← Chapters

ရှေးမှော်စာများ

Vol. 19 Ch. 274

ရှေးမှော်စာများ

Vol. 19 Ch. 274

ချန်လွေ့အပေါ် မာနူ သုံးခဲ့သော [ ဝိညာဉ်ဆက်သွယ်လှိုင်း ] သည် [ ဝိညာဉ်လက်ထိပ် ] ၏ သန္ဓေပြောင်းအစွမ်းဖြစ်သည်။၎င်းတွင် ဝိညာဉ်မှတစ်ဆင့် အဝေးမှ နှိပ်စက်၊ သတ်ဖြတ်နိုင်သော [ ဝိညာဉ်လက်ထိပ် ] ၏ ပုံမှန်လုပ်ဆောင်ချက် ရှိသော်လည်း စွမ်းရည်နှင့် ထိခိုက်မှုကိုပါ မျှဝေနိုင်သောအစွမ်း ရှိနေသည်။၎င်းသည် ချန်လွေ့ အသုံးမပြုနိုင်သေးသော စိတ်ဝိညာဉ်ကွင်းဆက် အားဖြည့်ခြင်းနှင့် ဆင်တူပေသည်။

[ ဝိညာဉ်လက်ထိပ် ]သည် နတ်ဆိုးဘုံ၌ အစွမ်းထက်ဆုံး ထိန်းချုပ်နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး အလွန်ပင် ကိုင်တွယ်ပြုပြင်ရခက်ခဲသည်။လက်ခံသူ သေဆုံးသွားသည့်တိုင် သုံးရက်ကြာပြီးမှသာ ခန္ဓာကိုယ်မှ လက်ထိပ်စွမ်းအား လုံးဝပျောက်ကွယ်သွားလေသည်။အသုံးပြုသူက သေသွားလျှင် သို့မဟုတ် လိုလိုလားလား ဖယ်ရှားပေးခဲ့သည် မဟုတ်လျှင် ၎င်းကိုဖယ်ရှားရန် အခြားနည်းလမ်း မရှိပေ။ထို့ကြောင့် မာနူ မစိုးရိမ်ပေ။

သို့သော်လည်း မာနူကဲ့သို့ အတွေ့အကြုံနှင့် ဗဟုသု‌တကြွယ်ဝသော မာနူသည်ပင် ထူးခြားဆန်းကြယ်သော စူပါစနစ် တည်ရှိနေခြင်းကို မသိရှိပေ။ထို့ပြင် ထိုထိန်းချုပ်ရပုံပေါ်သော နတ်ဆိုးဘုရင်အဆင့် “ ငနုံ ” လေးသည် [ ဝိညာဉ်လက်ထိပ် ]၏ ထိန်းချုပ်မှုကို အလွယ်တကူ ပယ်ဖျက်နိုင် ဖြတ်တောက်နိုင်ပေသည်။

[ ဝိညာဉ်လက်ထိပ် ] ဖြင့် မျှဝေထားသော စွမ်းအားအများစုကို မချေဖျက်ရသေးပေ။ ထို့ပြင် ချန်လွေ့သည် ယာကော့ဗ်နှင့် ကျွန်-သခင်စာချုပ် ချုပ်ဆိုမည် မဟုတ်ပေ။ ထိုစဉ်က ချန်လွေ့သည် ဝိညာဉ်ချို့ယွင်းသွားပြီး မဟာဆရာသခင်သို့ အဆင့်တက်ခြင်းကို ထိခိုက်သွားစေနိုင်ခြင်းစသော ဆင်ခြေအမျိုးမျိုး ပေးခဲ့သည်။ သို့သော် သူသည် တိုက်ရိုက်အဖြေမပေးခဲ့ဘဲ မဟာဆရာသခင်အဆင့်သို့ ရောက်ပြီသည့်အခါ သလင်းကျောက်နဂါးထံ အညံ့ခံမည့်အကြောင်း ရေးရေးလေး ဖော်ပြခဲ့သည်။

