← Chapters

အမှောင်လမြို့၏ လရောင်

Vol. 19 Ch. 275

အမှောင်လမြို့၏ လရောင်

Vol. 19 Ch. 275

လပြည့်ည -

အမှောင်လမြို့၊ ဝတ်ရုံဂိုဏ်းဌာနချုပ်တည်ရှိရာ ရှေးဟောင်းအိမ်နောက်ဖေး၌ -

မစ်-ဆာဆာသည် ရည်းစားဖြစ်သူ တာတာပေးထားသော ကိရိယာအသစ်တစ်ခုကို သူငယ်ချင်းကောင်းနှစ်ယောက်ဖြစ်သော အိဗ်နှင့် အလျန်တို့ရှေ့တွင် သရုပ်ပြနေ၏။ ၎င်းသည် လရောင်ကိုစုပ်ယူနိုင်သော အလင်းတန်းဖြစ်ပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိသော ရောင်ခြည်တန်များကို ထုတ်လွှတ်နိုင်လေသည်။

“ စိတ်ဝင်စားစရာပဲ။အစ်မ ဆာဆာ။ ”

အိဗ်နှင့် အလျန်တို့၏ အံ့အားသင့်ပြီး ပျော်ရွှင်နေသောမျက်နှာကိုမြင်ပြီး မစ်-ဆာဆာ ဂုဏ်ယူမိသွားသည်။

“ ဒါကို တာတာ ငါတို့ရဲ့ခေါင်းဆောင် အက်ဂ်ယော အရင်တစ်ခေါက်ကပြောခဲ့တဲ့ လျှပ်တပြက်မီးကို မှီပြီးတော့ ဖန်တီးထားတာ။ဒါပေမဲ့ ဒါက ခေါင်းဆောင်ပြောခဲ့ တာထက် ပိုပြီးတော့ အသုံးဝင်တယ်။လှလည်းလှသလို လက်တွေ့လည်းကျတယ်။ အာ....အိဗ်။ဘာလို့ ရုတ်တရက် မှိုင်သွားတာလဲ။နင် ဒါနဲ့ ကစားလို့ ရပါတယ်။ ”

“ အစ်မက ဝမ်းနည်းနေတာ မဟုတ်ပါဘူး။ခေါင်းဆောင်ရဲ့နာမည်ကို ပြောလိုက်လို့ သူသတိရသွားတာလား။ ”

“ အလျန် ”

“ အစ်မ။ဘာမှရှက်စရာ မလိုပါဘူး။တကယ်တော့ ညီမလည်း ဆာ-အက်ဂ်ယောကို သတိရပါတယ်။သူ့ကို မတွေ့ရတာ တော်တော်ကြာပြီ။ ”

“ ဒါနဲ့ ငါတို့ရဲ့ခေါင်းဆောင် အက်ယောက တကယ့်ကို ဆွဲဆောင်မှုရှိတယ်။သူက လျို့ဝှက်ဆန်းကြယ်ပြီးတော့ စွမ်းအားကြီးတယ်။ဒါပေမဲ့ ငါ့ရဲ့တာတာက အရပ်ပုပု၊ ဝတုတ်တုတ်၊နှာခေါင်းရှည်ရှည်၊ အသားအရေအစိမ်းလေးနဲ့ ပိုပြီးတော့ ဆွဲဆောင်မှုရှိတယ်....... ”

မနီးမဝေးမှ တာတာသည် စကိုင်းကို စကားပြောနေ၏။သူတို့နှစ်ယောက်သည် ထိပ်တန်းဆရာသခင်များ ဖြစ်ကြသည့်အတွက် အချင်းချင်း ကောင်းကောင်း နားလည်ကြပြီး ရင်းနှီးသွားကြသည်။

“ ဆရာသခင် တာတာ။ခင်ဗျား ကြားပြီးပြီလား။ ”

အမှောင်နတ်သူငယ် စကိုင်းက ပြောသည်။

“ အင်း ”

