← Chapters

အကြံအစည် အစပိုင်း

Vol. 19 Ch. 280

အကြံအစည် အစပိုင်း

Vol. 19 Ch. 280

သလင်းကျောက်တောင်ကြား တစ်ခုလုံး၏ အရေးပါမှုနှင့်ယှဉ်လျှင် ဆာဘရီနာနှင့် အီဇိုလာတို့ကြား တိုက်ခိုက်မှုသည် သေးငယ်သောလှိုင်းတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ၎င်းကို သေသေချာချာ အသုံးချမည်‌ဆိုလျှင် ကြောက်မက်ဖွယ်ရာ ဆူနာမီတစ်ခု ဖြစ်သွားနိုင်ပြီး အဓိ‌ကသော့ချက်တစ်ခုပင် ဖြစ်သွားနိုင်သည်။ သေချာသည်မှာ ချန်လွေ့သည် ခီရာ၏အမေ ဖရီယာကို ကယ်တင်ရန် ကြိုးစားရဦးမည် ဖြစ်သည်။

နတ်ဆိုးအရှင်သခင်အဆင့် သုံးယောက်ဆိုသည်မှာ ခရစ္စတီးနားအရှေ့၌ ချန်လွေ့ ခန့်မှန်းခဲ့သည်ထက် ကျော်လွန်နေပြီဖြစ်သည်။ ဤလောကရှိ တိုက်ပွဲရလာဒ်ကို အစွမ်းထက်ဆုံးသူ လက်တစ်ဆုပ်စာက ဆုံးဖြတ်ပေးလေ့ရှိသည်။အစွမ်းထက်ဆုံးသူ အချင်းချင်း တိုက်ခိုက်၍ အနိုင်မရလျှင် ကတ်သရင်း စစ်ကူ မည်မျှပင် လွှတ်စေကာမူ အသုံးဝင်လိမ့်မည် မဟုတ်ပေ။ ယခုတွင် နတ်ဆိုးအရှင်သခင် နှစ်ယောက် အပြင်ရောက်နေပြီး သလင်းကျောက်နဂါး ယာကော့ဗ် တစ်ယောက်တည်းသာ ကျန်ရစ်သည်။ ထို့ပြင် အဇ်ဂါလောသည် ဖာတီလု ရုပ်သေးဖြစ်နေသည်ကို မြင်သွားနိုင်ပေသည်။ ထို့ကြောင့် အဇ်ဂါလော ပြန်မလာခင် အကြံအစည် အကောင်အထည်ဖော်ရမည် ဖြစ်သည်။

လက်ချောင်းတစ်ချောင်း ဖြတ်ခြင်းသည် လက်ချောင်းဆယ်ချောင်းကို ထိခိုက်စေခြင်းထက် ပိုကောင်းသည်။ အကောင်း‌‌ဆုံးရလာဒ်မှာ သလင်းကျောက်နဂါး ယာကော့ဗ်ကို သတ်ပြီး ဤအခြေစိုက်စခန်းအား တစ်ခါတည်း ဖျက်ဆီးခြင်းပင် ဖြစ်လေသည်။ သို့သော်လည်း သလင်းကျောက်နဂါးသည် စွမ်းအားအထွတ်အထိပ် ရှိခဲ့စဉ်က ပါ့ဂ်လီအိုနှင့် ရန်သူဖြစ်ခဲ့သည့်အတွက် သူ၏စွမ်းအားသည် အခြားနတ်ဆိုး အရှင်သခင် နှစ်ယောက်ထက် သာနိုင်လောက်သည်။ ချန်လွေ့သည် ယာကော့ဗ်အား အားနည်းစေရန် သို့မဟုတ် တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုံးသွားအောင်ပြုလုပ်ရန် နည်းလမ်းတစ်ခု ရှာရမည်ဖြစ်သည်။

စဉ်းစားရမည့် ခြေလှမ်းများစွာ ရှိနေပြီး တစ်လှမ်းမျှ မှား၍မရပေ။ရန်သူ့သားရဲတွင်း၌ ချန်လွေ့သည် ခြေတစ်လှမ်း မှားသွားခဲ့လျှင် အရာအားလုံး ဆုံးရှုံးသွားမည် ဖြစ်သည်။ချန်လွေ့သည် ၎င်းကို စဉ်းစားချင်သော်လည်း လေ့ကျင့်ရေးကြောင့် အလွန်အမင်း ပင်ပန်းနေခဲ့သည်။ ဆာဘရီနာလည်း သတိထားမိပြီး ချန်လွေ့ကို ကြာကြာမနေခိုင်းတော့ပေ။ ဆာဘရီနာက အစေခံတစ်ယောက်ကို ချန်လွေ့အား အိပ်မက်ဆိုးတောင်ကြားဆီသို့ ပြန်ပို့ခိုင်းခဲ့သည်။