ယာကော့ဗ်သည် ထိုအကြောင်းကို ခဏစဉ်းစားလိုက်သည်။ အခုလက်ရှိ ဒီပါရမီရှင်က ဆရာသခင်တစ်ယောက်ပဲ ရှိနေသေးတယ်။ သူရဲ့စစ်မှန်တဲ့တန်ဖိုးက မဟာဆရာသခင် ဖြစ်နိုင်ချေပေါ်မှာ မူတည်နေတယ်။သူ မဟာဆရာသခင် ဖြစ်သွားပြီးမှ ငါသူ့ကို ခေါ်ထားလိုက်ရင် သေချာပေါက် အကျိုးအမြတ်တွေ ကွဲပြားမှာပဲ။‌ ယာကော့ဗ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီလေ။ဒီလိုပဲပေါ့။မဟာဆရာသခင် ဖြစ်တဲ့အခါကျရင် မာနူကို [ ဝိညာဉ်‌လက်ထိပ် ] ဖြုတ်ခိုင်းလိုက်မယ်။သူ့ကို ဆန့်ကျင်ရရင် ရပါစေ။ဒါပေမဲ့ မဟာဆရာသခင်ဆိုတော့ ကျွန်-သခင်စာချုပ်က နည်းနည်း မလေးစားရာကျတယ်။ အဲဒီအချိန်ကျရင် ကျုပ် ဆရာသခင်ကို တန်းတူစာချုပ်တစ်ခုပေးမယ်။အဲဒီ မတိုင်ခင်တော့ ကျုပ် ဆရာသခင်ကို လိုအပ်တဲ့ သတ်မှတ်ချက်တွေအားလုံး ထောက်ပံ့ပေးမယ်။ ”

ချန်လွေ့ အံ့အားသင့်သွားပြီး ချက်ချင်း သဘောတူလိုက်ကာ အာသာနှင့်နာမည်နှင့် ကျိန်ဆိုလိုက်သည်။အမှန်တကယ်၌ ယာကော့ဗ်၏စကားသည် သိပ်ပြီး ယုံကြည်ရသည်မဟုတ်ဘဲ မိမိကို ကြိုတင်သိမ်းသွင်းလို၍ဖြစ်ကြောင်းကို ချန်လွေ့ သဘောပေါက်သည်။မိမိ မဟာဆရာသခင် ဖြစ်သွားသည်နှင့် ယာကော့ဗ်သည် အခြားနည်းလမ်းများကို အသုံးပြုပြီး မိမိကို ထိန်းချုပ်မည်မှာ သေချာသည်။သို့သော် ချန်လွေ့သည် မဟာဆရာသခင် ဖြစ်လာရန်အတွက် သလင်းကျောက်တောင်ကြားသို့ လာခဲ့ခြင်း မဟုတ်ပေ။မည်သို့ပင် ဖြစ်ပါစေ သူ၏လက်ရှိ အချိန်ဆွဲထားသော နည်းဗျူဟာ အောင်မြင်သွားခဲ့လေပြီ။

မိမိပေးခဲ့သော ကမ်းလှမ်းချက်များကို ကောင်းမွန်လောက်ပြီဟု ယာကော့ဗ် ခံစားခဲ့ရသည်။အသေအချာပင် သူသည် ချန်လွေ့ထံမှ အတည်ပြုချက်နှင့် ကျိန်ဆိုမှုကို ရရှိခဲ့သည်။သူ ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် ချန်လွေ့၏မေးခွန်းများကို စတင်ဖြေကြားတော့သည်။

“ ဆရာသခင် ကတိပေးထားမှတော့ ကျုပ်လည်း ဆရာသခင်ကို မဖုံးကွယ်ထားတော့ပါဘူး။ကျုပ်က သလင်းကျောက်နဂါးတစ်ကောင်ပါ။ သလင်းကျောက်တောင်ကြားအောက်မှာ ကြီးမားတဲ့ သလင်းကျောက်ကြောတစ်ခု ရှိတယ်။ဒီရေစင်က စိတ်ဝိညာဉ်နဲ့ သက်လုံကို တစ်ချိန်တည်းမှာ ပြန်ဖြည့်တင်း ပေးနိုင်တဲ့ ပြန်လည်ရှင်သန်ခြင်း ရေစင်ပဲ။မှော်စက်ဝိုင်းရဲ့ ကဏ္ဍကတော့ ပြန်လည်ရှင်သန်ခြင်း ရေစင်ကိုသုံးပြီးတော့ ကျောက်ကြောထဲက သလင်းကျောက်တွေကို ဖြည့်တင်းခြင်းနဲ့ ကုသခြင်းစွမ်းအားအဖြစ် ပြောင်းလဲပြီး ကျုပ်ရဲ့ ဒဏ်ရာတွေကို ကုသပေးတာပဲ။ ”

