မှော်မျှော်စင်နှင့် အကျိုးပြုအမှတ်များ
Vol. 18 Ch. 266
နေ့လယ်ခင်း၌ ကတ်စတာမိသားစုနှင့် နေ့လယ်စာ စားပြီးသွားသည့်အခါ ချန်လွေ့သည် တော်ဝင်မျိုးနွယ်များနှင့် အရာရှိတို့အား လာလည်ခွင့် မပေးတော့ပေ။ထို့နောက် ကတ်စတာ မိသားစုက အထူးပြင်ဆင်ထားသော လှည်းတစ်စီးဖြင့် တောင်ပိုင်း ဘလော့ရှိ ယန္တရားအစည်းအရုံးသို့ ဦးတည်သွားလိုက်သည်။
ယခုတစ်ခေါက် ယန္တရားအစည်းအရုံးသို့ လာရသည့်အချိန်မှာ ပထမဆုံးတစ်ခေါက် ခီရာနှင့်လာစဉ်ကနှင့် သိပ်မကွာသေးသော်လည်း လုံးဝကွဲပြားနေသည်ဟု ခံစားရသည်။ နတ်ဆိုးဘုံကို တုန်လှုပ်သွားစေသည့် သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် ရောက်လာသည်ကို မြင်သည့်အခါ လူအများအပြားသည် လမ်းဖယ်ပေးပြီး အရိုအသေပေးကြသည်။မနာလိုမှုနှင့် ရန်လိုမှုများ ရှိနေသော အကြည့်များ ရှိသော်လည်း မည်ကာမတ္တအဆင့်များသာ မနာလို ဖြစ်ကြသည်ဟု ဟူသောစကား ရှိသည့်အတွက် ချန်လွေ့ အာရုံမထားပေ။သူသည် အဆောက်အအုံဆီ တန်းတန်းမတ်မတ် လမ်းလျှောက်ပြီး ၅လွှာကို သွားလိုက်သည်။
၅လွှာသည် ယန္တရား ဆရာသခင်များသာ ဝင်ခွင့်ရှိသော နေရာဖြစ်သည်။ သာမန်အဖွဲ့ဝင်များသည် ထိုနေရာသို့ ခွင့်ပြုချက်မရှိဘဲ ဝင်၍မရပေ။
လှေကားထိပ်၌ ချန်လွေ့သည် အသိဟောင်းများဖြစ်ကြသော ဆရာသခင် ရမ္မနစ်ဂီ၏မြေးမလေး ဖီနီနှင့် သူ့နောက်ကို အမြဲလိုက်နေပုံရသော မွန်ရိုးတို့ကို တွေ့လိုက်ရသည်။
ချန်လွေ့ကို တွေ့သည်နှင့် ဖီနီသည် လေးစားအားကျသော အမူအရာ ချက်ချင်း ပြသလိုက်သည်။
“ အာသာ။အား။တောင်းပန်ပါတယ်။ကျွန်မရှင့်ကို.... ဆရာသခင်လို့ ခေါ်ရမှာ။ ”
“ ငါတို့က မိတ်ဆွေတွေပဲ။ငါ့ကို အာသာလို့ခေါ်တာ ဘာမှ မဖြစ်ပါဘူး။ ”
ချန်လွေ့သည် ဖီနီအပေါ် အမြင်ကောင်း ရှိသည့်အတွက် အသောလေး ပြုံးလိုက်သည်။
မွန်ရိုးသည် ယခုတစ်ခေါက်၌ ချန်လွေ့၏ မမြင်ချင်ယောင်ဆောင်၍ မရတော့ပေ။ ထို့ကြောင့် သူသည် ပုံမှန်ဆိုလျှင် မာနကြီးသော်လည်း အရိုအသေ ပေးလိုက်၏။
“ ဆရာသခင် ”
မွန်ရိုးသည် တတိယဗိုလ်ချုပ် ခါဖူ၏ သားဖြစ်သည်။ခါဖူ၏ အင်အားစုသည် ဘရော့နှင့် ဗယ်လန်တို့ထက် အားနည်းသည်။သူသည် ပါရမီရှင် ဆရာသခင် အသစ်စက်စက် ဖြစ်သော ချန်လွေ့ကို အလွန်အလေးထားပြီး ကိုယ်တိုင်ပင် လာတွေ့ခဲ့သည်။ထို့ကြောင့် မွန်ရိုးသည် ချန်လွေ့အား မရိုင်းပျရဲပေ။
အမှန်တကယ်တွင် လောကတိုင်း၌ အတူတူပင် ဖြစ်သည်။လူများသည် ခွန်အားနှင့် စွမ်းဆောင်ရည်ကိုသာ အဓိကဦးစားပေးကြသည်။ခွန်အားနှင့် စွမ်းဆောင်ရည်ရှိသူသာ အလေးစားခံရမည် ဖြစ်သည်။အထူးသဖြင့် နတ်ဆိုးဘုံ၌ ပို၍ပင် မှန်ကန်သည်။ ချန်လွေ့သည် မွန်ရိုးနှင့်ပတ်သက်၍ ကြီးကြီးမားမား မကျေမနပ် မဖြစ်ခဲ့ပေ။ထို့ကြောင့် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ မင်္ဂလာပါ ”
ဖီနီက တစ်စုံတစ်ခုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်သည်။
