ညီအစ်မတွေလား
Vol. 18 Ch. 261
ညနေပိုင်းတွင် ကတ်စတာမိသားစု၏ နေအိမ် ဘေးဘက်တံခါး၌ လူသုံးလေးယောက် ရှိနေသည်။
ချန်လွေ့ တစ်ယောက်တည်း သွားချင်သော်လည်း ခီရာသိသွားသည့်အခါ လုံခြုံရေးကို စိုးရိမ်သည့်အတွက် အတူတူသွားရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။
“ ကတ်စတာမိသားစုကိစ္စ ပြီးသွားရင် ကျွန်မ အမှောင်လမြို့ဆီ ပြန်မယ်။ရှင် ကျွန်မကို တကယ်သဘောကျပြီးတော့ ကျွန်မအတွက် အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုရင် ကျွန်မကို လာမရှာပါနဲ့။ ”
“ အရိပ်နက်အင်ပါယာက အန္တရာယ်မကင်းဘူး။ရှင် သွေးရောင်အင်ပါယာဆီသွားပြီးတော့ နတ်ဆိုးဘုံရဲ့ အစွမ်းထက်ဆုံး မဟာရိုင်ဇန်မှာ တိုက်ရိုက်ထောက်ခံမှု သွားယူသင့်တယ်။ ရှင့်ရဲ့အရည်အချင်း၊ ဂုဏ်သတင်းနဲ့ဆိုရင် ဧကရာဇ်ရိုင်ဇန်က ရှင့်ကို သေချာပေါက် တန်ဖိုးထားမှာပဲ။ဘာဖြစ်လို့လဲလို့ မမေးနဲ့။ကျွန်မ ရှင့်ကို မထိခိုက်စေချင်ဘူး။ ”
လှည်းပေါ်၌ ထိုင်နေသော ချန်လွေ့သည် လမ်းတစ်လျှောက်၌ ခီရာပြောနေခဲ့သည်ကို တွေးကာ မျက်မှောင်ကြုတ်နေ၏။
ခီရာ ဘာသဘောနဲ့ပြောတာလဲ။အရိပ်နက်အင်ပါယာက မလုံခြုံဘူး။ငါက သွေးရောင်အင်ပါယာဆီ သွားသင့်တယ် တဲ့လား။ဒီလိုသတိပေးတာမျိုးကို တစ်စုံတစ်ခုကို ဖွင့်ပြောဖို့အတွက် ငြင်းဆန် လိုက်တာပဲ။သူက အမှောင်လမြို့ဆီ ပြန်ဖို့ စဉ်းစားထားသေးတယ်။ဒါဆိုရင် အမှောင်လမြို့က သူ့မစ်ရှင်ရဲ့ တည်နေရာဖြစ်မယ်။ ပြီးတော့ သူက တစ်ခုခုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ပုံပဲ။
“ ရောက်ပြီ။ ”
ဆယ်လင်း၏စကားက ချန်လွေ့၏အတွေးများကို နှောင့်ယှက်လိုက်သည်။ လှည်းရပ်တန့်သွားပြီး သူတို့သည် တောင်ပိုင်း ဆင်ခြေဖုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့သုံးယောက်သည် လှည်းပေါ်မှဆင်းပြီး အဝေးကြီး လမ်းလျှောက်လာကြသည်။ ထို့နောက် သူတို့၏အရှေ့ တောင်ခါးပန်း၌ တံတိုင်းများဖြင့် ဝန်းရံထားသော အိမ်ကြီး တစ်အိမ်ကို တွေ့လိုက်ရသည်။ထိုနေရာသည် ဆယ်လင်းပြောခဲ့သော ဂါ့စ် “ အိပ်ပျော် ” သွားခဲ့သည့် နေရာ ဖြစ်ရပေမည်။
ထိုနေရာသည် အတော်လေးခေါင်ပါးလှပြီး ဆယ်လင်း၏ လျို့ဝှက်စခန်းတစ်ခု ဖြစ်နိုင်သည်။ထို့ကြောင့် မည်သူမှ ရှာမတွေ့ခဲ့ခြင်းပင်။
အိမ်သို့ တဖြည်းဖြည်း နီးကပ်လာသည်။လရောင်အောက်၌ တံခါးနားရှိ အစောင့်ကို သေသေချာချာ မြင်နေရသည်။၎င်းမှာ အမျိုးသမီး တစ်ယောက် ဖြစ်သည်။
ခီရာလည်း ထိုအမျိုးသမီး၏ မျက်နှာကို သေသေချာချာ မြင်သွားပြီး ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားကာ ချန်လွေ့၏လက်ကို ဆုပ်ကိုင်လိုက်သည်။ချန်လွေ့သည် ခီရာ အသုံးပြုခဲ့သော ပြင်းထန်သည့်အားကြောင့် ထိတ်လန့်သွားခဲ့သည်။ထို့ပြင် သူ၏လက်မှတစ်ဆင့် သူ့တစ်ကိုယ်လုံး တုန်ခါနေပြီး ကြောက်မက်ဖွယ်ရာတစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေသည်ကို ချန်လွေ့ ခံစားမိလိုက်သည်။