ပြန်လည်ရှင်သန်ခြင်းရေစင်နဲ့ သလင်းကျောက်ကြောတဲ့လား။ ချန်လွေ့ စိတ်ထဲ၌ အံ့အားသင့်သွားသည်။ယန္တရားအစည်းအရုံးမှ သတင်းအချက်များအရ ပြန်လည်ရှင်သန်ခြင်းရေစင်သည် အသက်ဓာတ်ရေစင်နှင့် စွမ်းအင်ရေစင်တို့နှင့် ယှဉ်လျှင် အဆင့်ပိုမြင့်သော သဘာဝအရင်းအမြစ် ဖြစ်ပြီး အလွန်အမင်း ရှားပါးလှသည်။၎င်းသည် စွမ်းအင်နှင့် သက်လုံကို ပြန်လည်ဖြည့်တင်းနိုင်ရုံသာမက စွမ်းအားတိုးပွားခြင်း၌လည်း အကူအညီပေးသည်။၎င်းသည် ပြန်လည်ရှင်သန်ခြင်း ဆေးရည် ပြုလုပ်ရန်အတွက် ရှားပါးသော မရှိမဖြစ်ကုန်ကြမ်းပစ္စည်းတစ်ခုဟုလည်း ကောလာဟလများ ရှိသည်။

သလင်းကျောက်သည် နတ်ဆိုးဘုံ၌ ဘုံသုံးငွေကြေးဖြစ်ပြီး သန့်စင်မှုပေါ်အခြေခံ၍ အမြင့်၊အလတ်၊အနိမ့်ဟူ၍ ပိုင်းခြားထားသည်။အလတ်နှင့် အနိမ့်ဆင့်များမှာ သလင်းကျောက်နက်၊ခရမ်းသလင်းကျောက်နှင့် သလင်းကျောက်ဖြူ ဒင်္ဂါများကို ငွေကြေးအဖြစ် အသုံးပြုကြသည်။အမြင့်ဆင့် သလင်းကျောက်များမှာ ရွှေသလင်းကျောက်နှင့် သွေးသလင်းကျောက်ကဲ့သို့သော အဖိုးမဖြတ်နိုင်သည့် ကုန်ကြမ်းများ ဖြစ်ကြသည်။

သလင်းကျောက်ကြောများသည် ကြီးမားလှသောကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုသည်။ပုံမှန်အားဖြင့် ရှာဖွေတွေ့ရှိပြီးလျှင် ထိုနေရာရှိ အင်ပါယာက မြဲမြဲမြံမြံ ထိန်းချုပ်ထားလေ့ရှိသည်။ယခုတွင် သလင်းကျောက်နဂါးက မြေအောက်တွင် “ကြီးမားသော” သလင်းကျောက်ကြောတစ်ခု ရှိကြောင်းပြောခဲ့သည်။ ထို့ပြင် သလင်းကျောက်ကြော အနီးအနား၌ အဖိုးတန် မှော်ကုန်ကြမ်းပစ္စည်းများကို မကြာခဏ တွေ့ရတတ်သည်။၎င်းသည် အနည်းဆုံး မြေကမ္ဘာပေါ်ရှိ သန့်စင်မှုမြင့်မားသော ရွှေမိုင်းတွင်း ဒါဇင်ခန့် တန်ဖိုးနှင့် ညီမျှပေသည်။

သလင်းကျောက်ကြောသည် ချန်လွေ့ကို ထိတ်လန့်သွားစေပြီးနောက် ယာကော့ဗ်၏ နောက်ထပ်စကားသည် ချန်လွေ့ကို ပို၍ပင် အံ့အားသင့်သွားစေသည်။

