← Chapters

ရှင့်ကို ကျွန်မကိုယ်တိုင် သတ်ပစ်မယ်

Vol. 18 Ch. 247

ရှင့်ကို ကျွန်မကိုယ်တိုင် သတ်ပစ်မယ်

Vol. 18 Ch. 247

ဖန်းယုသည် သူမ၏ နားရွက်အောက်ရှိ အာရန်၏ နှလုံးခုန်သံသည် အလွန် တိုးညင်းနေသော်လည်း တည်ငြိမ်နေသေးသည်ဟု ခံစားနေရသည်။

သူ အသက်ရှင်နေသေးကြောင်း သူမ သေချာအတည်ပြုလိုက်နိုင်သော်လည်း သူမသည် စိတ်သက်သာရာ မရခဲ့ပေ။

သူ အသက်ရှင်နေသော်လည်း သွေးများ အလွန်အမင်း ယိုစီးထွက်နေလေသည်။

သွေးထွက်လွန်ခြင်းကို မတားဆီးနိုင်ပါက အာရန်သည် အလွန်လွယ်ကူစွာ ပင် သေဆုံးနိုင်ချေရှိနေသည်။

သူမ၏ စွမ်းရည်များကိုသာ အသုံးပြုနိုင်ပါက သူ့အတွက် ကုသဆေးအချို့ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

သို့သော် ယခုမူ သူမသည် ထိုသို့ပင် မပြုလုပ်နိုင်တော့သောကြောင့် လုံးဝ အကူအညီမဲ့ သလို ခံစားမိလိုက်သည်။

အာရန်သည် မည်သည့် သိုလှောင်လက်စွပ်ကိုမျှ ဝတ်ဆင်မထားသည်ကိုလည်း သူမ သတိပြုမိလိုက်သည်။

တိုက်ပွဲအတွင်း သူသည် သူ၏ သိုလှောင်လက်စွပ်ကို ဆုံးရှုံးခဲ့ခြင်းကြောင့်လား သို့မဟုတ် သူမကို ကယ်တင်ရန် အလျင်စလိုဖြစ်နေသောကြောင့် သူ၏ နေအိမ်၌ မတော်တဆ ချန်ထားမိခဲ့ခြင်းလားဟူ၍ သူမ မသေချာပေ။

မည်သို့ပင်ဖြစ်စေ အခြေအနေသည် သူ့အတွက် အဆင်ပြေနေပုံမရပေ။

သူမသည် ဖြူဖျော့နေသော အာရန်၏ မျက်နှာကို စိုက်ကြည့်နေခဲ့မိသည်။

ယခုအချိန်တွင် ပထမဦးစားပေးဆောင်ရွက်ရန်မှာ သူ၏ အခြေအနေကို တည်ငြိမ်စေရန်ပင် ဖြစ်သည်။

အာရန်သည် အိပ်ပျော်ဟန်ဆောင်နေခဲ့သော်လည်း သူ၏ သတ္တမအာရုံအစွမ်းဖြင့် မျက်လုံးများကို မဖွင့်ဘဲ သူ၏ ပတ်ဝန်းကျင်ရှိ ဖြစ်ပျက်နေသော အရာအားလုံးကို မြင်နိုင်နေသည်။

ဖန်းယုသည် သူ့ကို ကုသရန် အခက်အခဲရှိလိမ့်မည်ဟု သူ သဘောပေါက်ပြီးဖြစ်သော်လည်း ကုသဆေးကိုမူ သူမအား သူ့လက်နှင့် ယူမပေးနိုင်ပေ။

သူသာ ထိုသို့ပြုမူမိခဲ့ပါက ၎င်းသည် သူ အဘယ်ကြောင့် ထိုသို့ပြုလုပ်နိုင်လျှက်နှင့် အစောပိုင်းကာလကတည်းက ဘာလို့ အသုံးမပြုခဲ့သနည်းဟူသော မေးခွန်းများသာ ဖြစ်ပေါ်လာစေလိမ့်မည်။

သူသည် သွေးဆုံးရှုံးမှုဖြင့် အမှန်တကယ် သေဆုံးလိုခြင်းမရှိသောကြောင့် ကုသနိုင်သည့် ပစ္စည်းများ မရှိဘဲတော့ သူ မနေနိုင်ပေ။

သူသည် ၎င်းအတွက်လည်း အစီအမံများ ပြုလုပ်ပြီးဖြစ်သည်။

မူလဇာတ်ညွှန်းအရ တိုက်ပွဲ၌ သူသည် လေမျှော်စင်မှ မှော်ဆရာမကို သတ်ဖြတ်ခဲ့ပြီး သေလုမျောပါး ဖြစ်ခဲ့ကာ ယခုအခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဖေးနှင့်ပတ်သက်၍မူ အာရန်သည် သူ သေဆုံးသွားပြီဟု ထင်မှတ်ကာ ဖန်းယုကို ရှာဖွေရန် ထွက်သွားခဲ့ခြင်းဖြစ်လေသည်။

ထိုဇာတ်ညွှန်းနှင့်အညီ အာရန်သည် တိုက်ပွဲ၏ လက္ခဏာများနှင့် လေမျှော်စင်မှ မှော်ဆရာမ ပိုင်ဆိုင်သင့်သော တိုက်ခိုက်မှု၌ ပျက်စီးသွားသော ခန္ဓာကိုယ်တစ်ခု၏ လက္ခဏာများကိုပင် သင့်လျော်စွာ ဖန်တီးထားခဲ့လေသည်။

ထိုနေရာ၌ပင် သူသည် သူ၏ ဇာတ်ညွှန်းအရ လေမျှော်စင်မှ မှော်ဆရာမ ပိုင်ဆိုင်သင့်သော သိုလှောင်လက်စွပ်တစ်ကွင်းကိုလည်း ချထားခဲ့သေးသည်။

ဖန်းယု လိုအပ်သည်မှာ ထိုလက်စွပ်ကို သတိပြုမိပြီး သူ့အား ထိုအတွင်းမှ သိမ်းဆည်းထားသော ကုသဆေးများကို ထုတ်ယူပေးရန်သာဖြစ်လေသည်။

သူမသည် ထိုလက်စွပ်ကို ရှာတွေ့ရှိသမျှကာလပတ်လုံး သူ့ကို အလွယ်တကူ ကုသပေးနိုင်ပြီး ဤနာကျင်မှုမှ လွတ်မြောက်စေနိုင်မည်ဖြစ်သည်။

ဖန်းယု သတိပြုမိစေရန်အတွက် သူသည် ထိုလက်စွပ်ကို ဖန်းယု မြင်နိုင်မည့် လမ်းကြောင်း၌ ရှင်းရှင်းလင်းလင်းပင် ချထားခဲ့ခြင်းဖြစ်သည်။

‘လာစမ်းပါ... လက်စွပ်က ဟိုမှာလေ သတိပြုမိလိုက်စမ်းပါ’

အာရန်သည် ထိုသို့ တွေးတောနေမိခဲ့သော်လည်း သူသည် သတိလစ်နေသင့်သောကြောင့် မျက်နှာ၌မူ မည်သည့်အမူအရာမျှ မပြသနိုင်ခဲ့ပေ။

လက်စွပ်သည် ဖန်းယုနှင့် ခြေလှမ်အနည်းငယ် အကွာအဝေးတွင်သာ ရှိနေသော်လည်း သူမသည် သတိမပြုမိသကဲ့သို့ ဖြစ်နေသည်။

သူမသည် သူမ၏ ပတ်ဝန်းကျင်ကို ဂရုစိုက်ရန်ထက်ပင် အာရန်ကို ပို၍ အာရုံစိုက်မိနေသောကြောင့် ဖြစ်လေသည်။

ဤအချက်၌ အာရန်ပင် သူသည် သရုပ်ဆောင်မှုကို ဖျက်သိမ်းပြီး လက်စွပ်ကို ကိုယ်တိုင်ရှာဖွေရန် သတိပြန်ဝင်လာရမည်လားဟုပင် တွေးတောမိလိုက်လေသည်။

သူသည် ဤနေရာ၌ သေဆုံးသွား၍ မဖြစ်ပေ။

တခဏတာ တိတ်ဆိတ်သွားပြီးနောက် သူသည် မျက်လုံးများကို အားနည်းစွာ ဖွင့်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော် သူသည် သူ၏ အစီအစဉ်များကို အကောင်အထည်ဖော်နိုင်ခြင်းမရှိခင်မှာပင် သူ၏ သတ္တမအာရုံဖြင့် မြင်လိုက်ရသောအရာကြောင့် နှလုံးခုန်သံပင် ခဏတာ ရပ်တန့်သွားခဲ့သည်။

‘ဟင် နေပါဦး ခဏလေး သူမက ဘာတွေလုပ်...’

