ကတိနှင့် ကြိုတင်ကြံရွယ်မှုများ
Vol. 18 Ch. 269
ချန်လွေ့သည် အာသာ၏အသွင် ပြန်ပြောင်းပြီး မကောင်းသော ဝတ်ရုံတစ်ခု ဝတ်ဆင်၍ လှည်းပေါ်မှဆင်းကာ ဖာတီလု နောက်သို့လိုက်ပြီး ပါစကယ်မြို့သို့ ဝင်သွားတော့သည်။
ပါစကယ်မြို့သည် လိုင်ရာမြို့နှင့် အရွယ်အစား တူတူလောက်ပင် ဖြစ်သည်။ဖာတီလုသည် ချန်လွေ့၏ လက်ကိုကိုင်ပြီး ကိုယ်ပိုင်အိမ်တစ်အိမ်သို့ ရောက်ရှိလာသည်။ထိုအိမ်သည် သာမန်သာဖြစ်ပြီး အလယ်လတ်တန်းစား ဖြစ်ဟန်တူသည်။ဖာတီလုက အထူးစည်းချက် တစ်မျိုးဖြင့် တံခါးကို ခေါက်လိုက်ရာ တံခါး ချက်ချင်း ပွင့်လာသည်။တံခါးကို ဖွင့်လိုက်သူမှာ အမြင့်ဆင့်နတ်ဆိုးအဆင့်ဖြစ်သည့် အမျိုးသမီး မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည်။ဖာတီလုက သူစိမ်းတစ်ယောက်ကို ခေါ်လာကြောင်း တွေ့လိုက်ရသည့်အခါ ထိုအမျိုးသမီး အံ့အားသင့်သွားသည်။
“ ရှင်က.....မစ်-ဖာတီလုပဲ။ဘာလို့ ဒီကို လူခေါ်လာရတာလဲ.... ”
ဖာတီလုသည် လှည်းပေါ်၌ လိမ္မာသော်လည်း အခြားသူများရှေ့သို့ ရောက်သည့်အခါ မောက်မာပြီး ရက်စက်သော အမူအကျင့် ပြန်ဖြစ်သွားသည်။
“ အပိုတွေမပြောနေဘဲနဲ့ ကျွန်မအမေကို အခုချက်ချင်း ဆက်သွယ်။အရေးပေါ်သို့ ပြောလိုက်။တစ်စက္ကန့် နောက်ကျရဲရင် ရှင့်ရဲ့မျက်လုံးကို ဖောက်ထုတ်ပစ်မယ်။ ”
မဟာနတ်ဆိုးသည် ဖာတီလု၏လက်ကို ကိုင်ထားသော ချန်လွေ့ကို ဖျပ်ခနဲကြည့်ပြီး ဆက်မမေးရဲတော့ပေ။သူသည် ချန်လွေ့တို့ နှစ်ယောက်နှင့်အတူ အိမ်ထဲသို့ ချက်ချင်း ဝင်သွားလိုက်သည်။ဆာဘရီနာသည် အလွန်ပင် သတိထားလှသည်။ အရိပ်နက်အင်ပါယာသည် အမှောင်လကဲ့သို့ ချောင်ကျသော နေရာမျိုး မဟုတ်ပေ။ တရားမဝင် မှော်ဆက်သွယ်ရေး မျှော်စင်များနှင့် ဖမ်းဆီးပြီး နှောင့်ယှက်နိုင်သည့် နည်းလမ်းများစွာရှိသည်။ထို့ကြောင့် ဆာဘရီနာကို ဆက်သွယ်ရန်အတွက် အထူးနည်းလမ်းဖြင့် ဒီဇိုင်းဆွဲထားမှသာ ရနိုင်မည် ဖြစ်သည်။သို့မဟုတ်ပါက ဖာတီလုသည်ပင် လမ်းပေါ်၌ သူ၏အမေကို ဆက်သွယ်နိုင်မည် မဟုတ်ပေ။
