နတ်ဆိုးဒိုင်း နှင့် “သွေးမြစ်”
Vol. 19 Ch. 276
သလင်းကျောက် တောင်ကြား စမ်းသပ်ခန်းထဲ၌ ချန်လွေ့ နေနေသည်မှာ ၂ရက်ကျော်ပြီ ဖြစ်သည်။ယခုတွင် သူ့၌ ပါရမီရှင် ယန္တရားဆရာသခင် ဟူသော ဂုဏ်ပုဒ်ရှိသည့်အတွက် ထိုဂုဏ်ပုဒ်အတိုင်း နေရပေသည်။ မာနူ ကတိမဖျက်ခဲ့ပေ။ ချန်လွေ့အတွက် ထောက်ပံ့ပေးသော စမ်းသပ်ခန်းကို တောင်နံဘေး၌ တည်ဆောက်ထားပြီး နေအိမ်မှာလည်း တောင်နံဘေးအောက်၌သာ ဖြစ်သည်။ ထို့ကြောင့် အတော်လေး တိတ်ဆိတ်ပြီး အနှောက်အယှက်ကင်းလေသည်။
ထိုစမ်းသပ်ခန်းသည် အတော်လေး ကျယ်ဝန်းလှပြီး အခြေအနေများမှာလည်း ယန္တရားအစည်းအရုံးထက် ပိုသာသည်။ ကုန်ကြမ်းများနှင့် အထောက်အပံ့များကို အသင့် ရရှိနိုင်သည်။ ချန်လွေ့၏ အထူးတောင်းဆိုချက်အရ စီစဉ်ထားသော လက်ထောက်ပြန်သွားခဲ့သည်။ ထိုလက်ထောက်၏ ရည်ရွယ်ချက်မှာ ကူညီရန်ဖြစ်စေ၊ စောင့်ကြည့်ရန်ဖြစ်စေ၊ ချန်လွေ့သည် မိမိ၏ဘေး၌ နောက်ထပ် မျက်လုံးတစ်စုံ ရှိမနေစေချင်ပေ။
ယန္တရားဆရာသခင် အများအပြားတွင် အနီးကပ် ယုံကြည်ရသော တပည့်များမှလွဲ၍ အခြားသူများကို မသင်ပေးသော လျို့ဝှက်ချက်များ ရှိသည်။ ထို့ကြောင့် ချန်လွေ့၏ တောင်းဆိုချက်သည် မလွန်ကဲပေ။ မာနူလည်း အတင်းဖိအားမပေးတော့ပေ။ မာနူသည် သာမန်ကုန်ကြမ်း ပစ္စည်းအမြောက်အမြားကို သန့်စင်ခြင်းပညာရပ် “စမ်းသပ်ရန်” အတွက် ချန်လွေ့ထံ ပေးအပ်ခဲ့သေးသည်။
ထိုသာမန်ကုန်ကြပစ္စည်းများကို ချန်လွေ့ တောင်းရခြင်း၏ အမှန်တကယ် ရည်ရွယ်ချက်မှာ သန့်စင်ရန်မဟုတ်ဘဲ “ မိုးခြိမ်းသံ ” ပုံကြမ်းကို ဝယ်ယူရန်အတွက် အရှိန်အဝါအဖြစ် ပြောင်းလဲရန်ပင် ဖြစ်သည်။မာနူနှင့် အခြားသူများက “ စမ်းသပ် အောင်မြင်မှု ” ကို စစ်ဆေးကြည့်လိုလျှင် ချန်လွေ့သည် ကုန်ကြမ်းတစ်ခုအား သန့်စင်ရုံထဲသို့ထည့်ပြီး သူတို့၏မျက်လုံးကန်းသွားအောင် ပြုလုပ်နိုင်ပေသည်။
ဘုံဘုရင်သစ်သီး၏ စွမ်းအားသည် အလွန်ကြီးမားလှသည့်အတွက် ချန်လွေ့ မစားသုံးခဲ့ပေ။ သူသည် တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းသော ပတ်ဝန်းကျင်တစ်ခု လိုအပ်ပေသည်။ထို့ပြင် ထိုနှစ်ရက်သည် ထို“အဆောင်ပစ္စည်း”အတွက် မာနူ ကတိပေးထားသော အချိန်ကုန်ဆုံးရက် ဖြစ်ပြီး ချန်လွေ့သည် မတွေ့ရသည်မှာ ကြာပြီဖြစ်သော “မိတ်ဆွေဟောင်း”နှင့်လည်း တွေ့ရမည် ဖြစ်သည်။ထို့ကြောင့် အဆောင်ပစ္စည်းကို ရယူပြီးမှ ဘုံဘုရင်သစ်သီးကို စားရန် စီစဉ်ခဲ့သည်။
ထိုအချိန်၌ အစေခံတစ်ယောက်သည် စမ်းသပ်ခန်းသို့ ရောက်ရှိပြီး ကိစ္စတစ်ခုအတွက် မာနူ ဆင့်ခေါ်လိုက်ကြောင်း ချန်လွေ့ကို ပြောခဲ့သည်။
ချန်လွေ့သည် စမ်းသပ်ခန်းမှထွက်ပြီး အစေခံ နောက်သို့ လိုက်သွားကာ မာနူ ရှိနေသော အိပ်မက်ဆိုးတောင်းကြားရှိ ဗဟိုအိမ်ယာသို့ ရောက်ရှိလာခဲ့သည်။
ခန်းမထဲသို့ မသွားခင်မှာပင် ချန်လွေ့သည် အကြားစွမ်းရည်ဖြင့် အဝေးမှအသံကို ကြားလိုက်ရသည်။ အတိအကျပြောရလျှင် ၎င်းမှာ မာနူ၏ ကြိမ်းမောင်းသံ ဖြစ်၏။
