ဆရာသခင်နှင့် ဆရာသခင်။ယန္တရားပညာရှင်အဆင့် ကျော်သွားသော ဗိုလ်လုပွဲ
Vol. 18 Ch. 258
ပလ္လင်သည် အရေးကြီးပုဂ္ဂိုလ်များထိုင်ခုံအလယ်၌ ရှိသည်။ဧကရီ ကတ်သရင်း ပလ္လင်ပေါ်သို့ ရောက်ရှိလာသောအခါ လူအားလုံးက မတ်တပ်ရပ်ပြီး အရိုအသေ ပေးကြသည်။၄င်းမှာ စိတ်ရင်းနှင့် အရိုအသေ ပေးကြခြင်း ဖြစ်သည်။
ယခင်က ကတ်သရင်းသည် ထူးချွန်သော ဉာဏ်ပညာ၊သတ္တိနှင့် နည်းဗျူဟာများကို အသုံးချပြီး တော်ဝင်စစ်ပွဲကို အဆုံးသတ်ကာ အင်ပါယာကို ကယ်တင်ခဲ့သည်။ အခက်အခဲများစွာဖြင့် စီမံပြီးနောက် မူလက အသက်ယဲ့ယဲ့သာ ရှိတော့သော အရိပ်နက်အင်ပါယာသည် သွေးရောင်အင်ပါယာပြီးလျှင် ဒုတိယအကြီးမားဆုံး အင်ပါယာ ဖြစ်လာခဲ့သည်။ကတ်သရင်းသည် ပြည်သူများကို တည်ငြိမ်ခြင်းနှင့် ငြိမ်းချမ်းခြင်း ပြန်လည်ယူဆောင်လာနိုင်ခဲ့သည်။ထို့ကြောင့် တော်ဝင်မျိုးနွယ်ဖြစ်စေ၊လူသာမန်ဖြစ်စေ ကတ်သရင်းကို နှလုံးသားထဲမှ လေးစားချစ်ခင်ကြသည်။
ကတ်သရင်းသည် ဝတ်ရုံဝတ်ဆင်ထားပြီး သရဖူဆောင်းထားကာ မျက်နှာကို ပိုးဇာလွှားဖြင့် ဖုံးလွှမ်းထား၏။သူ၏မျက်နှာကို မမြင်နိုင်သော်လည်း လူအများသည် ထိပ်တန်းမိန်းမလှ၏ အလှတရားကို မြင်တွေ့နိုင်သော ပြီးပြည့်စုံလှသည့် ပုံပန်းသွင်ပြင်နှင့် လျို့ဝှက်ဆန်းကြယ်ပြီး လှပတင့်တယ်သော အမူအရာများမှ ရေးရေးလေး မြင်နိုင်ပေသည်။
ပလ္လင်၏ပတ်ပတ်လည် ဆယ်မီတာတွင် လက်နက်ကိရိယာ ကောင်းကောင်းများ တပ်ဆင်ထားသော အင်ပါယာ အစောင့်များ ဝိုင်းရံထားသည်။သို့သော်လည်း ထိုအစောင့်များ မရှိသည့်တိုင် ကတ်သရင်းသည် အစွမ်းထက်ဆုံးဖြစ်သော ဧကရာဇ် ရိုင်ဇန်ပြီးလျှင် ဒုတိယ ဖြစ်သည့်အတွက် မည်သူမှ သူ့ကို မဆန့်ကျင်ရဲကြပေ။
ပြိုင်ပွဲဒိုင်များမှာ အင်ပါယာ၏ ထိပ်တန်း ယန္တရားဆရာသခင် တစ်ယောက်ဖြစ်သော ဆရာသခင် အန်ဒါဆန်က ဦးဆောင်သော ယန္တရားဆရာသခင်အဖွဲ့ ဖြစ်သည်။ ပြိုင်ပွဲအလယ်၌ ဗိုလ်လုပွဲအဆင့် တက်ရောက်လာကြသော ယန္တရားပညာရှင် (၁၀)ဦး ရှိနေသည်။
အထူးပြုသုံးမျိုးအတွက် လိုအပ်သော အလုပ်ခုံများကို ယန္တရားပညာရှင် တစ်ယောက်စီ၏ ပတ်ပတ်လည်၌ ထားထားသည်။ယေဘုယျအားဖြင့် ယန္တရားပညာရှင်များသည် ကိုယ်ပိုင်ကိရိယာများကို ယူဆောင်လာရသည်။သို့သော် ပေးထားသော ကိရိယာများကိုလည်း အသုံးပြု၍ရသည်။
ဗိုလ်လုပွဲ၏စည်းကမ်းများမှာ အလွန်ရိုးရှင်းသည်။အချိန်အကန့်အသတ်အတွင်း မည်ကဲ့သို့ အထူးပြုဖြစ်စေ၊ မည်ကဲ့သို့ ကုန်ကမ်းပစ္စည်းဖြင့်ဖြစ်စေ အဆင့်အမြင့်ဆုံး ပစ္စည်းကိရိယာကို ပြုလုပ်နိုင်သူသည် ချန်ပီယံဖြစ်မည် ဖြစ်သည်။
