ရှေးမှော်မျှော်စင်ရှိ ပဏာမအဆင့်ပြိုင်ပွဲ
Vol. 17 Ch. 252
ပမာဏ ပထမအဆင့် ကျင်းပသောနေရာမှာ အပြင်မြို့ရှိ အကြီးမားဆုံး ပြိုင်ကွင်း၌ ဖြစ်သည်။ ယခုတစ်ခေါက်တွင် ပြိုင်ပွဲအတွက် လူပေါင်း ၆၀၀၀ကျော် စာရင်းပေးသွင်းခဲ့ကြသည်။ ၎င်းသည် ယခင်အကြိမ်များထက် ပို၍များသည်။ ၎င်းသည် ထူးခြားပြီး စည်ကားသော အခြေအနေ တစ်ခုပင် ဖြစ်လေသည်။
လူအရေအတွက် များပြားလှသည့်အတွက် ပဏာမ ပထမအဆင့်ကို အုပ်စုခွဲ၍ စစ်ဆေးသည်။ စာရင်းသွင်းထားသော ယှဉ်ပြိုင်သူ တစ်ယောက်ချင်းစီအား ဂဏန်းတစ်လုံးစီ ပေးထားသည်။ ပြိုင်ကွင်းရှိ စင်ပေါ်၌ ဧရာမ သလင်းကျောက် မျက်နှာပြင် တစ်ခု ပေါ်ထွက်လာပြီး အုပ်စုနံပါတ်များကို ပြသသည်။ချန်လွေ့သည် နံပါတ် ၅၂၀၀ ဖြစ်သည့်အတွက် နောက်ဆုံးအဖွဲ့၌ ဖြစ်သည်။
ပဏာမ ပထမအဆင့်မှာ အလွန်ရိုးရှင်းလှသည်။ ၎င်းမှာ ကြုံရာမေးခွန်းသုံးခုကို မဲနှိုက်ပြီး သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း မေးခွန်းများကို ပြန်ဖြေရန် ဖြစ်သည်။ ၎င်းတို့သည် စာရင်းသွင်းချိန်အတွင်း ဖြည့်ထားသော အထူးပြုနှင့် သက်ဆိုင်သည်။ ဥပမာပြောရလျှင် သတ္တုအထူးပြုသည် သတ္တုနှင့်သက်ဆိုင်သော မေးခွန်းများ ရရှိမည် ဖြစ်သည်။
ဤပြိုင်ပွဲ၌ ကံသည် ကြီးမားသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အချို့သူများသည် သိပ်မကျွမ်းသော မေးခွန်းများကို ရခဲ့ပြီး အချို့မှာ အလွန်ခက်ခဲသော မေးခွန်းများကို ရရှိခဲ့ကြသည်။ တချို့မှာ အချိန်အလွန်ကုန်သော မေးခွန်းများကို ရွေးမိခဲ့ပြီး သုံးခုလုံးကို အချိန်မီ မပြီးစီးနိုင်ခဲ့ပေ။ သို့သော်လည်း ပုံမှန်အားဖြင့် အမှန်တကယ် အစွမ်းအစ ရှိသူများသည် ချောချောမွေ့မွေ့ ကျော်ဖြတ်သွားနိုင်ခဲ့သည်။
ပြိုင်ပွဲစတင်ပြီးနောက် သလင်းကျောက် မျက်နှာပြင်ပေါ်တွင် ထွက်သွားရသော နံပါတ်များနှင့် တက်သွားသော နံပါတ်များ စတင်ပေါ်ထွက်လာသည်။ ထိုမေးခွန်းများသည် အလွန်ခက်ခဲလှပြီး အကြီးတန်းယှဉ်ပြိုင်သူများပင် လွန်ခဲ့သော ၁၀နှစ်ခန့်က ပြိုင်ပွဲထက် အတော်လေး ခက်ခဲသည်ဟု ခံစားမိနေသည်။ ကံမကောင်းသော အရှုံးသမားများသည် မျက်ရည်နှင့်မျက်ခွက် ဖြစ်သွားကြသော်လည်း လှောင်ပြောင်မှုနှင့် အထင်သေးမှုများကိုသာ ရရှိခဲ့သည်။ မည်သူမှ သူတို့ကို မစာနာ မသနားကြပေ။ ဤနေရာသည် ပြိုင်ပွဲတစ်ခုဖြစ်ပြီး လူများသည် အနိုင်ရရှိသူများကိုသာ ဂရုစိုက်ကြသည်။ အရှုံးသမားများကို မဟုတ်ပေ။
ချန်လွေ့သည် သတ္တုအထူးပြုကိုဖြည့်ပြီး မေးခွန်းသုံးခု ရွေးလိုက်ူည်။ ပထမတစ်ခုမှာ မြေမှော်အစီအရင် စက်ဝန်းတစ်ခု၏ ပျောက်နေသော အစိတ်အပိုင်းတစ်ခုကို ဖြည့်ရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာ သတ္တုထုလုပ်ခြင်းနှင့် ပတ်သက်သော မေးခွန်းတစ်ခု ဖြစ်သည်။ တတိယတစ်ခုမှာ ဓားကျိုးတစ်ချောင်းကို ပြန်ပြင်ဆင်ရန် ဖြစ်သည်။
ဒုတိယတစ်ခုမှလွဲ၍ ပထမတစ်ခုသည် ပို၍ခက်ခဲပြီး တတိယတစ်ခုမှာ အချိန်ကုန်သည်။ သို့သော်လည်း ချန်လွေ့အတွက် ၎င်းမှာ အလွယ်လေးပင် ဖြစ်သည်။ သူသည် အားလုံးကို အလွယ်တကူပင် ပြီးစီးသွားပြီး သူ၏ဘေးနားရှိ ဒိုင်လူကြီးက သူ နောက်တစ်ဆင့်သို့ တက်သွားကြောင်း ကြေညာလိုက်သည်။