“ ငါမင်းကို သတိပေးရမယ်။မင်းမှာ အစွမ်းထက်ဆုံး [ အိပ်မက်ဆိုးမျက်လုံး ] ရှိပြီးတော့ ဘုရင်ဟောင်းရဲ့ သားအကြီးဆုံးဖြစ်ပေမဲ့ မင်းကအခု နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပဲ ရှိသေးတယ်။ နတ်ဆိုးဘုံက စွမ်းအားကြီးသူကို ထောက်ခံကြတယ်။ အဲဒါကြောင့် မာနူလီဗျာသန်ဆိုတဲ့သူက အခုလက်ရှိ လီဗျာသန်တော်ဝင်မိသားစုရဲ့ ခေါင်းဆောင်ပဲ။ ”
မာနူ၏အသံ အေးစက်နေပြီး သတ်ဖြတ်ချင်စိတ်များပင် ပါဝင်နေသည်။၎င်းသည် ပုံမှန်ပြုံးရယ်နေသော မြေခွေးအိုကြီးပုံစံနှင့် လုံးဝကွဲပြားနေသည်။သို့သော်လည်း မြေခွေးသည် အသားစားသတ္တဝါသာ ဖြစ်လေသည်။ ထို့ပြင် နတ်ဆိုးဘုံရှိ မြေဆွေးများသည် ဉာဏ်များပြီး ရက်စက်ကြသည်။ သူတို့သည် သားကောင်အား အရိုးပင်မကျန်အောင် ဝါးစားတတ်ကြသည်။
“ ဆာ-မာနူ။ရိုင်းပျမိတဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပေးပါ။ ”
ထိုအသံသည် ချန်လွေ့၏နားထဲ၌ ပို၍ပင် ရင်းနှီးနေသည်။
“ ခင်ဗျားက လီဗျာသန်တော်ဝင်မိသားစုရဲ့ ခေါင်းဆောင်ဆိုတော့ အဆောင်ပစ္စည်း(၇)မျိုးရဲ့ အဓိပ္ပာယ်ကို သဘောပေါက်မှာပါ။ပြီးတော့ မှော်ဒိုင်းကာကို ကျုပ်အဖေက ကျုပ်ဆီပေးထားခဲ့တာ။အဲဒါကြောင့် အပြင်လူကို သုတေသန လုပ်ခွင့်ပေးဖို့ ကျုပ်ခွင့်မပြုနိုင်ဘူး။ ”
“ မင်းအဖေက မင်းအတွက် ချန်ထားပေးတော့ရော ဘာဖြစ်လဲ။ ”
မာနူ သရော်ပြုံးပြုံးလိုက်သည်။
“ မင်းကို နတ်ဆိုးဒိုင်းက အသိအမှတ်ပြုလား။ မင်းရဲ့ညီမကပဲ ဒီဒိုင်းရဲ့ အသိအမှတ်ပြုတာ ခံခဲ့ရတာ။မင်း ဒေလီယာကို ဘာလုပ်ခဲ့လဲဆိုတာ ငါမသိဘူး မထင်နဲ့။ အခု သူက ပျောက်နေပြီ။ ဆိုလိုတာကတော့ အဆောင်ပစ္စည်း အသိအမှတ်ပြုခံထားရတဲ့ အလောင်းအလျာ ပျောက်ဆုံးနေတာပဲ။ ဒီတစ်ခုတည်းနဲ့တင် မင်းကို အပြစ်ပေးလို့ရတယ်။ ”
ထိုစကားဝိုင်းသည် ချန်လွေ့၏စိတ်ကို လှုပ်ရှားသွားစေသည်။ ဒေလီယာသည် ဘရော့ခ်အကြောင်း ပြောရန် တွန့်ဆုတ်နေသည့်အတွက် ချန်လွေ့ အများကြီး မမေးခဲ့ပေ။ ယခုတွင် ဒေလီယာနှင့် ဘရော့ခ်တို့၏အဖေသည် လီဗျာသန်မိသားစု ဘုရင်ဟောင်းဖြစ်ပြီး မာနူသည် လက်ရှိခေါင်းဆောင် ဖြစ်ကြောင်း ချန်လွေ့ သိရှိသွားခဲ့သည်။
ဒေလီယာသည် နတ်ဆိုးဒိုင်း၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည့်အတွက် ဘရော့ခ်သည် နတ်ဆိုးဒိုင်းကို သူ့အပိုင်အဖြစ် အမြဲသိမ်းထားခဲ့သည်။ ထို့ပြင် သူ့ကိုယ်သူလည်း လီဗျာသန်တော်ဝင်မိသားစု၏ အနာဂတ်ခေါင်းဆောင်ဟု ကြုံးဝါးခဲ့သည်။ယခုတွင် ဒေလီယာ “ပျောက်ဆုံး”နေခဲ့သည်။သို့သော် ဘရော့ခ်သည် နတ်ဆိုးဒိုင်းကို လက်လွှဲမပေးချင်သေးပေ။အကြောင်းမှာ မာနူနှင့် အခြားသူများက ထိုဒိုင်း၏ အသိအမှတ်ပြုခြင်း ခံလိုက်ရမည်ကို သူ စိုးရိမ်နေ၍ဖြစ်သည်။နတ်ဆိုးဒိုင်းကို ရယူခြင်းသည် လီဗျာသန်တော်ဝင်မိသားစု၏ အတွင်းရေး တင်းမာမှုများကို ပိုဆိုးစေနိုင်ပုံရသည်။၎င်းမှာ အမှန်တကယ်ပင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်သတ်ခြင်းပင် ဖြစ်၏။
