← Chapters

[ မန္တန်ပြာပိုင်နက် ] နှင့် [ ကြယ်နက်ပိုင်နက် ]

Vol. 20 Ch. 291

[ မန္တန်ပြာပိုင်နက် ] နှင့် [ ကြယ်နက်ပိုင်နက် ]

Vol. 20 Ch. 291

အနက်ရောင်မီးတောက်သည် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ [ နိဗ္ဗာန် ]ပါရမီမှ သန္ဓေပြောင်း ပါရမီတစ်မျိုးဖြစ်ကြောင်း ဆာဘရီနာ သေချာနေသည်။ ဒါပေမဲ့ မဟာနတ်‌ဆိုးဘုရင်အဆင့် စွမ်းအားပဲရှိတဲ့သူတစ်ယောက်က ဘာလို့ ငါ့လိုမျိုး နတ်ဆိုးဧကရာဇ်အဆင့် တစ်ယောက်ကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာလဲ။ အဲဒါက ဘယ်လို “ပါရမီ”စွမ်းအားမျိုးလဲ။

ခဏအကြာ အဖြေထွက်ပေါ်လာသည်။ မီးတောက်များထဲ၌ အနည်းငယ် ပို၍နီသောအလင်းရောင်တစ်ခု ရှိနေ၏။ ပတ်ဝန်းကျင်လေထုသည် ပို၍ လှုပ်ရှားပြီးကြမ်းတမ်းလာသည်။ မြေပြင် အနည်းငယ် တုန်ခါသွားပြီး ထိုသူ၏ ပတ်ပတ်လည်၌ မြောက်မြားလှစွာသော ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ဆက်လက်ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ အားတစ်ခုမှ ဖြစ်ပေါ်လာသော အနီရောင် ဧရာမသတ္တဝါကြီးသည် ထိုသူ၏လက်ထဲမှ ထွက်လာ၏။ ထိုကဲ့သို့ ပြင်းထန်သော ခြိမ်းခြောက်မှုသည် ဆာဘရီနာကို ကြောက်လန့်သွားစေသည်။ သို့သော် ထိုကြောက်စရာသတ္တဝါသည် ဆာဘရီနာဆီသို့ မပြေးဝင်လာခဲ့ပေ။၎င်းသည် ကောင်းကင်သို့ ပျံတက်သွားပြီးနောက် သူ၏ရန်သူဆီ တည့်တည့်ပြန်သွားကာ ချက်ချင်း ဝါးမျိုလိုက်သည်။

ထိုသူမှာ အသေအချာပင် ချန်လွေ့ ဖြစ်သည်။ ချန်လွေ့က မိမိသည် မဟာနတ်ဆိုးဘုရင်အဆင့်သာ ဖြစ်ကြောင်းသိသည်။ သာမန်အခြေအနေ၌ သူသည် ဆာဘရီနာကို လုံးဝယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အချိန်မဆွဲဘဲ အစွမ်းထက်ဆုံးဖြစ်သော [ မီးသင့်နဂါး ဝင်စီးခြင်း ] ကို ချက်ချင်း အသုံးပြုခဲ့ခြင်းဖြစ်သည်။

မီးသင့်နဂါး၏ ရိုက်ခတ်မှုသည် မြေပြင်ကို တွင်းကြီးတစ်တွင်း ဖြစ်သွားစေသည်။ အက်ကြောင်းနှင့် တုန်ခါမှုများ ပိုမိုပြင်းထန်လာ၏။ အနီရောင်အားသည် ထူးထူးဆန်းဆန်း တွန့်လိမ်သွားပြီး မြောက်မြားလှစွာသော ကျောက်စရစ်ခဲများသည် မြေဆွဲအားမှ လွတ်မြောက်သွားသကဲ့သို့ပင် ထိုပြင်းထန်သော ဖိအားအောက်၌ ‌ဖြည်းဖြည်းချင်း အပေါ်သို့ လွင့်ပျံ‌နေသည်။