ထိုဗိုလ်လုပွဲတွင် ချန်ပီယံဖြစ်ရန် မူလကရေပန်းစားနေခဲ့သော ရောဘတ်နှင့် ဆာဗစ်တို့တွင် ဆာဗစ်သည် မမျှော်လင့်ဘဲနှင့် အကြိုဗိုလ်လုပွဲ၌ ကျရှုံးသွားခဲ့ပြီး မမျှော်လင့်ထားသော ပြိုင်ပွဲဝင်နှစ်ယောက်ဖြစ်သည့် “အာသာ”နှင့် ဟောဖို့ဒ်တို့၏ မြင့်တက်လာမှုသည် ရောဘတ်အပေါ် လောင်းရိပ်မိသွားခဲ့သည်။
သို့သော်လည်း ပြိုင်ပွဲဝင်များ အစွမ်းလျှိုထားနိုင်သည်ကိုလည်း ထည့်မစဉ်းစား၍ မရပေ။ဗိုလ်လုပွဲ၌ မည်သည်မဆို ဖြစ်သွားနိုင်သည်။
ယန္တရားပညာရှင်များ နေရာယူပြီးနောက် ခေါင်းလောင်းသံနှင့်အတူ ဗိုလ်လုပွဲ စတင်လေသည်။
နှစ်ယောက်မှလွဲ၍ ရောဘတ်အပါအဝင် ယန္တရားပညာရှင်အားလုံးနီးပါး လှုပ်ရှားကြတော့သည်။
၄င်းတို့မှာ ချန်လွေ့နှင့်ဟောဖို့ဒ်တို့ပင် ဖြစ်သည်။
ပြိုင်ပွဲဖြစ်သည့်အတွက် သူတို့နှစ်ယောက်သည် အချင်းချင်း မငြင်းခုံကြသလို ကြည့်လည်းမကြည့်နေကြပေ။
သူတို့နှစ်ယောက်သည် ပင့်သက်ရှိုက်ပြီး မျက်လုံးမှိတ်ကာ မတူညီသော နည်းလမ်းများဖြင့် စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်ကြသည်။ထို့နောက် တစ်ချိန်တည်းမှာပင် သူတို့ စတင်လှုပ်ရှားပြီး ပစ္စည်းကိရိယာများကို အလုပ်စားပွဲပေါ်၌ သေသေချာချာ နေရာချတော့သည်။ပစ္စည်းကိရိယာ တစ်ခုချင်းစီကို သင့်တော်ရာနေရာ၌ ထားရခြင်း ဖြစ်သည်။အချိန်အကန့်အသတ် ရှိသော်လည်း သူတို့သည် ကိုယ်ပိုင်နည်းလမ်းအတိုင်း “ အစပျိုး ” နေကြပြီး အချိန်ကို ကြည့်ပင်မကြည့်ကြချေ။
ဒိုင်လူကြီး ထိုင်ခုံပေါ်ရှိ ဆရာသခင်များ၏ မျက်လုံးများသည်လည်း ထိုသူနှစ်ယောက်ပေါ် ကျရောက်သွားသည်။အလယ်၌ထိုင်နေသော ဆရာသခင် အန်ဒါဆန်က အသာလေး ခေါင်းညိတ်လိုက်သည်။ရမ္မနစ်ဂီကမူ အံ့ဩသွားပုံရပြီး ဝမ်းမြောက်သွားသည်။ ဆရာသခင်လီယိုက မျက်မှောင်ကြုတ်လိုက်သည်။ဆရာသခင် ရှိုဆာတစ်ယောက်တည်း ကမူ တတွတ်တွတ် ပြောလိုက်လေသည်။
“ ငါ မထင်ထားခဲ့ဘူး။ ”
ပြင်ဆင်စရာအားလုံး ပြုလုပ်ပြီးနောက် သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများ အလျင်အမြန် ပြောင်းလဲလာတော့သည်။ချန်လွေ့၏ ထူတုသော လှုပ်ရှားမှုများမှာ အလွန်ကြီးမားပြီး ပုံဆွဲရန်အတွက် မှင်ဖြန်းခြင်းကဲ့သို့ ဖြစ်သည်။ဟောဖို့ဒ်၏ လှုပ်ရှားမှုများမှာ သေးငယ်ပြီး အသေးစိတ်ပုံဆွဲသကဲ့သို့ ဖြစ်နေသည်။ပရိသတ်များ၏ မျက်လုံးများသည်လည်း ဆွဲဆောင်ခံလိုက်ရသည်။သူတို့အားလုံးက စင်ပေါ်တွင် ပြိုင်ပွဲဝင်နှစ်ယောက်သာရှိပြီး ကျန်လူများသည် နောက်ခံတစ်ခုသာဖြစ်သည်ဟု ထင်ယောင်ထင်မှား ခံစားလိုက်ရသည်။
