အရေးအကြီးဆုံး ပေါ်ထွက်လာခြင်း
Vol. 20 Ch. 290
ဆာဘရီနာသည် အီဇိုလာအား အန္တရာယ်ရှိသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ကြည့်ပြီး ကြက်သီးထစရာ လေသံဖြင့် ပြောလိုက်သည်။
“ နင် ခုခံတာကို လက်လျှော့မှာလား။ဒါမှမဟုတ် လက်လျှော့အောင် လုပ်ပေးရမလား။ ”
“ ဆာဘရီနာ။တော်တော်လေး ယုတ်မာတဲ့ အကြံအစည်ပဲ။ ”
အီဇိုလာ အံကြိတ်ရင်း အော်ပြောလိုက်သည်။
“ နင်က ငါ့ကိုရှင်းဖို့အတွက် နင့်ရဲ့သမီးနဲ့ ဆန်းကြယ်တောင်ကြားတစ်ခုလုံးကို စတေးလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ”
ထိုအချိန်၌ အီဇိုလာသည် ပြိုင်ဘက်ဖြစ်သူ၏ ကောက်ကျစ်ပြီးရက်စက်သော နည်းလမ်းများကို လျှော့တွက်မိနေခဲ့ကြောင်း “သဘောပေါက်” သွားတော့သည်။
ဆာဘရီနာ၏မျက်နှာ ပို၍ပင် မည်းမှောင်သွားသည်။ဤအခြေအနေအထိ ရောက်လာပြီ ဖြစ်သည့်အတွက် ရှင်းပြ၍မရ၊ ဆွေးနွေး၍ မရတော့ပေ။ပြိုင်ဘက်ဖြစ်သူကို အရင်ဦးစွာ အလဲထိုးရမည် ဖြစ်သည်။
အီဇိုလာက “အမှန်တရား”ကို သိသွားသည့်အခါ အရှုံးပေးရန် ငြင်းဆန်ခဲ့သည်။ တကယ်လို့ ငါက သူ့လက်ထဲ ရောက်သွားပြီးတော့ နောက်ဆုံး အဇ်ဂါလောနဲ့ တွေ့ရရင်တော့ ငါ့ရဲ့အသက်က တစ်ဝက်လောက်ပဲ ကျန်တော့မှာ။သူက နည်းလမ်းတချို့သုံးကြီးတော့ ဒါတွေအားလုံးကို ငါလုပ်တယ်လို့ ဝန်ခံအောင် လုပ်နိုင်တယ်။အဲဒါကြောင့် ဆာဘရီနာကို ငါ အနိုင်ရခွင့် မပေးနိုင်ဘူး။
“ အမေ။သမီးကို သေချာ လက်စားချေပေးပါ။ ”
ဖာတီလု၏ အသည်းအသန် အော်သံသည် အခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့သည်။
“ ဖာတီလု။ဆရာသခင်နဲ့ အရင်ထွက်သွားလိုက်။ ”
ဆာဘရီနာ၏ ခန္ဓာကိုယ်တွင် အပြာရောင် မြူနှင်းများ ဖုံးလွှမ်းနေပြီး ချန်လွေ့နှင့် ဖာတီလုကို ဓားစာခံ မလုပ်စေရန်အတွက် အီဇိုလာနှင့် မိမိအကြား ကာထားလိုက်သည်။
“ သိပါပြီ။မဒမ်။စိတ်ချပါ။ကျုပ် သေချာပေါက် မစ်-ဖာတီလုကို ကာကွယ်ပေးမှာပါ။လဖ္ဖာ။ ”
ချန်လွေ့သည် ရူးသွပ်သားရဲအား သူတို့နှစ်ယောက်ကို ကာကွယ်ပေးရန် နည်းလမ်းတကျ အမိန့်ပေးလိုက်သည်။ထို့နောက် ရုပ်သေးနှလုံးသားကို အသုံးပြုကာ အီဇိုလာနှင့် အခြားသူများအား တိုက်ခိုက်ရန် အမိန့်ပေးပြီးနောက် အလျင်အမြန် ထွက်သွားလိုက်သည်။
အီဇိုလာသည် ဖာတီလုအား လွှတ်ပေးခဲ့သော ဆုံးဖြတ်ချက်ကို နောင်တရသွားခဲ့သည်။သူသည် အမှန်တကယ်ပင် ဖာတီလုအား ဓားစာခံပြုလုပ်ရန် အကြံရှိခဲ့သည်။သို့သော်လည်း ကံမကောင်းစွာပင် ၎င်းကို ဆာဘရီနာ မြင်သွားခဲ့သည်။ဆာဘရီနာသည် မိမိထက် အစွမ်းထက်သော်လည်း ဖာတီလု၏ လုပ်ကြံခြင်းနှင့် အိမ်ပြာမှ သူလျှိုများ၏ သတင်းအချက်များအရ ဆာဘရီနာသည် အပြင်းအထန် ဒဏ်ရာရနေခဲ့သည်။ဆာဘရီနာသည် နတ်ဆိုးဧကရာဇ်အဆင့် နတ်ဆိုးသားရဲကို တိုက်ခိုက်ရာ၌ ခွန်အားအများအပြား အသုံးပြုခဲ့ရသည်။ထို့ကြောင့် အီဇိုလာသည် သလင်းကျောက်နဂါး ယာကော့ဗ် မနိုးလာခင်အချိန်အထိ ခုခံနိုင်လောက်ပေသည်။
