← Chapters

နှလုံးသားကို ဖျက်‌ဆီးခြင်း

Vol. 20 Ch. 295

နှလုံးသားကို ဖျက်‌ဆီးခြင်း

Vol. 20 Ch. 295

မာနူက အေးအေးဆေးဆေး လမ်းလျှောက်လာပြီး အဇ်ဂါလောနှင့် ယာကော့ဗ်တို့နှင့်အတူ ခရစ္စတီးနားကို တြိဂံပုံစံ ဝိုင်းရံထားလိုက်သည်။သူက ယဉ်ယဉ်ကျေးကျေး အရိုအသေပြုသည်။

“ လှပတဲ့ မစ်-ခရစ္စတီးနား။ငါတို့ ပြန်တွေ့ရတာကို ဂုဏ်ယူမိပါတယ်။ ”

“ ကျွန်မတို့ တွေ့ဖူးကြလား။ ”

“ တွေ့ဖူးတာပေါ့။ ”

မာနူ အသာလေး ပြုံးလိုက်သည်။

“ သွေးရောင်နွယ်မြို့တော်ဝန်ရဲ့ စံအိမ်မှာ စစ်တပ်ကို ရွှေ့ပြောင်းဖို့အတွက် ဧကရီရဲ့အမိန့်ကို ပြသခဲ့တုန်းက မင်းရဲ့တင့်တယ်မှုကို ငါမျက်မြင်တွေ့ခဲ့ရတယ်။ငါ အခုအထိ မမေ့နိုင်သေးဘူး။ ”

ခရစ္စတီးနားက မာနူကို ခဏ‌စစ်ဆေးကြည့်ပြီး ခေါင်းခါလိုက်သည်။

“ ကျွန်မ မှတ်မိသလောက်ဆိုရင် အမိန့်ထုတ်ပြန်ချိန်တုန်းက အပြင်လူ မရှိသလောက်ပဲ။ ”

“ ငါက “ အပြင်လူ ” မဟုတ်ပါဘူး။မင်းက ဧကရီရဲ့ နှစ်သိမ့်မှုအကြောင်း ငါ့ကိုပြောပြီးတော့ ကောင်းကောင်း အနားယူဖို့ပြောခဲ့တာ မှတ်မိတယ်။ ”

နောက်ဆုံး၌ ခရစ္စတီးနား၏ တည်ငြိမ်သောအသံတွင် အံ့အားသင့်မှု ပေါ်လွင်လာသည်။

“ ရှင်က.....မြို့တော်ဝန် အက်ဒီရဲ့အဖေ ဖါမိုးပဲ။ ”

မာနူ၏အပြုံး အနည်းငယ် ထူးဆန်းသွားသည်။

“ ငါ့နာမည်က မာနူပါ။ မာနူ လီဗျာသန်။ ”

“ ဒီလိုကိုး။ ”

ခရစ္စတီးနား သက်ပြင်းချလိုက်သည်။

“ ကြည့်ရတာ ဖါမိုးနေရာကို ရှင်က အစားဝင်လိုက်တဲ့ပုံပဲ။ဒီလိုဆိုရင်.....မြို့တော်ဝန် အက်ဒီကလည်း ရှင့်ရဲ့ထိန်းချုပ်မှု အောက်မှာလား။ ”

မာနူ ခေါင်းညိတ်လိုက်သည်။

“ အတိအကျ ပြောရရင်တော့ တကယ့်အက်ဒီက သေသွားပြီ။ ”

မာနူက ထိုကဲ့သို့ ကိစ္စအားလုံးကို ဖွင့်ပြောနေခြင်းသည် ခရစ္စတီးနားကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးရန် ကြံရွယ်ထားသည့်အတွက် မဟုတ်ကြောင်း ချန်လွေ့နှင့် ခရစ္စတီးနားတို့ သိကြသည်။

ခရစ္စတီးနား တည်ငြိမ်သွားပြန်၏။

“ ဒါဆို ဒီတစ်ခေါက် သွေးရောင်နွယ်မြို့ကနေ လွှတ်လိုက်တဲ့ စစ်တပ်မှာ တစ်ခုခုလွဲနေလား။ ”

“ အမှန်ပဲ။အဲဒီတပ်ဖွဲ့က ငါ့ရဲ့ လက်ရွေးစင်အင်အားစုတွေပဲ။သူတို့တွေက မင်းခေါ်လာတဲ့ လူတွေကို သတ်ပစ်ပြီးလောက်ပြီ။ ”

“ ခင်ဗျားတို့အားလုံး လိုချင်တဲ့အရာတွေ ကျုပ်မှာရှိတယ်။ ”

ချန်လွေ့ ရုတ်တရက် ပြောလိုက်သည်။

“ အသုံးမဝင်ပါဘူး။ဆရာသခင်။ငါ ခုနက ပုန်းလျှိုးနေရင်း အားလုံးကို ကြားထားပြီးပြီ။ ”