တုန်ခါမှုများ တဖြည်းဖြည်း တည်ငြိမ်သွားပြီးနောက် သွေးနီရောင် ပုံရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ပင် ဖုန်မှုန့်ထဲမှ ဆာဘရီနာဆီသို့ ပြေးဝင်လာခဲ့သည်။ သူသည် ဆာဘရီနာ အရှေ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိလာသည်။ ဆာဘရီနာ ထိုးလိုက်ပြန်သည်။ ယခုတစ်ခေါက်၌ ချန်လွေ့ မရှောင်တိမ်းတော့ဘဲ အဟုန်ကို အခွင့်ကောင်းယူကာ လက်သီးတစ်ချက် ပြန်ပစ်သွင်းလိုက်သည်။

လက်သီးချင်း ထိသွားသောအချိန်၌ နှစ်ယောက်စလုံး တုန်ခါသွားကြပြီး ဆာဘရီနာက နောက်သို့ လေးငါးလှမ်း ဆုတ်ခွာသွားရမှာ လက်မောင်းသည် ဓာတ်လိုက်သကဲ့သို့ အနည်းငယ် တုန်သွားသည်။ ချန်လွေ့လည်း နောက်သို့သုံးလှမ်း ဆုတ်သွားရပြီး လက်သီးပေါ်၌ ရေခဲအလွှာတစ်ခု ဖြစ်နေ၏။

ချန်လွေ့ အားစုစည်းလိုက်ရာ ရေခဲ ကွဲကြေသွားခဲ့သည်။ ထိုကဲ့သို့ ထိပ်တိုက် ရင်ဆိုင်သည့်စွမ်းအားသည် ဆာဘရီနာကို အံ့အားသင့်သွားစေသည်။ သူက မဟာနတ်ဆိုးဘုရင်အဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ခုနကလက်သီးချက်စွမ်းအားက ငါ့ကိုတောင် ကျော်သွားပြီ။

အမှန်တကယ်၌ ဆာဘရီာနာသည် ချန်လွေ့အား အထင်ကြီးလွန်းနေခြင်း ဖြစ်သည်။ [ မီးသင့်နဂါး ဝင်စီးခြင်း ] ကို အသုံးပြုပြီးသည့်တိုင် ချန်လွေ့၏ စွမ်းအားသည် နတ်ဆိုးအရှင်သခင်အဆင့်နီးပါးသာ နီးကပ်နေသည်။ သို့သော် သူ၏ အဆင်တန်ဆာ များမှာလည်း လျစ်လျူရှု၍မရသော အချက်တစ်ချက်ပင် ဖြစ်သည်။

ချန်လွေ့၏လက်ရှိ အဆင်တန်‌ဆာများသည် ဆန်းကြယ်တောင်ကြား၌ နော်ရစ်နှင့် ယှဉ်ပြိုင်စဉ်ကဲ့သို့ တလက်လက် မတောက်ပနေသော်လည်း အချက်အလက်များ ပို၍မြင့်မားသည်။ ချန်လွေ့သည် လူသစ်တစ်ယောက် မဟုတ်တော့ပေ။ အဆင်တန်ဆာ များသည် တောက်ပစရာမလိုကြောင်း၊ မိုးထိမြင့်မားသော ဂုဏ်သတ္တိတစ်ခုတည်းရှိရန် မလိုအပ်ကြောင်း သိသွားခဲ့သည်။ မိမိ၏ အချက်အလက်ဖြင့်သာ သင့်တော်ရမည် ဖြစ်သည်။ ဥပမာပြောရလျှင် မှော်စွမ်းအားကို အဆ၁၀၀တိုးစေသော အဆောင်ပစ္စည်း တစ်ခုသည် ခွန်အား အမျိုးအစား ပုဂ္ဂိုလ်တစ်ယောက်အတွက် အသုံးမဝင်နိုင်ပေ။

သူ၏လက်ရှိ အဆင်တန်ဆာသည် သူနှင့် အသင့်တော်ဆုံးပင် ဖြစ်သည်။ အများစုမှာ ပါ့ဂ်လီအို၏ ရတနာသိုက်ထဲမှဖြစ်ပြီး ခါးပတ်ကိုမူ ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ထူးထူးခြားခြား ဂုဏ်သတ္တိများ မရှိဘဲ ထူးကဲအဆင့်သာ ဖြစ်သော်လည်း အခြားအဆင်တန်ဆာများ၏ တာဝန်ချိတ်ဆက်မှုနှင့် သက်ရောက်မှု များကို အမြင့်ဆုံး တိုးပေးနိုင်လေသည်။