ထိုအချိန်၌ အစေခံသည် ချန်လွေ့နှင့်အတူ ခန်းမဝင်ပေါက်သို့ ရောက်ရှိ လာခဲ့သည်။ ထိုအစေခံသည် မာနူကို သတင်းပို့လိုက်ရာ အထဲမှ အချင်းများနေသော အသံ ရပ်တန့်သွားခဲ့သည်။
အထဲဝင်ရန် ခွင့်ပြုချက်ရပြီးနောက် ချန်လွေ့သည်ခန်းမထဲသို့ ဝင်သွားသည်။ခန်းမထဲ၌ လူနှစ်ယောက် ရှိနေသည်။ မာနူအပြင် အခြားတစ်ယောက်မှာ ချန်လွေ့၏ “အသိဟောင်း” ဖြစ်သော အရိပ်နက်အင်ပါယာ၏ ဗိုလ်ချုပ်သုံးယောက်၏ ခေါင်းဆောင် ဘရော့ခ်လီဗျာသန်ပင် ဖြစ်လေသည်။
မာနူသည် ပုံမှန်အတိုင်းပင် ပြုံးနေခဲ့သည်။သို့သော်လည်း ဘရော့ခ်၏မျက်နှာသည် မည်းမှောင်နေဆဲပင် ဖြစ်သည်။
“ ဆရာသခင် ရောက်လာပြီပဲ။ ”
မာနူ ပြုံးလိုက်သည်။
“ ကျုပ် မိတ်ဆက်ပေးမယ်။ဒါက ကျုပ်ရဲ့....တူ။နာမည်က ဘရော့ခ်။ အရိပ်နက် အင်ပါယာ ဗိုလ်ချုပ်သုံးယောက်ရဲ့ ခေါင်းဆောင်။ ဘရော့ခ်။ ဒါက နတ်ဆိုးဘုံကို တုန်လှုပ်သွားစေတဲ့ သုံးသွယ်-အထူးပြု ယန္တားဆရာသခင်နဲ့ မှော်စက်ဝိုင်း ပါရမီရှင် ဆရာသခင်အာသာ။ ”
မာနူသည် ဘရော့ခ်၏ အဆင့်အတန်းကို မိမိထံ တမင်ဖော်ပြခဲ့ကြောင်း ချန်လွေ့ သတိထားမိသည်။ချန်လွေ့ ပုံမှန်ပင် ခေါင်းညိတ်ပြီး ခေါင်းခါလိုက်သည်။
“ ဆာ-မာနူ။သူက ဗိုလ်ချုပ် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ကျုပ် ဂရုမစိုက်ဘူး။ကျုပ် ဂရုစိုက်တာက အဆောင်ပစ္စည်းပဲ။အဆောင်ပစ္စည်းက ခင်ဗျားရဲ့ တူမှာရှိနေတယ်လို့ ခုနက ကြားလိုက်ရတယ်။ဒါဆိုရင်..... ကျုပ်ကို မြန်မြန်ပေး။ဒီနှစ်ရက်အတွင်းမှာ ကျုပ်က သလင်းကျောက်နဂါးရဲ့ မှော်စက်ဝိုင်းတွေအကြောင်း လေ့လာခဲ့တာ။ကျုပ် ဉာဏ်အလင်း တစ်ခု ရရှိခဲ့တဲ့ပုံပဲ။ကျုပ် အခုပဲ ထင်ယောင်မှား နတ်ဆိုးဒိုင်းကို အကိုးအကားအနေနဲ့ လိုတယ်။ ”
ထိုကဲ့သို့ ရိုင်းပျမှုနှင့် မသိနားလည်မှုသည် ဘရော့ခ်၏မျက်လုံးများကို အေးစက်သော အလင်းရောင် တောက်ပသွားစေသည်။သူသည် ချန်လွေ့ကို သုံးလေးကြိမ်ကြည့်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
“ ဘာလို့လဲ မသိဘူး။ဆရာသခင်ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ။ကျုပ်တို့ အရင်ကတွေ့ဖူးလား။ ”
ကျုပ်တို့ တွေ့လည်းတွေ့ဖူးတယ်။ရင်းရင်းနှီးနှီးလည်း “ ထိတွေ့ ” ခဲ့ဖူးတယ်။ ခင်ဗျား မျက်နှာပေါ်က ချိုင့်ခွက်တွေကို ကျုပ်လုပ်ပေးထားတာလေ ။
ချန်လွေ့သည် ၎င်းကို စိတ်ထဲ၌သာ ရေရွတ်နိုင်လေသည်။သို့သော်လည်း သူ အနည်းငယ် စိတ်မရှည်ဖြစ်သွား၏။
“ ကျုပ် ဒီလိုစကားတွေကို တော်တော်များများ ကြားဖူးတယ်။တတိယဗိုလ်ချုပ် ခါဖူနဲ့ တွေ့တုန်းကလည်း ဒီအတိုင်းပဲ။ဗိုလ်ချုပ် ဘရော့ခ်။ကျုပ် လိုချင်တဲ့ အဆောင်ပစ္စည်းကို ခင်ဗျား ယူလာခဲ့လား။ ”
“ သူ ယူလာတာပေါ့။ဘရော့ခ်။အခုပဲ ဆရာသခင်ကို အဆောင်ပစ္စည်းပေးလိုက်။ ”
