့ သေချာမှာ မဟုတ်ဘူး။ ”

“ ဒါဆို ကျုပ်တို့ ဘာလုပ်သင့်လဲ။ ”

ဒီရော် စိုးရိမ်နေသည်။အမှန်တကယ်မှာ ယန္တရားပြိုင်ပွဲကို မည်သူအနိုင်ရရ ကိစ္စမရှိပေ။ သူထောက်ခံသောပြိုင်ပွဲဝင်က ညီနှင့်ညီမထက် သာလျှင် ရပြီဖြစ်သည်။သူတစ်ခါတည်း ဆက်ခံသူဖြစ်လျှင် ပို၍ကောင်းပေသည်။

ချန်လွေ့ အသာလေး ပြုံးလိုက်သည်။

“ စိတ်မပူပါနဲ့။ကျုပ်မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်။ ”

ထိုပြိုင်ပွဲ၏ ဆုလာဒ်မှာ တော်တော်လေး ကောင်းမွန်သည်။ “ မိုးခြိမ်းသံ ” အတွက် အဓိကသော့ချက်ဖြစ်သော ရှားပါးကုန်ကြမ်းပစ္စည်းများ ပါဝင်သည်။ဆရာသခင်အဆင့် ရောက်နေပြီဖြစ်သော ချန်လွေ့အဖို့ ထိုကဲ့သို့ကြီးမားသော အခွင့်အရေးကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။

All Chapters