“ ဆရာသခင်ထင်တာမှန်တယ်။ဒီတွင်းချိုင့် ပတ်လည်က ရှုပ်ထွေးတဲ့ မှော်စက်ဝိုင်းတွေက နဂါးထွင်းစာပဲ။ဒါပေမဲ့ အစစ်အမှန်ဗဟိုချက်က ဒီအမှတ်အသား၆ခုပဲ။ဒီ၆ခုက ရှေးမှော်စာတွေပဲ။ ”

ရှေးမှော်စာတွေတဲ့လား။

ပါ့ဂ်လီအိုပေါ်က ချိပ်ပိတ်က ဒီရှေးမှော်စာတွေအတိုင်းပဲ။

အဲဒီချိပ်ပိတ်ကြောင့် အဆိပ်နဂါး ပါ့ဂ်လီအိုက နတ်ဆိုးအရှင်သခင်အဆင့်စွမ်းအားကို ပြန်မရနိုင်သေးဘူး။ အဆိပ်နဂါးရဲ့ရန်သူ သလင်းကျောက်နဂါးဆီမှာ ရှေးမှော်စာတွေ ရှိနေလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။

တစ်နည်းပြောရရင် ရှေးမှော်မျှော်စင်ရဲ့ ပဉ္စမအလွှာကို ရှေးမှော်စာအစွမ်းနဲ့ ချိပ်ပိတ်ထားတာပေါ့။ပဉ္စမအလွှာထဲမှာ ဘာတွေရှိနေတာလဲ။

ချန်လွေ့၏ အံ့အားသင့်နေသော အမူအရာကို မြင်သွားပြီး သလင်းကျောက်နဂါး အနည်းငယ် မျက်ခုံးပင့်လိုက်သည်။

“ ဆရာသခင်က ရှေးမှော်စာတွေကိုတောင် သိနေတာလား။ ”

ချန်လွေ့ ခေါင်းညိတ်ပြီးပြောသည်။

“ ယန္တရားအစည်းအရုံးမှာ သက်ဆိုင်ရာမှတ်တမ်းတွေကို ကျုပ်မြင်ဖူးတယ်။နောက်ဆုံး ယန္တရားဆရာသခင်ဖြစ်တဲ့ အမှောင်နတ်ဆိုးကလေး လိုလိုက ရှေးမှော်စာ ကျွမ်းကျင်တယ်။ဒါပေမဲ့ သူက ဘဝတစ်လျှောက်လုံး တပည့်တစ်ယောက်မှ လက်မခံခဲ့ဘူး။အဲဒါကြောင့် သူသေသွားတော့ ရှေးမှော်စာအကြောင်း အသိပညာတွေက ပျောက်‌ဆုံးသွားခဲ့တယ်။ရှေးမှော်စာတွေက မဟာဆရာသခင်ရဲ့ ယန္တရားပညာနဲ့ တစ်ခုခု သက်ဆိုင်နေမလား သိချင်မိတယ်။ဆာ။ကျုပ်ကို ရှေးမှော်စာအကြောင်း အသိပညာတွေ ပြောပြပေးပါ။ ”

“ ကံမကောင်းချင်တော့ ကျုပ်က ရှေးမှော်စာကို နားမလည်ဘူး။ ”

‌ယာကော့ဗ် ခေါင်းခါသည်။

“ ရှေးမှော်စာကို နတ်ဘုရား ဘာသာစကားလို့ခေါ်ပြီးတော့ တော်တော်လေး ကျယ်ပြန့်ပြီး လေးနက်တယ်။ဒီရှေးမှော်စာ ၆ခုက ထူးခြားတယ်။သူတို့က ပြိုင်ဘက် တစ်ယောက်ဆီကနေ ငါလုယူထားတဲ့ ပြီးပြည့်စုံတဲ့ ရှေးမှော်စာကျောက်ပြား အတွဲလိုက်ထဲက အစိတ်အပိုင်း တစ်ခုပဲ။ဒီမှော်စာ၆ခုရဲ့ အဓိပ္ပာယ်ကို ငါနားမလည်ပေမဲ့ အကြိမ်ကြိမ် စမ်းကြည့်ပြီးတဲ့အခါမှာတော့ ဒီဖြည့်ဆင်း မှော်စက်ဝိုင်းထဲမှာ သုံးလို့ရတာကို ရှာတွေ့သွားခဲ့တယ်။ဒါက ကျုပ်ရဲ့ နလန်ပြန်ထူမှုကို ပိုပြီးအရှိန်မြန်စေတယ်။ကံဆိုးချင်တော့ ဒါကို တစ်ပတ်မှာ တစ်ကြိမ်ပဲ သုံးလို့ရတယ်။ ”