အာရန်သည် ဖန်းယု သူမ၏ အပေါ်ဆုံးအဝတ်အစားကို ချွတ်နေသည်ကို စိုက်ကြည့်နေခဲ့မိသည်။

ဤကဲ့သို့ အေးစက်သော နေရာ၌ပင် သူမ၏ စွမ်းရည်များမှာ ကန့်သတ်ခံထားရသောကြောင့် ထိုအအေးဒဏ်မှာ သူမအတွက်ပင် လုံခြုံမှုမရှိပေ။

အထူးသဖြင့် သူမသည် အဝတ်အစားများစွာ ဝတ်ဆင်ထားခြင်း မရှိသောကြောင့်လည်း ဖြစ်လေသည်။

‘သူမ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’ ဟု အာရန် အံ့အားသင့်သွားသည်။

သူသည် နောက်ထပ် မျက်လုံးများကို ထပ်မံဖွင့်ကြည့်ရန် မကျိုးစားရဲတော့ပေ။

ယခုအချိန်သာ မျက်လုံးများကို ဖွင့်မိကာ ထိုကဲ့သို့သော အခြေအနေ၌ ဖန်းယုကို မြင်လိုက်မိပါက ခံစားချက်ကင်းမဲ့သူဟုနာမည်ကြီးသော ထိုအရှင်သခင်မလေးမှ သူ့အား ဓားဖြင့် ထိုးသတ်လိမ့်မည်ဟု သေချာနေခဲ့သောကြောင့် ဖြစ်လေသည်။

သူသည် သူမ ဘာလုပ်ရန် စီစဉ်နေသည်ကိုပင် မစဥ့်စားနိုင်တော့ပဲ သရုပ်ဆောင်မှုအပေါ်၌သာ ဆက်လက်နစ်မျောနေရန် ဆုံးဖြတ်လိုက်ရသည်။

နောက်တခဏကြာပြီးနောက် သူမ၏ နူးညံ့သော်လည်း အေးစက်နေသည့် လက်ကလေးများသည် သွေးထွက်လွန်နေသော သူ၏ ရင်ဘတ်ပေါ်သို့ ‌‌ဖြေးညှင်းစွာ လာရောက် တင်ထားလိုက်သည်ကို သူ ခံစားလိုက်ရသည်။

သူမ၏ လက်များမှာ လက်ထိပ်ခတ်ထားသောကြောင့် အဆင်မပြေသလို ဖြစ်နေသော်လည်း သူမသည် သူ၏ အဝတ်အစားများကို ချွတ်လိုက်ပြီး ချွတ်၍မရသော နေရာများကိုပင် အနည်းငယ် ဆုတ်ဖြဲလိုက်သေးသည်။

အာရန်သည် လုံးဝကို ဖန်းယု၏ ထိုအပြုအမူကြောင့် လုံးဝပင် အံ့အားသင့်သွားရသည်။

သူ၏ စိတ်သည်ပင် သူမ စီစဉ်နေသော မိုက်မဲသည့် အရာအချို့ကို တွေးတောမိလာသည်။

‘သူမက ငါ့ကို အဲဒီလိုနည်းနဲ့ အနွေးဓာတ်ပေးဖို့ စီစဉ်နေတာလား ဆိုးတာက ငါ့ပြဿနာက အအေးဓာတ်ကြောင့်မဟုတ်ဘူးလေ ခုဖြစ်နေတာက သွေးထွက်လွန်နေတာလေ ဒါလေးတောင် သူမ မသိဘူးလား’ ဟု အာရန်သည် စိတ်ထဲ၌ ကြိတ်၍ တွေးတောမိလိုက်သည်။

သူသည် ထိုသို့ တွေးတောမိလိုက်သဖြင့် စိတ်ပူသွားမိသော်လည်း မကြာမီမှာပင် ဖန်းယုသည် သူမ၏ အဝတ်အစားများကို ထပ်မံ၍ ဆုတ်ဖြဲနေသည်ကို မြင်လိုက်ရသည်။

သူမသည် သူမ၏ ဆုတ်ဖြဲထားသော အဝတ်အစားများကို အသုံးပြုကာ အာရန်၏ ခန္ဓာကိုယ်ပတ်လည်၌ ပတ်တီးများကဲ့သို့ ဒဏ်ရာများအပေါ်၌ ဖုံးအုပ်ပေးရန် ကျိုးစားလိုက်သည်။

ဤအနီးအနား၌ သင့်လျော်သော ဆေးပင်များ မရှိနေသောကြောင့် သွေးထွက်လွန်ခြင်းကို တားဆီးရန်မှာ ယခုအချိန်၌ ဤနည်းလမ်းသည် သူမ လုပ်နိုင်သော တစ်ခုတည်းသောအရာပင် ဖြစ်လေသည်။

ဖန်းယု၏ ပြုလုပ်ပေးလိုက်သော ယာယီ ပတ်တီးများသည် အာရန်၏ သွေးများဖြင့် လျင်မြန်စွာ စိုစွတ်သွားသော်လည်း သွေးများစီးဆင်းမှုကိုမူ အချိန်အနည်းငယ်ခန့် ထိမ်းပေးထားနိုင်ခဲ့လေသည်။

အာရန်၏ အသက်ရှူသံသည် တဖြည်းဖြည်းတိုးဝင်သွားခဲ့ပြီး သူ၏ အရေပြားသည် လည်း တစ္ဆေတစ်ကောင်သဖွယ် ဖြူဖျော့သွားခဲ့သည်။