ဒီလိုအဖြစ်အပျက်ကြီး ဖြစ်သွားတော့ ယာကော့ဗ် ငြိမ်ငြိမ်ထိုင်နေမှာ မဟုတ်ဘူးလို့ ငါယုံတယ်။ပြီးတော့လည်း အဇ်ဂါလောက သလင်းကျောက် တောင်ကြားဆီကို တိတ်တိတ်လေး ပြန်လာနေပြီ။ဆာဘရီနာတောင် ဒါကို မသိဘူး။သူပြန်လာတဲ့အထိ ငါတောင့်ခံထားနိုင်မယ်ဆိုရင် အမှန်တရား ပေါ်ပေါက်လာမှာပဲ။ ဒီကောက်ကျစ်တဲ့မိန်းမက နောက်ဆုံးမှာ လုံးဝချေမွခံရလိမ့်မယ်။
ချန်လွေ့သည် ဖာတီလုကို ဦးဆောင်ပြီး ဆန်းကြယ်တောင်ကြားမှ အမြန်ထွက်သွားကာ အိပ်မက်ဆိုးတောင်ကြားသို့ သွားခဲ့သည်။ထို့နောက် ဖရီယာက တံခါးဘေးတွင် စိုးရိမ်စွာ စောင့်နေသည်ကို မြင်လိုက်ရသည်။ဆန်းကြယ်တောင်ကြားမှ ဆူညံသံများကို ဖရီယာကို ကြောက်လန့်သွားစေခဲ့ပြီး ချန်လွေ့၏ လုံခြုံရေးအတွက် စိုးရိမ်နေခဲ့သည်။ထို့နောက်တွင် ချန်လွေ့သည် ဖာတီလုနှင့် ကြောက်စရာ မကောင်းဆိုးဝါး တစ်ကောင်နှင့်အတူ ပြေးလာသည်ကို မြင်လိုက်ရသည်။
ဖာတီလုသည် ဖရီယာအား အကြိမ်များစွာ နှိပ်စက်ခဲ့သည်။ထို့ကြောင့် ဖရီယာသည် ကြောက်ရွံ့စွာ အရိုအသေ ပေးလိုက်သည်။ချန်လွေ့လည်း ဂရုမစိုက်အားဘဲ ပြောသည်။
“ ဖရီယာ။ဖာတီလုနောက်လိုက်ပြီးတော့ သလင်းကျောက်တောင်ကြားကနေ ထွက်သွား။သွေးရောင်နယ်မြို့မှာ ငါ့ကိုစောင့်နေ။မင်း ခီရာကို တွေ့ချင်ပြီးတော့ [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားချင်တယ်ဆိုရင် ငါပြောတဲ့အတိုင်းလုပ်။ဘာကြောင့်လဲ မမေးနဲ့။ ”
သူ၏နောက်ဆုံးစကားကြောင့် ဖရီယာ၏မျက်လုံးများ အရောင်တောက်သွားကာ ခေါင်းညိတ်လိုက်သည်။
ရူးသွပ်သားရဲသည် သိသာလွန်းလှသည့်အတွက် ချန်လွေ့သည် ထိုမိန်းမနှစ်ယောက်နှင့် မထွက်သွားစေခဲ့ပေ။ထို့နောက် ချန်လွေ့သည် စမ်းသပ်ခန်းထဲသို့ ခဏဝင်ပြီး ထွက်လာသည်။သူသည် လဖ္ဖာအား စမ်းသပ်ခန်းတည်ရှိရာ တောင်နံဘေးကို စောင့်ကြပ်စေပြီး ဝင်ရောက်ခြင်းကို ကန့်သတ်ထားခဲ့ပြီး အိပ်မက်ဆိုးတောင်ကြားသို့ လမ်းလျှောက်ထွက်သွားတော့သည်။
ထိုအချိန်တွင် ဆာဘရီနာနှင့် အီဇိုတို့ကြားရှိ တိုက်ပွဲသည် မလွဲမသွေ စတင်နေပြီဖြစ်သည်။အီဇိုလာ၏လူများသည် ချန်လွေ့မသွားခင် စေခိုင်းခဲ့သော သလင်းကျောက်လူသားများကြောင့် ဝိုင်းရံပြီး အသတ်ခံလိုက်ရသည်။၎င်းကိုမြင်သည့်အခါ အီဇိုလာ ဒေါသထွက်သွားခဲ့သည်။သို့သော်လည်း ယခုလက်ရှိ အရေးကြီးဆုံးမှာ သူ၏အစွမ်းထက်ဆုံး ရန်သူဖြစ်သော ဆာဘရီနာကို ရင်ဆိုင်ရန်ပင် ဖြစ်လေသည်။
အီဇိုလာသည် မန်မွန်တော်ဝင်မိသားစုမှ ဖြစ်သည်။သူ၏ဘေးရှိ ကြွက်သားများပြည့်နေသော ယောက်ျားသည် ဆမ်မြူရယ် တော်ဝင်မိသားစုဝင်ဖြစ်သော သူ၏အစွမ်းထက်ဆုံးလက်ထောက် ဒိုတွန် ဖြစ်သည်။သူတို့နှစ်ယောက်သည် မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းများ ဖြစ်ကြသည်။စွမ်းအားအရ သူတို့သည် နတ်ဆိုးဧကရာဇ်အဆင့် ရောက်နေပြီဖြစ်သော်လည်း ပိုင်နက်စွမ်းအားကိုမူ မနားလည်သေးပေ။