ခုနက အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့သော ရတနာမှာ “ မိုးခြိမ်းသံ ” ဖြစ်သည်။ ထိုရတနာသည် အခြားအဆင်တန်ဆာများ၏ ကန့်သတ်ခြင်းကို မခံရဘဲ အရည်အသွေးကို တိုက်ရိုက် ခြုံငုံတိုးမြှင့် ပေးနိုင်သည်။ ဆာဘရီနာကို ထိသွားသော လက်သီးချက်သည် ထိခိုက်မှုနှစ်ဆ ဖြစ်သွားရုံသာမက လျှပ်စီးဂုဏ်သတ္တိကို ထပ်ပေါင်းထည့်ပေးခဲ့သည်။

အပြန်အလှန် တိုက်ခိုက် ခုခံပြီးနောက် ဆာဘရီနာသည် ချန်လွေ့၏ စွမ်းအား “အစစ်အမှန်”ကို စမ်းသပ်နိုင်ခဲ့သည်။ ၎င်းမှာ သူ၏လက်ရှိ အခြေအနေထက် အနည်းငယ် နိမ့်ပါးသည်။ သို့သော်လည်း ထိုအစွမ်းထက်သော စွမ်းရည်နှင့် မိုးကြိုး“ပါရမီ” ပေါင်းလိုက်သည့်အခါ သူသည် သေချာပေါက် မိမိကို ယှဉ်နိုင်ပေသည်။

ဆာဘရီနာက အတွေ့အကြုံ ရင့်ကျက်သည်။ ထို့ကြောင့် ပြိုင်ဘက်ဖြစ်သူသည် နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားရရှိရန်အတွက် ပါရမီတစ်ခု သို့မဟုတ် လျို့ဝှက်ပညာရပ်တစ်ခု သုံးခဲ့ကြောင်း သတိထားမိသည်။ သို့သော် နတ်ဆိုးဧကရာဇ်နှင့် မဟာနတ်ဆိုးဘုရင်ကြားရှိ အကြီးမားဆုံး ခြားနားချက်မှာ ခွန်အားမဟုတ်ဘဲ ပိုင်နက်စွမ်းအား ဖြစ်သည်။ ဒိုတွန်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုကြောင့် ဆာဘရီနာ သတိလက်လွန်နှင့် ထိခိုက်သွားခဲ့သော်လည်း ဘေးကင်းကင်းနှင့် အနိုင်ရသွား ခဲ့သေးသည်။ အီဇိုလာကို ဂရုစိုက်စရာ မလိုအပ်လျှင် နတ်ဆိုးဧကရာဇ်အဆင့်နှင့် ခွန်အားချင်း အလွန်နီးစပ်နေပြီး ပိုင်နက်စွမ်းအားမရှိသော တစ်ဝက်-နတ်ဆိုးဧကရာဇ် ရန်သူနှစ်ယောက်ကို ဆာဘရီနာက အလွယ်တကူ သတ်နိုင်ပေသည်။

ယခုတွင် သူ၏ပြိုင်ဘက်သည် နတ်ဆိုးဧကရာဇ်အဆင့် ရောက်သွားပြီ ဖြစ်ပြီး သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထုးကာ စွမ်းအားအပြည့်အဝ မထုတ်နိုင်ပေ။ ထို့ကြောင့် တိုက်ရိုက် တိုက်ခိုက်ခြင်းသည် စွန့်စားလွန်းရာကျသည်။ သူသည် ပိုင်နက်စွမ်းအားကို အသုံးချကာ ပြိုင်ဘက်ကို တိုက်ရိုက်ဖိနှိပ်ရမည် ဖြစ်သည်။