အန်ဒါဆန်၏မျက်လုံးများသည် ဟောဖို့ဒ်အပေါ်၌ ခဏတာ နေရစ်ပြီး နောက်ဆုံး၌ ချန်လွေ့ထံသို့ ရောက်ရှိသွားသည်။သတ္တုအထူးပြု၌ အတော်ဆုံး ယန္တရားဆရာသခင် ဖြစ်သည့်အလျောက် ဟောဖို့ဒ်၏နည်းလမ်းများမှာ တိကျပြီး စင်းလုံးချောဖြစ်ကြောင်း အန်ဒါဆန် သိသည်။သို့သော်လည်း သူ့ကို စိတ်လှုပ်ရှားသွားစေသည်မှာ ချန်လွေ့၏ နည်းစနစ်ဖြစ်သည်။ထိုတူထုနည်းစနစ်သည် သာမန်ဟုထင်ရသော်လည်း ဆန်းပြား၏။၎င်းသည် သန့်စင်ခြင်းနှင့် ပုံဖော်ခြင်း လုပ်ငန်းစဉ် ပြီးစီးရန်အတွက် စွမ်းအင်ကို အပြည့်အဝ အသုံးချနိုင်သည့်အတွက် သာမန်ယန္တရားပညာရှင် အတိုင်းအတာမှ သွေဖည်နေသည်။
ဧကန္တ.... ဒီနည်းစနစ်က လက်မှုပညာရပ်မှာ နာမည်ကျော်တဲ့ ပြိဿတွေရဲ့ နည်းစနစ်များလား။
ဟုတ်တယ်။ဒီတူထုနည်းစနစ်က ပြိဿတွေရဲ့ အနှစ်သာရရှိတယ်။ဒီလောကမှာ ပြိဿရဲ့ လက်မှုပညာအတတ်ကို တကယ်ကျွမ်းကျင်တဲ့သူ ရှိနေမယ်ဆိုတာ ငါမယုံနိုင်ဘူး။ ပါရမီနည်းပါးတဲ့အတွက် ပြိဿတွေရဲ့ လက်မှုပညာရပ်က မှော်အစီအရင်မှာ ချို့ယွင်းချက်ရှိတယ်။တကယ်လို့ ငါတပ်ကျွမ်းထားတဲ့ မှော်အစီအရင်ကို အသုံးချလိုက်မယ်ဆိုရင်......
အန်ဒါဆန်၏မျက်လုံးများ အရောင်တောက်သထက် တောက်လာပြီး ချန်လွေ့၏ တူချက်တိုင်းကို လွဲသွားမည်စိုးသည့်အတွက် စိုက်ကြည့်နေသည်။
ဆရာသခင်ရှိုဆာက ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သည့်အပြုံးဖြင့် အရက်တစ်ငုံသောက်လုက်သည်။ ဒါကြောင့် “အာသာ”က ငါ့ရဲ့တပည့်ဖြစ်ဖို့ကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ပြီးတော့ ပြိုင်ပွဲပြီးမှ ပြောမယ်လို့ ပြောခဲ့တာကိုး။အခု သူ့ရဲ့ စွမ်းရည်နဲ့ဆိုရင် ငါတောင် သူ့ထက်နိမ့်ကျတယ်။ငါက ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့ဆရာ ဖြစ်ထိုက်မှာလဲ။ဒါပေမဲ့ ဒီကောင်လေးဖြည့်ထားတဲ့ ပုံစံက.... နှစ်သွယ် အထူးပြု ဖြစ်နေတဲ့ပုံပဲ။
ရမ္မနစ်ဂီ၏အမူအရာသည် အံ့အားသင့်မှုမှ တည်ကြည်မှုအဖြစ် ပြောင်းလဲသွားသည်။
“ ဒီဗိုလ်လုပွဲက ယန္တရားပညာရှင်အဆင့်ကို ကျော်သွားတဲ့ပုံပဲ။ ”
ကျွမ်းကျင်သူများ အစွမ်းပြလိုက်သည်နှင့် လူတိုင်းက သူတို့၏စွမ်းဆောင်ရည်ကို သိကြသည်။ ဆရာသခင်အားလုံးက ထောက်ခံကြသည်။
ဆရာသခင် နဲ့ ဆရာသခင်။ပြီးတော့ သူတို့က သာမန်ဆရာသခင်တွေ မဟုတ်ဘူး။
ဗိုလ်လုပွဲက လုံးဝကို မမျှော်လင့်ထားတာပဲ။
သတ္တုအထူးပြု ယန္တရားပညာရှင်များက ပုံသွင်းထုလုပ်နေခြင်းကို ရပ်တန့်လိုက်ကြပြီး သူတို့နှစ်ယောက်၏ နည်းစနစ်နှင့် လုပ်ရပ်များကို စိုက်ကြည့်နေကြပြီး ခဏခဏ စဉ်းစားကာ အံ့အားသင့်သွားကြသည်။ဗိုလ်လုပွဲသို့ ရောက်ရှိလာသော ယန္တရား ပညာရှင်များမှာ ထူးချွန်သူများ ဖြစ်ကြသည့်အတွက် သူတို့နှစ်ယောက်၏ အံ့သြဖွယ်ရာစွမ်းရည်များကို သတိထားမိကြသည်။
