ဝိညာဉ်လက်ထိပ် နှင့် ဆုံးဖြတ်ချက်
Vol. 19 Ch. 271
ချန်လွေ့သည် မာနူ၏ “ဆုံးဖြတ်ချက်” ဆိုသည့်အရာကို ရေးရေးလေး မှန်းဆမိခဲ့သည်။ ထို့ကြောင့် သူ သရော်ပြုံးပြုံးလိုက်သည်။
“ သုံးသွယ်-အထူးပြု ဆရာသခင်တစ်ယောက်အနေနဲ့ ကျုပ်မှာ ဂုဏ်သိက္ခာနဲ့ ဇွဲလုံ့လရှိတယ်။ ကျုပ် ဒါတွေကို စွန့်ပစ်မယ်ဆိုရင် ယိုယွင်းနေတဲ့ ဝိညာဉ်တစ်ခုက အမြင့်ဆုံးကို ဘယ်တော့မှ ရောက်နိုင်တော့မှာ မဟုတ်ဘူး။မဟာဆရာသခင် တစ်ယောက်ရဲ့ ထိပ်သီးပိုင်းက ကျုပ်ဘဝရဲ့ အကြီးမားဆုံးပန်းတိုင်ပဲ။ခင်ဗျားက ကျုပ်ကို အစေခံဖြစ်စေချင်တယ်ဆိုရင်တော့ ကျုပ်သေပဲသေလိုက်မယ်။ ”
မာနူ ပို၍ပင်ပြုံးလိုက်သော်လည်း သူ၏ဖိအားသည် ပို၍ပြင်းထန်လာသည်။ နေရာတစ်ခုလုံး အေးခဲသွားဟန်တူသည်။ချန်လွေ့ မလှုပ်နိုင်တော့ပေ။သူသည် နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းကို အားကုန်ထုတ်သုံးပြီး ခုခံလိုက်သည်။မြို့တော်မှ လုပ်ကြံမှုကို မာနူ သိပြီးသွားလောက်လေပြီ။ထို့ပြင် ဟောဖို့ဒ်၏ အတည်ပြုချက်အရ သူ၏ နတ်ဆိုးဘုရင်အဆင့် စွမ်းအားမှာလည်း ပေါက်ကြားသွားလောက်ပြီ ဖြစ်သည်။
ချန်လွေ့သည် စွမ်းအားအပြည့်အဝ မသုံးရဲပေ။သူသည် [ အသက်အောင့်ခြင်း ] ကိုသာ အကောင်းဆုံး ကြိုးစားနေပြီး ပါ့ဂ်လီအို သင်ကြားပေးခဲ့သော တိုက်ခိုက်ရေးစွမ်းအား ပြောင်းလဲမှုများကို အသုံးပြုနေလိုက်သည်။ချန်လွေ့က မာနူသည် သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် တစ်ယောက်ကို အလွယ်တကူ မသတ်နိုင်ဟူ၍သာ လောင်းကြေး ထပ်နေလိုက်သည်။
အသေအချာပင် မာနူ၏ အငွေ့အသက် ရပ်တန့်သွားခဲ့သည်။ သူမျက်လုံးဖွင့်ကြည့် လိုက်သည့်အခါ [ သရုပ်ခွဲမျက်လုံး ]ရှိ တန်ဖိုးသည် “ မဆုံးဖြတ်နိုင် ” သို့ ရောက်ရှိ သွားသည်။ သို့သော်လည်း ချက်ချင်းပင် ပုံမှန်အချက်အလက်အတိုင်း ပြန်ဖြစ် သွားသည်။ မာနူသည် အမှန်တကယ်ပင် နတ်ဆိုးအရှင်သခင်တစ်ယောက် ဖြစ်ပုံရသည်။
မာနူ လက်ခုပ်တီးလိုက်သည်။