တာတာ ခေါင်းညိတ်သည်။

“ ဒါက နှစ်တစ်သောင်းအတွင်း ယန္တရားနယ်ပယ်မှာ အကြီးကျယ်ဆုံးသတင်းပဲ။ နတ်ဆိုးဘုံမှာရှိတဲ့ သူတွေအားလုံး သိလောက်ပြီထင်တယ်။ဆရာသခင် နိတ်ရဲ့တပည့် နှစ်သွယ်-အထူးပြု ဆရာသခင် ဟောဖို့ဒ်တောင် သူ့ကို ရှုံးနိမ့်သွားခဲ့တယ်။ ”

စကိုင်း၏မျက်လုံးထဲ၌ ထူးဆန်းသော ထေ့လုံး တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ အခုတော့ နိတ်တောင် ငြိမ်ငြိမ် မနေနိုင်တော့ဘူး။ ”

တာတာသည် နိတ်အကြောင်းပြောစဉ် စကိုင်း၏ ဆက်စုပ်ရွံရှာမှုကို ဂရုမစိုက်ခဲ့ပေ။သူ သက်ပြင်းသာ ချလိုက်သည်။

“ တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာနဲ့ ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ။ ဗိုလ်လုပွဲမှာ ဒီလိုခမ်းနားတဲ့ မြင်ကွင်းမျိုးကို ကျုပ် မတွေ့မြင်နိုင်ခဲ့ရတာ ဆိုးတာပဲ။ ”

စကိုင်းလည်း ခေါင်းညိတ်ပြီး ပြောသည်။

“ အဲဒီပါရမီရှင်က အရိပ်နက်အင်ပါယာရဲ့ ရှေးမှော်မျှော်စင်မှ နောက်ထပ်အံ့ဩဖွယ်ရာ တစ်ခုကို ပြုလုပ်ခဲ့တယ်လို့ကြားတယ်။နောက်တော့ သူပျောက်ဆုံးသွားတယ်။ သူဘယ်ရောက်နေလဲ‌ဆိုတာ ခုထိမသိရသေးပေ။ကျုပ်ရဲ့စိတ်ထဲမှာတော့ ဒီပါရမီရှင်က ကျုပ်တို့အသိတစ်ယောက်နဲ့ သက်ဆိုင်နေမယ်လို့ ထူးထူးဆန်းဆန်း ထင်နေမိတယ်။ ”

“ တကယ်ကြီးလား။ ”

တာတာက စကိုင်းကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။

“ ကျုပ်တစ်ယောက်တည်း ဒီလိုစိတ်ထင်နေတာလို့ ထင်နေတာ။ ”

သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ရယ်လိုက်ကြသည်။

“ ခွေးသား ”

အမှောင်လမြို့၊ ငြိမ်ဝပ်ပိပြားရေးအရာရှိ နေအိမ်၌ စူစူအောင့်အောင့် အသံတစ်သံ ထွက်လာသည်။

“ သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်။မှော်စက်ဝိုင်းပါရမီရှင်။အဲဒီကောင်က ဒီထက်ပိုပြီးတော့ နာမည်မကျော်လို့ မရဘူးလား။ ”

တစ်စုံတစ်ယောက်ကို လကို လက်ညှိုးထိုးကာ ပြတင်းပေါက်မှ အော်ဟစ်နေ၏။ ၎င်းမှာ အိမ်ထောင်ရှိအမျိုးသမီး အသည်းစွဲ၊မုဆိုးမ အသည်းစွဲ၊ ရွံစရာအဖွဲ့သား ဖြစ်သော တူလေး ရိုမန်ပင် ဖြစ်လေသည်။

သို့သော် ထိုအိမ်သည် ပထမဆုံး တည်ဆောက်စဉ်ကကဲ့သို့ မဟုတ်တော့။ အစောင့်အရှောက်နွယ်ပင်များကဲ့သို့ အကာအကွယ်အပင်များ ရှိနေရုံသာမက အမျိုးမျိုးသော နဂါးထွင်းစာများဖြင့်လည်း ဖုံးလွှမ်းထားသည်။လကို ရိုမန် မည်မျှပင်ကျယ်ကျယ် အော်ဟစ်နေစေကာမူ သူ၏အသံကို အပြင်က မည်သူမျှ ကြားရမည် မဟုတ်ပေ။