ချန်လွေ့ အိပ်မောကျသွားခဲ့သည်။နောက်တစ်နေ့ နိုးထလာသည့်အခါ ချန်လွေ့ အားအင်ပြည့်ဝ နေခဲ့သည်။ ထို့နောက် အစေခံတစ်ယောက်က သူ့ကို သတိလာပေးသည်။

“ ဆာ-ယာကော့ဗ်ဆီ သွားပြီးတော့ မှော်စက်ဝိုင်း လေ့လာဖို့ အချိန်ရောက်ပါပြီ။ ”

သုံးလေးရက်တိုင်း ချန်လွေ့သည် ယာကော့ဗ်ဆီ သွားပြီး နဂါးထွင်းစာ “သင်ယူ”ကာ မှော်စက်ဝိုင်းများ လေ့လာနေခဲ့သည်။ ချန်လွေ့ ထိန်းထားသော်လည်း နဂါးထွင်းစာ အပေါ် ချန်လွေ့၏ နားလည်သဘောပေါက်မှုသည် သလင်းကျောက်နဂါးအား အံ့ဩသွားစေသည်။ ထို့ကြောင့် သလင်းကျောက်နဂါးသည် ဆရာစားချန်ပြီး စတင်သင်ပေးတော့သည်။ ချန်လွေ့သည် သလင်းကျောက်နဂါး၏ အတွေးများကို သိသော်လည်း မသိချင်ယောင်ဆောင်ကာ စိတ်ထဲ၌ သရော်ပြုံးပြုံးလိုက်သည်။ ယာကော့ဗ်ဆီမှ ချန်လွေ့သည် မတူညီသော ရှုထောင့်မှ လေ့လာရသော်လည်း နဂါးထွင်းစာ တစ်ခုတည်းအပေါ် နားလည်မှု၌ ချန်လွေ့သည် သလင်းကျောက်နဂါးကို ကျော်လွန်သွားပြီ ဖြစ်သည်။

ယနေ့သည် သလင်းကျောက်နဂါး၏ မှော်စက်ဝိုင်းနှင့် ကုသမည့်နေ့ဖြစ်သည်။ သို့သော်လည်း သူသည် ချန်လွေ့ ဝင်ရောက်ခြင်းကို မကန့်သတ်ထားခဲ့ပေ။ အကြောင်းရင်းမှာ အလွန်ရိုးရှင်းသည်။ ချန်လွေ့သည် [ အထူးစိစစ်မှု ]၏ ပြဿနာဖြေရှင်းနည်းကို အသုံးချပြီး မှော်စက်ဝိုင်းတစ်ခု၏ အသေးစိတ်ကို ပြောင်းလဲရန် ကြိုးစားကြည့်ခဲ့သည်။ ၎င်းသည် ဖြည့်တင်းအမြန်နှုန်းကို ၁% တိုးသွားစေသည်။

ထို ၁%ကို လျှော့တွက်၍မရပေ။ မှော်စက်ဝိုင်းတစ်ခုလုံးကို ရှေးမှော်စာများဖြင့် ဖွဲ့စည်းထားပြီး ထွင်းစာများနှင့် သာမန်မှော်စက်ဝိုင်းများသည် တစ်ခုနှင့်တစ်ခု ထပ်နေကြသည်။သေးငယ်သော ပြောင်းလဲမှုတစ်ခုသည် ကွင်းဆက် တုန့်ပြန်မှုကို ဖြစ်စေပြီး မှော်စက်ဝိုင်းတစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည်။ မူလလုပ်ဆောင်ချင်ကို မပျက်စီးစေဘဲ အမြန်နှုန်းတိုးစေသော ချန်လွေ့၏ စွမ်းရည်သည် အသိအမှတ်ပြုဖွယ် ကောင်းလှပေသည်။ ယာကော့ဗ်သည် ချန်လွေ့၏ မှော်စက်ဝိုင်းပါရမီကို မနာလိုသော်လည်း ယခုအချိန်သည် ထိုပါရမီကို အသုံးချရမည်ဖြစ်သည်။ ထို့ကြောင့် ယာကော့ဗ်သည် ကြီးကြီးမားမား အဆင်ပြေစေရန်အတွက် အထောက်အပံ့ ပေးခဲ့သည်။