“ ဆရာသခင်ရဲ့ ဇွဲလုံ့လက တကယ့်ကို လေးစားစရာပဲ။ကျုပ်က ဆရာသခင်ကို စမ်းသပ်နေတာပါ။ဒါပေမဲ့ ဆရာသခင် တွေးမိဖူးလား။ဆရာသခင်ရဲ့ သမိုင်းကြောင်းမှာ ဘာဟာကွက်မှမရှိပေမဲ့ သုံးသွယ်-အထူးပြု ဆရာသခင်စွမ်းရည်နဲ့ဆိုရင် လှည့်လည် သွားလာနေတဲ့ အလုပ်သင်တစ်ယောက်အနေနဲ့ လူတွေအများကြီး မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ပြီးတော့ ဆရာသခင်က အခုမှပဲ နာမည်ကျော်ကြားလာတာ။ ဒေါသ မထွက်ပါနဲ့။ဆရာသခင်။ကျုပ်က ဆရာသခင်ကို ကျုပ်တို့ရဲ့ အင်အားစုထဲ ဝင်ပြီးတော့ အရေးကြီးတဲ့သူတစ်ယောက်ဖြစ်ဖို့ စိတ်ရင်းနဲ့ဖိတ်ခေါ်ချင်တာပါ။အဲဒါကြောင့် ကျုပ်တဲ့တိုးပြောမိရင် ဗွေမယူပါနဲ့။ဆရာသခင် မရှင်းပြချင်ဘူးလား။ ”
“ လူတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိပါတယ်။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ ကျုပ်ခင်ဗျားကို ဒီအင်အားစုရဲ့ အသေးစိတ် အခြေအနေအကြောင်း မမေးခဲ့ဘူး။ ကျုပ် ဒီနေရာကို မစ်-ဖာတီလုနဲ့အတူ ရောက်လာတာက အဆောင်ပစ္စည်း အတွက်ကြောင့်ပဲ။ ကျုပ်ရဲ့ အရင်တစ်ဆို့မှုက ထိပ်တန်းဆရာသခင် လမ်းကြောင်းကို ပိတ်ဆို့နေတယ်။မြို့တော်က ရှေးမှော်မျှော်စင်မှာ ကျုပ်က အရေးကြီးတဲ့အမြင်တွေ ရရှိခဲ့တယ်။ကျုပ်က တစ်ဝက်-ကြယ်လေးပွင့်နဲ့ ကြယ်လေးပွင့် မှော်စက်ဝိုင်းနှစ်ခုကို တစ်ဆက်တည်း အဓိပ္ပာယ်ဖော်ထုတ်နိုင်ခဲ့သည်။ဒါက ရှေ့ဆက်တိုးတက်ဖို့အတွက် သော့ချက်ဖြစ်နိုင်တယ်။ကျုပ် အဆောင်ပစ္စည်းပေါ်က မှော်စက်ဝိုင်းကို လေ့လာနိုင်မယ်ဆိုရင် အထူးပြုသုံးမျိုးလုံးမှာ ထိပ်တန်းဆရာသခင်တစ်ယောက် ချက်ချင်း ဖြစ်သွားနိုင်တယ်။အဲဒီအဆင့်ရောက်သွားရင် နိတ်တောင် ကျုပ်ကို မော့ကြည့်နေရမယ်။ကျုပ်ဒီထက် ပိုပြီး တိုးတက်သွားရင်တော့..... ”
ရှေးမှော်မျှော်စင်၌ ချန်လွေ့က မှော်စက်ဝိုင်းနှစ်ခုကို တစ်ဆက်တည်း အဓိပ္ပာယ်ဖော်နိုင်ခဲ့သော သတင်းသည် အရိပ်နက်အင်ပါယာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ထို့ကြောင့် မာနူလည်း ၎င်းကို အသေအချာသိသည်။ ထိုမှတ်ချက်က “အာသာ”သည် မည်သည့်အတွက်ကြောင့် ဖာတီလုနောက်သို့ လိုက်လာရကြောင်းကို အဖြေပေးနေသည်။သူသည် ထိပ်ဆုံးသို့ရောက်ရန် အခွင့်အရေးကို လက်မလွှတ်နိုင်သည်မှာ အသေအချာပင် ဖြစ်သည်။