ခီရာ၏ လက်ချောင်းများ လှုပ်ရှားသွားပြီ ချန်လွေ့၏ လက်ပေါ်၌ အတင်းဖိပြီး စာရေးလိုက်သည်။ ပြေးတော့။
ထိုအချိန်၌ အစောင့်သည် ချန်လွေ့ အသက်သွင်းလိုက်သော [ သရုပ်ခွဲမျက်လုံး ]၏ အဝန်းအဝိုင်းထဲ ရောက်ရှိလာခဲ့သည်။
မျိုးနွယ် - မဟာနတ်ဆိုး( သန္ဓေပြောင်း )။
စွမ်းအားအကဲဖြတ်မှု - [ C- ] ။
နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း စွမ်းအားရှိတဲ့ အစောင့်တစ်ယောက်လား။
ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် နတ်ဆိုးဘုရင်အဆင့်သည် ဘာမျှ မဟုတ်ပေ။
ဒါပေမဲ့ ခီရာရဲ့တုံ့ပြန်မှုက........သူ ဒီအစောင့်ကို သိတာလား။
ချန်လွေ့ စဉ်းစားပြီး ချက်ချင်း ပြောလိုက်သည်။
“ ခဏနေပါဦး။မစ်-ဆယ်လင်း။အခြားနေအိမ်မှာ အရေးကြီးတာတစ်ခုခု ကျန်ခဲ့တာ ကျုပ် ရုတ်တရက် သတိရသွားတယ်။အရင်ဆုံး သွားပြန်ယူလို့ ရမလား။ ”
“ ဘာကျန်ခဲ့တာလဲ။ ”
ဆယ်လင်းက ချန်လွေ့ကို ပြုံးရင်း ကြည့်လိုက်သည်။
“ ဆရာသခင်အတွက် တစ်ယောက်ယောက်ကို ကျွန်မ သွားယူခိုင်းလိုက်မယ်။ ”
ဆယ်လင်း၏ ထူးဆန်းသော အပြုံးက ချန်လွေ့အား တစ်ခုခုလွဲနေကြောင်း ပြင်းပြင်းထန်ထန် ခံစားသွားရစေသည်။ ဒါက တကယ် ထောင်ချောက်တစ်ခုပဲ။
ထိုအချိန်၌ နောက်ထပ် ထူးဆန်းသော အမျိုးသမီးတစ်ယောက်၏အသံ ထွက်လာသည်။
“ ဒီကိုရောက်လာမှတော့ ထွက်ပြေးဖို့ ကြိုးစားနေသေးတာလား။ ”
ခီရာ၏လက် တုန်ခါသွားပြန်သည်ကို ချန်လွေ့ ခံစားလိုက်ရသည်။ခီရာသည် ထိုအသံနှင့် ရင်းနှီးပုံရပြီး အတော်လေး ကြောက်လန့်နေ၏။
ရှေ့မှ မြူနှင်းပါးပါလေးသည် ရုတ်တရက် ထူထဲသွားပြီးနောက် ပုံရိပ်တချို့ တဖြည်းဖြည်း ထင်ရှားလာသည်။
သူတို့၏ခေါင်းဆောင်မှာ အသက်၂၀ ဝန်းကျင်ရှိသော မိန်းကလေး တစ်ယောက် ဖြစ်ပြီး ဆံပင်အပြာနှင့် မျက်လုံးအပြာ ရှိသည်။
မျိုးနွယ် - မနာလိုခြင်းတော်ဝင်မိသားစု။
စွမ်းအားအကဲဖြတ်မှု - [ C+ ]
ခန္ဓာအမျိုးအစား - [ C ]
ခွန်အား - [ C ]
စိတ်ဝိညာဉ် - [ C+ ]
မြန်ဆန်မှု - [ C+ ]
မဟာနတ်ဆိုးအဆင့် ထိပ်သီးပိုင်းဖြစ်တဲ့ လီဗျာသန် မိန်းကလေးတစ်ယောက်ပဲ။ခီရာ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ။
ထိုမိန်းကလေးနောက်တွင် မဟာနတ်ဆိုးဘုရင် အဆင့်ရှိသော အရပ်မြင့်မြင့် အကောင်ကြီးကြီး အမျိုးသမီးတစ်ယောက် ရှိနေသည်။
မျိုးနွယ် - အစားကြူးတော်ဝင်မိသားစု။
စွမ်းအားအကဲဖြတ်မှု - [ B- ]
ခန္ဓာအမျိုးအစား - [ B- ]
ခွန်အား - [ B- ]
စိတ်ဝိညာဉ် - [ B- ]
မြန်ဆန်မှု - [ B- ]
နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းမှ အလတ်ပိုင်းအထိရှိသော သန္ဓေပြောင်း မဟာနတ်ဆိုး သုံးလေးယောက်လည်း ရှိသည်။သူတို့အားလုံး မိန်းမများ ဖြစ်ကြသည်။ဆယ်လင်း လမ်းလျှောက်လာပြီး ထိုသူများနောက်၌ ရပ်နေလိုက်သည်။သူသည် ထိုအဖွဲ့ဝင် ဖြစ်သည်မှာ သေချာနေသည်။
ချန်လွေ့၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ အစားကြူးတော်ဝင်မိသားစု။
ဂလော်ဖင်းအပြင်ကို တခြား ဘယ်ဇီဘတ် တော်ဝင်မိသားစုနဲ့ တွေ့ကြုံရတာ ငါ့အတွက် ဒါ ပထမဆုံးပဲ။ပြီးတော့လည်း သူက မနာလိုခြင်းတော်ဝင်မိသားစုနဲ့ အတူတူ ရှိနေတယ်။
“ ဘယ်သူများလဲ ကြည့်ပါဦး။အံ့ဩစရာပဲ။ ”
မျက်လုံးအပြာရောင်နှင့် မိန်းကလေးသည် လှပသော်လည်း သူ၏လေသံသည် မထီမဲ့မြင်နှင့် မနှစ်မြို့စရာကောင်းလေသည်။
“ တကယ် နင်ပဲကိုး။ခီရာ။ ”
ခီရာက ချန်လွေ့၏လက်ကို ဖြုတ်ပြီး ခေါင်းငုံ့လိုက်သည်။
“ မစ်-ဖာတီလု။ ”
“ ဆရာသခင် အာသာက ခီရာလို့ခေါ်တဲ့ ကဝေမတစ်ယောက်ကို စွဲလမ်းသွားတယ်လို့ ဆယ်လင်းဆီကနေ ငါကြားခဲ့တယ်။ဒါပေမဲ့ တကယ်ပဲ နင်ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။ ”
ဖာတီလု၏မျက်လုံးများ အေးစက်သွားသည်။
“ ဒါနဲ့ နင်က အရိပ်နက်အင်ပါယာမှာ မရှိနေရဘူး မဟုတ်လား။နင်က ခွင့်ပြုချက်မရှိဘဲနဲ့ အဲဒီနေရာကနေ ထွက်လာရဲတယ်လား။ ”
“ တောင်းပန်ပါတယ်။မစ်-ဖာတီလု။ကျွန်မက အရိပ်နက်အင်ပါယာဆီကို ယာယီခေါ်လာ ခံရတာပါ။ ပြီးတော့ ကျွန်မမှာ သတင်းပို့ဖို့ အချိန်မရှိလို့ပါ။ခွင့်လွှတ်ပေးပါ။ ”
ခီရာ ခေါင်းငုံ့ပြီး တောင်းပန်သည့် လေသံဖြင့် ပြောလိုက်သည်။
ဖာတီလုသည် ခီရာ၏လျို့ဝှက်ချက်နှင့် ပတ်သက်နေရမည်ဖြစ်ကြောင်း ချန်လွေ့သိသည်။ထို့ပြင် သူ၏ရာထူးသည် ခီရာထက် မြင့်သည်။သူတို့သည် လျို့ဝှက်အဖွဲ့အစည်း တစ်ခုတည်းမှ ဖြစ်နိုင်သည်။ချန်လွေ့ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ မစ်-ဖာတီလု။ခင်ဗျားက ဆယ်လင်းကို အသုံးချပြီးတော့ ကျုပ်ကို ဒီနေရာဆီ မျှားခေါ်လာတာက ခင်ဗျားရဲ့ မိတ်ဆွေဟောင်းနဲ့ ပြန်ဆုံဖို့ပဲ မဟုတ်ဘူးမလား။ ”
“ ဒါက ဆရာသခင်အာသာ ဖြစ်မယ်။ ”
ဖာတီလု ပြုံးလိုက်သည်။
“ ဆရာသခင်က အခုရေပန်းစား ကျော်ကြားနေပြီးတော့ နတ်ဆိုးဘုံတစ်ခုလုံးမှာ ရှင့်ရဲ့နာမည်က နာမည်ကျော်နေတယ်။ကျွန်မ အထူးတလည် ဖိတ်ကြားထားတဲ့ ဆရာသခင် ဟောဖို့ဒ်တောင် ရှင့်ကို မယှဉ်နိုင်ဘူး။ကံမကောင်းစွာနဲ့ပင် ဆရာသခင် ပေါ်ထွက်လာတာက ကျွန်မရဲ့ အကြံအစည် သေးသေးလေးကို ပျက်စီးသွားစေတယ်။ အဲဒါကြောင့် ကျွန်မက သုံးသွယ်-အထူးပြု ဆရာသခင်ရဲ့ ဂုဏ်ကျက်သရေကို တစ်ချက်ကြည့်ရဖို့အတွက် တမင် ဒီကိုလာခဲ့တာပါ။ ”
ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။ လက်စသတ်တော့ ဆယ်လင်းရဲ့ နောက်ကွယ်မှာ ဒီလိုအင်အားစုတစ်ခု ရှိနေတာကိုး။ဒါကြောင့် သူက ဟောဖို့ဒ်လိုမျိုး နှစ်သွယ်-အထူးပြု ဆရာသခင်ကို ရှာတွေ့နိုင်တာကိုး။
