← Chapters

ဘုံဘုရင်သစ်သီး နှင့် အထီးကျန်လောက

Vol. 19 Ch. 277

ဘုံဘုရင်သစ်သီး နှင့် အထီးကျန်လောက

Vol. 19 Ch. 277

ဘရော့ခ်သည် ပြင်ဆင်ပြီးသော သူ၏အကြိုက်ဆုံးဓားနှင့်အတူ သလင်းကျောက် တောင်ကြားမှ ထွက်သွားခဲ့သည်။နတ်ဆိုးဒိုင်းကို ဆုံးရှုံးခဲ့ရခြင်းအတွက် သူ၏စိတ်ထဲ၌ ဆူးတစ်ချောင်း ဖြစ်နေသော်လည်း ပြင်ဆင်ပြီးသော “သွေးမြစ်”ဓားသည် သူ့ကို စိတ်ပိုင်းဆိုင်ရာ သက်သာမှု အနည်းငယ် ပေးခဲ့သည်။ သေချာသည်မှာ သူလျှိုလုပ်ရမည် ဖြစ်သည့် အတွက် တစ်စုံတစ်ယောက်၏ ကောက်ကျစ်သော ရည်ရွယ်ချက်များကို မထုတ်ဖော်သင့်သေးပေ။ ထို့ကြောင့် “သွေးမြစ်”ဓားသည် နောက်ဆုံး တလက်လက် အရောင်တောက်ခြင်းမှ သေဆုံးရန်အတွက် အချိန်တချို့ ကျန်ရှိဦးမည် ဖြစ်သည်။

ဘရော့ခ် ပေါ်ထွက်လာခြင်းသည် ချန်လွေ့၏စိတ်ထဲမှ ထင်မြင်ချက်တစ်ခုကို အတည်ပြုပေးနိုင်ခဲ့သည်။ နတ်ဆိုးဒိုင်းဖြစ်စေ၊ သွေးမြစ်ဓားဖြစ်စေ၊ ထိုကဲ့သို့ လှည့်ကွက်များသည် အပေါ်ယံမျှသာ ဖြစ်သည်။ ချန်လွေ့ အမှန်တကယ် စဉ်းစားရမည်မှာ သလင်း‌ကျောက်တောင်ကြား၏ အင်အားကို အားနည်းစေရန် သို့မဟုတ် အတွင်းရေးပြဿနာကို ပိုမိုကျယ်ပြန့်အောင် ဖန်တီးရန် ဖြစ်သည်။ ထို့နောက်တွင် အတွင်းနှင့်အပြင် အင်အားစု၏ ပူးပေါင်းအားထုတ်မှုများသည် တစ်ခါတည်း အောင်မြင်သွားမည် ဖြစ်သည်။ထို့အပြင် ချန်လွေ့သည် ခီရာ၏အမေကို ရှာပြီး ခီရာနှင့်သူ့အမေ၏ [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားပေးရဦးမည် ဖြစ်သည်။

ခီရာ၏အမေမှာ ဖရီယာ ဖြစ်သည်။သူက မူလက သွေးရောင်နွယ်မြို့ အခြေစိုက်စခန်း၌ ရှိခဲ့သည်။ လွန်ခဲ့သော သုံးလေးနှစ်ခန့်က သူ့ကို ဆာဘရီနာက သလင်းကျောက် တောင်ကြားရှိ ဝါးမျိုခြင်းခန်းမသို့ ခေါ်ဆောင်လာခဲ့ပြီး အနိုင်ကျင့်ခံရသည်။ထို့နောက် သူ့ကို ဆာဘရီနာ၏ပြိုင်ဘက် အဇ်ဂါလော၏ အခြားမိန်းမဖြစ်သော အီဇိုလာက ခေါ်သွားကာ ယခုအထိ ပြန်မရောက်လာသေးပေ။

သွေးမြစ်ဓားကို “ပြင်‌ဆင်ခြင်း”နှင့် ဒဏ္ဍာရီလာအဆင့်နား နီးကပ်အောင် ပြုလုပ်ခြင်းသည် မာနူအား ချန်လွေ့၏ “စွမ်းဆောင်ရည်များ”ကို မြင်တွေ့သွားစေသည်။ ထို့ကြောင့် သူ၏စိတ်ထဲ၌ ချန်လွေ့၏တန်ဖိုးသည် ကြီးသထက် ကြီးလာသည်။သို့သော်လည်း အပြင်ဘက်၌ မာနူ လျစ်လျူရှု၍မရသော ကိစ္စများစွာ ရှိနေသည်။ ထို့ကြောင့် သူသည် သလင်းကျောက်တောင်ကြား၌ ကြာကြာ မနေခဲ့ပေ။ မာနူသည် ဘရော့ခ် ထွက်သွားပြီး နောက်နေ့တွင်ပင် ထွက်သွားခဲ့သည်။