ဆာဘရီနာ၏ဒဏ်ရာများ ပြန်မကောင်းသေးသည့်အတွက် သူတို့နှစ်ယောက်ကို တစ်ခါတည်း အနိုင်မယူနိုင်ခဲ့ပေ။
သူတို့သုံးယောက် တိုက်ပွဲသည် အလွန်ကြမ်းတမ်းလှပြီး လမ်းတစ်လျှောက်၌ ဖျက်ဆီးမှုများ ကြောက်လန့်ဖွယ်ရာများရှိကာ အပြစ်မဲ့သူအများအပြားလည်း အသတ်ခံခဲ့ရသည်။နေရာတိုင်းတွင် ဖရိုဖရဲ ဖြစ်နေသည်။မည်သူမှ အနီးမကပ်ရဲပေ။ပေါက်ကွဲမှုမှ လွတ်မြောက်သွားခဲ့သော ဆန်းကြယ်တောင်ကြားရှိ ကျန်ရှိသည့် အဆောက်အအုံများလည်း ဖျက်ဆီးခံလိုက်ရသည်။
ဆာဘရီနာသည် ဒိုတွန်အားသတ်ပြီး အီဇိုလာကို အရှင်ဖမ်းချင်ခဲ့သည်။သို့သော်လည်း အီဇိုလာက ၎င်းကိုမြင်သွားသည့်တွင် သူနှင့်ဒိုတွန်တို့သည် တိုက်ပြီးပြေးသော နည်းဗျူဟာကို အသုံးပြုနေခဲ့ကြသည်။ဆာဘရီနာသည် ထိုကဲ့သို့ ဖြစ်ခွင့်ပေးမည် မဟုတ်သည်မှာ သေချာသည်။ထို့ကြောင့် ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ ပိုင်နက်ကို အပြည့်အဝ အသက်သွင်းလိုက်သည်။ဆာဘရီနာသည် ပုံရိပ်လေးခုအဖြစ် ခွဲထွက်သွားပြီး အပြာရောင်မြူနှင်းများဖြင့် အီဇိုလာတို့နှစ်ယောက်ကို ဝန်းရံလိုက်သည်။အပြာရောင်မြူနှင်း ပျံ့နှံ့သွားပြီး ဆန်းကြယ်တောင်ကြားရှိ အပူချိန်ကို အလွန်နိမ့်ကျသည်အထိ ကျဆင်းသွားစေခဲ့သည်။
ဆဘရီနာ၏ [ မန္တန်ပြာပိုင်နက် ] သည် [ ရေ မှော်ကျွမ်းကျင်မှု ] ပါရမီကို အခြေခံထားခြင်း ဖြစ်သည်။ဒိုတွန်သည် [ မီး မှော်ကျွမ်းကျင်မှု ] ရှိသော ဆမ်မြူရယ် တော်ဝင်မိသားစုမှ ဖြစ်သည်။ထိုဒြပ်စင်နှစ်ခုသည် အပြန်အလှန်အားဖြင့် ဟန့်တားကြသည်။ဒိုတွန်၏စွမ်းအားသည် ဆာဘရီနာလောက် မကောင်းသော်လည်း သူ၏မီးဒြပ်စင်သည် ရေဒြပ်စင်ကို သိသိသာသာ အားနည်းသွားစေသည်။
ဒိုတွန်သည် ထိုကဲ့သို့ ရေအမျိုးအစား ပိုင်နက်အောက်တွင် ပို၍ ချုပ်တည်းခံနေရပြီး သူခံစားရသော ထိခိုက်မှုများ နှစ်ဆတိုးသွားသည်။
ကံကောင်းစွာပင် အီဇိုလာ၏ [ အမှောင် မှော်ကျွမ်းကျင်မှု ] ပါရမီသည် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။အမှောင်မှော်ပညာ၌ [ အိပ်မက်ဆိုး ညှို့ဓာတ် ] ဟုခေါ်သော အမြင့်ဆင့် မှော်အစွမ်းတစ်ခုရှိပြီး အကာအကွယ် နှင့် သေစေနိုင်သော နယ်မြေတစ်ခု ဖြစ်စေသည်။မှော်ပညာရှင် တစ်ယောက်ဖြစ်သည့်အလျောက် အီဇိုလာသည် ၎င်းကိုကျွမ်းကျင်သည်။၎င်းသည် ပိုင်နက်ကို မယှဉ်နိုင်သောလည်း ဒိုတွန်၏ဖိအားကို အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးနိုင်သည်။
သို့သော်လည်း သူတို့နှစ်ယောက်က ဆန့်ကျင်ဘက် ဒြပ်စင်များဖြင့် ပူးပေါင်းတိုက်ခိုက်နေသော်လည်း ဒဏ်ရာရနေသော ဆာဘရီနာ၏ ဖိနှိပ်မှုကို ခံနေရပြီး တဖြည်းဖြည်းနှင့် မခုခံနိုင်တော့ပေ။၎င်းသည် ပိုင်နက်စွမ်းအား ဖြစ်သည်။စွမ်းအားတူညီသော်လည်း ပိုင်နက်တည်ရှိမှုသည် ကြီးကြီးမားမား ခြားနားစေနိုင်သည်။