မာနူက ချန်လွေ့ပြောမည့်အရာကို စကားဖြတ်ပြောလိုက်သည်။

“ ဆာဘရီနာနဲ့ အီဇိုလာတို့ သေသွားပြီ။ဆန်းကြယ်တောင်ကြားကလည်း ပျက်စီးသွားပြီ။အရိပ်နက်အင်ပါယာရဲ့စစ်တပ်က လာပြီးတော့ မချေမှုန်းရင်တောင် သတင်းကျောက်တောင်ကြားက အကြီးအကျယ်ထိခိုက်နေပြီ။ငါက ဖါမိုးရဲ့ သရုပ်နဲ့ မြို့တော်က လှုပ်ရှားမှုတွေကို သတိထားမိသွားပြီးတော့ အချိန်မီ အမြန်ပြန်လာပြီး ယာကော့ဗ်ကို မနှိုးခဲ့ရင်၊ အဇ်ဂါလောက တိုက်တိုက်ဆိုင်ဆိုင် ပြန်မရောက်လာခဲ့ရင် မင်းရဲ့အစီအစဉ် အောင်မြင်သွားလောက်တယ်။ ”

ချန်လွေ့ ခါးသက်သက်နှင့် ပြုံးလိုက်သည်။ အစီအစဉ်က ပြီးပြည့်စုံခဲ့တယ်။ဒါပေမဲ့ မာနူက သလင်းကျောက်တောင်ကြားဆီ အမြန်ပြန်လာပြီးတော့ ယာကော့ဗ်ကို နှိုးလိုက်မယ်လို့ မထင်ထားခဲ့ဘူး။အခုတော့ ငါ့ကြိုးစားအားထုတ်ခဲ့ရတာတွေက သဲထဲရေသွန်ဖြစ်ကုန်ပြီ။ကိစ္စတွေက တကယ့်ကို ခန့်မှန်းရခက်တာပဲ။

“ မင်းက ပါရမီမှာပဲဖြစ်ဖြစ်၊ စွမ်းဆောင်ရည်မှာပဲဖြစ်ဖြစ်၊ ဉာဏ်ပညာမှာပဲဖြစ်ဖြစ် ထူးချွန်တယ်ဆိုတာကိုတော့ ငါဝန်ခံရမယ်။ငါတို့လို နတ်ဆိုးအရှင်သခင်တွေတောင် မင်းရဲ့လျို့ဝှက်ကြံစည်မှုကြောင့် လှည့်စားခံခဲ့ရတယ်။ ”

မာနူချီးမွမ်းလိုက်ပြီးနောက် လေသံ ရုတ်တရက် ပြောင်းလဲသွား၏။

“ ‌ဒါပေမဲ့ မင်းမေ့နေတာ တစ်ခုရှိတယ်။မင်းက ငါ့ယုံကြည်မှုကို ရဖို့အတွက် [ ဝိညာဉ်လက်ထိပ် ] ကို လက်ခံထားတယ်။မင်းဒဏ်ရာရတာတွေက [ ဝိညာဉ်ဆက်သွယ်လှိုင်း ] မှာ တုံ့ပြန်မှု အနည်းငယ် ရှိတယ်။လက်ထိပ်နဲ့‌ဆို မင်းကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်ဆီးချင်ရင်တောင် လုပ်လို့ ရနိုင်မှာမဟုတ်ဘူး။ ”

ချန်လွေ့က [ ဝိညာဉ်လက်ထိပ် ] ကို လက်ခံခဲ့ကြောင်း ကြားသည့်အခါ ခရစ္စတီးနား၏ တည်ငြိမ်သောမျက်လုံးထဲ၌ ထူးထူးခြားခြား မသက်မသာမှုတစ်ခု ရေးရေးလေး ဖြစ်သွားသည်။ယာကော့ဗ်နှင့် အဇ်ဂါလောတို့၏မျက်လုံးများ တစ်ပြိုင်နက်တည်း အရောင်တောက်သွားကြသည်။ယာကော့ဗ်က မကျေမနပ်ပြောလိုက်သည်။

“ ခုနက ငါဒေါသထွက်လွန်းလို့ ဘာမှမမြင်တော့ဘဲနဲ့ အဲဒါကို မေ့သွားတယ်။မင်းက ဘာလို့ အဲဒါကို စောစော မပြောခဲ့တာပဲ။ ”

“ ကျုပ် အစောကြီး ထွက်လာလိုက်ရင် ဒီတော်ဝင်အမျိုးသမီး မထွက်လာမှာ စိုးမိတယ်။ ”

မာနူက မရိုးမသား ပြုံးလိုက်သည်။

“ မစ်-ခရစ္စတီးနား။မင်းရဲ့အလှနဲ့စရိုက်က ငါ့ကို တော်တော်လေး ငါ့ကို နက်နက်ရှိုင်းရှိုင်း စွဲမက်သွားစေတယ်။မင်းငါ့ကို လက်ထပ်နိုင်မလား သိချင်မိတယ်။ငါက လီဗျာသန်တော်ဝင်မိသားစုရဲ့ ခေါင်းဆောင်ပါ။ဒါကြောင့် မင်းအတွက်လည်း အရှက်ရစရာ မဟုတ်ပါဘူး။ ”

မာနူသည် လုံးဝအားသာချက် ရှိနေသည့်အတွက် သူ၏ ထို“တောင်းဆိုချက်”တွင် ခြိမ်းခြောက်မှု ပါဝင်နေသည်။

ငါ့ရဲ့သတင်းပေးတွေအရဆိုရင် ခရစ္စတီးနားက အရိပ်နက်အင်ပါယာရဲ့ ဆက်ခံသူဖြစ်နိုင်တယ်။ ငါသူ့ကို ထိန်းချုပ်နိုင်ရင် သူ့ကိုသတ်တာထက် ပိုပြီးတော့ တန်ဖိုးရှိတယ်။

“ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အဟုတ်ကြီးထင်နေတဲ့သူပဲ။ကျွန်မ ဘယ်လို ပြန်ဖြေမယ် ထင်လဲ။ ”

ခရစ္စတီနား၏ ရယ်သံယဲ့ယဲ့လေးထဲတွင် ထေ့လုံးနှင့် ရွံရှာမှုများ ပေါ်လွင်နေ၏။ ‌ရုတ်တရက် ရွှေရုပ်သေးကို အကျဉ်းချထားသော သလင်းကျောက်များ ကြေမွသွားပြီး ၎င်းသည် ခရစ္စတီးနားဘေးသို့ ရောက်ရှိလာကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

ထိုကဲ့သို့ တုံ့ပြန်မှုကို မာနူ မျှော်လင့်ထားပြီးသား ဖြစ်သည်။မာနူ လက်ဝှေ့ရမ်းလိုက်ကာ ချန်လွေ့၏ နှလုံးသားသည် တစ်စုံတစ်ခု၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားသွားရပြီး အလွန်ပင် မသက်မသာ ဖြစ်လာခဲ့သည်။တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်သည် အလိုလိုနေရင်း နောက်သို့ဆုတ်သွားပြီး ပိုးတုံးလုံးကဲ့သို့ပင် ချည်မျှင်များ ရစ်ပတ်ခံလိုက်ရကာ ခေါင်းတစ်လုံးသာ ပေါ်တော့သည်။

“ ဆရာသခင်။ငါ လက်ထပ်ပေါ်က ထိန်းချုပ်မှုကို အသုံးပြုပြီးပြီ။မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်အကြောင်းတွေ တွေးလို့မရတော့ဘူး။ပြီးတော့လည်း အဲဒီ“ချည်မျှင်”တွေက မင်းကို ကာကွယ်ဖို့ အတွက်ပဲ။အဲဒါကြောင့် ရုန်းကန်ဖို့ မကြိုးစားနဲ့။ဒီမိန်းမကို ဖမ်းပြီးရင် အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့။ဟုတ်ပြီလား။ ”

မာနူ၏ ငြင်သာသော အပြုံးသည် မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ပင် ဖြစ်သော်လည်း ချန်လွေ့၏ စိတ်ထဲ၌ အေးစက်မှုကိုသာ ခံစားရသည်။

[ ‌ဝိညာဉ်လက်ထိပ် ] ၏ သက်ရောက်မှုသည် အမှန်တကယ်ပင် မှော်ဆန်လှသည်။ယခုတွင် ချန်လွေ့သည် မည်သည့် ကိုယ့်ကိုယ်ကိုယ် သတ်သေမည့်အတွေးများကို တွေး၍မရတော့ပေ။ဒေလီယာနှင့် ခီရာတို့က [ ဝိညာဉ်လက်ထိပ် ] ဖြင့် အကျဉ်းကျခံလိုက်ရသည့်အခါ မည်သည့်အတွက်ကြောင့် သေသလိုဖြစ်သွားရသည်ကို ချန်လွေ့ ယခုတော့ သဘောပေါက်သွားလေပြီ။

ချန်လွေ့ကို ဖြေရှင်းပြီးသည့်အခါ မာနူသည် ခရစ္စတီးနားဘေးရှိ ရွှေရုပ်သေး နှစ်ကောင်ဖြစ်သွားသည်ကို မြင်လိုက်ရသည်။သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ မင်းက တစ်ချိန်တည်းမှာ ရွှေရုပ်သေး နှစ်ကောင်ကို ထိန်းချုပ်နိုင်တာပဲ။မင်းရဲ့ အလားအလာနဲ့ ပါရမီက တကယ့်ကို အံ့ဩဖွယ်ရာပဲ။ငါ တောင်းဆိုတာကို မင်းတကယ်ပဲ မစဉ်းစားတော့ဘူးလား။ ”

ခရစ္စတီးနား ပုံမှန်အတိုင်း ပြန်ဖြေသည်။

“ လီဗျာသန် တော်ဝင်မိသားစုဝင်တိုင်းက မတိုက်ခိုင်ခင် ရှင့်လိုမျိုး စကားကြောရှည်ကြတာလား။ ”

သူတို့ ရန်မလိုကြလျှင် ယာကော့ဗ်သည် ထိုအမျိုးသမီးအား လက်မထောင်ပြမည် ဖြစ်သည်။ ပါးနပ်တယ်လို့ အမြဲထင်နေတဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ မာနူက စကားပြောရတာ တော်တော်လေး ကြိုက်တယ်။သူက ပါးစပ်နဲ့ တိုက်ခိုက်တာလား။

“ ဒါဆိုရင်တော့ စကားကြော နည်းနည်းလေး ရှည်မိသွားတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ”

မာနူ၏အပြုံးသည် မပြောင်းလဲလျက်ပင် ရှိနေသည်။

“ ရွှေ‌ရုပ်သေးနှစ်ကောင်နဲ့ မင်းထွက်ပြေးနိုင်ပြီ ထင်ရင်တော့ စိတ်ပျက်သွားရလိမ့်မယ်။ ဘာလို့လဲဆိုတော့..... ငါ့ရဲ့ [ ဝိညာဉ်ပိုင်နက် ] က စိတ်ဝိညာဉ် ရုပ်သေးအားလုံးရဲ့ ဝိပါက် ဖြစ်နေလို့ပဲ။နတ်ဆိုးဘုံတစ်ခုလုံးမှာ ဒီလိုလက္ခဏာရှိတဲ့ ပိုင်နက်မျိုး ငါ့တစ်ယောက်တည်းမှာပဲ ရှိလောက်တယ်။ကံဆိုးတာကတော့ မင်းအခု ကြုံတွေ့နေရတာပဲ။ ”