ဖာတီလု ပြောသော “ ပျက်စီးသွားသည့် အကြံအစည် ” မှာ တော်ဝင်မင်းသမီး ရှီရာ၏ အကြံအစည်နှင့် ဆင်တူနေရပေမည်။၎င်းမှာ ဆယ်လင်းကို အသုံးချပြီး အရိပ်နက် အင်ပါယာရှိ ထိပ်တန်း စီးပွားရေးမိသားစုကို ထိန်းချုပ်ကာ ထိုအဖွဲ့အစည်း၏ ရည်ရွယ်ချက်တစ်ခုခုကို ရရှိရန် ဖြစ်ပေသည်။
အမှောင်လမြို့က ခီရာ၊ နတ်ဆိုးဘုံရဲ့ အတော်ဆုံး ယန္တရားဆရာသခင် ( ယန္တရားအစည်းအရုံးမှ ရရှိထားသော သတင်းအချက်အလက် ) နိတ်ရဲ့တပည့်ဖြစ်နိုင်တဲ့ နှစ်သွယ်-အထူးပြု ဆရာသခင် ဟောဖို့ဒ်၊ ကတ်စတာမိသားစုက ဆယ်လင်း....။ဒါတွေက ရေခဲတုံးရဲ့ ထိပ်ပိုင်းလေးပဲ။ကြည့်ရတာ ဒီအင်အားစုက မရိုးရှင်းတဲ့ပုံပဲ။ဒီလို အင်အားစုရဲ့ ထိန်းချုပ်မှုနဲ့ဆို ဆယ်လင်းက ငါ့ရဲ့အထောက်အပံ့ မပါဘဲနဲ့တောင် မိသားစုအကြီးအကဲ ဖြစ်နိုင်တယ်။ငါ့ကို ဒီနေရာဆီ မျှားခေါ်လာတဲ့ အကြောင်းရင်းက သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်ပဲ။
“ ကျုပ်မှာ ကြည့်စရာ ဘာဂုဏ်ကျက်သရေမှ မရှိပါဘူး။စိတ်ပျက်စေမိသွားခဲ့ရင် စိတ်မကောင်းပါဘူး။မစ်-ဖာတီလု။ ”
ချန်လွေ့က ဆယ်လင်းကို ဖျပ်ခနဲကြည့်လိုက်သည်။
“ မစ်-ဆယ်လင်းက ကျုပ်ရဲ့ သတင်းအချက်အလက်တွေအားလုံးကို သတင်းပို့ပြီး သွားလောက်ပါပြီ။ကျုပ်က ရှည်ရှည်ဝေးဝေး ပြောနေတာတွေကို သဘောမကျဘူး။ လိုရင်းကိုပဲ ပြောကြရအောင်။ ”
“ ဆရာသခင်က တကယ့်ကို တဲ့တိုးသမားပဲ။ဒါဆိုလည်း လိုရင်းကိုပဲ ပြောပါ့မယ်။ ”
ဖာတီလု ခေါင်းညိတ်လိုက်သည်။
“ ဆရာသခင်ကို နေရာတစ်နေရာဆီ ဧည့်သည် အနေနဲ့ ဖိတ်ကြားချင်တယ်။ဆရာသခင် သဘောတူမယ်လို့ မျှော်လင့်ပါတယ်။ ”
ချန်လွေ့ ပုခုံးတွန့်လိုက်သည်။
“ ကျုပ် သဘောမတူဘူးဆိုရင် မင်းက ကျုပ်ကို သဘောတူအောင် “ ကူညီ ” ပေးမှာလား။ ”
“ ဆရာသခင်က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ ”
ဖာတီလုက ယဉ်ယဉ်ကျေးကျေး ရယ်လိုက်သည်။
“ စိတ်ချပါ။ကျွန်မမှာ ဘာမှမကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ဆရာသခင်တောင် မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ အများကြီး ရရှိနိုင်တယ်။ ”
“ ကောင်းပြီလေ။ ”
ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ ကျုပ်မှာ သတ်မှတ်ချက်တစ်ခု ရှိတယ်။ကျုပ် တစ်ယောက်တည်း လိုက်သွားမယ်။ဒါပေမဲ့ ခီရာနဲ့ ဂါ့စ်ကိုတော့ ဒီအိမ်ကနေ ထွက်သွားခွင့် ပေးရမယ်။ ”
“ ဆရာသခင်က တကယ်ပဲ ဒီအပေါစားမိန်းမကို ချစ်မိသွားတာလား။ ”
ဖာတီလုက ပို၍အေးစက်စွာ ပြုံးလိုက်သည်။
“ ရှင်က သူ့အတွက်နဲ့ တကယ်ကြီး ရှင့်ကိုယ်ရှင် လဲလှယ်လိုက်တာလား။ ”
ခီရာ သိမ့်သိမ့်တုန်သွားသည်။ခီရာအား ဖာတီလု စော်ကားသည်ကို ကြားသည့်အခါ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“ ကျုပ်မှာလည်း အကြံအစည်ရှိလို့ပါ။ဒါက သိပ်ပြီး မလွန်ဘူး မဟုတ်လား။ ”