“ ဆရာသခင်။သူက ရုတ်တရက်ကြီး ယဉ်ကျေးသွားတယ်လို့ မထင်ဘူးလား။ တကယ်တော့ သူက အရင်တစ်ခေါက် ပြိုင်ပွဲမှာ ဆရာသခင်လုပ်ခဲ့တဲ့ “မီးတောက်မျက်လုံး” ဓားပြားရှည်ကြီးကို သဘောကျနေတာ။ ”
မွန်ရိုး၏ မာနကြီးသောမျက်နှာသည် ရုတ်တရက် နီရဲသွားသော်လည်း သူဟန်မဆောင်ခဲ့ပေ။ ဖီနီ အရှေ့၌ သူသည် အမြဲပင် ရှုံးနေခဲ့သည်။ထို့ကြောင့် သူပြောရတော့သည်။
“ ဆရာသခင်။ကျုပ်က ပုံမှန်အားဖြင့် မဟာဓား( ဓားပြားရှည် )ကို သုံးတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဆရာသခင်ရဲ့ တစ်ဝက်-ဒဏ္ဍာရီလာအဆင့် လက်ရာကို ဝယ်ချင်ပါတယ်။ ”
“ အဲဒီဓားက မင်းနဲ့ မသင့်တော်ဘူး။ ”
ချန်လွေ့၏စကားသည် မွန်ရိုး၏မျက်နှာကို အနည်းငယ် ပြောင်းလဲသွားစေသည်။
“ လက်နက်ဆိုတာက အသုံးပြုသူနဲ့ ကွက်တိ ဖြစ်နေရမှာ။မင်းရဲ့ခန္ဓာကိုယ်ထဲမှာ လေဒြပ်စင်တွေ အတက်အကျဖြစ်နေတာ ငါသတိထားမိတယ်။မင်းက လေ မှော်ပညာကို လေ့ကျင့်တဲ့ မှော်ဓားသမား ဖြစ်ရမယ်။ဟုတ်တယ်မလား။ ”
မွန်ရိုး၏မျက်နှာပေါ်ရှိ မကျေမနပ်ဖြစ်မှုသည် အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွား၏။ မွန်ရိုး၏ လေမှော်ပညာကို လေ့ကျင့်ခြင်းသည် အတော်လေး လျို့ဝှက်သည်။ အမြင့်ဆင့်နတ်ဆိုးဖြစ်သော ဤဆရာသခင်လေးက ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်လိမ့်မည်ဟု မထင်မိခဲ့ပေ။ သူက တကယ့်ကို ထူးခြားတာပဲ။ဒါကြောင့် သူက ယန္တရားဆရာသခင် ဖြစ်လာတာကိုး။
“ ဒီလိုလုပ်ပါလား။ငါမင်းကို စာရင်းတစ်ခု ပေးမယ်။အဲဒီကုန်ကြမ်းတွေကို ရှာထားကြည့်။ပြီးရင် ကတ်စတာမိသားစုဆီလာပြီး ငါ့ကိုလာရှာ။ငါမင်းကို ဓားတစ်လက် လုပ်ပေးမယ်။ဒါပေမဲ့ ငါသေချာပြောထားမယ်။အဲဒီဓားက တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ရောက်ချင်မှရောက်မယ်။ဒါပေမဲ့ အဲဒါက မင်းအတွက် “ မီးတောက်မျက်လုံး ” ထက်ပိုပြီး လိုက်ဖက်မယ်။ ”
ထိုကဲ့သို့ အလှည့်အပြောင်းက မွန်ရိုးကို ရုတ်တရက် ပျော်ရွှင်သွားစေတယ်။
“ ကျေးဇူးတင်ပါတယ်။ဆရာသခင်။ခင်ဗျား တစ်ခုခု ပြဿနာရှိရင် ကျုပ်ဆီကို လာခဲ့ပါ.... ”
ထိုသို့ပြောပြီးနောက် အာသာသည် ယန္တရားနယ်ပယ်၌ ပါရမီရှင် ဆရာသခင် တစ်ယောက်ဖြစ်ပြီး သူ့ကို သိမ်းသွင်းချင်သော၊ ကျေနပ်အောင် ကြိုးစားနေသော အရာရှိများနှင့် တော်ဝင်မျိုးနွယ်များ မရေမတွက်နိုင်အောင် ရှိနေကြောင်း မွန်ရိုး သတိရလိုက်သည်။တစ်ဖက်တွင် မိမိမှာ တတိယဗိုချုပ်၏ သားတစ်ယောက်သာ ဖြစ်ပြီး ထိုသို့ပြောရန်အတွက် ဝေးလွန်းနေတယ်။သူ၏အဖေ ခါဖူက ထိုစကားကိုပြောလျှင် အဆင်ပြေလိမ့်မည် ဖြစ်သည်။
“ ဆရာသခင်။ကျုပ်.... ”
ချန်လွေ့သည် မွန်ရိုး၏ အရှက်ရမှုကို သတိထားမိသွားပြီး ပုခုံးကို ပုတ်လိုက်သည်။
“ အေးဆေးပါ။တစ်ခုခုဖြစ်လာရင် ငါမင်းကို သေချာပေါက် အကူအညီတောင်းမှာပါ။ ”