မာနူ ခေါင်းညိတ်လိုက်သည်။ ကေလာဟလအတိုင်းပဲ ဆရာသခင်“အာသာ”က မဟာဆရာသခင်တစ်ယောက် ဖြစ်လာဖို့ အလားအလာ အရှိဆုံးပဲ။သူက ငါတို့ရဲ့ အင်အားစုထဲ အမှန်တကယ် ဝင်ပြီးတော့ မဟာဆရာသခင်တစ်ယောက် ဖြစ်လာမယ်ဆိုရင် သူထုတ်ပေးနိုင်မယ့် တန်ဖိုးက လုံးဝကို တိုင်းတာလို့မရတော့ဘူး။ အဲဒါကြောင့်ပဲ ငါသူ့ကို ထိန်းချုပ်ရမှာ။အခြားဘယ်သူ့ကိုမှ ထိန်းချုပ်ခွင့် မပေးနိုင်ဘူး။
“ ဆရာသခင်။လီဗျာသန်တော်ဝင်မိသားစုရဲ့ လျို့ဝှက်ချက်တွေကို ဖာတီလုဆီကနေ သိပြီးလောက်ပါပြီ။မနာလိုခြင်း တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ပါရမီ [ ဝိညာဉ်လက်ထိပ် ] ကို ဆရာသခင် ကြားဖူးလား မသိဘူး။ ”
ချန်လွေ့ စိတ်ထဲ၌ မျက်မှောင်ကြုတ်လိုက်သည်။သူ၏သရုပ်နှင့် ရှင်းလင်းချက်တို့သည် လုံးဝပြဿနာ မရှိနိုင်ပေ။သို့သော်လည်း မာနူသည် သူ့ကို ထိန်းချုပ်ချင်နေသေးသည်။ ချန်လွေ့ ခေါင်းညိတ်ပြီး ပြောသည်။
“ တော်ဝင်မိသားစု(၇)စုရဲ့ သွေးမျိုးဆက် ပါရမီတွေက နာမည်ကြီးတွေပဲ။ကျုပ် ဘာလို့ အဲဒါကို မကြားဖူးရမှာလဲ။ခင်ဗျားက ကျုပ်ကို [ ဝိညာဉ်လက်ထိပ် ] သုံးချင်နေတာလား။ ”
“ တော်ဝင်မိသားစုမှာ သန္ဓေပြောင်း သွေးမျိုးဆက်ရှိသလို ကျုပ်ရဲ့ [ ဝိညာဉ်လက်ထိပ် ] မှာလည်း သန္ဓေပြောင်းစွမ်းရည်တစ်ခုရှိတယ်။ကျုပ်က အဲဒါကို [ ဝိညာဉ် ဆက်သွယ်လှိုင်း ] လို့ခေါ်တယ်။ဒါက တော်တော်လေး ထူးခြားပြီးတော့ အသုံးပြုသူ ကလည်း တန်ဖိုးတစ်ခု ပေးဆပ်ရတယ်။ ”
မာနူ မပြုံးနေတော့ဘဲ တည်တည်တံ့တံ့ပြော၏။
“ [ ဝိညာဉ်ဆက်သွယ်လှိုင်း ] ကို လက်ခံပြီးရင် ကျုပ်ရဲ့စွမ်းအား တစ်စိတ်တစ်ပိုင်းက [ ဝိညာဉ်ဆက်သွယ်လှိုင်း ] ထဲမှာ ကျန်ရှိနေပြီးတော့ ဆရာသခင်ကို စွမ်းအားတိုးစေမယ်။ အစိတ်အပိုင်း သေးသေးလေးပဲ ဖြစ်ပေမဲ့ ဆရာသခင်ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် သိသိသာသာ စွမ်းအားတိုးစေနိုင်မယ်။ဆရာသခင်က သေစေနိုင်လောက်တဲ့ ထိခိုက်မှုတစ်ခု ဖြစ်မယ်ဆိုရင် ကျုပ်လည်း အထိုက်အလျောက် ထိခိုက်မှာပဲ။ ”
“ ပေးဆပ်ရမှုကတော့ .... ဆရာသခင် သိမယ်ထင်ပါတယ်။အဲဒါက [ ဝိညာဉ်လက်ထိပ် ] ရဲ့ ထိန်းချုပ်မှုပဲ။ဒီထိန်းချုပ်မှုက ကျွန်ပြုဖို့အတွက်မဟုတ်ဘဲ သတိထားဖို့အတွက်ပဲ။[ ဝိညာဉ်ဆက်သွယ်လှိုင်း ] က စွမ်းအားနဲ့ထိခိုက်မှုကို မျှဝေတဲ့အတွက် ကျုပ် ဘယ်တော့မှ လွယ်လွယ်နဲ့မသုံးဘူး။အခုတော့ ဒါက ကျုပ်ရဲ့စိတ်ရင်းကို ပြသတာပါ။ ”