ဆာဘရီနာသည် ချန်လွေ့၏အားကို အခွင့်ကောင်းယူပြီး လေထဲသို့ ခုန်တက်လိုက်ပြီး အမှန်တကယ်ပင် လေထဲ၌ ရပ်တန့်နေ၏။ ထို့နောက် မြူနှင်းပြာ အမြောက်အမြား ထွက်လာတော့သည်။ ချန်လွေ့သည် ထိုပိုင်နက်ကို မြင်ရသည်မှာ သုံးကြိမ်ရှိပြီ ဖြစ်သည်။ သို့သော်လည်း ဘေးဖက်မှ ကြည့်ခြင်းသည် ကိုယ်တိုင်တွေ့ကြုံခံစားရခြင်းနှင့် ကွာခြားသည်။ ထိုမြူနှင်းပိုင်နက်သည် အပြင်ဘက်ရှိ အမှန်တကယ် နေရာလွတ်ထက် အများကြီးပိုကျယ်သော လောကငယ်လေး တစ်ခုဖြစ်သည်။ ချန်လွေ့သည် အကြိမ်များစွာ ကြိုးစားသော်လည်း ထိုပိုက်နက်မှ မလွတ်မြောက်နိုင်သေးပေ။

မြူနှင်းပြာ၏သက်ရောက်မှုသည် ထင်ထားသကဲ့သို့ မရိုးရှင်းပေ။ချန်လွေ့သည် နေရာအနှံ့မှ အရိုးထိစိမ့်သော အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ချန်လွေ့သည် ထိုကြောက်မက်ဖွယ်ရာ အအေးဓာတ်ကို ခုခံရန် စွမ်းအားတချို့ ချန်ထားရရုံသာမက လှုပ်ရှားမှုလည်း အတော်လေး နှေးကွေးသွားသည်။မူလက ခြေလှမ်းဖိနပ်၊မိုးခြိမ်းသံနှင့် အခြားအဆင်တန်ဆာတို့၏ အကူအညီဖြင့် ချန်လွေ့၏ အမြန်နှုန်းသည် ဆာဘရီနာထက် သာလွန်နေခဲ့သည်။ယခုတွင် သူသည် အတော်လေး နှေးသွားခဲ့သည်။ထို့ပြင် ထိုပတ်ဝန်းကျင်သည် ဆာဘရီနာ၏ [ ရေ မှော်ကျွမ်းကျင်မှု ] ကို အဆုံးစွန်အထိ အသုံးပြုနိုင်သည်။ ဒါကြောင့် ဆာဘရီနာက ကိုယ်ပွားတွေအကြား ကူးပြောင်းတာနဲ့ တိုက်ခိုက်မှု အယောင်ပြတာတွေကို အလွယ်တကူ လုပ်နိုင်နေတာကိုး။

ဆာဘရီနာ၏ ဒဏ်ရာများမှာ အသေးစား မဟုတ်ပေ။ထို့ကြောင့် သူသည် တိုက်ပွဲကို ခပ်မြန်မြန် အဆုံးသတ်ချင်ခဲ့သည်။သူသည် ထုံးစံအတိုင်းပင် ပုံရိပ်အများအပြားပြုလုပ်ပြီး ချန်လွေ့‌‌ဆီသို့ တစ်ပြိုင်နက်တည်း ပြေးသွားသည်။ချန်လွေ့သည် ပင်လယ်လှိုင်းကြမ်း လက်သီးဖြင့် တုံ့ပြန်လိုက်သည်။ချန်လွေ့ ထိုးနေရင်း လှိုင်းလုံးစွမ်းအားများ ထွက်ပေါ်လာပြီး တစ်ခါတစ်ရံတွင် ထိခိုက်မှုနှစ်ဆနှင့် လျှပ်စီးများ ပါဝင်တတ်သည်။ထို့ကြောင့် ချဉ်းကပ်လာ‌သော ဆာဘရီနာ၏ ကိုယ်ပွားများ တွန်းကန်ခံလိုက်ရပြီး ပျက်စီးသွားကြသည်။

ဆာဘရီနာအား ထိတ်လန့်သွားစေသည်မှာ မည်သည့်ကိုယ်ပွားကို ပြောင်းလိုက်သည်ဖြစ်စေ၊ ပြိုင်ဘက်ဖြစ်သူက အမြဲတမ်း ချက်ချင်း တုံ့ပြန်နိုင်နေခြင်းပင် ဖြစ်သည်။သူ၏ရန်သူသည် ခဏခဏ ထိခိုက်သော်လည်း ခန္ဓာကိုယ်ပေါ်၌ အလွန်အ‌ရည်အသွေး မြင့်မားသော ချပ်ကာနှင့် လျင်မြန်သော တုံ့ပြန်မှု ရှိနေသေးသည်။ထို့ကြောင့် ဆာဘရီနာသည် ချန်လွေ့အား ကြီးကြီးမားမား မထိခိုက်စေနိုင်သေးပေ။