ထိုစကားသည် ချန်လွေ့အပေါ် မွန်ရိုး၏ ရင်းနှီးမှု ပိုတိုးသွားသည်။သူ၏မျက်လုံးထဲ၌ ချန်လွေ့သည် ထူးထူးခြားခြား ကြည့်ပျော်ရှုပျော် ဖြစ်လာသည်။ဓားပညာ၌ မာနကြီးသော ပါရမီရှင်က တစ်စုံတစ်ယောက်အား “ ကြည့်ပျော်ရှုပျော် ” ဖြစ်သည်မှာ အလွန်ပင် “ရှားပါး”လှပေသည်။
“ ဆရာသခင်။ကျွန်မရော သွားကြည့်လို့ ရနိုင်မလား။ ”
ဖီနာက ပြုံးဖြီးဖြီးလုပ်ရင်း ပြောလိုက်သည်။ထို့နောက် ချန်လွေ့၏ အတည်ပြုချက် ရရှိသွားသည့်အခါ သူပို၍ပင် ပျော်သွား၏။
“ ကျွန်မရဲ့ အဘိုးနဲ့ အဘိုးအန်ဒါဆန်တို့က ဥက္ကဋ္ဌ အခန်းမှာ ရှိနေကြတယ်။ဒါဆို ဆရာသခင် အလုပ်လုပ်မှာကို ကျွန်မတို့ မနှောင့်ယှက်တော့ပါဘူး။ ”
ချန်လွေ့သည် ဥက္ကဋ္ဌအခန်းသို့ ရောက်လာခဲ့သည်။အမှန်တကယ်ပင် သူသည် ဆရာသခင် အန်ဒါဆန်နှင့် ဆရာသခင် ရမ္မနစ်ဂီတို့ စကားပြောနေသည်ကို မြင်လိုက်ရသည်။
အန်ဒါဆန်၏ စိတ်အခြေအနေ အတော်လေး ကောင်းနေပြီး အကြောင်းရင်းမှာ ပါရမီရှင် ချန်လွေ့က အစည်းအရုံးထဲ ဝင်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်။ ချန်လွေ့ ရောက်လာသည်ကို မြင်သည့်အခါ အန်ဒါဆန်က ပြောသည်။
“ ဆရာသခင် အာသာ ရောက်လာပြီပဲ။ ”
ရမ္မနစ်ဂီက ချန်လွေ့အား နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ချန်လွေ့ကို ပထမဆုံး တွေ့ခဲ့စဉ်က ထိုလူငယ်သည် ထူးခြားသည်ဟု ရမ္မနစ်ဂီ ခံစားမိခဲ့သည်။ သို့မဟုတ်ပါက သူသည် ချန်လွေ့အား အကြံပြတံဆိပ်ပြား ပေးခဲ့မည် မဟုတ်ပေ။မူလက ချန်လွေ့သည် အနာဂတ်၌ ထူးချွန်မည့် အလားအလာရှိသော ယန္တရားပညာရှင် တစ်ယောက်ဖြစ်နိုင်လိမ့်မည်ဟု ရမ္မနစ်ဂီ၏စိတ်ထဲ၌ ထင်မိခဲ့သည်။မမျှော်လင့်ဘဲနှင့် ထိုလူငယ်၏ အရည်အချင်းသည် သူမျှော်မှန်းထားသည်ထက် ပို၍သာလွန်နေ၏။ ထိုလူငယ်လေူသည် ယခုတွင် နတ်ဆိုးဘုံ၌ တလက်လက် အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်နေပြီး နှစ်ပေါင်းတစ်သောင်းအတွင်း ပထမဆုံး သုံးသွယ်-အထူးပြု ယန္တရား ဆရာသခင် ဖြစ်နေကာ ထိပ်သီးပါရမီရှင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။
“ ဆရာသခင် အန်ဒါဆန်။ဆရာသခင် ရမ္မနစ်ဂီ။ ”
ချန်လွေ့သည် မိမိဘက် ရပ်တဘ်ပေးခဲ့သော ဥက္ကဋ္ဌ အန်ဒါဆန်နှင့် ဆရာသခင် ရမ္မနစ်ဂီတို့ကို လေးစားနေဆဲပင် ဖြစ်ပြီး အရိုအသေ ပေးလိုက်သည်။
“ ခင်ဗျားတို့ နှစ်ယောက်လုံးက အတွေ့အကြုံရှိတဲ့ သူတွေပါပဲ။ခင်ဗျားတို့ရဲ့အရှေ့မှာ ကျုပ်ကိုယ်ကျုပ် ဆရာသခင်လို့ မခေါ်ရဲပါဘူး။ကျုပ်က အများကြီး သင်ယူလေ့လာ ထားပေမဲ့ တကယ်တော့ အထူးပြု တစ်ခုစီက လုံလုံလောက်လောက် မကျွမ်းကျင်သေးပါဘူး။ဆရာသခင်အမျိုးမျိုးဆီကနေ ကျုပ် လေ့လာဖို့ လိုအပ်ပါသေးတယ်။ ”
ရမ္မနစ်ဂီနှင့် အန်ဒါဆန်တို့သည် အချင်ချင်း ပြုံးပြပြီး စိတ်ထဲ၌ ချီးမွမ်းလိုက်ကြသည်။ ဒီလူငယ်လေးက ထူးချွန်တဲ့ အရည်အချင်းလည်းရှိတယ်။နားလည်သဘောပေါက်မှုလည်း ရှိတယ်။အဲဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာသခင်အဆင့်ကို ရောက်လာတာ။ပြီး တော့လည်း သူက မာနမထောင်လွှားဘူး။စိတ်ရှည်တယ်။ဆာဗစ်ဆိုတဲ့ ပါရမီရှင်ဆိုတာတောင် သူ့ကို မယှဉ်နိုင်ဘူး။
