အရည်အချင်းအပေါ်၌ အငြင်းပွားခြင်း
Vol. 17 Ch. 254
“ တိုက်ခိုက်မှု ၁၈% တိုးစေတယ်။တိုက်ခိုက်နှုန်း ၁၈% တိုးစေတယ်။စုတ်ဖြဲထိခိုက်မှု ၁၅% တိုးစေတယ်။ပြီးတော့လည်း ဒီလိုမျိုး မသိမသာအသွင်အပြင်က အခြေအနေကို ဖုံးကွယ်ထားစေနိုင်တယ်။တကယ့်ကို ထူးခြားတဲ့ လက်နက်တစ်မျိုးပဲ။တစ်ဝက်-ကြယ်သုံးပွင့် မှော်စက်ဝန်းနဲ့ အစီအရင် ဖန်တီးလိုက်တော့ ဒီထူးကဲအဆင့် ပစ္စည်းကိရိယာက ပြီးပြည့်စုံလုနီးပါးပဲ။ ”
အန်ဒါဆန်၏ မှတ်ချက်က ဆာဗစ်ကို အလွန်အံ့အားသင့်သွားစေသည်။ ဒီအမှိုက်ဓားမှာ တကယ်ကြီး ဒီလောက်ကြမ်းတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်လား။ ဆရာသခင် အန်ဒါဆန်ရဲ့ မျက်လုံးက တစ်ခုခုဖြစ်နေလို့ အကဲဖြတ်မှားသွားတာလား။ သေချာသည်မှာ ဆာဗစ်သည် ၎င်းကို ကျယ်ကျယ် မပြောရဲပေ။
အန်ဒါဆန်၏ “ ပြီးပြည့်စုံလုနီးပါး ” ဟူသော မှတ်ချက်သည် အနီးအနားရှိ ပရိသတ်များကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။ ဆရာသခင် အန်ဒါဆန်က ဘယ်သူလဲ သိလား။သူက အရိပ်နက်အင်ပါယာ ယန္တရားအစည်းအရုံးရဲ့ ဥက္ကဋ္ဌ လည်း ဟုတ်တယ်။ ထိပ်တန်း ယန္တရားဆရာသခင် တစ်ယောက်လည်းဖြစ်တယ်။သူက ဒီလိုပြောမှတော့ ဒီဓားက တမူထူးခြားတဲ့ ထူးကဲအဆင့် လက်နက်တစ်ခုဆိုတာ ငြင်းစရာမရှိဘူး။
ပရိသတ်အများစု စိတ်ဝင်စားနေကြသည်မှာ ယခင်က ဆာဗစ် လူသိရှင်ကြား ကြေညာခဲ့သော အလောင်းအစားကိုပင် ဖြစ်သည်။
ဒီရော်သည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သူက ဒီလိုပြိုင်ပွဲမျိုးမှာ ထူးကဲအဆင့် လက်နက်ကို လုပ်နိုင်ရုံသာမကဘူး။ဆရာသခင် အန်ဒါဆန်ရဲ့ ချီးမွမ်းမှုကိုလည်း ခံခဲ့ရတယ်။ဒါက ကံကောင်းတာ လုံးဝမဖြစ်နိုင်ဘူး။ ဒီလိုအရည်အချင်းနဲ့ဆို သူက အငြင်းပွားစရာမရှိတဲ့ လက်ရွေးစင်တစ်ယောက်ပဲ။ အာသာက ကြွားခဲ့တာမဟုတ်ဘူး။ သူ တကယ်ပဲ ပဏာမ ပထမအဆင့်မှာ အစွမ်းလျှိုထားခဲ့တာ။ အာသာနဲ့ ယှဉ်မယ်ဆိုရင် ဆာဗစ်ရဲ့လက်ရာက သိသိသာသာကြီးကို နိမ့်ကျနေတယ်။ ကြည့်ရတာ အာသာကို ရွေးချယ်ခဲ့တာက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့တဲ့ပုံပဲ။