ထိုကဲ့သို့ နည်းစနစ်သည် ဆာဘရီနာ၏ အစွမ်းထက်ဆုံးတိုက်ကွက် ဖြစ်သည်။သူ၏ခန္ဓာကိုယ်အစစ်အမှန်ကို [ မန္တန်ပြာပိုင်နက် ] နှင့်ပေါင်းစပ်ပြီး တည်နေရာ ရွှေ့ပြောင်းရန် ကိုယ်ပွားကိုအသုံးပြုကာ လှုပ်ရှားမှုများကို ခန့်မှန်း၍ မရအောင် ပြုလုပ်ခြင်း ဖြစ်သည်။ဒိုတွန်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းကဲ့သို့သော လျို့ဝှက်ပညာရပ် မဟုတ်လျှင် ဆာဘရီနာသည် ခွန်အား ရှိနေသေးသရွေ့ မသေမျိုး နီးပါးပင် ဖြစ်သည်။မမျှော်လင့်ဘဲနှင့် သူ၏ပြိုင်ဘက်သည် သူ၏နည်းစနစ်ကို အလွယ်တကူ ဖောက်ထွင်းမြင်နိုင်သွားခဲ့သည်။

ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။ဆာဘရီနာသည် ကိုယ်ပွားများအကြား အလျင်အမြန်ရွှေ့ပြောင်းသည့်အတွက် ချန်လွေ့သည် တစ်ခါတစ်ရံတွင် သာမန်မျက်လုံးဖြင့် လိုက်မမှီပေ။ထို့ကြောင့် [ သရုပ်ခွဲမျက်လုံး ] ကို အမှီပြုပြီး ကြွက်သားမြန်ဆန်မှုနှင့်အတူ ဖြေရှင်းရသည်။ထို့အတွက် ဒဏ်ရရှိခြင်းကို မရှောင်လွဲနိုင်ပေ။သို့သော်လည်း ဒဏ္ဍာရီလာအဆင့် ချပ်ကာသည် အမှန်တကယ်ပင် ဒဏ္ဍာရီလာအဆင့် ဖြစ်ပေသည်။သူ၏သင့်တော်သော တုံ့ပြန်မှုများနှင့် ပူးပေါင်းလိုက်သည့်အခါ ရရှိလာသော ဒဏ်ရာများသည် သိပ်ပြီး မပြင်းထန်တော့ပေ။

သို့သော် ၎င်းသည် ဆာဘရီနာ၏ တိုက်ခိုက်မှုကိုသာ ခုခံနိုင်သည်။သူသည် ထိခိုက်မှု အများအပြား မပြုလုပ်နိုင်သေးပေ။အရေးကြီး‌ဆုံးမှာ [ မီးသင့်နဂါး ဝင်စီးခြင်း ] ၌ အချိန်အကန့်အသတ် ရှိခြင်းပင် ဖြစ်သည်။သူတို့နှစ်ဦးကြားရှိ တိုက်ခိုက်မှုနှင့် ခုခံမှုသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသည်။ငါးမိနစ်သာကြာသေးသော်လည်း လက်ကျန်အချိန်များသည် အလွန်အဖိုးတန်လှသည့်အတွက် ချန်လွေ့ သေချာပေါက် အချိန်ဆွဲ၍ မရနိုင်ပေ။

ဆာဘရီနာသည် ဤကဲ့သို့ ခက်ခဲသော ရန်သူအား မည်ကဲ့သို့ နှိမ်နင်းရမည်ကို စဉ်းစားရင်း တိုက်ခိုက်နေသည်။ရုတ်တရက် နွယ်ပင်အများအပြား မြေပြင်မှ ထွက်လာသည်။ထိုနွယ်ပင်များသည် ထူးဆန်းသော ဝါးမျိုခြင်းအားတစ်ခုကို သယ်ဆောင်လာပြီး မျိုးပွားကာ အလျင်အမြန် ကြီးထွားလာသည်။၎င်းတို့သည် အမှန်တကယ်ပင် မြူနှင်းပြာများကို သိသိသာသာ စုပ်ယူခဲ့သည်။ဆာဘရီနာက ပြိုင်ဘက်ဖြစ်သူ၌ ထိုကဲ့သို့ ထူးဆန်းသောအစွမ်း ပိုင်ဆိုင်မည်ဟု မထင်မှတ်ထားခဲ့ပေ။သူသည် ချက်ချင်းပင် ကိုယ်ပွား သုံးလေးယောက် ဖန်တီးလိုက်ရာ နွယ်ပင်အများအပြား အေးခဲပြီး ကြေမွသွားတော့သည်။

