← Chapters

ကြယ်နက် ပိုင်နက်

Vol. 19 Ch. 278

ကြယ်နက် ပိုင်နက်

Vol. 19 Ch. 278

ချန်လွေ့ မခုခံကြောင်း မြင်သည့်အခါ အသူရာ ပို၍ပင် ပြုံးလိုက်သည်။သူသည် ချန်လွေ့၏ ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် လျှပ်စီးအလိုက်ခံရသကဲ့သို့ပင် ချက်ချင်း တွန်းကန်ခံလိုက်ရသည်။ သူ၏လက်ချောင်းများသည် အငွေ့ပျံတော့မည့်သဖွယ် အစိမ်းရောင် အငွေ့များ ထွက်လာ၏။

အသူရာ မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ချောင်းများ ပုံမှန်အတိုင်း ချက်ချင်း ပြန်ဖြစ်သွားသည်။ထို့နောက် သူသည် ချန်လွေ့၏ ခြေထောက်အောက်၌ အလင်းရောင်အနည်းငယ်ကို မြင်တွေ့လိုက်ရသည်။ ဘိလပ်မြေပြားနှစ်ခုကြားမှ မြက်တစ်ပင်သည် မြဲမြဲမြံမြံ ကြီးထွားလာပြီး မှောင်မည်းနေသော လောကကြီး တစ်ခုလုံးနှင့် ကွဲပြားသော အစိမ်းရောင်ကို ဖော်ပြလိုက်သည်။

အသူရာ ထိုအစိမ်းရောင်ကို စိုက်ကြည့်လိုက်ရာ ၎င်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သို့ရာတွင် သူ၏ပတ်ပတ်လည်၌ အစိမ်းရောင်အစက်များ စတင်တောက်ပလာသည်။ အရောင်မွဲနေသော လောကကြီး တစ်ခုလုံးသည် တဖြည်းဖြည်းနှင့် အရောင်ပြန်လည် ရရှိလာခဲ့သည်။

“ ဘာမှလုပ်မနေနဲ့တော့။ အသုံးမဝင်ဘူး။ မင်း ပြောခဲ့တဲ့အတိုင်းပဲ။ ဒါက ငါ့မှတ်ဉာဏ်ထဲက လောက။ အဲဒါကြောင့် နဂိုရှိနေတဲ့ အရာတွေကို မင်းဖျောက်ပစ် နိုင်မှာ မဟုတ်ဘူး။ဒီအစိမ်းရောင်တွေလိုမျိုးပေါ့။ ”

တစ်ချိန်လုံး တိတ်ဆိတ်နေသော ချန်လွေ့က ပြောသည်။

“ ဒါက အားနည်းတဲ့ မျိုးစေ့တစ်ခုပဲ ဖြစ်ပေမဲ့၊ မာကြောပြီး အေးစက်တဲ့ ဘိလပ်မြေ ဖြစ်ပေမဲ့၊ ဒါက မျှော်လင့်ချက်အစိမ်းရောင်ကို ပြသနိုင်တုန်းပဲ။ ”

အသူရာသည် အဆက်မပြတ် စွမ်းအားသုံးသော်လည်း တိုးပွားလာသော အ‌စိမ်းရောင်များကို မဖျောက်ဖျက်နိုင်သေးပေ။ သူ၏ခန္ဓာကိုယ် ဖျပ်ခနဲ ပျောက်ကွယ်သွားပြီး တိမ်တိုက်အမည်းအဖြစ် ပြောင်းလဲသွားသည်။ နက်မှောင် နေသော ကောင်းကင်သည် ယခုတွင် မြူနှင်းများ ဖုံးလွှမ်းခံလိုက်ရပြီး နေလုံးသည်ပင် မည်းနက်မှောင်သွားတော့သည်။

ချန်လွေ့သည် အငွေ့မည်းတစ်ခုဖြင့် ရစ်ပတ်ခံလိုက်ရပြီး နှလုံးသားထဲ၌ အမျိုးမျိုးသော အပျက်သဘောခံစားချက်များ မြင့်တက်လာပြီး အလျင်အမြန် တိုးပွားလာကြောင်း ခံစားလိုက်ရသည်။နာကျင်မှု၊ဝမ်းနည်းမှု၊အကြောက်တရား...သူ၏ခန္ဓာကိုယ်သည် ထုံထိုင်းခြင်း၊ အားနည်းခြင်း အစရှိသည့် အခြေအနေ အမျိုးမျိုး ဖြစ်ပျက်နေသည်။သို့သော်လည်း သူ၏မျက်လုံးများမှာ တည်ငြိမ်လျက်သာရှိသည်။