စင်ပေါ်ရှိ စိုးရိမ်နေသော ဒီရော်သည် ချန်လွေ့ နောက်တစ်ဆင့် တက်သွားကြောင်း မြင်လိုက်သည့်အခါ စိတ်အေးသွားတော့သည်။ အမှောင်လမြို့ကလာတဲ့ ဒီယန္တရား ပညာရှင်က မခေဘူးပဲ။ ဒါပေမဲ့ ဒါက အစပဲ ရှိပါသေးတယ်။နောက်ပိုင်းကျရင် ပိုပြီးခက်လာဦးမှာ။ ယန္တရားပညာရှင် ဂုဏ်ပုဒ်ကို ရပြီးခါစဖြစ်တဲ့ ဒီလူက နောက်အဆင့်တွေကို ကျော်ဖြတ်သွားနိုင်မှာလား။
ခီရာလည်း အံ့အားသင့်သွားသည်။သူ သိရသလောက် တော်ဝင်မင်းသမီး၏ လက်အောက်တွင် ထူးချွန်သော ယန္တရားပညာရှင် မရှိပေ။ ဒီ အာသာက ဘယ်ကရောက်လာတာလဲ။ သူ၏စိတ်ထဲ၌ အာသာ၏ ယုံကြည်ချက်ခိုင်မာမှုသည် ကြွားလုံးထုတ်ခြင်းမဟုတ်ကြောင်း ရေးရေးလေး ခံစားမိနေသည်။
ပဏာမ ပထမအဆင့် ပြီးစီးရန် ၆ရက် ကြာသွား၏။ ထိုအဆင့်တွင် ယှဉ်ပြိုင်သူ ၇၀%နီးပါးလျော့ကျသွားပြီး အယောက်၂၀၀၀ နီးပါးသာ ကျန်တော့သည်။
ထိုနေ့ရက်များတွင် ချန်လွေ့သည် ဒီရော်မှတစ်ဆင့် ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ရရှိသွားခဲ့သည်။ ၎င်းတို့ထဲမှ အချို့ကို ကိုယ်တိုင် အသုံးပြုရန် သိမ်းထားလိုက်ပြီး အချို့ကို အရှိန်အဝါအဖြစ် ပြောင်းလဲလိုက်သည်။
ပဏမ ဒုတိယအဆင့် စတင်လေပြီ။ ထိုအဆင့်တွင် ဆရာသခင်များ အကြုံပြုထားသူများပင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ပဏမ ဒုတိယအဆင့်ကို ယန္တရားအစည်းအရုံး၏ ရှေးမှော်မျှော်စင်၌ ကျင်းပသည်။ ရှေးမှော်မျှော်စင်သည် အရိပ်နက်မြို့ရှိ ယန္တရားအစည်းအရုံးထဲ၌ လျို့ဝှက်ဆန်းကြယ်ဆုံးသော နေရာတစ်ခု ဖြစ်သည်။ ထိုမှော်မျှော်စင်ကို တည်ဆောက်ထားသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး နှစ်ဖြင့် မတိုင်းတာနိုင်တော့ပေ။ ထိုထဲတွင် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ယန္ဆရားဆရာသခင်နှင့် ယန္တရားမဟာဆရာသခင်တို့ ချန်ရစ်ခဲ့သော အဖိုးတန် မှော်ထွင်းစာများနှင့် အမျိုးမျိုးသော ခန့်မှန်း၍မရသည့် မှော်စက်ဝန်းများ ရှိနေကြသည်။ လက်ရှိ အစည်းအရုံးမှ ယန္တရားဆရာသခင်များပင် ထိုအတွင်းမှ အံ့ဩဖွယ်ရာများကို အဖြေရှာရန် အခက်တွေ့နေလေသည်။
ရှေးမှော်စင်သည် ပုံမှန်အားဖြင့် အများပြည်သူအတွက် မဖွင့်ပေးပေ။ ယန္တရားအစည်းအရုံးရှိဆရာသခင်များသာ ဝင်ရောက် လေ့လာခွင့်ရှိသည်။ ဤကဲ့သို့ ခြွင်းချက်အနေဖြင့် အများပြည်သူအတွက် ဖွင့်ပေးလိုက်ခြင်းသည် ယှဉ်ပြိုင်သူများအား ချက်ချင်းပင် စိတ်ဝင်စားသွားစေသည်။
ဒုတိယပြိုင်ပွဲမှာ ဆန်းသစ်လှသည်။ ယှဉ်ပြိုင်သူများသည် အထူးပြုလုပ်ထားသော မှော်ကျောက်တုံးများနှင့် မှော်ကျောက်ပြားများကို သယ်ဆောင်ကာ ရှေးမျှော်စင်ထဲသို့ ဝင်ရသည်။ နှစ်နာရီအတွင်း သူတို့သည် မှော်ကျောက်ပြားကိုသုံးပြီး ပြည့်စုံသော မှော်အစီအရင်တစ်ခုကို ကူးယူရမည် ဖြစ်သည်။ ပြီးစီးသွားလျှင် သူတို့သည် မှော်ကျောက်တုံးကို အသုံးပြုပြီး တယ်လီပို့ ပြန်လာရမည် ဖြစ်သည။ တယ်လီပို့ ခုန်ခြင်းနှင့် အချိန်မှတ်ခြင်းအပြင် မှော်ကျောက်တုံးသည် နောက်ဆုံး အမှတ်ကိုလည်း အချိန်နှင့် တပြေးညီ ရောင်ပြန်ဟပ်နိုင်သည်။
သတ်မှတ်ထားသော အချိန်အတွင်း တယ်လီပို့ခုန်ပြီး ထွက်မလာသူများသည် အလိုအလျောက် တယ်လီပို့ခြင်း ခံရပေမည်။ မပြည့်စုံသော မှော်အစီအရင်များသည် ချက်ချင်း အထုတ်ခံရမည် ဖြစ်သည်။
ထို့ပြင် ယခုတစ်ခေါက်၌ ဆီမီးဖိုင်နယ်တွင် အယောက်၂၀၀သာ ကျန်တော့မည်ဖြစ်သည်။ မှော်စက်ဝန်းမှု ခက်ခဲမှု ပိုမြင့်လေလေ၊ အချိန် ပို၍နည်းနည်း ယူရလေလေ၊ ရမှတ် ပို၍များများ ရလေလေ ဖြစ်သည်။ ယှဉ်ပြိုင်သူ ၉၀% ခန့်က ထွက်ခွာရမည်ဖြစ်ပြီး ၂၀၀သာ ကျန်ရှိနေမည် ဖြစ်သည်။ ပြိုင်ပွဲ၏ ရက်စက်မှုသည် မထင်ထားလောက်အောင်ပင် ဖြစ်လေသည်။
လူ၂၀၀၀ကို အဖွဲ့၂၀ ဖွဲ့လိုက်သည်။ ကံကောင်းစွာပင် ချန်လွေ့သည် “ အသိဟောင်း ” ဖြစ်သော ဆာဗစ်နှင့်အတူ နောက်ဆုံးအဖွဲ့၌ သွားကျသည်။
ချန်လွေ့ကို ဆာဗစ် မတော်တဆ တွေ့သွားသည့်အခါ သူ၏မျက်လုံးများ ခဲတောင့်သွားပြီး အမုန်းတရား ရောင်ခြည်များ ပစ်လွှတ်နေသည်။ သူသည် ငယ်ရွယ်ပြီး ထူးချွန်သည့်အတွက် သူ နာမည်ကျော်လာပြီးကတည်းက ပျော်ရွှင်ခံစားနေခဲ့သည်။ ယခင်တစ်ခေါက်သူ သူခံစားရခဲ့ရသော အရှက်ကွဲမှုသည် စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်ပေ။
နားနေခန်း၌ သူ ထော့နဲ့ထော့နဲ့ သွားခဲ့ရသည်ကို သူလုံးဝ မေ့တော့မည် မဟုတ်ပေ။ နောက်ရက်များတွင် နာကျင်မှုက သူ့ကို ဖိစီးခဲ့သည်။ အပြင်ပိုင်း ဒဏ်ရာများ သက်သာသွားသော်လည်း သူ၏နှလုံးသားထဲရှိ စိတ်ဒဏ်ရာနှင့် အရှက်ရမှုကို လုံးဝဆေးကြော၍ ရတော့မည် မဟုတ်ပေ။
သူ၏အနာဂတ်ကို သက်ရောက်မှုရှိသော ပြိုင်ပွဲကြောင့်သာ မဟုတ်လျှင် ဆာဗစ်သည် နည်းလမ်းမျိုးစုံ အသုံးပြုကာ ကတ်စတာမိသားစုအား လက်စားချေပြီး အာသာအား အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် နင်းခြေပစ်မည် ဖြစ်သည်။
အဲဒီရွံစရာရန်သူကို ပြိုင်ပွဲမှာ တွေ့ရလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ ပြီးတော့လည်း ဒီကောင်က ပဏာမ ပထမအဆင့်ကိုတောင် အောင်သွားတယ်။
“ ဆာဗစ် မဟုတ်လား။ ”
ချန်လွေ့သည် ကောက်ကျစ်ပုံရသော မိတ်ဆွေဟောင်းကို ကြည့်လိုက်ပြီး ရင်းနှီးသကဲ့သို့ နှုတ်ဆက်လိုက်သည်။
“ ခင်ဗျား အရင်တစ်ခေါက် ဖန်တီးထားတဲ့ မှော်ပစ္စည်းက တကယ့်ကို အစွမ်းထက်တာပဲ။ ကျုပ်ကို ပိုပြီးလေးစားသွားစေတာက ခင်ဗျားကိုယ်တိုင် အရဲအစွန့်ပြီးတော့ စမ်းသပ်ကြည့်တာပဲ။ ခင်ဗျားက တကယ့်ကို မြို့တော်ရဲ့ ထိပ်တန်းပါရမီရှင် တစ်ယောက်ပါပဲ။ ”
၎င်းကို ကြားလိုက်ရာ အဖွဲ့တူ ယန္တရားပညာရှင်များ လေးစားအားကျသွားသည်။ ပါရမီနဲ့ အလုပ်ကြိုးစားမှု။ဒါကြောင့် သူက မြို့တော်မှာ နာမည်ကျော်တာကိုး။ သို့သော်လည်း ချီးကျူးသံများသည် ဆာဗစ်၏နားထဲ၌ ပျက်ရယ်ပြုသံများ ဖြစ်နေသည်။ အပ်နှင့်အထိုးခံရသကဲ့သို့ပင် မသက်မသာ ခံစားရစေသည်။ သို့သော်လည်း လူအများကြီးရှေ့၌ သူသည် ထိုရှက်စရာ အဖြစ်အပျက်ကို မထုတ်ဖော်နိုင်ပေ။ ထို့ကြောင့် သူသည် ဒေါသကို မျိုချလိုက်ပြီး ရင်ဘတ်ထဲမှ အမုန်တရားလည်း အမြင့်ဆုံး ရောက်ရှိသွားသည်။
ဆာဗစ်သည် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည့်အတွက် ချန်လွေ့ သိပ်ပြီး ဂရုမစိုက်ပေ။ ဆာဗစ်သည် ပြိုင်ပွဲအတွင်း ချန်လွေ့အတွက် အနင်းခံ ကျောက်တုံးတစ်ခုသာ ဖြစ်သည်။
သူတို့အဖွဲ့သည် ပြိုင်ပွဲကို ပထမဆုံး စတင်ရသည်။ သုန်မှုန်နေသော ဆာဗစ်သည် အဖွဲ့အရှေ့သို့ လမ်းလျှောက်သွားပြီး ရှေးမျှော်စင်သို့ ဝင်သွားလိုက်သည်။
ရှေးမှော်မျှော်စင်သည် နံရံ၌ မှော်ထွင်းစာများရှိပြီး လှေကားထစ် အဆင့်ဆင့်ရှိသော မျှော်စင်တစ်ခုဟု ချန်လွေ့ မူလက ထင်ခဲ့သည်။ သို့သော်လည်း အထဲဝင်ကြည့်လိုက်သည့်အခါ သူထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အရောင်စုံပြီး ဆန်းကြယ်သော ရောင်ခြည်များ ပျံ့လွင့်နေကု နေရာတိုင်း၌ ပြောင်းလဲနေသော သီးသန့် နေရာလွတ်တစ်ခု ဖြစ်သည်။ အပေါ်ယံကြည့်လျှင် ၎င်းသည် အရောင်စုံသော်လည်း ယန္တရားပညာရှင်တို့၏ မျက်လုံးထဲ၌ ထိုမျဉ်းကြောင်းများသည် လျို့ဝှက်ဆန်းကြယ်သော မှော်စက်ဝန်းများ ဖြစ်သည်။
ထွက်ပေါက်ရှိ အလင်းဂိတ်အပြင် နောက်တစ်ထပ်ကိုရောက်ရှိသွားသော အဝေး တစ်နေရာရှိ အလင်းဂိတ်လည်း ရှိသည်။ အထပ်မြင့်လေလေ မှော်စက်ဝန်းများ ပို၍ဆန်းကြယ်လာလေလေ ဖြစ်ပြီး ပို၍ခက်ခဲလေလေ ဖြစ်သည်။ ရှေးမှော်မျှော်စင်တွင် စုစုပေါင်း အထပ်၆ထပ်ရှိသည်။ ဆရာသခင် တစ်ယောက်သည်ပင် ပထမလေးထပ်ရှိ လျို့ဝှက်ဆန်းကြယ်မှုများကိုသာ နားလည်နိုင်ကြသည်ဟု ပြောကြသည်။
မှော်စက်ဝန်းများထဲ၌ အမျိုးမျိုးသော အစီအစဉ်များနှင့် ပေါင်းစပ်မှုများ ရှိသည်။ လူတစ်ယောက်၏ စိတ်ဓာတ်နှင့် အာရုံစိုက်မှုသည် ကွဲပြားကြသည်။ ထို့ကြောင့် ရရှိလာသော မှော်စက်ဝန်းများမှာလည်း ကွဲပြားကြသည်။ လူတိုင်းသည် ချက်ချင်းပင် မှော်ကျောက်ပြားပေါ်၌ စတင်မှတ်တမ်းတင်တော့သည်။
ရှေးမှော်မျှော်စင်သို့ ဝင်နိုင်မည့် အခွင့်အရေးမှာ ရှားပါးလှသည်။ ချန်လွေ့သည် [ အထူးစိစစ်မှု ] ကို အသက်သွင်းပြီး စတင်မှတ်တမ်းတင်ကာ ရှာဖွေနေသည်။ [ အထူးစိစစ်မှု ] ဖြင့် ထိုအစီအစဉ်နှင့် ပေါင်းစပ်မှုများကို အလျင်အမြန် “ ကူးယူ ” နိုင်ခဲ့သည်။လက်ရှိတွင် ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာ၍ မရသေးသော်လည်း နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာ၍ ရပေသည်။
ချန်လွေ့၏အမြင်သည် ဆရာသခင်အဆင့် ရောက်ရှိသွားပြီ ဖြစ်သည့်အတွက် လူသာမန်များထက် ပို၍မြင်နိုင်သည်။ ဤအထပ်ရှိ မှော်စက်ဝန်းများမှာ တိုးမြှင့်ထားသော်လည်း မခက်ခဲလှပေ။ အစည်းအရုံး၏ သတ်မှတ်ချက်အရဆိုလျှင် ၎င်းတို့မှာ ကြယ်တစ်ပွင့်နှင့် တစ်ဝက်-ကြယ်နှစ်ပွင့် ဖြစ်ကြသည်။ ချန်လွေ့ ကြာကြာမနေဘဲ အပေါ်ထပ်သို့သွားသည့် အလင်းဂိတ်ဆီ လမ်းလျှောက် သွားလိုက်သည်။
ပထမထပ်တွင် လူတစ်ရာကျော်ရှိသော်လည်း ဒုတိယအထပ်၌ လူဒါဇင်ကျော် လောက်သာ ရှိပြီး ဆာဗစ်လည်း ထိုအထဲတွင် ရှိသည်။ ဒုတိယအထပ်သို့ ချန်လွေ့ လမ်းလျှောက်လာသည်ကိုကြည့်ရင်း ဆာဗစ် သရော်ပြုံးပြုံးလိုက်သည်။ ဆရာသခင် လီယိုနှင့် ပတ်သက်မှုကြောင့် ဆာဗစ်သည် ရှေးမှော်မျှော်စင်သို့ ဝင်ရောက်သည်မှာ ယခုသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဒုတိယထပ်ရှိ မှော်စက်ဝန်းများမှာ ပထမထပ်ထက် ပို၍ခက်ခဲသည်။ ပြီးစီးလျှင် ရရှိမည့် ရမှတ်ပိုများသော်လည်း မပြီးစီးခဲ့လျှင် ပထမထပ်၌ နေနေခြင်းသည် ပိုကောင်းပေလိမ့်မည်။
ယခုအထပ်ရှိ ခက်ခဲမှုသည် သေချာပေါက် ပို၍မြင့်မားပြီး အချက်အလက် ပမာဏမှာလည်း ပို၍ကြီးမားသည်။ [ အထူးစိစစ်မှု ]၏ အမြန်နှုန်းလည်း သိသိသာသာပင် တော်တော်လေး နှေးကွေးသွားသည်။
“ ငါဘာလို့ နားမလည်တာလဲ....... ”
ချန်လွေ့သည် မှော်ကျောက်ပြားကိုထုတ်ပြီး ခဏတုံ့ဆိုင်းသွားသည်။ ထို့နောက် သူ့ကိုယ်သူ တမင်ပြောလိုက်သည်။
“ အပေါ်ထပ်မှာဆို ပိုကောင်းမလား မသိဘူး.... ”
ဆာဗစ်က စိတ်ထဲမှ သရော်ပြုံးပြုံးလိုက်သည်။ အပေါ်က အထပ်တွေကို ဆရာသခင်တွေပဲ နားလည်နိုင်တာ။ ဒီ အာသာက မကြာခင်ကမှ ယန္တရားပညာရှင် ဖြစ်လာတဲ့ လူသစ်တစ်ယောက်ပဲ။ ကံကောင်းပြီးတော့ သူက ပဏာမ ပထမအဆင့် အောင်သွားတာ ( ဆာဗစ် အထင်ပေါ့ )။ သူ တတိယထပ်ကို သွားမယ်ဆိုရင် တစ်နာရီ မပြောနဲ့။တစ်နှစ်ကြာရင်တောင် သုံးလေးကြောင်း မှတ်တမ်းတင်နိုင်မှာ မဟုတ်ဘူး။