[ အထူးစိစစ်မှု ]၏ အကူအညီဖြင့် ချန်လွေ့သည် ထိုမှော်စက်ဝိုင်းကို အတော်လေး နှံ့နှံ့စပ်စပ် သဘောပေါက်သွားခဲ့သည်။ ၁% ဖြည့်တင်းအမြန်နှုန်း တိုးသွားသည်မှာ စိစစ်မှု၏ အစိတ်အပိုင်း အသေးလေးတစ်ခုသာ ဖြစ်သည်။ ရည်ရွယ်ချက်မှာ သလင်းကျောက်နဂါး၏ ယုံကြည်မှုကို ရရှိရန် ဖြစ်သည်။ ဆက်လက်ကြိုးပမ်းမှုများမှာ အဓိကအားဖြင့် ရှေးမှော်စာခြောက်ခု၏ လျို့ဝှက်ချက်များကို သဘောပေါက်ရန် ဖြစ်သည်။ ကံဆိုးစွာပင် ယခုအထိ မည်သည့်သဲလွန်စမျှ မရသေးပေ။

ပြန်လည်ရှင်သန်ခြင်းရေစင်မှ မြူနှင်းသည် ရေနွေးချိုးခန်းကဲ့သို့ပင်ဖြစ်ပြီး အိပ်ငိုက်စေ၏။ ချန်လွေ့ ရုတ်တရက် အကြံတစ်ခု ရသွားသည်။

“ ဒါပဲ။ ”

သလင်းကျောက်နဂါး၏နှလုံးသား လှုပ်ရှားသွားခဲ့သည်။

“ အသစ်တစ်ခုခု ရှာတွေ့တာလား။ ”

ချန်လွေ့ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

“ အရင်က ကျုပ် အကြံတစ်ခုရခဲ့တယ်။အခုတော့ သဲလွန်စအချို့ ကျုပ်တွေ့သွားပြီ။ အောင်မြင်သွားရင်တော့ ဒါက မှော်စက်ဝိုင်းတစ်ခုလုံးရဲ့ ကြာချိန်နဲ့ ဖြည့်တင်းသက်ရောက်မှုကို တိုးပွားစေနိုင်မယ်။အချိန်ကတော့ မသေချာသေးဘူး။ ဒါပေမဲ့ အခုလက်ရှိလိုမျိုး ၇ရက်တစ်ခါ မဟုတ်တာတော့ သေချာတယ်။ သက်ရောက်မှုက ၃၀% ကနေ ၅၀% တိုးသွားဖို့များတယ်။ ”

သလင်းကျောက်နဂါး စိတ်လှုပ်ရှားသွား၏။ အာသာ ပြောတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် ငါ့ရဲ့ ဒဏ်ရာပြန်ကောင်းနှုန်းက ဆပွားတိုးတက်သွားမှာ မဟုတ်လား။

ချန်လွေ့က ထိုအကြံကို ပြောပြသည့်အခါ မှော်စက်ဝိုင်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်သော သလင်းကျောက်နဂါးသည် မနာလိုရုံသာမက ပို၍ပင် လေးစားသွားမိသည်။ ချန်လွေ့ပြောသည့် အကြံအစည် အရဆိုလျှင် ထိုတိုးမြှင့်မှုသည် သေချာပေါက် ဖြစ်နိုင်သည်။ သို့သော်လည်း အသေးစိတ်အများအပြားကို စမ်းသပ် အတည်မပြုရသေးပေ။

“ ဆာ-ယာကော့ဗ်။ဒီတိုးမြှင့်မှုသာ အောင်မြင်မယ်ဆိုရင် အဆင့်မြင့် မှော်သလင်းကျောက်တွေ တော်တော်များများ ကုန်လိမ့်မယ်။ ရွှေသလင်းကျောက်တွေ၊ သွေးသလင်းကျောက်တွေပေါ့။ပြောရရင်တော့ ပြန်ကောင်းနှုန်း တိုးလာဖို့အတွက် မှော်သလင်းကျောက် သုံးစွဲနှုန်းလည်း တိုးလာမယ်။ ”