ဆာဘရီနာသည် အီဇိုလာကို အလျှော့ပေးထားပြီး မိမိကို ညှတာမည်မဟုတ်ကြောင်း ဒိုတွန် သိသည်။အီဇိုလာ၏ [ အိပ်မက်ဆိုးညှို့ဓာတ် ] တဖြည်းဖြည်းနှင့် သေးငယ်ကာ အားနည်းလာပြီး မြူနှင်းပြာထဲရှိ မြောက်မြားလှစွာသော ဓားသွားများကို မခုခံနိုင်တော့ကြောင်း မြင်သည့်အခါ ဒိုတွန် စိတ်ပိုင်းဖြတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တော့သည်။
ထိုအချိန် [ အိပ်မက်ဆိုးညှို့ဓာတ် ] ပြိုလဲတော့မည့်အခါ ဒိုတွန်သည် ပြင်ဆင်ထားခဲ့သော မှော်အစွမ်းကို အသုံးပြုခဲ့သည်။အလွန်ကြီးမားပြီး ပြင်းထန်သည့်အပူများ ပြည့်နှက်နေသော မီးတိုင် သုံးလေးချောင်းသည် သူ၏ပတ်လည်၌ ပေါ်ထွက်လာကာ မြူနှင်းပြာပိုင်နက်၏ အေးခဲစွမ်းအား အတော်များများ လျော့ကျသွားတော့သည်။သို့သော်လည်း ခဏအကြာတွင် မီးတိုင်များ ကျုံ့သွားပြီး ငြိမ်းသွားတော့သည်။ဒိုတွန်သည် မီးတိုင်များက ပိုက်နက်ကို ဖြိုဖျက်နိုင်မည်ဟု မထင်ထားခဲ့ပေ။သူသည် ဆာဘရီနာ၏ တည်နေရာကို ဆုံးဖြတ်ရန် မီးအလင်းရောင်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။သူသည် ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီး သွေးအန်ကာ [ သွေးဒေါသ ] ပါရမီကို အသက်သွင်းခဲ့သည်။ထို့နောက် ခုန်လွှားပြီး ဆာဘရီနာသို့ ပြေးဝင်သွားသည်။ဒိုတွန် တိုက်ခိုက်နေသည်ကို မြင်သည့်အခါ အီဇိုလာ ထိတ်လန့်သွားသည်။သူသည် ချက်ချင်းပင် လက်ချောင်းများဖြင့် ညွှန်ပြလိုက်ပြီး အငွေ့မည်းများ ဖုံးလွှမ်းနေသော လှံသုံးလေးချောင်းဖြင့် ဆာဘရီနာကို နေရာအနှံ့မှ ပစ်လွှတ်ကာ ဒိုတွန်ကို ကာကွယ်ပေးလိုက်သည်။
ဆာဘရီနာက လက်ကိုဝှေ့ရမ်းလိုက်ရာ [ မန္တန်ပြာပိုင်နက် ] ထဲရှိ ထောင်နှင့်ချီသောဓားသွားများသည် ရုတ်တရကခ မြောက်မြားလှစွာသော ဒိုင်းကာများအဖြစ် ပြောင်းလဲသွားပြီး လှံများ၏ စွမ်းအားကို ပယ်ဖျက်လိုက်သည်။ထိုအချိန်တွင် ဒိုတွန်သည် ဆာဘရီနာဆီသို့ ချဉ်းကပ်လာပြီး မီးတောက်များဖုံးလွှမ်းနေသော လက်သီးဖြင့် ထိုးလိုက်သည်။ဆာဘရီနာလည်း ခုခံရန်အတွက် လက်သီးဖြင့် ထိုးလိုက်သော်လည်း နောက်သို့ ခြေနှစ်လမ်းဆုတ်သွားခဲ့ရသည်။သူ၏မျက်နှာ ထိသွားပြီးနောက် ပတ်ပတ်လည်မှ မြူနှင်းများသည် ထိုလက်သီးချက်ကြောင့် အငွေ့ပျံသွားခဲ့သည်။
ဆာဘရီနာ မျက်မှောင်ကြုတ်လိုက်သည်။ထိုမီးတောက်၏ သန့်စင်မှုသည် မယုံနိုင်စရာကောင်းလှသည်။၎င်းသည် သာမန် မီးမှော်ပညာ သို့မဟုတ် [ သွေးဒေါသ ] ပါရမီမျိုး မဟုတ်ဘဲ သူ၏အသက်ကို လောင်ကျွမ်းခြင်းမှ ဖြစ်ပေါ်လာသော စွမ်းအား ဖြစ်သည်။ ကြည့်ရတာ သူက ငါသူ့ကိုသတ်ဖို့ ဆုံးဖြတ်ထားတာ သိတဲ့ပုံပဲ။အဲဒါကြောင့် သူက အသည်းအသန် တိုက်ခိုက်ချင်နေတာ။