မာနူ၏စကား ဆုံးသွားသည်နှင့် ပတ်ဝန်းကျင် မြင်ကွင်း ရုတ်တရက် ပြောင်းလဲသွားသည်။နေရာတိုင်းတွင် ပင့်ကူအိမ်ကဲ့သို့ ပိုးချည်မျှင်များ ရှိနေကြသည်။ ထိုချည်မျှင်များ၏ အသွင်အပြင်နှင့် စီစဉ်မှုတွင် အလွန်အမင်း လျို့ဝှက်ဆန်းကြယ်သော ဥပဒေသတစ်ခု ပါဝင်နေသည်။နေရာတစ်ခုလုံး အပိုင်းအစ မြောက်မြားစွာအဖြစ် ပိုင်းခြားလိုက်သကဲ့သို့ ဖြစ်သွားသည်။

မာနူ ကြွားနေခဲ့ခြင်း မဟုတ်ပေ။ရွှေရုပ်သေးများသည် ချည်မျှင်ပိုင်နက်အတွင်း ပုံမှန်မဟုတ်သော တွန့်လိမ်မှုများကို ပြသလာသည်။သူတို့သည် မြောက်မြားလှစွာသော မမြင်နိုင်သည့် ချည်မျှင်များဖြင့် ဆွဲထားသော သစ်သားရုပ်သေးများကဲ့သို့ ဖြစ်သွားပြီး ခရစ္စတီးနား၏ စိတ်ဝိညာဉ်ဖြင့် ထိန်းချုပ်၍ မရတော့ပေ။သူတို့သည် ခရစ္စတီးနားကိုပင် တိုက်ခိုက်တော့မည့် လက္ခဏာများ ပြသနေကြသည်။

ခရစ္စတီးနား မျက်မှောင် အနည်းငယ်ကြုတ်ပြီး ရုပ်သေးများကို သိမ်းလိုက်သည်။

ရန်မလိုကြလျှင် ပိုင်နက်များကို ပုံမှန်အားဖြင့် အတူတူ အသုံးပြု၍မရပေ။ပြိုင်ဘက်ဖြစ်သူ၏ အကြီးမားဆုံး တိုက်ခိုက်ရေးစွမ်းအားကို ဟန့်ထားနိုင်သော မာနူ၏ ပိုင်နက်ရှိနေသဖြင့် ယာကော့ဗ်နှင့် အဇ်ဂါလောတို့သည် သဘောထားမကွဲလွဲစေရန်အတွက် ပိုင်နက်များကို အသက်မသွင်းခဲ့ကြပေ။လက်ရှိတွင် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ အစွမ်းထက်ဆုံးပါရမီဖြစ်သော [ စစ်ရုပ်သေး ] ကို သုံး၍မရတော့ပေ။အနီးကပ် တိုက်ခိုက်ရေးမှာလည်း အဇ်ဂါလောနှင့် ယာကော့ဗ်တို့၏ အားသာချက် ဖြစ်သည်။ခရစ္စတီးနားသည် လွယ်ကူသော ပစ်မှတ်တစ်ခု ဖြစ်နေလေပြီ။

အဇ်ဂါလော ဦးဆောင်လိုက်သည်။သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်၌ တဇက်ဇက် အသံမြည်နေသော အနီရောင်လျှပ်စီးများ ပေါ်ထွက်လာသည်။သူ ဖျပ်ခနဲပျောက်သွားပြီး ခရစ္စတီးနားကို စတင်တိုက်ခိုက်တော့သည်။ခရစ္စတီးနားသည် လက်တစ်ဖက်ဖြင့် အဇ်ဂါလော၏လက်သီးကို အသာလေး ခုခံလိုက်သည်။သို့သော်လည်း သူ၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်ခါသွား၏။

မာနူ၏ စိတ်ရှုပ်စရာအသံ ထွက်လာပြန်သည်။

“ အဇ်ဂါလောရဲ့ တိုက်ခိုက်မှုက သူ့ရဲ့ သန္ဓေပြောင်းပါရမီ တစ်စိတ်တစ်ပိုင်းပဲ။ဒါပေမဲ့ အဲဒါက ဒြပ်စင်အားတစ်ခု မဟုတ်ဘူး။မင်းရဲ့ [ ဒြပ်စင်အားနည်းခြင်း ] ပါရမီ အသုံးမဝင်ဘူး။ငါ သူတို့ကို မိတ်ဆက်ပေးဖို့ မေ့သွားတယ်။ဒါက မစ္စတာ အဇ်ဂါလော။ဘယ်ဇီဘတ် တော်ဝင်မိသားစုဘုရင်။အဲဒီတစ်ယောက်က အစွမ်းထက်နဂါး မစ္စတာ ယာကော့ဗ်။သူတို့နှစ်ယောက်လုံးက နတ်‌ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတွေပဲ။သူတို့ထဲက ဘယ်သူမဆို မင်းကို အနိုင်ယူနိုင်တယ်။ ”