“ မှော်သလင်းကျောက်နဲ့ပတ်သက်ပြီးတော့ ဘာပြဿနာမှ မရှိပါဘူး အရေးပေါ် မိုင်းတူးဖို့နဲ့ သန့်စင်ဖို့အတွက် ကျုပ်အခုပဲ လူအင်အား ထပ်တိုးလို့ရတယ်။ လိုအပ်တဲ့ မှော်သလင်းကျောက်တွေကို ကျုပ်အမြန်ဆုံး စုဆောင်းပေးမှာပါ။ ”

ချန်လွေ့၏အစီအစဉ်သည် သလင်းကျောက်နဂါးကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ သူ၏ဒဏ်ရာ ပြန်ကောင်းရန်အတွက် အဆင့်မြင့် မှော်သလင်းကျောက်များ သုံးစွဲခြင်းကို အသာထား၊ ကျောက်ကြောတစ်ခုလုံး ကုန်ခမ်းသွားလျှင်ပင် ကိစ္စမရှိပေ။ ကြည့်ရတာ ဒီပါရမီရှင်နဲ့ မိတ်ဆွေဖွဲ့ပြီးတော့ သိမ်းသွင်းပြီး ကြံစည်ထားခဲ့တာ မှန်သွားတဲ့ပုံပဲ။ သူ မဟာဆရာသခင် ဖြစ်သွားတာနဲ့ ငါပဲ အသုံးချလို့ရအောင်လို့ သူ့ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားရမယ်။

ထိုဒဏ်ရာသည် ယခင်နှစ်ပေါင်း၂၀၀၀၌ သလင်းကျောက်နဂါး ဒုက္ခရောက်ခဲ့ရသော အကြီးမား‌ဆုံး ပြဿနာ ဖြစ်သည်။မှော်ပညာနှင့်ဆေးရည်သည် သူ့အပေါ်၌ သက်ရောက်မှု မရှိသည့်အတွက် အထူးနည်းလမ်းများသုံးပြီး သက်သာလာအောင် ပြုလုပ်ရသည်။ တိုက်ပွဲ၌ မသေဘဲ လွတ်မြောက်ပြီးနောက်တွင် သလင်းကျောက်နဂါး စိတ်ဒဏ်ရာရသွားခဲ့သည်။ ထိုကြောက်စရာကောင်းသော ပြိုင်ဘက်ကို ထပ်မတွေ့ရန်အတွက် ယာကော့ဗ်သည် တံခါးပိတ်နေကာ အာရုံစိုက်မခံရဲပေ။သို့သော် သူ၏ရန်သူသည်လည်း နှစ်ပေါင်း ၂၀၀၀ကြာအောင် ပိတ်မိနေသည်ကို သူ မသိခဲ့ပေ။

ချန်လွေ့က ပျော်ရွှင်စွာဖြင့် နောက်ထပ် ထပ်ပြောလိုက်သည်။

“ ဒါကို သုံးရက်တစ်ကြိမ် အသုံးပြုရနိုင်တယ်။ပြီးတော့ တစ်ခါသုံးရင် တစ်ရက်လုံး သုံးလို့ရတယ်။ အရင်တစ်ခေါက် ခင်ဗျားသင်ထားပေးတဲ့ [ အိပ်စက်ခြင်း ] ထွင်းစာကိုသုံးပြီးတော့လည်း သက်သာတဲ့အစွမ်းကို တိုးအောင်လုပ်နိုင်တယ်။ ”

“ [ အိပ်စက်ခြင်း ] လား။ အဲဒါက [ အိပ်မောကျခြင်း ] နှင့် [ ဖြည့်တင်းခြင်း ]တို့ရဲ့ စုပေါင်းထွင်းစာလောက် အကျိုးမရှိဘူး။အဟွတ်....အိုး..ဟုတ်သား။ဆရာသခင်က အဲဒီထွင်းစာကို မသင်ရသေးဘူးပဲ။ကျုပ် နောက်တစ်ခေါက် သင်ပေးမယ်။ ”