ဒိုတွန်သည် အသက်ရင်းချင်နေသော်လည်း ဆာဘရီနာသည် ထိုကဲ့သို့ ပြုလုပ်မည် မဟုတ်ပေ။ထို့ကြောင့် သူသည် ဒိုတွန်၏ အသက်ဓာတ် ကုန်ဆုံးရန်အတွက် တိုက်ခိုက်ပြီး ထွက်ပြေးခြင်းသာ ပြုလုပ်နေခဲ့သည်။ဆာဘရီနာနှင့် ဒိုတွန်တို့ အနီးကပ် တိုက်ခိုက်နေကြသည့်အတွက် အီဇိုလာသည် မှော်ပညာဖြင့် ချက်ချင်း အကူအညီ မပေးနိုင်ပေ။သို့သော်လည်း [ မန္တန်ပြာပိုင်နက် ] သည် ဆာဘရီနာနှင့် အလွန်နီးနီးကပ်ကပ် ဆက်နွှယ်နေကြောင်း သိသည်။ထို့ကြောင့် သူသည် ပိုက်နက်၏ ရေဒြပ်စင်စွမ်းအားကို အဆက်မပြတ် လျော့ကျစေရန်အတွက် အားကုန်သုံးကာ အမှောင် မှော်ပညာကို ချက်ချင်း အသုံးပြုခဲ့သည်။
ဆာဘရီနာသည် အီဇိုလာ၏လှုပ်ရှားမှုကို ခံစားမိပြီး မျက်မှောင်ကြုတ်လိုက်သည်။၎င်းသည် ပိုင်နက် အစစ်အမှန်သာဆိုလျှင် ပတ်ဝန်းကျင် သဘာဝအားများဖြင့် ချိတ်ဆက်နေမည် ဖြစ်သည်။ထိုအခါ အီဇိုလာ၏ လုပ်ရပ်သည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။သို့သော်လည်း ဆာဘရီနာသည် လက်ရှိတွင် ကိုယ်ပိုင် ရေဒြပ်စင်စွမ်းအားကိုသာ အဓိကအမှီပြုပြီး နတ်ဆိုးဧကရာဇ်အဆင့် ပိုင်နက်-အတုကို အသုံပြုနေခြင်း ဖြစ်သည်။ထို့ကြောင့် သိသိသာသာ သက်ရောက်မှုရှိမည် ဖြစ်သည်။ဆာဘရီနာသည် ချက်ချင်းပင် တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်ရန် အတွေးဝင်သွားခဲ့သည်။
ဒိုတွန်သည် ဆာဘရီနာ အာရုံပျံ့လွင့်နေသည်ကို အခွင့်ကောင်းယူပြီး မီးတောက်များ ဖုံးလွှမ်းနေသော လက်သီးဖြင့် ဆာဘရီ၏ ရင်ဘတ်ကို ခပ်ကြမ်းကြမ်း ထိုးခဲ့သည်။သို့သော် ရလာဒ်မှာ မမျှော်လင့်ထားသည့်အရာ ဖြစ်သည်။ဆာဘရီနာ၏ ခန္ဓာကိုယ် ကြေမွသွားခဲ့သည်။တစ်ချိန်တည်းမှာပင် ဒိုတွန်သည် ရင်ဘတ်ပေါ်၌ အေးစက်မှုတစ်ခု ခံစားလိုက်ရပြီး ရုတ်တရက် အေးစက်ပြီး ကြည်လင်သော ဓားတစ်လက်သည် သူ့ကိုထွင်းဖောက်သွားခဲ့သည်။လှည့်ကြည့်လိုက်ရာ ဆာဘရီနာ၏ ပုံရိပ်သည် သူ၏နောက်ဘက်သို့ ရောက်နေလေပြီ။ခုနက ကွဲကြေသွားသည်မှာ ရေခဲရုပ်တု တစ်ခုသာ ဖြစ်လေသည်။
ဒိုတွန် အလျင်အမြန်တုံ့ပြန်ပြီး ရင်ဘတ်ပေါ်မှဓားကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် အော်ဟစ်လိုက်ရာ လက်ပေါ်မှ သွေးများ စတင်လောင်ကျွမ်းလာပြီး ရေခဲဓားမှာ အမှန်တကယ်ပင် နှစ်ပိုင်းပြတ်ထွက်သွားခဲ့သည်။သူ အလျင်အမြန် နောက်လှည့်ပြီး ဓားကျိုးကို ဆာဘရီနာ၏ မို့မောက်သော ရင်သားများဆီသို့ ထိုးထည့်လိုက်သည်။ကံမကောင်းစွာပင် ၎င်းသည် ရေခဲရုပ်တုတစ်ခုသာဖြစ်ပြီး ကြေမွသွားပြန်သည်။
ဒိုတွန်၏ အပြည့်အဝထိုးချက် အမှန်တကယ်ပင် လွဲချော်သွားခဲ့သည်။သူ၏အသက်ဓာတ် အလျင်အမြန် ပျောက်ကွယ်နေသည်ကို ခံစားမိရင်း ဒိုတွန်သည် နောက်ဆုံး သွေးတစ်လုပ် အန်လိုက်ပြီး [ သွေးဒေါသ ]ကို အသက်သွင်းလိုက်ပြန်သည်။သူ၏ခန္ဓာကိုယ် အလျင်အမြန် ရောင်ကိုင်းသွားပြီးနောက် ပေါက်ကွဲထွက်သွားသည်။၎င်းမှာ [ သွေးပေါက်ကွဲခြင်း ] ပါရမီမှ ဒိုတွန် အခြေခံထားခဲ့သော သန္ဓေပြောင်းဖျက်ဆီးမှု ဖြစ်သည်။