အမှန်တကယ်၌ မာနူ အနည်းငယ် လိမ်ခဲ့သည်။[ ဝိညာဉ်ဆက်သွယ်လှိုင်း ] မှတစ်ဆင့် ချန်လွေ့ စွမ်းအားတိုးလာနိုင်မည်မှာ မှန်သော်လည်း မာနူသည် ထိခိုက်မှုအကြောင်းကို ဖုံးကွယ်ထားခဲ့သည်။ချန်လွေ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သေသွားလျှင် မာနူလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရပေမည်။သို့သော် မာနူဒဏ်ရာရသည့်အခါ ထိခိုက်မှု အဆတိုးသွားပြီး ချန်လွေ့ထံ “မျှဝေ” ပေးမည် ဖြစ်သည်။
“ ကျုပ် ဆရာသခင်ကို ဖိအားမပေးပါဘူး။ ”
ထိုသို့ပြောပြီးနောက် မာနူ၏လက်ဝါးထဲ၌ ရောင်စုံ အလင်းလုံးတစ်လုံး ပေါ်ထွက်လာသည်။
“ ဆရာသခင်က [ ဝိညာဉ်ဆက်သွယ်လှိုင်း ] ကို လိုလိုလားလားနဲ့ လက်ခံမယ်ဆိုရင် ကျုပ်တဲ့ အင်အားစုရဲ့ အစိတ်အပိုင်းတစ်ခု အမှန်တကယ် ဖြစ်သွားပြီ။အဆောင်ပစ္စည်း ဖြစ်ဖြစ်၊ ကုန်ကြမ်းဖြစ်ဖြစ်၊ မှော်စက်ဝိုင်းဖြစ်ဖြစ်၊ စမ်းသပ်ခန်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ဝိုင်ကောင်းကောင်ဖြစ်ဖြစ်..... လိုအပ်တဲ့ အရင်းအမြစ်တွေကို ကျုပ်တို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။တကယ်လို့ ဆရာသခင်က ဆန္ဒမရှိဘူးဆိုရင်တော့ ကျုပ်တို့ရဲ့ ထိန်းချုပ်မှုနဲ့ စောင့်ကြည့်မှုအောက်မှာရှိတဲ့ သာမန် ယန္တရားဆရာသခင်အနေနဲ့ နေလို့ရမယ်။ဆရာသခင်ကို သတ်မှတ်ချက်အချို့နဲ့ ထောက်ပံ့ပေးမယ်။ဒါပေမဲ့ ကိစ္စတော်တော်များများအတွက် ကန့်သတ်ချက် ကြီးကြီးမားမား ရှိလိမ့်မယ်။ဒီနှစ်ခုက တော်တော်လေးခြားနားတာကို ဆရာသခင် ခန့်မှန်းမိမှာပါ။ဒီအခြေအနေထိ ရောက်လာမှာတော့ ဆရာသခင်ကို ကျုပ်တို့လွှတ်ပေးဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် ဆရာသခင် ဘယ်လို ရွေးချယ်မလဲဆိုတာမှာပဲ မူတည်တော့တယ်။ ”
“ နာမည်နဲ့ ဝိသေသလက္ခဏာတွေကို ဘယ်လိုပဲပြောင်းပြောင်းက [ ဝိညာဉ်လက်ထိပ် ] က [ ဝိညာဉ်လက်ထိပ် ] ပဲလေ။ကျုပ်ဒါကို လက်ခံရင် လွတ်လပ်မှုကို ပေးလိုက်တာတဲ့ အတူတူပဲ။ ”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီနှစ်ခုကြားက ခြားနားချက်ကို ကျုပ် စဉ်းစားလို့မရဘူး။ ”
“ ဒီလောကမှာ အလကားစားရတဲ့ နေ့လယ်စာ မရှိဘူးလေ။ ”