မူလက ချန်လွေ့သည် ဆာဘရီနာ၏ အာရုံကို စွဲဆောင်ရန်အတွက်သာ အစားကြူးနွယ်ပင်များကို အသုံးပြုခဲ့သည်။မမျှော်လင့်ဘဲနှင့် ရစ်ပတ်ခြင်း၊ ပျံ့နှံ့ခြင်းနှင့် ဝါးမျိုခြင်း ဂုဏ်သတ္တိများပါသော နွယ်ပင်များသည် အမှန်တကယ်ပင် ထိုကဲ့သို့ မှော်ဆန်သော သက်ရောက်မှုတစ်ခု ရှိနေသည်။၎င်းသည် [ မန္တန်ပြာပိုင်နက် ] ကို အမှန်တကယ် ဖျက်ဆီးရန် မဖြစ်နိုင်သော်လည်း အသုံးပြုခဲသော [ နတ်ဘုရား ဝါးမျိုသူ ] အစွမ်းကို အသုံးပြုရန်အတွက် လက်ကိုလွတ်မြောက်အောင် ပြုလုပ်နိုင်ပေသည်။

[ နတ်ဘုရား ဝါးမျိုသူ ] သည် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို အောင်အောင်မြင်မြင်နှင့် ခွဲခြမ်းလေ့လာပြီးမှ ရရှိလာခဲ့သော အစွမ်းတစ်ခု ဖြစ်သည်။ချန်လွေ့ကို မျက်နှာဖုံးကိုဝတ်ကာ ၎င်းကို အသုံးပြုရမည် ဖြစ်သည်။အမှန်တကယ်၌ အစွမ်းသုံးခုရှိသည်။ပထမတစ်ခုမှာ ဝိညာဉ်အပေါ် ထိန်းချုပ်မှုအားလုံးကို ခုခံနိုင်ခြင်း ဖြစ်သည်။ယခင်က ချန်လွေ့သည် ထိုမျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့လျှင် မာနူသည်ပင် [ ဝိညာဉ်လက်ထိပ် ] ကို အသုံးပြုနိုင်မည် မဟုတ်ပေ။သို့သော်လည်း ချန်လွေ့သည် ၎င်းကို မာနူအရှေ့၌ ထုတ်ပြ၍မရပေ။သို့သော် ၎င်းကိုဝတ်ထားလျှင် [ ဝိညာဉ်လက်ထိပ် ] ၏ ထိန်းချုပ်မှုကို သီးခြားထားနိုင်ကြောင်း သတိရသွားသည်။သို့သော်လည်း ချန်လွေ့သည် ထိုနည်းလမ်းကို “အက်ဂ်ယော” ဟူသော သရုပ်၌သာ အသုံးပြု၍ ရပေသည်။

ဒုတိယအစွမ်းကို စိတ်ဝိညာဉ်၊မှော်စွမ်းအားနှင့် ဝိညာဉ်တိုက်ခိုက်မှုအားလုံးကို ဝါးမျိုခြင်း ဖြစ်သည်။သို့သော်လည်း ၎င်းကို ၇ရက်လျှင် တစ်ကြိမ်သာ အသုံးပြု၍ရသည်။နောက်ဆုံးအစွမ်းမှာ [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုကို လုံးဝပြီးနိုင်သည်။၎င်းကို တစ်ရက်လျှင် တစ်ကြိမ်သာ အသုံးပြု၍ရသည်။