ထိုသူနှစ်ယောက်ရှိနေလျှင် မည်သို့မှ အနိုင်ရရှိတော့မည် မဟုတ်ပေ။ဆရာသခင်အဆင့် လက်မှုပညာအတတ်ကို မြင်တွေ့ရရန် ခဲယဉ်းလှသည့်အတွက် သူတို့သည် သေသေချာချာ ကြည့်ကာ လေ့လာနေကြသည်။ထို့ကြောင့် အလကားမဖြစ်ခဲ့ပေ။
ပုံသွင်းထုလုပ်ခြင်း ပြီးစီးသွားသော ချန်လွေ့သည် မှော်အစီအရင် စတင်ထည့်သွင်းတော့သည်။ ပြိဿတို့၏ လက်မှုပညာအတတ်သည် ပြီးပြည့်စုံလှသော်လည်း မှော်အစီအရင်၌ အမြဲပင် ချို့ယွင်းချက် ရှိနေကြသည်။ယနေ့တွင် ချန်လွေ့သည် ၄င်းအတွက် ဖြည့်ဆည်းပေးမည် ဖြစ်သည်။
အခြေခံ ဗဟုသုတနှင့် အဆင့်မြင့် ဗဟုသုတများ ပေါင်းစပ်သွားပြီ ဖြစ်သော်လည်း ချန်လွေ့၏ နည်းလမ်းများ၌ စကိုင်းနှင့်တာတာတို့၏ အငွေ့အသက်များ ပါဝင်နေသည်။မှော်စက်ဝန်း၏ တောက်ပနေသော ရောင်ခြည်အောက်၌ ချန်လွေ့သည် ထိုလက်နက်အပေါ်၌ နောက်ဆုံး မှော်အစီအရင်ကို ပြီးစီးစေရန် “အစက်” နည်းလမ်းကို အသုံးပြုခဲ့သည်။နောက်ဆုံး၌ ဓားပြားရှည် ရရှိလာတော့သည်။
တစ်ချိန်တည်းနီးပါးမှာပင် ဟောဖို့ဒ်၏ ဓားမြှောင်နက် ပြီးစီးသွားခဲ့သည်။
ချန်ပီယံဟောင်းရောဘတ်က သူတို့နှစ်ယောက်ထက် အနည်းငယ် ပို၍မြန်မြန် ပြီးစီးသွားခဲ့သည်။
၄င်းမှာ မှော်လက်ပတ်တစ်ခု ဖြစ်သည်။ရောဘတ်သည် အမှန်တကယ်ပင် ထူးချွန်လှသည်။ထိုအခြေအနေ၌ရှိနေစဉ် သူ၏မျက်လုံးထဲ၌ လက်ထဲမှ ကုန်ကြမ်းနှင့် ကိရိယာများမှလွဲပြီး ဘာကိုမျှ အာရုံမရှိပေ။ထို့ကြောင့် သူသည် ချန်လွေ့နှင့် ဟောဖို့ဒ်တို့၏ စွမ်းရည်ကို သတိမထားမိခဲ့ပေ။သေချာသည်မှာ ၄င်းသည် ထူးချွန်သော ယန္တရားပညာရှင်တစ်ယောက်၌ ရှိသင့်သော အရည်အသွေးတစ်ခုပင် ဖြစ်လေသည်။
ဒိုင်လူကြီးများ၏ စားပွဲပေါ်သို့ ပစ္စည်းသုံးမျိုး တစ်ချိန်တည်း ရောက်ရှိလာကြသည်။ ရောဘတ်၏ ပစ္စည်း အကဲဖြတ်မှုကို ဒိုင်လူကြီးများက အရင်ကြေညာသည်။ နာမည်မရှိသေးသော မှော်လက်ပတ်။ရေ မှော်ပညာ အသုံးပြုနှုန်းကို ၁၀% တိုးစေနိုင်။ရေ မှော်ထိခိုက်မှုကို ၁၇% တိုးစေနိုင်။ရုပ်ပိုင်းဆိုင်ရာခုခံမှုကို ၁၂% တိုးစေနိုင်။ထူးကဲအဆင့်။
“ ရောဘတ်က ထူးကဲအဆင့် ပစ္စည်းကိရိယာကို အလွယ်တကူ လုပ်နိုင်နေပြီ။ဒါကြောင့် သူက အငယ်တန်း ဆရာသခင်အဆင့်နီးပါးပဲ။ ”
ရမ္မနစ်ဂီက ပြောသည်။
“ ပြိုင်ပွဲပြီးရင် ဆရာသခင် ထောက်ခံချက်အတွက် အစည်းအရုံးဆီကို လာခဲ့ပါ။ ”