ချက်ချင်းပင် ဒီရော်၏စိတ်ထဲ၌ “ အလိမ်ခံခဲ့ရသော ” ရှားပါးကုန်ကြမ်းပစ္စည်းများမှာ ထိုက်တန်သွားခဲ့သည်။ သူထောက်ပံ့ခဲ့သော ပြိုင်ပွဲဝင်သည် ဖိုင်နယ်သို့ တက်ရောက်နိုင်မည်မှာ သံသယဖြစ်စရာ မရှိပေ။ နှိုင်းယှဉ်မည်ဆိုလျှင် ဖားလာမို ရွေးချယ်ခဲ့သော ရောဘတ်သည်ပင် နိမ့်ကျနေပုံရသည်။
ဒီရော်သည် မနီးမဝေးမှ မျက်နှာ မသက်မသာဖြစ်နေသော မာရီယာနီနှင့် ဖားလာမိုတို့ကို ဖျပ်ခနဲကြည့်ပြီး အလွန်ပျော်ရွှင်သွားသည်။
“ အကဲဖြတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ဆရာသခင်။ ”
ချန်လွေ့သည် အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံများဆီသို့ အရိုအသေပေးပြီး မျက်နှာ ဖြူဖျော့နေသာ ဆာဗစ်အား ကြည့်လိုက်သည်။သူ၏အသံ ရုတ်တရက် ကျယ်လောင်သွား၏။
“ အခုက လောင်းကြေးပေးဖို့ အချိန်ရောက်ပြီ။ ”
ပရိသတ်များလည်း ချက်ချင်းပင် ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
“ လောင်းကြေးပေး။ ”
“ အဲဒီ ပါရမီရှင်ဆိုလား ဘာဆိုလားကောင်ကို ငါအမြင်ကပ်နေတာကြာပြီ။ ”
“ သူ့ရဲ့လက်ကို ဖြတ်ပစ်လိုက်။ ”
ဆာဗစ်၏ ခြေလက်များ အေးစက်သွား၏။ သူသည် နိမိတ်မကောင်းသော ထောင်ခြောက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ ပို၍ဆိုးသည်မှာ ထိုထောင်ခြောက်ကို တူးခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ ထိုအချိန်၌ ဆရာသခင်လီယို မတ်တပ်ရပ်လိုက်ပြီး သူ၏အသံသည် ကွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
“ ခဏနေပါဦး။ကျုပ်မှာ ပြောစရာတစ်ခုရှိတယ်။ ”
ဆရာသခင်လီယိုက ပုံစံတစ်ရွက်ကို ကိုင်ထားပြီး ချန်လွေ့ကို လက်ညှိုးထိုးပြသည်။
“ ဒီ အာသာက ပြိုင်ပွဲမတိုင်ခင် သုံးရက်အလိုကမှ ယန္တရားပညာ ထောက်ခံချက် ရထားတာ။ ”
ပရိသတ်များ၏ တီးတိုးပြောသံများ ထွက်ပေါ်လာသည်။ အာသာက အကြီးတန်း ယန္တရားပညာရှင် တစ်ယောက်လို့ ငါထင်ခဲ့တာ။ သူက မကြာခင်ကမှ ယန္တရားပညာရှင်တစ်ယောက် ဖြစ်လာတဲ့ လူသစ်တစ်ယောက် ဖြစ်နေတာကိုး။ဒါပေမဲ့ သူက ပြိုင်ပွဲမှာ တော်တော်ကောင်းတဲ့ ရလာဒ် ရထားတယ်။သူက တော်တော် အစွမ်းထက်တာပဲ။
ဆရာသခင်လီယို၏ နောက်ထပ်စကားလုံးများက သူ၏ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်လိုက်သည်။