မာနူပြုံးရင်း ဆက်လက် ဖျောင်းဖျနေ၏။
“ နည်းနည်းလေးတောင် မပေးဆပ်ချင်ဘူးဆိုရင်တော့....ရိုင်းပျမိရင် ခွင့်လွှတ်ပေးပါ။ ဆရာသခင်ရဲ့ ကြံကြံခံမှုက မဟာဆရာသခင်ရဲ့ ထိပ်သီးပိုင်း မရောက်ခင်အထိ တောင့်ခံထားနိုင်မှာ မဟုတ်လောက်ဘူး။ ”
ချန်လွေ့၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်သန်းစီးဆင်းသွား၏။ သူလျှိုလုပ်ရတာက တော်တော်လေး ခက်ခဲတယ်။ဒါက တော်တော်လေးကြီးမားတဲ့ စမ်းသပ်ချက်တစ်ခုပဲ။ဒီအင်အားစုရဲ့ အချက်အချာကို အမှန်တကယ် ဝင်ရောက်နိုင်ဖို့အတွက် မာနူ၏ ယုံကြည်မှုကို ငါရမှ ဖြစ်မယ်။
ကျားရဲ့ သားရဲတွင်းထဲ မဝင်ဘဲနဲ့ ကျားပေါက်လေးကို ရနိုင်မှာမဟုတ်ဘူး။[ ဝိညာဉ်ဆက်သွယ်လှိုင်း ] ကို လက်ခံတာက အကောင်းဆုံးနည်းပဲ။[ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားဖို့အတွက် နည်းလမ်းနှစ်ခု ရှိတယ်။ပထမတစ်ခုက အသုံးပြုတဲ့သူ ဖယ်ရှားပေးရင် ဒါမှမဟုတ် သေသွားရင်။ဒုတိယတစ်ခုကတော့ အသုံးပြုခံရတဲ့သူ သေသွားရင်ပေါ့။
ထို့ပြင် အခြားနည်းလမ်းတစ်ခုရှိသေးသည်။၎င်းမှာ [ ဝိညာဉ်လက်ထိပ် ] သက်ရောက်မှုကို ပယ်ဖျက်နိုင်သော လီဗျာသန်တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းကို အသုံးပြုခြင်း ဖြစ်သည်။ထိုအဆောင်ပစ္စည်းတစ်ဝက်မှာ ဒေလီယာနှင့်အတူ ရှိနေပြီး အခြားတစ်ဝက်ကတော့..... ငါဒီမှာ လာငှားတာ မဟုတ်လား။
ချက်ချင်းပင် ချန်လွေ့သည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။ သူသည် ဖြည်းဖြည်းချင်း မာနူဆီသို့ လမ်းလျှောက်သွားသည်။ချန်လွေ့၏လက်က အလင်းလုံးဆီ ဆန့်တန်းလိုက်သည့်အခါ မာနူ၏စိတ်ထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့သည်။သို့သော်လည်း သူ၏မျက်နှာသည် ပုံမှန်အတိုင်းပင် ဖြစ်သည်။
အလင်းလုံးနှင့် ထိတော့မည့်အချိန်၌ ချန်လွေ့၏ ခန္ဓာကိုယ် ရုတ်တရက် ရပ်တန့်သွား၏။သူ စိတ်ပြောင်းသွားဟန်တူသည်။မာနူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။သူသည် ချန်လွေ့ အလစ်တိုက်ခိုက်မည်ကို စိတ်မပူပေ။သို့သော်လည်း သူ၏ပါးစပ်ထဲမှအသား ပျောက်ဆုံးသွားကဲ့သို့ ခံစားလိုက်ရသည်။