ပေါက်ထွက်သွားသော အသားတို့က မီးတောက်များဖုံးလွှမ်းနေပြီး ပိုင်နက်ပြာကို ပက်ဖြန်းသွားရာ ဆာဘရီနာ၏ နာကျင်သောအော်သံများ ထွက်လာသည်။ဆာဘရီနာက ဒိုတွန်၌ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသောတိုက်ကွဲမျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ထိခိုက်မှုမှာ အလွန့်အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ဆာဘရီနာက ခုခံရန် အချိန်မရသည့်အတွက် ပိုင်နက်ထဲ၌ ကွယ်ဝှက်ထားသော ခန္ဓာကိုယ်အစစ်သည် ကြီးကြီးမားမား ထိခိုက်သွားခဲ့သည်။ထိတ်လန့်နေသော အီဇိုလာသည် သွေးများဖြင့် လက်ချောင်းသုံးကာ အလျင်အမြန် ပုံရေးဆွဲလိုက်သည်။ထို့နောက်တွင် အလွန်ကြီးမားသော သွေးနီရောင် ကောက်ရိတ်ဓားတစ်လက် ပေါ်ထွက်လာပြီး အော်သံနောက်သို့ ပျံသန်းသွားသည်။ကောက်ရိတ်ဓားက ထိုအော်သံအနီး ရောက်လာသောအခါ မြောက်မြားလှစွာသော ချွန်ထက်သည့်ချီများအဖြစ် ပြောင်းလဲသွားပြီး ပုံရိပ်တစ်ခု ပြန်ဖြစ်သွားသည်။ထိုကြောက်မက်ဖွယ်ရာစွမ်းအားသည် လေဟာနယ်ကိုပင် ဖြတ်တောက်နိုင်ရန်တူသည်။၎င်းသည် ချန်လွေ့၏ နေရာပြန့် [ ဖျက်ဆီးမှုအရှိန်အဝါတိုက်ကွက် ] နှင့် ဆင်တူသည်။နေရာသည် မကျယ်လှသော်လည်း ပို၍သေစေနိုင်သည်။
၎င်းမှာ အစွမ်းထက်ဆုံး တစ်ဦးတည်း-ပစ်မှတ် အမှောင်မှော် တိုက်ခိုက်မှု [ အမှောင် သွေးကောက်ရိတ်ဓား ] ပင် ဖြစ်လေသည်။
ထိုအော်သံသည် ပို၍ပင် သနားစရာကောင်းသည်။သို့သော်လည်း တစ်ချိန်တည်းမှာပင် အီဇိုလာ နောက်ကွယ်၌ တစ္ဆေသဖွယ် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။အီဇိုလာ မတုံ့ပြန်နိုင်ခင်မှာပင် လည်ပင်းဆီသို့ ပြင်းထန်သောရိုက်ချက်တစ်ခု ရောက်ရှိနေပြီ ဖြစ်သည်။အီဇိုလာသည် မှော်ပညာရှင် ဖြစ်သည့်အတွက် အနီးကပ်တိုက်ခိုက်မှုသည် သူ၏အားနည်းချက် ဖြစ်သည်။သူသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ မေ့လဲကျသွားခဲ့သည်။
အပြာရောင်မြူနှင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဆာဘရီနာ၏ပုံရိပ် ပေါ်လွင်လာသည်။သူ၏ အဖြူရောင် ဝတ်စုံ၌ သူ၏သွေးများဖြင့် လုံးဝနီးပါး စွန်းထင်းနေခဲ့သည်။သူ၏ခန္ဓာကိုယ်ပေါ်၌ မြောက်မြားလှစွာသော ဒဏ်ရာများ ရှိနေသည်။အီဇိုလာ၏ [ အမှောင် သွေးကောက်ရိတ်ဓား ] သည် အဆင်ပြေသေးသော်လည်း ဒိုတွန်၏ ကြံမိကြံရာ [ သွေးပေါက်ကွဲခြင်း ] သည် ဆာဘရီနာအား ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ယမန်နေ့က မာတီကိုးနှင့် တိုက်ခိုက်စဉ်က ရရှိခဲ့သော ဒဏ်ရာများနှင့် ပေါင်းလိုက်သည့်အခါ အခုတွင် ဆာဘရီနာ၌ စွမ်းအား တစ်ဝင်ပင် မရှိတော့ပေ။သူ ချုပ်တည်းထားခြင်း မဟုတ်ဘဲ အီဇိုလာကို အရှင်မဖမ်းချင်ခဲ့လျှင် သူတို့နှစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
သူ ကြီးကြီးမားမား ပေးဆပ်ခဲ့ရသော်လည်း နောက်ဆုံး၌ အနိုင်ရရှိသွားခဲ့သည်။တိုက်ပွဲအတွင်း ပိုးဇာလွှား ဆုံးရှုံးခဲ့သော ဆာဘရီနာသည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ယခုတစ်ခေါက်တွင် ဆာဘရီနာသည် အီဇိုလာအား မိမိ၏ခြေထောက်အောက်တွင်ထားပြီး ပြန်မတိုက်ခိုက်နိုင်စေရန် လုံးဝယုံကြည်ချက် ရှိသွားပြီ ဖြစ်သည်။