“ လွန်ခဲ့တဲ့ သုံးရက်တုန်းက ယန္တရားပညာ ပြိုင်ပွဲအတွက် စာရင်းပိတ်သွားခဲ့ပြီ။သူက ပဏာမ ပထမအဆင့်မှာ ဝင်ပြိုင်ဖို့တောင် မသင့်တော်ဘူး။ အစည်းအရုံးကလည်း အရင်ကတည်းက ပြိုင်ပွဲမှာ ဘယ်လိုလိမ်လည်နည်းကိုမှ ခွင့်မပြုခဲ့ဘူး။ ဒါကြောင့် သူ့ရဲ့ရလာဒ်တွေကို ပယ်ပြီးတော့ ကွင်းထဲကနေ ချက်ချင်း ထုတ်ပစ်ဖို့ တောင်းဆိုပါတယ်။ ”
ချန်လွေ့၏ စာရင်းကို ဒီရော်က အထူးနည်းလမ်း တစ်မျိုးဖြင့် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည် ။ယန္တရားပညာရှင် ဖြစ်သရွေ့ အစည်းအရုံးသည် ထိုကဲ့သို့ ကိစ္စမျိုးကို ဂရုမစိုက်ပေ။ ယခုတွင် ဆာဗစ်နှင့် ချန်လွေ့တို့၏ အလောင်းအစားကြောင့် လီယိုသည် တပည့်ဖြစ်သူ၏လက်ကို ကယ်တင်ပေးရန်အတွက် ထိုကိစ္စကို ဆွဲယူလာခဲ့သည်။ ချန်လွေ့၏ အရည်အချင်း ပြည့်ဝမှုကို ငြင်းပယ်လိုက်သည်နှင့် “ ဆီမီးဖိုင်နယ်တွင် ထူးကဲအဆင့် ပစ္စည်းကိရိယာ ပြုလုပ်ခြင်း ” ဟူသော အလောင်းအစား မတည်နိုင်တော့ပေ။
လီယို၏ တောင်းဆိုချက်သည် သီဝရီအရ ယုတ္တိရှိသော်လည်း စင်အောက်မှ ပရိတ်သတ်အများအပြားသည် ၎င်းကို လက်မခံဘဲ မကျေမနပ် ဖြစ်နေကြသည်။ အာသာရဲ့စွမ်းရည်က စစ်မှန်တယ်ဆိုတာ မသေအချာကြီး။ ပြီးတော့ သူလုပ်တဲ့ လက်နက်ကိုလည်း ဆရာသခင် အန်ဒါဆန် ကိုယ်တိုင်က အသိအမှတ်ပြုထားတယ်။ ခင်ဗျားက ဆာဗစ် အခု ရှုံးတော့မှာကိုမြင်တော့ အာသာကို အရည်အချင်းမပြည့်အောင် လုပ်နေတာလား။
ဆရာသခင် အန်ဒါဆန်၏ မျက်ခုံးများ တဖြည်းဖြည်း တင်းကျပ်သွားသည်။ သူသည် လီယို၏တောင်းဆိုချက်ကို သဘောမတူပေ။ သေသေချာချာ ပြောရလျှင် ပြိုင်ပွဲဝင်ရန်အတွက် “ အာသာ ”၏ အရည်အချင်းပြည့်ဝမှုတွင် “ လျို့ဝှက်စည်းမျဉ်း ” တစ်ခု ပါဝင်နေသည်။ သို့သော်လည်း ၎င်းကို အပြင်ထုတ်လိုက်သည့်အခါ အမှန်တကယ်ပင် လိမ်လည်ခြင်း ဖြစ်သည်။ အထူးသဖြင့် “ အစည်းအရုံးကလည်း အရင်ကတည်းက ပြိုင်ပွဲမှာ ဘယ်လိုလိမ်လည်နည်းကိုမှ ခွင့်မပြုခဲ့ဘူး ” ဟူ၍ ဆရာသခင်လီယို ပြောခဲ့သည့်အတွက် အန်ဒါဆန်သည် အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် ခုခံရန် ခက်ခဲနေသည်။ယခုတစ်ခေါင် ခြွင်းချက်ပြုလုပ် လျှင်လည်း အစည်းအရုံး၏ ဂုဏ်သိက္ခာ ကြီးကြီးမားမား ထိခိုက်သွားပေမည်။