ဆရာသခင် အန်ဒါဆန်သည် အမြဲပင် စည်းကမ်းတင်းကြပ်သည်။သို့သော်လည်း ထိုအချိန်၌ သူသည် အနည်းငယ် ပြုံးမိသွားသည်။
“ ဆရာသခင်အာသာ နှိမ့်ချစရာ မလိုပါဘူး။နတ်ဆိုးဘုံက တော်တဲ့သူတွေကို အမြဲတမ်း ရှေ့တန်းတင်ပါတယ်။မင်းရဲ့ အရည်အချင်းနဲ့ ပါရမီနဲ့ဆိုရင် မင်းကို ဆရာသခင်လို့ ခေါ်တာက ပြဿနာ မဟုတ်ပါဘူး။ပြိုင်ပွဲပြီးတော့ မင်းက အမြန်လာပြီး အမြန်ပြန်သွားခဲ့တယ်။အဲဒါကြောင့် ဒီနေရာနဲ့ ရင်းနှီးဦးမှာ မဟုတ်ဘူး။ဒီနေရာကို လျှောက်လည်ကြည့်ချင်သေးလား။ ”
“ ကျေးဇူးတင်ပါတယ်။ဥက္ကဋ္ဌ။ဒါပေမဲ့...မလိုပါဘူး။အမှန်အတိုင်းပြောရရင် ကျုပ်ဒီနေ့ ဒီကိုလာတာက ရှေးမှော်မျှော်စင်ကို ဝင်ဖို့အကြောင်း မေးချင်လို့ပါ။ အရင်တစ်ခေါက်တုန်းက ရှေးမှော်မျှော်စင်ထဲကို အစည်းအရုံး ဆရာသခင်တွေက အထူးအခွင့်အရေးနဲ့ ဝင်ခွင့်ရတယ်လို့ ကြားတယ်။မှော်မျှော်စင်ထဲကို ကျုပ် အခုဝင်ပြီး ဝင်နိုင်မလား သိချင်ပါတယ်။ ”
ရမ္မနစ်ဂီက ရုတ်တရက် ဝင်ပြောသည်။
“ ငါမှတ်မိပြီ။မင်း ပဏာမအဆင့်မှာ ဝင်ပြိုင်တုန်းက မှော်မျှော်စင်ကနေ မှော်စက်ဝိုင်း တစ်ခု မှတ်တမ်းတင်ဖို့အတွက် အချိန်အတော်ကြာသွားပြီးတော့ အမှတ်နည်းနည်းပဲ ရခဲ့တယ်။ကြည့်ရတာ မင်းက တတိယထပ်နဲ့ စတုတ္ထထပ်ဆီကိုပါ သွားခဲ့တဲ့ပုဲပဲ။ ”
“ ဟုတ်ကဲ့။ကျုပ်က အဲဒီတုန်းက ပဉ္စမထပ်ကိုတောင် သွားချင်ခဲ့တာ။ဒါပေမဲ့ ကံဆိုးချင်တော့ ကျုပ် မဝင်နိုင်ခဲ့ဘူး။ ”
ချန်လွေ့ ရှက်ရှက်နှင့် ပြောလိုက်သည်။ယနေ့ ဤသို့ လာရခြင်းမှာ သူ့အကြံအစည်၏ အစိတ်အပိုင်း သေးသေးလေး ဖြစ်သည်။သို့သော်လည်း ရှေးမှော်မျှော်စင်သည် အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။သူလွဲချော်သွားလျှင် နောက်တစ်ခါ ဝင်ရောက်နိုင်ရန် အချန်အတော်များများ စောင့်ဆိုင်းရနိုင်ပေသည်။
ဆရာသခင် ရမ္မနစ်ဂီက ပြုံးရင်း ပြောလိုက်သည်။
“ ဆရာသခင် အန်ဒါဆန်နဲ့ ငါတောင် ပဉ္စမထပ်ထဲကို မသွားနိုင်ဘူး။အခုလက်ရှိ နတ်ဆိုးဘုံက ဘယ်သူမှ သွားလို့မရလောက်ဘူး။အဲဒီကိုသွားဖို့ မဟာဆရာသခင် တစ်ယောက် ဖြစ်လာဖို့ လိုလောက်မယ်။ ”
“ ပဉ္စမထပ်ကို မပြောနဲ့။တတိယထပ်နဲ့ စတုတ္ထထပ်မှာရှိတဲ့ မှော်စက်ဝိုင်းတွေ အားလုံးကိုတောင် အဓိပ္ပာယ်ဖော်ပြီးတော့ မလေ့လာရသေးဘူး။မင်း အဲဒါတွေကို နားလည်မယ်ဆိုရင် သက်ဆိုင်ရာ အတွင်းအကျိုးပြု ဆုလာဒ်တစ်ခု ရမယ် ”
ဆရာသခင် အန်ဒါဆန်က အသာလေး မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီလအတွက် ခွဲတမ်းပြည့်သွားတာ တစ်ခုပဲ။မင်း အထဲဝင်နိုင်ဖို့အတွက် နောက်လအထိ စောင့်ရလိမ့်မယ်။ ”
ချန်လွေ့သည် စိတ်ထဲ၌ အနည်းငယ် စိတ်ပျက်မိသွားသည်။ထို့နောက်တွင် ဆရာသခင် ရမ္မနစ်ဂီက ပြောသည်။