သလင်းကျောက်နဂါးသည် သူဖော်ထုတ်ခဲ့မိသည်ကို ဖုံးကွယ်ရန် ချက်ချင်း ကြိုးစားလိုက်သည်။ သို့သော်လည်း သူသည် ချန်လွေ့ဆင်ထားသော “လှောင်အိမ်” ထဲသို့ တစ်လှမ်းချင်း ဝင်ရောက်လာသည်ကိုမူ မသိခဲ့ပေ။

အနည်းငယ် ဆွေးနွေးပြီးနောက် သလင်းကျောက်နဂါးက ထိုအစီအစဉ်က ဖြစ်နိုင်ချေများသည်ဟု ခံစားလာရပြီး အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ နဂါးထွင်းစာအတွက်မူ အများအပြား ချိန်ညှိရမည်ဖြစ်ပြီး ၎င်းသည် သူ၏တာဝန် ဖြစ်သည်။ မူလက ယာကော့ဗ်သည် သလင်းကျောက်တောင်ကြား၌ ပျင်းရိနေခဲ့သည်။ နောက်ဆုံး၌ သူသည် အဓိပ္ပာယ်ရှိသော အရာတစ်ခုကို ရှာတွေ့သွားသည့်အတွက် အားအင်များ ပြည့်နှက်နေတော့သည်။

သလင်းကျောက်နဂါး အလွန်ပျော်ရွှင်သွားသည့်အချက် ချန်လွေ့ကို သူ၏ယခင် အသွင်ပြောင်းလဲခြင်းမှ ကျန်ရစ်ခဲ့သော ထိပ်တန်း သလင်းကျောက်နဂါးကြေးခွံများနှင့် ချိုတစ်ချောင်း ပေးခဲ့သည်။ ၎င်းတို့မှာ အလွန့်အလွန် ရှားပါးလှသော အဂ္ဂိရတ် ကုန်ကြမ်းများပင် ဖြစ်လေသည်။ စမ်းသပ်ခန်းသို့ ပြန်ရာလမ်းတစ်လျှောက်၌ ချန်လွေ့သည် စိတ်ကြည်လင်နေပုံရသည်။ မှော်စက်ဝိုင်းတိုးမြှင့်မှုပြီး၍ အောင်အောင်မြင်မြင် အသုံးချပြီးသည့်လျှင် နောက်ဆုံး အကောင်အထည်ဖော်ရန် အချိန်ရောက်ပြီဖြစ်သည်။

စမ်းသပ်ခန်းဆီပြန်ရောက်ပြီးနောက် ချန်လွေ့သည် စူပါစနစ်ထဲ ဝင်လိုက်သည်။ ထို့နောက် ချက်ချင်း ‌မလေ့ကျင့်ဘဲ လဲလှယ်ရေးဌာနသို့ ဝင်ရောက်ခဲ့သည်။ ရန်သူ၏ပစ္စည်းများဖြင့် မိမိကိုယ်ကို အစွမ်းတက်စေရန်အတွက် ယခင်နေ့ရက်များ၌ ချန်လွေ့သည် သလင်းကျောက်တောင်ကြားရှိ အရှိန်အဝါကုန်ကြမ်း အမြောက်အမြားကို ကူးပြောင်းခဲ့ရာ “ မိုးခြိမ်းသံ ” ပုံကြမ်းကို ဝယ်ရန်အတွက်ပင် ကျော်လွန်သွားခဲ့သည်။ချန်လွေ့သည် လက်ဖွာ၍ ရနေပြီး နောက်တွင် အခွင့်အရေး မရှိနိုင်တော့သည့်အတွက် သုံးဖြုန်းနေဦးမည် ဖြစ်သည်။ ဖက်ဒါ အခြေအနေသို့ တိုးမြှင့်ရန် လိုအပ်သော အရှိန်အဝါ သန်း၁၀၀ ရရှိနိုင်လျှင် အကောင်း‌ဆုံးပင် ဖြစ်သည်။