ဆာဗစ်သည် သေခြင်းတရားမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ချွေးသုတ်လိုက်ပြီး မော်ကြွားသည့်မျက်နှာ ပြသလိုက်သည်။ ဆရာအနေနဲ့ ယန္တရားဆရာသခင်တစ်ယောက်ရှိတာက တကယ့်ကို ထူးခြားတယ်။ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီ“ အာသာ” က အန္တရာယ်များလွန်းတယ်။ပြိုင်ပွဲပြီးရင် သူ့ကို သေအောင်လုပ်ရမယ်။
ဆရာသခင် လီယိုသည် ၎င်းကို အသုံးချကာ တုံ့ပြန်လိန့်မည်ဟု ဒီရော် မထင်မှတ်ထားခဲ့ဘဲ သူ၏မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ယခင်က စိုးရိမ်နေကြသော ဖားလာမိုတဲ့စုံတွဲ သက်ပြင်းချလိုက်နိုင်သည်။ မာရီယာနီသည် ဒီရော်အား မာနကြီးစွာကြည့်ပြီး သရော်ပြုံး ပြုံးနေလိုက်သည်။
“ အဲဒီတောင်းဆိုချက်ကို ကျုပ်ဆန့်ကျင်တယ်။ ”
မမျှော်လင့်ထားသော တိုက်စစ်တစ်ခုသည် ဆရာသခင် ရမ္မနစ်ဂီထံမှ ထွက်ပေါ်လာပြီး သူ၏အသံ ပဲ့တင်ထပ်နေသည်။
“ ဘာလို့လဲဆိုတော့ လိမ်လည်တယ်ဆိုတာ လုံးဝမရှိခဲ့လို့ပဲ။ အာသာကို ကျုပ်အရင်က ပြိုင်ပွဲအတွက် ဖိတ်ခဲ့ပြီးပြီ။ဒါက တတိယဗိုလ်ချုပ် ခါဖူရဲ့သား မွန်ရိုးက သက်သေခံလို့ရတယ်။ ပြီးတော့လည်း သူ့မှာ ကျုပ်ရဲ့ အကြံပြုတံဆိပ်ပြား ရှိတယ်။ သူက ပဏာမ ဒုတိယအဆင့်ဆီ တစ်ခါတည်း ဝင်လို့ရတယ်။ ”
ဆရာသခင် ရမ္မနစ်ဂီသည် အက်စ်မိုဒက်စ် မိသားစုဝင်ဖြစ်ပြီး သူ၏ဂုဏ်သတင်းမှု ဆရာသခင် အန်ဒါဆန်ထက် အနည်းငယ်သာနိမ့်သည်။ သူသည် တရားမျှတ ခြင်းကြောင့် နာမည်ကြီးသည်။ ပရိသတ်များက ပြိုင်ပွဲတွင် အာသာ ဆက်လက် ယှဉ်ပြိုင်မည်ကို စောင့်မနိုင်ကြတော့ဘဲ လက်ခုပ်တီးလိုက်ကြသည်။
ထိုတံဆိပ်ပြားသည် ထိုကဲ့သို့ပြုလုပ်နိုင်ကြောင့် ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။ လမ်းမှာတုန်းက အခြေခံဗဟုသုတတွေအဖြစ် ကျေးဇူးတင်ဖို့အတွက် အဲဒီဆရာသခင်ကို ငါပေးခဲ့တဲ့ ဝိုင်ကောင်းကောင်းတွေက တန်သွားတဲ့ပုံပဲ။ ငါဒါကို စောစောသိခဲ့ရင် ပဏာမ ပထမအဆင့်ကို ဝင်မပြိုင်ပါဘူး။
ဒါနဲ့ ဒီလိုတံဆိပ်ပြားက......ငါ့မှာ တစ်ခုထက်ပိုပြီး ရှိနေသလိုပဲ.....