ဆာဘရီနာသည် နွယ်ပင်များကို ဖျက်ဆီးနေသော်လည်း ချန်လွေ့၏လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။ရုတ်တရက် ချန်လွေ့မျက်နှာပေါ်၌ ထူးဆန်းသော မျက်နှာဖုံးတစ်ခု ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ထို့နောက်ချက်ချင်းပင် ရေဒြပ်စင်စွမ်းအားနှင့် သူ၏စိတ်ဝိညာဉ် အထိန်းအချုပ်လွတ်သွားပြီး ကြမ်းကြုတ်သော ရှေးဟောင်းသားရဲ၏ ဝါးမျိုခြင်း ခံရသကဲ့သို့ပင် မျက်နှာဖုံးဆီသို့ လှိမ့်တက်သွားတော့သည်။လုံးဝ ရပ်တန့်၍မရပေ။

[ မန္တန်ပြာပိုင်နက် ] ၏ “ထောက်တိုင်”များမှာ ရေဒြပ်စင်စွမ်းအားနှင့် စိတ်ဝိညာဉ် ဖြစ်သည်။ထောက်တိုင်များ ဝါးမျိုခံလိုက်ရသည်နှင့် လက်ကျန်စွမ်းအားများလည်း ပိုက်နက်တစ်ခုလုံးကို မထောက်ပံ့နိုင်တော့ဘဲ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြူနှင်းပြာသည် အလွန်အမင်း ပါးလွှာသွားခဲ့သည်။ဆာဘရီနာသည် ပိုက်နက်အတွင်း၌ ပုန်းကွယ်ပြီး ကိုယ်ပွားများ ပြုလုပ်၍ မရတော့သည့်အတွက် ဆာဘရီနာ၏ ခန္ဓာကိုယ်အစစ်အမှန် ပေါ်ထွက်လာသည်။သူ၏ ပိုက်နက် ဝါးမျိုခံလိုက်ရသည့်အတွက် ဆာဘရီနာသည် လျော့ကျခြင်းလက္ခဏာဖြစ်သော အားနည်းမှုနှင့် ပြင်းပြင်းထန်ထန် ပင်ပန်းမှုများကို ခံစားလိုက်ရသည်။

ဆာဘရီနာက မိမိ၏ပိုင်နက်ကို တစ်စုံတစ်ယောက်က ဤကဲ့သို့ ဖျက်ဆီးသွားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ထို့ပြင် ၎င်းသည် ပိုင်နက်စွမ်းအားမရှိသော မဟာနတ်ဆိုးဘုရင်အဆင့် တစ်ယောက်က ပြုလုပ်ခဲ့ခြင်း ဖြစ်နေသည်။ ဒါက ဘယ်လိုပါရမီမျိုးလဲ။အိုး ဟုတ်သားပဲ။ဝါးမျိုတာ.....

ဆာဘရီနာ ထိတ်လန့်နေဆဲမှာပင် ပတ်ဝန်းကျင် အကြီးအကျယ် ပြောင်းလဲသွားပြီး ယခုတွင် သူသည် ထူးဆန်းသော နေရာလွတ်တစ်ခုထဲသို့ ရောက်နေလေသည်။ပတ်ဝန်းကျင်၌ အမျိုးမျိုးသော မျက်နှာပြင် အမျိုးမျိုးရှိသော ထူးဆန်းသည့် စက်လုံးများ မရေမတွက်နိုင်အောင် ရှိနေသည်။သို့သော် မျက်နှာပြင်ပေါ်ရှိအရောင်မှာ အလင်းရောင် တောက်ပနေသော အနက်ရောင် ကျောက်မျက်တစ်ခုကဲ့သို့ ဖြစ်နေသည်။ထိုစက်လုံးများသည် ထူးဆန်းသော စည်းချက်တစ်ခုအတိုင်း အနီးမှ အဝေးသို့ ရွေ့လျားပြီး လှည့်ပတ်နေကြသည်။အဝေးသို့ရောက်သွားသည့်အခါ ၎င်းတို့သည် အမှန်တကယ်ပင်.....တောက်ပနေသော ကြယ်များနှင့် တူနေကြသည်။

ဒီ“အလုံး”တွေအားလုံးက ကြယ်တွေလား။

လက်ကျန် ကုန်ခမ်းနေသော အားအင်များ ပို၍အားနည်းသွားကြောင်း ဆာဘရီနာ ခံစားလိုက်ရသည်။သူ မထိတ်လန့်ဘဲ မနေနိုင်တော့ပေ.....။ ပိုက်နက်စွမ်းအား။ငါ ခန့်မှန်းတာ များသွားတာ များလား။ဒီ “အက်စ်မိုဒက်စ် တော်ဝင်မိသားစု ”က တကယ်ပဲ ပိုင်နက်စွမ်အားရှိတဲ့ နတ်ဆိုးဧကရာဇ် တစ်ယောက်လား။