“ ကျုပ်မှာ ဒီလအတွက် နာရီ၃၀ ရှိသေးတယ်။အရင်တစ်ခေါက်က မိတ္တူကူးယူခဲ့တဲ့ ကြယ်လေးပွင့် မှော်စက်ဝိုင်းကို ကျုပ်အဖြေမရှာနိုင်သေးဘူး။ဒီ နာရီ၃၀ကို မင်း အစည်းအရုံးဆီ ဝင်တာ ဂုဏ်ပြုဖို့အတွက် လက်ဆောင်အသေးလေး တစ်ခုအနေနဲ့ ပေးမယ်။ ”
“ ကျေးဇူး အများကြီး တင်ပါတယ်။ဆရာသခင် ရမ္မနစ်ဂီ။ ”
ချန်လွေ့ ပျော်ရွှင်သွား၏။သူ၏ နှလုံးသားထဲ၌ ထိုနွေးထွေးသော ဆရာသခင်အတွက် ကျေးဇူးတင်စိတ်နှင့် လေးစားမှုများ ပြည့်နှက်သွားလေသည်။
ဆရာသခင် အန်ဒါဆန်က ခေါင်းညိတ်လိုက်သည်။
“ ဒီလိုဆိုမှတော့ မင်း နောက်ထပ် တစ်နာရီပဲ စောင့်ရတော့မယ်။ဆရာသခင် လီယိုက အဓိပ္ပာယ်ဖော်ဖို့ အဓိကအစိတ်အပိုင်းကို ရောက်နေပြီ။သူက အခုအထဲမှာ တစ်ယောက်တည်း ရှိနေတယ်။သူ ထွက်လာရင် မင်း ဝင်သွားလို့ရပြီ။အချိန် နည်းနည်း ရှိသေးတယ်ဆိုတော့....အရင်တစ်ခေါက် ယန္တရားပြိုင်ပွဲ ဗိုလ်လုပွဲမှာ မင်းသုံးခဲ့တဲ့ ပန်းပဲပညာရပ်အကြောင်း မေးလို့ရမလား။ငါထင်တာ မှန်မယ်ဆိုရင် အဲဒါက ပြိဿတွေရဲ့ နည်းလမ်း ဟုတ်တယ်မလား.... ”
ချန်လွေ့သည် ဆရာသခင် အန်ဒါဆန်၏ အမြင်ကို စိတ်ထဲ၌ ချီးမွမ်းပြီး သူတို့နှစ်ယောက် စတင်ဆွေးနွေးကြတော့သည်။ဆရာသခင် အန်ဒါဆန်သည် သတ္တုကို အထူးပြုထားသည်မှာ နှစ်ပေါင်း ၂၀၀ကျော်ပြီ ဖြစ်သည်။သတ္တုအထူးပြု၌ လက်ရှိ နတ်ဆိုးဘုံ၏ ထိပ်ဆုံး ယန္တရားဆရာသခင် နိတ်သည်ပင် သူ့လောက်မကောင်းပေ။ ထိုစကားဝိုင်း၌ ချန်လွေ့သည်လည်း ကြီးကြီးမားမား အကျိုးအမြတ်ရခဲ့သည်။
မသိလိုက်ဘဲနှင့် အလျင်အမြန်ပင် တစ်နာရီ ကုန်ဆုံးသွားခဲ့သည်။
“ ဥက္ကဋ္ဌ ”
အပြင်ဘက်မှအသံသည် ချန်လွေ့နှင့် ဆရာသခင် အန်ဒါဆန်တို့၏ ဆွေးနွေးမှုကို နှောင့်ယှက်လိုက်၏။၎င်းမှာ ရှေးမှော်မျှော်စင်မှ ဆရာသခင် လီယို ဖြစ်နေသည်။
လီယိုသည် ဥက္ကဋ္ဌအခန်းထဲသို့ ပျော်ပျော်ရွှင်ရွှင်နှင့် ဝင်သွားလိုက်သည်။ရုတ်တရက် ချန်လွေ့ကို တွေ့လိုက်ရာ သူမျက်မှောင်ကြုတ်သွား၏။ထို့နောက် အန်ဒါဆန်အား တိုက်ရိုက်စကားပြောလိုက်သည်။
“ ဥက္ကဋ္ဌ။အရင်တစ်ခါက တစ်ဝက်-ကြယ်လေးပွင့် မှော်စက်ဝိုင်းကို ကျုပ်အခု အဖြေရှာနိုင်သွားပြီ။ ”
ဆရာသခင် အန်ဒါဆန်လည်း ပျော်ရွှင်စွာဖြင့် ထိုင်ခုံမှ ထလိုက်သည်။
“ ကောင်းတယ်။ကျုပ်ကို မြန်မြန်ပြ။ ”
လီယိုသည် မှော်ကျောက်ပြားတစ်ချပ်နှင့် မှော်စာလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။ မှော်စက်ဝိုင်း၏ ရှေ့ပြေးပုံစံမှာ ကျောက်ပြားပေါ်၌ရှိပြီး မှတ်ချက်နှင့် အသေးစိတ် ဖော်ပြများကိုမူ မှော်စာလိပ်ပေါ်မှ မှတ်တမ်းတင်ထား၏။
ဆရာသခင် အန်ဒါဆန်က ၎င်းကိုကြည့်ရင်း ချီးမွမ်းလိုက်သည်။
“ မဆိုးဘူး။ကြည့်ရတာ အစည်းအရုံးမှာ နောက်ထပ် တစ်ဝက်-ကြယ်လေးပွင့် ခုခံမှု မှော်စက်ဝိုင်းတစ်ခု ထပ်တိုးလာပြီထင်တယ်။ခင်ဗျားရဲ့ အကျိုးပြုအမှတ်က ၅၀၀၀ တိုးသွားပြီ။ခင်ဗျားရဲ့အမှတ်က ကြယ်နက်အဆင့်ထိ ရောက်သွားပြီ။အဲဒါကြောင့် အဆင့်(၉) ကုန်ကြမ်းပစ္စည်းနှစ်မျိုးနဲ့ အခမဲ့ လဲလှယ်လို့ရမယ်။ ”