ချန်လွေ့သည် လဲလှယ်ရေးဌာန၌ အရှိန်အဝါ သိန်း၁၀၀သုံးပြီး “ မိုးခြိမ်းသံ ”၏ ပုံကြမ်းကို ဝယ်ယူခဲ့သည်။ထိုကဲ့သို့ ရတနာကို ကိုယ်တိုင်ပြုလုပ်၍မရသည့်အတွက် သန့်စင်ရုံ၏ အလိုအလျောက် သန့်စင်ခြင်း လုပ်ဆောင်ချက်ကို အသုံးချရတော့သည်။ ပုံကြမ်းနှင့် ကုန်ကြမ်းပစ္စည်းများအားလုံး ထည့်သွင်းပြီးနောက် စနစ်က ပြီးစီးရန် တစ်နာရီကြာမည်ဖြစ်ကြောင်းနှင့် အရှိန်အဝါ တစ်သောင်း ကုန်ကျမည်ဖြစ်ကြောင်း အသိပေးလာသည်။ တော်သေးတာပေါ့။ငါထင်သလောက် မဆိုးဘူး။ ချန်လွေ့သည် စိတ်ရှည်ရှည်နှင့် တစ်နာရီ စောင့်လိုက်သည်။ နောက်ဆုံး၌ ချန်လွေ့သည် အဆောင်ပစ္စည်းတစ်ခုနှင့် ညီမျှသော စူပါစနစ်၏ ပထမဆုံးရတနာ ဖန်တီးမှုကို မျက်မြင်တွေ့လိုက်ရတော့သည်။

[ မိုးခြိမ်းသံ (ရတနာ) ]

- လျှပ်စီးမှော်ထိခိုက်မှု နှစ်ဆတိုးနိုင်ချေ ၂၀%။

- မသေမျိုးအပေါ် ထိခိုက်မှု ၂၂၀% တိုးစေနိုင်။

- လှုပ်ရှားမှုအမြန်နှုန်း ၅၅% တိုးစေနိုင်။

- ထိခိုက်မှု နှစ်ဆတိုးနိုင်ချေ ၂၅%။

- လျှပ်စီးတိုက်ခိုက်မှုထပ်တိုးနိုင်ချေ ၃၀%။

- ပိုင်ရှင် အသိအမှတ်ပြုခံရမည်။

ဂုဏ်သတ္တိမှာ ပုံကြမ်း၌ မှတ်တမ်းတင်ထားသည်နှင့် အနည်းငယ် ကွဲပြားသည်။၎င်းမှာ လျှပ်စီးမှော် ထိခိုက်မှု လျှော့ချပြီး အခြားဂုဏ်သတ္တိများကို တိုးပွားစေခြင်းပင်။ ပုံကြမ်းသည် အခြေခံ ဂုဏ်သတ္တိများကိုသာ မှတ်ထားနိုင်ပြီး ဂုဏ်သတ္တိများသည် ကြုံရာကျပမ်း ဖြစ်နိုင်ပုံရသည်။

သို့သော်လည်း လျှပ်စီးမှော်ထိခိုက်မှု နှစ်ဆတိုးခြင်းသည် ချန်လွေ့အတွက် အသုံးမဝင်ပေ။ ချန်လွေ့သည် မြေဒြပ်စင်နှလုံးသားကြောင့်သာ မြေမှော်ပညာအချို့ကို သိခဲ့ခြင်း ဖြစ်သည်။သူသည် လေမှော်ပညာ၌ ဘာမျှမသိပေ။သို့သော် နောက်ထပ် ဂုဏ်သတ္တိမှာ အတော်လေး အံ့ဩဖွယ် ကောင်းလှသည်။အသုံးဝင်ပုံမရသော “ မသေမျိုးအပေါ် ထိခိုက်မှု ၂၂၀% တိုးခြင်း ”သည် ရန်သူ တစ်မျိုးမျိုးကို ရင်ဆိုင်ရာ၌ မမျှော်လင့်ထားသော သက်ရောက်မှုများ ပြသပေးနိုင်သည်။ချန်လွေ့တွင် အောက်လမ်း ပညာ ကျွမ်းကျင်သော ဝိပါက်တစ်ယောက် ရှိနေသေးသည်။

မိုးခြိမ်းသံသည် တိမ်ပုံသဏ္ဍာန် အဆင်တန်ဆာတစ်ခုဖြစ်ပြီး ရှေးဟောင်း တရုတ်စတိုင်ဖြစ်သည့် လိုက်ဖက်ညီသော ကြိုးနီတစ်ချောင်း ပါရှိသည်။ အသိအမှတ်ပြုခံရရန် သွေးစက်ချပြီးနောက် ချန်လွေ့သည် ၎င်းကို လည်ပင်း၌ ချည်နှောင်လိုက်သည်။ ရုတ်တရက် ချန်လွေ့သည် မိမိတို့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေကြောင်း ခံစားလိုက်ရသည်။ ချန်လွေ့မှလွဲ၍ ထိုမိုးခြိမ်းသံကို ရရှိသူများအတွက် ၎င်းသည် အသုံးမဝင်သော အဆင်တန်ဆာ တစ်ခုသာ ဖြစ်သည်။