ယခုအချိန်အတွင်း ချန်လွေ့သည် သလင်းကျောက်နဂါးဆီသို့ မှော်စက်ဝိုင်း “ လေ့လာခြင်း ” မှလွဲ၍ အချိန်အများစုကို တံခါးပိတ်ကာ နေနေခဲ့သည်။၎င်းသည်လည်း ယန္တရားဆရာသခင် အများအပြား၏ “ ပုံမှန်ကိစ္စ ” တစ်ခုပင် ဖြစ်သည်။

သို့ရာတွင် ချန်လွေ့သည် အခြားသူများ ထင်ထားသကဲ့သို့ အဆောင်ပစ္စည်း နတ်ဆိုးဒိုင်းကာ “သုတေသန”ပြုလုပ်ကာ စိတ်နှစ်ထားခြင်း မဟုတ်ပေ။ချန်လွေ့သည် မယ်ဂရစ်ဇ် အခြေအနေကို လေ့ကျင့်ရန်အတွက်သာ အားကုန်စိုက်ထုတ် နေခဲ့လေသည်။

အမှန်တကယ်၌ ကတ်စတာမိသားစု၌ နေခဲ့စဉ်က ချန်လွေ့သည် မယ်ဂရီဇ် အခြေအနေကို လေ့ကျင့်ရန် အကြိမ်များစွာ ကြိုးစားခဲ့သည်။သို့သော် “လောက”သည် အမှန်တကယ်ပင် လျို့ဝှက်ဆန်းကြယ်လှသည်။ ၎င်းသည် သူ၏ဘေးနားတွင်သာ ရှိနေသော်လည်း အမှန်တကယ်ပင် အလွန် ဒွိဟဖြစ်စေသည်။ထို့ကြောင့် မည်သည့် နေရာမှ စတင်ရမည်ကို ချန်လွေ့မသိပေ။ သူ၏ အတွေ့အကြုံတန်ဖိုးသည် သုညသာ ဖြစ်နေဆဲပင် ဖြစ်သည်။

စူပါစနစ်၏ အဆင့်တက်ခြင်းသည် အလွန်ထူးဆန်းပြီး အတွေ့အကြုံကို စွမ်းအား၌ အခြေမခံဘဲ လက်ရှိလေ့ကျင့်ရေး၏ ရည်ရွယ်ချက်ပေါ်၌ အခြေခံလေသည်။သူ၏ အချက်အလက်တစ်ခုခု နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရှိသွားသည့်တိုင် သူသည် နောက်ထပ်အခြေအနေတစ်ခုသို့ အဆင့်တက်နိုင်မည် မဟုတ်ပေ။ ယခင် [ ခန္ဓာသန့်စင်ခြင်း ] နှင့် [ စွမ်းအားသန့်စင်ခြင်း ] တို့သည် ရိုးရှင်းသည်။ [ စိတ်သန့်စင်ခြင်း ] သို့ရောက်ရှိ သွားသည့်အခါ အနည်းသယ် ‌ဆန်းကြယ်နေပြီ ဖြစ်သည်။ယခု [ နိယာမသန့်စင်ခြင်း ] သို့ ရောက်ရှိသွားသည့်အခါ ချန်လွေ့သည် မည်သည့်နေရာမှ စတင်ရမှန်း မသိတော့ပေ။

ဘုံဘုရင်သစ်သီးများ၏ အကူညီကို အမှီပြုခြင်းသည်မှာ တစ်ခုတည်းသော အဖြစ်နိုင်ဆုံး ဖြတ်လမ်းဖြစ်ပုံရသည်။ မည်သို့ပင် ဆိုစေကာမူ ဘုံဘုရင်သစ်သီး၏ အကြာဆုံးသက်တမ်းမှာ သုံးလသာ ဖြစ်သည်။ယခုတွင် တစ်လကျော် ကုန်ဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ၎င်းသည် မစားကြည့်ရဘဲ နွမ်းခြောက်ကာ အလိုအလျောက် ပျောက်ကွယ်သွားနိုင်ပေသည်။