အမျိုးသမီး မဟာနတ်ဆိုးသည် အိမ်ထဲသို့ဝင်ပြီး ခြေအောက်ခန်းနှင့်တူသော ဝင်ပေါက်တစ်ခုသို့ ရောက်ရှိလာသည်။သူ အထဲဝင်ပြီး မှော်မီးအိမ်ကို မီးညှိလိုက်သည်။ မြေအောက်ခန်းထဲ၌ အတော်လေး သာမန်ဖြစ်သော ကြေးမုံတစ်ချပ်မှလွဲ၍ ထူးထူးခြားခြား ဘာမျှမရှိပေ။
မဟာနတ်ဆိုးသည် လက်ချောင်းကိုကိုင်ပြီး ကြေးမုံပေါ်တွင် သွေးဖြင့် ထူးဆန်းသော သင်္ကေတအချို့ကို ရေးဆွဲလိုက်သည်။ထို့နောက် ကြေးမုံထံမှ ထူးဆန်းသော အလင်းရောင်တစ်ခု ရုတ်တရက် ထွက်လာသည်။သိပ်မကြာခင်တွင် အမျိုးသမီး တစ်ယောက်၏ အပေါ်ပိုင်း ခန္ဓာကိုယ်တစ်ခု သူတို့အရှေ့၌ ပေါ်ထွက်လာသည်။ ယေဘုယျအားဖြင့် လီဗျာသန်တော်ဝင်မိသားစု အများစုမှာ ဆံပင်အပြာဖြစ်ကြသည်။ သို့သော်လည်း လူတိုင်းမဟုတ်ပေ။ထိုအမျိုးသမီး၏ဆံပင်မှာ ရွှေရောင်ဖြစ်ပြီး မျက်လုံးများလည်း ရွှေရောင်ပင် ဖြစ်ကာ တင်းကြပ်သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အတွက် သူ၏ရင်သားများ ကြီးမားနေပုံရသည်။သူသည် ဖာတီလူ၏အမေ ဆာဘရီနာ ဖြစ်ရပေမည်။
ဆာဘရီနာ၏လေသံတွင် တင်းမာမှုများ ပြည့်နှက်နေသည်။
“ နာရူ။အရေးပေါ် အဆက်အသွယ်ကို သုံးရလောက်အောင် ဘာဖြစ်လို့လဲ။ ”
“ အမေ။သမီးပါ။ ”
ဖာတီလုက ကြေးမုံရှေ့သို့သွားပြီး နာရူကို ပြောလိုက်သည်။
“ နာရူ။အခုပဲ ထွက်သွားတော့။ ”
နာရူက ရိုရိုသေသေ ဦးညွှတ်ပြီး မြေအောက်ခန်းမှ ထွက်သွားလိုက်သည်။
“ အမေ။အရေးကြီးဆုံးတာဝန်ကို သမီး လုပ်ပြီးသွားပြီ။ ”
ဖာတီလုက စိတ်လှုပ်ရှားစွာဖြင့် ချန်လွေ့အား မှန်ရှေ့သို့ ဆွဲခေါ်ပြီး ပြောလိုက်သည်။
“ သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ကို သမီး ခေါ်လာပြီ။ ”
ဆာဘရီနာ စိတ်လှုပ်ရှားသွား၏။
“ ဖာတီလု။ဒါက....ဆရာသခင် အာသာလား။လမ်းမှာရော အန္တရာယ် ကြုံခဲ့သေးလား။ ”
“ သမီးတို့ကို ဧကရီကတ်သရင်းရဲ့ အင်ပါယာအစောင့်တွေက လိုက်ဖမ်းပြီးတော့ သမီးရဲ့ အစောင့်တွေအကုန် သေသွားခဲ့တယ်။တာပုလီတောင် သမီးကို ကာကွယ်ရင်း သေသွားခဲ့တယ်။ ”
ဖာတီလုသည် သောကရောက်နေပုံရသည်။
“ ကံကောင်းစွာနဲ့ပဲ ဆရာသခင်ကို ဒီနေရာဆီ ခေါ်လာနိုင်ခဲ့တယ်။ ”