ပြန်ဖြေသူမှာ မာနူဖြစ်သည်။ဘရော့ခ်မျက်နှာပေါ်၌ ပျောက်ကွယ်သွားသော ဒေါသ ချက်ချင်း ပြန်ပေါ်လာသည်။ပြုံးနေသော မာနူကိုကြည့်ရင်း ဘရော့ခ်၏စိတ်ထဲ၌ ပို၍ပင် မကျေမချမ်း ဖြစ်သွားတော့သည်။ ဒီမြေခွေးအိုကြီးက ငါ့ကို နယ်စပ်ခံတပ်ကနေ အရေးပေါ် ဆင့်ခေါ်ခဲ့တယ်။ငါက တစ်ခုခု အရေးကြီးတာလို့ ထင်ခဲ့တာ။ နတ်ဆိုးဒိုင်းအတွက် ဖြစ်နေမယ်လို့ ငါမထင်ထားခဲ့ဘူး။ သို့သော် ဘရော့ခ်သည် မာနူ၏စရိုက်ကို သိသည်။သူပြုံးလေလေ၊ အန္တရာယ်ရှိလေလေပင် ဖြစ်သည်။ယနေ့ သူ နတ်ဆိုးဒိုင်းကို မချန်ထားခဲ့လျှင် မာနူ တိုက်ခိုက်လာနိုင်သည်။သူတို့နှစ်ဦးကြား၌ စွမ်းအားကွာဟမှုကြောင့် ဘရော့ခ်သည် နတ်ဆိုးဒိုင်းကို သိမ်းထားနိုင်မည် မဟုတ်ပေ။
အမှန်တကယ်၌ ဆရာသခင် အာသာကိုပေးပြီး သုတေသန လုပ်ခိုင်းခြင်းသည် ကိစ္စမရှိပေ။အကယ်၍ ဘရော့ခ်သည် ထိုအရာဖြင့် ဆရာသခင်ကို သိမ်းသွင်းနိုင်လျှင် ဤအပေးအယူကို လက်လျှော့နိုင်ပေသည်။မည်သို့ပင်ဖြစ်စေ၊ လီဗျာသန် မိသားစုဝင်များမှလွဲ၍ အခြားသူများသည် အဆောင်ပစ္စည်းကို အသုံးပြု၍မရပေ။ သို့သော် အာသာသည် မာနူဘက်၌ ဖြစ်သည်။ထိုအဆောင်ပစ္စည်း၏ သုတေသနတန်ဖိုး ကုန်ဆုံးသွားသည့်တိုင် မာနူသည် ၎င်းကို ပြန်ပေးမည်မဟုတ်သည်မှာ သေချာသည်။
ပါးနပ်သောသူတစ်ယောက်သည် အခြေအနေ အချိန်အခါကို ကြည့်ရသည်။ငါက အခု အစွမ်းမထက်သေးမှတော့ အရှုံးပေးရုံပဲရှိတယ်။ အနာဂတ်မှာ ငါ့ရဲ့စွမ်းအားက မာနူကို ကျော်သွားတဲ့အခါ.....
ဘရော့ခ် အလျင်အမြန်တွေးပြီး ကတိပေးရန် ဆုံးဖြတ်လိုက်သည်။သူသည် ကျောဘက်မီ ဒိုင်းကာအဝိုင်းတစ်ခုထုတ်ပြီး ချန်လွေ့ကို ကမ်းပေးလိုက်သည်။ချန်လွေ့ အလွန်ပျော်သွားပြီး ယူလိုက်သည်။
ထိုဒိုင်းကာအဝိုင်းသည် ဒေလီယာနှင့်အတူရှိသော ထင်ယောင်မှားဒိုင်းကာထက် ကြီးသည်။၎င်းသည် ရွှေနက်ရောင်ဖြစ်ပြီး ရိုးရှင်းကာ လှပသော ပုံစံကွက်များ ပါရှိသည်။အလယ်ဗဟိုရှိ အလှမဆင်ထားသော အပိုင်းသည် ထင်ယောင်မှားဒိုင်းနှင့် ပေါင်းစပ်ရသောအပိုင်း ဖြစ်ရပေမည်။
ထင်ယောင်မှား နတ်ဆိုးဒိုင်းသည် အဆောင်ပစ္စည်း(၇)မျိုး၌ ခုခံမှုအစွမ်းထက်ဆုံး ဖြစ်သည်။၎င်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် မှော်ဆိုင်ရာ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်ရုံသာမက ထိခိုက်မှုများကိုလည်း တန်ပြန်နိုင်သည်။ထို့ကြောင့်ပင် ၎င်းကို အကောင်းဆုံးချပ်ကာဟု ခေါ်ဆိုခြင်း ဖြစ်သည်။ချန်လွေ့သည် ထိုဒိုင်းကာ၏အစွမ်းကို အသံတိတ်ညစိမ့်မြေရှိ ပါ့ဂ်လီအို၏ ရတနာဂူအပြင်ဘက်၌ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ထိုအချိန်၌ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီပိုင်းနှင့် ယှဉ်၍ရသည့် အပြည့်အဝ အသက်သွင်းထားသော [ မိုးကြိုး ] ထွင်းစာကို ဘရော့ခ်က ထိုဒိုင်းကို ကိုင်ထားရင်း ခုခံနိုင်ခဲ့သည်။ထို့ပြင် ဘရော့ခ်သဘ် ထိုဒိုင်းကာ၏အသိအမှတ်ပြုခြင်းကို မခံရသေးပေ။ထို့ကြောင့် သူသည် နတ်ဆိုးဒိုင်း၏ ပင်ကိုခုခံမှုကို အသုံးချနေခြင်းသာ ဖြစ်သည်။
ချန်လွေ့သည် ပုံစံကွက်များကို အံ့ဩစွာဖြင့် ကိုင်ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ် လိုက်သည်။
“ မဟုတ်သေးဘူး။ဘယ်လိုဖြစ်ရတာလဲ။ဒါက ထင်ယောင်မှားနတ်ဆိုးဒိုင်း မဟုတ်လား။အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေတယ်လို့ ကျုပ်ဘာလို့ ခံစားနေရတာလဲ။ ”