“ အသူရာ။မင်း တစ်လောကလုံးကို အမှောင်ထုနဲ့ ဖုံးလွှမ်းရင်တောင် လူတိုင်းရဲ့နှလုံးသားထဲမှာ အစိမ်းရောင်တချို့ ရှိနေဦးမှာပဲ။ အဲဒါက သတိမပြုမိတာ ဖြစ်နိုင်တယ်။ အညှောင့်ပေါက်နေပြီးတော့ မြေကြီးထဲကနေ ဒါမှမဟုတ် ဘိလပ်မြေထဲကနေ ခေါင်းထိုးထွက်လာတာ ဖြစ်နိုင်တယ်။ သေးငယ်တဲ့ မီးပွင့်တွေလိုမျိုးပဲ။ နောက်ဆုံးမှာ လယ်ကွင်းတစ်ခုလုံးကို လောင်ကျွမ်းစေနိုင်တယ်။ ငါတို့ရဲ့ နှလုံးသားထဲက အမှောင်ထုကို အမှန်တကယ်သုတ်သင်လို့ မရသလို အလင်းရောင်ကိုလည်း အမှန်တကယ် သုတ်သင်လို့မရဘူး။ ”

ချန်လွေ့သည် ကောင်းကင်ထဲမှ အနက်ရောင် နေလုံးကို တစ်ချက်ကြည့်လိုက်သည်။

“ ငါက ဘဝကြီးကို တစ်ကြိမ်မက အပြစ်တင်ခဲ့ဖူးတယ်။တစ်ကြိမ်မက မျှော်လင့်ချက်၊ ယုံကြည်ချက် ပျောက်ခဲ့ဖူးတယ်။ဒါပေမဲ့ ငါ့ရဲ့ခြေထောက်နဲ့ တစ်လှမ်းချင်း ရှေ့ဆက်သွားနိုင်ခဲ့တယ်။ ဒါကို တုံးအတယ်လို့ မင်း ထင်ကောင်းထင်မယ်။ဒါပေမဲ့ တုံးအတဲ့သူတွေ ပိုများလာတဲ့အခါ၊ ပြာပုံအရှေ့က အလင်းရောင်နဲ့ အပူရှိန်က လူတွေကို ပိုသက်ရောက်စေပြီး လင်းလက်စေနိုင်တဲ့အခါ၊ အ‌စိမ်းရောင်အစေ့တွေက အညှောင့်‌ပေါက်လာပြီးတော့ လူအများစုရဲ့ နှလုံးသားထဲမှာ ကြီးထွားလာမယ်။ပြီးရင် အေးစက်တဲ့ တစ်လောကလုံးကို နွေးထွေးစေနိုင်တယ်။အဲဒီနေ့ ဘယ်အချိန် ရောက်လာမလဲဆိုတာ ငါမသိပေမဲ့ အဲဒီနေ့မျိုး ရောက်လာမယ်လို့ ငါလုံးဝ ယုံကြည်နေတယ်။အဲဒါကြောင့် ငါခေါင်းမော့ပြီးတော့ ရှေ့ကို တန်းတန်းမတ်မတ် ဆက်သွားနေတာပဲ။ ”

အငွေ့မည်း၏ အလယ်၌ ပူလောင်ပြီး တောက်ပနေသော အစိမ်းရောင်တစ်ခု ရှိနေ၏။အငွေ့မည်းသည် လက်မခံနိုင်ဘဲ အော်ဟစ်ပြီးနောက် တဖြည်းဖြည်း ပါးလွှာသွားသည်။ပတ်ဝန်းကျင် လောကသည်လည်း မူလအတိုင်း အရောင်ပြန်လည် စုံလင်သွားတော့သည်။

ချန်လွေ့သည် လက်ထဲမှ ဖုန်းအတုကို ပြန်ဖွင့်လိုက်ရာ ရင်းနှီးသော စာကြောင်းတစ်ခု ထွက်ပေါ်လာသည်။

“ ဂုဏ်ယူပါတယ်။စူပါစနစ်ကနေ ကြို‌ဆိုပါ၏။ ”

“ လီးလိုမျိုး ဘဝကြီး။ ”