လက်စသတ်တော့ ဒီကျောက်ပြား၆ခုက ပြီးပြည့်စုံတဲ့ “ပစ္စည်း” တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာကိုး။ယာကော့ဗ်ပြောတဲ့ ပြိုက်ဘက်ဆိုတာက ရှေးမှော်စာ ကျွမ်းကျင်တဲ့ နတ်မိမယ်နဂါး လော်ရာဖြစ်ရမယ်။ဒါကလည်း နဂါးနှစ်ကောင်ကြားက အာဃာတ အရင်းအမြစ်ဖြစ်မယ်။

“ အခုကျုပ် နားလည်ပြီ။ဒဏ္ဍာရီလာ သလင်းကျောက်နဂါးက မှော်ပညာအားလုံးကို ခုခံနိုင်တယ်။အဲဒါကြောင့် ဒီဖြည့်တင်းမှော်ပစ္စည်းတွေနဲ့ ဆေးရည်တွေက ခင်ဗျား အပေါ်မှာ ဘာမှသက်ရောက်မှု မရှိဘူး။ခင်ဗျားက ဒဏ်ရာတွေကို ကုသဖို့အတွက် ကျောက်ကြောထဲက သလင်းကျောက်တွေကို ထုတ်ယူဖို့ မှော်စက်ဝိုင်းကိုပဲ အသုံးပြုလို့ရတယ်။ ”

ချန်လွေ့က မှော်စက်ဝိုင်းကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်လိုက်သည်။

“ ဒါပေမဲ့ ဒီမှော်စက်ဝိုင်းတွေက တော်တော်လေး ရှုပ်ထွေးတယ်။ကျုပ်ရဲ့ လက်ရှိ နားလည်မှုနဲ့ဆိုရင် တစ်စိတ်တစ်ပိုင်းပဲ နားလည်တယ်။အပြည့်အဝ နားမလည်ဘဲနဲ့ သူတို့ကို အလွယ်တကူ ပြောင်းလဲမယ်ဆိုရင် ခန့်မှန်းလို့မရတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တယ်။အဲဒါကြောင့် ကျုပ်ဒါကို ကူးယူပြီးတော့ သေသေချာချာ ပြန်လေ့လာချင်တယ်။ ရလာဒ်တစ်ခုခုရလာရင် ခင်ဗျားကို ချက်ချင်း သတင်းပို့မှာပါ။နဂါးထွင်းစာအတွက်ကတော့ ခင်ဗျား လမ်းညွှန်မှုပေးမယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ ”

“ ဆရာသခင်က တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ဒါရဲ့ တစ်စိတ်တစ်ပိုင်းကို အချိန်တိုအတွင်း နားလည်နိုင်တယ်။နဂါးထွင်းစာကိုတော့ ဆရာသခင်စိတ်ချပါ။ဒီမှော်စက်ဝိုင်းကို ဆရာသခင် အချိန်မရွေး လေ့လာလို့ရတယ်။ တကယ်လို့ ဆရာသခင်က ဒီမှော်စက်ဝိုင်းကို ပိုပြီးအစွမ်းထက်အောင် လုပ်နိုင်မယ်ဆိုရင် ဆရာသခင်ကို ပိုပြီးတော့ ဆုချီးမြင့်မှာပါ။ ”

သလင်းကျောက်နဂါးသည် ချန်လွေ့၏ စွမ်းဆောင်ရည်ကို အလွန်ကျေနပ်နေသည်။ သို့သော်လည်း ချန်လွေ့သည် မိမိ၏မှော်စက်ဝိုင်းကိုပြုပြင်ပြီး ဒဏ်ရာပိုဆိုးအောင် ပြုလုပ်မည်ကို စဉ်းစားနေကြောင်း ယာကော့ဗ် မသိခဲ့ပေ။ အနည်းဆုံးတော့ ဒီကျောက်ပြား၆ခုနဲ့ ပြန်လည်ရှင်သန်ခြင်းရေစင်ကို ယူသွားဖို့လိုမယ်။