ယာကော့ဗ်သည် မာနူ၏ စကားများမှုကို စိတ်ရှုပ်စရာဟူ၍ ထင်ခဲ့သော်လည်း “ အစွမ်းထက်နဂါး ” ဟူ၍ အပြောခံရသည်ကို အတော်လေး ကျေနပ်ပြီး ဂုဏ်ယူမိသွားသည်။သို့သော် သူသည် အဇ်ဂါလောနှင့်အတူ မတိုက်ခိုက်ခဲ့ပေ။

ဒါက မိန်းမတစ်ယောက်ပဲ။ငါ့လို ဆာ-ယာကော့ဗ်က နဂါးမာနကို လျစ်လျူရှုပြီးတော့ သူ့ကို အတူတူတိုက်ခိုက်ဖို့အတွက် ဘယ်လိုလုပ် အရည်အချင်း ပြည့်မှီမှာလဲ။

အမှန်တကယ်၌ အဇ်ဂါလော၏လက်သီးတွင် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ ဝါးမျိုခြင်းပါရမီ ရောယှက်ထားကြောင်းကို မာနူ မပြောခဲ့ပေ။၎င်းသည် တိုက်ခိုက်မှုမှတစ်ဆင့် ရန်သူ၏စွမ်းအားကို အဆက်မပြတ် စုပ်ယူနိုင်သည်။ချက်ချင်းပင် ခရစ္စတီးနား အရေးနိမ့်လာသည်။

ချန်လွေ့ အလွန် စိုးရိမ်နေသည်။ခရစ္စတီးနားက အောက်မှ နတ်ဆိုးအရှင်သခင် နှစ်ယောက်ကို သေသေချာချာ မြင်ခဲ့သော်လည်း စိတ်လိုက်မာန်ပါ ဆင်းလာခဲ့သေးသည်။ယခုတွင် မာနူပါ ရှိနေလေပြီ။ထို့ပြင် [ စစ်ရုပ်သေး ] ကို ချုပ်တည်းနိုင်သော ပိုင်နက်တစ်ခု ရှိနေပြီဖြစ်သည်။ခရစ္စတီးနားတွင် အနိုင်ရရှိနိုင်ချေ လုံးဝမရှိပေ။သူ ရန်သူ့လက်ထဲ ကျရောက်သွားခဲ့လျှင် အကျိုးဆက်များမှာ သည်းမခံနိုင်လောက်အောင်ပင် ဖြစ်သည်။

ချန်လွေ့ အားအင်ထုတ်ပြီး မာနူ၏ “ ချည်မျှင် ” မှ ရုန်းထွက်ရန် ကြိုးစားခဲ့သည်။သို့သော် မည်သို့ပင် ပြုလုပ်စေကာမူ အသုံးမဝင်ခဲ့ပေ။

ထိုပိုင်နက်အတွင်း၌ အဇ်ဂါလောသည် အနီရောင် လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခရစ္စတီးနားအား တင်းတင်းကြပ်ကြပ် ပိတ်လှောင်ထားလိုက်သည်။

လေပွေသည် တစ်ခါတစ်ရံ၌ လျှပ်စီးကြောင်းအသံများနှင့် ရောနှောနေသည်။အတွင်းရှိ ပုန်းကွယ်နေသော ပုံရိပ်သည် ချည်မျှင်ပိုင်နက်ထဲ၌ အဆက်မပြတ် လှုပ်ရှားနေ၏။၎င်းမှာ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ကြိုးစားနေသော ခရစ္စတီးနားပင် ဖြစ်လေသည်။ သို့သော်လည်း လေပွေသည် ခရစ္စတီးနား သွားသောနေရာ ပတ်ပတ်လည်တွင် ရစ်ပတ်နေသည့် အတွက် မအောင်မြင်နိုင်ခဲ့ပေ။

ခရစ္စတီးနား၏ အရေးပေါ်အခြေအနေကို မြင်သွားပြီးနောက် ခုနက ဖရီယာနှင့် လဖ္ဖာတို့ အသတ်ခံရသော မြင်ကွင်းများ ချန်လွေ့၏မျက်လုံးထဲ၌ ပြန်မြင်ယောင်လာသည်။ ခရစ္စတီးနား.....သေတာကို ငါကြည့်ရဦးမှာလား.....

ယခုတွင် ခရစ္စတီးနားအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ အဇ်ဂါလောနှင့် ယာကော့ဗ်တို့ မဟုတ်ဘဲ [ စစ်ရုပ်သေး ] ကို ဟန့်တားနိုင်သည့် မာနူပင် ဖြစ်သည်။ တကယ်လို့ ငါ မာနူရဲ့ပိုင်နက်ကို အားနည်းစေပြီးတော့ ပျက်စီးအောင်ပါ လုပ်နိုင်ပြီးတော့ ခရစ္စတီးနားကို [ စစ်ရုပ်သေး ] သုံးလို့ရအောင် လုပ်ပေးနိုင်မယ်‌ဆိုရင် သေချာပေါက် သူထွက်ပြေးဖို့ အချိန်ရမှာပဲ။

[ မီးသင့်နဂါး ဝင်စီးခြင်း ] အခြေအနေ၏ နောက်ဆုံး အခိုက်အတန့် ရောက်ရှိနေပြီ ဖြစ်သည်။ထို့နောက်တွင် ချန်လွေ့၏ တိုက်ခိုက်ရေးစွမ်းအားများ ကြီးကြီးမားမား လျော့ကျသွားမည် ဖြစ်ပြီး ၂၄နာရီအတွင်း မည်သည့်စွမ်းအားကိုမျှ အသုံးပြု၍ မရနိုင်တော့ပေ။သူ၏ အောင်နိုင်မှု၊ ကျရှုံးမှုသည် ထိုတိုက်ကွက်တစ်ခုတည်းအပေါ်တွင်သာ မူတည်နေသည်။