နောက်ဆုံး၌ ချန်လွေ့သည် ဖုန်းမပေါက်ကွဲခင်၌ အပြည့်အစုံ ဆဲသွားနိုင်ခဲ့သည်။

သူသည် လောကမကူးပြောင်းခင်က အကြီးမားဆုံး နောင်တကို ပြန်လည် ဖြေဆည်နိုင်ခဲ့၏။

အတော်လေး လေးလံနေသည့် မျက်လုံးကို အားတင်းဖွင့်လိုက်ပြီးနောက် သူသည် သလင်းကျောက်တောင်ကြားရှိ စမ်းသပ်ခန်းထဲသို့ ပြန်ရောက်နေခဲ့သည်။

ဒီဘုံဘုရင်သစ်သီးက ဘာလဲ။ ခုနကဟာက ရိုးရိုးရှင်းရှင်း ပုံရိပ်ယောင် မဟုတ်ဘူး။ အဲဒါက အသူရာကို ဆင့်ခေါ်ခဲ့တယ်။ ငါ့ရဲ့စိတ်စွမ်းအားက အားမကောင်းဘူးဆိုရင် အသူရာကို အခွင့်ကောင်း ယူသွားလောက်တယ်။

ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် မာနူ၏ [ ဝိညာဉ်လက်ထိပ် ] မှ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ချေဖျက်ကာ ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ခဲ့ပြီး ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့၏စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေဟန်တူသည်။သေသေချာချာ ခံစားကြည့်ပြီးသည့်အခါ ၎င်းသည် အသူရာ ထုတ်လွှတ်ခဲ့သည့် ဆိုးယုတ်မှုများနှင့် အမှောင်ထုများ ပြည့်နှက်နေသော အမှောင်စွမ်းအား ဖြစ်နေ၏။

ဒါက ဘုံဘုရင်သစ်သီး ချန်ထားတဲ့ စိတ်ဝိညာဉ် အမှတ်အသားလား။

ချန်လွေ့သည် [ စိတ်သန့်စင်ခြင်း ] စမ်းသပ်ချက်ဖြစ်သော အတွင်းနတ်‌ဆိုး၏ တည်ရှိမှုနှင့် တူညီသည့် အသူရာကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ပြဿနာ အကြီးကြီး တက်နေဆဲ ဖြစ်သည်။ အခုတော့ ဘုံဘုရင်သစ်သီးက ရှောင်လွှဲလို့မရတဲ့ အမှတ်အသားတစ်ခု ချန်ရစ်ခဲ့တယ်။ ဒါက ငါ့ကို ပြဿနာတက်အောင် လုပ်နေတာ မဟုတ်လား။

ပြဿနာမှာ ချန်လွေ့သည် ထိုအမှတ်အသားကို မည်ကဲ့သို့ ဖယ်ရှားရမည်ကို မသိခြင်းပင် ဖြစ်သည်။ ဒါက အသူရာ ပြန်လည်ရှင်သန်ခြင်းက စနစ်ပိုး(BUG) တစ်ခု ဖြစ်နေမလား။ အရေးကြီးတဲ့ တိုက်ပွဲအခိုက်အတန့်တွေမှာ သူပေါ်ထွက်လာရင် ဒုက္ခရောက်ပြီပဲ။

ချန်လွေ့ မျက်မှောင်ကြုတ်နေစဉ် “ မကောင်းတဲ့စွမ်းအား‌ဆိုတာ မရှိဘူး။သုံးတဲ့သူ မကောင်းတာပဲ ရှိတယ် ” ဟူသော စကားကို ရုတ်တရက် တွေးမိလိုက်သည်။ တစ်နည်းပြောရလျှင် စွမ်းအား၌ ကောင်းသည် မကောင်းသည်ဟူ၍ ခြားနားချက် မရှိပေ။ ကောင်းသောသူများသည် ကောင်းပြီး ‌ဆိုးသောလူများမှာ ဆိုးမည်သာ ဖြစ်သည်။ အောက်လမ်းပညာ အသုံးပြုသောသူများသည် သေချာပေါက် လူဆိုးများ မဖြစ်နိုင်သကဲ့သို့ပင် ဖြစ်သည်။

ခုနက ချန်လွေ့သည် အသူရာ၏စွမ်းအားကို ကိုယ်တိုင် ခံစားခဲ့ရသည်။၎င်းသည် ဝိညာဉ်ကို တိုက်ခိုက်သောအားတစ်ခုသာ မဟုတ်ဘဲ ရန်သူ၏ အခြေအနေများကိုလည်း အားနည်းစေသည်။သွက်ချာပါဒ၊ အားနည်းခြင်း၊ နှေးကွေးခြင်း၊ ထိခိုက်မှုတိုးမြှင့်ခြင်း အစရှိသော အပျက်သဘော အခြေအနေများလည်း တစ်လွှာပြီးတစ်လွှာ ထပ်ပေါင်း ထည့်ထား၏။