အသေအချာပင် နောက်ထပ် အသံတစ်သံ ထွက်လာသည်။
“ ကြည့်ရတာ ကျုပ်တို့နှစ်ယောက်က လူတော်တွေကို မြင်တတ်တဲ့ပုံပဲ။ဆရာသခင် ရမ္မနစ်ဂီ။ ”
စကားပြောလိုက်သူမှာ ဆရာသခင် ရှိုဆာဖြစ်ပြီး အသံကျယ်ကျယ် ရယ်လိုက်သည်။
“ အာသာ။ မင်းရဲ့ အကြံပြုတံဆိပ်ပြားနှစ်ခုလုံး ထုတ်ပြလိုက်။ ဆရာသခင် နှစ်ယောက်ရဲ့ ထောက်ခံချက်တွေနဲ့ဆိုရင် မင်းရဲ့အရည်အချင်းကို အခြားသူတွေ မေးခွန်းထုတ်ရဲမယ်လို့ ငါတော့မထင်ဘူး။ ”
ဆရာသခင်ရှိုဆာသည် ဆရာသခင် ရမ္မနစ်ဂီနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်ပြီး လီယိုနှင့် ရန်ဘက် ဖြစ်သည်။ယန္တရား ထောက်ခံချက်ရုံးသို့ သူရောက်နေရသည်မှာ လီယိုကြောင့် ဖြစ်သည်။ယခုမှပင် သူအငြိုးအတေးကို လက်စားချေရသည့်အတွက် ပျော်စရာပင် ဖြစ်သည်။
ယခုတွင် ပရိသတ်အားလုံး၏ ချန်လွေ့အပေါ်အမြင် ပြောင်းလဲသွားကြသည်။ ဒီ အာသာက တကယ်ပဲ ဆရာသခင်နှစ်ယောက်ရဲ့ ထောက်ခံချက်ကို ရရှိခဲ့တယ်။
ချန်လွေ့က တံဆိပ်ပြားနှစ်ခုကို ထုတ်လိုက်သည်။ဘေးဖက်မှ ကြီးကြပ်ရေးမှူးက ၎င်းတို့ကို စစ်ဆေးပြီး ခေါင်းညိတ်ပြသည်။၎င်းသည် အမှန်တကယ်ပင် ဆရာသခင်၏ အကြုံပြုတံဆိပ်ပြား ဖြစ်သည်။လီယိုသည် မျက်နှာပြာနှမ်းလာရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ဆာဗစ်၏မျက်နှာမှာမူ မီးခိုးရောင် ပြောင်းနေလေပြီ။
“ အာသာ။မင်းရဲ့ အကြုံပြုသူ အနေနဲ့ ဒီအလောင်းအစားကို အသက်ညှာဆုံးလုပ်ပေးဖို့ မျှော်လင့်ပါတယ်။ ”
ရမ္မနစ်ဂီက မျက်မှောင်ကြုတ်ရင်း ထပ်ဖြည့်ပြောလိုက်သည်။မည်သို့ပင်ဆိုစေကာမူ သူသည် အက်စ်မိုဒက်စ် မိသားစုအပေါ်၌ သစ္စာရှိသည်။ထို့ကြောင့် အရိပ်နက် အင်ပါယာရှိ လူငယ်ပါရမီရှင်တစ်ယောက် ဤကဲ့သို့ မသေဆုံးသွားစေချင်ပေ။
“ ကျုပ် တကယ် စိတ်မကောင်းပါဘူး။ဆရာသခင် ရမ္မနစ်ဂီ။ ”
ချန်လွေ့ ဦးညွှတ်ပြီး ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
“ ဒီပြိုင်ပွဲမှာ အငြင်းပွားမှုကြောင့်ပဲဆိုရင် ကျုပ် ခင်ဗျားပြောသလို သူ့ကို လွှတ်ပေးမှာပါ။ ဒါပေမဲ့ ကျုပ်နဲ့ ဒီပါရမီရှင်ကြားက ရန်ငြိုးတွေကို ခင်ဗျားတို့ တစ်ယောက်မှ မသိကြဘူး။ ကျုပ် ယန္တရားပညာ ထောက်ခံချက်ရဖို့ သွားဖြေတုန်းက ဒီအရှက်မရှိတဲ့ကောင်က ဆရာသခင်လီယို၏ တပည့်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မာနထောင်လွှားပြီးတော့ အကြင်နာတရား ကင်းမဲ့နေတယ်။သူက ကျုပ်ရဲ့အရှေ့မှာ ကျုပ်မိန်းမကို လုယူချင်ခဲ့တယ်။ပြီးတော့ သူက ကျုပ်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်တဲ့ ကတ်စတာမိသားစုက မစ္စတာဒီရော်နဲ့ သူ့ရဲ့ဇနီးဖြစ်တဲ့ အင်ပါယာရဲ့ ဘဏ္ဍာရေးအရာရှိ သမီးတို့ကိုလည်း စော်ကားခဲ့တယ်။ဒီစကားတွေကို မှတ်တမ်းတင်ထားတဲ့ ကျောက်တုံးက မစ္စတာဒီရော်ရဲ့ လက်ထဲမှာ ရှိနေတုန်းပဲ။အစကတော့ သူက ဆရာသခင်လီယိုရဲ့ တပည့်ဆိုတော့ ကျုပ် သည်းခံပြီးတော့ ဂရုမစိုက်ခဲ့ဘူး။ဒါပေမဲ့ ကျုပ်မထင်ထားခဲ့ဘူး။သူက ပြိုင်ပွဲမှာတောင် သူကျုပ်ကို အလွတ်မပေးခဲ့ဘူး။သူက အလောင်းအစားကို အသုံးချပြီးတော့ ကျုပ်ရဲ့လက်နှစ်ဖက်ကို ဖြတ်ပစ်ချင်ခဲ့တယ်။ ”
ထိုကဲ့သို့ ရန်ငြိုးရှိလိမ့်မည်ဟု ပရိသတ်များ မသိခဲ့ကြပေ။ပရိသတ်အများအပြားသည် အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံရှိ ဒီရော်နှင့် အမှန်တကယ် လှပသော ကဝေမဖြစ်သည့် အာသာ၏ “ မိန်းမ ” ကို ကြည့်လိုက်ကြသည်။ ဒါကြောင့်ကိုး။
ဆရာသခင် ရမ္မနစ်ဂီ သက်ပြင်းချကာ မဖျောင်းဖျတော့ဘဲ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
ဆာဗစ်ကို သတ်ရန်အတွက် “ အာသာ ” သည် မိမိအား သူ၏မိန်းမဖြစ်သည်ဟု တမင်ပြောခဲ့ကြောင်း ခီရာသိသည်။ မိမိအတွက် သူရှေ့ထွက်လာခဲ့သော မြင်ကွင်းကို သတိရသွားရင်း ခီရာ၏နှလုံးသားထဲသို့ ထူးဆန်းသော ခံစားချက်တစ်ခု ရောက်ရှိလာသည်။
ထိုစကားများတွင် လီယို၏နာမည် နှစ်ကြိမ်ပါဝင်ပြီး ပြိုင်ပွဲကို အကြီးမားဆုံး ထောက်ပံ့ပေးသော ကတ်စတာမိသားစုနှငိ့ အင်ပါယာ၏ ဘဏ္ဍာရေးအရာရှိလည်း ပါဝင်သည်။ ဆရာသခင် လီယိုသည်ပင် ထပ်ပြီး ကာကွယ်ပေးရန်၊ သက်ညှာပေးရန် မတောင်းဆိုရဲတော့ပေ။
ချောက်ကမ်းပါး အစွန်းသို့ တွန်းပို့လိုက်ရသော လီယိုသည် အလွန်ဒေါသထွက်နေပြီး စကားပင် မပြောနိုင်တာ့ချေ။
ယခင်နှစ်များ၌ ဆာဗစ်သည် အမှန်တကယ်ပင် မာနထောင်လွှားပြီး အကြင်နာတရား ကင်းမဲ့နေခဲ့သည်။သို့သော်လည်း သူ၏အလားအလာနှင့် တိုးတက်မှုမှာ သိသာလှသည်။ သူသည် ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ဖြင့် လူတိုင်းကို ပါးစပ်ပိတ်အောင် လုပ်နိုင်ခဲ့သည်။ယခုတွင် သူသည် ထိုချီးထုပ် အလောင်းအစား၌ ရှုံးသွားခဲ့လေပြီ။ထို့ပြင် ၎င်းကို အကြံပြုသည်မှာလည်း ဆာဗစ် ကိုယ်တိုင်ပင် ဖြစ်သည်။
“ လီယိုဆိုတဲ့ ဆရာတိုင်းက စကြဝဠာကို ကာကွယ်ပေးတဲ့ ဥက္ကာမင်းလို့ ထင်နေတာလား။ ”
ချန်လွေ့က ဆာဗစ်ဆီလာပြီး အထင်သေးစွာ ကြည့်ပြီး အသံကို ရုတ်တရက် မြှင့်လိုက်သည်။
“ အခုရှိနေကြတဲ့ ပရိသတ်တွေကို ကျုပ်မေးချင်တယ်။သူ့ရဲ့လက်ကို ဖြတ်လိုက်သင့်လား။ ”
ပရိသတ်များအားလုံး ကျေနပ်နေကြပြီး သံပြိုင်အော်ဟစ်လိုက်ကြသည်။
“ ဖြတ်သင့်တယ်။ ”
ဆာဗစ်၏ခန္ဓာကိုယ်သည် သေဒဏ်ပေးခံရသကဲ့သို့ပင် အရုပ်ကြိုးပြတ် လဲကျသွားခဲ့သည်။
ဆရာသခင် ရမ္မနစ်ဂီက တစ်ခုခု ပြောချင်သော်လည်း ဆရာသခင်ရှိုဆာ၏ စကားကြောင့် စိတ်ပြောင်းသွားခဲ့သည်။
“ အာသာဆိုတဲ့ ဒီလူငယ်က တကယ့်ပါရမီရှင်ပဲ။ကျုပ်တို့ သူ့ကို တပည့် လက်ခံမယ်ဆိုရင် သူက ဆာဗစ်ထက်ကို အဆတစ်ရာ သာလိမ့်မယ်။ ”
နောက်ပိုင်းဖြစ်ရပ်များ၌ အလှည့်အပြောင်း မရှိတော့ပေ။လက်နှစ်ဖက် ဆုံးရှုံးသွားသော ဆာဗစ်သည် ခွေးသေသဖွယ် ကွင်းထဲမှ ဆွဲထုတ်ခံလိုက်ရတော့သည်။
ဆာဗစ်သည် နည်းလမ်းမျိုးစုံသုံးပြီး မိမိကို လက်စားချေမည်ကို ချန်လွေ့ ခန့်မှန်းမိပြီးသား ဖြစ်သည်။ သို့သော်လည်း ဆာဗစ်၏ အစွမ်းသည် ဆရာသခင်၏တပည့်ဖြစ်ကြောင်းနှင့် မြို့တော်၏ ပါရမီရှင်တစ်ယောက် ဖြစ်ကြောင်း အပေါ်၌ မူတည်နေသည်။ ယန္တရားပညာရှင်တစ်ယောက်၏ အရေးကြီးဆုံးသော လက်များ ဆုံးရှုံးသွားသည်နှင့် ဆရာသခင် လီယိုသည် ထိုကဲ့သို့ အမှိုက်မျိုးကို လက်လျှော့လိုက်မည် ဖြစ်ပြီး မြို့တော်၏ ပါရမီရှင် ဆိုသည်မှာလည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
ဆာဗစ်၏ စရိုက်အရ သူသည် လူအများအပြားကို ယခင်က စော်ကားခဲ့သည်။ ထို့ကြောင့် ချန်လွေ့ လှုပ်ရှားစရာ မလိုအပ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို သတ်သွားမည် ဖြစ်သည်။
ဆာဗစ်ကိစ္စ ပြီးစီးပြီးနောက် ပြိုင်ပွဲ ပြန်စသည်။ နောက်ဆုံးအုပ်စု၌ ချန်လွေ့၏ဓားထက် မနိမ့်သော ပြီးပြည့်စုံလုနီးပါးဖြစ်သည့် ထူးကဲအဆင့် အဖျားမော့ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။