“ ဆရာသခင်မှာ တကယ့်ကို ထူးခြားတဲ့အမြင် ရှိတာပဲ။ဒီအဆောင်ပစ္စည်းရဲ့ ပြဿနာကို တစ်ချက်ကြည့်ရုံနဲ့ သတိထားမိတယ်။ ”
မာနူ ခေါင်းညိတ်လိုက်သည်။
“ ထင်ယောင်မှား နတ်ဆိုးဒိုင်းက ထင်ယောင်မှားဒိုင်းနဲ့ နတ်ဆိုးဒိုင်းဆိုပြီး နှစ်ပိုင်းရှိတယ်။ ဒါက နတ်ဆိုးဒိုင်း။ ထင်ယောင်မှားဒိုင်းက ပျောက်ဆုံးသွားတာ နှစ်ပေါင်း ထောင်နဲ့ချီကြာပြီ။ကျုပ်ရဲ့ လီဗျာသန် တော်ဝင်မိသားစုက အဲဒါကို ရှာနေတာ ကြာပြီ။ဒါပေမဲ့ အဲဒါဘယ်မှာရှိနေလဲဆိုတာကို အခုအချိန်အထိ ရှာမတွေ့သေးဘူး။ ”
ဘရော့ခ်သည် အသံတိတ်ညစိမ့်မြေရှိ ထင်ယောင်မှားဒိုင်းအကြောင်းနှင့် ဒေလီယာ ပျောက်ဆုံးရခြင်း၏ ရည်ရွယ်ချက်အမှန်ကို မပြောပြခဲ့ပုံရသည်။ချန်လွေ့ မကျေမနပ်ဖြစ်သွားသည်။
“ ဆာ-မာနူ။ကျုပ်က အဆောင်ပစ္စည်းကို လေ့လာဖို့အတွက် [ ဝိညာဉ်လက်ထိပ် ] ကို လိုလိုလားလား လက်ခံခဲ့တာ။အခုတော့ အဆောင်ပစ္စည်းက ပြည့်စုံမနေဘူး။ဒါက ခင်ဗျား ကတိဖောက်ဖျက်တာ မဟုတ်လား။ ”
“ စိတ်မဆိုးပါနဲ့။ဆရာသခင်။ ”
မာနူ ရယ်လိုက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးဒိုင်းက အဆောင်ပစ္စည်း(၇)မျိုးထဲက တစ်ခုပါပဲ။ ပြီးတော့လည်း အဆောင်ပစ္စည်း(၇)မျိုးထဲမှာ ထင်ယောင်မှား နတ်ဆိုးဒိုင်းထက် ပိုပါတယ်။ နောက်ထပ် ၆ခု ရှိပါသေးတယ်။ကျုပ်တို့ရဲ့ အကြံအစည် အောင်မြင်မယ် ဆိုရင် ဆရာသခင် သုတေသနလုပ်ဖို့အတွက် အဆောင်ပစ္စည်း(၇)မျိုးလုံးကို ပေးဖို့တောင် ပြဿနာ မဟုတ်တော့ဘူး။ ”
အဆောင်ပစ္စည်း(၇)မျိုးလား။ တော်တော် ရည်မှန်းချက်ကြီးတာပဲ။ ချန်လွေ့ ခဏ စဉ်းစားပြီး ပြောလိုက်သည်။
“ ကျုပ်က ပညာရပ်အထွတ်အထိပ်ကို ရှာဖွေနေတဲ့ ယန္တရားဆရာသခင် တစ်ယောက်ပါ။ တခြားအရာတွေကို ဂရုမစိုက်ဘူး။ဒါဆို.... ဆာ-အဇ်ဂါလော ဘယ်တော့ ပြန်လာမှာလဲ။ သူ့ဆီက နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို သုတေသနလုပ်ဖို့ အတွက် ငှားပေးဖို့ မျှော်လင့်ပါတယ်။ ”
“ အဇ်ဂါလောက အပြင်မှာ အရေးကြီးတဲ့ တာဝန်တစ်ခု ဆောင်ရွက်နေတယ်။ အခုအတောအတွင်းတော့ ပြန်လာဦးမှာ မဟုတ်ဘူး။ ”
မာနူက အနည်းငယ် ညည်းညူလိုက်သည်။
“ သူပြန်လာရင် ပြောပေးမယ်လေ။ ”
မာနူ၏ စကားများမှာ အချိန်ဆွဲရန်ဖြစ်ကြောင်း သိသာနေသည်။သူသည် ချန်လွေ့၏ လက်ထဲ၌ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး ရှိနေကြောင်း လုံးဝမသိပေ။ ချန်လွေ့၏ စကားများမှာ အဇ်ဂါလော၏ နေရာကို သိရန်အတွက်သာ ဖြစ်သည်။မာနူ၏ အဖြေက သလင်းကျောက်တောင်ကြားသို့ အဇ်ဂါလော အချိန်တိုအတွင်း ရောက်လာမည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။ချန်လွေ့သည် ၎င်းကို စိတ်ထဲ၌ မှတ်ထားပြီး ဆက်လက် မမေးတော့ပေ။
ချန်လွေ့၏မျက်လုံးသည် ဘရော့ခ်၏ ခါးရှိ ဓားရှည်ပေါ်သို့ ရောက်ရှိသွားသည်။ ရုတ်တရက် ချန်လွေ့သည် အကြည့်မခွာနိုင်အောင် ဖြစ်သွားသည်။
“ ဗိုလ်ချုပ်။ခင်ဗျားရဲ့ဓားက ထူးဆန်းသလိုပဲ။ကျုပ်ကို တစ်ချက် ပြကြည့်ပါလား။ ”