“ တော်တယ်။ ”
ဆာဘရီနာသည် အစောင့်များ သေသွားခြင်းကို ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သရော်ပြုံးပြုံးလိုက်ပြန်သည်။
“ အဲဒီ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့ မိန်းမကိုဘာပြောမလဲ ကြည့်တာပေါ့။ နင်တော့ သိမှာ မဟုတ်ဘူး။အဲဒီယန္တရားဆရာသခင် ဟောဖို့ဒ်ကို အကြံပေးခဲ့တာ သူပဲ။ဒါပေမဲ့လည်း သူက ပထမဆုံးအကြိမ် စစ်ဆင်ရေးမှာပဲ ကျရှုံးသွားခဲ့တယ်။ ”
ချန်လွေ့၏အတွေးများ အနည်းငယ် လှုပ်သွားသွား၏။ဆာဘရီနာပြောသော “ ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်နေသည့် မိန်းမ ”မှာ အီဇိုလာ ဖြစ်ပြီး ဖာတီလု၏ဖခင်က ဦးစားပေးသူ ဖြစ်သည်။ထို့ပြင် သူ၏ လုပ်ရပ်များနှင့် စွမ်းအားများမှာ အတော်လေး ကောင်းမွန်လှသည့်အတွက် သူသည် ဆာဘရီနာ၏ ပြိုင်ဘက် ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူ၏သမီးသည် တာဝန်ကိုပြီးဆုံးအောင် ဆောင်ရွက်ခဲ့သည့်အတွက် အီဇိုလာအရှေ့၌ ကြွားလုံးထုတ်၍ ရပြီဖြစ်သည်။
ဟောဖို့ဒ်က နှစ်သွယ်-အထူးပြု ဆရာသခင်ပဲ။ပြီးတော့ သူက နတ်ဆိုးဘုံရဲ့ ထိပ်တန်းယန္တရား ဆရာသခင်နိတ်ရဲ့ တပည့်တစ်ယောက် ဖြစ်နိုင်တယ်။သူက အီဇိုလာက အကြံပြုခဲ့တာဆိုတော့ သွေးရောင်အင်ပါယာက နိတ်ကလည်း ဒီအင်အားစုနဲ့ သက်ဆိုင်နေတာလား။
ဖာတီလု ရယ်လိုက်သည်။
“ ဒါနဲ့ ဒီသုံးသွယ်-အထူးပြ ဆရာသခင်ကြောင့်သာ မဟုတ်ရင် ဟောဖို့ဒ် လွယ်လွယ်လေး အနိုင်ရသွားလောက်ပြီ။ ”
“ မစ်-ဖာတီလု ချီးမွမ်းတာ များလွန်းသွားပါပြီ။ ”
ချန်လွေ့က ကြေးမုံထဲမှ အမျိုးသမီးကို အရိုအသေ ပေးလိုက်သည်။
“ လှပတဲ့ မဒမ်ဆာဘရီနာ။တွေ့ရတာ ဂုဏ်ယူမိပါတယ်။ ”
“ ဖာတီလု။နင်က ဆရာသခင်ကို မထိန်းချုပ်ထားဘူးလား။နင်သူ့ကို ဘာပြောခဲ့တာလဲ။ ”
ချန်လွေ့၏ တည်ငြိမ်အေးဆေးနေသော မျက်နှာကို မြင်သည့်အခါ ဆာဘရီနာ၏ အံ့အားသင့်နေသောအသံ ထွက်လာသည်။
“ အေးဆေးပါ။အမေ။ ”
ဖာတီလုက ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။