ဒါက ပိုင်နက်စွမ်းအားလား။

ဒါဆို ဒီလိုစွမ်းအားမျိုးကို ငါဘယ်လို ထုတ်ရမှာလဲ။ ဒါက စိတ်ဝိညာဉ်ကို အစိုင်အခဲဖြစ်စေတာ ဒါမှမဟုတ် ခံစားချက်တစ်ခုခု လိုမျိုးပဲ။ ပိုပြီးတော့လည်း လျို့ဝှက်ဆန်းကြယ်တယ်။ဒါက ဥပဒေသ တစ်ခုလိုမျိုးနဲ့တူတယ်။ အစစ်အမှန် ပိုင်နက်ဆိုတာက သဘာဝစွမ်းအားကို လှုံ့ဆော်တာလို့ ပါ့ဂ်လီအို ပြောခဲ့ဖူးတယ်။ အခုလက်ရှိ ငါက ပိုင်နက်-အတုကိုတောင် နားမလည်သေးဘူး။အဲဒါကြောင့် စစ်မှန်တဲ့ ပိုင်နက်ကို နားလည်ဖို့ဆို ‌ဝေလာဝေးပဲ။

မည်သို့ပင် ဖြစ်စေ၊ စွမ်းအား၏ အဆီအနှစ်မှာ အတူတူပင် ဖြစ်သည်။ချန်လွေ့သည် အခြားအတွေးများကို ဘေးဖယ်ပြီး စိတ်ဝိညာဉ်အမှတ်အသားထဲရှိ ခံစားချက်နှင့် ပုံရိပ်ယောင်ထဲရှိ အသူရာ၏စွမ်းအားကို သေသေချာချာ ခံစားလိုက်သည်။ တစ်စုံတစ်ခုကို သူ ရေးရေးလေး ရှာတွေ့သွားခဲ့သည်။သို့သော်လည်း သူ ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။

ချန်လွေ့ ခဏစဉ်းစားလိုက်သည်။ထို့နောက် စူပါစနစ်၏ လေ့ကျင့်ရေးကွင်းထဲဝင်ပြီး အချိန်စည်းမျဉ်းကို အသက်သွင်းလိုက်သည်။ထိုအပျက်သဘော အမှောင်စွမ်းအားကို အသုံးချရန်အတွက် ချန်လွေ့သည် အမှောင်ထဲသို့ အရင်ပေါင်းစပ်ပြီး ခံစားကြည့်ကာ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်အောင် ပြုလုပ်ရမည်ဖြစ်သည်။

တစ်ရက်ကြာပြီးနောက် ချန်လွေ့ မျက်လုံးဖွင့်ပြီး လက်ကိုဝှေ့ရမ်းလိုက်ရာ အငွေ့မည်း အရိပ်အယောင်များ ထွက်ပေါ်လာသည်။ထို့နောက် ချက်ချင်းပင် စမ်းသပ်ခန်း တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ သို့သော်လည်း စွမ်းအားမလုံလောက်မှုကြောင့် အငွေ့မည်းသည် ပုံစံတစ်ခုသို့ ရောက်ရှိပြီး ၅စက္ကန့်မပြည့်ခင်မှာပင် ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့ မျက်မှောင်ကြုတ်ခိုက်သည်။၎င်းမှာ ရက်၁၀၀ အချိန်စည်းမျဉ်းဖြင့် လေ့ကျင့်မှု ရလာဒ်ဖြစ်ပြီး သူ၏လက်ရှိ ကန့်သတ်ချက် ဖြစ်သည်။ သို့သော်လည်း အသုံးဝင်လောက်သည်အထိ မရောက်သေးသည်မှာ သေချာနေသည်။ နားလည်မှု အားနည်းခြင်းမှာ အကြောင်းရင်းတစ်ရပ် ဖြစ်သော်လည်း အရေးကြီးဆုံးမှာ စွမ်းအားနည်းပါးမှုကြောင့်ပင် ဖြစ်သည်။

ထိုကြောင့်ပင် နတ်ဆိုးဧကရာဇ်အဆင့်များသာ ပိုင်နက်အသုံးပြုနိုင်ကြခြင်း ဖြစ်သည်။ မိမိ၏ လက်ရှိစွမ်းအား နတ်ဆိုးဘုရင်အဆင့်ဖြင့်ဆိုလျှင်မာနူ၏ စွမ်းအားကို အပြည့်အဝ စုပ်ယူပြီးသည့်တိုင် နတ်‌ဆိုးဧကရာဇ်အဆင့်သို့ ရောက်နိုင်မည် မဟုတ်ပေ။