ချန်လွေ့သည် ‌ဆုလာဒ်များကို သေချာပေါက် လွဲချော်၍ မရနိုင်ပေ။သို့သော် ထို့ကြောင့်လည်း အစီအစဉ်ကို ပျက်စီးသွားအောင် မလုပ်နိုင်ပေ။လက်ရှိ၌ ချန်လွေ့သည် သလင်းကျောက်နဂါးနှင့် မာနူတို့၏ယုံကြည်မှုကို ပို၍ရရှိအောင် ပြုလုပ်ရပေမည်။သလင်းကျောက်တောင်ကြား၌ အနည်းဆုံး အကြီးအကဲ သုံးယောက်ရှိပြီး သူတို့၏စွမ်းအားသည် နတ်ဆိုးအရှင်သခင်အဆင့် ရောက်ရှိနေကာ ချန်လွေ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ဖာတီလုပြောသော ရက်စက်ကြမ်းကြုတ်သည့် ဖခင်ဖြစ်သူ အဇ်ဂါလောဖြစ်စေ၊ ကြောင်သူတော် မြေခွေးအိုကြီးဖြစ်စေ၊ နှစ်ယောက်စလုံးသည် အလွန့်အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။သူ၏အရှေ့မှ သလင်းကျောက်နဂါးသည်ပင် စိတ်ပြောင်းလွယ်သူ တစ်ယောက် ဖြစ်သည်။ချန်လွေ့ အနည်းငယ် သတိလက်လွတ်ဖြစ်သွားလျှင် အသတ်ခံရနိုင်ပေသည်။

သူလျှိုဟူသော သူ၏သရုပ် မပေါ်သွားတည့်တိုင် ခြေလှမ်းတိုင်းသည် ပါးလွှာသော ရေခဲအပေါ်၌ လမ်းလျှောက်နေသကဲ့သို့ပင် ဖြစ်နေသည်။

သို့သော်လည်း အတိုင်းအတာတစ်ခုအထိ အန္တရာယ်သည် အခွင့်အရေးနှင့် ကပ်လျက် ဖြစ်သည်။မြေအောက်မှ ဧရာမ သလင်းကျောက်ကြောသည် ကြီးမားသော ကြွယ်ဝချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်သည်။မာနူကတိပေးထားခဲ့သော ထင်ယောင်မှား နတ်ဆိုးဒိုင်း( အမှန်တကယ်၌ နတ်ဆိုးဒိုင်းသာဖြစ် ) သည် သုံးလေးရက်ကြာပြီးနောက်၌ ရောက်လာမည်ဖြစ်သည်.....

ချန်လွေ့သည် ယာကော့ဗ် နာမည်ပေးထားသော “ သလင်းကျောက် သားရဲတွင်း ”မှ ထွက်ပြီးနောက် မာနူပြောသည့်အတိုင်း အိပ်မက်ဆိုး တောင်ကြားသို့ သွားခဲ့သည်။ ဝိုင်ကောင်းကောင်းများနှင့် အစားအစာများ သုံးဆောင်ပြီးနောက် မာနူသည် ချန်လွေ့အား သလင်းကျောက်တောင်ကြားအကြောင်း အကျဉ်းချုပ်ပြောပြခဲ့သည်။

သလင်းကျောက်တောင်ကြားသည် အမှန်တကယ်၌ သံနက်တောင်ခြေရှိ အလွန်ကျယ်ပြန့်သော လျို့ဝှက်နေရာတစ်ခု ဖြစ်သည်။လက်ရှိတွင် ၎င်းကို အိပ်မက်ဆိုးတောင်ကြား၊သလင်းကျောက်သားရဲတွင်းနှင့် ဝါးမျိုခြင်းခန်းမဟူ၍ သုံးပိုင်း ပိုင်းခြားထားသည်။တစ်ခုစီတွင် ကိုယ်ပိုင် လွတ်လပ်သော နယ်မြေတစ်ခု ရှိကြသည်။ ၎င်းတို့ကို မာနူလီဗျာသန်၊သလင်းကျောက်နဂါးနှင့် အဇ်ဂါလောဘယ်ဇီဘတ် တို့က အသီးသီး ပိုင်ဆိုင်ကြသည်။သလင်းကျောက်နဂါးမှလွဲ၍ မာနူနှင့် အဇ်ဂါလောတို့သည် ပုံမှန်အားဖြင့် ဤနေရာတွင် မနေကြပေ။ဥပမာပြရလျှင် ယခုတွင် သလင်းကျောက် တောင်ကြား၌ အဇ်ဂါလော ရှိမနေပေ။