ချန်လွေ့ အံ့အားသင့်သွားသည်။ အဆင့်(၉) ကုန်ကြမ်းပစ္စည်းတဲ့လား။အရင်တစ်ခေါက် မိုးခြိမ်းသံ လိုအပ်နေသော အရှားပါးဆုံး ကုန်ကြမ်းပစ္စည်း သုံးမျိုးဖြစ်တဲ့ ဇာမဏီနက်ငှက်မွှေး၊မိုးကြိုးနဂါး သလင်းကျောက်နဲ့ ကြယ်မှုန်တွေအားလုံး အဆင့်(၉) ကုန်ကြမ်းပစ္စည်းတွေချည်းပဲ။ဇာမဏီနက်ငှက်မွှေးကို ဒီရော်က ခက်ခက်ခဲခဲနဲ့ ရခဲ့တာ။မိုးကြိုးနဂါး သလင်းကျောက်နဲ့ ကြယ်မှုန်ကိုတော့ ယန္တရားအစည်းအရုံးရဲ့ ဂိုဒေါင်ထဲကနေ ရခဲ့တာ။ပြီးတော့ အဲဒါတွေကလည်း ရောင်းဖို့မဟုတ်ဘူး။ ပြိုင်ပွဲနိုင်ပြီးသွားမှ ဆုအနေနဲ့ ရခဲ့တာ။ဒါပေမဲ့ လီယိုက အဆင့်(၉)ကုန်ကြမ်း ပစ္စည်းနှစ်မျိုးကို အခမဲ့ ရနိုင်နေတတယ်။
အကြံအစည်အပြင်ကို ငါသေသေချာချာ သဘော မထားခဲ့တဲ့ “ အကျိုးပြုအမှတ် ” ကလည်း သေသေချာချာကို လေ့လာဖို့ ထိုက်တန်တာပဲ။
အကျိုးပြုအမှတ်သည် ယန္တရားအစည်းအရုံး၏ အတွင်း “ငွေကြေး”တစ်ခု ဖြစ်သည်။ အစည်းအရုံးထဲဝင်ပြီးလျှင် ဆရာသခင်သည် အကျိုးပြုအမှတ်၁၀၀ အလိုအလျောက် ရရှိသည်။၎င်းကို အစည်းအရုံးမှတစ်ဆင့် ပစ္စည်းကိရိယာများ ရောင်းခြင်းဖြင့်လည်း ရရှိနိုင်သည်။၎င်းအပြင် အစည်းအရုံး ပွဲစဉ်များနှင့် ပြိုင်ပွဲများတွင် ပါဝင်လျှင်လည်း အကျိုးပြုအမှတ်များ ရရှိသည်။သို့သော်လည်း အကျိုးပြုအမှတ် အများဆုံးပေးသည်မှာ ရှေးမှော်မျှော်စင်ရှိ မှော်စက်ဝိုင်းများ ဖြစ်သည်။
ထိုမှော်စက်ဝိုင်းဆိုသည်မှာ အဓိကအားဖြင့် ပုံသွင်းထုလုပ်ချိန်အတွင် မှော်အစီအရင် ပြုလုပ်ခြင်း၌ အသုံးပြုသော အခင်းအကျင်းကို ပြောခြင်း ဖြစ်သည်။၎င်းတွင် ဂုဏ်သတ္တိ အမျိုးမျိုး ရှိသည်။၎င်းသည် ယန္တရားပညာရပ်၌ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။
ပြီးပြီးစုံသော ကြယ်သုံးပွင့်နှင့်အထက် မှော်စက်ဝိုင်းတစ်ခုကို မှတ်တမ်းတင်နိုင်လျှင် အများဆုံး အမှတ် ၂၀၀၀ ရရှိနိုင်သည်။ထို့ပြင် အသစ်စက်စက် ကြယ်သုံးပွင့် မှော်စက်ဝိုင်းတစ်ခုကို အဓိပ္ပာယ်ဖော်နိုင်လျှင် အမှတ် ၄၀၀၀၊ တစ်ဝက်-ကြယ်သုံးပွင့် ဆိုလျှင် အမှတ် ၅၀၀၀၊ ကြယ်လေးပွင့်ဆိုလျှင် အမှတ် ၆၀၀၀ နှင့် တစ်ဝက်-ကြယ်လေးပွင့်ဆိုလျှင် အမှတ် ၇၀၀၀ ပေးမည်ဖြစ်သည်။ကြယ်သုံးပွင့်ထက်နိမ့်သော မှော်စက်ဝိုင်းများမှာ ပို၍နည်းနည်း ရရှိပေမည်။ကြယ်တစ်ပွင့်မှ တစ်ဝက်-ကြယ်သုံးပွင့် မှော်စက်ဝိုင်းတစ်ခုကို အဓိပ္ပာယ်ဖော်နိုင်လျှင် အမှတ်၂၀၀သာ ပေးမည်ဖြစ်သည်။
အကျိုးပြုအမှတ် ၁၀၀ ဆိုလျှင် ကြယ်ဖြူ၊အမှတ် ၁၀၀၀ ဆိုလျှင် ကြယ်ခရမ်း၊ အမှတ် ၁၀၀၀၀ ဆိုလျှင် ကြယ်နက်ဖြစ်ပြီး အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများနှင့် လဲလှယ်နိုင်ကာ အဖိုးတန် အတွေ့အကြုံများနှင့် စာရွက်စာတမ်းအချို့ကို ငှားရမ်းနိုင်မည် ဖြစ်သည်။
မှော်စက်ဝိုင်းကို အဓိပ္ပာယ်ဖော်ပြီးလျှင် အကျိုးပြုအမှတ် ဆုလာဒ်အပြင် စတိုးဆိုင်မှ မှော်စက်ဝိုင်းကို ရောင်းချသည့်အခါ အဓိပ္ပာယ်ဖော်ခဲ့သည့် ဆရာသခင်သည် ဝေစုတစ်ခု ရရှိပေမည်။