မိုးခြိမ်သံ ထုတ်လုပ်ရေး ပြီးစီးပြီးနောက်တွင် ချန်လွေ့သည် လေ့ကျင့်ရေးကွင်းထဲသို့ ဝင်လိုက်ပြန်သည်။ သူ၏ ကြယ်နက် ပိုင်နက်မှာ နားလည်မှုနှင့် စွမ်းအားများသည် ကနဦးအခြေအနေ၌သာ ရှိနေသေးသည်။ မာနူ၏ စွမ်းအားကိုလည်း အပြည့်အဝ မစုပ်ယူရသေးသည့်အတွက် ချန်လွေ့သည် ဆက်လက် လေ့ကျင့်ရမည် ဖြစ်သည်။

ရက်ပေါင်းရာနှင့်ချီ လေ့ကျင့်ရေးသည် အလွန်အမင်း ပျင်းရိဖွယ် ကောင်းလှသည်။ တစ်ခါတစ်ရံ၌ အထီးကျန်မှုသည် ရူးသွပ်သွားစေနိုင်၏။ သို့သော်လည်း ချန်လွေ့သည် ကြံ့ကြံ့ခံရမည်ဖြစ်သည်။ အခြားသူများ မတောင့်ခံနိုင်သည်ကို ခံနိုင်ရည်ရှိသူများသာ အခြားသူများ မလုပ်နိုင်သည်ကို လုပ်နိုင်ပေမည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်သုံးရက် ကုန်‌ဆုံးသွားပြီး နောက်ဆုံး၌ သလင်းကျောက် တောင်ကြားသို့ ဆာဘရီနာ၏ ပြိုင်ဘက် အီဇိုလာ ရောက်ရှိလာခဲ့သည်။

အီဇိုလာသည် မန်မွန်တော်ဝင်မိသားစု ဖြစ်သည်။ ဆံပင်အပြာရောင်ဖြစ်ပြီး မျက်နှာပေါ်၌ ဇာမျက်နှာလွှား မရှိပေ။ ရုပ်ရည်ချင်ယှဉ်လျှင် အီဇိုလာသည် ‌ဆာဘရီနာထက် အနည်းငယ် နိမ့်ကျသည်။ အီဇိုလာသည် အတော်လေး အရပ်မြင့်ပြီး ၁.၈မီတာခန့် ရှိသည် ။သူသည် မာနကြီးပုံရပြီး ပါးရိုးမှာ အနည်းငယ်မြင့်သည်။ သူ၏မျက်လုံးထောင့်၌ သတ်ဖြတ်ချင်စိတ်အချို့ ရှိနေပြီး စိတ်နေသဘောထားမှာ တော်ဝင်အစ်မ တစ်ယောက်နှင့် အတော်လေး ဆင်တူလှသည်။

ချန်လွေ့သည် နောက်ဆုံး၌ ခီရာ၏အမေ ဖရီယာကို တွေ့သွားခဲ့သည်။ ဖရီယာ၏ မျက်လုံးများသည် ခီရာနှင့် အနည်းငယ် ဆင်တူသည်။ သူသည် ခီရာကဲ့သို့ မလှပသော်လည်း သနားစရာမျက်နှာရှိကာ လူများအား သနားညှာတာချင်စိတ် ဖြစ်စေသည်။

ယခုအကြိမ်၌ အီဇိုလာသည် ဖရီယာကို ပြန်ခေါ်လာရုံသာမက လူတစ်စုကိုလည်း ခေါ်လာခဲ့သည်။ ခေါင်းဆောင်နှစ်ယောက်ထဲမှ တစ်ယောက်မှာ ယန္တရားပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့သော နှစ်သွယ်-အထူးပြု ဆရာသခင် ဟောဖို့ဒ်ဖြစ်ပြီး နောက်တစ်ယောက်မှာ အမှောင်နတ်သူငယ်တစ်ယောက် ဖြစ်သည်။ ထိုအုပ်စုထဲမှ လူအများစုသည် ယန္တရားပညာရှင် ဝတ်ရုံများ ဝတ်ဆင်ထားကြသည်။