“ မလွန်ပါဘူး။ဒါပေမဲ့ ကျွန်မ သဘောမတူဘူး။ ”
ဖာတီလုက အေးစက်စက် ပြောလိုက်သည်။
“ ဆရာသခင်။ရှင့်မှာ တောင်းဆိုခွင့်မရှိတာကို မမေ့ပါနဲ့။ဒီနိမ့်ကျတဲ့ ကဝေမက...... ငယ်ငယ် ကတည်းက ကျွန်မရဲ့ဖိနပ်ကို လျက်ဖို့ပဲ တန်တာ။မဟုတ်ဘူးလား။....အစ်မ။ ”
ချန်လွေ့ ထိတ်လန့်သွားသည်။ ခီရာက ဖာတီလုရဲ့ အစ်မတဲ့လား။
ဖာတီလုသည် လီဗျာသန် တော်ဝင်မိသားစုဖြစ်ပြီး ခီရာသည် ကဝေမတစ်ယောက် ဖြစ်သည်။တစ်နည်းပြောရလျှင် ခီရာ၏အဖေသည် လီဗျာသန် တော်ဝင်မိသားစုဝင်ဖြစ်ပြီး အမေသည် ကဝေမတစ်ယောက် ဖြစ်သည်။နတ်ဆိုးဘုံ၌ သွေးနှောမရှိသည့်အတွက် ကလေးများသည် မိဘတစ်ယောက်ယောက်၏ မျိုးနွယ်တစ်ခုသာ ဖြစ်နိုင်သည်။ထို့ကြောင့် ခီရာနှင့် ဖာတီလုတို့ မျိုးနွယ်မတူကြခြင်း ဖြစ်သည်။
မျိုးနွယ်မတူသည့်တိုင် ဖာတီလု၏စကားနှင့် အပြုအမူသည် လွန်ကဲလွန်းလှသည်။ သူတို့သည် သွေးသားဆက်စက်သည့် ညီအစ်မများ ဖြစ်ကြသည် မဟုတ်ပါလား။ခီရာသည် ငယ်စဉ်ကတည်းက ဖာတီလု၏ အနိုင်ကျင့်ခံရခဲ့ခြင်း ဖြစ်နိုင်သည်။ထို့ကြောင့် သူ အလွန်ကြောက်နေခြင်း ဖြစ်ပေမည်။
ခီရာသည် ခေါင်းကိုငုံ့ထားပြီး ဘာမျှမပြောပေ။
“ မဟုတ်ဘူးလား။တောသူမ။ ”
ဖာတီလုက ဒေါသတကြီး အော်ပြောလိုက်သည်။
“ ဆရာသခင်အရှေ့မှာ ငါမေးတာကိုဖြေ။ ”
“ ဟုတ်ပါတယ်။မစ်-ဖာတီလု။ ”
ခီရာက ငေးကြောင်ပြီး ခေါင်းလိုက်သည်။
တစ်ယောက်သည် “ တောသူမ ” ဖြစ်ပြီး အခြားတစ်ယောက်က “ မစ် ” ဖြစ်သည်။၎င်းကို သူတို့၏နာမည်ကို ကြည့်ခြင်းအားဖြင့် ပြောနိုင်သည်။ သူတို့က ညီအစ်မတွေရော ဟုတ်ရဲ့လား။ချန်လွေ့၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဖာတီလု၏ မျက်လုံးများ ပို၍ကြမ်းတမ်းလာသည်။သူမှတ်မိတတ်စဉ်ကတည်းက သူ့စိတ်ထဲ၌ သူ့အစ်မ၏ အယူအဆမှာ “ နိမ့်ကျခြင်း ” ဖြစ်သည်။ ကျောက်တုံးတစ်တုံးပင် ဖြစ်ပါစေ၊ ခီရာသဘောကျသည့် အရာတိုင်းကို သူလုံးဝ ဖျက်ဆီးမည် ဖြစ်သည်။
ခီရာအပေါ် အာသာ၏ခံစားချက်ကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက် ဖာတီလု သည်းမခံနိုင်တော့ပေ။ ဘာလို့ နတ်ဆိုးဘုံရဲ့ တစ်ဦးတည်းသော သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်က ဒီလို နိမ့်ကျတဲ့ ကဝေမကို သဘောကျနေရတာလဲ။
သူအခု လုပ်ချင်နေသည်မှာ ထိုကောင်မစုတ်ကို အရှက်ခွဲပြီး ဆရာသခင်အရှ့၌ သူ၏အစ်မ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ဖြစ်သည်။သူသည် ဆရာသခင်၏စိတ်ထဲရှိ ထိုတောသူမ၏ ပုံရိပ်ကို ဖျက်ဆီးချင်နေသည်။သူသည် ခီရာအား အာသာ စိတ်ပျက်အောင် လုပ်ချင်သည်။
ဖာတီလု၏ ရက်စက်သောအပြုံးသည် မျက်နှာလှလှလေးကို ပျက်ယွင်းသွားစေသည်။
“ ထွီး ”