ပြိုင်ဘက်လည်းဖြစ်၊ ရန်သူလည်း ဖြစ်သည့်အတွက် ဆာဗစ်သည် ချန်လွေ့အား တတိယအထပ်သို့သွားကာ “ သတ်သေ ” စေချင်သည်။ သူ မျှော်လင့်ထားသည့် အတိုင်းပင် ချန်လွေ့သည် တတိယထပ်ကိုသွားသော အလင်းဂိတ်ဆီသို့ ဖြည်းဖြည်းချင်းသွားကာ ပျောက်ကွယ်သွားသည်။ ဆာဗစ် သရော်ပြုံးပြုံးလိုက်သည်။ သို့သော်လည်း သူ၏လက် လုံးဝမရပ်တန့်သွားခဲ့ပေ။ သူသည် အနည်းငယ် ခက်ခဲသော မှော်စက်ဝန်းတစ်ခုကို မှတ်တမ်းတင်နေသည်။ ထို့နောက် သူသည် ယူလာသော မှော်ကျောက်တုံးကို ဖိခြေပြီး ရှေးမှော်မျှော်စင်မှ တယ်လီပို့ခုန်ပြီး ထွက်သွားလိုက်သည်။
တတိယထပ်တွင် အလင်းရောင်သာမက အမျိုးမျိုးသော မီးတောက်များနှင့် ပုံရိပ်များ ရှိနေကြသည်။နေရာလွတ်သည်ပင် ထူးဆန်းစွာ ပျက်ယွင်းနေသည်။ ချန်လွေ့၏မျက်လုံးထဲ၌ ထိုတေးသွားများနှင့် အရောင်များသည် ထူးဆန်းသော မှော်သင်္ကေတများ ဖြစ်ကြသည်။ အမျိုးမျိုးသော အစီအစဉ်များသည် ရှုပ်ထွေးလှသော တွက်ချက်မှု ကဲ့သို့ပင် ဖြစ်၏။အချို့သည် ဆရာသခင် တာတာနှင့် ဆရာသခင် စကိုင်းတို့ သင်ကြားပေးခဲ့သည်၌ ပါဝင်ပြီး အချို့ကိုမူ မကြားဖူးပေ။ချန်လွေ့၏ လက်ရှိအဆင့်အရ ထို“ဖော်မြူလာ”များ၏ လျို့ဝှက်ဆန်းကြယ်မှုကို နားလည် သဘောပေါက်ပြီး ချက်ချင်းပင် အာရုံနှစ်ဝင်သွားတော့သည်။
ရှေးမှော်မျှော်စင်အပြင်၌ ပြိုင်ပွဲဝင်အများအပြားသည် မှတ်တမ်းပြီးစီးသွားကြပြီး တယ်လီပို့ ခုန်ထွက်လာကြသည်။ အထူးရာဖြတ်တစ်ယောက်က စတင်မှတ်တမ်း တင်ပြီး အမှတ်ပေးတော့သည်။ အစည်းအရုံးရှေ့ရှိ သလင်းကျောက်မျက်နှာပြင်၌ ထိပ်ဆုံး အဆင့်၂၀၀အထိ ရောက်ရှိသူများ ပေါ်ထွက်လာသည်။
ပထမနေရာကို တစ်ဝက်-ကြယ်သုံးပွင့် မှော်တိုးမြှင့် မှော်စက်ဝန်းကို ဆယ်မိနစ်အတွင်း ပြီးစီးခဲ့သော ဆာဗစ် ရရှိခဲ့ပြီး ရမှတ် ၁၇၀မှတ် ရရှိသည်။
ဒုတိယနေရာတွင် တစ်ဝက်-ကြယ်သုံးပွင့် အခြေခံတိုးမြှင့် မှော်စက်ဝန်းကို ဆယ့်ငါးမိနစ်အတွင်း ပြီးစီးခဲ့သော ရောဘတ်ရှိနေပြီး ရမှတ် ၁၆၅မှတ် ရရှိသည်။
တတိယနေရာအတွက် ဆော့ဂိတ်က တစ်ဝက်-ကြယ်သုံးပွင့် အခြေခံတိုးမြှင့် မှော်စက်ဝန်းကိုကို ၁၆ မိနစ်အတွင်း မှတ်တမ်းတင်နိုင်ခဲ့ပြီး စုစုပေါင်းရမှတ် ၁၆၄မှတ် ရရှိခဲ့သည်။
လက်ရှိ အဆင့်၂၀၀မှာ ကြယ်နှစ်ပွင့် မှော်အားလျှော့ မှော်စက်ဝန်းကို တစ်နာရီအတွင်း ပြီးစီးခဲ့သူ ဖြစ်ပြီး ရမှတ် ၈၀ ရရှိခဲ့သည်။
ထိုအချိန်၌ ချန်လွေ့သည် စတုတ္ထအထပ်သို့ ရောက်နေပြီ ဖြစ်သည်။ ချန်လွေ့အတွက်ပင် ထိုအထပ်မှ အရာများကို နားလည်ရန် ခက်ခဲသည်။သို့သော်လည်း သူ့တွင် [ အထူးစိစစ်မှု ] ရှိသည်။သူ နားမလည်သော်လည်း ၎င်းတို့ကို မှတ်တမ်းတင်ပြီး နောက်ပိုင်း ဖြည်းဖြည်းချင်း လေ့လာ၍ ရသည်။
မှတ်တမ်းတင်ပြီးနောက် ချန်လွေ့သည် မှော်ကျောက်တုံးပေါ်ရှိ အချိန်ကို ကြည့်လိုက်ရာ တစ်နာရီပင် ကျော်နေပြီ ဖြစ်သည်။သူသည် ရှေ့ဘက်ရှိ နောက်ထပ် အလင်းတံခါးကိုကြည့်ပြီး ခေတ္တ တုံ့ဆိုင်းသွားကာ လျှောက်သွားကြည့်လိုက်သည်။
အလင်းတံခါးနားသို့ ချန်လွေ့ ချဉ်းကပ်လိုက်သည့်အခါ နေရာလွတ်သည် ရုတ်တရက် ပျက်ယွင်းသွားသည်။မြောက်မြားလှစွာသော လျို့ဝှက်ဆန်းကြယ်သည့် အမှတ်အသားများ လင်းလက်လာပြီး ပြင်းထန်သော တွန်းအားတစ်ခုက ချန်လွေ့ကို အဝေးသို့ တွန်းထုတ်လိုက်သည်။သူ သွားကြည့်သည့်အခါတိုင်း ထိုအမှတ်အသားများ၏ အစီအစဉ်သည် ကွဲပြားနေကြသည်။