ချန်လွေ့ မသိခဲ့သည်မှာ နတ်ဆိုးများအတွက် မဟာနတ်ဆိုးဘုရင်အဆင့်မှ နတ်ဆိုးဧကရာဇ် အဆင့်အထိ ရောက်ရန်အတွက် အကြီးမားဆုံး အတားအဆီးမှာ ခွန်အားမဟုတ်ဘဲ ပိုင်နက်စွမ်းအား ဖြစ်နေခြင်းပင် ဖြစ်သည်။ နတ်ဆိုး ဧကရာဇ်အဆင့်နှင့် မဟာနတ်ဆိုးဘုရင်အဆင့်ကြားရှိ ခြားနားချက်မှာ အမြင်ဆင့် နတ်ဆိုးနှင့် နတ်ဆိုးဘုရင် ကဲ့သို့ပင် ဖြစ်သည်။အပိုင်းသာ ခြားနားခြင်းမဟုတ်ဘဲ အဆင့်ကြီးတစ်ဆင့် ခြားနားခြင်း ဖြစ်သည်။ အကယ်၍ မဟာနတ်ဆိုးဘုရင်အဆင့်မှ နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်ရောက်ရန်ကြိုးစားနေသူတစ်ယောက်က ချန်လွေ့၏ လက်ရှိအခြေအနေကို မြင်လျှင် အတော်လေး ပြောစရာစကားမဲ့သွားမည် ဖြစ်သည်။

သို့သော် ချန်လွေ့၏အခြေအနေသည် ထူးခြားသည်။စူပါစနစ်၏ ကြယ်အဆင့် ဆင့်ကဲပြောင်းလဲခြင်းသည် သာမန်နတ်‌ဆိုးများ၏ အဆင့်တက်ခြင်းနှင့် မတူညီပေ။ လက်ရှိတွင် ချန်လွေ့သည် လျို့ဝှက်ဆန်းကြယ်မှု အနည်းငယ်ကို နားလည်သွားပြီ ဖြစ်သည်။ချန်လွေ့ လိုအပ်နေသည်မှာ “လောက” တည်ဆောက်ရန်အတွက် စွမ်းအားပင် ဖြစ်သည်။ ထိုတစ်ဆို့မှုသည် ချန်လွေ့ကိုစဉ်းစားခန်းဝင်စေပြီး သူ၏စိတ်ထဲ၌ စူပါစနစ်၏ ကြယ်စင်စုပုံရိပ် ဖျပ်ခနဲ ပေါ်ထွက်လာသည်။ရုတ်တရက် သူအကြံရသွားသည်။စိတ်ကို စေစားလိုက်သည့်အခါ သူ၏ပတ်ပတ်လည်၌ ကြယ်များ ပေါ်ထွက်လာသည်။စမ်းသပ်ခန်းတစ်ခုလုံးသည် စူပါစနစ်ထဲရှိ နေအဖွဲ့အစည်းနှင့် ဆင်တူသော စကြဝဠာ အသေးစားကဲ့သို့ ဖြစ်သွားသည်။သို့သော်လည်း ၎င်းသည် ချန်လွေ့နားလည်ခဲ့သော ပိုင်နက်မဟုတ်ဘဲ မယ်ဂရီဇ် အခြေအနေ၏ အစွမ်းအသစ်ဖြစ်သော [ ကြယ်စင်စု ပိုင်နက် ] ပင် ဖြစ်လေသည်။

[ ကြယ်စင်စု ပိုင်နက် ] သည် အသုံးပြုသူ၏ အချက်အလက်အားလုံးကို ၃၀% တိုးစေပြီး ရန်သူ၏ အချက်အလက်အားလုံးကို ၃၀% လျှော့စေသည်။မိနစ်၃၀အထိ အသုံးပြု၍ရသည်။ ၎င်း၏ သက်ရောက်မှုနှင့် အဝန်းအဝိုင်းကို အသုံးပြုသူ၏ စွမ်းအားတိုင်း တ်ုးမြှင့်၍ရသည်။ပြောင်းလဲ၍ရသည်။