ချန်လွေ့သည် ရှိသမျှစွမ်းအားများကို စုစည်းလိုက်ပြီးနောက် တဖြည်းဖြည်းနှင့် အနိမ့်ဆုံးအတိုင်းအတာ အထိ ဖိသိပ်လိုက်သည်။

ခရစ္စတီးနားက ခြေလှမ်းသုံးလေးလှမ်း ယိမ်းယိုင်သွားပြီး ခန္ဓာကိုယ်အနည်းငယ် တုန်ခါသွားသည်။သူသည် သွေးနီရောင် လျှပ်စီး၏ သက်ရောက်မှု ခံနေရသည်မှာ သေချာနေသည်။သူ၏ ပင့်သက်ရှိုက်ခြင်းကိုကြည့်လျှင် သက်လုံတော်တော်လေး လျော့ကျနေပြီဖြစ်ကြောင်း သိနိုင်သည်။

ချန်လွေ့က လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ ပြင်းထန်သောစွမ်းအားကို ခံစားလိုက်‌ရသည်။ မရသေးဘူး။မလုံလောက်သေးဘူး။ငါထိန်းထားပြီးတော့ ဒီထက်ပိုပြီး ဖိသိပ်ရမယ်။

“ သူ့ကို မသတ်နဲ့။ဒီလိုမိန်းမလှမျိုးကို အနည်းဆုံး ကျုပ်တို့ မြည်းကြည့်ရမယ်။ ”

မာနူ၏ရယ်သံတွင် ပြင်းထန်သော တဏှာစိတ်များ ပေါ်လွင်နေ၏။သို့သော်လည်း ၎င်းမှာ အဓိကအားဖြင့် ခရစ္စတီးနား၏စိတ်ကို နှောင့်ယှက်ရန်သာ ဖြစ်ပေသည်။

မာနူ ရယ်လိုက်သည်နှင့် “ အာသာ ” ထံမှ ထွက်လာသော ထူးဆန်းသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။အာသာ ပတ်ပတ်လည်၌ ထူးဆန်းသော ကြယ်စင်စုတစ်ခု ပေါ်ထွက်လာပြီး မိမိ၏ပိုင်နက်စွမ်းအားကိုပင် အမှန်တကယ် အားနည်းသွားစေသည်။

မာနူ အံ့အားသင့်သွားသည်။ထိုကဲ့သို့ နတ်‌ဆိုးဧကရာဇ်အဆင့် “ ပိုင်နက်-အတု ”သည် ပိုင်နက်အစစ်အမှန်အရှေ့တွင် အသုံးမဝင်ဖြစ်သင့်သည်။သို့သော် မမျှော်လင့်ဘဲနှင့် ပုံမှန်မဟုတ်သော အရာတစ်ခု အမှန်ပင် ဖြစ်ပွားခဲ့လေသည်။

ပို၍ အံ့ဩစရာများ ဖြစ်မလာသေးပေ။ထို့နောက် “ အာသာ ” အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်မှ အဆက်မပြတ် ပေါက်ကွဲသံများထွက်လာကာ ချည်နှောင်ထားသော ချည်မျှင်များ တစ်ခုပြီးတစ်ခု ပြတ်ထွက်သွားသည်ကို မာနူ မြင်လိုက်ရသည်။

ထိုကဲ့သို့ ဖောက်ထွက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းနှင့်ညီမျှပြီး ပေးဆပ်ရမှုမှာ အလွန်ကြီးမားလှသည်။ချန်လွေ့၏ ခန္ဓာကိုယ်စွမ်းအားအားလုံးသည် ဆန့်ကျင်ဘက်ဦးတည်ဘက်အတိုင်း စီးဆင်းနေသည်။သူ၏ကြွက်သားများလည်း ဖိအားဒဏ်ကို မခံနိုင်တော့သည့်အတွက် ပေါက်ကွဲထွက်ကုန်သည်။တစ်ခဏ အတွင်းမှာပင် ချန်လွေ့တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းသွားတော့သည်။

[ ဝိညာဉ်ဆက်သွယ်လှိုင်း ] ကြောင့် မာနူသည် ခန္ဓာကိုယ်ထဲတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။သူသည် စိတ်ကိုစေစားပြီး ချန်လွေ့ဆီသို့ မြောက်မြားလှစွာသော ချည်မျှင်များ လွှတ်လိုက်ပြန်သည်။ထို့နောက်တွင် ချန်လွေ့ အော်ပြောသည်ကို သူကြားလိုက်ရသည်။

“ အဇ်ဂါလော။နတ်ဘုရား-ဝါးမျို မျက်နှာဖုံး။ ”

အဇ်ဂါလော၏ သွေးနီရောင် လေပွေ ရုတ်တရက် ရပ်တန့်သွားသည်။သူသည် ချန်လွေ့၏ မျက်နှာပေါ်တွင် ရှိနေသော မျက်နှာဖုံးတစ်ခုကို သေသေချာချာ မြင်လိုက်သည်။ချန်လွေ့၏ ခန္ဓာကိုယ်သည် ရုတ်တရက်ပင် မြောက်မြားလှစွာသော ယင်ကောင်များအဖြစ် ပြောင်းလဲသွားကာ ချည်မျှင်များကို ရှောင်တိမ်းလိုက်သည်။