[ မီးသင့်နဂါး ဝင်စီးခြင်း ] ကို သုံးပြီး အကောင်းဆုံး ကြိုးစားသည့်တိုင် ထိုအလင်းတံခါး၏ စွမ်းအားကို ဖောက်ထွက်နိုင်မည်မဟုတ်ဟု ချန်လွေ့ ခံစားမိနေသည်။ထိုအလင်းတံခါးတွင် များပြားလှသော စွမ်းအားများ ပိုင်ဆိုင်ရုံသာမက ဥပဒေသ တစ်ခုနှင့်ပင် တူလှသည်။ ထိုဥပဒေသကို နားမလည်လျှင် နတ်ဆိုးအရှင်သခင်အစွမ်း ရှိသည့်တိုင် ၎င်းကို ဖောက်ထွက်နိုင်မည် မဟုတ်ပေ။
အဆောက်အအုံ၏ ပဉ္စမထပ်ရှိ စီမံခန်းခွဲရေးရုံး၌ ရှိသော ဆံပင်အဖြူနှင့် သက်လတ်ပိုင်း ယောက်ျားတစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။ထိုသူမှာ အရိပ်နက် အင်ပါယာရှိ ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌနှင့် အင်ပါယာ၏ ထိပ်တန်း ယန္တရားဆရာသခင်ဖြစ်သော ဆရာသခင် အန်ဒါဆန် ဖြစ်လေသည်။
“ ပဉ္စမအလွှာ ဂိတ်တံခါးကို ဝင်ကြည့်ချင်နေတဲ့ နောက်ထပ် စပ်စုတဲ့သူ တစ်ယောက်ပဲ။ ဒီတစ်ခေါက် ရှေးမှော်မျှော်စင်ကို ဖွင့်လိုက်တာက ကောင်းမကောင်းဆိုတာ ကျုပ်မသိတော့ဘူး။ ”
ဆရာသခင် ရမ္မနစ်ဂီက ပြုံးရင်း ပြောလိုက်သည်။
“ ကျုပ်တို့တောင် ဂိတ်တံခါးရဲ့ ချိပ်ပိတ်ကို မဖျက်နိုင်ဘူး။ဒါကြောင့် ဥက္ကဋ္ဌကြီး စိုးရိမ်စရာ မလိုပါဘူး။ဒါက အလားအလာရှိသော လူငယ်လေးတွေကို ရှာဖွေပြီး ပျိုးထောင်ပေးဖို့ အတွက်ပဲ။သူတို့တွေ အမြင်ကျယ်ပြီး ဉာဏ်အလင်းပွင့်သွားရင် ပိုကောင်းပါတာပေါ့။ ”
ဆရာသခင် အန်ဒါဆန်က အသာလေး ခေါင်းညိတ်ပြီး ဆက်မပြောတော့ပေ။
ထိုမှော်စက်ဝန်းများကို မှတ်တမ်းတင်ကာ စမ်းကြည့်ပြီးနောက် အချိန်သိပ်မကျန် တော့ကြောင်း သိလိုက်ရသည်။ချန်လွေ့သည် နောက်ဆုံးအဆင့်ကို ကြည့်ပြီး အကြံတစ်ခု ရသွားသည်။ သူသည် ဒုတိယထပ်ရှိ မှော်စက်ဝန်းတစ်ခုကို မှတ်တမ်းတင်ကာ မှော်ကျောက်တုံးကို ဖိခြေပြီး တယ်လီပို့ ခုန်ထွက်လာလိုက်သည်။
အစည်းအရုံးအပြင်ဘက် အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံရှိ ဒီရော်သည် သလင်းကျောက်မျက်နှာပြင်ကို အာရုံစိုက်ကြည့်နေပြီး “ အာသာ ” ဟူသော နာမည်ကို မတွေ့ရသေးသည့်အတွက် မသက်မသာ ခံစားနေရသည်။ခီရာလည်း အနည်းငယ် စိုးရိမ်နေပုံရသည်။
ထိုအချိန်၌ လှပသော မိန်းကလေးတစ်ယောက်က ယောက်ျားတစ်ယောက်၏လက်ကို ကိုင်ပြီး ဝင့်ကြွားသော မျက်နှာဖြင့် ရောက်လာသည်။
“ ဒါက ကျွန်မတို့ရဲ့ အစ်ကိုကြီး ဒီရော် မဟုတ်လား။နောက်ဆုံးအချိန် ရောက်နေပြီ။ ရှင်ထောက်ခံထားတဲ့ အာသာကို စာရင်းထဲမှာ ဘာလို့ မတွေ့ရသေးတာလဲ။ ဖားလာမို။ကျွန်မတို့ ထောက်ခံတဲ့သူ အဆင့်က ဘယ်လောက်မှာလဲ။ ”
ဘေးမှယောက်ျားသည် ဒီရော်၏ညီ ဖားလာမိုဖြစ်ပြီး တမင် သက်ပြင်းချလိုက်သည်။
“ ရောဘတ်က ဒုတိယအဆင့်မှာ ထင်တယ်။ သူက လက်ရှိ ဆာဗစ်နောက်မှာ ရှိနေပေမဲ့ ဒီအမှတ်က ဆီမီးဖိုင်နယ်ဆီ ခေါ်သွားမှာ မဟုတ်ဘူး။တကယ့်တိုက်ပွဲက ရောက်မလာသေးပါဘူး။ ”
“ ကျွန်မ သိရသလောက်ဆို နောက်တစ်ဆင့်က ရောဘတ် အားသာတဲ့ဟာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အရင်ပြိုင်ပွဲရဲ့ ချန်ပီယံပဲလေ။ ”
ထိုမိန်းမမှာ ဖားလာမို၏ဇနီး မာရီယာနီ အက်စ်မိုဒက်စ် ဖြစ်ပြီး အရိပ်နက်အင်ပါယာ ဒုတိယဗိုလ်ချုပ် ဗာလန်၏ ညီမလည်း ဖြစ်သည်။ထိုမိန်းမသည် အလွန်လွှမ်းမိုပြီး ဖားလာမိုကို ချိုးနှိမ်ထားသည့်အတွက် ဖားလာမိုသည် ယနေ့အထိ မည်သည့် ကိုယ်လုပ်တော်မျှ မထားရဲပေ။