မဖြစ်နိုင်ဘူး။သူက နတ်ဆိုးဧကရာဇ်အဆင့် ရောက်ဖို့အတွက်တောင် လျို့ဝှက်ပညာရပ် အသုံးပြုခဲ့ရတာ သေချာတယ်။သူ့ရဲ့တကယ့်စွမ်းအားက သေချာပေါက် မဟာနတ်ဆိုးဘုရင်အဆင့်ပဲ။သူ့မှာ ဘယ်လိုလုပ်ပြီးတော့ ပိုင်နက်စွမ်းအား ရှိနေရတာလဲ။မဟာနတ်ဆိုးဘုရင်မှာ ပိုင်နက်စွမ်းအား ရှိတယ်တဲ့လား။ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ပိုင်နက်စွမ်းအားက တော်တော်လေး ယုတ္တိရှိတယ်။ပုံရိပ်ယောင်မဟုတ်တာ အသေအချာပဲ။ဒါက ငါ့ကို အားနည်းစေသလို စိတ်ရှုပ်အောင်လည်း လုပ်နိုင်တယ်။ငါ့ရဲ့ လှုပ်ရှားမှုတွေတောင် နှေးသွားပြီ။

ချန်လွေ့သည် ခြေထောက်ကို အသာအယာ ထိလိုက်ပြီး ဆာဘရီနာအရှေ့၌ အလျင်အမြန် ပေါ်ထွက်လာသည်။ထို့နောက် သူ၏လက်ကို ဓားသွားအသွင် ပြုလုပ်ပြီး ဆာဘရီနာကို ခုတ်ပိုင်းလိုက်သည်။ဆာဘရီနာ၏ပိုင်နက် ဝါးမျိုခံလိုက်ရသော်လည်း ကိုယ်ပိုင်စွမ်းအား ရှိနေသေးသည်။သူ၏လက်များကို ချက်ချင်းပင် ရေခဲများ ရစ်ပတ်သွားပြီး ရေခဲဓားသွားတစ်ခုဖြစ်သွားကာ ခုခံလိုက်သည်။

“ ခွမ်း ”

ရေခဲဓားသွား ကြေမွသွားခဲ့သည်။ထိုမမြင်ရသော ဓားချီသည် ဆာဘရီနာ၏ နဖူးထံသို့ တည့်တည့် ရောက်သွားသည်။ဆာဘရီနာက ကြောက်လန့်တကြား ရှောင်တိမ်းလိုက်သော်လည်း သူ၏နဖူးမှ သွေးအနည်းငယ် လွင့်စင်ထွက်သွားခဲ့သည်။

ထိုတိုက်ခိုက်မှုမှ ဆာဘရီနာသည် ပြိုင်ဘက်ဖြစ်သူ၏ စွမ်းအား တဖန်ပြန်တိုးပွားလာကြောင်း ခံစားလိုက်ရသည်။သို့သော်လည်း ၎င်းသည် ပိုက်နက်၏ သက်ရောက်မှုဖြစ်ကြောင်း သူသိသည်။လက်ရှိတွင် ဆာဘရီနာသည် အားအင်ကုန်ခမ်းနေပြီး ပိုက်နက်၏ အပျက်သဘော သက်ရောက်မှုအောက်သို့ ရောက်နေသည်။ပြိုင်ဘက်ဖြစ်သူသည် အထွတ်အထိပ် အခြေအနေသို့ ရောက်နေသည့်အတွက် သူယှဉ်၍ မရနိုင်ပေ။

ဆာဘရီနာအတွက် လက်ကျန်စွမ်းအားဖြင့် ထိုပိုင်နက်မှ လွတ်မြောက်ရန် ခက်ခဲလှသည်။ထို့ကြောင့် သူသည် နောက်ဆုံးအနေဖြင့် ခုခံတိုက်ခိုက်ရတော့မည် ဖြစ်သည်။

All Chapters