အမှန်တကယ်၌ မာနူသည် ချန်လွေ့အပေါ်၌ [ ဝိညာဉ်ဆက်သွယ်လှိုင်း ] အတင်းအသုံးပြု၍ရသည်။ချန်လွေ့၏ ယန္တရားစွမ်းရည်များသည် အထူးပြု တစ်ခုတည်းရှိသော ထိပ်တန်းဆရာသခင်များလောက် မကောင်းပေ။ သူ၏အကြီးမားဆုံးတန်ဖိုးမှာ မဟာဆရာသခင် ဖြစ်လာနိုင်သော အလားအလာပင် ဖြစ်သည်။ဆန္ဒအလျောက် မဟုတ်လျှင် သူ၏ဝိညာဉ်၌ ချို့ယွင်းချက်တစ်ခု ဖြစ်သွားနိုင်ပြီး အကျိုးရလာဒ်နှင့် ဝေးသွားနိုင်ပေသည်။
ထိုအချိန်၌ မာနူသည် ချန်လွေ့မျက်လုံးများ အရောင်တောက်သွားပြီး ရုတ်တရက် မေးလိုက်သည်ကို မြင်လိုက်ရသည်။
“ အဆောင်ပစ္စည်း ဘယ်တော့ရောက်မှာလဲ။ကျုပ် အဖြေအတိအကျ သိချင်တယ်။ ”
မာနူ၏ ကျဉ်းမြောင်းသောမျက်လုံးများ တောက်ပသွားပြီး ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည်။
“ ဆယ်ရက်အတွင်း ရောက်မယ်။ ”
“ ကောင်းပြီလေ။ ”
ချန်လွေ့၏မျက်လုံးများ ရုတ်တရက် အရူးအမူးဖြစ်သွားပြီး ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။သူ၏ ရပ်တန့်နေသော လှုပ်ရှားမှုများ အရှိန်မြန်သွားသည်။ထို့နောက် မတုံ့မဆိုင်းဘဲ အလင်းလုံးကို ဆုပ်ကိုင်လိုက်ရာ အလင်းလုံးသည် သူ၏ ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။
မာနူသည် ချန်လွေ့၏ မျက်လုံးနှင့် အမူအရာများကို အာရုံစိုက်နေခဲ့သည်။ ဒေါသနှင့်အံ့အားသင့်မှု အရိပ်အယောင်များကိုပင် သူ့ထံမှ မဖုံးကွယ်ထားနိုင်ခဲ့ပေ။[ ဝိညာဉ်ဆက်သွယ်လှိုင်း ] ကို ချန်လွေ့ လိုလိုလားလား လက်ခံလိုက်ကြောင်း တွေ့သည့်အခါ သံသအားလုံး ပျောက်ကွယ်သွားခဲ့သည်။သူသည် ပုံမှန်အားဖြင့် ခံစားချက် မပြသသော်လည်း အလိုလို အော်ရယ်လိုက်မိသည်။ မဟာဆရာသခင် ဖြစ်လာနိုင်တဲ့ သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်က နောက်ဆုံးတော့ ငါ့လက်ထဲကို ရောက်လာပြီ။
သို့သော်လည်း ချန်လွေ့၏ ရုတ်တရက် ရပ်တန့်ပြီး အံ့အားသင့် သွားရသည့် ရည်ရွယ်ချက် အမှန်ကို မာနူ စိတ်ကူး၍ရနိုင်မည်မဟုတ်ပေ။
အလင်းလုံးကို ချန်လွေ့ ထိတော့မည့်အချိန်၌ သူ၏စိတ်ထဲတွင် စနစ်၏အသိပေးချက် ရုတ်တရက် ပေါ်ထွက်လာသည်။
“ အမည်မသိ စိတ်ဝိညာဉ်ကွင်းတစ်ခု တွေ့ရှိ။မှတ်ချက် - အဆင့်(၁)။ ပယ်ဖျက်၍ရ၏။ ဖြတ်တောက်၍ရ၏။လက်ခံမည်လား။ငြင်းပယ်မည်လား။ ”