ဒီရော် အလွန်စိတ်ရှုပ်သော်လည်း မည်ကဲ့သို့ တန်ပြန်ရမည်ကို စဉ်းစား၍ မရပေ။
“ မျက်နှာပြင်ကို ကြည့်ပါဦး။ ”
ခီရာ၏ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ဒီရော် အလျင်အမြန် မော့ကြည့်ပြီး ခီရာလည်း ချက်ချင်းပင် စိတ်အေးသွားတော့သည်။
အာသာ၏နာမည်သည် နောက်ဆုံး၌ ထိပ်တန်း အဆင့်၂၀၀အတွင်း ပေါ်ထွက်လာခဲ့လေပြီ။ သူသည် တစ်ဝက်-ကြယ်သုံးပွင့် အခြေခံတိုးမြှင့် မှော်စက်ဝန်းကို ၁နာရီ ၂၅မိနစ်အတွင်း ပြီးစီးခဲ့ပြီး ရမှတ် ၉၅မှတ်ရရှိကာ လက်ရှိတွင် အဆင့် ၁၉၂ ဖြစ်သည်။
နောက်ဆုံးအဖွဲ့ ဖြစ်သည့်အတွက် မှော်မျှော်စင်ထဲ၌ ယှဉ်ပြိုင်သူ အနည်းငယ်သာ ကျန်ရှိတော့သည်။ထိုအဆင့်သည် တည်ငြိမ်နေပြီ ဖြစ်သည်။ချန်လွေ့သည် နောက်ထပ် ဆီမီးဖိုင်နယ်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ဆာဗစ်သည် မျက်နှာပြင်ပေါ်ရှိ အာသာ၏နာမည်ကို ကြည့်ပြီး သရော်ပြုံး ပြုံးလိုက်သည်။ ကောင်းပါတယ်။နောက်ပိုင်းကျရင် ငါသူ့ခေါင်းကို ဆက်ပြီး တက်နင်းလို့ ရတာပေါ့။ပြိုင်ပွဲအတွင်းမှာရော ပြိုင်ပွဲအဆုံးသတ်မှာရော။ အဲဒီအချိန် ကျရင် အာသာက အစိတ်စိတ်အမွှာမွှာ နင်းခြေခံရပြီ။
အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံရှိ ဒီရော်က သက်ပြင်းချလိုက်သည်။ အဆင့်၁၉၂ ရတယ်ဆိုတာ ကောင်းနေပါပြီ။ဘယ်လိုပဲဖြစ်ဖြစ် ဒါက သီသီလေး လွတ်သွားတာပဲ။
“ ဘာတွေအော်နေတာလဲ။တော်တော်ရိုင်းတဲ့ တောသူမ တစ်ယောက်ပဲ။ ”
မာရီယာနီက ခီရာအား မကျေမနပ် လှောင်ပြောင်ပြီး ဒီရော်အား အထင်သေးစွာဖြင့် ပြောလိုက်သည်။
“ ကျွန်မ ရှင့်ကို ပြောဖို့ မေ့သွားတယ်။ဆယ်လင်းရဲ့ ထောက်ခံသူ ဟောဖို့ဒ်ကလည်း ထိပ်ဆုံးအဆင့်၅၀ထဲ ပါတယ်။နောက်ဆုံး အနိုင်ရရှိမယ့်သူက ဖားလာမိုပဲ ဖြစ်ရပေမယ့် ရှင်ရွေးထားတဲ့သူက ဆယ်လင်းထက် ပိုဆိုးနေတာကို ကျွန်မ အံ့ဩမိတယ်။ဒါကြောင့် ရှင်က ပထမဦးစားပေး နေရာကိုတောင် မထိန်းသိမ်းထားနိုင်တာကိုး။ ”
ဒီရော် နှာမှုတ်လိုက်ပြီး သူတို့နှစ်ယောက်ကို လျစ်လျူရှုထားလိုက်သည်။ထိုအချိန်၌ ချန်လွေ့သည် ဒီရော်ဆီရောက်လာပြီး ခီရာကို ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။
“ ငါက တော်တော်လေး ကံကောင်းတဲ့ပုံပဲ။ထိပ်ဆုံးအဆင့် ၂၀၀ထဲမှာ အေးအေးဆေးဆေး နေနေရင်း နောက်တစ်ဆင့် တက်သွားတယ်။ ”
“ သူက နောက်တစ်ဆင့် ချက်ချင်းပြုတ်မှာ။ ”
မာရီယာနီက အထင်သေးသော အပြုံးကို ယပ်တောင်ဖြင့် တင့်တယ်စွာ ကာပြီး တခစ်ခစ် ရယ်လိုက်သည်။
“ ဒီရော်။ဒီလေလုံးထွားတဲ့ ရုပ်ဆိုးဆိုး မိန်းမက ဘယ်သူလဲ။ ”
ချန်လွေ့က ခီရာကို မာရီယာနီ လှောင်ပြောင်ခဲ့သည်ကို ကြားလိုက်သည့်အတွက် ထိုသို့ တမင်မေးခဲ့ခြင်း ဖြစ်သည်။
မာရီယာနီ၏မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။၎င်းကို ကြားလိုက်ရာ ဒီရော် ပျော်ရွှင်သွားပြီး ပြောလိုက်သည်။
“ ဒါက ဆက်ခံသူ အသည်းအသန် ဖြစ်ချင်နေတဲ့ကျုပ်ရဲ့ညီ ဖားလာမိုပါ။ ဒါကတော့....သူ့ရဲ့မိန်းမ။ ”
ယခင်ထေ့လုံးများကို လက်စားချေရန်အတွက် ဒီရော်သည် မာရီယာနီ၏ နာမည်ကို တမင်မပြောခဲ့ပေ။ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားသည်။
“ ခင်ဗျားရဲ့ညီက အပြင်မှာ မိန်းမတွေ အများကြီးရှိတယ်လို့ ကြားတယ်။ဒါက ဘယ်တစ်ယောက်လဲ မသိဘူး။ ”