သလင်းကျောက်နဂါး၏ မှော်စက်ဝိုင်းကဲ့သို့ တားမြစ်နယ်မြေများမှလွဲ၍ ချန်လွေ့သည် မာနူပေးထားသော တံဆိပ်ပြားဖြင့် တောင်ကြားအတွင်း လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်သည်။သူသည် အစောင့်များထံမှလည်း လုံးဝအကူအညီရရှိသည်။ သလင်းကျောက်အစောင့်များမှာတော့ ခြွင်းချက်တစ်ခု ဖြစ်သည်။သူတို့သည် သလင်းကျောက်နဂါးကသာ ထိန်းချုပ်၍ရသော ရုပ်သေးများ ဖြစ်ကြသည်။

အင်အားစုကြီး သုံးစုကြားထဲ၌ ဘုံအကျိုးအမြတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုတစ်ခု ရှိနိုင်ပေသည်။ထို့ပြင် နောက်ကွယ်၌ ကြိုးကိုင်သော အထက် လူကြီးတစ်ယောက် ရှိနေမနေကို မသိရသေးပေ။

လက်ရှိအင်အားစုအရ အတော်လေး ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သည်။ နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်ရှိပြီး ထိုထဲမှ ယာကော့ဗ်သည် ပါ့ဂ်လီအိုနှင့် ယှဉ်နိုင်သည်။ခရစ္စတီးနား ပေးခဲ့သော မှော်ပစ္စည်းသည်လည်း တည်နေရာ တစ်ခုကိုသာ ဖော်ပြပေးနိုင်ပြီး အဆုံး၌ ပစ်လွှတ်လိုက်သည့်အခါ အချက်ပြမီးတောက် တစ်ခု ဖြစ်သွားမည် ဖြစ်သည်။၎င်းသည် ဆက်သွယ်ပြောဆို၍ရသော မိုဘိုင်းဖုန်းမျိုး မဟုတ်ပေ။ယခုတစ်ခေါက်တွင် နတ်ဆိုးဘုံ၏ ထိပ်တန်းပဏ္ဍိတ ဖြစ်သော ဧကရီ ကတ်သရင်း၏ စွမ်းအားနှင့် နည်းလမ်းများအပေါ်၌သာ မူတည်နေတော့သည်။

ဆာဘရီနာသည် မာနူ၏ တူမဖြစ်သော်လည်း အဇ်ဂါလော၏ မိန်းမဖြစ်သည်။ ထို့ကြောင့် ဖာတီလုနှင့် ဆာဘရီနာတို့သည် အိပ်မက်ဆိုးတောင်ကြား၌ ရှိမနေကြဘဲ ဝါးမျိုခြင်းခန်းမ၌သာ အနားယူနေကြသည်။သလင်းကျောက်နဂါး၏ အဖွဲ့ခွဲနှင့် ယှဉ်လျှင် အဇ်ဂါလောသည် မာနူနှင့် သိသိသာသာ နီးစပ်သည်။ချန်လွေ့ကို မာနူ၏အဖွဲ့ခွဲ၌ဟု သတ်မှတ်၍ရပြီး သူ၏အလုပ်ရုံနှင့် အနားယူသည့်နေရာကို အိပ်မက်ဆိုးတောင်ကြား၌ စီစဉ်ထားလေသည်။

သလင်းကျောက်တောင်ကြား၌ အခြားဆရာသခင်များလည်း ရှိကြသည်။အချို့မှာ ယန္တရားဆရာသခင်များဖြစ်ကြပြီး အချို့မှာ ဆေးရည်ဆရာသခင်များ ဖြစ်ကြသည်။ သူတို့သည် ပစ္စည်းများ အမြောက်အမြားထုတ်လုပ်ရန် တာဝန်ယူထားရသည်။ သို့သော်လည်း ထိုဆရာသခင်များသည် ပုံမှန်အားဖြင့် ပေါ်ထွက်လာခဲလေသည်။ သူတို့သည် စမ်းသပ်မှုတစ်မျိုးမျိုး၌ စိတ်နှစ်မြှုပ်ထားပုံရသည်။