ထိုလောဘကြီးသူသည် နတ်ဆိုးဒိုင်းကို ယူပြီးနောက် မကျေနပ်နိုင်သေးဟု ဘရော့ခ် မထင်မှတ်ထားခဲ့ပေ။ထိုသူသည် မိမိ၏ အကြိုက်ဆုံးဓားကိုပင် ယူချင်နေသည်။ ဘရော့ခ်၏မျက်လုံးများ ဖျပ်ခနဲအရောင်လက်သွားပြီး ဓားကို ချက်ချင်း ထုတ်လိုက်၏။ သို့သော် သူ မတိုက်ခိုက်ခဲ့ဘဲ ရက်စက်သောမျက်နှာဖြင့် ဓားကို ချန်လွေ့အရှေ့၌ ထားလိုက်သည်။
ဘရော့ခ် စိတ်အနှောင့်အယှက် ဖြစ်လေလေ ချန်လွေ့ ပို၍ပျော်လေလေပင် ဖြစ်သည်။ ကံဆိုးစွာပင် မာနူနှင့် ဘရော့ခ်တို့သည် ဉာဏ်များကြသည်။ သို့မဟုတ်ပါက မာနူ၏လက်ဖြင့် ဘရော့ခ်ကို သတ်နိုင်လျှင် ကောင်းပေလိမ့်မည်။
“ သွေးမြစ် ”
ချန်လွေ့သည် သွေးနီရောင်ဓားပေါ်၌ ထွင်းထားသော နာမည်ကို ဖျပ်ခနဲကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ တော်တော်ကောင်းတဲ့ဓားပဲ။ဒဏ္ဍာရီလာအဆင့် မရောက်သေးပေမဲ့ ဂုဏ်သတ္တိတွေက တော်တော်လေး ကောင်းတယ်။တိုက်ခိုက်မှုအမြန်နှုန်း ၃၅% တိုးစေတယ်။ရေ မှော်ထိခိုက်မှု ၃၈% တိုးစေတယ်။ ရန်သူရဲ့စွမ်းအင်ကို ဝါးမျိုပြီးတော့ သက်လုံအဖြစ် ပြောင်းလဲနိုင်တယ်။ ”
ဘရော့ခ် အနည်းငယ် အံ့ဩသွားသည်။အကဲဖြတ်ခြင်းမှာ ယန္တရားဆရာသခင် တစ်ယောက်၏ စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။သို့သော်လည်း ပုံမှန်အားဖြင့် ၎င်းသည် သက်ဆိုင်ရာ ကိရိယာတစ်ခုခုနှင့် စမ်းသပ်ပြီး အတည်ပြုရသည်။သို့သော် အာသာသည် “သွေးမြစ်”၏ ရန်သူ့စွမ်းအင်ကို ဝါးမျိုသည့် လျို့ဝှက်အမူအကျင့် အပါအဝင် ဂုဏ်သတ္တိများအားလုံးကို တစ်ချက်ကြည့်ရုံဖြင့် တိတိကျကျ ပြောနိုင်နေသည်။ အာသာသည် နှစ်တစ်သောင်းအတွင်း နတ်ဆိုးဘုံ၏ ထိပ်တန်းပါရမီရှင် တစ်ယောက် ဖြစ်လာသည်မှာ ထိုက်တန်ပေသည်။
၎င်းသည် [ သရုပ်ခွဲမျက်လုံး ] ကြောင့်ဟု ချန်လွေ့ ပြောမည်မဟုတ်ပေ။ချန်လွေ့သည် ဓားကို ထိပြီး မျက်လုံးပိတ်ကာ ခံစားကြည့်နေဟန်ဆောင်လိုက်သည်။ထို့နောက် စိတ်မကောင်းသည့်မျက်နှာ ပြသလိုက်သည်။
“ ဒါက ဓားကောင်းတစ်လက်ပဲ။ဒါပေမဲ့ ကံမကောင်းချသ်တော့ သိပ်ကြာကြာခံမှာ မဟုတ်တော့ဘူး။ ”
ဘရော့ခ် အံ့ဩသွားပြီး သံသယဖြင့် မေးလိုက်သည်။
“ ဘာလို့ ဆရာသခင်က ဒီလိုပြောရတာလဲ။ ”
“ ယန္တရားပညာရှင်တွေကြားမှာ စကားတစ်ခွန်း ရှိတယ်။ပစ္စည်းကိရိယာ ဖန်တီးသာက အသက်ကို ဖန်တီးသလိုပဲ။ပစ္စည်းကိရိယာကလည်း အသက်ရှိတယ်။ကုန်ကြမ်းနဲ့ ဝိသေသလက္ခဏာတွေရဲ့ ရင်းနှီးပတ်သက်မှုကြောင့် ပုံမှန်ပစ္စည်းကိရိယာတွေမှာ အလိုအလျောက် ပြန်ကောင်းနိုင်တဲ့စွမ်းရည် အတိုင်းအတာတစ်ခုအထိရှိတယ်။ ကျုပ်တို့ရဲ့ ဒဏ်ရာအသေးလေးတွေ ပြန်ကောင်းသွားသလိုပဲ။ဒါပေမဲ့ ခင်ဗျားရဲ့ဓား ခံစားနေရတာက ဒဏ်ရာအသေးစား မဟုတ်ဘူး။ဒီလိုအခြေအနေမှာ ခင်ဗျား ဒါကိုမမြင်နိုင်ဘူး။ပြီးတော့ အခြားယန္တရားဆရာသခင်တွေလည်း အကဲဖြတ်ရ ခက်ခဲမယ်။ ဒါပေမဲ့ ကျုပ်ရဲ့ပါရမီရှင် မျက်လုံးအောက်ကနေတော့ မလွတ်နိုင်ဘူး။ ဒီဓားမှာ မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေရှိနေတာကို ကျုပ်သေသေချာချာ ခံစားမိတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီဓားက ပြင်းထန်တဲ့ ဖိအားကို ခံစားရရင်ပဲဖြစ်ဖြစ်၊ အားပြင်းပြင်းနဲ့ ပေါင်းစပ်မိရင်ပဲဖြစ်ဖြစ် လုံးဝ အစိတ်စိတ်အမွှာမွှာ ကွဲကြေ သွားလိမ့်မယ်။ ”