ပယ်ဖျက်ခြင်းဆိုသည်မှာ လွင့်ပြယ်စေခြင်း ဖြစ်သည်။ဖြတ်တောက်ခြင်းမှာ..... ချိတ်ဆက်မှုမှ ရရှိထားသော အစွမ်းများကို ထိန်းသိမ်းထားကာ ကွင်းဆက်ကို အတင်းချိုးဖျက်ခြင်း ဖြစ်သည်။သို့သော်လည်း ပေးဆပ်ရမှုမှာ “ ပယ်ဖျက်ခြင်း ” ထက် ပိုများပေသည်။
ဒါဆို ဒီအဓိပ္ပာယ်က မာနူ ငါ့ကိုသိမ်းသွင်းဖို့သုံးတဲ့ “ ခွန်အားမျှဝေခြင်း ”ဆိုတာ အကြောင်းမလှတော့ဘူးပေါ့။
နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်ရဲ့စွမ်းအား။ဒါက အစိတ်အပိုင်း သေးသေးလေး ဖြစ်တာတောင် မဟာနတ်ဆိုးဘုရင်အဆင့်အတွက် အတော်လေး မယုံနိုင်စရာ ကောင်းနေပြီ။တစ်စုံတစ်ယောက်က ငါ့ကို ဒီလိုမျိုး ထောက်ပံ့မှုတွေ ပေးမှတော့ ငါဘာလို့ ငြင်းရမှာလဲ။
ငါက စတေးဖို့အတွက် ပြင်ဆင်ပြီးသွားပြီ။ဒါပေမဲ့ ဒီလိုအံ့အားသင့်စရာမျိုးကို မမျှော်လင့်ထားခဲ့ဘူး။စူပါစနစ်။ငါမင်းကို ချစ်သွားပြီ။ ထိုအချိန်၌ ချန်လွေ့နှင့် မာနူတို့ နှစ်ယောက်စလုံးသည် ခပ်ညစ်ညစ်အပြုံးများ ပြုံးလိုက်ကြသည်။
“ ဆရာသခင်က တကယ့်ကို သတ္တိရှိတာပဲ။အခု ဆရာသခင်က ကျုပ်တို့ထဲက တစ်ယောက် တရားဝင် ဖြစ်သွားပြီ။ ”
[ ဝိညာဉ်လက်ထိပ် ] သည် နတ်ဆိုးဘုံရှိ အစွမ်းထက်ဆုံး စိတ်ထိန်းချုပ်မှု အစွမ်းများထဲမှ တစ်ခုဖြစ်သည့်အတွက် ချန်လွေ့၏ သရုပ်ဆောင်မှုသည် မာနူကို လုံးဝစိတ်အေးသွားစေသည်။၎င်းသည် ခန္ဓာကိုယ်နဲ့ စိတ်ထဲ ဝင်ရောက်နိုင်ပြီး သခင်ဖြစ်သူက လက်ထိပ်ခတ်ထားသူကို မည်သည့်နေရာမှမဆို လေဟာနယ်ကို ဖြတ်သန်း၍ နှိပ်စက်နိုင်သည်။သတ်ဖြတ်၍ရသည်။
ထို့ပြင် ဆရာသခင်ကိုယ်တိုင်က လိုလိုလားလား လက်ခံသည့်အတွက် အချိန် အတိုင်းအတာတစ်ခုအထိ သစ္စာဖောက်ခံရခြင်းကို စိုးရိမ်စရာ မလိုတော့ပေ။
[ ဝိညာဉ်ဆက်သွယ်လှိုင်း ]၏ခွန်အား ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် ချန်လွေ့သည် အပိုစွမ်းအားတစ်ခု ရရှိလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏သက်လုံ၊စိတ်ဝိညဉ်နှင့် အခြားအချက်အလက်များ တိုးပွားလာသည်။
“ [ ဝိညာဉ်ဆက်သွယ်လှိုင်း ] ရဲ့ အကျိုးကျေးဇူးတွေကို အခု ဆရာသခင် ခံစားရလောက်ပါပြီ။ ”
မာနူက ပြုံးရင်းပြောသည်။