ရှေးမှော်မျှော်စင်သည် အလွန်ပင် လျို့ဝှက်ဆန်းကြယ်ပြီး လူတိုငိး တစ်မျိုးစီ မြင်ရ၏။အချိန်မတူလျှင် သူတို့တွေ့သော မှော်စက်ဝိုင်းမှာလည်း တူညီမည် မဟုတ်ပေ။တစ်ခါတစ်ရံ သူတို့သည် ပြီးပြည့်စုံသော မှော်စက်ဝိုင်းကို မပြုလုပ်နိုင်သည့် အတွက် တွက်ချက်ယူဆရသည်။ဆရာသခင် တစ်ယောက်အတွက်ပဲ ကြယ်သုံးပွင့်နှင့်အထက် မှော်စက်ဝိုင်းများကို မှတ်တမ်းတင်ပြီး အဓိပ္ပာယ်ဖော်နိုင်ရန် ခက်ခဲလှပေသည်။
ဆရာသခင်လီယိုသည် ထိုနေရာ၌ အတော်လေး ကျွမ်းကျင်လှသည်။အစည်းအရုံသို့ ဝင်ပြီးကတည်းက သူသည် မှော်စက်ဝိုင်းလေးခုကို အဓိပ္ပာယ်ဖော်နိုင်ခဲ့ပြီး ၎င်းတို့သည် ကြယ်သုံးပွင့် အထက်၌ ဖြစ်ကြသည်။ထို့ကြောင့် အစည်းအရုံး၌ သူ၏ အဆင့်အတန်းလည်း မြင့်မားသွားခဲ့ပြီး တည်မြဲသွားခဲ့သည်။ရလာဒ်အနေဖြင့် သူသည် နှောင့်ယှက်မှုမရှိစေရန်အတွက် မှော်မျှော်စင်သို့ တစ်ယောက်တည်းဝင်နိုင်သည့် အထူးအခွင့်အရေးကိုပင် ရရှိခဲ့သည်။ပုံမှန်အားဖြင့် မှော်မျှော်စင်တွင် တစ်ချိန်တည်း၌ ဆရာသခင် သုံးလေးယောက် ရှိတတ်၏။
လီယိုသည် ဥက္ကဋ္ဌ အန်ဒါဆန်၏ ချီးမွမ်းမှုကို ခံရပြီးနောက် ဂုဏ်ယူမိသွားသည်။ထို့ကြောင့် ချန်လွေ့ကို အသာလေး ကြည့်လိုက်ပြီး ထိုအကြည့်တွင် ရန်စခြင်း အရိပ်အယောင် ပါဝင်နေလေသည်။ မင်းက ထိပ်တန်း ကြယ်အသစ်တစ်ပွင့် ဖြစ်တော့ရော ဘာဖြစ်လဲ။ မင်းဘယ်လောက်ပဲ ထူးချွန်ထူးချွန် မှော်စက်ဝိုင်းနဲ့ ပတ်သက်ရင်တော့ မင်းငါ့ကို မော်ကြည့်လို့ပဲရမယ်။ ”
“ အာသာ။ရှေးမှော်မျှော်စင်ထဲ အခုဝင်ပြီးတော့။ ဒါကိုယူသွားလိုက်။ ”
ဆရာသခင် အန်ဒါဆန်က မှော်ကျောက်ပြားတစ်ခုကို ထုတ်ပြီး ပြောလိုက်သည်။
“ နေပါဦး။အခု ဝင်သွားရမှာက ဆရာသခင် ရမ္မနစ်ဂီ မဟုတ်လား။ ”
ဆရာသခင် လီယိုက မကျေမနပ် ပြောသည်။
“ အာသာ။မင်းရဲ့ပါရမီက ပိုသာပေမဲ့ ဆရာသခင် ရမ္မနစ်ဂီရဲ့အချိန်ကို ဒီလိုမယူသင့်ဘူး။ နှိမ့်ချပြီးတော့ တခြားသူတွေကို လေးစားပါ။လူလေး။ ”
ထိုစကားကို ကြားပြီးနောက် အန်ဒါဆန်နှင့် ရမ္မနစဂီတို့ တစ်ပြိုင်တည်း ခေါင်းခါလိုက်ကြသည်။လီယိုသည် ထိုစကားကို သူ၏တပည့်ထံ ပြောသင့်ပေသည်။ အကယ်၍ ဆာဗစ်သာ ၎င်းကို အမှန်တကယ် သဘောပေါက်မည်ဆိုရင် ထိုကဲ့သို့ အဆုံးသတ်လိုက်ရမည် မဟုတ်ပေ။
ဆာဗစ် ထိုကဲ့သို့ အဆုံးသတ်သွားရခြင်းမှာ ဆရာဖြစ်သည့် လီယို၌ ရှောင်လွှဲ၍မရနိုင်သော တာဝန်ရှိသည်ဟု ပြော၍ရပေသည်။
“ ဥက္ကဋ္ဌ။ကျုပ် ဒီလိုမျိုးကို သဘောမတူ..... ”
“ မစ္စတာ လီယို။ကျုပ်ကို ကာကွယ်ဖို့ ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ။ ”
ရမ္မနစ်ဂီက ပြောသည်။
“ ဒီတစ်ခေါက် ကျုပ်က ဆရာသခင် အာသာကို ဆန္ဒအလျောက် ပေးခဲ့တာပါ။ ”
လီယို၏ ရည်ရွယ်ချက်မှာ ရမ္မနစ်ဂီကို ကာကွယ်ရန်မဟုတ်ဘဲ ချန်လွေ့ကို ဆန့်ကျင်ရန် ဖြစ်သည်။ရမ္မနစ်ဂီ၏ စကားကို ကြားသည့်အခါ လီယို၏ အဟုန် ချက်ချင်း လျော့ကျသွား၏။သူ သရော်ပြုံး ပြုံးလိုက်သည်။