ဖာတီလုက မြေပြင်ပေါ်၌ တံတွေးထွေးလိုက်ပြီး ယုတ်မာစွာ ပြောလိုက်သည်။
“ ဒါဆို ခွေးမလိုမျိုး တွားသွားပြီးတော့ ဒါကို ပြောင်အောင်လျက်လိုက်။ ”
ခီရာ၏ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားသည်။သူ၏နှုတ်ခမ်းထောင့်သည် ကိုက်ခြင်းကြောင့်သွေးထွက်နေသည်။ သို့သော်သူမလှုပ်ပေ။
ဖာတီလုနောက်ရှိ ဘယ်ဇီဘတ် တော်ဝင်မိသားစုမှ အမျိုးသမီးသည် လက်အောက်ခံ တစ်ယောက်ဖြစ်ပုံရပြီး ဖာတီလုကို တားလည်းမတား၊ ဖြောင်းလည်း မဖြောင်းဖျပေ။ အခြားသူများကဲ့သို့ပင် သူ စိုက်ကြည့်နေခဲ့သည်။သူသည် လှောင်ပြုံးပြုံးနေပြီး ထိုအခြေအနေကို ကျင့်သားရနေပုံရသည်။
ဖာတီလုက ကြက်သီးထစရာ ကောင်းလောက်အောင် ပြုံးလိုက်သည်။
“ နင် မလျက်ဘူးဆိုရင် ငါ နင့်ရဲ့နိမ့်ကျတဲ့အမေကို လျက်ခိုင်းမယ်။ ”
လက်စသတ်တော့ ခီရာနဲ့ ဖာတီလုတို့က အမေမတူကြဘူးကိုး။ နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားပြီး မျက်လုံးထဲရှိ အေးစက်မှုသည် သတ်ဖြတ်ချင်စိတ်အဖြစ် ပြောင်းလဲသွားတော့သည်။
ဖာတီလု၏ ခြိမ်းခြောက်မှုကိုကြားပြီးနောက် ခီရာ သိမ့်သိမ့်တုန်သွားပြန်သည်။သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး စိတ်ထဲ၌ အနည်းငယ် ရုန်းကန်ကာ ဖြည်းဖြည်းချင်း ကုန်းလိုက်သည်။ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် တစ်စုံတစ်ယောက် ဆွဲလိုက်ခြင်းကြောင့် ရပ်တန့်သွားခဲ့သည်။
ချန်လွေ့၏ မဖုံးကွယ်ထားသော သတ်ဖြတ်ချင်စိတ်ကို ခံစားမိလိုက်ပြီး ခီရာ လန့်ဖျပ်သွားကာ ချန်လွေ့၏လက်ကို အမြန်ဆွဲပြီး စိတ်လိုက်မာန်ပါ အလုပ်ရန် အချက်ပေးလိုက်သည်။
ထိုအသေးစိတ်သည် ဖာတီလု၏မျက်လုံးထဲ ရောက်သွားပြီး သူ၏စိတ်ထဲ၌ ပို၍ပင် မနာလိုဖြစ်သွားသည်။ဖာတီလုက သရော်ပြုံးပြုံးလိုက်သည်။
“ ဆရာသခင်။မခြင်မဆင်မလုပ်ဖို့ အကြံပေးလိုက်မယ်။စွမ်းအားခြားနားချက်ကို ဆရာသခင် မသိသေးပါဘူး.... ”
ထိုအချိန်၌ နောက်ဘက်မှ မဟာနတ်ဆိုးဘုရင်အဆင့်ရှိသော ဘယ်ဇီဘတ် အမျိုးသမီးက ရုတ်တရက် သတိရှိပြီး ဖာတီလုအရှေ့သို့ ထွက်လာလိုက်သည်။
ထို့နောက် ချက်ချင်းပင် ဖာတီလုသည် မိမိထံသို့ ရောက်လာသော ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်တစ်ခုကို ခံစားလိုက်ရသည်။ထို့နောက် သူ၏ရှေ့၌ ပုံရိပ်နှစ်ခု ရုတ်တရက် ဝင်တိုက်သွားသည်။သူတို့နှစ်ယောက်သည် ဝင်တိုက်လိုက် နောက်ဆုတ်လိုက်လုပ်နေကြပြီး ရေးရေးလေးသာ မြင်ရသည်။ဖရိုဖရဲ ရိုက်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး မြေပြင်သည်လည်း ဆက်တိုင် တုန်ခါနေ၏။