“ ကျုပ်ရဲ့စွမ်းအားက နတ်ဆိုးအရှင်သခင် အဆင့်မှာ။ဆရာသခင်က ကျုပ်စွမ်းအားရဲ့ တစ်ထောင်ပုံတစ်ပုံကို ရရှိသွားတာ။ဆရာသခင် အခုခံစားနေရတာက ပမာဏ နည်းနည်းလေးပဲ။ဆရာသခင် တရားရှုမှတ်ပြီးတော့ အဲဒီစွမ်းအားကို ချေဖျက်မယ်ဆိုရင် အနည်းဆုံး မဟာနတ်ဆိုးအဆင့်အထိ ရောက်နိုင်တယ်။ ”
တစ်ထောင်ပုံတစ်ပုံပဲကိုး။တော်တော် ကပ်စေးနဲတာပဲ။ ချန်လွေ့ စိတ်ထဲ၌ ရေရွတ်လိုက်သည်။စွမ်းအားကြီးမားလွန်းလျှင် သူပေါက်ကွဲထွက်သွား နိုင်သည်ကိုလည်း သူသဘောပေါက်သည်။ဤအခြေအနေသည် သူ၏အဆင့်နှင့် အသင့်တော်ဆုံးဖြစ်ပြီး မယ်ဂရီဇ် အခြေအနေကို ပိုမိုအစွမ်းထက်စေနိုင်ပေသည်။
လိုအပ်တဲ့အချိန် အကူအညီပေးတာ။ ဒါကို “ အချိန်ကိုက်မိုးရွာတာ ” လို့ ခေါ်တာမလား။သူက တကယ့်ကို [ ရေ မှော်ကျွမ်းကျင်မှု ] ပါရမီရှိတဲ့ လီဗျာသန်တော်ဝင်မိသားစုဝင်ပဲ။
“ ခွန်အားက ကျုပ်အတွက် ဒုတိယပါပဲ။စိတ်ဝိညာဉ်ကတော့ မှော်စက်ဝိုင်း လေ့လာဖို့ အတွက် ကြီးကြီးမားမား အကျိုးရှိနိုင်တယ်။ ”
ချန်လွေ့သည် အကျိုးအမြတ်ရပြီးတော့ အပြစ်တင်တတ်သော လူစားမျိုးဖြစ်သည်။သူ မကျေမနပ် ပြောလိုက်၏။
“ ကျုပ်အခုစိုးရိမ်တာက ဒီအော်ဂလီဆန်စရာကောင်းတဲ့နေရာကနေ ဘယ်တော့ ထွက်သွားနိုင်မလဲ ဆိုတာပဲ။ဆာဘရီနာနဲ့ ဖာတီလုတို့ သားအမိက ထိပ်တန်းတွေပဲ။ ဒါပေမဲ့ မြင်သာမြင် မကြင်ရတော့ ဘာထူးမှာလဲ။အရေးကြီးဆုံးကတော့ ကျုပ်က ယန္တရားပညာ မလေ့လာရတာ အတော်ကြာပြီ။ခင်ဗျားက နတ်ဆိုးအရှင်သခင် ဆိုတော့ ခွန်အားဆိုတာ တိုးတက်အောင်မလုပ်ရင် ဆုတ်ယုတ်သွားနိုင်တယ်ဆိုတာ သိမှာပါ။ယန္တရားပညာလည်း ဒီလိုအတူတူပဲ။ ”
“ ဟုတ်ပါတယ်။ဆရာသခင်ကတော့ တကယ့်ကို ဆရာသခင်ပါပဲ။ ”
မာနူ ခေါင်းညိတ်လိုက်သည်။
“ ဆရာသခင်က [ ဝိညာဉ်ဆက်သွယ်လှိုင်း ] ကို လက်ခံလိုက်မှတော့ ကျုပ်တို့နဲ့ တစ်ဖွဲ့တည်း ဖြစ်သွားပြီ။ကျုပ် ဆရာသခင်ကို ကျုပ်တို့ပဲ သွားနိုင်တဲ့ နေရာတစ်ခုစီ ခေါ်သွားမယ်။ယန္တရားပညာပဲဖြစ်ဖြစ် မိန်းမလှတွေပဲဖြစ်ဖြစ် ဆရာသခင်ရဲ့ ဆန္ဒတွေ၊လိုအပ်ချက်တွေ အားလုံးကို အဲဒီနေရာမှာ ဖြည့်ဆည်းပေးနိုင်မယ်။ ”
ချန်လွေ့၏နှလုံးသား လှုပ်ရှားသွား၏။အချိန်အတော်ကြာ သရုပ်ဆောင်ပြီး နောက်ဆုံး၌ အဓိကဇာတ်ကွက် ရောက်ရှိလာလေပြီ။
“ အဲဒီနေရာကို သလင်းကျောက်တောင်ကြားလို့ ခေါ်တယ်။ ”