ချန်လွေ့သည် နတ်ဆိုးဘုံကို တုန်ခါစေခဲ့သော ယန္တရားဆရာသခင် တစ်ယောက်ဖြစ်ပြီး “အကဲဖြတ်”ရာ၌ လျို့ဝှက်နည်းစနစ်ကို ဖော်ပြခဲ့သည်။ထို့ကြောင့် ဘရော့ခ်သည် ထိုမှတ်ချက်ကို လျစ်လျူမရှုနိုင်ပေ။“သွေးမြစ်”ဓားသည် သူသဘောအကျဆုံး လက်နက်ဖြစ်ပြီး ဂုဏ်သတ္တိများမှာလည်း သူနှင့်အတော်လေး လိုက်ဖက်လှသည်။ ယခုတွင် ထိုဓား ပျက်စီးသွားနိုင်သည့် အန္တရာယ်ကို ကြားလိုက်ရသည့်အခါ ဘရော့ခ်သည် မရိုင်းပျရဲတော့ဘဲ သူ၏အသံ ညင်သာသွား၏။
“ ဆရာသခင်က ဒါကို မြင်နိုင်တယ်ဆိုတော့ ဒါကို ပြင်ဆင်ဖို့ နည်းလမ်းတစ်ခု ရှိနိုင်မလား။ ”
ချန်လွေ့သည် စဉ်းစားနေဟန်ဆောင်လိုက်သည်။
“ နည်းတစ်နည်းတော့ရှိတယ်။ဒါပေမဲ့ လုံးဝတော့ မသေချာဘူး။ အောင်မြင်သွားရင်တော့ ဒီဓားရဲ့ ဂုဏ်သတ္တိတွေ ထပ်ပြီးတိုးမြင့်သွားမယ်။ခင်ဗျား ကျုပ်ကို ယုံကြည်တယ်ဆိုရင် ခင်ဗျားရဲ့ နတ်ဆိုးဒိုင်းကာကိုယူပြီး သုတေသနလုပ်တဲ့ ဆုလာဒ်အနေနဲ့ ကျုပ် စမ်းကြည့်ပေးမယ်။ ”
ဘရော့ခ်သည် နတ်ဆိုးဒိုင်းကာကို ပြန်ယူ၍ မရနိုင်သောကြောင့် ထိုသို့စဉ်းစား နေခဲ့သည်။အကယ်၍ “သွေးမြစ်”ဓားကို ပြန်ပြင်နိုင်လျှင် ဆုံးရှုံးမှုအချို့ကို အနည်းငယ် ခံသာစေနိုင်ပေမည်။သူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ ဆရာသခင်ကို ကျုပ် ယုံကြည်ပါတယ်။ဒီဓားကို သေချာလုပ်ပေးပါ။ ”
“ ကောင်းပြီလေ။ကျုပ် အရင်စဉ်းစားကြည့်လိုက်ဦးမယ်.....။ကုန်ကြမ်းအရဆိုရင်တော့ ကျုပ်ရဲ့ စမ်းသပ်ခန်းမှာ တချို့ရှိတယ်။ ”
ချန်လွေ့ ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
“ ဒါဆို ကျုပ်နဲ့လိုက်ခဲ့ပါ။ ”
မာနူသည် ပါရမီရှင် ယန္တရားဆရာသခင်၏ နည်းလမ်းများကို မြင်တွေ့ချင်သည့်အတွက် ချက်ချင်းပင် ဘရော့ခ်နှင့်အတူ တောင်နံဘေးရှိ စမ်းသပ်ခန်းသို့ လိုက်သွားခဲ့သည်။
ချန်လွေ့သည် အခြားသူများ လက်ဆောင်ပေးထားသော လိုအပ်သည့်ကိရိယာများနှင့် ကုန်ကြမ်းပစ္စည်းများကိုထုတ်ပြီး တစ်ခုပြီးတစ်ခု စီစဉ်လိုက်သည်။ထိုကဲ့သို့ တည်ကြည်ပြီး တင်းမာသော အမူအရာသည် အခြားသူများကို အံ့ဩသွားစေသည်။ မှော်မီးဖိုကို လိုအပ်သော အပူချိန် ရရှိအောင် ပြုလုပ်ပြီးနောက် ချန်လွေ့သည် “သွေးမြစ်”ဓားအား ၎င်းအပေါ်တင်ကာ နီသွားသည်အထိ မီးရှို့လိုက်သည်။ထို့နောက် ပလာယာဖြင့် ဆွဲထုတ်ကာ တူဖြင့်ထုရိုက်တော့သည်။ ကြီးမားလှသော တူထုသည့်ပုံစံများတွင် လျို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေပုံရသည်။၎င်းသည် အနုပညာအက တစ်ခုသဖွယ် ဖြစ်နေသည်။မာနူက စိတ်ထဲ၌ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သွေးမြစ်ဓားကို တူရိုက်မိသွားစဉ် ထွက်ပေါ်လာသော မီးပွင့်များသည် ဘရော့ခ်စ်ကို စိတ်ပူပန်သွားစေသည်။