ပုံရိပ်တစ်ခု ခွဲခွာသွားပြန်သည်။ဖာတီလု၏ အစွမ်းထက်ဆုံးအစောင့်ဖြစ်သော တာပုလီသည် မျက်နှာပေါ်၌ ဓားဒဏ်ရာတစ်ခုရသွားပြီး သွေးလတ်လတ်ဆတ်ဆတ်များ စီးကျနေသည်။တဖက်လူ၏ သတ်ဖြတ်ချင်စိတ်သည် ပို၍ကြောက်စရာ ကောင်းလာသည်။ယန္တရားဆရာသခင်၌ မည်သည့် လက်နက်မျှ မရှိပေ။သို့သော်လည်း သူ၏လက် အရောင်တောက်နေပြီး နတ်ဘုရား လက်နက် တစ်ခုသဖွယ် ကြောက်မက်ဖွယ်ရာ ထက်မြက်မှုကို ထုတ်ပေးနေလေသည်။
ဖာတီလု၏ စိတ်ထဲ၌ ဖော်ပြ၍မရအောင် ထိတ်လန့်သွားသည်။ တာပုလီက ငါ့အဖေ လက်အောက်က လက်ရွေးစင် တစ်ယောက်ပဲ။သူက မှော်ပညာရော တိုက်ခိုက်ရေးမှာပါ ကျွမ်းကျင်တဲ့ မဟာနတ်ဆိုးအဆင့် စွမ်းအားရှိတဲ့ သူတစ်ယောက်ပဲ။ဒီလူက ဘယ်လောက်ပဲ ပါရမီရှိနေပါစေ၊ သူက ယန္တရားပညာကို စိတ်နှစ်ပြီး လေ့ကျင့်နေခဲ့တဲ့ ဆရာသခင်တစ်ယောက်ပဲ။ဒါပေမဲ့ သူက တကယ်ကြီး တာပုလီကို ဖိနှိပ်နေနိုင်တယ်။
ခီရာလည်း ကြက်သေသေသွားသည်။အစက သူသည် ချန်လွေ့ ထွက်မပြေးနိုင်မည်ကို စိုးရိမ်နေခဲ့သည်။အခုတွင် သူစိုးရိမ်ခဲ့သည်မှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။ဆယ်လင်းသည် သူတို့ထဲ၌ အကြောက်လန့်ဆုံး ဖြစ်သည်။သူသည် အာသာကို ဤနေရာသို့ မျှားခေါ်ပြီး ဖာတီလုတို့အဖွဲ့၏ ထူးခြားသောအင်အားဖြင့် ယန္တရားဆရာသခင်ကို အနိုင်ယူချင်ခဲ့သည်။ သို့သော်လည်း ဤကဲ့သို့ ဖြစ်လာမည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
“ မစ်-ဖက်တီလု။သတိထား။ ”
တာပုလီ၏ခန္ဓာကိုယ်မှ အငွေ့အသက် ပျံဝဲတက်လာပြီး အော်ပြောလိုက်သည်။
“ သူက မဟာနတ်ဆိုးဘုရင်အဆင့်တစ်ယောက်ပဲ။သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တော်တော်လေး ကြောက်စရာကောင်းတယ်။ ”
တာပုလီ၏ စကားသည် ဖက်တီလုကို ကြက်သီးထသွားစေသည်။ မဟာနတ်ဆိုး ဘုရင်အဆင့် တစ်ယောက်။ပြီးတော့ သူ့ကို တာပုလီလိုမျိုး အစွမ်းထက်တဲ့သူတောင် “ ကြောက်စရာ ” တိုက်ခိုက်ရေးစွမ်းအားရှိတယ်လို့ ပြောနေတယ်။
ထိုအချိန်၌ ဖာတီလုသည် ခီရာအား အရှက်ခွဲရန် အာရုံမထားတော့ဘဲ နတ်ဆိုးဘုရင် အဆင့် အစောင့် သုံးလေးယောက်၏ ကာကွယ်မှုဖြင့် နောက်သို့ အမြန်ဆုတ်လိုက်သည်။
ချန်လွေ့၏ မျက်လုံးများသည် ထက်မြက်သော ဓားသွားကဲ့သို့ လက်ခနဲ ဖြစ်သွားသည်။ လက်သီး သုံးလေးချက်ဆင့်ထိုးပြီးနောက် သူသည် တာပုလီကို နောက်သို့လွင့်သွားအောင် ပြုလုပ်နိုင်ခဲ့ပြီး ထိုအဟုန်ကို အခွင့်ကောင်းယူကာ ဖာတီလုထံသို့ ပြေးဝင်သွားတော့သည်။
တာပုလီ တုန်လှုပ်သွား၏။ချန်လွေ့ကို မတားဆီးနိုင်ကြောင်း သူတွေ့လိုက်ရပြီးနောက် တာပုလီက လက်ကိုဝှေ့ရမ်းလိုက်ပြီး ချန်လွေ့၏ကျောဘက်ကို မိုးကြိုးတစ်ချောင်း ပစ်ချကာ ချန်လွေ့ကို တားဆီးရန် ကြိုးစားလိုက်သည်။
မမျှော်လင့်ဘဲနှင့် ချန်လွေ့သည် အနည်းငယ်သာ တွန့်ခနဲ ဖြစ်သွားပြီး ကြီးကြီးမားမား ထိရောက်မှုရှိပုံမရပေ။သူသည် ဖာတီလုအား အရှိန်လျော့မသွားဘဲ ဆက်လက် ထိုးနှက်နေခဲ့သည်။