“ ဆရာသခင်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့သူပဲ။အစကတော့ သမီးသူ့ကို ထိန်းချုပ်ခဲ့တယ်။ဒါပေမဲ့ နောက်ပိုင်း အန္တရာယ်ကြုံလာတော့ ဆရာသခင်က သမီးတို့ကို ကူညီပေးခေါ်ထုတ်ပေးခဲ့တယ်လေ။ ”
ဆာဘရီနာ အလွန်အံ့ဩသွားပြီး ပြောသည်။
“ ဒီလိုမျိုး အတင့်ရဲတဲ့ပုံစံနဲ့ ဆရာသခင့်ကို ဖိတ်ခေါ်လိုက်ရတာကိုခွင့်လွှတ်ပေးပါ။ ”
“ မဒမ်။အမှန်အတိုင်းပြောရရင် အစက ကျုပ် တကယ် ဒေါသထွက်မိတယ်။ ”
ချန်လွေ့ ပြုံးလိုက်သည်။
“ ဒါပေမဲ့ မစ်-ဖာတီလုက ဆုလာဒ်ကြီးကြီးမားမား ပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီဆုလာဒ်သာ တကယ်ဆိုရင် ခင်ဗျားကျုပ်ကို မဖိတ်ခေါ်ရင်တောင် ကျုပ်လာမှာပဲ။ ”
“ ရှင်က အဲဒီဆုလာဒ်ကိုပဲ မှတ်မိတာလား။ ”
ဖာတီလုက ချန်လွေ့၏ပုခုံးကို ရင်းရင်းနှီးနှီး မှီလိုက်သည်။
“ ကျွန်မက အဲဒီဆုလာဒ်ထက် ပိုမကောင်းဘူးလား။ ”
“ ဟီးဟီး ”
ချန်လွေ့က ဖာတီလု၏ ခါးကိုဖက်ပြီး ပြောသည်။
“ မင်းပါရင်တော့ နှစ်ဆုပေါ့။ငါ နှစ်ခုလုံး လိုချင်တယ်။ ”
သမီးဖြစ်သူနှင့် ဆရာသခင်တို့၏ ရင်းနှီးသော ဆက်ဆံရေးကို မြင်သည့်အခါ ဆာဘရီနာ ဒေါသမထွက်ဘဲ တခစ်ခစ် ရယ်လိုက်သည်။
“ ဆရာသခင်။ဖာတီလုက ယောက်ျားတွေကို သိပ်ပြီး သဘောမကျတတ်ဘူး။ဒါပေမဲ့ ဒီတစ်ခေါက် သူ့ရဲ့အကြိုက် တော်တော်လေး ကောင်းတယ်။ ”
“ ဒါနဲ့ အမေ။ဒီတစ်ခေါက် မြို့တော်မှာ အဲဒီ ကောင်မစုတ် ခီရာနဲ့ တွေ့ခဲ့ရတယ်။ ”
ဆာဘရီနာ ခေါင်းညိတ်လိုက်သည်။
“ သိပ်မကြာခင်ကပဲ ဆက်သွယ်မှုလှိုင်းကနေ ခီရာ သတင်းပို့တာကို ငါရထားတယ်။ ကတ်စတာမိသားစုရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဒီရော်က အမှောင်လဆီ ထွက်ပြေးပြီးတော့ ခီရာကို ချစ်ကြိုက်သွားခဲ့တယ်။အမှောင်လရဲ့ တော်ဝင်မင်းသမီးကလည်း ကတ်စတာမိသားစုကို ငတ်မွတ်မှုဘေးက လွတ်အောင် စားစရာတွေ ဝယ်ဖို့အတွက် ကတ်စတာမိသားစုကို ကူညီချင်နေခဲ့တယ်။အဲဒါကြောင့် သူက တစ်စုံတစ်ယောက်နဲ့ ခီရာကို မြို့တော်ဆီ ပို့ခဲ့တယ်။ဒီရော်က ဆရာသခင်ကို အမှီပြုပြီးတော့ အနိုင်ရခဲ့ပေမဲ့ ဆရာသခင် ပျောက်ဆုံးသွားတဲ့အတွက် သူ့ရဲ့ ဆက်ခံသူဖြစ်မယ့် အခြေအနေကို ဆုံးရှုံးသွားခဲ့တယ်။နောက်တော့ ခီရာက အမှောင်လက လူတွေနဲ့အတူ ပြန်သွားခဲ့တယ်။ အခုတော့ ကတ်စတာမိသားစုရဲ့ ဆက်ခံသူက တတိယမြောက်အမျိုးသမီး ဆယ်လင်း ဖြစ်နေပြီ။ဒါပေမဲ့ သူ့ကို မြို့တော်က အင်အားစု တော်တော်များများက အနီးကပ် စောင့်ကြည့်နေကြတယ်။အဲဒါကြောင့် ငါတို့ ဒီအဆက်အသွယ် ပျက်သွားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ဒါက အရေးမကြီးတော့ဘူး။ကတ်စတာမိသားစု မရှိရင်တောင် ပြဿနာ မကြီးပါဘူး။အဓိကသော့ချက်က ဆရာသခင် ဒီကို ရောက်လာတာပဲ။ ဆရာသခင်။ ကျွန်မ ရှင့်အရှေ့မှာ လျို့ဝှက်ချက်တွေ အများကြီး ပြောပြနေတယ်။ဘာအဓိပ္ပာယ်လဲဆိုတာ သဘောပေါက်ရဲ့လား။ ”
ခီရာ၏ “ သတင်းပို့ချက် ” မှာ ချန်လွေ့က ညွှန်ကြားထားခြင်း ဖြစ်သည်။ရည်ရွယ်ချက်မှာ ဆာဘရီနာအား တည်ငြိမ်စေရန်နှင့် မည်သည့် အပြစ်အနာဆာမျှ မပေါ်သွားစေရန် ဖြစ်သည်။ခီရာသည် အရိပ်နက်အင်ပါယာသို့ အမြန်သွားလိုက်သည့်အတွက် အမှောင်လ နယ်မြေ၌ သတင်းပို့ရန် အချိန်မရှိခဲ့သည်မှာ အကြောင်းအကျိုး သင့်ပေသည်။
“ မဒမ် ဒီလိုမျိုး လုပ်လို့မရဘူးလေ။ ”
ချန်လွေ့ ခေါင်းခါလိုကိသည်။
“ ကျုပ် ဒီကိုလာမှတော့ စိတ်ကိုသေချာပြင်ဆင်ထားတာပေါ့။ဒါပေမဲ့ ကျုပ်လိုချင်တဲ့ ဆုလာဒ်က အမှန်တကယ်ဖြစ်ရမယ်။ကျုပ်ကို လှည့်စားဖို့ မကြိုးစားနဲ့။ ”
ဆာဘရီနာ မျက်မှောင်ကြုတ်ပြီး မေးသည်။
“ ဖာတီလု။နင် ဆရာသခင်ကို ဘာအကျိုးအမြတ် ပေးမယ်လို့ ကတိပေးထားခဲ့လဲ။ ”
“ လီဗျာသန်မိသားစုရဲ့ အကြီးကျယ်ဆုံး အဆောင်ပစ္စည်းကို ငှားပြီးလေ့လာခွင့်ပေးမယ်လို့ ဆရာသခင်ကို ကတိပေးခဲ့တာ။ ”
ဖာတီလုက ဂုဏ်ယူစွာ ပြောသည်။
“ ထင်ယောင်မှား နတ်ဆိုးဒိုင်းလား။ ”
ဆာဘရီနာ ထိတ်လန့်သွား၏။
“ အဲဒါက အဆောင်ပစ္စည်းမဟုတ်လား....နင် ဘယ်လိုလုပ်ပြီးတေ့ ဒီလိုကတိမျိုး ပေးရတာလဲ။ ”
“ တာဝန်ကို ဘာပဲဖြစ်ဖြစ် ပြီးအောင်လုပ်လို့ အမေပြောခဲ့တာ မဟုတ်ဘူး။ ”
ဖာတီလုက သနားစရာကောင်းလောက်အောင် ပြောလိုက်သည်။