ထုရိုက်ပြီးသွားပြီးနောက် ချန်လွေ့သည် ဓားအပေါ်၌ မှော်အမှုန့်တစ်မျိုး ဖြူးလိုက်သည်။ဓားတစ်လက်လုံးမှ ထူးဆန်းသော ရှူးရှူးရှဲရှဲအသံ ထွက်လာ၏။ ထို့နောက် ချောမွေ့သော လှုပ်ရှားမှုများနှင့် ရှေ့ဆက်ရသည်။ လူသုံးလေးယောက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သော ရှုပ်ထွေးလှသည့် လုပ်ငန်းစဉ်များသည် အမှန်တကယ်ပင် တစ်ယောက်တည်းဖြင့် လုံးဝပြီးစီးခဲ့လေသည်။
ပြန်လည် ပုံသွင်းပြီးနောက် ဓားရိုးရှိ ကျောက်မျက်များကိုပင် ထုတ်ကာ ပြုပြင်မွမ်းမံလိုက်သည်။ ဆောင်ရွက်မှုများမှာ အသေးစိတ်လှသည်။ သုံးနာရီခန့် ကြာသောအခါ ချန်လွေ့ ရပ်တန့်လိုက်ပြီ နဖူးပေါ်ရှိ ချွေးများကိုသုတ်ကာ သူပြုပြင်ခဲ့သောဓားကို ဘရော့ခ်ထံ ပေးလိုက်သည်။
“ ကံကောင်းချင်တော့ ကျုပ် ခင်ဗျားကို စိတ်မပျက်စေခဲ့ဘူး။ဒီဓားက မူလထိခိုက်မှု ပြန်ကောင်းသွားရုံသာမက ဂုဏ်သတ္တိလည်း တိုးလာတယ်။အခုဆိုရင် ဒါက တိုက်ခိုက်မှုအမြန်နှုန်း ၃၈% တိုးသွားပြီးတော့ ရေ မှော်ခုခံမှု ၄၀% တိုးသွားပြီ။ဒါက ရန်သူရဲ့ စွမ်းအင်ကို စုပ်ယူပြီးတော့ သက်လုံအဖြစ် ပြောင်းလဲပေးတယ်။ပြီးတော့ [ သွေးဆာ ] အစွမ်းကိုလည်း ထပ်ထည့်ထားတယ်။ဒါက ခင်ဗျားရဲ့ တိုက်ခိုက်မှုကို ၂၀% တိုးစေပေမဲ့ ခုခံမှုကို ၁၀% လျှော့စေတယ်။ဒါကို တစ်ရက်တစ်ခါပဲ သုံးလို့ရမယ်။ ဒီလက်နက်က ဒဏ္ဍာရီလာအဆင့်ရောက်ဖို့ တော်တော်လေး နီးစပ်နေပြီ။ ”
ဘရော့ခ် အလွန်ပျော်ရွှင်သွား၏။သူ ဓားကို ယူလိုက်ပြီးနောက် ဓားပေါ်မှာ သွေးစီးဆင်းမှုသည် ပို၍တက်ကြွနေသည်ကို မြင်လိုက်ရသည်။သူသည် ထိုဓားနှင့် အလွန်ရင်းနှီးသည်။သုံးလေးချက် ဝှေ့ရမ်းပြီးနောက် တိုက်ခိုက်မှုအမြန်နှုန်း တိုးသွားသည်ကို သူသေသေချာချာ ခံစားလိုက်ရသည်။ထို့နောက် သူသည် [ သွေးဆာ ] အစွမ်းကို စမ်းကြည့်ပြီးနောက် မချီးကျုးပဲ မနေနိုင်တော့ပေ။ယခင်က သူသည် ဆရာသခင် “အာသာ”အပေါ် သတ်ဖြတ်ချင်စိတ်အချို့ ရှိခဲ့သော်လည်း ယခုတွင် ကျေးဇူးတင်စိတ်သာ ရှိတော့သည်။ ဒါကြောင့် သူ့ကို မာနူက တလေးတစားနဲ့ ဆက်ဆံတာကိုး။သူက တကယ့်ပါရမီရှင်ပဲ။အနာဂတ်ကို မာနူကို ငါတွန်းလှန်နိုင်မယ့် အခွင့်အရေးရှိမယ်ဆိုရင် ဒီပါရမီရှင်ကို ငါ့အတွက် သေချာပေါက် ခေါ်ယူရမယ်။
ချန်လွေ့သည် ကျေးဇူးတင်ခြင်းကို လက်ခံပြီး ဘရော့ခ်ကို ချီးမွမ်းလိုက်သည်။ တစ်စုံတစ်ယောက်အား လိမ်လည်ခြင်း၏ အမြင့်ဆုံးအဆင့်မှာ ထိုသူကို ထိခိုက်အောင် လုပ်ပြီးနောက်တွင်ပင် ထိုသူက သင့်ကိုကျေးဇူးတင်ပြီး သင့်အတွက် ပိုက်ဆံ ရေပေးခြင်းပင် ဖြစ်လေသည်။
မူလက ထိုသနားစရာဓားတွင် အလိုလို ပြန်ကောင်းနိုင်သည့် “အသေးစားဒဏ်ရာ” တစ်ခုသာ ရှိခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ ၎င်းသည် ပြန်ပြုပြင်၍မရသော ဒဏ်ရာအပြင်းစား ရရှိသွားလေပြီ။ ဂုဏ်သတ္တိ တိုးမြှင့်မှုဆိုတာကတော့......... မသေခင် နောက်ဆုံး ပြိုးပြိုးပြက်ပြက် အရောင်လက်တာကို မကြားဖူးဘူးလား။