ရောဘတ်က ဆရာသခင်အဆင့် ရောက်နေသည်မှာကြာပြီဟု သတင်းများ ထွက်နေသော်လည်း ယခု ရမ္မနစ်ဂီက အတည်ပြုပေးလိုက်ရာ လူအများ အံ့အားသင့်သွားကြသေးသည်။ယန္တရားပညာရှင် ပြိုင်ပွဲက ဆရာသခင်တစ်ယောက်ကို တကယ် မွေးထုတ်ပေးနိုင်ခဲ့တာပဲ။
လွန်ခဲ့သာနှစ်များက ရောဘတ်သည် ဆရာသခင်အဆင့်သို့ ရေးရေးလေး ရောက်ရှိသွားခဲ့သည်။သို့သော်လည်း သူသည် ယန္တရားပြိုင်ပွဲ ဝင်ပြိုင်ပြီး နာမည်ကျော်ချင်သည့်အတွက် ထောက်ခံချက် မယူခဲ့ပေ။
ဆရာသခင် ထောက်ခံချက်အတွက် လူအများအရှေ့၌ ရမ္မနစ်ဂီ၏ ဖိတ်ကြားချက်ကို ကြားသည့်အခါ ရောဘတ်ပြုံးလိုက်ပြီး ချန်လွေ့နှင့် ဟောဖို့ဒ်တို့အား ရန်စသည့်သဘောဖြင့် ကြည့်လိုက်သည်။
သို့သော်လည်း ချန်လွေ့နှင့် ဟောဖို့ဒ်တို့သည် သူတို့အကြား၌ မမြင်ရသော မီးပွင့်များ ရှိနေသကဲ့သို့ အချင်းချင်းကြည့်နေကြပြီး ရန်စနေသော အပြင်လူ ရောဘတ်ကို လျစ်လျူရှုထားသည်။အတိအကျပြောရလျှင် သူတို့အချင်းချင်းသာ ယှဉ်ပြိုင်ရန် ထိုက်တန်သည့်အတွက် ရောဘတ်ကို ဂရုမစိုက်တော့ပေ။
နောက်ထပ် အကဲဖြတ်သည့်ပစ္စည်းမှာ ဟောဖို့ဒ်၏ “ လေပြင်း ” အမည်ရသော ဓားမြှောင် ဖြစ်သည်။တိုက်ခိုက်မှုအမြန်နှုန်း ၂၂% တိုးစေနိုင်။လှုပ်ရှားမှုအမြန်နှုန်း ၂၀% တိုးစေနိုင်။ဆုတ်ဖြဲထိခိုက်မှု ၂၀% တိုးစေနိုင်။ထူးကဲအဆင့်။
ရောဘတ်၏အပြုံး ရုတ်တရက် အေးခဲသွားသည်။ထူးကဲအဆင့်ဖြစ်သော ထိုဓား၏ ဂုဏ်သတ္တိများမှာ သူ၏မှော်လက်ပတ်ထက် ပို၍မြင့်မားနေသည်။၄င်းသည် အသုံးပြုသူ၏တိုက်ခိုက်မှုနှင့် ထိခိုက်မှုကို မြန်စေပြီး လုပ်ကြံသူများအတွက် ကွက်တိပင်ဖြစ်သည်။နာမည်ပေးခြင်းနှင့် ပစ္စည်းကိရိယာပေါ်မှ ကိုယ်ပိုင်အမှတ်အသား ပြုလုပ်ခြင်းသည်လည်း ဆရာသခင်များ ပုံမှန်အသုံးပြုကြသော လက္ခဏာတစ်ခု ဖြစ်လေသည်။
ပြိုင်ပွဲပြီးလျှင် ဟောဖို့ဒ်ထံမှ ထိုဓားမြှောင်ကို ဝယ်ယူချင်သူများပင် ရှိနေလေပြီ။
ထို့နောက်တွင် ချန်လွေ့၏ ဓားပြားရှည်ကို အကဲဖြတ်သည်။၄င်း၏ အဆင့်ကို ဒိုင်လူကြီးများအကြား၌ အတော်ကြာ ဆွေးနွေးလိုက်ရသည်။နောက်ဆုံး၌ ၄င်းကို တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
တစ်ဝက်-ဒဏ္ဍရီလာအဆင့် ဆိုသည်မှာ ထိပ်တန်း ထူးကဲအဆင့် ဖြစ်သည်။ထို့ပြင် ၄င်း၏ မှော်အစီအရင်မှာလည်း ထူးကဲအဆင့် ကန့်သတ်ချက် ၃၀%ကို ကျော်လွန်နေသည်။ သို့သော်လည်း ၄င်းသည် ဒဏ္ဍာရီလာအဆင့် မရောက်သေးပေ။
ထိုဓား၏နာမည်မှာ “မီးတောက်မျက်လုံး” ဖြစ်သည်။တိုက်ခိုက်မှု ၃၁%တိုးစေသည်။ သက်လုံဖြည့်တင်းမှုအမြန်နှုန်း ၃၅% တိုးစေသည်။ကွဲကြေထိခိုက်မှု ၂၈% တိုးစေသည်။