သေသေချာချာ လေ့လာဆန်းစစ်ကြည့်သောအခါ အသုံးချ၍ရသော ကိစ္စအများအပြား ရှိနေသည်။သို့သော်လည်း ဤနေရာသို့ ဖာတီလု ရောက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် ချန်လွေ့သည် အချက်အလက်များ ပို၍မရနိုင်ခဲ့ပေ။ထို့ကြောင့် ချန်လွေ့အတွက် အရေးကြီးဆုံးမှာ ဤကဲ့သို့ ထူးဆန်းသောနေရာနှင့် ပေါင်းစပ်နိုင်ရန် ဖြစ်သည်။အခြေအနေ အကြမ်းဖျဉ်းကို သိရှိပြီးနောက် ချန်လွေ့သည် ယာယီ အစီအစဉ်များနှင့် ရှေ့ဆက်ရန် ကြိုးစားတော့သည်။

အလုပ်ရုံတစ်ခု ရှိသည့်အတွက် ချန်လွေ့တွင် သီးသန့်နေရာလွတ်တစ်ခု ရှိသည်ဟု အဓိပ္ပာယ်ရပေသည်။အချိန်အတော်ကြာ လှည့်လည်ပြီးနောက်၌ ချန်လွေ့ အပြီးသတ်နိုင်သွားသည်။ယန္တရားပညာသည် အယောင်ပြသက်သက်သာ ဖြစ်သည်။အရေးကြီးဆုံးမှာ သူ၏စွမ်းအား လေ့ကျင့်ရေးပင် ဖြစ်သည်။

မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း၏စွမ်းအားဖြင့် သူသည် အဆင့်ကျော်ပြီး မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းနှင့် ထိပ်သီးပိုင်းကို စိန်ခေါ်နိုင်သည်။ အပြင်ဘက်တွင် ချန်လွေ့ကို အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်၍ ရပေသည်။သို့သော် ဤသလင်းကျောက်တောင်ကြားထဲ၌ သူ့ကို လက်တစ်ချောင်း တည်းဖြင့် သတ်ပစ်နိုင်သော လူသုံးယောက် ရှိ‌နေလေသည်။ဆာဘရီနာသည်ပင် နတ်ဆိုးဧကရာဇ်အဆင့် ရောက်နှင့်နေလောက်လေပြီ။ဤတောင်ကြားထဲ၌ အခြား နတ်ဆိုးဧကရာဇ်အဆင့်များလည်း ရှိနိုင်ပေသည်။ထိုသူများသည် နတ်ဆိုးဘုံ၌ စစ်မှန်သော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်သည်မှာ သေချာပေသည်။ထို့ကြောင့်ပင် သူတို့သည် ဤကဲ့သို့ ကြီးမားလှသော လျို့ဝှက်ကြံစည်မှုမျိုးကို လုပ်ဆောင်နေကြခြင်း ဖြစ်ပေလိမ့်မည်။

မိမိအတွက်ဖြစ်စေ၊ ကာကွယ်ချင်သော တစ်စုံတစ်ယောက်အတွက်ဖြစ်စေ၊ ချန်လွေ့သည် ပို၍အစွမ်းထက်လာရပေမည်။လက်ရှိ၌ သူ့တွင် ပန်းတိုင်နှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ မာနူထံမှ စွမ်းအားကို လုံးဝချေဖျက်ရန် ဖြစ်သည်။ဒုတိယ တစ်ခုမှာ “ လောက ” စွမ်းအား သို့မဟုတ် ပိုင်နက်စွမ်းအားဖြစ်သော မယ်ဂရီဇ် အခြေအနေ လေ့ကျင့်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် နားလည်ရန်ဖြစ်သည်။

ထို့နောက်တွင် သူသည် သိပ်မကြာခင် သက်တမ်းကုန်သွားနိုင်သော ဘုံဘုရင် သစ်သီးကို စမ်းပြီးစားကြည့်ရပေမည်။

All Chapters