မယ်ဂရီဇ်အခြေအအနေသို့ ရောက်ရှိသွားပြီးနောက် အလိုအလျောက် ဝိသေသက္ခဏာ ဖြစ်သော [ မှော်-ဆန့်ကျင် ] သည် မှော်ထိခိုက်မှုကို လျော့ကျသည်။မူလကရှိနှင့်ပြီးသား ထိခိုက်မှု ၃၀% လျှော့ချပေးသော [ ထိခိုက်မှုလျှော့ချခြင်း ] နှင့် ပေါင်းလိုက်သည့်အခါ မိုးကြိုး၏ထိခိုက်မှုသည် အနည်းဆုံးအထိ လျော့ကျသွားခဲ့သည်။၎င်းသည် ထင်ထားသလောက် သက်ရောက်မှု မရှိခဲ့ပေ။
နတ်ဆိုးဘုရင် အစောင့်အချို့က အခြေအနေမဟန်ကြောင်း သတိထားမိသွားပြီး တိုးမြှင့်မီးတောက်များကို လောင်ကျွမ်းစေလိုက်ကာ ချန်လွေ့ထံသို့ အဆင်အခြင်မဲ့ ပြေးဝင်သွားတော့သည်။
ဖာတီလုက ခီရာကို ခြိမ်းခြောက်ပြီး စော်ကားကာ လူတိုင်းဟားတိုက်နေကြသော မြင်ကွင်းသည် ချန်လွေ့၏စိတ်ထဲ၌ ပေါ်ထွက်လာ၏။သူသည် မိန်းမများအား နာကျင်အောင် မပြုလုပ်ချင်သော်လည်း ယခုတွင် ထိုသူများ၏အသက်ကို ရယူရန် ဆုံးဖြတ်ထားခဲ့သည်။ထို့ကြောင့် သူ လုံးဝမသက်ညှာပေ။[ အရှိန်အဝါဓားသွား ] ဖြတ်သွားသည့်နေရာတိုင်း အစောင့်များ၏သွေးများ လွင့်စင်သွားတော့သည်။သူတို့သည် အနားပင် မကပ်နိုင်ကြပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် အစောင့်ငါးယောက်စလုံး ကိစ္စတုံးသွားခဲ့သည်။
နတ်ဆိုးဘုရင်အဆင့် စွမ်းအားသည် မဟာနတ်ဆိုးအဆင့်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရာ၌ ဘာမျှမဟုတ်ပေ။
သို့သော်လည်း အစောင့်များ၏ နှောင့်ယှက်မှုသည် အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ခဲ့သည်။အကူညီလာပေးသော တာပုလီ ရောက်ရှိလာခဲ့သည်။သူသည် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ ပါရမီဖြစ်သော [ အရှိန်လျှော့ ] ကို အသုံးပြုခဲ့သည်။ချန်လွေ့၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွား၏။သို့ရာတွင် သူသည် တာပုလီ ထင်ထားသည်ထက် ပိုမြန်နေသေးသည်။
ဖာတီလုသည် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ထို့ပြင် သူသည် လီဗျာသန် တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်သည်။သူ၏ညာမျက်လုံးသည် ချက်ချင်းပင် အနက်ရောင်ဖျော့ဖျော့ အရောင်တောက်သွားခဲ့သည်။ချန်လွေ့သည် ပတ်ပတ်လည်မှု လေထု အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
ထိုအကွက်ကို [ လေဟာနယ်ဖိနှိပ်ခြင်း ] ဟုခေါ်ပြီး [ နတ်မိစ္ဆာမျက်လုံး ] ၏ ထိန်းချုပ်မှု အစွမ်းတစ်ခု ဖြစ်သည်။ချန်လွေ့သည် လေ့ကျင့်ရေး၌ ၎င်းကို ဒေလီယာထံမှ သုံးလေးကြိမ် တွေ့ကြုံခံစားခဲ့ရဖူးသည်။ထို့ကြောင့် သူ ကြောက်မနေပေ။ချန်လွေ့သည် အင်အားကိုအနည်းငယ် စုစည်းပြီး [ နတ်မိစ္ဆာမျက်လုံး ]၏ ကန့်သတ်မှုကို အတင်း ဖောက်ခွဲပစ်လိုက်သည်။
ဖာတီလုက မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ အော်ဟစ်လိုက်ပြီး ညာမျက်လုံးမှ သွေးများ ယိုစီးကျလာတော့သည်။