တစ်ဝက်-ဒဏ္ဍာရီလာအဆင့်တဲ့လား။ ယခုတစ်ယောက်၌ လူအုပ်ကြီးတစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။ တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ တကယ် ပေါ်ထွက်လာတာပဲ။
ထိုအချိန်၌ အာရုံစိုက်မနေကြသော ယန္တရားပညာရှင်များပင် ရပ်တန့်ပြီး အချင်းချင်း ကြည့်လိုက်ကြသည်။ ဒါက ယန္တရားပညာရှင်ပြိုင်ပွဲလား။ယန္တရားဆရာသခင် ပြိုင်ပွဲလား။
ပလ္လင်ပေါ်၌ ကတ်သရင်းက အသာလေး ခေါင်းညိတ်လိုက်သည်။ ဒီတစ်ခေါက် ပြိုင်ပွဲကနေ ဆရာသခင် သုံးယောက်ကို မွေးထုတ်နိုင်ခဲ့ပြီးတော့ တစ်ဝက်-ဒဏ္ဍာရီလာအဆင့် လက်နက် ပေါ်ထွက်လာခဲ့တယ်။ဒါက တော်တော်လေး ကောင်းတယ်။
ခုနက ချန်လွေ့ကို ရန်စခဲ့သော ရောဘတ်သည် မျက်နှာ ဖြူဖျော့သွားသည်။ယခုတွင် သူတို့နှစ်ယောက်က မိမိကို မည်သည့်အတွက် လှည့်ပင်မကြည့်ခဲ့ကြောင်း ရောဘတ် သဘောပေါက်သွားသည်။အစက သူသည် ယန္တရားဆရာသခင် ထောက်ခံချက်အတွက် ဖိတ်ကြားခံရသည်ကို ဂုဏ်ယူနေခဲ့သည်။ယခုတွင် ထိုဂုဏ်အနည်းငယ်သည် ဓားပြားရှည်ကြောင့် အစိတ်စိတ်ကွဲကြေသွားလေပြီ။ထောက်ခံချက်မလိုအပ်ဘဲ “အာသာ”သည် အသိအမှတ်ပြုခံရသော ယန္တရားဆရာသခင်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ပရိသတ်များကြားထဲမှ ဖားလာမိုတို့စုံတွဲသည် မျက်နှာဖြူဖျော့နေပြီ ဖြစ်သည်။ ဒီရော်သည် လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ဝှေ့ရမ်းလိုက်သည်။ဆယ်လင်း တစ်ယောက်တည်းသာ ပုံမှန်အတိုင်း ဖြစ်ပြီး သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
“ စိတ်ဝင်စားစရာပဲ။ငါမင်းကို လျှော့တွက်မိနေသေးတဲ့ပုံပဲ။ဒါက ပြိုင်ပွဲအစပဲ ရှိပါသေးတယ်။ ”
ဟောဖို့ဒ်၏မျက်လုံးထဲ၌ တိုက်ခိုက်ချင်စိတ်များ တောက်လောင်သွားသည်။ ငါလည်း တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာကို ဖန်တီးနိုင်တယ်။ပစ္စည်းကိရိယာရဲ့ အရည်အသွေးက အခြေအနေ၊ကုန်ကြမ်းနဲ့ အခြားအကြောင်းအရာတေပေါ် မူတည်နေတယ်။ အဲဒါကြောင့် အာသာက ငါ့ထက်သာတယ်လို့ ပြောလို့မရနိုင်ဘူး။ပြီးတော့လည်း ငါ့မှာ အနိုင်ရဖို့ ပိုသေချာတဲ့ နည်းလမ်းတစ်ခု ရှိတယ်။
ဟောဖို့ဒ်က အရေးကြီးပုဂ္ဂိုလ်ထိုင်ခံများသို့ အရိုအသေပေးပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
“ လေးစားရတဲ့ ဧကရီနဲ့ ဆရာသခင်အားလုံးတို့။ကျုပ်နဲ့ အာသာက ဆရာသခင်တွေ ဆိုတော့ မျှတစေဖို့အတွက် လွန်ခဲ့တဲ့တစ်နှစ်က ဆရာသခင် ပြိုင်ပွဲလိုမျိုး စည်းမျဉ်းတွေကို အသုံးပြုဖို့ တောင်းဆိုပါတယ် ”
လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဆရာသခင် ပြိုင်ပွဲလား။ ပရိသတ်များ စိတ်လှုပ်ရှားသွားကြသည်။
ယန္တရားပညာရှင်များ၌ အဆင့်အတန်းနှင့် ဉာဏ်ကွန့်မြူးမှု စသည့်အကန့်အသတ်များ ရှိသည်။ယန္တရားပညာရှင်ပြိုင်ပွဲစည်းကမ်းမှာ ပစ္စည်းကိရိယာ သုံးမျိုးပြုလုပ်ပြီး ရမှတ်များကို စုပေါင်းရမည် ဖြစ်သည်။အထူးပြုမတူညီလျှင် ထပ်တိုးအမှတ်များ ရရှိမည် ဖြစ်သည်။
သွေးရောင်အင်ပါယာ ယန္တရားအစည်းအရုံးဥက္ကဋ္ဌ နိတ်သည် ရှားပါးသော နှစ်သွယ် အထူးပြု ဆရာသခင်တစ်ယောက် ဖြစ်သည်။လွန်ခဲ့သော တစ်နှစ်ခန့်က သူသည် ထိုစည်းမျဉ်းကို အသုံးချပြီး ဆရာသခင် အန်ဒါဆန်အား အနိုင်ယူကာ ထိပ်တန်း ယန္တရားဆရာသခင်တစ်ယောက် ဖြစ်လာခဲ့သည်။
ဆရာသခင် လီယိုနှင့် ချန်လွေ့တို့တွင် ရန်ကြွေးများရှိကြသည့်အတွက် လီယိုက ပထမဦးဆုံး သဘောတူခဲ့သည်။လီယိုသည် ယန္တရားအစည်းအရုံးမှ ဖြစ်သည့်အတွက် သူ သဘောတူလိုက်ခြင်းကြောင့် ပရိသတ်များ လက်ခုပ်တီးလိုက်ကြသည်။ဆရာသခင် အန်ဒါဆန်က မျက်မှောင်ကြုတ်ပြီး ချန်လွေ့ကို မေးသည်။
“ ဟောဖို့ဒ်ရဲ့ အကြံပြချက်ကို မင်း သဘောတူလား။ ”
စည်းမျဉ်းများကိုကြားပြီးနောက် ချန်လွေ့ ပုခုံးတွန့်လိုက်သည်။
“ ကျုပ် ဘာမှပြောစရာ မရှိပါဘူး။ ”
ဒါက တကယ့် ဆရာသခင်ပြိုင်ပွဲပဲ။ ပြိုင်ကွင်းမှ ပရိတ်သတ်များက စိတ်လှုပ်တရှားနှင့် လက်ခုပ်တီးလိုက်ကြသည်။ ဒီဗိုလ်လုပွဲကို လာခဲ့တာ တကယ်တန်တာပဲ။
လီယိုသည် ရောဘတ်ကို ထည့်မစဉ်းစားခဲ့ပေ။ရောဘတ်သည်လည်း မိမိ၏အစွမ်းအစဖြင့် ယှဉ်မရကြောင်းကို သိသည့်အတွက် မကန့်ကွက်ခဲ့ပေ။သူသည် စောင့်ကြည့်ပြီး အနီးကပ်လေ့လာချင်သည့်အတွက် ဘေးဘက်သို့ ဆုတ်ခွာသွားလိုက်လေသည်။
ဆူညံသံအချို့ ထွက်ပေါ်လာပြီးနောက် ပရိသတ်များ ပြန်လည်တည်ငြိမ်သွားပြီး ဆရာသခင်နှစ်ယောက်ကြား နောက်ထပ်တိုက်ပွဲကို စောင့်ဆိုင်းနေလိုက်ကြသည်။
ဟောဖို့ဒ်သည် ပန်းပဲထုလုပ်ရန် မရွေးချယ်ခဲ့ဘဲ ချပ်ကာလုပ် အလုပ်ခုံသို့ တည့်တည့် သွားလိုက်သည်။သူသည် လေဟာနယ်လက်စွပ်ထဲမှ သားရဲသားရေ အကြီးကြီး တစ်ခုကိုထုတ်ပြီး ကျွမ်းကျွမ်းကျင်ကျင် စတင်ဖြတ်တောက်တော့သည်။
ဆရာသခင် အန်ဒါဆန်၏ မျက်လုံးများ ရုတ်တရက် ကျုံ့သွားသည်။ သူက တကယ် နှစ်သွယ် ယန္တရားပညာရှင်တစ်ယောက်ပဲ။ပြီးတော့ သူ့ရဲ့အထူးပြုက သားရေနဲ့သတ္တု။ ပြီးတော့ သူသုံးတဲ့နည်းလမ်းတွေက ငါ့ရဲ့ပြိုင်ဘက် နိတ်နဲ့ အတူတူပဲ....။သူက နိတ်ရဲ့ တပည့်လား။
နိတ်ကလည်း ဟောဖို့ဒ်လိုမျိုး ဆမ်မြူရယ် တော်ဝင်မိသားစုကပဲ။အန်ဒါဆန်က သူထင်ထားသည်မှာ ပို၍ဖြစ်နိုင်ကြောင်း ခံစားရလိုက်သည်။နိတ်ကို မတွေ့ရတာ သုံးလေးနှစ်ရှိပြီ။အခု သူက တကယ်ကြီး ဒီလိုမျိုး ပါရမီရှင် တပည့်တစ်ယောက်ကို သင်ကြားပေးနိုင်ခဲ့တယ်။အခုတော့ ဟောဖို့ဒ်ရဲ့ သားရေအထူးပြုက ဆရာသခင်အဆင့် ရောက်မရောက်ပေါ်မှာပဲ မူတည်တော့တယ်။မဟုတ်ရင် နှစ်သွယ် အထူးပြုအတွက် ထပ်တိုးအမှတ်နဲ့ဆိုရင် “ အာသာ ”ရဲ့ သတ္တုအထူးပြုက ပိုသာရင်တောင် အနိုင်ရနိုင်မှာ မဟုတ်ဘူး။
လူအများအပြားက ဟောဖို့ဒ်သည် နှစ်သွယ်အထူးပြု ဆရာသခင်တစ်ယောက် ဖြစ်နိုင်ကြောင်း ခန့်မှန်းမိခဲ့ပြီး ပြိုင်ကွင်းတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ငါတို့က နှစ်သွယ်အထူးပြု ဆရာသခင်တစ်ယောက် ထွက်ပေါ်လာတာကို ကိုယ်တိုင်တွေ့ရတော့မှာလား။
ပရိသတ်များကြားထဲရှိ ဆယ်လင်းက ယုံကြည်ချက်ရှိရှိ ပြုံးလိုက်သည်။၎င်းသည် သူ၏ဝှက်ဖဲ ဖြစ်သည်။ယန္တရားဆရာသခင်ပြိုင်ပွဲ စည်းမျဉ်းများ၌ နှစ်သွယ်အထူးပြု ဆရာသခင်သည် ပြိုင်ဘက်ကင်း ဖြစ်သည်။တစ်စုံတစ်ယောက်က ဟောဖို့ဒ်ထက် အထူးပြုတစ်ခု၌ သာနေသည့်တိုင် ထိုသူသည် အနိုင်ရနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် ဆူညံသံများကြား၌ နောက်ထပ် အာမေဋိတ်အသံများ ထွက်လာသည်။ချန်လွေ့သည်လည်း အလုပ်စားပွဲသို့လာပြီး အဝတ်တစ်လိပ်ကို ထုတ်လိုက်သည့်အတွက်ကြောင့် ဖြစ်သည်။၎င်းသည် ဒီရော်ထံမှ ချန်လွေ့ လိမ်လည်ယူထားသော မရဏပင်လယ်ရှိ ဖန်းရှောင်ငါး ( နတ်ဆိုးသားတစ်မျိုး ) သားရေ အသုံးပြုကာ လျို့ဝှက်နည်းလမ်းဖြင့် ပြုလုပ်ထားသော အဝတ်စတစ်ခု ဖြစ်သည်။ထို့ပြင် ၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့် ဖန်းရှောင်ငါး ဖြစ်သည်။
အရေးကြီးပုဂ္ဂိုလ် ထိုင်ခံများမှ ဆရာသခင်များ ပင့်သက်ရှိုက်လိုက်ကြသည်။ ဧကန္တ...... ဆရာသခင် ရှိုဆာသည် ပို၍စိတ်လှုပ်ရှားနေပြီး ဝိုင်ပုလင်းကို မတော်တဆ ညှစ်ခြေလိုက်မိသည်။ချွန်ထက်သော အပိုင်းအစများက သူ၏အရေပြားကို ဖောက်ထွင်းသွားပြီး သွေးများ ထွက်လာ၏။သို့သော်လည်း သူ သတိမထားမိခဲ့ပေ။
ဝါရင့်ဆရာသခင်က စိတ်ထဲ၌ အော်ဟစ်လိုက်သည်။ ဒီကောင်လေးက တကယ်ကြီး သားရေအထူးပြုကို ပြသခဲ့တယ်။ဒါက ပုံစံထဲမှာ မဖြည့်ထားဘူး။သူ ပြသထားတဲ့ သတ္တုအထူးပြုနဲ့ သားရေအထူးပြုအပြင်ကို ..... ပုံစံထဲမှာ နောက်ထပ်အထူးပြုတစ်ခု ဖြည့်ထားတယ်။
နှစ်သွယ် ယန္တရားပညာရှင်က အံ့ဩဖွယ်ရာတစ်ခု မဟုတ်သေးဘူးလား။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးသွားတော့ ယန္တရားပညာရပ်မှာ အကြီးမားဆုံး အံ့ဩဖွယ်ရာတစ်ခု ဖြစ်လာတော့မှာလား။