“ ခင်ဗျားက ဒီပါရမီရှင် အသစ်စက်စက်ကို သိမ်းသွင်းဖို့အတွက် အချိန်ဖြုန်းချင်တဲ့ပုံပဲ။ ”
“ ဘာလို့လဲဆိုတော့ ကျုပ်က ယန္တရား ဆရာသခင်တစ်ယောက်လည်း ဟုတ်သလို တော်ဝင်မိသားစုဝင် တစ်ယောက်လည်း ဖြစ်တယ်လေ။ ”
ရမ္မနစ်ဂီက ချန်လွေ့ကို သိမ်းသွင်းရန် ရည်ရွယ်ချက်ကို မငြင်းပယ်ဘဲ ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။
“ တော်လောက်ပြီ။ရမ္မနစ်ဂီက ဆန္ဒအလျောက်ပေးတာဆိုတော့ လီယို... ခင်ဗျားလည်း ဒီအတိုင်း ထားလိုက်တော့။ ”
ဥက္ကဋ္ဌ ဆရာသခင် အန်ဒါဆန်က ပြောသည်။
“ အချိန်က အရေးကြီးတယ်။မင်းအခု သွားလို့ရပြီ။အာသာ။ဒီမှော်ကျောက်ပြားက အထူးပြုလုပ်ထားတာ။ပဏာမအဆင့်ကဟာနဲ့ လုံးဝမတူဘူး။ဒါနဲ့ဆို မှော်စက်ဝိုင်းတွေကို မှတ်တမ်းတင်နိုင်ရုံသာမက ရှိနေတဲ့ မှော်စက်ဝိုင်း အမျိုးအစားကိုလည်း ဖော်ပြနိုင်တယ်။အဲဒါကြောင့် မင်းက မှော်စက်ဝိုင်းတွေကို ထပ်ပြီး မှတ်တမ်းတင်မိတော့မှာ မဟုတ်ဘူး။တစ်ချိန်တည်းမှာပဲ ဒါက ချိပ်ပိတ်ထားတဲ့ ရှေးမှော်မျှော်စင်ရဲ့ သော့ချက်လည်း ဖြစ်တယ်။ဒီအပေါ်မှာ အချိန်အမှတ်အသားရှိတယ်။ မင်းမှာ နာရီ၃၀ အချိန်ရမယ်။အချိန်ပြည့်သွားရင် မင်း အလိုအလျောက် တယ်လီပို့ ခံရမယ်။ဒီအခေါက် မသုံးလိုက်ရတဲ့ အချိန်တွေကို နောက်လမတိုင်ခင်အထိ စုဆောင်းထားလို့ရတယ်။ဒါပေမဲ့ နှစ်လတော့ ကျော်သွားလို့မရဘူး။ကျော်သွားရင် အလိုအလျောက် တရားမဝင်ဖြစ်သွားပြီ။ ”
ချန်လွေ့က သဘောပေါက်ကြောင်း ပြသရန်အတွက် ခေါင်းညိတ်လိုက်သည်။ထို့နောက် ခေတ္တ တုံ့ဆိုင်းသွားပြီး မေးသည်။
“ ကျုပ်ကို အဲဒီမှော်စာလိပ်နဲ့ မှတ်တမ်းတင်ကိရိယာတွေရော ပေးလို့ရမလား။ ”
လီယိုသည် ပြက်လုံးတစ်ခု ကြားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သရော်ပြုံး ပြုံးလိုက်သည်။
“ ပဏာမအဆင့်ကအချိန်ပါပါရင် မှော်မျှော်စင်ကို သွားမှာ အခုနဲ့ဆို ဒုတိယအကြိမ်ပဲ ရှိဦးမှာ မဟုတ်လား။အရင်တစ်ခေါက် ပြိုင်ပွဲမှာ မင်းရဲ့ အမြင့်ဆုံး မှတ်တမ်းက တစ်ဝက်-ကြယ်သုံးပွင့် မှော်စက်ဝိုင်းပဲ။တစ်ဝက်-ကြယ်သုံးပွင့် နဲ့ ကြယ်သုံးပွင့်ကြားမှာရှိတဲ့ ခြားနားချက်က တော်တော်လေး ကြီးမားတယ်။စွမ်းအားမှာ အဆင့်ကြီးနှစ်ဆင့် ခြားနားသလိုမျိုးပဲ။မင်းက တတိယလွှာကို သွားမှာဆိုရင် ကျောက်ပြားတစ်ခုနဲ့ ပြီးပြည့်စုံတဲ့ မှော်စက်ဝိုင်းတစ်ခုကို မှတ်တမ်းတင်နိုင်ရန် တော်လှပြီ။ဒါပေမဲ့ မင်းက အဲဒါက အဓိပ္ပာယ်ဖော်ဖို့ စိတ်ကူးယဉ်နေသေးတာလား။ ”
“ အနည်းဆုံးတော့ ကျုပ် စမ်းကြည့်ချင်သေးတယ်။အရာအားလုံးအတွက် ပထမဆုံးအကြိမ်ဆိုတာတော့ အမြဲတမ်း ရှိပါတယ်။ ”
ချန်လွေ့ အသာလေး ပြုံးပြသည်။
ဆရာသခင် အန်ဒါဆန်သည် ချန်လွေ့အား အချိန်မဖြုန်းစေချင်ပေ။ထို့ကြောင့် မှော်စာလိပ်နှစ်လိပ်နှင့် ကလောင်တစ်ချောင်းထုတ်ပြီး အဓိပ္ပာယ်မရှိသော ငြင်းခုန်မှုကို အဆုံးသတ်လိုက်သည်။