ချန်လွေ့၏လက်ထဲမှ အနက်ရောင်အငွေ့များ စတင်ထွက်ပေါ်လာသည်။ချန်လွေ့သည် စိတ်ကိုအာရုံစိုက်ပြီး ထိုအငွေ့နက်စွမ်းအားကို ကြယ်စင်စုထဲသို့ ပေါင်းထည့်ရန် ကြိုးစားကြည့်သည်။[ ကြယ်စင်စုပိုင်နက် ]က အခြေခံအဖြစ် တည်ရှိသည့် အတွက် ချန်လွေ့သည် တည်ဆောက်ပုံအပေါ်၌ စွမ်းအင်အမြောက်အမြား သုံးစွဲစရာ မလိုအပ်ပေ။တိုက်ရိုက်သာ ပေါင်းစပ်၍ ရလေသည်။

စွမ်းအားနှစ်မျိုးလုံသည် ဇစ်မြစ်တစ်ခုတည်းမှ လာခြင်း ဖြစ်သည်။ပေါင်းစပ်ရာတွင် အခက်အခဲတချို့ တွေ့ကြုံခဲ့သော်လည်း ပုံမှန်အားဖြင့် အဆင်ပြေလှသည်။ တစ်ခါတစ်ရံ၌ အသက်ရှူမဝခြင်းသာ ဖြစ်သည်။နောက်ဆုံး၌ [ ကြယ်စင်စု ပိုင်နက် ]၏ မိနစ်သုံးဆယ် အချိန်မကုန်ခင်တွင် ချန်လွေ့သည် အတော်လေး အောင်မြင်သော ပေါင်းစပ်မှုတစ်ခု ရရှိနိုင်ခဲ့သည်။

ထိုအချိန်၌ [ ကြယ်စင်စု ပိုင်နက် ]သည် ယခင်နှင့် မတူတော့ပေ။ဂြိုလ်များသည် အမည်းရောင်ဖျော့ဖျော့ တောက်ပနေပြီး ငရဲမှ ကျောက်မျက်များကို ထွင်းထုထား သကဲ့သို့ ဖြစ်နေသည်။ပုံပန်းသွင်ပြင်သာ ပြောင်းလဲသွားခြင်းမျိုးမဟုတ်ဘဲ [ ကြယ်စင်စု ပိုင်နက် ]၏ ဂုဏ်သတ္တိများလည်း ပြောင်းလဲသွားသည်။အသုံးပြုသူကို အားတိုးစေပြီး ရန်သူများကို အားနည်းစေခြင်းအပြင် “ ဖရိုဖရဲ ” ထပ်ပေါင်းပါရှိလာသည်။၎င်းမှာ [ ကြယ်စင်စု ပိုင်နက် ] ထဲရှိ သက်ရှိများအားလုံးကို ဇဝေဇဝါဖြစ်နိုင်ချေရှိပြီး ရန်သူဖြစ်စေ၊မိတ်ဆွေ ဖြစ်စေ၊ အခြားသက်ရှိများအားလုံးကို ရန်ပြုနိုင်ခြင်း ဖြစ်သည်။

အချက်အလက်ပြ ဇယား၌ မလှုပ်ရှားခဲ့သော အတွေ့အကြုံတန်ဖိုး စတင်လှုပ်ရှား လာ၏။

ထိုကြိုးစားမှု၏ အောင်မြင်မှုသည် ချန်လွေ့ကို အလွန်ပျော်ရွှင်သွားစေသည်။လက်ရှိ၌ [ ကြယ်စင်စု ပိုင်နက် ] နှင့် အနက်ရောင်အမှတ်အသားအပေါ် ချန်လွေ့၏ နားလည်မှုသည် သိပ်ပြီးမနက်ရှိုင်းလှပေ။သူ ၎င်းကိုကျွမ်းကျင်ပြီး လုံးဝပေါင်းစပ် နိုင်သွားလျှင် အသူရာ၏ စစ်မှန်သော အနက်ရောင်ပိုင်နက်ကို ရရှိနိုင်ကာ [ ကြယ်စင်စု ပိုင်နက် ] လည်း အမျိုးမျိုးသော ပြင်းထန်‌သည့် အပျက်သဘော ဆုတ်ယုတ်မှုများ ဖြစ်စေကာ ရန်သူများ၏ အစွမ်းများကို အားနည်းသွားစေနိုင်မည် ဖြစ်သည်။ ချန်လွေ့သည် ထို[ ကြယ်စင်စု ပိုင်နက် ] အသစ်ကို [ ကြယ်နက် ပိုင်နက် ] ဟူ၍ နာမည်ပေးလိုက်သည်။