ထိုအချိန်၌ ဖာတီလုသည် အဝေးမှ ဒယီးဒယိုင်နှင့် လမ်းလျှောက်လာသည်။
“ အမေ ”
ဆာဘရီနာ အံ့အားသင့်သွားသည်။ သူက အာသာနဲ့ ရူးသွပ်သားရဲတို့ရဲ့ အကာအကွယ်ပေးမှုတို့နဲ့အတူ ထွက်သွားပြီ မဟုတ်လား။
“ ဆရာသခင် သေသွားပြီ။ ”
ဖာတီလု၏ ပထမဆုံးစကားသည် ဆာဘရီနာကို ထိတ်လန့်သွားစေခဲ့သည်။ “ဆရာသခင် အာသာ”ကို သလင်းကျောက်နဂါးနဲ့ မာနူတို့က တော်တော်လေး တန်ဖိုးထားကြတယ်။အထူးသဖြင့် သလင်းကျောက်နဂါးက “အာသာ”အပေါ် ကာကွယ်ပေးကြောင်း တစ်ခေါက်မက လူသိရှင်ကြား ထုတ်ပြောခဲ့တယ်။ဆရာသခင်က ငါနဲ့အီဇိုလာကြားက တိုက်ခိုက်မှုထဲမှာ သေသွားတယ်ဆိုရင် အကျိုးဆက်ကတော့ မမျှော်မှန်းလောက်စရာပဲ။
ထိုအချိန်၌ ဆာဘရီနာသည် စိတ်ထဲ၌ ဘေးဒုက္ခတစ်ခု ခံစားလိုက်ရသည်။ထိုကဲ့သို့ ခံစားချက်သည် မြောက်မြားလှစွာသော တိုက်ပွဲအတွင်းမှ လေ့ကျင့်ထားခြင်း ဖြစ်သည်။၎င်းသည် သူ့အသက်ကို တစ်ကြိမ်ထက်မနည်း ကယ်တင်နိုင်ခဲ့သည်။ဆာဘရီနာသည် မတုံ့မဆိုင်းဘဲ နောက်သို့ ခုန်ဆုတ်လိုက်သည်။သို့သော်လည်း သူသည် အနည်းငယ် နှေးသွားပြီး ဝမ်းဗိုက်ပေါ်၌ ဒဏ်ရာတစ်ခု ပေါ်ထွက်လာခဲ့သည်။အလွန် မနာကျင်သော်လည်း သွေးအမြောက်အမြား ထွက်လာသည်။ဒဏ်ရာသည် အလွန်နက်ရှိုင်းပုံရ၏။
ဆာဘရီနာသည် ထိုဒဏ်ရာကို မကြည့်ခဲ့ပေ။သူ၏ခန္ဓာကိုယ်မှ အငွေ့ဖြူများ ထွက်လာပြီးနောက် ရေဒြပ်စင်၏ အေးခဲစွမ်းအားကြောင့် အချိန်မီ သွေးတိတ်သွားခဲ့သည်။သူ၏မျက်လုံးများသည် ဖာတီလုက အရောင်တောက်နေသော ညာလက်ဝါးကိုသာ စိုက်ကြည့်နေခဲ့သည်။
ဖာတီလု၏စွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသာဖြစ်သော်လည်း ဆာဘရီနာသည် ထိုလက်ဝါးကို လျှော့မတွက်ရဲပေ။အကယ်၍ ခုနက သူသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် ထိုထက်မြက်လှသောစွမ်းအားကြောင့် နှစ်ပိုင်းပြတ်သွားပေမည်။
“ နင်က ဖာတီလု မဟုတ်ဘူး။နင် ဘယ်သူလဲ။ ”
ဖာတီလု၏မျက်နှာနှင့် ပုံရိပ်တို့သည် ထူးခြားဆန်းပြားစွာ ယိုယွင်းရှုံ့တွသွားပြီး လက်များ အကောင်းပကတိရှိသော သူစိမ်းတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ထိုသူသည် သားရေချပ်ကာကို ဝတ်ဆင်ထားပြီး ဆံပင်အနက်၊မျက်လုံးအနက်ရောင်ရှိကာ အသားဝါသည်။အရပ်သိပ်မမြင့်လှသော်လည်း ဓားသွားကဲ့သို့ မျက်လုံးများသည် သူ၏ပုံမှန်အသွင်အပြင်များကို အလွယ်တကူ လျစ်လျူရှုနိုင်စေသည်။
မျက်လုံးအနက်၊ ဆံပင်အနက်နဲ့။ကာမ တော်ဝင်မိသားစုလား။ ဆာဘရီနာ စိတ်ထဲ၌ အံ့အားသင့်သွားသည်။ ဘယ်တုန်းက သလင်းကျောက်တောင်ကြားထဲသို့ ဒီလိုလူမျိုး ရောက်လာတာလဲ။မဟုတ်ဘူး။သူက ဖာတီလုလိုမျိုးလည်း အသွင်ပြောင်းသွားခဲ့တယ်။ သူက လက်ပြတ်နေတာကိုလည်း တမင်ပြခဲ့တယ်။ဧကန္တ......