အဆိပ်နဂါးသည် ရိုမန်၏ ဒေါသထွက်နေသော မျက်နှာ၌ မိမိ၏ ယခင်က မနာလိုသည့် ပုံစံကို ပြန်မြင်လိုက်ရဟန်တူသည်။သူက စိုက်ကြည့်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

“ ပြီးတော့လည်း အဲဒီကောင်မှာ မဟာဆရာသခင်အဆင့် ဆေးရည်မည်းတွေရှိတယ်။ မင်းက ထာဝရဆေးရည်တစ်စုံလုံး သောက်ခဲ့ပြီးပြီ မဟုတ်လား။ ”

“ ဒါက တော်တော် မတရားဘူး။ ”

ရိုမန်သည် အကျိုးအမြတ်အားလုံးကို ရရှိပြီးနောက် အပြစ်တင်ခြင်းကို မရှက်ပေ။ သူသည် ဝိုင်တစ်ငုံ အကြီးကြီးသောက်ပြီး ကောင်းကင်ကို အော်ပြောလိုက်သည်။ ၎င်းသည် အခြားသူများကို သနားသွားစေသော သူရဲကောင်းတစ်ယောက်၏ ဝမ်းနည်းမှုကဲ့သို့ပင် ဖြစ်သည်။

“ နတ်ဆိုးဘုရားသခင်။မိန်းမအားလုံးကို ဆွဲဆောင်နိုင်တဲ့ အသင့်ရဲ့ အနန္တ ဘယ်မျက်လုံးကိုဖွင့်ပြီးတော့ သနားစရာ ကိုးကွယ်‌သူလေးကို ကောင်းချီး ပေးတော်မူပါ။ ချောမောလှပတဲ့ တော်ဝင်မိသားစုဝင် တစ်ယောက်အနေနဲ့ ကျုပ်မှာ အရင်နှစ်တွေတုန်းက ဘာလို့ ကံမကောင်းခဲ့ရတာလဲ။တစ်နေ့တုန်းက မိန်းမလှ တစ်ယောက်နဲ့ ပရောပရည် လုပ်နေတာကို ဒေလီယာ မိသွားခဲ့တယ်။မဖြစ်ဘူး။ကျုပ် သစ်ပင်တစ်ပင်တည်းမှာ အချိတ်ခံရလို့မဖြစ်ဘူး။ကျုပ် သစ်တောတစ်ခုလုံး လိုချင်တယ်။ ”

“ ငါမင်းကို ပြောပြဖို့ မေ့နေခဲ့တာ။ ”

ပါ့ဂ်လီအိုသည် ကိစ္စများ ပိုဆိုးသွားအောင် ကြံရွယ်နေခြင်း ဖြစ်သည်။

“ အဲဒီကောင်က စွမ်းအားမဲ့တဲ့ ငနုံဘဝကနေ လက်ရှိမဟာနတ်ဆိုးဘုရင်အဆင့်ကို ရောက်လာတာ ...... တစ်နှစ်မပြည့်ခင်မှာပဲ။မင်းက မဟာနတ်‌ဆိုးဘုရင်အဆင့်ပဲ ရှိသေးတယ်။ပြီးတော့ တိုက်ခိုက်ရေးစွမ်းအားမှာလည်း မင်းကသူ့ထက် အများကြီး နိမ့်တယ်။ တစ်နှစ်မပြည့်ခင်မှာပဲ အဲဒီကောင်က နတ်ဆိုးဧကရာဇ်အဆင့် ရောက်သွားနိုင်လောက်တယ်။ ”

“ ထွီး ”

ရိုမန် ဝိုင်သီးသွားပြီး နှာခေါင်းမှ ပြန်ထွက်လာသည်။သူထပ်ပြီး မနာလို၍ ညည်းညူတော့မည် ပြင်လိုက်စဉ် ခြံဝင်းအပြင်ဘက်မှ လှပသော အသံတစ်သံ ထွက်လာသည်။

“ အသီနာ။နင်ကြားလိုက်လား။တစ်ယောက်ယောက်က တစ်ခုခု အော်ဟစ်နေသလိုမျိုးပဲ။ ”

“ ဟုတ်တယ်။ဒေလီယာ။ကံကြမ္မာ နတ်ဘုရားအကြောင်းလား ဘာလား တစ်ခုခုပဲ။ ”

အသီနာ စကားမပြောပြီးသေးခင်မှာပင် ရိုမန်က လေပြည်ကဲ့သို့ ရောက်လာပြီး သူတို့နှစ်ယောက်၏ လက်ထဲမှပစ္စည်းများကို သေသေချာချာ ယူလိုက်သည်။

“ အား။မိန်းမလှလေးနှစ်ယောက်။ညဈေးမှာ ဈေးဝယ်ထွက်ပြီးတော့ ပင်ပန်းနေမှာပဲ။ငါ ဒါတွေကို ကူသယ်သွားပေးမယ်။ ”

“ ဒါနဲ့ ခုနက တစ်ယောက်ယောက် နတ်ဆိုးဘုရားသခင်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဘယ်မျက်လုံးအကြောင်းပြောတာ ကြားလိုက်တယ်။မစ္စတာ သစ်ခုတ်သမား။ရှင်ရော ကြားလိုက်လား။ ”

ဒေလီယာက ပိုးဇာလွှားကို ဖယ်လိုက်ရာ လုံးဝပြန်ကောင်းသွားသည့် လှပသော မျက်နှာ ပေါ်လွင်လာသည်။သို့သော်လည်း သူ၏မျက်လုံးများသည် အနည်းငယ် ရန်လိုနေပုံရသည်။

“ ချစ်ရတဲ့ ဒေလီယာ။မင်း နားကြားမှားသွားတာ ဖြစ်မယ်။ကိုယ်က နတ်ဆိုး ဘုရားသခင်ရဲ့ စွဲမက်စရာကောင်းတဲ့ ညာမျက်လုံးအကြောင်း ပြောနေတာပါ။ ”

“ ဒိုဒို။ထောင့်မှာ နင်ပုန်းနေတာ ငါသိတယ်။ငါ့ကို အခုပြော။ခုနက သူဘာပြောခဲ့တာလဲ။ အမှန်အတိုင်းပြောရင် နင့်ကို ညဈေးကနေ ဝယ်လာတဲ့ အကောင်းဆုံး သစ်သီးဝိုင်တစ်ပုလင်း ပေးမယ်။မဟုတ်ရင် နင် သုံးရက် အငတ်ခံရမယ်။ ”

စကားနောက်ဆုံးမှ ခြိမ်းခြောက်မှုက ချွဲကျိကောင်ကို ချက်ချင်း ခုန်ထွက်သွားစေသည်။ သူသည် ရိုမန် အသွင်ပြောင်းပြီး လှုပ်ရှားမှုနှင့် လေသံများကို အတုခိုးလိုက်သည်။

“… မိန်းမလှတစ်ယောက်နဲ့ ပရောပရည် လုပ်နေတာကို ဒေလီယာ မိသွားခဲ့တယ်။ မဖြစ်ဘူး။ကျုပ် သစ်ပင်တစ်ပင်တည်းမှာ အချိတ်ခံရလို့မဖြစ်ဘူး။ကျုပ် သစ်တောတစ်ခုလုံး လိုချင်တယ်။ ”

ရိုမန် -

“....... ”

ဒေလီယာ သရော်ပြုံးပြုံးပြီး ချဉ်းကပ်လာသည်ကိုမြင်ပြီး ရိုမန်၏မျက်နှာ ခါးသက်သွား၏။ အရာရာစွမ်းတော်မူတဲ့ နတ်ဆိုးဘုရားသခင်။အသင့်ရဲ့ အနန္တမျက်လုံးတွေကို ဖွင့်ပြီးတော့ သနားစရာ ကိုးကွယ်သူလေးကို ကယ်တင်ပေးတော်မူပါ။

အသီနာသည် ထိုစုံတွဲ၏ ဟာသပြဇာတ်ကို ပြုံးလိုက်ပြီး မိမိနှင့်ချန်လွေ့ကြားရှိ ပုံမှန်ပျော်ရွှင်မှုနှင့် ရွှတ်နောက်နောက် ပြုလုပ်မှုများက်ု ရုတ်တရက် တွေးမိသွားသည်။ သူ၏လှပသော မျက်လုံးနီနီထဲ၌ တမ်းတမှုများ ပြည့်နှက်သွားတော့သည်။ နင်ရော ငါ့အကြောင်း တွေးနေလား။အချစ်လေး။

အမှောင်လမြို့ နန်းတော် နောက်ဘက်ရှိ ဥယျာဉ်၌ ဖြစ်သည်။

ဂါဝန်ရှည်အဖြူနှင့် ပိန်ပါးသောပုံရိပ်တစ်ခုသည် လရောင်ထဲရှိ ပုံရိပ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။

ထို့နောက် ကောင်စီခန်းမထဲ၌ ဂါ့စ်နှင့် ဆွေးနွေးပြော‌ဆိုခဲ့သောမြင်ကွင်းများ သူ၏ခေါင်းထဲသို့ ရောက်ရှိလာခဲ့သည်။

“ ဒီတစ်ခေါက် ယန္တရားပြိုင်ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်က နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်သွားစေတယ်။ကတ်စတာမိသားစုအတွက်ကတော့ ဆက်ခံသူအသစ် တစ်ယောက် သတ်မှတ်ပြီးပြီ။အဲဒါက အငယ်ဆုံးဖြစ်တဲ့ မစ်-ဆယ်လင်းပဲ။ကျုပ် အရိပ်နက်အင်ပါယာကနေ ထွက်မသွားခင်တုန်းက သူကျုပ်ကို ဆက်သွယ်ပြီးတော့ ကျုပ်တို့အစီအစဉ်အတွက် အပြည့်အဝထောက်ခံကြောင်း ဖော်ပြခဲ့တယ်။ ”

ဂါ့စ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ အစကတော့ ကျုပ်သူ့ကို မှန်းထားတာ မြင့်နေပြီလို့ထင်ခဲ့တာ။ဒါပေမဲ့ တော်တော်လေး နိမ့်နေဦးမယ်လို့ မထင်ထားခဲ့ဘူး။ ”

ရှီရာ အသာလေး ခေါင်းညိတ်လိုက်သည်။ချန်လွေ့သည် မိမိအား မဟာဆရာသခင်၏ လက်မှုပညာ အမွေအနှစ်အကြောင်းနှင့် လက်မှုပညာသည်များကို လေ့ကျင့်ပေးနိုင်ကြောင်း ပြောခဲ့ဖူးသည်။ဂါ့စ် ပြန်မရောက်ခင်မှာပင် “အာသာ”က အရိပ်နက်မြို့တော်၏ ယန္တရားပြိုင်ပွဲ၌ နာမည်ကြီးသွားပြီး နှစ်တစ်‌သောင်းအတွင်း နတ်ဆိုးဘုံ၏ ပထမဆုံး သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် ဖြစ်သွားကြောင်း သတင်းသည် အမှောင်လထံ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်က ရှီရာသည် အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။သို့သော်လည်း ဂါ့စ်ထပ်ပြောသော “ မှော်စက်ဝိုင်းပါရမီရှင် ” ဆိုသည်ကို ကြားပြီးနောက် သူပို၍ တည်ငြိမ်နေခဲ့သည်။

“ တကယ်တော့ အစကတည်းက သူ ကျွန်မတို့ရဲ့ မြင်ကွင်းထဲကို အဂ္ဂိရတ် မဟာဆရာသခင် တစ်ယောက်ရဲ့ ဆက်ခံသူအနေနဲ့ ရောက်လာခဲ့တာ။ဒါပေမဲ့ သူပြသခဲ့တဲ့ ဉာဏ်ပညာတွေ၊ပါရမီတွေကြောင့် “ မူရင်းရည်ရွယ်ချက် ” ကို ကျွန်မတို့ မေ့လျော့နီးပါး ဖြစ်သွားခဲ့တယ်။အခုမှ သူ အမှန်တကယ် တောက်ပလာတာ။ ”

ဂါ့စ် သက်ပြင်းချလိုက်သည်။

“ တော်ဝင်မင်းသမီး။အဲလိုဆိုရင်တောင် သူက ဧကရီကတ်သရင်းရဲ့ ဖိတ်ကြားမှု အောက်မှာ အရိပ်နက်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးကို ဝင်ခဲ့တာ။သူက အမှောင်လကနေ ထွက်သွားပြီးတော့ အရိပ်နက်အင်ပါယာ‌‌ဆီ ချက်ချင်း ဝင်မယ်လို့ ထင်ထားခဲ့တာ။ဒါပေမဲ့ သူက ကျုပ်ကို ကယ်တင်ခဲ့သလို အဲဒီအစီအစဉ်တွေကို ကျုပ်‌‌ဆီအပ်နှင်းပြီးတော့ ပြန်ပို့ဆောင်ခိုင်းခဲ့တယ်။ကြည့်ရတာ သူ့ရဲ့နှလုံးသားက အမှောင်လမှာ ရှိနေသေးတဲ့ပုံပဲ။အနည်းဆုံးတော့ အခုထိပေါ့။ ”

“ အမှန်ပဲ။ ”

အမှန်တကယ်၌ ရှီရာသည် ထိုကဲ့သို့ ဆင်တူသောမေးခွန်းကို ချန်လွေ့ထံ ကိုယ်တိုင် မေးပြီးပြီ ဖြစ်သည်။

“ တော်ဝင်မင်းသမီး။ချန်လွေ့ရဲ့ လက်ရှိစွမ်းရည်နဲ့ ဂုဏ်သတင်းအရဆိုရင် ကျုပ်တို့သူ့ကို အမှောင်လ အခြေအနေတစ်ခုတည်းနဲ့ ခေါ်ထားလို့ မဖြစ်တော့ဘူး။ သူက အခြားနေရာမှာဆိုရင် ပိုပြီးတော့ အဆင်ပြေပြီး ပိုအန္တရာယ်ကင်းတမယ်လို့ ပြောလို့ရတယ်။ ”

ဂါ့စ်က အဓိပ္ပာယ်ပြည့်ဝစွာ ပြောသည်။

“ တော်ဝင်မင်းသမီး သူ့ကို ဒီလိုမလုပ်ခိုင်းတာက သူ့စိတ်ထဲမှာ ကျုပ်တို့ရဲ့ ရင်းနှီးမှုနဲ့ ခင်တွယ်မှုတွေ ရှိနေသေးလို့ပဲ။ဒါပေမဲ့ ဒီလိုပတ်သက်မှုမျိုးက ရေရည် မတည်တံ့နိုင်ဘူး။ အရှင်မရဲ့ အကြီးမားဆုံးဆန္ဒ ပြည့်ဝဖို့အတွက် သူ့ရဲ့အကူအညီ ရယူရမယ်ဆိုတာကို တော်ဝင်မင်းသမီး သဘောပေါက်ရပါမယ်။အဲဒါကြောင့် ကျုပ် ရိုင်းပျစွာနဲ့ ဒီလိုမျိုး အကြံပြုချင်ပါတယ်။တော်ဝင်မင်းသမီး ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ”

“ ဂါ့စ်။ရှင်ပြောချင်တာကို တည့်တည့်ပြောပါ။ ”

“ ချန်လွေ့က ဉာဏ်ပညာ ထူးချွန်ပြီးတော့ အရည်အချင်းတွေလည်း ထူးခြားတဲ့ ယောက်ျားတစ်ယောက်ပဲ။ပြီးတော့ သူ့မှာ ဒီလောက်တောင် အစွမ်းထက်တဲ့ အမွေအနှစ်တစ်ခု ရှိနေတယ်။ထပ်ပြီးတော့လည်း သူက ခင်တွယ်မှုကို ပိုတန်ဖိုးထားတယ်။ သာမန်အကျိုးအမြတ်တွေနဲ့ စိတ်ယိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့ လောကကြီးက ခန့်မှန်းရခက်တယ်။အခြားအင်အားစုတစ်ခုက ပိုကြီးမားတဲ့ ရင်းနှီးပတ်သက်မှုတစ်ခုနဲ့ ပိုပြီးထိုက်တန်တဲ့ ကမ်းလှမ်းချက်တစ်ခုပေးမယ်ဆိုရင် သူထွက်သွားဖို့များတယ်။အမှန်အတိုင်းပြောရရင် သူနဲ့ အမှောင်လ ဆက်နွှယ်မှုက သိပ်ပြီးမနက်ရှိုင်းဘူး။သူရဲ့ချစ်သူ မစ်-အသီနာတောင် အမှောင်လရဲ့ တော်ဝင် မိသားစုဝင် မဟုတ်ဘူး။အဲဒါကြောင့် ကျုပ်တို့....... သူ့ကို အမှောင်လမှာ ပိုကြီးမားတဲ့ ရင်းနှီးပတ်သက်မှုမျိုးနဲ့ ချည်နှောင်ဖို့လိုမယ်လို့ ကျုပ်ထင်တယ်။ ”

ရှီရာ အသာလေး မျက်ခုံးပင့်လိုက်သည်။

“ ရှင် ဆိုလိုတာက...... ”

“ လက်ထပ်ဖို့ပါ။ ”

ဂါ့စ်က ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြသည်။

“ အဲဒါက အကောင်းဆုံး နည်းလမ်းပဲ။ပြီးတော့ သူက အရှင်မအပေါ်မှာ ခံစားချက်တွေ ရှိနေတာကို ကျုပ်ပြောနိုင်တယ်..... ”

“ တော်လောက်ပြီ။ဂါ့စ်။ကျွန်မ ဘာမှမကြားဘူးလို့ သဘောထားလိုက်မယ်။ နားလည်လား။ ”

ရုတ်တရက်ဘရှီရာသည် စိတ်ထဲ၌ ဖော်ပြ၍မရသော ဒေါသတစ်ခု ခံစားလိုက်ရသည်။ ဂါ့စ်ပြောသည်မှာ အကြောင်းအကျိုးသင့်ကြောင့် သူသိသော်လည်း သူသည်းမခံနိုင်ဘဲ သူ၏အသံ ရုတ်တရက် အေးစက်သွား၏။

ဂါ့စ် ခေါင်းခါလိုက်သည်။

“ အမှောလမြို့ အုပ်စိုးသူအနေနဲ့ တော်ဝင်မင်းသမီးက အနာဂတ်မှာ အိုစီဒန်ကနေ ထီးနန်းကို ပြန်ရနိုင်တယ်။အဲဒါကြောင့် သူက လက်ထပ်ဖို့အတွက် သင့်တော်တဲ့သူ တစ်ယောက် မဟုတ်ဘူး။ဒါဆို မင်းသမီးလေးကိုရော....... ”

ရှီရာ၏မျက်လုံးများ ပို၍အေးစက်သွားသည်။သူသည် ဂါ့စ်၏စကားကို ကြားဖြတ်ပြောလိုက်သည်။

“ ဒီအကြောင်း ‌ထပ်ပြောစရာ မလိုတော့ဘူး။ ”

ဂါ့စ်၏ အမူအရာသည် တံ့နေပြီး နောက်ဆုံး၌ ဆက်လက်မတိုက်တွန်းတော့ပေ။ ရှီရာက မိမိ၏လေသံ ပြင်းထန်သွားကြောင်း ခံစားမိသွားပြီး ထပ်ဖြည့်ပြောလိုက်သည်။

“ အရိပ်နက်အင်ပါယာက ပြန်လာတော့ ရှင်ပင်ပန်းနေမှာပဲ။ချန်လွေ့ရဲ့ သရုပ်မှန် မပေါ်အောင်လို့ မင်းသမီးလက်လီ စတိုးဆိုင်မှာ အဲလစ်ကို ခီရာဆက်ပြီးတော့ ကူညီပါစေ။ရှင် အရင်သွားအနားယူလိုက်ပါဦး။ ”

ဂါ့စ် သက်ပြင်းချပြီး ပြန်သွားတော့သည်။

ရှီရာသည် အတော်လေး အထီးကျန်နေသော အရိပ်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။ဤနန်းတော်ဥယျာဉ်သို့ ထိုလူသား ပထမဆုံး ရောက်လာခဲ့စဉ်က ပြောခဲ့သော စကားများကို ရှီရာ မှတ်မိနေဆဲပင် ဖြစ်သည်။ လောကမှာ အဝေးဆုံး အကွာအဝေး ......

မျက်လုံးပိတ်လိုက်ပြီးသည့်အခါ ထိုသူသား မထွက်သွားစဉ်က ပြောခဲ့သောစကားများ ရှီရာနားထဲ၌ ပြန်ကြားယောင်လာသည်။

“ ဗိုလ်ချုပ်ဂျော့ခ်ျ မတောင်းဆိုရင်တောင် ကျုပ် ဒီလိုမျိုးပဲလုပ်မှာပါ။ ”

ထို့အပြင် ထိုစိတ်ရှုပ်စရာ စကားများ၌လည်း အဓိပ္ပာယ်နှစ်ခွ ရှိနေသည်။ ထိုစိတ်ရှုပ်စရာ အပြုံး၊ စိတ်ရှုပ်စရာကောင်းသော အခြားအရာများ.....

တစ်နည်းနည်းဖြင့် ရှီရာသည် ထိုစိတ်ရှုပ်စရာများကို သတိရနေသည်။သူ တမ်းတနေရင်း မသိလိုက်ဘဲနှင့် ခံစားချက် ပို၍တည်ငြိမ်လာခဲ့သည်။

အဝေးမှ တစ်သံတစ်သံ ထွက်လာသည်။

“ ခီရာ။ခြေထောက်ကို ကြည့်ဦး။ပြုတ်မကျစေနဲ့။နင်ပြန်လာပြီးတော့ ဘာလို့ပြောင်းလဲသွားတာလဲ။လမ်းလျှောက်နေရင်းနဲ့တောင် အိပ်မက်မက်နေတယ်။ ကောင်လေးတစ်ယောက်အကြောင်းကို တွေ့နေတာလား။ ”

“ မဟုတ်ပါဘူး။မင်းသမီးလေး။ကျွန်မက..... ”

“ ရပါတယ်။သွားရအောင်။အစ်မ။အစ်မအတွက် ညဈေးထဲကနေ အရသာရှိတဲ့ စားစရာတွေ ခီရာနဲ့ အဲလစ်တို့ ဝယ်လာခဲ့တယ်။

အဲလစ်၏ ပျော်ရွှင်အော်ဟစ်သံကို ကြားသည့်အခါ ရှီရာမျက်လုံးဖွင့်လိုက်ပြီး ခရမ်းရောင်မျက်လုံးထဲမှ နွေးထွေးမှုအရိပ်အယောင် ပေါ်ထွက်လာသည်။ လရောင်ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပေမည်။ရှီရာ၏အရိပ် နှစ်ခုဖြစ်သွားကာ သူ့ကိုပို၍အထီးကျန်မဆန်အောင် ဖြစ်သွားစေသည်။

All Chapters