အဇ်ဂါလော၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးရဲ့ အထူးသီးသန့်အစွမ်း [ နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ပဲ။

ဟုတ်တယ်။အဲဒါက ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အခမ်းနားဆုံး အဆောင်ပစ္စည်းပဲ။

ထိုကဲ့သို့ အာရုံပျံ့လွင့်နေသော အခိုက်အတန့်တွင် ခရစ္စတီးနားသည် အဇ်ဂါလော၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားခဲ့သည်။

ချည်မျှင်များ၏ ရစ်ပတ်မှုကို မခံရသေးခင်မှာပင် ချန်လွေ့ နောက်တစ်ကြိမ် အော်ပြောလိုက်သည်။

“ မာနူ။သေချာကြည့်ထား။ ”

မာနူ၏ ကြောက်လန့်နေသော မျက်လုံးထဲတွင် [ ဝိညာဉ်လက်ထိပ် ] ဖြင့် “သေခြင်းဆန္ဒ” တားမြစ်ခံထားရသူသည် အနီရောင်မီးတောက်တစ်ခု ဖုံးလွှမ်းနေသည်။ထိုမီးတောက်၏ အလင်းရောင်သည် အသက်တစ်ခုကဲ့သို့ပင် ပူလောင်နေ၏။

ထို့နောက်တွင် သူ၏ဓားသွားကဲ့သို့လက်ဖြင့် သူ၏နှလုံးသားကို ရက်ရက်စက်စက် ထိုးစိုက်ပစ်လိုက်သည်။ထိုအားသည် ပြင်းထန်လွန်းလှသည့်အတွက် သူ၏လက်သည်းများပင် ရင်ဘတ်ထဲစိုက်ဝင်သွားခဲ့သည်။ခဏအကြာမှသာ သွေးများ ပန်းထွက်လာတော့သည်။

ချန်လွေ့၏မျက်နှာသည် နာကျင်မှုကြောင့် ပြင်းပြင်းထန်ထန် ရှုံ့တွနေသော်လည်း မျက်လုံးများမှာ အကြောက်တရား ကင်းမဲ့‌နေဆဲပင် ဖြစ်သည်။သူ၏အသံ တုန်ခါနေသော်လည်း အမှန်တကယ် ကြောက်နေသူမှာ မာနူဖြစ်သည်။

“ ရူးမိုက်တာတွေ မလုပ်နဲ့။ ”

မာနူသည် ရင်ဘတ်ကိုအုပ်ထားရင်း ချွေးစေးများ ထွက်နေသည်။

ခရစ္စတီးနား တုန်လှုပ်သွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။

“ မလုပ်နဲ့။ ”

“ သွားတော့။ ”

ချန်လွေ့ အားကုန်အော်ဟစ်လိုက်ပြီးနောက် လက်ကျန်စွမ်းအားများ ပေါက်ကွဲထွက်သွားသည်။သူ၏နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသော လက်ချောင်းများပင် ပြင်းပြင်းထန်ထန် အားစိုက်ထည့်လိုက်သည်။သွေးများချက်ချင်းပင် ပန်းထွက်လာတော့သည်။၎င်းသည် အလွန်ခမ်းနားသော်လည်း ပူလောင်လှ၏။

ချန်လွေ့သည် သွေးစွန်းနေသော လက်ကို ဖြည်းဖြည်ချင်း ဆွဲထုတ်လိုက်သည်။ထို့နောက် လုံးဝ အားကုန်ခမ်းသွားသကဲ့သို့ပင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

မာနူသည် နာကျင်လှသောရင်ဘတ်ကို အုပ်ထားရင်း အော်ဟစ်လိုက်သည်။သူ၏မျက်နှာ ဖြူဖျော့သွားပြီး ပိုင်နက်စွမ်းအားလည်း ရုတ်တရက်ပင် တစ်ဝက်ခန့် အားနည်းသွားသည်။

နာကျင်နေသော ရင်ဘတ်ကို အုပ်ထားရင်း [ ဝိညာဉ်လက်ထိပ် ] ချိတ်ဆက်မှု ပြန်တောက်သွားသည်ဟု မာနူ ရုတ်တရက် ခံစားလိုက်ရသည်။ထိုကဲ့သို့ ထူးဆန်းသော တန်ပြန်မှုသည် မာနူကို ပို၍ပင် နာကျင်စေသည်။၎င်းသည် [ ဝိညာဉ်ဆက်သွယ်လှိုင်း ] အား အတင်းဖယ်ရှားခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည်။

မာနူ၏ ရှုံ့တွနေသော မျက်နှာတွင် အကြောက်တရားများ ပြည့်နှက်နေ၏။တစ်စုံတစ်ယောက်သည် [ ဝိညာဉ်လက်ထိပ် ] ကို တိုက်ရိုက် အတင်းဖြတ်တောက်နိုင်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။ ဒါကြောင့် သူက အရင်တုန်းက [ ဝိညာဉ်လက်ထိပ် ] ကို ရဲရဲတင်းတင်း လက်ခံခဲ့တာကိုး။လက်စသတ်တော့ သူ့မှာ ဒီလိုမျိုး မယုံနိုင်စရာ နည်းလမ်းတစ်ခု ရှိနေတာပဲ။