ကံမကောင်းစွာပင် [ ကြယ်စင်စု ပိုင်နက် ] စွမ်းအားကို မိနစ်၃၀သာ အသုံးပြု၍ရသည်။ ခဏအကြာ၌ [ ကြယ်နက် ပိုင်နက် ] ပျောက်ကွယ်သွားသည်။ထိုအချိန်မှသာ ချန်လွေ့သည် ပြင်းထန်သော ‌‌ဆာလောင်မှုနှင့် ပင်ပန်းမှုကို ခံစားရလိုက်သည်။သူသည် လေ့ကျင့်ရေးကွင်း၌ ရက်၁၀၀ လေ့ကျင့်ခဲ့ခြင်းပင် ဖြစ်လေသည်။

[ ကြယ်နက် ပိုင်နက် ]သည် “လောကစွမ်းအား”ကို နားလည်ရန် ချန်လွေ့အတွက် နည်းလမ်းများထဲမှ တစ်ခုသာဖြစ်ပြီး စစ်မှန်သော ပိုင်နက်နှင့် ကွဲပြားနိုင်ပေသည်။ လုံးဝပြီးပြည့်စုံစွာ ပေါင်းစပ်သွားနိုင်သည့်တိုင် အမှန်တကယ် ပိုင်နက်တစ်ခု ဖြစ်လာရန်အတွက် အတော်လေး ဝေးကွာဦးမည် ဖြစ်သည်။မည်သို့ပင် ဆိုစေကာမူ နောက်ဆုံး၌ ချန်လွေ့သည် အောင်မြင်သော စမှတ်တစ်ခုကို ရှာတွေ့သွားပြီဖြစ်သည်။

သူသည် စမ်းသပ်ခန်းထဲမှထွက်ပြီး ဧည့်ခန်းထဲသို့ ရောက်လာသည်။ သူက အစေခံများအား စားစရာပြင်ဆင်ရန် စေခိုင်းလိုက်သည့်အခါ အစေခံတစ်ယောက်က သတင်းပို့လာသည်။

“ ဝါးမျိုခြင်းခန်းမက မဒမ် ဆာဘရီနာက လူလွှတ်ပြီးတော့ လောလောလတ်လတ်ရရှိထားတဲ့ ရှားပါး ခရမ်းဘယ်ရီဝိုင်ကို မြည်းဖို့အတွက် ဆရာသခင်ကို ဖိတ်ခိုင်းလိုက်တယ်။ ”

ယခင်နေ့ရက်များ၌ ချန်လွေ့သည် နတ်ဆိုးဒိုင်းအား သုတေသန် ပြုလုပ်နေသည် ဟူသော ဆင်ခြေဖြင့် စမ်းသပ်ခန်းထဲ၌ တစ်နေ့လုံး လေ့ကျင့်နေခဲ့သည်။ သလင်းကျောက်နဂါးမှလွဲ၍ ချန်လွေ့သည် ဆာဘရီနာတို့ သားအမိနှင့် အဆက်အဆံ လုံးဝမရှိသလောက် ဖြစ်ခဲ့သည်။ယခုခရီး၏ ရည်ရွယ်ချက်မှာ “ သူတို့၏ ဆက်ဆံရေးကို တိုးမြှင့်စေရန် ” ဖြစ်နိုင်သည်။ ချန်လွေ့သည် ထိုခရီးကို အခွင့်ကောင်း ယူပြီး အဇ်ဂါလောနှင့် ခီရာ၏အမေ ဖရီယာအကြောင်းကို ပိုသိအောင် ပြုလုပ်နိုင်ပေသည်။

ချန်လွေ့သည် စမ်းသပ်ခန်းမှ ထွက်သွားပြီး ဝါးမျိုခြင်းခန်းမသို့ လမ်းလျှောက် သွားခဲ့သည်။

သလင်းကျောက်တောင်ကြားသည် အလွန်ကျယ်ဝန်းလှပြီး အင်အားစုကြီးသုံးစု၏ လူနေအိမ် နယ်မြေများမှာ အတော်လေး ဝေးကွာလှသည်။ဝါးမျိုခြင်းခန်းမသည် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ချိုင့်ဝှမ့်နယ်မြေ၌ တည်ရှိသည်။ ၎င်းကို နတ်ဆိုးသားရဲများ၏ သွားများနှင့်တူသော ကျောက်ချွန်များက ဝိုင်းရံထားသည်။