“ သမီးတို့မှာ ထင်ယောင်မှား နတ်ဆိုးဒိုင်း မရှိတောင်......... ”
“ တော်တော့။ ”
ဆာဘရီနာက ဖာတီလု ပြောမည့်စကားကို တားဆီးလိုက်သည်။သမီးဖြစ်သူ၏ ဝမ်းနည်းနေသော မျက်နှာကိုကြည့်ပြီး ယခုတစ်ခေါက် အကျိုးပြုမှုကြီးကို တွေးကာ ဆာဘရီနာ နှစ်သိမ့်ပေးလိုက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် နင်က ဒီတစ်ခေါက် တာဝန်ကို ကောင်းကောင်းလုပ်ခဲ့တယ်။ ဒီကိစ္စကိုတော့ တွေ့မှ ဆွေးနွေးကြမယ်။ဆရာသခင် တကယ်ရိုးသားတယ်ဆိုရင်တော့ ပြဿနာ မဟုတ်ပါဘူး။ပြီးတော့ အကျိုးအမြတ်ကလည်း ဒီထက်ပိုများလိမ့်မယ်။ ”
“ ကျုပ်က တကယ်စိတ်ရင်းနဲ့ လာတာပါ။ဒါပေမဲ့ ခင်ဗျားရဲ့ အရေးအကြီးဆုံး ရိုးသားမှုက ထင်ယောင်မှား နတ်ဆိုးဒိုင်းပဲ။ ”
ချန်လွေ့က ပြောသည်။
“ ကျုပ်မှာ ယန္တရား၊မိန်းမနဲ့ အရက်ဆိုပြီးတော့ ဝါသနာသုံးမျိုး ရှိတယ်။ကျုပ်ရဲ့ ပထမဆုံးဝါသနာက ပိုပြီးကြီးတဲ့အတွက် ဒီနေ့လို အောင်မြင်မှုတွေ ရလာတာ။ကျုပ် ခင်ဗျားကိုပြောဖို့ မေ့သွားတယ်။ကျုပ်က သုံးသွယ်-အထူးပြု ဆရာသခင် တစ်ယောက်ပဲ မဟုတ်ဘူး။မှော်စက်ဝိုင်းမှာလည်း ကျုပ်ရဲ့ အစွမ်းက အထူးပြုသုံးခုထက် မနိမ့်ဘူး။ ထင်ယောင်မှားနတ်ဆိုးဒိုင်းက အဆောင်ပစ္စည်း ၇မျိုးထဲမှာ အစွမ်းထက်ဆုံးခုခံမှုရှိတယ်။ လျို့ဝှက်ဆန်းကြယ်ဆုံးအရာက အဲဒီပေါ်မှာရှိတဲ့ မှော်စက်ဝိုင်းပဲ။ကျုပ်က ထင်ယောင်မှား နတ်ဆိုးဒိုင်းကာကို ယူမယ်လို့ မပြောပါဘူး။အသိအမှတ်ပြုခံထားရတဲ့ လီဗျာသန် မိသားစုဝင်ကလွဲရင် အခြားသူတွေရဲ့လက်ထဲမှာဆို အဆောင်ပစ္စည်းက အသုံးမဝင်တာ မဒမ်လည်း သိမှာပါ။ကျုပ်က အဆောင်ပစ္စည်းကို လေ့လာချင်တာပါ။အဲဒါက ယန္တရားပညာမှာ ကျုပ်အတွက် လုံးဝအကျိုးရှိစေနိုင်မယ်။မဒမ်က ကျုပ်ရဲ့ရိုးသားမှုကို သံသယရှိတယ် ဆိုရင်တော့ ကျုပ်တို့ တွေ့စရာမလိုတော့ဘူး။ ”
“ ကျွန်မက ဘာလို့ ဆရာသခင်ရဲ့ ရိုးသားမှုကို သံသယဝင်ရမှာလဲ။ ”
ဆာဘရီနာက ပြုံးရင်း ပြောသည်။