ဒီလိုစွမ်းရည်ရှိတာတောင် ဘာလို့ သူက ဒီလို ရူးသွပ်တဲ့နည်းလမ်းဖြစ်တဲ့...... နှလုံးသားကို ဖျက်ဆီးတာ လုပ်ခဲ့တာလဲ။

အရူးကောင်။ကြောက်စရာ အရူးကောင်ပဲ။

အမှန်တကယ်၌ [ ဝိညာဉ်လက်ထိပ် ] အစွမ်းသက်ရောက်မှု မရှိခဲ့ခြင်း မဟုတ်ပေ။ချန်လွေ့ “သတ်သေ”ခဲ့စဉ်က နှလုံးသားထဲ၌ သေချင်သည့်ဆန္ဒ လုံးဝမရှိဘဲ မျှော်လင့်ချက်သာ ရှိနေသောကြောင့်ပင် ဖြစ်သည်။

သို့သော် ခရစ္စတီးနား ထွက်မပြေးဘဲ မြေပြင်ပေါ် လဲကျသွားသော ချန်လွေ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။သူသည် ကြမ်းပြင်ပေါ်၌ အလျင်အမြန် ကျယ်ပြန့်လာသော သွေးများနှင့် ထွက်ပြေးရန် အချက်ပြနေသော စိုးရိမ်နေသည့် မျက်လုံးများကို ကြည့်နေခဲ့သည်။

မသိလိုက်ဘဲနှင့် ခရစ္စတီးနား၏ ဇာမျက်နှာလွှား စိုသွားလေသည်။

ခရစ္စတီးနားက ဖြည်းဖြည်းချင် မျက်လုံးမှိတ်လိုက်သည်။အသံတိတ်ညစိမ့်မြေရှိ မြင်ကွင်းများ သူ၏စိတ်ထဲ၌ ပြန်ပေါ်လာဟန်တူသည်။ ဒီငတုံးကောင်က နောက်ဆုံး [ တယ်လီပို့ခုန်ခြင်း ] ကိုတောင် အသက်ရှင်ကျန်ဖို့ မသုံးခဲ့ဘဲနဲ့ ငါ့ကို အန္တရာယ်ကင်းအောင်လို့ ဘရော့ခ်ကို အပါခေါ်သွားခဲ့တယ်။

ငတုံး။အမြဲတမ်း တုံးအနေတာပဲ.....

“ ခင်ဗျားတို့နှစ်ယောက်ပေါင်းပြီး အဲဒီမိန်းမကို သတ်ပစ်လိုက်။ ”

မာနူက နာကျင်မှုကို ခုခံပြီး အော်ပြောလိုက်သည်။

“ ကျုပ် ဒီအရူးကောင်ကို ကယ်ဖို့ နည်းလမ်းတစ်ခု ရှာလိုက်မယ်။ ”

အဇ်ဂါလောက အမြန်တုံ့ပြန်လိုက်သည်။ ဟုတ်တယ်။ဒီအရူးကောင်မှာ ပျောက်ကွယ်သွားတဲ့ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးအပြင် လျို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်။သူသေလို့ မဖြစ်ဘူး။

အဇ်ဂါလော ဖျပ်ခနဲပျောက်သွားပြီး ခရစ္စတီးနား အနီးတွင် ပြန်ပေါ်လာသည်။အနီရောင် လျှပ်စီးပွင့်များ ပါဝင်နေသည့် သူ၏ပြင်းထန်သောအား လိမ့်တက်လာပြန်သည်။ ထိုတိုက်ကွက်သည် သူ၏ညစွမ်းအားအကုန်ပင် ဖြစ်သည်။

ယာကော့ဗ်လည်း ‌ပြန်လည်ရှင်သန်ခြင်း ရေစင်နှင့် ရှေးမှော်စာများအကြောင်း စစ်မေးရန် စိုးရိမ်နေသည်။ထို့ကြောင့် သူလည်း နဂါးမာနကို ဂရုမစိုက်နိုင်တော့ပေ။သူက ခုန်လွှားပြီး ကောင်းကင်မှ တိုက်ခိုက်လိုက်သည်။

ခရစ္စတီးနားက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။အဇ်ဂါလောနှင့် ယာကော့ဗ်တို့၏ အမြန်နှုန်းဖြင့်‌ဆိုလျှင် သူတို့သည် ခရစ္စတီးနားကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ပြီးရမည် ဖြစ်သည်။သို့သော်လည်း ခရစ္စတီးနား၏ မျက်လုံးများ “ ဖြည်းဖြည်းချင်း ” ဖွင့်ပြီးသည့်အခါမှသာ သူတို့သည် ဘေးနှစ်ဖက်သို့ အသီးသီး ရောက်ရှိလာကြသည်။၎င်းမှာ လျို့ဝှက်ဆန်းကြယ်သော ဥပဒေသတစ်ခုပင် ဖြစ်လေသည်။

ဇာမျက်နှာလွှားနောက်ကွယ် ကြယ်ပွင့်များကဲ့သို့ လှပသော မျက်လုံးများထဲ၌ ရှားပါးသော ခြိမ်းခြောက်သည့် အငွေ့အသက်များ စီးဆင်း‌နေ၏။၎င်းသည် ယခင်က ငြိမ်းအေး‌နေသော ရေကန်ကဲ့သို့ ကြယ်ကောင်းကင်တစ်ခုဆိုလျှင် ယခုတွင် မီးတောက် ဥက္ကာပျံများ ကြဲချနေသကဲ့သို့ ဖြစ်နေသည်။

All Chapters