ဝါးမျိုခြင်းခန်းမကို သုံးပိုင်း ပိုင်းထားသည်။ အလယ်ဗဟိုရှိ အကြီးမား‌ဆုံး အဆောက်အအုံတွင် ပုံမှန်အားဖြင့် အဇ်ဂါလော နေထိုင်‌လေ့ရှိပြီး သူ၏လျို့ဝှက်လေ့ကျင့်ရေးအခန်းလည်း ရှိသည်။ဆာဘရီနာသည် ဘယ်ဘက်ရှိ အပြာရောင် လူနေအိမ်ယာ၌ နေထိုင်ပြီး ညာဘက်ရှိ အနီရောင် လူနေအိမ်ယာသည် ဆာဘရီနာ၏ ပြိုင်ဘက် အီဇိုလာ၏စခန်း ဖြစ်ပုံရသည်။

ချန်လွေ့သည် ထိုနေရာသို့ တစ်ခေါက် ရောက်ဖူးသည့်အတွက် တစ်ခါတည်း ဘယ်ဘက်သို့ သွားလိုက်သည်။ ခဏအကြာ အစေခံတစ်ယောက်က သူ့ကို လာနှုတ်ဆက်ပြီး အရောင်လက်နေသော စားသောက်ခန်းဆီသို့ ပျူပျူငှာငှာ ခေါ်သွားသည်။

စားသောက်ခန်း၌ တန်ဖိုးကြီးသော စားသောက်ပွဲတစ်ခု ရှိနေပြီး လူဆယ်ယောက်ကျော် စားသုံးရန်အတွက်ပင် လုံလောက်သည်။ သို့သော်လည်း ဆာဘရီနာ တစ်ယောက်တည်းသာ ထိုစားပွဲ၌ ထိုင်နေသည်။ ချန်လွေ့သည် ဖာတီလုနှင့် အခြားသူများကို မမြင်တွေ့ရပေ။ ဆာဘရီနာ၏ ဘေးနှစ်ဖက်တွင် အစေခံ သုံးလေးယောက် ရှိနေသည်။

“ နောက်ဆုံးတော့ ဆရာသခင် ရောက်လာပြီပဲ။ကျွန်မရဲ့ လောကဝတ်က ကျေနပ်စရာ မဖြစ်လို့ ဆရာသခင်မရောက်လာမှာကို စိုးရိမ်နေတာ။ ”

ဆာဘရီနာ မတ်တပ်ရပ်လိုက်သည်။

ချန်လွေ့ ဦးညွှတ်ပြီး ပြုံးလိုက်သည်။

“ ခင်ဗျားရဲ့ ဖိတ်ကြားမှုကို လက်ခံရတာ ဂုဏ်ယူစရာပါ။ မဒမ်။ ကျုပ်က ဒီနေ့တစ်ရက်လုံး စမ်းသပ်ခန်းထဲမှာပဲ ရှိနေလို့ပါ။မဒမ်ကို စောင့်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ”

ဆာဘရီနာ လက်ဝှေ့ရမ်းလိုက်သည်။ အစေခံများ သဘောပေါက်သွားကြပြီး နောက်ဆုတ်ကာ တံခါးပိတ်လိုက်သည်။ စားသောက်ဆိုင်ကြီးထဲ၌ ချန်လွေ့နှင့် ဆာဘရီနာတို့သည် ကျန်ရစ်တော့သည်။

ယနေ့တွင် ထိုခရမ်းဖျော့ရောင် ဝတ်ရုံသည် ဆာဘရီနာကို ပို၍ပင် ဆွဲဆောင်မှုရှိစေပြီး နှစ်လိုဖွယ်ကောင်းစေသည်။ အထူးသဖြင့် သူ၏ဖွံ့ဖြိုးလှသော ရင်နှစ်မွှာသည် ချန်လွေ့အား စော်ကားချင်စိတ်များ ဖြစ်စေသည်။သို့သော်လည်း သူ၏မျက်နှာပေါ်မှ ပိုးဇာလွှာကို မဖယ်ရှားသေးပေ။ထို့ကြောင့် လျို့ဝှက်ဆန်းကြယ်မှုလည်း အနည်းငယ် ထပ်ပေါင်း ပါဝင်နေ၏။

ဆာဘရီနာ တင်ပါးကိုရမ်းကာ မိမိဆီသို့ လမ်းလျှောက်လာသည်ကိုကြည့်ရင်း ချန်လွေ့ အနည်းငယ် ကြောက်လန့်သွား၏။ သူက ပျားရည်ထောင်ချောင်ကို သုံးဖို့ကြံနေ တာလား။

All Chapters