ဘုံဘုရင်သစ်သီးသည် သစ်သီးအစစ် မဟုတ်ဘဲ အရုဏ်ဦးနှင်းခဲ၌ ဖြစ်ပေါ်လာသော အဆီအနှစ် ဖြစ်သည်။ ၎င်းကို စားသုံးပြီလျှင် စိတ်ထဲ၌ သက်ဆိုင်ရာ ပုံရိပ်ယောင်များ ပေါ်ထွက်လာစေသည်။ ထို့နောက်တွင် ၎င်းသည် စားသုံးသူ၏ စိတ်ကိုလိုက်၍ အထူးစိတ်ဝိညာဉ်အမှတ်အသားတစ်ခု ချန်ရစ်ထားခဲ့ကာ စုပ်ယူရသည်။

ထိုစိတ်ဝိညာဉ် အမှတ်အသားမှာ “ပိုင်နက်”၏ ခံစားချက် ဖြစ်သည်။ထိုကဲ့သို့ ပိုင်နက်အမျိုးအစားသည် ပိုင်နက်၏ အခြေခံအဆင့်သာ ဖြစ်ပြီး နတ်‌ဆိုး ဧကရာဇ်အဆင့်များ တတ်ကျွမ်းသော ပိုင်နက်-အတု ဖြစ်သည်။သို့ရာတွင် ပိုင်နက်-အတုသည် အမှန်တကယ်ပိုင်နက်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ၎င်းသည် မဟာနတ်ဆိုးဘုရင်အဆင့်နှင့် နတ်ဆိုးဧကရာဇ်အဆင့်ကြားရှိ အကြီးမားဆုံး ခြားနားချက်လည်း ဖြစ်သည်။

မဟာနတ်‌ဆိုးဘုရင်အဆင့်နှင့် နတ်ဆိုးဧကရာဇ်အဆင့်ကြားရှိ စွမ်းအားခြားနားချက်မှာ အလွန်ကြီးမားလှသည်။ အခြားသူများသည် ခွန်အားအရ နတ်‌ဆိုးဧကရာဇ်အဆင့် ရောက်သွားပြီ ဖြစ်သော်လည်း ပိုင်နက်စွမ်းအားကို မကျွမ်းကျင်သေးပေ။ထို့ကြောင့် သူတို့သည်မဟာနတ်‌ဆိုးဘုရင်အဆင့်၌သာ ရှိနေကြပြီး နတ်‌ဆိုးဧကရာဇ်အဆင့်ဟူ၍ သတ်မှတ်၍မရပေ။

ပိုက်နက်စွမ်းအားမရှိသော “နတ်ဆိုးဧကရာဇ်-အတု”နှင့် အစစ်အမှန် နတ်ဆိုးဧကရာဇ် ကြားရှိ စွမ်းအားခြားနာချက်မှာ အလွန်ကြီးမားလှသည်။ ၎င်းမှာ အရည်အသွေး ခြားနားချက်တစ်ခု ဖြစ်သည်။

ထိုနည်းတူစွာပင် အကယ်၍ ချန်လွေ့သည် မယ်ဂရီဇ် အခြေအနေ၏စွမ်းအားကို နားလည်သဘောပေါက်လျှင် နတ်ဆိုးဧကရာဇ်အဆင့်အောက်၌ ပြိုင်ဘက်ကင်း ဖြစ်လာမည် ဖြစ်သည်။အကယ်၍ ချန်လွေ့သည် မယ်ဂရီဇ်အခြေအနေ၏ စွမ်းအားကို အပြည့်အဝဆုပ်ကိုင်နိုင်မည်‌ဆိုလျှင် နတ်ဆိုးဧကရာဇ်အဆင့် ရောက်ခါစသူများကိုပင် ယှဉ်ပြိုင်နိုင်လောက်သည်။

သို့သော် ဘုံဘုရင်သစ်သီး၏စွမ်းအားမှာ ပြင်းထန်လွန်းလှသည်။ ၎င်း၏အစွမ်းကို နတ်ဆိုးဧကရာဇ်များသာ ခံနိုင်သည်။ [ ကြယ်တာရာဝါးမျိုခြင်း ] နှင့် [ ကြယ်တာရာကူးပြောင်းခြင်း ] ကို အသုံးပြု၍ရနိုင်၊ မရနိုင် ချန်လွေ့ သေချာမသိသေးပေ။

ချန်လွေ့သည် ဘုံဘုရင်သစ်သီးများကို ထုတ်လိုက်သည် ။ထိုသစ်သီး၏ ပုံသဏ္ဍာန်မှာ ပြီးပြည့်စုံသော သလင်းကျောက်အနုပညာလက်ရာ တစ်ခုသဖွယ် ဖြစ်နေပြီး သိမ်မွေ့ လှသည်။ ၎င်းထံမှ ရနံ့ဖျော့ဖျော့လေးတစ်ခု ထုတ်လွှင့်နေသည်။ ဖန်စားရသလိုမျိုး မဖြစ်နေပါဘူးနော်....။ ချန်လွေ့ ခေါင်းမော့ပြီး သစ်သီးကို ဝါးစားလိုက်သည်။

ဘုံဘုရင်သစ်သီးသည် အလွန်အမင်း အေးလှသော ပတ်ဝန်းကျင်မှဖြစ်လာသည်။ ချန်လွေ့သည် လက်ထဲ၌ အေးခဲမှုကို ခံစားရသော်လည်း ဝမ်းဗိုက်ထဲ ရောက်ရှိ သွားသည့်အခါ ၎င်းသည် မီးတောက်ကဲ့သို့ လောင်ကျွမ်းလာပြီး ခန္ဓာကိုယ်တစ်လျှောက် အလျင်အမြန် ပျံ့နှံ့သွားတော့သည်။

ချန်လွေ့သည် ခန္ဓာကိုယ်နေရာအနှံ့၌ လောင်ကျွမ်းနေခြင်းကို ခံနေသည့်အတွက် မခံမရပ်နိုင်အောင် နာကျင်နေသည်။သူ၏ကြွက်သားများ ရောင်ကိုင်းလာပြီး လိမ်လာသည်။ သူ ထိုင်မနေနိုင်တော့ဘဲ ကြက်သီးများထကာ လဲကျသွားတော့သည်။ ချန်လွေ့သည် မသက်မသာခံစားချက်ကို တွန်းကန်ရန် ကြိုးစားသည်။ကံကောင်းစွာပင် သူသည် စမ်းသပ်ခန်းပတ်လည်၌ မှော်စက်ဝိုင်းများကို ခင်းကျင်းထားခဲ့ပြီး မည်သူမှ မနှောင့်ယှက်ရန် တားမြစ်ထားခဲ့သည်။ထို့ကြောင့် သူ၏အသံနှင့် လှုပ်ရှားမှုများ၏ အပြင်မှ မည်သူမှ မကြားရပေ။

ပူလောင်သော ခံစားချက်သည် လေ့ကျင့်ရေးကွင်းထဲရှိ မီးတောင်ထက် ဆယ်ဆ ကျော်ခန့် ပိုကြီးများသည်။ ချန်လွေ့သည် မိမိ၏အရိုးနှင့်အသားများ အငွေ့ပျံ တော့မည်ဟု ခံစားနေရသည်။ ထို့ပြင် သူ၏ ဦးနှောက်လည်း ရောင်ကိုင်းလာပြီး ချက်ချင်းပင် သုံးလေးဆ ကြီးမားလာကာ ပေါက်ကွဲတော့မတတ် ဖြစ်နေသည်။

နာကျင်မှုသည် အမှန်တကယ် ဖြစ်သော်လည်း ရောင်ကိုင်းခြင်းသည် ပုံရိပ်ယောင်သာ ဖြစ်သည်။ဘုံဘုရင်သစ်သီးကို အနည်းဆုံး နတ်ဆိုးဧကရာဇ်အဆင့်သာ စားသုံး၍ရပြီး ချန်လွေ့၏စွမ်းအား အစစ်အမှန်မှာ မဟာနတ်ဆိုးဘုရင်အဆင့်သာ ရှိသေးသည့် အတွက် ထိုစွမ်းအားကို မခံနိုင်ခြင်း ဖြစ်သည်။ ပြဿနာမှာ သူထင်ထားခဲ့သော [ ကြယ်တာရာဝါးမျိုခြင်း ] နှင့် [ ကြယ်တာရာကူးပြောင်းခြင်း ] တို့၏အသိပေးချက် မပေါ်လာခဲ့သလို [ အရှိန်အဝါကူးပြောင်းခြင်း ] အတွက်လည်း အသိပေးချက် မထွက်ပေါ်လာခဲ့ပေ။

ထိုအချိန်၌ အမည်မသိ အားတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲ၌ လှိမ့်တက်လာပြီး ပေါက်ကွဲထွက်တော့မည့် ရောင်ကိုင်းသောခံစားချက်ကို တဖြည်းဖြည်း အားနည်း သွားစေသည်။ ထိုအားသည် မာနူ၏ [ ဝိညာဉ်လက်ထိပ် ] မှ စွမ်းအား ဖြစ်သည်။၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့် တစ်ယောက်၏စွမ်းအား တစ်ထောင်ပုံ တစ်ပုံသာ ဖြစ်သော်လည်း အလွန်အမင်း ပြင်းထန်သောစွမ်းအားတစ်ခု ဖြစ်သည်။ အရည်အသွေး၌ဖြစ်စေ၊ အရေအတွက်၌ဖြစ်စေ၊ ချန်လွေ့၏လက်ရှိခွန်အားထက် များစွာသာလွန်သည်။ ၎င်းတို့ကို ချန်လွေ့ ချက်ချင်း မချေဖျက်နိုင်ခဲ့သော ယခုအချိန်၌ အသုံးဝင်ခဲ့လေပြီ။

ထိုအား၏ တိုးမြှင့်မှုနှင့် ပျော်ဝင်မှုကြောင့် ချန်လွေ့၏ခန္ဓာကိုယ်သည် ပုံမှန်အတိုင်း ဖြစ်လာပြီး မာနူ၏ စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် စုပ်ယူလာနိုင်ခဲ့သည်။ အရေးကြီးဆုံးမှာ ဘုံဘုရင်သစ်သီး၏ အာနိသင် ပြတော့မည်ဖြစ်သည်။

ချန်လွေ့၏အမြင်နှင့် အသိစိတ် ဖြည်းဖြည်းချင်း ဝေဝါးသွားသည်။သူ ခက်ခက်ခဲခဲ အားထုတ်ပြီးနောက် အသိစိတ်ပြန်ဝင်လာသည့်အခါ အရှေ့မှ မြင်ကွင်းများ လုံးဝပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။၎င်းမှာ သူအတော်ကြာ မမြင်ခဲ့ရသော ရင်းနှီးသည့်မြင်ကွင်းတစ်ခု ဖြစ်၏။

ဖုန်များဖုံးနေသော လမ်းများ၊ ဆူညံသော ကာဟွန်းသံများ၊ နေရာအနှံ့ ရပ်ထားသော ကားများ၊ သွားလာနေကြသော လူအုပ်ကြီးများနှင့် သူ၏အရှေ့တွင် မိန်းကလေး နှစ်ယောက်က လမ်းလျှောက်ရင်း ကြံကိုက်စားနေကာ ကြံ၏ အကြွင်းအကျန်များ ပစ်ချခဲ့သည်။ထိုနေရာသည် အတော်လေး ရင်းနှီးသော မြို့လေးတစ်မြို့ ဖြစ်သည်။ ၎င်းသည် ခေတ်နောက်ကျပြီး ညစ်ပတ်သည်။သို့သော်လည်း ၎င်းသည် ချန်လွေ့၏ မွေးရပ်မြို့ ဖြစ်လေသည်။

ငါ ပြန်ပြီးတော့ လောကကူးပြောင်းလာတာလား။

အသီနာနဲ့ တခြားသူတွေရော။ပါ့ဂ်လီအိုနဲ့ တခြားသူတွေရော။ ထိုလောကသည် ချန်လွေ့၏ အမှန်တကယ် တွယ်တာရာ ဖြစ်သည်။သူရင်းနှီးခဲ့ဖူးသော ဤလောကသည် ယခုတွင် စိမ်းကားသွားပြီ ဖြစ်သည်။

ချန်လွေ့သည် လက်ထဲမှ မိုဘိုင်းဖုန်းကို ထုတ်ကြည့်သည်။ တံဆိပ်မပါသော ဖုန်းအတု ဖြစ်သော်လည်း ကင်မရာတစ်ခု ပါရှိသည်။ ဘာလို့ ဒါက ရင်းနှီးနေရတာလဲ။ဒါက စူပါစနစ်နဲ့ အတူတူ ထွက်ပေါ်လာတဲ့ ဖုန်းမဟုတ်လား။

ဤနေရာသည် အချိန်တိုင်း အသက်အန္တရာယ်မရှိ၊ အမှောင်လမြို့ကဲ့သို့ အန္တရာယ်မများ၊ သလင်းကျောက်တောင်ကြားကဲ့သို့ အန္တရာယ်များကြီး ကြောက်မက်ဖွယ်ရာ ရန်သူ့သားရဲတွင်းများ မရှိသော်လည်း ချန်လွေ့သည် ပြန်ရမည်ဖြစ်သည်။

ချန်လွေ့သည် ဖုန်းအတု၏ ပါဝါခလုတ်ကို ချက်ချင်း ဖိနှိပ်လိုက်သော်လည်း နာမည်ကြီး တစ်ယောက်၏မျက်နှာသာ ပေါ်ထွက်လာသည်။ထို့ပြင် ဆွဲဆောင်မှု ရှိသည်ဟု ထင်ကြသော အသံတစ်သံလည်း ထွက်လာသည်။

[ .........ဖုန်းကနေ ကြိုဆိုပါတယ်။ ]