ပြိုင်ဘက်ဖြစ်သူက သူ့ကို စဉ်းစားချိန် မပေးဘဲ ခုန်လွှားကာ အမြန်ပြေးလာသည်။ထိုသူ၏ လက်ဝါးသည် ဓားသွားကဲ့သို့ပင် ဖြစ်နေပြီး အဝေးမှ ခုတ်ပိုင်းလိုက်သည်။ဓားသွားသည် ဝေးနေသေးသော်လည်း ထက်မြက်လှသော ချီသည် တည့်တည့်ခုတ်ပိုင်းခြင်းထက်ပို၍ စွမ်းအားကြီးသည်။
ဆာဘရီနာသည် ယခင်က ကြီးကြီးမားမား ထိခိုက်လုနီးပါး ဖြစ်ခဲ့သည်။ထို့ကြောင့် သူ သတိလက်လွတ် မနေရဲတော့ပေ။ရေခဲဒိုင်းကာတစ်ခု ချက်ချင်းပေါ်ထွက်လာပြီး လေထဲမှချီကို ခုခံလိုက်သည်။ထို့နောက် ဆာဘရီနာလည်း အော်ဟစ်ပြီး အဝေးမှ ပစ်ထိုးလိုက်သည်။ထိုသူသည် တည့်တည့် မခုခံရဲဘဲ ရှောင်တိမ်းသည်။လွဲချော်သွားသော လက်သီးချက်သည် မြေပြင်ကို ချက်ချင်းပင် အေးခဲသွားစေသည်။
ဆာဘရီနာသည် ရေခဲဒိုင်းကာပေါ်မှ အက်ကွဲကြောင်းကိုကြည့်ရင်း တိတ်တဆိတ် ပြောလိုက်သည်။ ဒီပြိုင်ဘက်ရဲ့ စွမ်းအားက သေချာပေါက် နတ်ဆိုးဘုရင်အဆင့် မဟုတ်ဘူး။ဒါပေမဲ့ သူက နတ်ဆိုးဧကရာဇ်အဆင့်လည်း မကောင်းသေးဘူး။သူက မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်မယ်။ဒါပေမဲ့ အဲဒီ လက်ဝါးဓား “ပါရမီ”က တကယ့်ကို မယုံနိုင်စရာကောင်။ငါ့လို နတ်ဆိုးဧကရာဇ်တောင် ဒါကို တည့်တည့် မခံရဲဘူး။
ဒါပေမဲ့ မဟာနတ်ဆိုးဘုရင်အဆင့်က တကယ်ကြီး ငါ့လို နတ်ဆိုးဧကရာဇ်အဆင့် တစ်ယောက်ကို တိုက်ရိုက်ရဲတယ်လား။ပြီးတော့လည်း သူက ကျရှုံးပြီးတော့တောင် ထပ်ပြီး တိုက်ခိုက်ရဲသေးတယ်။
ဆာဘရီနာ၏ မျက်လုံးများ၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။ရုတ်တရက် သူသည် ပြိုင်ဘက်ဖြစ်သူထံမှ အန္တရာယ်ရှိသော အငွေ့ အသက်တစ်ခုကို ခံစားလိုက်ရသည်။လေထဲ၌ အနှောင့်အယှက်ဖြစ်စေသော အပူတစ်ခု ရှိနေသည်။ထို့နောက် အနက်ရောင်မီးတောက်တစ်ခုသည် ထိုလူပေါ်၌ ဝုန်းခနဲ ထတောက်လာသည်။
“ နိဗ္ဗာန်စွမ်းအားလား။ ”
ဆာဘရီနာသည် အရိပ်နက်အင်ပါယာ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသည့်အတွက် ဗဟုသုတကြွယ်ဝသည်။သူသည် ချက်ချင်းပင် ထိုမီးတောက်၏ ဂုဏ်သတ္တိကို ခံစားမိခဲ့သည်။
ဒီရန်သူက သေချာပေါက် အက်စ်မိုဒက်စ် တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ။