ဘာကြောင့်လဲဆိုတော့ ကိုယ်...
Vol. 18 Ch. 244
ဖန်းယုသည် အာရန်၏ ကျောပြင်ကို ငေးကြည့်နေမိလိုက်သည်။
သူ၏ အဝတ်အစားများသည် သွေးများဖြင့် လုံးဝ စွန်းပေနေလေသည်။
သူ၏ ခိုင်ခန့်သော အကြီးအကဲ ဝတ်ရုံ၏ နေရာအချို့၌ပင် စုတ်ပြဲထွက်နေပြီး ထိုအပြဲနေရာမှပင် အာရန်၏ ခန္ဓာကိုယ်အတွင်းရှိ နက်ရှိုင်းသော ဒဏ်ရာအပိုင်းအစအချို့ကို လှစ်ဟပြသနေသကဲ့သို့ဖြစ်လေသည်။
နောက်ဆုံးအကြိမ်တုံးက တစ်စုံတစ်ဦးသည် သူမကို ဤကဲ့သို့ ပင် ကာကွယ်ပေးခဲ့ဘူးလေသည်။
ထိုကဲ့သို့ သူမကို ကာကွယ်ရန် ကြိုးစားပေးခဲ့သော သူမှာ သူမ၏ ဖခင်ပင် ဖြစ်လေသည်။
သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
အာရန်၏ သွေးများ စွန်းထင်းနေသော ကျောပြင်ကို မြင်လိုက်ရချိန်၌ သူမ၏ ထိုစဥ်က ဖခင်ဖြစ်သူ၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်လာမိလေသည်။
“ကျွန်မပြောတာ မကြားဘူးလား ဒီလူတွေကို ရင်ဆိုင်ဖို့ ရှင်က အရမ်းအားနည်းလွန်းနေတယ်”
အာရန်သည် ထွက်ပြေးမည့်အစား အဘယ်ကြောင့် ဤနေရာ၌ ဆက်လက် ရှိနေသေးသည်ကို နားမလည်နိုင်ဖြစ်နေသော ဖန်းယုက အော်ဟစ်ပြောလိုက်သည်။
“ရှင့်လို အားနည်းသူတွေရဲ့ ကာကွယ်မှုကို ကျွန်မ မလိုအပ်ဘူး ထွက်သွားစမ်း”
အကယ်၍ ၎င်းသည် အခြားအခြေအနေတစ်ခုဖြစ်ပါက သူမသည် သူမ၏ကိုယ်ပိုင် အင်အားကို အသုံးပြုနိုင်ရန် ထိုသံကြိုးများကဲ့သို့အရာကို ချိုးဖျက်ပေးရန် အာရန်အား တောင်းဆိုမိပေလိမ့်မည်။
သို့သော် အာရန်သည် ၎င်းကို ချိုးဖျက်နိုင်မည်မဟုတ်ကြောင်း သူမ သိနေသည်။
ဤသံကြိုးများသည် မည်ကဲ့သို့သော သံကြိုးများဖြစ်သည်ကို သူမ ကောင်းစွာ သိထားသည်မဟုတ်ပါလား...။
မဟာအကြီးအကဲများ၏ အင်အားထက်ပင်လျော့နည်းသော အာရန်ကဲ့သို့ သာမန် အကြီးအကဲ တစ်ယောက်က ဤသံကြိုးများကို မည်သို့မျှ ချိုးဖျက်နိုင်မည်မဟုတ်ပေ။
သူမသည် အာရန်၏ လက်ကို ဆုပ်ကိုင်လိုက်ရာ လတ်ဆတ်သော သွေးများသည် သူ၏ လက်မောင်းမှ စိမ့်ထွက်နေဆဲဖြစ်ကြောင်း ခံစားမိလိုက်သည်။
သူမသည် အာရန်အား သူမနှင့် ပို၍ နီးကပ်ရန် ဆွဲယူလိုက်သည်။
သူမသည် သူမ၏ လက်တွင်စွပ်ထားသော လက်စွပ်ကို ချွတ်ကာ အာရန်၏ လက်အတွင်းသို့ ထည့်ပေးလိုက်သည်။
“ဒီဂိုဏ်းချုပ် လက်စွပ်ကို ယူပြီး ပြန်သွားတော့” ဟု သူမက အာရန်ကို ပြောလိုက်သည်။
“ရှင် ဒီမှာ မရှိတော့ရင်တောင် ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင်တယ် ရှင် ဒီမှာရှိနေတာက ကျွန်မအတွက် အနှောက်အယှက်တစ်ခုလိုပဲဖြစ်နေစေလိမ့်မယ်”
အာရန်သည် အံ့အားသင့်စွာဖြင့် ထိုလက်စွပ်ကို ငေးကြည့်လိုက်မိသည်။
၎င်းသည် ဂိုဏ်းချုပ်များအတွက်သာ သီးသန့် ခွင့်ပြုထားသော လက်စွပ်ဖြစ်သည်။
၎င်းသည် ဂိုဏ်းတွင်းရှိ ဘဏ္ဍာတိုက်ကို ဖွင့်နိုင်ရုံသာမက ထိုလက်စွပ်ဖြင့် ဂိုဏ်းတွင်းရှိ ဝင်္ကဘာ ဖွဲ့စည်းမှုများကိုပင် ထိမ်းချုပ်ခွင့်ရှိလေသည်။
၎င်းသည် ဂိုဏ်းချုပ်တစ်ဦးမှ နောက်တစ်ဦးသို့ လွှဲပြောင်းပေးရသော အမှတ်အသားသင်္ကေတလည်း ဖြစ်လေသည်။
သူမသည် အခြားသူများ၏ လက်ထဲသို့ ထိုလက်စွပ်ကို မရောက်ရှိစေလိုသောကြောင့် သူ့ကို ပေးလိုက်ခြင်းလော သို့မဟုတ် သူမသည် အမှန်တကယ်ပင် သူ့အား ဤ ရာထူးကို လွှဲပြောင်းပေးနေခြင်းလော သူဝေခွဲမရနိုင်ခဲ့ပေ။
သူမသည် ဤနေရာ၌ သေတော့မည်ဟု ထင်သောကြောင့် ဂိုဏ်းချုပ်ရာထူးကို သူ့အား လွှဲပြောင်းပေးနေခြင်းလော....။
သူသည် လက်စွပ်နှင့်အတူ ဂိုဏ်းသို့ အချိန်မှီ ပြန်ရောက်သမျှကာလပတ်လုံး သူသည် ဂိုဏ်းချုပ်ရာထူးကို သူ့အတွက် တောင်းဆိုနိုင်ခွင့်ရှိမည်မှာ သေချာနေသည်။
ဖန်းယုသည် ထိုလက်စွပ်ကို သူ့အား ပေးခဲ့သောကြောင့် သူမ၏ ရည်ရွယ်ချက် အစစ်အမှန်သည် မည်သည့်အရာဖြစ်ကြောင်း မည်သူကများ သိနိုင်မည်နည်း။
ဤလက်စွပ်ဖြင့် ဂိုဏ်းချုပ်ရာထူးကို တောင်းဆိုသောအခါ သူသည် ဇာတ်လမ်းများစွာ လုပ်ကြံဖန်တီးနိုင်သေးသည် မဟုတ်ပါလော...။
ထိုနည်းဖြင့် သူသည် ဒုတိယဦးစားပေးလမ်းကြောင်း၏ ရွေးချယ်မှုများကိုပင် ပြီးမြောက်စေနိုင်သည်။
သူ ထွက်သွားပြီးနောက် သူမသည် သူမကိုယ်သူမ ကာကွယ်နိုင်သည်ဟု ပြောနေခြင်းသည် သူမသည်သူ့အား လှည့်စားနေခြင်းသာဖြစ်ကြောင်း သူသိလေသည်။
ယခုအချိန်တွင် သူမသည် သာမန်လူတစ်ဦးထက် ပို၍ မည်သို့မျှ ပိုမို မစွမ်းဆောင်နိုင်တော့သည့် အချိန်လည်းဖြစ်လေသည်။
ထိုလက်ထိပ်များနှင့်ပတ်သက်၍ အာရန်သည် ၎င်း၏ အကျိုးသက်ရောက်မှုများကို သူ၏ ခွဲခြားသတ်မှတ်ခြင်း အစွမ်းဖြင့် စစ်ဆေးပြီးဖြစ်သည်။
လက်ထိပ်များသည် ခုနစ်ရက်ကြာခံနေလိမ့်မည်ဖြစ်သည်။
၎င်းတို့ကို တစ်စုံတစ်ဦးအား ချုပ်နှောင်ထားပြီးသောအခါ လက်ထိပ်ပိုင်ရှင် မှဖွင့်ပေးခြင်းမဟုတ်ပါက ခုနစ်ရက်ကြာမှသာ ဖယ်ရှားနိုင်မည်ဖြစ်လေသည်။
ထို့ကြောင့် သူသာ ထွက်ခွါသွားခဲ့ပါက သူမသည် သေဆုံးသွားလိမ့်မည်ဖြစ်လေသည်။
သို့သော်လည်း ဤသို့ဖြစ်ရန်မှာ ထိုလူများသည် သူမအား အမှန်တကယ် သတ်ရန် ကြိုးစားမှသာ ဖြစ်ပေသည်။
ယခုမူ ၎င်းသည် သူမကို သတ်ရန် အမှန်တကယ် ကြိုးစားနေကြခြင်း မဟုတ်ပေ။
သူမကို သူသာအမှန်တကယ် သေဆုံးလိုနေခဲ့ပါက အစောပိုင်းကတည်းက သတ်ခဲ့ပြီးဖြစ်လေသည်။
သူ ထိုသို့ မပြုလုပ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူ၏ ဒုတိယမြောက် အဓိကရွေးချယ်မှု လမ်းကြောင်းကြောင့်ပင်ဖြစ်လေသည်။
ထိုလမ်းကြောင်းမှာ ချစ်သူ လမ်းကြောင်းပင်ဖြစ်လေသည်။
ချစ်သူ လမ်းကြောင်းသည် ဖန်းယုနှင့် များစွာ ဆက်စပ်နေလေသည်။
သူ၏ ထိုချစ်သူ လမ်းကြောင်း ရမှတ်များတိုးတက်မှုသည် အခြားအမျိုးသမီးများနှင့်လည်း တိုးလာခြင်းများရှိခဲ့သော်လည်း ဖန်းယု၏ အကူအညီဖြင့် တိုးလာသကဲ့သို့ များပြားခဲ့ဘူးခြင်းမရှိပေ။
အာရန်သည် ထိုခံစားချက်ကင်းမဲ့သော နတ်ဆိုးကဲ့သို့ အမျိုးသမီးနှင့် နီးကပ်ရန် မဖြစ်နိုင်ဟု ထင်ခဲ့မိသောကြောင့်လည်း ယခင်က ထိုအရာကို များစွာ အာရုံမစိုက်ဖြစ်ခဲ့ပေ။
သူ၏ အစစ်အမှန်ပုံစံကို ဖော်ထုတ်ခံရမည်ကိုလည်း စိုးရိမ်မိခဲ့သောကြောင့် ဖြစ်လေသည်။
သူသည် နောက်ဆုံး၌ သူမ၏ ဖခင်ကို သတ်ခဲ့သောသူတစ်ယောက် ဖြစ်နေလေသည်။
ရှင်းအောင်ပြောရလျှင် သူ ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်၏ မူလပိုင်ရှင်ဖြစ်သူ ရန်နစ်ခရိုလိုင်းမှ ဖန်းယု၏ ဖခင်ကို သတ်ခဲ့သူပင်ဖြစ်လေသည်။
အာရန် သည် မင်္ဂလာနှောင်ကြိုး ကို အသုံးပြုသောအခါကပင် ဖန်းယုနှင့် အမြဲတမ်း ခပ်ကင်းကင်း သာနေထိုင်ရန် ကြိုးစားခဲ့ပြီး သူသည် ပို၍ အသက်ရှင်သန်နိုင်ရန် သေချာစေရန်လည်းဖြစ်လေသည်။
သို့သော် သူ၏ရှေ့၌ ပေါ်လာသော အခွင့်အရေးကိုမူ သူသည် လျစ်လျူမရှုနိုင်ပေ။
ရိုးရိုးရှင်းရှင်းဖြစ်သည်ဟု ဆို၍ရသော်လည်း စံပြ သူရဲကောင်းတစ်ဦးက မိန်းမပျိုလေးအား ကာကွယ်ပေးသည့်ဇာတ်လမ်းမျိုးကို မည်သူက မနှစ်သက်ပဲနေမည်နည်း။
၎င်းသည် သူနှင့် ဖန်းယု နီးကပ်သွားနိုင်သည့် တစ်သက်တွင် တစ်ကြိမ်သာ ရရှိနိုင်သော အခွင့်အရေးလည်းဖြစ်လေသည်။
ယခုအချိန်တွင် ချစ်သူလမ်းကြောင်း၌ တိုးတက်လာမှုသည် လက်စွပ်ထက်ပင် ပို၍ အရေးကြီးလေသည်။
ဒုတိယလမ်းကြောင်းကို ပြီးမြောက်ကာ ဂိုဏ်းချုပ်ဖြစ်ခြင်း ရွေးချယ်မှုနှင့် ပတ်သက်၍ မူ သူသည် နည်းလမ်းတစ်ခုကို တွေးတောထားပြီးဖြစ်သည်။
အရာအားလုံးသည် သူ၏ စိတ်တွင်း၌ အစီအစဥ်တကျ ကြိုတင် အကွက်ချထားပြီးဖြစ်သည်။
၎င်းသည် လာမည့်အရာများကို သူ မည်သို့ စီမံခန့်ခွဲမည်နှင့် သက်ဆိုင်နေသည်။
အာရန်သည် သူ၏ ကျားကွက်များကို မှန်ကန်စွာ ရွေ့နိုင်ပါက ဒုတိယဦးစားပေး ရွေးချယ်မှုများကို ပြီးမြောက်နိုင်ရုံသာမကပဲ သူ၏ ချစ်သူလမ်းကြောင်း၌လည်း အရေးပါသော အဆင့်တစ်ခုသို့ ရောက်ရှိရန် အချိန်တစ်ခုသာ လိုတော့ပေမည် ဖြစ်သည်။
အာရန်သည် လက်စွပ်ကို တစ်ချက်စမ်းကြည့်လိုက် သော်လည်း သူ၏ မျက်နှာ၌ လောဘအရိပ်များ ရှိမနေပေ။
ဖန်းယုသည် လက်စွပ်ကို သူ၏ လက်တွင်း၌ ထည့်ပေးလိုက်သောအခါ သူသည် သူမ၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။
သူသည် မျက်မမြင်ဟန်ဆောင်နေသောကြောင့် သူမ၏ လက်များကို ဖယ်ရှားခွင့် မပြုနိုင်ပေ။
မဟုတ်ပါက သူသည် နောက်ထပ်လုပ်ဆောင်မည့်အရာအတွက် မျက်မမြင်တစ်ဦးအနေဖြင့် သူမ၏ လက်ကို မည်သို့ ရှာဖွေရန် ကြိုးစားနိုင်မည်နည်း။
“ရှင် ဘာလုပ်တာလဲ”
ဖန်းယုသည် သူမ၏ လက်များကို ပြန်ရုံးထွက်ရန် ကြိုးစားရင်း မေးလိုက်လည်း အာရန်သည် သူမကို ပြန်မလွှတ်ပေးခဲ့ပေ။
ထို့နောက် အာရန်သည် ဘယ်ဘက်လက်ဖြင့် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
သူသည် ညာဘက်လက်၌ လက်စွပ်ကို ကိုင်ထားပြီး စေ့စပ်ကြောင်းလမ်းသကဲ့သို့ ဖြည်းဖြည်းချင်း သူမ၏ လက်ချောင်းအတွင်းသို့ ထိုလက်စွပ်ကို ဝတ်ဆင်ပေးလိုက်သည်။
“လက်စွပ်က မင်းလို လှပတဲ့ အမျိုးသမီးနဲ့ ပိုလိုက်ဖက်တာ ကိုယ့်ကို ကာကွယ်ဖို့ကိစ္စမှာ... မင်းရဲ့ ရည်ရွယ်ချက်ကို ကိုယ် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကိုယ်မင်းကို ချစ်....” ဟု သူက စကားတစ်ခွန်းကို အလယ်၌ တမင်တကာ ဖြတ်တောက်လိုက်ပြီး အလွန်အကျွံ ပြောမိမည်ကို စိုးရိမ်နေသကဲ့သို့ ပြုမူလိုက်သည်။
ဖန်းယု၏ ရှေ့၌ပင် ရုတ်တရက် အာရန်သည် သေခြင်းလက်ဖွဲ့ အဆောင်စာရွက်ကို အသက်သွင်းလိုက်ကာ သူ၏ အသက်စွမ်းအင်များကို အလွန်အကျွံ လောင်ကြွမ်းစေလိုက်သည်။
သေခြင်းလက်ဖွဲ့ ကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ အင်အားများသည်လည်း တိုးလာခဲ့သည်။
၎င်းသည် သူ၏ ကျင့်ကြံခြင်း ချိတ်စည်းကို အရင်တစ်ခေါက် ဝိဉာဏ်လမ်းလျောက်သူနှင့် ရင်ဆိုင်စဥ်က ဖွင့်မိခဲ့သော ချိတ်စည်းဖြေအဆောင်ကဲ့သို့ အစွမ်းထက်ခြင်းတော့မရှိပေ။
အများဆုံးအားဖြင့် သူ၏ အဆင့်များသည် မဟာအကြီးအကဲအဆင့်အထိသာ တိုးလာခဲ့ခြင်းဖြစ်လေသည်။
ဖန်းယုသည် အာရန်၏ သေခြင်းလက်ဖွဲ့ ကို အသုံးပြုခြင်းဖြင့် သူ၏ သွေးစီးဆင်းမှုသည် ရှုပ်ထွေးလာကာ အာရုံကြောများ ထောင်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထို့အပြင် သူသည် နောက်ထပ် အင်အားနှင့် အရှိန်များကို ထပ်မံတိုးမြှင့်ပေးသည့် အဖိုးတန်အဆောင်များကိုပင် ထပ်မံ၍ အသုံးပြုလိုက်သည်။