ဘာတွေဖြစ်သွားတာလဲ။ဒါက စူပါစနစ် မဟုတ်ဘူးလား။

ချန်လွေ့က မိမိသည် ဘုံဘုရင်သစ်သီးများ စားခဲ့ခြင်းကို ရေးရေးလေး သတိရသွားသည်။ ထို့နောက် သူသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ ဒါက ပုံရိပ်ယောင်လား။ ဒါပေမဲ့ အရာအားလုံးက တော်တော်လေး ယုတ္တိရှိနေတယ်။ ချန်လွေ့သည် အဘိုးဖြစ်သူ နေခဲ့သော ရပ်ကွက်ဟောင်း‌ဆီသို့ လမ်းလျှောက် သွားလိုက်မိသည်။ သို့သော် ထိုနေရာသည် ဖြိုချခံရသောနယ်မြေ ဖြစ်နေလေပြီ။

ချန်လွေ့သည် ဦးတည်ချက်မရှိဘဲ လမ်းပေါ်၌ လမ်းလျှောက်နေခဲ့သည်။ထို့နောက် ထိုင်ချလိုက်သည်။မူလက ၎င်းသည် သူအရင်းနှီး‌ဆုံးသောလောကဖြစ်သည်။ သို့သော်လည်း ယခုတွင် ချန်လွေ့သည် လူအုပ်ကြီးနှင့် ပတ်သက်မှုမရှိသော အပြင်လူတစ်ယောက်ကဲ့သို့ ခံစားနေရသည်။

ငယ်စဉ်က သူသည် ယခုကဲ့သို့ ခံစားခဲ့ရဖူးသည်။

အချိန်သည် ရပ်တန့်နေပြီး သူတစ်ယောက်တည်းသာ လွင့်မျောနေသကဲ့သို့ ဖြစ်နေ၏။ သူသည် ဖြတ်သွားဖြတ်လာများကို ဖျော့တော့တော့ ပြုံးပြခဲ့သည်။အမှန်တကယ်၌ သူသည် တကယ်တမ်း ဖြတ်သွားဖြတ်လာ ဖြစ်သည်။

အထီးကျန်ဆန်လှသည်။

မြင်းစီးကာ အဆုံးမဲ့သော ကန္တာရထဲသို့ တစ်ယောက်တည်း ခရီးသွားနေသော ဖြတ်သွားဖြတ်လာကဲ့သို့ပင် ဖြစ်သည်။တစ်နေ့၌ သူလဲကျသွားသည့်အခါ အဆုံးသတ် ဖြစ်သွားပေမည်။

အထီးကျန်မှုများသာ ရှိသည်။

ကောင်းကင်ထဲ၌ လွတ်လွတ်လပ်လပ် ပျံဝဲနေသော ကြိုးလွှတ်သွားသည့် စွန်တစ်ခုကဲ့သို့ ဖြစ်နေသည်။သို့သော် ထိုကဲ့သို့ လွတ်လပ်သောဘဝသည် မည်မျှ ကြာရှည်ခံမည်နည်း။

အထီးကျန်ခြင်း တစ်ခုတည်းသာ ရှိနေ၏။

ချန်လွေ့သည် မိမိအား တစ်စုံတစ်ယောက် စောင့်ကြည့်နေကြောင်း ရုတ်တရက် ခံစားလိုက်မိသည်။သူ ချက်ချင်းပင် လှည့်ကြည့်ရာ သူ၏နောက်ဘက် ဘတ်စ်ကား ဂိတ်၌ ထူးထူးဆန်းဆန်းပြုံးကာ ထိုင်နေသော ယောက်ျားတစ်ယောက်ကို မြင်လိုက်ရသည်။

ချန်လွေ့ တုန်လှုပ်သွား၏။ ဒီလူရဲ့ မျက်နှာက....... ငါပဲ။ မဟုတ်ဘူး။ ဒီလို ဆိုးယုတ်တဲ့မျက်လုံးနဲ့ အပြုံးက...... [ စိတိသန့်စင်ခြင်း ] မှာ ငါသုတ်သင်ခဲ့တဲ့ အတွင်းနတ်ဆိုးပဲ။ ဒါမှမဟုတ် သူ့ကို အသူရာလို့ ခေါ်လို့လည်းရတယ်။

“ ငါ့ကိုတွေ့တာ အံ့ဩသွားလား။ ”

ချန်လွေ့၏နားထဲသို့ အသူရာ၏အသံ ရောက်ရှိလာသည်။ပတ်ပတ်လည်မှ အသံများ တိုးသွား၏။

“ ငါပြောခဲ့သလိုပဲ။မင်းထဲမှာ အမှောင်ထု ရှိနေသရွေ့ ငါဘယ်တော့မှ ပျောက်ကွယ် သွားမှာ မဟုတ်ဘူး။ ”