ချန်လွေ့ သိချင်မိသွားသည်။ ငါက နတ်ဆိုးဘုံမှာ မဟာဆရာသခင်ဖြစ်ဖို့အတွက် အလားအလာ အရှိဆုံးပဲ။ ငါ့ကို ဘယ်အင်အားစုမှာပဲထားထား ရာနှုန်းပြည့် ခေါ်ယူခံရမှာ။ ဟောဖို့ဒ်က နှစ်သွယ်-အထူးပြု ယန္တရားဆရာသခင် ဖြစ်ပြီးတော့ နတ်ဆိုးဘုံရဲ့ ထိပ်တန်းယန္တရားဆရာသခင် နိတ်ရဲ့ တပည့်လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သူ့ကို သလင်းကျောက်တောင်ကြားက ခေါ်ယူတာ နားလည်လို့ရတယ်။ ဒါပေမဲ့ အဲဒီယန္တရားပညာရှင်တွေက ဘာလို့ဒီကို ရောက်နေရတာလဲ.....

ဆာဘရီနာက အီဇိုလာသည် မိမိတာဝန်ယူထားသော အရေးကြီးကိစ္စတစ်ခုကို “လုယူ”ခဲ့ပြီး အဇ်ဂါလော၏ ယုံကြည်မှုရရှိသွားကြောင်း ပြောခဲ့သည်ကို ချန်လွေ့ ရုတ်တရက် သတိရသွားသည်။ ဒါက ဒီယန္တရားပညာရှင်တွေနဲ့ သက်ဆိုင်နေမလား။

ထိုသို့ စဉ်းစားနေရင်း ဟောဖို့ဒ်က ချန်လွေ့ကို တွေ့သွားကာ ရပ်တန့်လိုက်ပြီး သူ၏အံ့ဩသော မျက်လုံးထဲ၌ ပြင်းထန်သော ရန်လိုစိတ် ထွက်ပေါ်လာခဲ့သည်။

အီဇိုလာက ဟောဖို့ဒ်၏ မူမမှန်မှုကို သတိထားမိသွားပြီး သလင်းကျောက် တောင်ကြားမှ သူစိမ်းတစ်ယောက်ကို ရန်သူသဖွယ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အီဇိုလာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ ဆရာသခင်။သူက ဆရာသခင်ရဲ့ ဝိပါက်လား။ ”

ဟောဖို့ဒ် ခေါင်းခါလိုက်သည်။သူ၏မျက်လုံးများမှာ ချန်လွေ့ကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

“ သူက တကယ်တော့ ကျုပ်ရဲ့ ဝိပါက် မဟုတ်ဘူး။သူက ကျုပ် ပြိုင်ဘက်ပဲ။ ”

“ သူက ဆရာသခင်ရဲ့ ပြိုင်ဘက်ဆိုတော့ ကျွန်မ ကူညီပြီး ရှင်းပစ်ပေးမယ်။ ”

အီဇိုလာ ရှေ့တက်သွားပြီး သူ၏လက်ထဲ၌ ရောင်လျှံအနက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

မျိုးနွယ် - လောဘတော်ဝင်မိသားစု။

စွမ်းအားအကဲဖြတ်မှု - [ B+ ]

ခန္ဓာအမျိုးအစား - [ B ]

ခွန်အား - [ B ]

စိတ်ဝိညာဉ် - [ B+ ]

မြန်ဆန်မှု - [ B+ ]

အီဇိုလာသည် မှော်ပညာကို အသားပေး လေ့ကျင့်ထားပုံရသည်။သူသည် မည်သူ မှန်မမှန်ကို ဂရုမစိုက်ဘဲ ချက်ချင်းပင် သတ်ဖြတ်တော့သည်။သူသည် အမှန်တကယ်ပင် ရက်စက်ယုတ်မာလှပြီး ဆာဘရီနာ၏ အမှန်တကယ် ပြိုင်ဘက်ပင် ဖြစ်လေသည်။

ရောင်‌လျှံအနက်သည် ကြောက်မက်ဖွယ်ရာ ဖျက်‌ဆီးမှု အငွေ့အသက် တစ်ခုနှင့်အတူ ချန်လွေ့အရှေ့သို့ ချက်ချင်း ပျံသန်းသွား၏။

All Chapters