ယခုတစ်ခေါက်တွင် ဖားလာမို၏မျက်နှာ ပြောင်းလဲသွားတော့သည်။မာရီယာနီ၏ အေးစက်သော မျက်လုံးများကိုကြည့်ရင်း ဖားလာမို၏ အမူအရာသည် အတော်လေး စိတ်ဝင်စားစရာ ကောင်းသွားသည်။အမှန်တကယ်၌ ချန်လွေ့ ပြောသည်မှာ မှန်သွားခဲ့သည်။ဖားလာမိုတွင် မယားငယ်တစ်ယောက်ရှိသည်။သို့သော်လည်း မာရီယာနီသည် အလွန်လွှမ်းမိုးလှပြီး အင်အားကြီး နောက်ခံလည်း ရှိသည့်အတွက် သူ ဖုံးကွယ်ထားခြင်း ဖြစ်သည်။
ဒီရော်သည် ချန်လွေ့အား တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။သို့သော်လည်း လက်ရှိအချိန်၌ ချန်လွေ့သည် အဆင့်၁၉၀ ဝန်းကျင်၌ ဖြစ်သည်။ဆီမီးဖိုင်နယ်တွင် အခြေအနေ သိပ်ကောင်းမည့်ပုံ မရပေ။ထို့ကြောင့် ဒီရော်က စိုးရိမ်တကြီး မေးလိုက်သည်။
“ နောက်တစ်ဆင့်က ဆီမီးဖိုင်နယ်ပဲ။နောက်ဆုံး ပြိုင်ပွဲဝင်တွေကို ဆုံးဖြတ်မှာ။မင်း ဘယ်လောက် ယုံကြည်ချက်ရှိလဲ။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။ဒီလူက တော်တော် လောတာပဲ။ပြိုင်ဘက်တွေအရှေ့မှ ဒီလိုမေးခွန်းမျိုး ဘာလို့မေးတာလဲ။
“ အစ်ကိုကြီး။အစ်ကိုလေး။အစ်မ မာရီယာနီ။အားလုံး ဒီမှာ ရှိနေတာပဲ။ ”
ကလေးမလေးတစ်ယောက် ရောက်လာသည်။ထိုကောင်မလေးသည် ဂါဝန်တိုတို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းကာ တက်ကြွသည်။ နာမည်ခေါ်ပုံများအရ ထိုကောင်မလေးသည် ဒီရော်၏ ညီမအငယ်ဆုံး ဆယ်လင်း ဖြစ်ရပေမည်။
ဆယ်လင်းတွင် “ခြိမ်းခြောက်မှု” အနည်းဆုံးရှိပြီး သူသည် အစ်ကိုနှစ်ယောက်စလုံးနှင့် ဆက်ဆံရေး အဆင်ပြေသည်။ဒီရော်က အားတင်ပြုံးပြလိုက်ပြီး မာရီယာနီ၏ တင်းမာသော မျက်နှာ ပြေလျော့သွားကာ ခေါင်းညိတ်ပြသည်။
“ ဒါက အစ်ကို့ရဲ့ ထောက်ခံသူ အာသာလား။ ”
ဆယ်လင်းက ချန်လွေ့အား စိတ်ဝင်တစား ကြည့်နေလိုက်သည်။
“ သူက နောက်ဆုံးမှ အဆင့်၂၀၀ထဲကို ဝင်သွားခဲ့တယ်။ဒါပေမဲ့ ဒီတစ်ခေါက် ညီမ ကံကောင်းတယ်။ဟောဖို့ဒ်လို့ခေါ်တဲ့ ယန္တရားပညာရှင် တစ်ယောက်ကို ရှာတွေ့ခဲ့တယ်။သူက သိပ်ပြီးတော့ နာမည်မကြီးပေမဲ့ အတော်လေး ကောင်းတယ်။ ဒီတစ်ခေါက် အဆင့်၄၇ တောင် ရခဲ့တယ်။ ”
ဒီရော်က မချိပြုံးပြုံးရင်း ခေါင်းညိတ်လိုက်သည်။ချန်လွေ့ကမူ စိတ်အေးလက်အေး ဖြစ်နေပြီး ပုံမှန်အတိုင်း ပြောလိုက်သည်။
“ တကယ်တော့ ငါ့ရဲ့အစွမ်းအစတွေကို လျှိုထားတာပါ... ”
ဒီရော်က စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ပြိုင်ပွဲအဆင့်က အသိသာကြီး။သူ တက်သွားတာက ကံကောင်းလို့။ဘယ်လိုပဲကြည့်ကြည့် “ အစွမ်းလျှိုထားတယ် ” ဆိုတာက အလိမ်အညာကြီးပဲ။
“ ရှင့်ရဲ့အစွမ်းအစက ရှင့်ပါးစပ်လိုပဲ ထက်မြက်ပါစေလို့ မျှော်လင့်ပါတယ်။ ”
မာရီယာနီက စကားတစ်ခွန်းပြောပြီး ဖားလာမိုကို ဆွဲခေါ်သွားလိုက်သည်။
“ သနားစရာ ဖားလာမို။သူကတော့ ပြန်ရောက်ရင် သဲအိတ်ဖြစ်မှာ သေချာတယ်။ ”
ဒီရော်က ချိုချိုသာသာ ပြုံးလိုက်ပြီး ဒီရော်အား နှုတ်ဆက်ကာ လှည့်ထွက် သွားလိုက်သည်။
“ ဆီမီးဖိုင်နယ်က မနက်ဖြန်စမယ်။အရင်ဆုံး ပြန်နားကြတာပေါ့။ဒါနဲ့ ခင်ဗျား ကျုပ်ကို ကုန်ကြမ်းပစ္စည်းတွေ ထပ်ပြီးတော့ရအောင် ကူညီပေးရဦးမယ်နော်။မြန်လေ ပိုကောင်းလေပဲ။ကျုပ် ဉာဏ်အလင်းပွင့်ဖို့ လိုအပ်တယ်။ ”
ချန်လွေ့ နောက်ဆုံးစကားမှာ သူ၏အကျိုးအမြတ် သက်သက် အတွက်သာ ဖြစ်သည်။လက်ရှိတွင် ချန်လွေ့သည် တောင်းချင်စိတ်ရှိပြီး ဒီရော်ကလည်း ပေးချင်စိတ် ရှိနေသည်။ထို့ကြောင့် ချန်လွေ့သည် ၎င်းကို အခွင့်အရေး ယူခဲ့သည်။