ချန်လွေ့ စိတ်အေးသွားသည်။[ စိတ်သန့်စင်ခြင်း ] စမ်းသပ်ချက်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်သွားနိုင်ခဲ့ပြီးနောက် ချန်လွေ့သည် အသူရာကို ဖြေရှင်းရန်အတွက် အပြည့်အဝ ယုံကြည်နေသည်။ ချန်လွေ့သည် တစ်ခါက အန္တရာယ်အများဆုံး ဖြစ်ခဲ့သော ရန်သူကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။

“ မင်းက ဒီပုံရိပ်ယောင်ကို ဖန်တီးခဲ့တာလား။ ”

အသူရာ ခေါင်းခါလိုက်သည်။

“ ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။ မင်းရဲ့ မှတ်ဉာဏ်ထဲက လောကပဲ။ ဒါကိုကြည့်လိုက်..... ”

ချန်လွေ့ လှည့်ကြည့်လိုက်ရာ အကူအညီတောင်းသံတစ်ခု ကြားလိုက်ရသည်။ အမျိုးသမီး တစ်ယောက်က “သူခိုး”ဟု အော်ဟစ်နေသည်။ ယောက်ျား တစ်ယောက်သည် ထိုအမျိုးသမီး၏ လက်ကိုင်အိတ်ကို လုယူသွားခဲ့ခြင်းဖြစ်သည်။ ဘေးနားမှလူများသည် သူခိုးအတွက် လမ်းဖယ်ပေးလိုက်ကြသည်။ မည်သူမျှ မကူညီကြပေ။

ချန်လွေ့နှင့် ထိုလူ မျက်နှာချင်းဆိုင် ဆုံသွား၏။သူတို့ အနီးကပ်လာသည့်အခါ ချန်လွေ့က လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် ပစ်ထိုးလိုက်သည်။ သို့သော်လည်း ထိသွားတော့မည့်အချိန်၌ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဖောက်ထွင်း သွားကြသည်။ ထိုလူသည် ဘာမျှမဖြစ်ဘဲ ရှေ့သို့ ဆက်လက်ထွက်ပြေးသွားသည်။ နောက်မှ အမျိုးသမီးသည် ဝေးသထက်ဝေးသွားသော သူခိုးကိုကြည့်ရင်း အမောဆို့သွားခဲ့သည်။

ချန်လွေ့ အံ့ဩသွားပြီး ဘေးနားမှ တိုင်တစ်တိုင်ကို ထိကြည့်သည်။ အမှန်တကယ်ကို ဖောက်ထွင်း သွားပြန်သည်။ ဒီလောက ပုံရိပ်ယောင်လား။ ဒါမှမဟုတ်ငါက ပုံရိပ်ယောင်လား။

မနီးမဝေး၌ အဘိုးကြီးတစ်ယောက်က မတော်တဆ မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူသည် ထိုနေရာ၌ အချိန်အတော်ကြာသည်အထိ မထနိုင်ခဲ့ပေ။ ဖြတ်သွားဖြတ်လာ များကလည်း ဂရုမစိုက်ကြပေ။ ကလေးတစ်ယောက် သွားကူညီရန် ရှေ့တက် လိုက်သော်လည်း အမေဖြစ်သူက ဆွဲထားလိုက်သည်။အမေဖြစ်သူက ထိုကလေးကို “ ငါတို့ ကူညီလို့မရဘူး ”ဟု အသံကျယ်ကျယ်နှင့် ဆူလိုက်သည်။ချန်လွေ့ ကူညီရန် ပြေးသွားသော်လည်း ထိုအဘိုးကြီးကို ဖောက်ထွင်းသွားပြန်သည်။