“ ဆရာသခင်က ကိုယ့်ရဲ့ဂုဏ်သတင်းကို လျှော့တွက်နေတဲ့ပုံပဲ။နှစ်ရက်အတွင်းမှာပဲ ရှင်က ယန္တရားအစည်းအရုံးမှာရှိတဲ့ ရှေးမှော်မျှော်စင်က အမြင့်ဆင့် မှော်စက်ဝိုင်းနှစ်မျိုးကို အဓိပ္ပာယ်ဖော်ထုတ်ခဲ့တယ်။သွေးရောင်နွယ် နယ်မြေက မြို့တော်နဲ့ သိပ်ပြီး မဝေးပါဘူး။ အဲဒါကြောင့် အဲဒီအဖြစ်အပျက်က ဒီနေရာဆီ ပျံ့နှံ့သွားခဲ့ပြီ။ဆရာသခင်ရဲ့ မှော်စက်ဝိုင်း အရည်အချင်းက နတ်ဆိုးဘုံ တစ်ခုလုံးမှာ အကောင်းဆုံးဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ”
ယန္တရားအစည်းအရုံး၌ ချန်လွေ့၏ စွမ်းဆောင်ရည်နှင့် ရရှိခဲ့သော အာရုံစိုက်မှုများသည် အလကား မဖြစ်ခဲ့ပေ။၎င်းမှာ အကြံအစည်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။အချို့ လိုအပ်သော ဖုံးကွယ်မှုများအပြင် အခြား ရေရှည်ပန်းတိုင်တစ်ခုလည်း ရှိတယ်။၎င်းမှာ မှော်ဒိုင်းကာပင် ဖြစ်၏။
အနည်းဆုံးတော့ ငါ အရိပ်နက် ဗိုလ်ချုပ်ကို မွှေနှောက်ဖျက်ဆီးပြီးတော့ ဒုက္ခခံစားရအောင် လုပ်ရမယ်။
ချန်လွေ့၏ စကားများကို နားထောင်ပြီး ယခင်အချက်အလက်များမှ သုံးသပ်မှုများနှင့် ပေါင်းလိုက်သည့်အခါ ဆာဘရီနာ အနည်းငယ်ပို၍ ယုံကြည်သွားသည်။သို့သော်လည်း လုံးဝ မယုံကြည်သေးပေ။
” ဆရာသခင်။ကျွန်မကအခု သွေးရောင်နွယ် နယ်စပ်က ဗို့ဇ်မြို့ကို ရောက်နေတယ်။ ကျွန်မရှင့်ကို အမြန်လာကြိုပါ့မယ်။၅ရက်လောက်တော့ ကြာလိမ့်မယ်။အဲဒီ မတိုင်ခင်တော့ ပါစကယ်မြို့မှာ နေနေပေးပါ။တစ်ခုခု လိုတာရှိရင် ဖာတီလုကို ပြောလို့ရတယ်။သူရှင့်ကို ဖြည့်ဆည်းပေးလိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ ”
ဆာဘရီနာက သူတို့ကြားတွင် စွမ်းအားခြားနားချက် ကြီးမားကြောင်းကို မသိခဲ့ပေ။ထို့ကြောင့် ဆာဘရီနာသည် သူ၏သမီး နစ်နာမည်ကို မစိုးရိမ်ပေ။အကယ်၍ နစ်နာမည်ဆိုလျှင်ပင် နတ်ဆိုးဘုံ၏ပါရမီရှင်အား သူ၏ဘေး၌ ရှိနေရအတွက် ထိုက်တန်ပေသည်။
“ ပြဿနာ မရှိပါဘူး။ ”
ချန်လွေ့သည် ဖာတီလုက ဖျပ်ခနဲ ပြုံးရင်းကြည့်လိုက်သည်။ဖာတီလုကလည်း သူ့ကို ဆွဲဆောင်မှုရှိစွာ ပြုံးပြသည်။
အလှမ်းဝေး ခေါ်ဆိုမှု ပြီးသွားသည့်အခါ ချန်လွေ့၏ နေ့ရက်များ ပို၍အေးဆေးသွားသည်။ သို့သော်လည်း သာမန်အခြေအနေ၌ သူသည် အိမ်အပြင်သို့ မထွက်နိုင်ပေ။ညပိုင်း၌သာ ဖာတီလု၏ အဖော်ပြုမှုဖြင့် အပြင်ထွက်နိုင်ပေသည်။