“ရှင် ကျွန်မရှေ့မှာ ခုချိန်သေရဲရင်သေကြည့်စမ်း ရှင့်ကို ကျွန်မကိုယ်တိုင် သတ်ပစ်မယ်”

သူမက အာရန်ကို တိုးတိုးလေး ချိန်းခြောက်လိုက် သော်လည်း သူမ၏ မျက်နှာအမူအရာသည် ယခင်ကကဲ့သို့ မအေးစက်နေတော့ပေ။

သူမ၏ မျက်လုံးများ၌လည်း စိုးရိမ်မှုအချို့ပင် ရှိနေသေးသည်။

အာရန်သည် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့သော်လည်း သူမ၏ စကားလုံးများကြောင့် အံ့အားသင့်သွားခဲ့ရသည်။

ရုတ်တရက်ကြည့်လျှင် ခြိမ်းခြောက်မှုတစ်ခုနှင့် တူနေသော်လည်း သူမ၏ စိုးရိမ်မှုများမှ ပွင့်ထွက်လာခဲ့သော စကားလုံးလေးများသာဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမသည် အာရန်၏ အခြေအနေ တိုးတက်မှု ရှိမရှိကို ကြည့်ရန် စောင့်ဆိုင်းနေခဲ့သည်။

သူမသည် ထိုတောင်ပေါ်မှ အချိန်မရွေး ထွက်ပြေးသွားနိုင်သော်လည်း ဤတောင်အတွင်း အခြားမည်သည့် ခြိမ်းခြောက်မှုများ ရှိနေသည်ကို သူမ မသေချာပေ။

သူမသည် အာရန်ကို ချန်ထားခဲ့၍ မရပေ။ သူမသည် သူ့ကို သူမနှင့်အတူ ခေါ်သွားရန် ကြိုးစားမိပါက သူ၏ ဒဏ်ရာများမှာ ပို၍ပင် ဆိုးလာလိမ့်မည်ဖြစ်သည်။

သူ၏ သွေးထွက်လွန်ခြင်း ရပ်တန့်သွားသောအခါ သူမနှင့် အတူ ထွက်ခွာနိုင်လောက်အောင် သူ၏ ဒဏ်ရာများ တည်ငြိမ်သွားရန်သာ သူမ မျှော်လင့်နေနိုင်တော့သည်။

ထိုကဲ့သို့ စောင့်ဆိုင်းနေစဉ် သူမ၏ ခန္ဓာကိုယ်တွင်လည်း အဝတ်အစားများ အလွန်နည်းပါးလွန်းနေသောကြောင့် သူမသည် အလွန်အေးစက်ခြင်းကို ခံစားလာရသည်။

ထိုအချိန်၌ပင် အာရန်သည် ဤနေရာ၌ သူမထက် ပို၍ နွေးထွေးနေသည်ကို အံ့အားသင့်စွာ ရှာတွေ့ခဲ့သည်။

သူမသည် တုန်ယင်လုနီးပါးဖြစ်သော်လည်း သူမသည် နေရာ မရွေ့လျားဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

အာရန်သည် သူမ ပို၍ ရုန်းကန်နေသည်ကို မလိုလားသောကြောင့် နိုးထလိုနေခဲ့သည်။

သို့သော် သူသည် တိုက်ပွဲတစ်ခုကို အခုမှ ပြီးဆုံးခဲ့ခြင်းမဟုတ်ပါလား...။

သူသာ ယခုအချိန် အလွန်မြန်စွာ နိုးထလာပါက သံသယဖြစ်စရာများ ဖြစ်သွားနိုင်လေသည်။

သူသည် နိုးထလာနိုင်ရန် တစ်နာရီခန့်ထပ်မံ စောင့်ဆိုင်းရန်သာ တတ်နိုင်ခဲ့လေသည်။

သို့သော် ထိုအချိန်၌ အခြားအရာတစ်ခု ပြောင်းလဲဖြစ်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဖန်းယုသည် အလွန်အေးစက်နေသောကြောင့် ယခုအခြေအနေသည် သူမပင် အန္တရာယ်ရှိနေသည်ဟု ခံစားလိုက်ရသည်။

ထို့နောက် သူမသည် မသိစိတ်ဖြင့် အာရန်ဆီသို့ ပို၍ နီးကပ်စွာ ရွေ့လျားသွားလိုက်မိပြီး သူမကိုယ်တိုင်ကိုလည်း နွေးထွေးစေရန် ကြိုးစားမိချင်နေခဲ့သည်။

အာရန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကြောင့် ဤနေရာ၌ နွေးထွေးနေဆဲဖြစ်သော တစ်ဦးတည်းသောသူဖြစ်ကြောင်း သိသာနေလေသည်။

All Chapters