ပတ်ဝန်းကျင်လူများနှင့် အဖြစ်အပျက်များသည် အဆက်မပြတ် ပြောင်း‌လဲနေကြသည်။ အခြားသူများကို ရိုက်နှက်ပြီး ဇိမ်ခံကားများနှင့် တိုက်နေကြသော အရာရှိ သားသမီးများ၊ ရေနစ်နေသော ဆယ်ကျော်သက်ကလေးကို မကယ်တင်ဘဲ ကြည့်နေကြသူများ၊ လေ့ကျင့်ရေးအတွက် အကြောင်းပြပြီး ဆင်းရဲသော ကျောင်းသား/သူများ၏ ပိုက်‌ဆံများကို ဝါးမျိုကြသော အရာရှိများ၊အရာရှိများ ဆရာမတစ်ယောက်ကို အဓမ္မကျင့်ရန် အရက်မူးအောင် ကူညီပေးသော ကျောင်းအုပ်ကြီး၊ ပိုက်ဆံရရန်အတွက်ပြုလုပ်ထားသော အဆိပ်သင့် စားစရာနှင့် ဆေးဝါးများ ........ ၎င်းတို့သည် အစပိုင်းသာ ဖြစ်သည်။ထို့နောက်သည် ပို၍ မှောင်မိုက်သော မြင်ကွင်းများ၊ဖြစ်ရပ်များ ပေါ်ထွက်လာပြီး ချန်လွေ့ကို အလွန်ဒေါသထွက်စေသည်။သို့သော်လည်း ချန်လွေ့သည် ရပ်ကြည့်သူအဖြစ် ထိုတရားမမျှတမှုများ၊ဒုစရိုက်မှုများကို မကူညီနိုင်ဘဲ ကြည့်နေရလေသည်။

“ ဒီလောကက နတ်ဆိုးဘုံ မဟုတ်ပေမဲ့ နတ်ဆိုးဘုံထက် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ ”

အသူရာ ချန်လွေ့၏ခံစားချက်များ မငြိမ်မသက် ဖြစ်နေသည်ကို သတိထားမိပြီး ပို၍ပင် ကြက်သီးထစရာကောင်းလောက်အောင် ပြုံးလိုက်သည်။

“ အမှောင်ထု၊အေးစက်မှု၊တကိုယ်ကောင်းဆန်မှု၊စာနာစိတ်ကင်းမဲ့မှု...... နောက်ဆုံးတော့ ပကတိ လိုအင်ဆန္ဒတွေပဲ ကျန်တော့တယ်။ ”

ဒါက တကယ် ပုံရိပ်ယောင် မဟုတ်ဘူး။ငါ့ရဲ့ မှတ်ဉာဏ်ထဲက လောက အစစ်အမှန်ပဲ။ ထို့ကြောင့် ချန်လွေ့သည် ခဏမျှ ပြောစရာစကား မဲ့သွားခဲ့သည်။

အသူရာ တမင်တကာပင် ထပ်ပြောသည်။

“ တခြားသူတွေ နွေးထွေးဖို့နဲ့တောက်ပဖို့အတွက် ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းခံတဲ့ ငတုံးတချို့ ရှိချင်ရှိမယ်။ဒါပေမဲ့ အဲဒါက ဘာအကျိုးရှိလို့လဲ။ လောင်စာ ကုန်ခမ်းသွားတဲ့ အချိန်ကျရင် ပြာပုံဖြစ်သွားပြီးတော့ သွေးအေးတဲ့သူတွေရဲ့ ခြေထောက်နဲ့ နင်းချေတာကို ခံရမှာပဲ။ ”

ချန်လွေ့ တိတ်ဆိတ်နေ၏။ထိုအချိန်တွင် ကောင်းကင်မှနေအပါအဝင် အနီးအနား ပတ်ဝန်းကျင်သည် အဖြူအမည်း ရုပ်ရှင်ကဲ့သို့ အရောင်ပျောက်‌ဆုံးသွားခဲ့သည်။ထို့ပြင် အရာအားလုံး စတင် မှောင်မိုက်လာတော့သည်။

အသူရာ မတ်တပ်ပြီး ချန်လွေ့နားသို့ တစ်လှမ်းချင်း လှမ်းလာကာ လက်ဆန့်တန်းလိုက်သည်။

“ မင်းရဲ့နှလုံးသားထဲ၌ ဆန္ဒတွေကို အရှုံးပေးပြီးတော့ ငါ့ရဲ့ပေါင်းစပ်မှုကို လက်ခံလိုက်။ ဒါက ဝင်ရောက်နေထိုင်တာမဟုတ်ဘူး။ ပေါင်းစပ်တာ။ ဒီလောကမှာ အခြား လောကမှာ ဖြစ်ဖြစ် မင်းက မယှဉ်နိုင်တဲ့ စွမ်းအားတွေ ရရှိလာမယ်။မင်းက စိတ်ရှိသလို အရာရာကို ပိုင်ဆိုင်နိုင်၊ယိုယွင်းစေနိုင်၊ကစားနိုင်၊ ဖျက်ဆီးနိုင်တဲ့ အဆင့်မြင့် နတ်ဘုရားတွေလိုမျိုး လူတိုင်းထက် ပိုပြီးတော့ အဆင့်မြင့်မားနေလိမ့်မယ်။ ”

All Chapters