ထိုယန္တရားပညာရှင်မှာ ဒီရော်၏ညီမ ဆယ်လင်း ထောက်ခံထားသော ဟောဖို့ဒ်ပင် ဖြစ်လေသည်။
ဤပြိုင်ပွဲသည် ထင်မြင်ချက်များနှင့် လုံးဝကွဲပြားနေသည်။အနိုင်ရရှိရန် အခွင့်အရေး အကြီးမားဆုံး ဖြစ်သော ဆာဗစ်သည် အလောင်းအစားကြောင့် လက်နှစ်ဖက် ဆုံးရှုံးလိုက်ရသည့်အတွက် ပြိုင်ပွဲမှ အထုတ်ခံလိုက်ရသည်။ချန်ပီယံဟောင်း ရောဘတ် သည်လည်း မမျှော်လင့်ထားသော ပြိုင်ပွဲဝင်နှစ်ယောက်၏ လောင်းရိပ်ကို ခံနေရသည်။ ၎င်းတို့မှာ အာသာနှင့် ဟောဖို့ဒ်တို့ ဖြစ်ကြသည်။
မာရီယာနီနှင့် ဖားလာမိုတို့၏ မျက်နှာများ အလွန်အမင်း မသက်မသာ ဖြစ်သွားသည်။ သူတို့ ရွေးချယ်ထားသော ရောဘတ်သည် မူလက ပြိုင်ပွဲ၌ အနိုင်ရရှိနိုင်ချေ အမြင့်ဆုံး ဖြစ်သည်။ သို့သော်လည်း ယခုတွင် အနိုင်ရရှိနိုင်ချေ အနိမ့်ဆုံး ဖြစ်နေသည်။ ဆယ်လင်းသည်ပင် သူတို့ထက် ကျော်သွားခဲ့သည်။
ဖိုင်နယ်သည် ၅ရက်အတွင်း ကျင်းပမည် ဖြစ်သည်။ ထိုအချိန်၌ ပြိုင်ပွဲ၏ချန်ပီယံကို ဆုံးဖြတ်ပေမည်။ အခြားတစ်ဖက်မှကြည့်လျှင် ကတ်စတာမိသားစု၏ ထောက်ခံသူ သုံးယောက်သည် ပြိုင်ပွဲကို အနိုင်ရရှိရန် အရည်အချင်းရှိသည်။ ထိုအချိန်၌ ကတ်စတာမိသားစု၏ ဆက်ခံသူ အစစ်အမှန်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။
လမ်းတစ်လျှောက်၌ ချန်လွေ့အပေါ် ဒီရော်၏ အမြင်များ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ၏ စကားလုံးများနှင့် အပြုအမူများသည် အလွန်အမင်း အာရုံစိုက်လာသည်။ နေအိမ်သို့ ပြန်ရောက်သည့်အခါ ဒီရော်သည် ချန်လွေ့အား အကျိုးအမြတ် အများအပြား ပေးအပ်ခဲ့သည်။
“ မိုးခြိမ်းသံ ” လိုအပ်သော နောက်ဆုံးကုန်ကြမ်းပစ္စည်း သုံးမျိုးထဲ၌ ဇာမဏီနက် ငှက်တောင်ကို သူရရှိခဲ့သည်။ သို့သော်လည်း ကျန်ရှိသော အမယ်များ ဖြစ်သည့် မိုးကြိုးနဂါး သလင်းကျောက်နှင့် ကြယ်နှင်းခဲများမှာ ယန္တရားအစည်းအရုံး၏ ဂိုဒေါင်ထဲ၌သာ ရှိပြီး ရောင်းချရန်အတွက် မဟုတ်ပေ။
ပြိုင်ပွဲ၌ ပထမရသည်နှင့် ယန္တရားအစည်းအရုံးမှ မည်သည့် ရှားပါးကုန်ကြမ်းပစ္စည်း သုံးမျိုးကိုမဆို ရယူနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့သည် အနိုင်ရရှိရန် ဆုံးဖြတ်ထားပေသည်။