နောက်တစ်နေ့ ညနေတွင် ချန်လွေ့သည် စောင့်ကြည့်ခံနေရသော ခံစားချက်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။သူသည် တမင်တကာပင် ဖာတီလုနှင့်အတူ အပြင်ထွက်ပြီး လှည့်လည်သွားလာခဲ့သည်။[ သရုပ်ခွဲမျက်လုံး ] ၏ အဝန်းအဝိုင်းအတွင်း ရံဖန်ရံခါ ပေါ်ထွက်လာသော အချက်အလက်က ချန်လွေ့ကို ကိစ္စတစ်ခု သေချာသိသွားစေသည်။
မျိုးနွယ် - [ မနာလိုခြင်း တော်ဝင်မိသားစု ] ( သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - [ B+ ]
ခန္ဓာအမျိုးအစား - [ B ]
ခွန်အား - [ B+ ]
စိတ်ဝိညာဉ် - [ B+ ]
မြန်ဆန်မှု -[ B+ ]
မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်တဲ့ လီဗျာသန် တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ။ဒီတစ်ယောက်က ဖာတီလုလိုမျိုးပဲ ညီမျှတဲ့ အခြေအနေတွေ ရှိတယ်။သူက မှော်ပညာရော၊ တိုက်ခိုက်ရေးကိုပါ လေ့ကျင့်ထားတဲ့ပုံပဲ။
ဒီလိုအချက်အလက်တွေနဲ့ ကိုက်ညီတဲ့သူကတော့ ဖာတီလုရဲ့အမေ ဆာဘရီနာ ဖြစ်ဖို့များတယ်။
အစစ်အမှန်စွမ်းအားကိုမူ ထပ်မံအတည်ပြုရန် လိုအပ်သည်။အကြောင်းရင်းမှာ နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားထက် သာလွန်သူများသည် တိုက်ခိုက်ရေးစွမ်းအားကို အလွယ်တကူ ထိန်းချုပ်၍ ရသောကြောင့်ပင်။အချို့မှာ လေ့ကျင့်ရေးအဖြစ် စွမ်းအားကို တမင်ဖိနှိပ်ထားပြီး တိုက်ပွဲအတွင်း၌ ပိုကြမ်းသောစွမ်းအားများကို ပေါက်ကွဲထွက်ကြလေသည်။
အစကတော့ သူက ငါ့ကိုလာကြိုဖို့ လူလွှတ်တာ ၅ရက်လောက်ကြာမယ်လို့ ပြောခဲ့တယ်။ဒါပေမဲ့ သူတို့က ၂ရက်ထဲနဲ့ ရောက်လာကြပြီ။ပြီးတော့လည်း ဗို့ဒ်မြို့ကလည်း အလိမ်အညာဖြစ်နိုင်တယ်။ရည်ရွယ်ချက်က ငါ့ကို စမ်းသပ်ချင်လို့ပဲ။
သူတို့က တကယ့်ကို လွယ်ကူတဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး။ ပြီးတော့လည်း.....ဆာဘရီနာက ဒီအင်အားစုထဲက နယ်ရုပ်တစ်ရုပ်သာသာပဲ ဖြစ်နိုင်လောက်တယ်။